အခန်း (၁၃၅)
Vol. 15 Ch. 135
“သံဃာဆောင်တွေကတော့ ပြိုမကျသေးဘူး၊ အထဲမှာ စောင်တွေရှိတယ်၊ ဘေးနားက မီးဖိုချောင်ကလည်း ဘာမှမဖြစ်ဘဲ အကောင်းတိုင်းရှိနေပါသေးတယ်၊ လူနည်းနည်းလောက်စုပေးပါ၊ အဲဒီကို ကျွန်တော် လမ်းပြခေါ်သွားပြီး လိုအပ်တဲ့ ပစ္စည်းတွေ သွားယူကြတာပေါ့”
ကျောင်းထိုင်ဆရာတော်မှ မတ်တပ်ထရပ်ကာ လက်အုပ်ချီလျက် ကရုဏာသက်သော မျက်နှာထားဖြင့် ကူးလန်အား အသာအယာ ဦးညွှတ်လိုက်သည်။
“ဒကာလေးရဲ့ စေတနာက တကယ့်ကို မွန်မြတ်လှပါတယ်၊ ဒီကောင်းမှုကုသိုလ်ကြောင့် နောင်အနာဂတ်မှာ ဒကာလေးရဲ့ ဆန္ဒတွေ အားလုံး ပြည့်ဝပါလိမ့်မယ်”
ဆရာတော်၏နက်ရှိုင်းလှသော အကြည့်တို့မှာ ချင်ချင့်ထံသို့ ခဏမျှ ကျရောက်သွားသည်။ အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည့်အလားပင်။
ကူးလန် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားကာ အလိုအလျောက်ပင် ချင်ချင့်ရှေ့မှ ကာကွယ်ပေးလိုက်မိသည်။
ကူးလန်၏ ပြင်းထန်လှသော ခုခံကာကွယ်လိုသည့် စိတ်ဓာတ်ကို ဆရာတော် သတိပြုမိသော်လည်း ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားကာ ကူညီပေးမည့် သတ္တိခဲ ရဟန်းအချို့အား လှမ်းခေါ်လိုက်တော့သည်။
ခရီးသွားများဘက်မှလည်း သန်သန်မာမာနှင့် ပစ္စည်းသယ်နိုင်မည့် လူငယ်အယောက်နှစ်ဆယ်ခန့် ရှေ့သို့ ထွက်လာကြသည်။
သူတို့သည် ဆရာတော်နောက်မှ လိုက်ပါ၍ ရှေးဟောင်းဘုရားကျောင်းအတွင်းသို့ ဝင်သွားကြကာ နောက်ဘက်ရှိ သံဃာဆောင် များဆီသို့ အမြန်ရောက်ရှိသွားကြသည်။ အထဲသို့ ရောက်သည်နှင့် အသုံးဝင်မည့် ပစ္စည်းမှန်သမျှ ဆွဲယူကာ စောင်များပေါ်သို့ မဆိုင်းမတွ ပစ်တင်လိုက်ကြပြီးလျှင် အထုတ်အပိုးများကို အလောတကြီး ပြင်ဆင်၍ အပြင်သို့ ပြန်ပြေးထွက်လာကြတော့သည်။
စောင်ထုတ်ကြီးများကို ကျောပိုးထားကြသော သူတို့ပုံစံမှာ ပစ္စည်းအပြည့်နှင့် ပြန်လာသော ခိုးသားများနှင့်ပင် တူနေသေးသည်။
သို့သော်လည်း မည်သူမျှ ထိုဟာသဆန်သော ပုံရိပ်အား ဂရုမစိုက်နိုင်ကြချေ။ အေးစက်လှသော ညဉ့်နက်ပိုင်းကို ဖြတ်ကျော် ရန်အတွက် လိုအပ်သော အထောက်အပံ့များ ရရှိထားရန်ကသာ အရေးအကြီးဆုံး မဟုတ်လား?
