အခန်း (၁၃၄)
Vol. 15 Ch. 134
နောက်ဆက်တွဲ ငလျင်များကလည်း အလားတူပင် ပြင်းထန်လှသည်။ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နောက်တွင်ပင် ကျယ်ဝန်းလှသော ရှေးဟောင်းဘုရားကျောင်း၏ ဘေးဆောင်တစ်ခုမှာ ပြိုကျသွားပြန်ကာ အခြားသော ပျက်စီးနေသည့် နေရာများမှာလည်း အစအနပင် မကျန်တော့ဘဲ အမှိုက်ပုံဘဝ ရောက်သွားတော့သည်။
ကျောင်းထိုင်ဆရာတော်နှင့် အခြားရဟန်းတော်များမှာ ထိုမြင်ကွင်းအား ကြည့်ရင်း မကြည့်ရက်နိုင်စွာပင် မျက်လုံးမှိတ်ထားကြ ရှာသည်။ သူတို့မှာ လက်အုပ်ချီကာ တိုးတိုးညှင်းညှင်းဖြင့် ဘုရားစာများကိုသာ ရွတ်ဖတ်နေကြသဖြင့် ခြောက်ကပ်နေသော ဤမြင်ကွင်းမှာ ပိုလေးနက်တည်ငြိမ်သွားတော့သည်။
အေးချမ်းလှသော ဘုရားစာသံများမှာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသူများ၏ နှလုံးသားကို ဆေးကြောပေးသကဲ့သို့ ဖြစ်စေကာ လူအများမှာ ကြောက်ရွံ့စိုးရိမ်စိတ်များ တဖြည်းဖြည်း လျော့ပါးငြိမ်သက်သွားကြသည်။ သို့သော် ထိုငြိမ်သက်မှုနောက်တွင်တော့ မထိန်းချုပ်နိုင်သော ဝမ်းနည်းမျက်ရည်များ အစီအရီ စီးကျလာကြတော့သည်။
လူအချင်းချင်း ဖက်တွဲထားကြသည်။ ဇနီးသည်မှ ခင်ပွန်းအား ဖက်ထားသည်၊ မိဘများမှ သားသမီးများကို ပွေ့ပိုက်ထားသည်၊ ကလေးငယ်များမှ လူကြီးမိဘများအား တွယ်ကပ်ထားကြကာ သူငယ်ချင်းအချင်းချင်းလည်း အားပေးရင်း အသက်ရှင်ရခြင်း အတွက် ဝမ်းမြောက်နေကြသည်။
သူတို့အားလုံး အသက်ရှင်ခွင့်ရသည့်အတွက် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။
အူးချင်မှာတော့ ဖုန်းကိုကိုင်ကာ ဖုန်းလိုင်းရမည့်နေရာအား လျှောက်ရှာနေသည်။
ကံကောင်းထောက်မစွာဖြင့် ငလျင်က ဖုန်းလိုင်းတာဝါတိုင်များအား မဖျက်ဆီးနိုင်ခဲ့ချေ။ တောင်စောင်းနားသို့ ရောက်သောအခါ အားနည်းသော ဖုန်းလိုင်းအချက်ပြမှုလေးကို သူ ခံစားလိုက်ရသည်။
သူ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားကာ မီးသတ်ဌာန၊ ရဲစခန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး ဌာနများသို့ အမြန်ဖုန်းခေါ်ဆို တော့သည်။
ငလျင်၏သက်ရောက်မှုမှာ ဤရှေးဟောင်းဘုရားကျောင်းတင်မကဘဲ G မြို့တစ်မြို့လုံးနှင့် အခြားဒေသများအထိပင် ပြင်းထန်လှသော သဘာဝဘေးအန္တရာယ်ဒဏ် ခံစားနေကြရသည်။
ငလျင်လှုပ်ပြီး တစ်နာရီပင် မပြည့်သေးသော်လည်း အစိုးရဌာနများအားလုံးမှာလည်း ရုတ်ရုတ်သည်းသည်း ဖြစ်နေကြမည်မှာ အသေအချာပင်။
သူတို့မှာ ကိုယ်တိုင် ဒုက္ခရောက်နေကြသလို ဒုက္ခရောက်နေသူများအား ကယ်တင်ရန် အပြေးအလွှား လုပ်ဆောင်နေကြရသဖြင့် ဤဖုန်းခေါ်ဆိုမှုအား ဖြေကြားရန် အချိန်ရော၊ စိတ်ရော ရှိသူ မရှိသလောက်ပင်။
