← Chapters

အခန်း (၁၃၃)

Vol. 15 Ch. 133

အခန်း (၁၃၃)

Vol. 15 Ch. 133

ကူးလန်အပါအဝင် ကျန်နှစ်ယောက်လုံးမှာလည်း ဖုန်းလိုင်းမရှိတော့ချေ။

ချင်ချင်မှာ ဖူဟန်အား ခဏတာ ဆက်သွယ်မရဖြစ်သွားသော်လည်း ကလေးပီပီ စိတ်ဝင်စားစရာ အသစ်အဆန်းများနောက်သို့ အာရုံ ချက်ချင်းရောက်ရှိသွားသည်။

"ဟိုတိမ်တိုက်ကို ကြည့်ပါဦး!"

ချင်ချင် ကောင်းကင်ယံမှ ဖြူလွလွတိမ်တိုက်တစ်ခုကို လက်ညှိုးထိုးပြရင်း ကူးလန်နှင့် တခြားသူများအား လှမ်းခေါ်လိုက်သည်။

"ခွေးပေါက်လေးနဲ့ တူတယ်နော်"

ကူးလန် မော့ကြည့်ပြီး ပြုံးလိုက်မိသည်။

အမှန်တကယ်ပင် ထပ်ဆင့်နေသော တိမ်တိုက်လွှာများမှာ လိမ်မာရေးခြားရှိရှိ ထိုင်နေသော ခွေးပေါက်လေးတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်နေသည်။ နားရွက်နှင့် နှာခေါင်းလေးမှာပင် သက်ရှိထင်ရှားသဖွယ် အသက်ဝင်နေသဖြင့် သဘာဝတရား၏ အံ့ဖွယ်ဖန်တီးမှုအား မအံ့ဩဘဲ မနေနိုင်ပေ။

"ချင်ချင်၊ ဒီဘက်လာဦး၊ ဦးဦး ဓာတ်ပုံရိုက်ပေးမယ်"

ဝမ်ရှုကျစ် သူ့ကိရိယာတန်ဆာပလာ အစုံအလင်ကို ယူဆောင်လာခဲ့သည်ဖြစ်ရာ ကင်မရာမှာလည်း မပါမဖြစ်ပင်။

သူ့၏ ညွှန်ကြားမှုအောက်တွင် ချင်ချင် ခွေးပေါက်လေးသဏ္ဌာန် တိမ်တိုက်နှင့်အတူ ဓာတ်ပုံအချို့ ရိုက်လိုက်ပြီးနောက် ကူးလန်၊ အူးချင်နှင့် ကျန်သူများပါ ဝိုင်းဝန်းရိုက်ကူးကြသည်။

နောက်ဆုံးဓာတ်ပုံအတွက် ဝမ်ရှုကျစ် နေရာကောင်းတစ်ခု ရှာဖွေပြီး ကင်မရာကို အချိန်မှတ်စနစ်ပေးကာ ချင်ချင်တို့အုပ်စုရှိရာသို့ အမြန်ပြေးဝင်လာခဲ့သည်။

"သုံး... နှစ်... တစ်... ဖရဲသီးက ချိုရဲ့လားဟေ့?"

"ချိုတယ်!"

ဝမ်ရှုကျစ်၏ ကလေးကလား မေးခွန်းကို ချင်ချင်တစ်ယောက်သာ စိတ်ပါလက်ပါ တုံ့ပြန်လိုက်သည်။

ရုတ်တရက် ကင်မရာမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထာဝရအမှတ်တရဖြစ်ကျန်ရမည့် ဓာတ်ပုံလေးမှာ ဝေဝါးသွားတော့သည်။

သူတို့လေးယောက် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျသွားကြကုန်သည်။

ငလျင်လှုပ်ပြီ!