ချင်ချင်တစ်ယောက် မရည်ရွယ်ဘဲ အိပ်ပျော်သွားရှာသည်။
သူမ တစ်နေ့ကုန် လည်ပတ်ထားရသည့်အပြင် လူကယ်ရန်အတွက် ကျောက်တုံးများကိုပါ ဝိုင်းဝန်းကူညီ ဖယ်ရှားပေးခဲ့ရသည် ဖြစ်ရာ အင်အားများ ကုန်ခန်းနေခြင်းမှာဓမ္မတာပင်။ ထို့ကြောင့် မအောင့်နိုင်တော့ဘဲ အိပ်ပျော်သွားခြင်းမှာ အဆန်းတော့ မဟုတ်ချေ။
သူမ ပြန်လည်နိုးထလာချိန်တွင် နွေးထွေးသော အပူလှိုင်းများနှင့် တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်များကြောင့် ဖြစ်သည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကြီးမားသော မီးပုံကြီးတစ်ခု တွေ့လိုက်ရပြီး ၎င်းဘေးပတ်လည်တွင် လူအများအပြား စုဝေးကာ အပူလှုံရင်း အစားအသောက်များ ချက်ပြုတ်နေကြသည်။
အဝေးတစ်နေရာတွင် အိုးကြီးအချို့ တည်ထားကာ အောက်မှ မီးများ အရှိန်အဟုန်ဖြင့် တောက်လောင်နေသည်။ အချို့အိုးများထဲမှ ဖြူဖွေးပျစ်ချွဲသော ဆန်ပြုတ်များ ပွက်ပွက်ဆူနေကာ အချို့ဆီမှမူ ဟင်းရည်နံ့ သင်းသင်းလေးများ လွင့်ပျံလာနေသည်။
သူမ ကြောင်တောင်တောင်လေး ထိုင်လိုက်မိရာ ကိုယ်ပေါ်မှ ထူထဲသော စောင်ကြီးမှာ လျောကျသွားတော့သည်။ သူမ၏ အောက်ခြေမြေပြင်မှာလည်း စောစောက အပေါ်အင်္ကျီလေး ခံ၍ အိပ်ခဲ့ရစဉ်ကကဲ့သို့ မာကြောမနေတော့ဘဲ နူးညံ့အိစက်နေသည်။
သူမ အောက်တွင် အခြားစောင်တစ်ထည် ခင်းပေးထားသည့်အလား ခံစားလိုက်ရသည်။
စောင်တွေ ဘယ်ကရောက်လာတာလဲ?
ထိုမေးခွန်းလေး သူမ ခေါင်းထဲသို့ ရောက်လာရုံရှိသေး၊ ကူးလန်နှင့် ဝမ်ရှုကျစ်တို့ ပန်းကန်လုံးကြီး နှစ်လုံးစီကိုင်ကာ လျှောက်လာကြသည်။
"ချင်ချင် နိုးပြီလား၊ ထပြီး စားရအောင်"
"ဟုတ်ကဲ့"
ဇွန်းနှင့် ပန်းကန်လုံးလေးတစ်ခုကို သူမ လက်ထဲသို့ ထည့်ပေးလိုက်ကြသည်။ ပန်းကန်ထဲတွင် ဖြူဖွေးပျစ်ချွဲနေသော ဆန်ပြုတ်များ ပြည့်နေကာ ဆန်မွှေးရနံ့လေးမှာ လေထဲတွင် လွင့်ပျံနေသည်ဖြစ်ရာ ချင်ချင့်၏ ဟာလာဟင်းလင်း ဖြစ်နေသော ဝမ်းဗိုက်အား ဆာလောင်မှုလှိုင်းများ ထလာစေတော့သည်။
"ဂွီ... ဂွီ..."
သူမ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားပြီး ကူးလန်နှင့် တခြားသူများအား အကဲခတ်ကြည့်လိုက်ရာ မည်သူမျှ သူမကို လှောင်ပြောင်ခြင်း မရှိကြချေ။
ကူးလန် ချင်ချင့်အတွက် ဟင်းသီးဟင်းရွက်ကြော်လေး တစ်ဖတ် ခပ်ပေးလိုက်ရင်း "ချင်ချင် လိမ်လိမ်မာမာနဲ့ စားနော်၊ ဒါက ဘုရားကျောင်းဆိုတော့ အသားမရှိဘူး၊ အသီးအရွက်တွေပဲ ရှိတယ်"
"ဟုတ်ကဲ့"
ယခုအချိန်မှာ ဂျီကျရမည့်အချိန် မဟုတ်မှန်း သိနေသဖြင့် ချင်ချင် လိမ်လိမ်မာမာဖြင့် ဇွန်းကိုကိုင်ကာ ဆန်ပြုတ်နှင့် ဟင်းရွက်များကို ပါးစပ်အပြည့် ထည့်စားလိုက်တော့သည်။