အူးချင်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့တော့မည့် ဆဲဆဲမှာပင် မီးသတ်ဌာန၏ အရေးပေါ်ဖုန်းလိုင်းမှာ ချိတ်ဆက် သွားတော့သည်။ ဆူညံနေသော နောက်ခံအသံများနှင့်အတူ လေးလံသော အသံတစ်သံ ထွက်ပေါ်လာရာ ဖြေကြားသူမှာ လမ်းခရီးတွင် အလောတကြီး ဖြေကြားနေခြင်းဖြစ်ကြောင်း သိသာလှသည်။
နှုတ်ဆက်စကားများ မပါဘဲ ပြတ်သားသော ညွှန်ကြားချက်ကိုသာ တိုက်ရိုက်ပြောလာသည်။
"ဟယ်လို၊ ခင်ဗျားတို့ရဲ့ တိကျတဲ့ တည်နေရာကို ပြောပါ၊ လူဘယ်နှစ်ယောက်ရှိလဲ၊ ဒဏ်ရာရတဲ့သူ ရှိလား? စကားအပိုတွေ မပြောပါနဲ့၊ အားလုံးကို ရှင်းရှင်းလင်းလင်းပဲ ပြောပြပါ"
ဤကဲ့သို့ အချိန်မျိုးတွင် ဖြုန်းတီးလိုက်သည့် စက္ကန့်တိုင်းမှာ ကယ်တင်နိုင်သည့် အသက်တစ်ချောင်းကို ဆုံးရှုံးစေနိုင်သည်မဟုတ်လား?
အူးချင်ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကာ သူတို့အခြေအနေအား ရှင်းလင်းတည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ဘိုရှန်းရှေးဟောင်းဘုရားကျောင်းရှေ့က မြေကွက်လပ်မှာ ပိတ်မိနေတဲ့သူ ၃၅၄ ယောက် ရှိပါတယ်၊ ၉၀ က ဒဏ်ရာအနည်းငယ်ရထားပြီး ၂၆ ယောက်က ဒဏ်ရာပြင်းထန်ပါတယ်၊ သေဆုံးသူတော့ မရှိပါဘူး၊ ကယ်ဆယ်ရေး လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
"လူအများကြီးပါလား?"
ဖုန်းအခြားတစ်ဖက်မှ မီးသတ်သမားမှာ အံ့ဩတုန်လှုပ်သွားပြီးနောက် အလိုအလျောက် သက်ပြင်းချလိုက်မိသည်။
"တကယ်ကောင်းတာပဲ"
နောက်တစ်ခဏတွင် သူ ပြန်လည်တည်ကြည်သွားကာ "နောက်ဆက်တွဲငလျင်တွေ မပြီးသေးဘူး၊ တောင်တက်လမ်းတွေက အန္တရာယ်ရှိတယ်၊ ကိုယ့်သဘောနဲ့ကိုယ် တောင်အောက်မဆင်းကြပါနဲ့၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးပါ၊ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့ကို အရောက်လွှတ်ပေးပါ့မယ်"
"ကောင်းပါပြီ..." ဟူသော စကားလုံးမှာ အဆုံးထိမရောက်လိုက်ချေ၊ အားနည်းသော ဖုန်းလိုင်းမှာ ပြတ်တောက်သွားသောကြောင့် ဖြစ်သည်။
ဖုန်းအား အိတ်ထဲထည့်ကာ အူးချင် လှည့်ကြည့်လိုက်သောအခါ မထင်မှတ်ဘဲ လူအုပ်ကြီးမှ သူ့ဘေးတွင် ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။
သူ ဖုန်းဖြေနေသည်ကို မြင်လိုက်သည့်အခိုက်မှာပင် လူအများမှ ကယ်ဆယ်ရေးအဖွဲ့၏တုံ့ပြန်မှုကို ကြားသိလိုသဖြင့် သူ့အား ဝိုင်းထားကြခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့ လာမည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် သူတို့၏ တင်းမာနေသော မျက်နှာများမှာ ချက်ချင်းပင် လျော့ကျသွားကာ မထိန်းချုပ်နိုင်သော ဝမ်းသာပီတိများ အစားထိုးလာတော့သည်။
"ကောင်းလိုက်တာ ပါးရယ်! ကျွန်တော်တို့ မကြာခင် အိမ်ပြန်ရတော့မယ်!"