ကူးလန်၏ပထမဆုံးတုံ့ပြန်မှုမှာ လက်မောင်းများ ဆန့်ထုတ်ပြီး ချင်ချင့်အား ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ပိုက်လိုက်ကာ မိမိကိုယ်ခန္ဓာဖြင့် အကာအကွယ်ပေးလိုက်ခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် သူတို့ ရှေးဟောင်းဘုရားကျောင်းရှေ့ရှိ မြေကွက်လပ်တွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ ထိုနေရာတွင် ကြီးမားသော အမွှေးတိုင်အိုးကြီးမှလွဲ၍ ဘာမှမရှိသလို တောင်စောင်းနှင့်လည်း အတော်အတန် ဝေးကွာလှသည်။ မြေကြီးသာ အက်ကွဲမသွားပါက သူတို့ ဘေးကင်းနိုင်ပါသေးသည်။

ငလျင်လှုပ်ပြီးသည်နှင့် တပြိုင်နက် ဘုရားကျောင်းထဲမှ ခရီးသွားအများအပြား ပြေးထွက်လာကြသည်။

သို့သော် ငလျင် အလွန်ပြင်းထန်လှသဖြင့် အချို့သောခရီးသည်များမှာ အချိန်မီ မလွတ်မြောက်နိုင်ဘဲ ပြိုကျပျက်စီးသွားသော ဘုရားကျောင်းအောက်တွင် ပိတ်မိသွားကြသည်။

"တိတိ... ငါ ကြောက်တယ်..."

ချင်ချင် ကူးလန် ရင်ခွင်ထဲတွင် ကွေးကွေးလေး ကပ်နေရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာလေးဖြင့် ဆိုရှာသည်။

ကူးလန်၏ မျက်နှာပေးမှာလည်း သူမထက် မသာလှပေ။ သဘာဝဘေးအန္တရာယ်များ၏ ရှေ့မှောက်တွင် လူသားတို့ဖြစ်တည်မှုမှာ အလွန်ပင် သေးငယ်လွန်းလှသည်မဟုတ်ပါလား?

သူတို့မှာ အကြောက်တရားဖြင့် ပုန်းအောင်းနေရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။

တုန်ခါမှုများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် တုန်ရီနေသော လက်တစ်စုံ ကူးလန်၏ခါးနားမှ အဝတ်စအား တင်းတင်းဆုပ် ကိုင်လာသည်။

"ငါတို့... လူသွားကယ်ရမယ်"

ကူးလန် ငုံ့ကြည့်လိုက်မိရာ ချင်ချင်၏ဖြူလျော်နေသော မျက်နှာလေးနှင့် ဆုံတွေ့သွားသည်။ ကြည်လင်သော သူမ သူငယ်အိမ် ထဲတွင် သူ့ဖရိုဖရဲဖြစ်နေသော ပုံရိပ်မှာ ထင်ဟပ်နေသည်။

"ငှက်ကလေးက ပြောတယ်၊ ကျောက်တုံးတွေအောက်မှာ လူတွေအများကြီးပိတ်မိနေတယ်တဲ့၊ သွားကယ်ရအောင်"

ချင်ချင် ကြောက်လန့်နေသည်မှာ သူမ၏တုန်ရီနေသော ကိုယ်ခန္ဓာလေးအား ကြည့်ရုံနှင့်သိသာလှသည်။

သို့သော်လည်း ကြွင်းကျန်နေသော အသက်ဓာတ်များအတွက် သူမ သတ္တိကိုမွေးမြူပြီး ကယ်တင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

၎င်းမှာ သူတော်စင်လုပ်နေခြင်း မဟုတ်ဘဲ လူသားတစ်ယောက်၏အခြေခံကိုယ်ကျင့်တရားသာ ဖြစ်သည်။

ကူးလန် စိတ်ဒုံးဒုံးချလိုက်ဟန်ဖြင့် လည်စေ့မှာ လှုပ်ရှားသွားသည်။

မကြာမီမှာပင် သူ ပြတ်သားစွာ ထရပ်လိုက်ပြီး သူ့အပေါ်အင်္ကျီကို ချွတ်ကာ ချင်ချင့်အား ပတ်ပေးလိုက်သည်၊ ထို့နောက် သူတို့ ယူဆောင်လာသော ကျောပိုးအိတ်ကို သူမအား ပေးခဲ့ရင်း "ဒီမှာပဲ လိမ်လိမ်မာမာ နေခဲ့နော်၊ လူသွားကယ်လိုက်ဦးမယ်"

"ငါလည်း လိုက်မယ်"

ချင်ချင် အမြန်ထရပ်ပြီး နောက်ကလိုက်ရန် ပြင်သည်။

"မရဘူး၊ မလိုက်ရဘူး!"