"မေမေ စိတ်တင်းထားဦးနော်! မကြာခင် ဆေးရုံရောက်တော့မှာ!"
"အိမ်ရောက်ရင် ရေကောင်းကောင်းချိုးပစ်ဦးမယ်၊ ဖုန်တွေနဲ့ တစ်ကိုယ်လုံး နေလို့မကောင်းတော့ဘူး"
"အား... ကျွန်တော့်ကို မထိနဲ့ဦး! ကျောက်တုံးတွေ တူးရင်းနဲ့ ဒဏ်ရာရသွားလို့"
...
လူတိုင်း စိတ်လှုပ်ရှားစွာ တတွတ်တွတ် ပြောနေကြသည်။ မျှော်လင့်ချက်လေး ရလာသည်နှင့်အမျှ ဖိစီးနေသော ပတ်ဝန်းကျင်မှာ သိသိသာသာ လန်းဆန်းသွားတော့သည်။
အထင်ရှားဆုံး ပြောင်းလဲမှုမှာ ချင်ချင့်ဘေးတွင် စုပုံနေသော မုန့်များမှာ ပိုများပြားလာခြင်းဖြစ်သည်။
ဘယ်သူမှမအကြပါ၊ သေဆုံးသူမရှိဘဲ ဘေးကင်းကင်းနှင့် ရှိနေရခြင်းမှာ ချင်ချင်နှင့် သူမ အပေါင်းအပါများကြောင့် ဖြစ်ကြောင်း အားလုံးသိကြသည်။
အမျိုးသားများမှာ ကြည့်ရသည်မှာ အရှိန်အဝါကြီးလွန်းလှသည်၊ အထူးသဖြင့် တစ်ယောက်မှာ အေးစက်တည်ငြိမ်သော အသွင်ကြောင့် လူအများကျေးဇူးတင်ရန်ပင် မချဉ်းကပ်ရဲကြချေ။ ထို့ကြောင့် သူတို့၏ကျေးဇူးတင်လက်ဆောင်များအား အနီးကပ်ဆုံးဟု ထင်ရသော ချင်ချင့်ထံသို့သာ ပုံအောပေးနေကြခြင်းဖြစ်သည်။
အချို့မှ နှုတ်ဖြင့် ကျေးဇူးတင်ကြသည်၊ အချို့မှ မုန့်နှင့် အအေးများ ပေးကြသည်၊ အချို့မှာ တန်ဖိုးကြီး လက်ဝတ်ရတနာများ ပေးကာ အချို့ကဆိုလျှင် ဖုန်းထုတ်ပြီး ချင်ချင့်ထံ ငွေလွှဲပေးရန်ပင် ကြိုးစားကြသည်။
ချင်ချင် အားလုံးကို ငြင်းပယ်ပြီး နှုတ်ဖြင့်သာ ကျေးဇူးပြန်တင်ကာ မုန့်အနည်းငယ်ကိုသာယူထားလိုက်သည်။
လူ့အသက်အား ကယ်တင်ခြင်းမှာ တာဝန်တစ်ခုဖြစ်ပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ မမျှော်လင့်သင့်ပေ။
အကယ်၍ ချင်ချင်သာ ဗိုက်မဆာခဲ့ပါက၊ ဝမ်ရှုကျစ် ယူလာသောမာကြောသည့် စစ်သုံး ဘီစကစ်များကို မစားချင်ခဲ့ပါက ဤမုန့်များကိုလည်း သူမ ယူလိမ့်မည်မဟုတ်ချေ။
"ဟူး... မောလိုက်တာ!"
နောက်ဆုံးတွင် ဒဏ်ရာရသူအားလုံးကို ပတ်တီးစည်းပေးပြီးနောက် ဝမ်ရှုကျစ်မှာ ချွေးများ ရွှဲရွှဲစိုကာ ခါးများနာကျင်လျက် ချင်ချင့်ဘေးတွင် ထိုင်ချလိုက်သည်။
"ဒီမှာ စားဦးလေ"
ချင်ချင် ဝမ်ရှုကျစ်အား အစပ်ချောင်း တစ်ထုပ် ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲ ညီမလေးရာ"
ဝမ်ရှုကျစ်မှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်၊ ချင်ချင်နှင့် သိရသည်မှာ နှစ်ရက်ပင် မပြည့်သေးသော်လည်း သူမက သူ အစပ်ချောင်း ကြိုက်သည်ကို သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်တော့ ဘာမှမသိဘဲ ကမ်းပေးလိုက်သော ချင်ချင်မှာလည်း ကြောင်တောင်တောင် ဖြစ်သွားရှာသည်။
သူတို့နှစ်ယောက်မှာ ဖုန်များ ပေကျံနေသော မျက်နှာများ၊ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို ဂရုမစိုက်ဘဲ အတူတူထိုင်ကာ မုန့်စားရင်း တောင်လေအား ခံစားနေကြသည်။
"နည်းနည်းအေးလာပြီ"
ဝမ်ရှုကျစ် လက်ကလေးများကို ပွတ်ရင်း တုန်တုန်ယင်ယင်ပြောလိုက်သည်။
သူသည် လည်သာအင်္ကျီ အဝါနုရောင်တစ်ထည်သာ ဝတ်ထားသည်၊ သူ့ ပေါ့ပါးနွေးထွေးသော အပေါ်ဝတ်အင်္ကျီကြီးကိုတော့ တခြားသူအား ပေးလိုက်ရပြီဖြစ်သည်။ နှစ်ကုန်ပိုင်းသို့ ရောက်နေပြီဖြစ်ရာ တောင်ပိုင်းဒေသ G မြို့မှာပင် အတော်လေး အေးစိမ့်လှသည်။
"ငါလည်း အေးတယ်"
ကူးလန်လည်း အေးစိမ့်မှုကြောင့် ထုံကျင်နေသော သူ့လက်ချောင်းများကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။
နွေးထွေးသော လက်ကလေးတစ်စုံမှာ ကူးလန်၏အေးစက်နေသော လက်များအား လှမ်း၍ဆုပ်ကိုင်လိုက်သည်။
ကူးလန် မျက်မှောင်ကြုတ်ကာ လက်အား ပြန်ရုန်းရန် ကြိုးစားသည်။
"တိတိလက်တွေက အေးနေတာ၊ ကျဲပါ အေးကုန်မယ်"
"ရပါတယ်၊ ချင်ချင်က တိတိကို နွေးအောင် လုပ်ပေးမယ်"
သူမ ကူးလန်၏လက်ပေါ်သို့ လေပူလေးများ မှုတ်ပေးကာ မီးမွှေးနေသကဲ့သို့ ပွတ်သပ်ပေးနေသဖြင့် မကြာမီမှာပင် သူမ လက်လေးများမှာ တကယ်ပင် နွေးလာတော့သည်။
"ရပါပြီ"
ချင်ချင့်လက်ကလေးများကို ကိုင်ထားရင်း ကူးလန် သူ့လက်အား ပြန်ဆွဲလိုက်စဉ် အလိုအလျောက် ငုံ့ကြည့်လိုက်မိရာ သူ့သူငယ်အိမ်မှာ ကျုံ့သွားတော့သည်။
သူ ချင်ချင့်လက်ကလေးများကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည်၊ လက်ကလေးများမှာ ဖုန်များနှင့် သွေးစွန်းနေကာ လက်ချောင်းလေး တစ်ချောင်းမှ မနာကျင်ဘဲ မရှိချေ။
ဤဒဏ်ရာဒဏ်ချက်များမှာ ပျက်စီးနေသော ကျောက်ပုံများကြားမှ အသက်များအား ကယ်တင်ရန် အားထုတ်တူးဖော်ခဲ့စဉ်က ရရှိခဲ့သော မှတ်တမ်းများပင် ဖြစ်တော့သည်။ ချင်ချင်တစ်ယောက်တည်းသာမက၊ ကူးလန်နှင့် အူးချင်တို့တွင်လည်း ဒဏ်ရာကိုယ်စီ ရရှိထားကြ၏။ သို့သော်လည်း ချင်ချင့်လက်ကလေးများမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနုနယ်လွန်းလှသည်ဖြစ်ရာ၊ ထိုစုတ်ပြတ်ရှနာတို့မှာ ဖြူလွလွ ကတ္တီပါစပေါ်မှ သွေးစွန်းရာများကဲ့သို့ ပို၍ပင် ရင်နာစရာကောင်းလောက်အောင် ထင်ရှားနေတော့သည်။
မြင်ရသူအဖို့မှာမူ ကြည့်ရုံမျှဖြင့်ပင် ရင်ထဲ၌ မချိတင်ကဲ စိတ်မသက်မသာ ဖြစ်ရချေတော့သည်။
"ရေသန့် ဒါမှမဟုတ် ပိုးသတ်ဆေးကျန်သေးလား?"