ကူးလန် ပြတ်ပြတ်သားသားပင် ငြင်းလိုက်သည်။

"ရပါတယ်"

ကူးလန် ထပ်မငြင်းနိုင်ခင်မှာပင် ချင်ချင် အမြန်ပြောလိုက်သည်။

"ငလျင်အကြီးကြီးက ပြီးသွားပြီ၊ ဒါပေမဲ့ နောက်ဆက်တွဲငလျင်တွေ ရှိလာနိုင်သေးတယ်၊ အဲဒါတွေ မလာခင် လူတွေကို အမြန်ကယ်ရမယ်၊ မဟုတ်ရင် အသက်ရှင်နိုင်တဲ့သူတွေ ထပ်ပြီး အန္တရာယ်ရှိသွားလိမ့်မယ်!"

ထိုအခိုက်အတန့်တွင် သူမထံမှ မယိမ်းယိုင်သော၊ ပြတ်သားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ ကူးလန်မှာ သူ့အစ်မဖြစ်သူ မှတ်ဉာဏ်များ ပြန်ရလာလေပြီလားဟုပင် ထင်မှတ်သွားမိသည်။

သို့သော် နောက်တစ်ခဏတွင် ချင်ချင်၏ ကြည်လင်သော ကလေးမျက်လုံးလေးများနှင့် ဆုံလိုက်ရသောအခါမှ သူ သတိပြန်ဝင် လာသည်။

လူ့အသက်ကို ကယ်တင်ရန်မှာ အရေးကြီးလှပြီး အချိန်ဆွဲနေ၍မရပေ။

ကူးလန် ချင်ချင်နှင့် အကြာကြီး အငြင်းမပွားတော့ဘဲ "အပြင်ဘက်ကနေပဲ ကူရမယ်နော်" ဟု ပြောကာ ပြိုကျနေသော နေရာဆီသို့ အပြေးသွားတော့သည်။ ချင်ချင်ကလည်း နောက်ကပ်လျက် လိုက်ပါသွားပြီး ကူးလန် ပျက်စီးနေသော ဗဟိုဧရိယာထဲသို့ ဝင်သွားသည်ကို ကြည့်နေရင်း သူမ အပျက်အစီးများ၏ ဘေးစွန်းတွင် လိမ်လိမ်မာမာရပ်ကာ ကျောက်တုံးများ ဝိုင်းရွှေ့ပေးသည်။

သူမ သေမှာကြောက်နေသည်မဟုတ်၊ အကယ်၍ ကြောက်လျှင် လိုက်လာလိမ့်မည်မဟုတ်ပေ။

အဆောက်အဦးများနှင့် အလွန်နီးကပ်နေကြောင်း သူမသိသည်၊ အကယ်၍ နောက်ဆက်တွဲ ငလျင်ကြောင့် ထပ်မံပြိုကျပါက သူမအတွက် ထွက်ပြေးရန် ခက်ခဲလိမ့်မည်။

သို့သော် သူမကူညီနေစဉ်အတွင်း သူမအား စိတ်ပူနေရသောသူများ စိတ်အေးရအောင် ဒုက္ခမပေးမိဖို့သာ အဓိကထားသည်၊ မဟုတ်ပါက ကူညီရာမရောက်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားလိမ့်မည်။

ချင်ချင် သေးသေးသွယ်သွယ်လေး ဖြစ်သော်လည်း အားအင်ကတော့ အံ့ဩစရာကောင်းလောက်အောင် သန်မာလှသည်။

အားဖြင့် ဆွဲထုတ်လိုက်သောအခါ ကျောက်တုံးကြီးတစ်ခု ဖယ်ရှားသွားပြီး အောက်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခုနှင့်အတူ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။

တစ်ယောက်ယောက်ရှိနေတယ်... ကလေးလေးတစ်ယောက်ပဲ!

အားတက်သွားသော စစ်သည်တော်တစ်ဦးကဲ့သို့ ချင်ချင်မှာ ချက်ချင်း အရှိန်မြှင့်လိုက်ကာ ကလေးငယ်၏ပတ်ပတ်လည်ရှိ အပျက်အစီးများကို ဂရုတစိုက် ဖယ်ရှားပြီး ဆွဲထုတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ပြိုကျနေသော အဆောက်အဦးမှာ အံ့ဩဖွယ်ရာ တြိဂံပုံသဏ္ဌာန် နေရာလွတ်လေး ဖြစ်ပေါ်နေသဖြင့် ကလေးငယ်အတွက် ဘေးကင်းရာ ခိုလှုံရာလေး ဖြစ်နေခဲ့သည်။ သူ ထိတ်လန့်နေရုံသာရှိပြီး အေးစက်သော ရာသီဥတုကြောင့် ထူထဲသောအဝတ်အစားများ ဝတ်ဆင်ထားသဖြင့် ရှနာတောင် မရှိခဲ့ချေ။

"ဝါး... မားမား!"