"နည်းနည်းပဲ ကျန်တော့တယ်။"
ဝမ်ရှုကျစ်လည်း ချင်ချင့်လက်အား သတိပြုမိသွားသည်။ စောစောက သူ ဂရုမစိုက်မိခဲ့သည့်အတွက် နောင်တရနေရင်းမှ အိတ်ထဲ အမြန်မွှေနှောက်ကာ မဖွင့်ရသေးသည့် ရေသန့်တစ်ပုဒ်နှင့် အယ်လ်ကိုဟော တစ်ရှူးထုတ်အချို့ ထုတ်ပေးလိုက်သည်။
ထိုတစ်ရှူးများမှာ မူလကမူ သူ့နားကပ်များကို သန့်စင်ရန် ရည်ရွယ်၍ ယူဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုကဲ့သို့ အရေးကြုံလာချိန်တွင်မူ အဖိုးတန်လှသော အသုံးအဆောင်များ ဖြစ်လာတော့သည်။
သူကိုယ်တိုင်လည်း များများစားစား ယူဆောင်လာခဲ့ခြင်း မရှိသည့်အပြင်၊ အခြားသူများကလည်း သာမန်ပိုးသတ်ဆေးများကိုသာ အသုံးပြုနေကြသည်ဖြစ်ရာ၊ အိတ်ကပ်အတွင်းဝယ်ငုပ်လျှိုးနေသည့် ဤတစ်ရှူးထုတ်လေးများ ထုတ်ယူရန် သူကိုယ်တိုင်ပင် သတိမမူမိခဲ့ချေ။
ယခုမူ ထိုပစ္စည်းလေးများမှာ ချင်ချင့်အတွက် အချိန်ကိုက်ပင် အလွန်တရာ အသုံးတည့်သွားချေတော့သည်။
"ဒါက လူတွေမှာ သုံးလို့ရလား?"
"ရတယ်၊ ဒါက ဆေးဘက်ဝင် အယ်လ်ကိုဟောပဲ၊ လူတွေအတွက်ရော၊ ကိုယ်တွင်းအင်္ဂါတွေအတွက်ပါ သင့်တော်တယ်"
သူ သန့်ရှင်းသော စက္ကူနှစ်ချပ်ကို အသာအယာ ယူကာ ရေအနည်းငယ် လောင်းဆပ်လိုက်ပြီးနောက် ချင်ချင့်လက်ကလေးများကို အစွမ်းကုန် ယုယုယယဖြင့် သန့်စင်ပေးနေတော့သည်။ အကယ်၍သာ အညစ်အကြေးများ ကျန်ရှိခဲ့ပါက ပိုးဝင်ရောင်ရမ်းသွားနိုင်သည်ဖြစ်ရာ၊ ဒဏ်ရာအတွင်းဝယ် သဲမှုန်လေးတစ်မှုန်မျှပင် ကပ်ငြိကျန်ရစ်ခြင်းမရှိစေရန် အထူးပင် အာရုံစိုက်၍ ဖယ်ရှားပေးရရှာသည်။
"နာတယ်..."