ကယ်ထုတ်ခံရသည်နှင့် တပြိုင်နက် ကောင်လေးမှာ သူ့မေမေအား အော်ဟစ်တမ်းတကာငိုကြွေးတော့သည်။

သူ့မေမေမှာ ပြေးထွက်လာသော လူအုပ်ထဲတွင် ပါသွားခဲ့ခြင်းဖြစ်ပြီး၊ အပျက်အစီးများအောက်တွင် မြှုပ်နေသော သူမ သားလေးကို မြင်သောအခါ အပြေးအလွှား လာရောက်ဖက်ထားလေသည်။

"သားလေး... မေမေ့သားလေး!"

မိခင်ဖြစ်သူမှ သားလေးအား တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ခြေဆုံးခေါင်းဆုံး စစ်ဆေးရှာသည်။ ဒဏ်ရာမရှိသည်ကို တွေ့မှသာ စိတ်သက်သာရာရမှုနှင့်အတူ ဒေါသကလည်း ဟုန်းခနဲ ထွက်လာတော့သည်။

"ဘယ်တွေ လျှောက်သွားနေတာလဲ? ရှာလိုက်ရတာ! အခု ဘာမှမဖြစ်လို့ တော်သေးတာပေါ့၊ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"

သူမမှာ ပိုဆိုးသော အခြေအနေအာား ထုတ်မပြောရဲသော်လည်း သူမ၏ ထိတ်လန့်နေသော မျက်နှာပေးမှ အရာအားလုံးကို ဖော်ပြနေသည်။

"ဘာလုပ်နေကြတာလဲ! အားရှိတဲ့သူတွေ လာကူကြပါဦး!"

ဝမ်ရှုကျစ်နှင့် အူးချင်တို့ ကူးလန်နောက်မှ အပြေးအလွှား လိုက်ဝင်လာပြီး ကူညီနေကြပြီဖြစ်သည်။

ယခုအခါ သူတို့နှင့် တခြားလူအနည်းငယ်သာ ကူညီနေကြပြီး၊ ချင်ချင်ပင်လျှင် ဘေးပတ်ပတ်လည်တွင် ရုန်းကန်လှုပ်ရှားနေချိန်၌ ကျန်လူများမှာ အဝေးကနေ ကြည့်နေကြသည်ကို မြင်သောအခါ ဝမ်ရှုကျစ် ဒေါသမှာ ပေါက်ကွဲထွက်လာတော့သည်။

သူ အသံပွင့်တက်သွားသည်အထိ အော်ဟစ်လိုက်သည်။

၎င်းမှာ ထိရောက်လှပေသည်၊ အချို့မှာ စက္ကန့်ပိုင်းမျှ တွန့်ဆုတ်နေသော်လည်း မိမိတို့၏ ကိုယ်ချင်းစာတရားကို အနိုင်မတိုက်နိုင်ဘဲ ကူညီရန် ပြေးဝင်လာကြသည်။

တစ်ယောက်ပြီးတစ်ယောက် ဝိုင်းဝန်းလုပ်ဆောင်လာကြသည်။

အားလုံး စိတ်တူကိုယ်တူ လက်တွဲညီညီ လုပ်ဆောင်ကြသည်။ အချို့က အုတ်ခဲများ သယ်ယူကြသည်၊ အချို့မှာ လူများ ဆွဲထုတ်ကြသည်၊ ရံဖန်ရံခါ အရေးပေါ်အခြေအနေများတွင် ဒဏ်ရာရသူများ ကယ်ထုတ်စဉ် ထပ်မံဒဏ်ရာမရအောင် မိမိတို့အပေါ်အင်္ကျီများကိုပင် ပေးကမ်းကြသည်။

ဒဏ်ရာအနည်းငယ်သာရပြီး လမ်းလျှောက်နိုင်သူများမှာ ကွင်းပြင်သို့ သွားရောက်ကာ အနားယူရင်း ပြင်းထန်စွာ ဒဏ်ရာရသူများကို ကူညီစောင့်ရှောက်ပေးကြသည်။