ချင်ချင် နာကျင်မှုအား တင်းခံနိုင်စွမ်းရှိသူ မဟုတ်ပေ။
အစပိုင်းတွင်မူ နာကျင်မှုအား သတိမထားမိသေးသော်လည်း၊ ယခုကဲ့သို့ သူမ လက်ကလေးများကို ဆုပ်ကိုင်လျက် ဒဏ်ရာများကို တဖန်ပြန်၍ ထိတွေ့လာသောအခါ၌မူ ကူးလန် မည်မျှပင် ညင်သာယုယပါစေ ချင်ချင့်မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝဲတက်လာရချေတော့သည်။
အထူးသဖြင့် အယ်လ်ကိုဟော တစ်ရှူးဖြင့် ပိုးသတ်လိုက်သည့်အခါတွင်မူ ပြင်းထန်လှသော စပ်ဖျဉ်းဖျဉ်း နာကျင်မှုဒဏ်ကြောင့် ချင်ချင်တစ်ယောက် မအောင့်နိုင်တော့ဘဲ အော်ဟစ်ငိုယိုမိတော့သည်။
သူမ ရှိုက်ကြီးတငင် ငိုကြွေးရင်း လက်ကလေးအား ပြန်လည်ရုန်းဖယ်ရန် ကြိုးစားသော်လည်း၊ ကူးလန်ကမူ ခိုင်မြဲစွာ ဆုပ်ကိုင်ထားသဖြင့် ဒဏ်ရာပေါ်သို့ ပတ်တီးလေး ကပ်ပြီးသည်အထိ တရှုံ့ရှုံ့နှင့် ရှိုက်နေရှာတော့သည်။
"မငိုနဲ့တော့နော်"
ကူးလန် မတတ်သာသည့်အဆုံး ကျန်နေသော တစ်ရှူးသန့်သန့်ဖြင့် သူမမျက်ရည်များကို သုတ်ပေးရင်း ချော့ရသည်။
"ချင်ချင်... အစ်~ ချင်ချင် ဦးဦးကို လိုချင်တယ်..."
ယခုမူ သူမသည် သုံးနှစ်သမီးအရွယ် ကလေးငယ်ဘဝသို့ တစ်ကျော့ပြန် ရောက်ရှိသွားသကဲ့သို့ပင်၊ ရင်ထဲဝယ် အလွန်အမင်း အားငယ်ဝမ်းနည်းလျက် ဖူဟန်ကိုသာ တမ်းတရှာတော့သည်။ ထိုသူ့ရင်ခွင်ကျယ်ကြီးထဲ၌ ခိုဝင်ကာ အလိုလိုက် အချော့ခံချင်နေမိသည်။
အနမ်းနွေးနွေးများ၊ တင်းကျပ်သော ပွေ့ဖက်မှုများဖြင့် သူမအား အမြင့်သို့ မြှောက်ကာ ချော့မြှူပေးမှသာလျှင် ဤငိုကြွေးခြင်းများ ရပ်တန့်နိုင်ပေလိမ့်မည်။
သူမမှာ တကယ်ပင် ရင်ထဲ၌ မချိအောင် ဝမ်းနည်းကြေကွဲနေရှာသည်မှာ အမှန်ပင်။
ကူးလန် ချင်ချင့်ဆံနွယ်စများကို ပိုမိုဖရိုဖရဲဖြစ်သွားစေရန် အသာအယာ ဖွလိုက်ရင်း၊ တောင်အောက်ဆင်းလမ်းမကြီးအား တွေဝေစွာ ငေးကြည့်နေမိသည်။ ထို့နောက် သူကိုယ်တိုင်ပင် ခပ်သဲ့သဲ့သာ ကြားနိုင်မည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံခွင့်ရပါဦးမလားတောင် မသိတော့ပါဘူး..."