ပြင်းထန်စွာ ဒဏ်ရာရသူများအား တစ်ယောက်ပြီးတစ်ယောက် သယ်ထုတ်လာကာ မြေကွက်လပ်တွင် သိပ်ထားကြသည်။ ဆေးဝါးပါလာသော ခရီးသည်များကလည်း ချက်ချင်းပင် လှူဒါန်းကြသည်။ ကျားရုပ်လိမ်းဆေးလေး တစ်ပုဒ်ဖြစ်ပါစေ၊ ထိုကဲ့သို့သော အခြေအနေတွင် အလွန်ထိရောက်လှသည်။

ထိုသို့ အလိုအလျောက် ပေါ်ပေါက်လာသော ကယ်ဆယ်ရေးလုပ်ငန်းတွင် ချင်ချင်တို့အဖွဲ့အပြင် ရှေးဟောင်းဘုရားကျောင်းမှ ရဟန်းတော်များကလည်း အများဆုံး ပါဝင်ကူညီကြသည်။

သူတို့မှာ ဘုရားကျောင်းတွင် နှစ်ပတ်လုံး နေထိုင်သူများဖြစ်၍ မြေမျက်နှာသွင်ပြင်ကို ပိုမိုကျွမ်းကျင်ကြပြီး ခရီးသည်များ ဘယ်နေရာတွင် စုဝေးတတ်သည်ကို သိရှိကြသဖြင့် သူတို့ကူညီမှုမှာ ပိုမိုထိရောက်ပြီး ပစ်မှတ်အား တည့်တည့်ရောက်လှသည်။

"လူအားလုံးကို ကယ်ထုတ်ပြီးပါပြီ! နောက်ဆက်တွဲ ငလျင်တွေကို ရှောင်ရှားဖို့ အဆောက်အဦးတွေနဲ့ ဝေးရာကို အမြန်ရွှေ့ကြပါ!"

ဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော်မှ အသံချဲ့စက်ဖြင့် အော်ဟစ်ပြောကြားသည်။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နည်းပညာမှာ နေရာတိုင်းတွင် ရှိနေသည်။

တောင်နက်ထဲမှ ရှေးဟောင်းဘုရားကျောင်းများပင် ကင်းလွတ်ခွင့်မရှိချေ။ ဝင်ထွက်ရန်အတွက် အီလက်ထရွန်နစ်လက်မှတ်များပင် လိုအပ်သည်။

ထို့ကြောင့် ဆရာတော်မှာ မိမိ ဖုန်းဖြင့် ဝင်ထွက်သူစာရင်းအား အလွယ်တကူ စစ်ဆေးနိုင်ပြီး လူပျောက်ရှိမရှိ တိုက်ဆိုင်စစ်ဆေးနိုင်သည်။ ကံကောင်းစွာဖြင့် မည်သူမျှ ပျောက်ဆုံးခြင်းမရှိသလို၊ မည်သူမျှလည်း ယခုအချိန်တွင် တောင်အောက်သို့ မဆင်းရဲကြချေ။

တောင်အောက်ဆင်းလမ်းမှာ ကြမ်းတမ်းလှသည်သာမက နောက်ဆက်တွဲငလျင်လှုပ်ခတ်ပါက မည်သို့မျှ ရပ်တည်နိုင်မည် မဟုတ်ချေ။ အကယ်၍ ကံမကောင်းဘဲ ခေါင်းပေါ်သို့ ကျောက်တုံးပြုတ်ကျခြင်း သို့မဟုတ် မြေပြိုခြင်းများနှင့် ကြုံရပါက ပိုအန္တရာယ်ကြီးလှသည်။

ရှေးဟောင်းဘုရားကျောင်း၏ ကွင်းပြင်တွင်သာနေပြီး ကယ်ဆယ်ရေးအား စောင့်ဆိုင်းခြင်းမှာ ပိုကောင်းမွန်ပေလိမ့်မည်။

နားနေရန်ပင် အချိန်မရဘဲ ချင်ချင်နှင့် တခြားသူများမှာ ဒဏ်ရာရသူများအား ပတ်တီးစည်းပေးရန် အလုပ်ရှုပ်နေကြသည်။

ခရီးသွားဝါသနာအိုး ဝမ်ရှုကျစ် ကျေးဇူးကြောင့် သူသည် လိုအပ်သော ခရီးသွားအသုံးအဆောင်များသာမက အရေးပေါ် အစားအစာနှင့် ဆေးဝါးများ၊ ပတ်တီးများကိုပါ အမြောက်အမြား ယူဆောင်လာခဲ့သည်။

ထို့ပြင် အမျိုးသမီးလစဉ်သုံးတစ်ထုပ်လည်း ပါလာသေးသည်...