အမှန်စင်စစ်မူ စိတ်ချရသည့် ဘေးကင်းရာအရပ်သို့ မရောက်ရှိသရွေ့ သူတို့အသက်အန္တရာယ်မှာ ရိပ်ခြည်သဖွယ် ဝန်းရံနေဦးမည်သာ ဖြစ်ချေသည်။
သူတို့ ကံမကောင်းဘဲ အသက်ရှင်လျက် အိမ်မပြန်နိုင်မှာကို သူ ကြောက်နေမိသည်။
လည်ပင်းဆီ၌ နွေးထွေးသော အထိအတွေ့တစ်ခု စားလိုက်ရသဖြင့် သူ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်မိသည်။ ချင်ချင့်မျက်ဝန်းအိမ်လေးများမှာ မျက်ရည်စတို့ဖြင့် နီရဲနေဆဲဖြစ်ကာ၊ နှာသီးဖျားလုံးလုံးလေးမှာလည်း ရှိုက်ငိုထားမှုကြောင့် နီမြန်းနေရှာသည်။ ထိုကလေးမလေးသည် ပတ်တီးအဖွေးသားနှင့် လက်ကလေးများကို အားပြုလျက်၊ သူ့လည်ပင်းဆီသို့ လည်စည်းတစ်ခုကို မရမက ပတ်ပေးနေသည်ကို တွေ့လိုက်ရ၏။
ဝမ်ရှုကျစ်သည်လည်း အူးချင်အား ဆွဲခေါ်လာကာ ချင်ချင့်နောက်ကွယ်မှနေ၍ ခေါင်းလေးပြူကာ ချောင်းကြည့်နေကြသည်။ သူတို့အားလုံး၏ လည်ပင်းထက်ဝယ်ပန်းရောင်အမွေးပွ လည်စည်းလေးများ အစီအရီရှိနေကြသည်မှာ ထူးဆန်းစွာပင် တူညီသော လည်စည်းတစ်ခုတည်း ဖြစ်နေတော့သည်။
လူသုံးယောက်ကို ပတ်ပေးပြီးနောက် ပိုလျှံနေသော လည်ပင်းစည်း အစွန်းလေးမှာ ယခုမူ သူ့လည်ပင်းထက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းပင်။
သူတို့တစ်စုလုံးတွင် ချင်ချင်တစ်ယောက်သာလျှင် ထိုမျှရှည်လျားသော လည်စည်းအား ဝတ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ မူလက သူမ ဝတ်ဆင်လိုခြင်း မရှိသော်လည်း၊ အေးစိမ့်သော ရာသီဒဏ်ကို စိုးရိမ်သဖြင့် ကူးလန်ကိုယ်တိုင်ပင် ဇွတ်အတင်း ဝတ်ခိုင်းခဲ့မိခြင်း ဖြစ်၏။
ယခုမူ ဤလည်စည်းလေးမှာ သူတို့လေးဦးအကြား နွေးထွေးသော သံယောဇဉ်ကြိုးလေးသဖွယ် ဆက်သွယ်ပေးထားလေပြီ။ ကူးလန်ပင်လျှင် ကံကြမ္မာ၏ဆန်းကြယ်လှသော အလှည့်အပြောင်းအား အံ့ဩမဆုံး ဖြစ်နေမိတော့သည်။
သူ ချင်ချင့်စေတနာအား မငြင်းပယ်ခဲ့သည့်အပြင်၊ ထိုလည်စည်းလေးမှာ သူတို့အားလုံး လုံလောက်အောင်မရှည်လျားမည်ကိုပင် စိုးရိမ်ပူပန်နေမိသေးတော့သည်။
ကူးလန် ချင်ချင်ပတ်ပေးရ လွယ်ကူအောင် သူမဘက်ကို တိုးသွားပြီး ခေါင်းလေးပေးလိုက်သည်။
အမွေးပွလည်ပင်းစည်းလေးမှာ ချင်ချင့်ကိုယ်ငွေ့လေးများ ကိန်းအောင်းနေသကဲ့သို့ နွေးထွေးလှသည့်အပြင်၊ ပန်းရနံ့နှင့် သစ်သီးရနံ့ သင်းသင်းလေးမှာလည်း လွင့်ပျံလာတော့သည်။ ၎င်းမှာ ချင်ချင် အနှစ်သက်ဆုံးသော ရေချိုးဆပ်ပြာရနံ့လေးပင်။