ဘေးပတ်ဝန်းကျင်မှ လူများ၏ထူးဆန်းသော အကြည့်များကို သတိပြုမိသွားဟန်ဖြင့် ဝမ်ရှုကျစ် မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

"လစဉ်သုံးဂွမ်းထုပ်ကို အထင်မသေးနဲ့၊ အပြင်သွားတဲ့အခါ အဲဒါတွေက တကယ့်ကိုအသုံးဝင်တာ၊ အမျိုးသမီးတွေရဲ့ သန့်ရှင်းရေး ကိစ္စတွေအပြင် ဖိနပ်အောက်ခံအဖြစ်လည်း သုံးလို့ရသလို၊ အရေးပေါ်အခြေအနေမှာ ပတ်တီးစည်းဖို့အတွက်လည်း သုံးလို့ရတယ်"

၎င်းတို့၏ အထူးလုပ်ဆောင်ချက်ကြောင့် လစဉ်သုံးဂွမ်းထုပ်များမှာ ပညာရှင်ဆန်စွာ ပိုးသတ်သန့်စင်ထားသဖြင့် အလွန်သန့်ရှင်း သည်။ ထို့ပြင် သွေးများ စုပ်ယူနိုင်စွမ်းရှိပြီး လေဝင်လေထွက်ကောင်းကာ နက်ရှိုင်းသော ဒဏ်ရာများအား ပတ်တီးစည်းရာတွင် အလွန်ထိရောက်လှသဖြင့် ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို ကာကွယ်ပေးနိုင်သည်။

"ဒါက တကယ် အံ့ဩဖို့ကောင်းတာပဲ!"

ရှစ်နှစ်အရွယ်ချင်ချင်လေးမှာ လစဉ်သုံးဂွမ်းထုပ်ဆိုတာ ဘာလဲဆိုသည်ကို မသိသော်လည်း ဝမ်ရှုကျစ်ကို အထင်ကြီးအားကျခြင်း မှတော့ မတားဆီးနိုင်ခဲ့ပေ။

ဝမ်ရှုကျစ်မှာ နှုတ်ခမ်းများတွန့်သွားသော်လည်း ဂုဏ်ယူဟန်မပြဘဲ တိတ်တဆိတ် ဒူးထောက်ထိုင်ကာ ဒူးခေါင်းတွင် နက်ရှိုင်းသော ဒဏ်ရာရထားသည့် မိန်းကလေးတစ်ဦးအား ပတ်တီးစည်းပေးနေသည်။

ထိုမိန်းကလေးမှာ တစ်စုံတစ်ဦး၏အပေါ်အင်္ကျီပေါ်တွင် ထိုင်နေပြီး ခြေထောက်ကို ဆန့်တန်းထားကာ မျက်နှာမှာ ဖြူလျော်နေ သည်၊ နဖူးပေါ်တွင်လည်း ချွေးစေးများပြည့်နေရှာသည်။ သူမ တကယ်ပင် နာကျင်နေကြောင်း ထင်ရှားလှသည်။

သို့သော် သူမမှာ အော်ဟစ်ငိုယိုခြင်းမရှိဘဲ ဝမ်ရှုကျစ် ဒဏ်ရာအား သန့်စင်သော ရေဖြင့်ဆေးကြောကာ ပိုးသတ်ဆေးထည့်ပေးနေသည်ကို အံကြိတ်ခံနေသည်။

ပိုးသတ်ဆေး၏ ပြင်းထန်သော စပ်ဖျဉ်းဖျဉ်းနာကျင်မှုကြောင့် မိန်းကလေး၏ ဒူးခေါင်းမှာ အလိုအလျောက် တွန့်သွားသော်လည်း ကြီးမားသော လက်တစ်စုံမှ အချိန်မီ ဖိထားပေးသည်။

"မလှုပ်နဲ့နော်"

အလွန်နူးညံ့သော အသံဖြစ်ပြီး အလွန်ရင်းနှီးနေသလိုရှိသည်။

ဤမျှ နူးညံ့ပြီး ရင်းနှီးလှသော အသံကြောင့် မိန်းကလေးမှာ နောက်ဆုံးတွင် သူမရှေ့မှ ကြင်နာတတ်သော လူအား ကြည့်ရန် အားအင်ရရှိလာသည်။

ကြည့်လေလေ ပိုရင်းနှီးလေလေပင်။ တစ်ချိန်လုံး တိတ်ဆိတ်နေသော သူမ ဝေခွဲမရဖြစ်စွာဖြင့် မေးလိုက်မိသည်။

"ရှင်... ရှင်က ဝမ်ရှုကျစ် မဟုတ်လား?"