ထိုရနံ့မွှေးမွှေးလေးမှာ စိတ်နှလုံးအား အေးချမ်းစေရုံမျှမက၊ သူ၏ တင်းမာလှိုင်းထန်နေသော စိတ်အစဉ်ကိုလည်း တစ်ခဏချင်းမှာပင် ငြိမ်သက်အေးချမ်းသွားစေတော့သည်။
အချိန်ကာလမှာ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီးနောက် ကောင်းကင်ယံထက်၌ မှောင်ရီပျိုးစပြုလာလေပြီ။
အေးစိမ့်လှသော ညလေညင်းများ တိုးဝှေ့တိုက်ခတ်လာသည်ဖြစ်ရာ လူတိုင်းမှာ အလိုအလျောက်ပင် တုန်တုန်ယင်ယင် ဖြစ်လာကြ၏။ ဤအေးစက်သော မှောင်မိုက်မှုအောက်တွင် ရှိုက်သံတိုးတိုးလေးများ ထွက်ပေါ်လာကာ၊ အချို့မှာမူ မအောင့်နိုင်တော့ဘဲ ငိုကြွေးကုန်ကြလေတော့သည်။
ဤအခြေအနေအတိုင်း ဆက်လက်ရှိနေ၍ မဖြစ်တော့ကြောင်း ကူးလန် ကောင်းကောင်းကြီး နားလည်ထားသည်။ ထို့ကြောင့် သူ ထရပ်ကာ ထုံကျင်နေသော ခြေလက်များ ဆန့်ထုတ်လိုက်ပြီးလျှင် ကျောင်းထိုင်ဆရာတော်ရှိရာသို့ ဦးတည်လျှောက်လှမ်း သွားလိုက်တော့သည်။
“ကျွန်တော်တို့ ဘုရားကျောင်းထဲက အသုံးအဆောင်အချို့ သွားယူဖို့ လိုပါလိမ့်မယ်၊ တခြားဘာမှ မယူနိုင်ရင်တောင် လူတွေ နွေးနွေးထွေးထွေးရှိအောင် စောင်တွေ ဒါမှမဟုတ် လိုက်ကာတွေတော့ ထုတ်လာမှ ဖြစ်မယ်၊ မဟုတ်ရင်တော့ အားလုံး အအေးမိကုန်ကြပါလိမ့်မယ်”
“ဒါပေမဲ့ နောက်ဆက်တွဲ ငလျင်တွေက မငြိမ်သေးဘူးလေ ဒကာရယ်”
ဆရာတော်မှ တုံ့ပြန်စကား မဆိုရသေးမီမှာပင် ဘေးနား၌ ထိုင်နေသည့် ကိုရင်လေးတစ်ပါးမှ တုန်ရီသော လေသံဖြင့် ကြားဖြတ်ပြောလာရှာသည်။
ကြည့်ရသည်မှာ ထိုကိုရင်လေးမှာ အသက်အရွယ် နုပျိုပြီး အတွေ့အကြုံ မရှိသေးသည့်အပြင်၊ ငလျင်ဒဏ်ကြောင့် တကယ်ပင် ထိတ်လန့်တုန်လှုပ်နေပုံရ၏။
လက်ခြေများမှာ အအေးဒဏ်ကြောင့် ထုံကျဉ်နေသော်လည်း ဘုရားကျောင်းအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ရန်မှာမူကား အစွမ်းကုန် ကြောက်ရွံ့နေရှာသည်။
နောက်ဆက်တွဲ ငလျင်များမှာ ရက်အတော်ကြာ ဆက်ဖြစ်နိုင်သည်ဖြစ်ရာ၊ အကယ်၍သာ သူတို့အထဲသို့ ဝင်သွားချိန်တွင် ငလျင်ထပ်လှုပ်၍ အဆောက်အဦးများ ထပ်မံပြိုကျသွားခဲ့လျှင်... ကိုရင်လေး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေပြီး၊ ထိုသို့ တုန်တုန်ယင်ယင် ဖြစ်နေရသည်မှာ အအေးဒဏ်ကြောင့်လော သို့မဟုတ် အကြောက်တရားကြောင့်လောဟူ၍ပင် ခွဲခြားမရနိုင် တော့ချေ။