ဝမ်ရှုကျစ်မှာ ပတ်တီးစည်းနေရင်း ခဏမျှ ရပ်သွားသည်၊ မော့ပင်မကြည့်ဘဲ Mask အောက်မှ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ ငါက ဘယ်လိုလုပ်ပြီး အဲဒီလိုချောမောခန့်ညားတဲ့... နာမည်ကျော် မင်းသားဖြစ်နိုင်မှာလဲ?"

"ဒီလိုရင်းနှီးနေတဲ့ ကိုယ့်ကိုယ်ကိုယ်အမွှမ်းတင်တတ်တဲ့ ပုံစံမျိုးဆိုရင်တော့ ရှင် တကယ်ကိုဝမ်ရှုကျစ်ပဲ!"

အစပိုင်းက ဝေခွဲမရမှုမှာ အခုတော့ သေချာမှုအဖြစ် ပြောင်းလဲသွားပြီး မိန်းကလေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားကာ ခြေထောက်က နာကျင်မှုတောင် သိပ်မရှိတော့သလိုပင်။

"ဝမ်... ဝမ်ရှုကျစ်၊ ရှင့်ကို အားပေးနေတာကြာပါပြီ၊ ရှင့်ရဲ့ အနုပညာတွေကို တကယ် အထင်ကြီးလေးစားတာပါ၊ ကျွန်မကို အမှတ်တရ လက်မှတ်လေးတစ်ခုလောက် ထိုးပေးလို့ ရမလား?"

"မဟုတ်ပါဘူး၊ လူမှားနေတာ ဖြစ်မှာပါ"

ဝမ်ရှုကျစ် နှစ်ခါတိုင်တိုင် ငြင်းဆိုလိုက်ပြီး မိန်းကလေးကို ပတ်တီးစည်းပေးပြီးသည်နှင့် တခြားလူများအား ကူညီရန် ချက်ချင်း ထသွားတော့သည်။

ချင်ချင်မှာတော့ ပတ်တီးစည်းသည့်အလုပ်တွင် မပါဝင်ခဲ့ပေ။

သူမ အလုပ်မကျွမ်းကျင်လှပေ၊ အုတ်ခဲသယ်သည့်အလုပ်တွင် အဆင်ပြေသော်လည်း လူကြီးများမှာ သူမကဲ့သို့ ကလေးငယ် တစ်ဦးအား ပတ်တီးစည်းသကဲ့သို့ နူးညံ့သိမ်မွေ့သော အလုပ်မျိုး မပေးရဲကြချေ။

သူမ ကူညီရင်းမှ ဒဏ်ရာရသူအား ပိုနာကျင်အောင် လုပ်မိမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည် ကူးလန် အပေါ်အင်္ကျီပေါ်တွင် လိမ်လိမ်မာမာထိုင်နေရင်း၊ မုန့်များ တမြုံ့မြုံ့စားကာ လူတိုင်းအလုပ်ရှုပ်နေ သည်ကို ငြိမ်ငြိမ်လေး ကြည့်နေသည်။

ကူးလန်နှင့် တခြားသူများမှာ ပတ်ဝန်းကျင်အား ခဏတဖြုတ် ကြည့်ရုံသာ ရည်ရွယ်ခဲ့သဖြင့် အစားအစာ အများအပြား ယူမလာခဲ့ ကြချေ။

ဤမုန့်များမှာ ချင်ချင်နှင့် သူမ သူငယ်ချင်းများ ကယ်တင်ပေးခဲ့သော လူများ သို့မဟုတ် ၎င်းတို့ဆွေမျိုးများမှ ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ပေးခဲ့ကြခြင်းဖြစ်သည်။

တန်ဖိုးကြီးလက်ဆောင်များမဟုတ်သော်လည်း သူတို့၏ကျေးဇူးသိတတ်မှုအား ဖော်ပြနေသည်။

မုန့်အချို့မှာ ကြေမွနေသော်လည်း ချင်ချင်ကမူ အရသာရှိရှိ စားနေရှာသည်။

All Chapters