သူမ၏ပါးဖောင်းဖောင်းလေးများမှာ အစာစားနေသော ဟမ်စတာလေးတစ်ကောင်ကဲ့သို့ ဖောင်းကားနေတော့သည်။
ကူးလန်တို့လည်း ကိုယ်တိုင်စားရင်း ချင်ချင့်ပန်းကန်ထဲသို့ ဟင်းများ ခဏခဏ ထည့်ပေးနေကြသည်။
ပန်းကန်လုံးကြီး အတော်များများ ကုန်စင်အောင် စားသောက်ပြီးနောက်တွင် တစ်ယောက်လျှင် ဟင်းသီးဟင်းရွက် ဟင်းရည်တစ်လုံးစီ ထပ်မံရရှိကြသည်။
"ဗိုက်လေး နွေးသွားအောင် ဟင်းရည်လေးသောက်လိုက်ဦး"
ချင်ချင် ပန်းကန်လုံးတစ်ဝက်လောက်သာ သောက်နိုင်တော့သည်။ ထပ်စားရန် နေရာမရှိတော့ချေ။
ဟင်းရည်မှာ လတ်လတ်ဆတ်ဆတ် ချက်ထားခြင်းဖြစ်ရာ ကိုင်လိုက်လျှင် အနည်းငယ် ပူသော်လည်း အေးစိမ့်သော လေထုထဲတွင်မူ အနေတော် အပူချိန်ပင် ဖြစ်သည်။
ချင်ချင် လက်ကလေးများ အပူရှိန်ကြောင့် နီရဲလာသည်အထိ ပန်းကန်လုံးအား အကြာကြီး ဆုပ်ကိုင်ထားမိပြီးမှ ခေါင်းငုံ့ကာ ဟင်းရည်ကို တစိမ့်စိမ့် သောက်လိုက်သည်။
ဤဟင်းရည်အား မည်သူချက်သနည်း မသိသော်လည်း အသီးအရွက်များသာ ပါဝင်သော်ငြား အသားဟင်းရည်ထက်ပင် ပို၍ အရသာရှိနေသယောင် ထင်ရသည်။
ချင်ချင် ဟင်းရည်တစ်ဝက်ကို ကုန်စင်အောင် သောက်လိုက်ပြီးနောက် ထပ်သောက်ချင်သေးသော်လည်း ဝမ်းဗိုက်ထဲ၌ နေရာမရှိတော့ချေ။
သူမ ဝမ်းဗိုက်လေးမှာ ဖောင်းကားနေကာ အတော်လေးပြည့်အင့်သွားလေပြီ။
"ဒါတွေအားလုံးက တိတိ ဉာဏ်ကောင်းလို့ပါပဲ၊ အချိန်မီ ပစ္စည်းတွေသွားမသယ်ခဲ့ရင် အခုချိန် ငါတို့တွေ ဘယ်မှာ သွားစားနေကြမလဲ မသိဘူး"
ဝမ်ရှုကျစ် ဝလင်အောင် စားသောက်ပြီးနောက် သူ့ပုံရိပ်အား ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်၌ ပက်လက်လှန်ကာ ကျေနပ်အားရစွာ လေချဉ်တက်လိုက်တော့သည်။
အမှန်စင်စစ်မူ သူ့ပုံရိပ်အားထိန်းသိမ်းရန် ကြိုးစားလျှင်ပင် အချိန်နှောင်းသွားလေပြီ။
သူ့ အဝါနုရောင် အင်္ကျီမှာ မီးခိုးရောင် ပြောင်းနေကာ၊ ခေတ်မီလှသော ဆံပင်တိုလေးမှာလည်း ဖရိုဖရဲ ဖြစ်နေချေပြီ။ ချောမော လှပသော မျက်နှာထက်ဝယ် အမည်းကွက်၊ အညိုကွက်များ ပေကျံနေပြီး အဝတ်အစားများပေါ်၌လည်း သစ်သားစများ ပြည့်နေသည်။ အကယ်၍ ဤပုံစံဖြင့် အပြင်ထွက်သွားပါက နာမည်ကျော် မင်းသားတစ်ဦးဟု မည်သူမျှ မထင်ကြဘဲ သူတောင်းစားတစ်ယောက်ဟုသာ ထင်ကြပေလိမ့်မည်။
သူနှင့်ယှဉ်လျှင် ကူးလန်နှင့် အူးချင်တို့မှာ အနည်းငယ် ပိုအခြေအနေ ကောင်းကြသေးသည်။ ဖရိုဖရဲ ဖြစ်နေကြသော်လည်း အနည်းဆုံးတော့ ဖုန်ပေနေသော သာမန်လူများနှင့်တူနေသေးသည်။
သူတို့တစ်စုမှာ ထိုင်နေကြရင်း ဖရိုဖရဲ ဖြစ်နေသော်လည်း စနစ်တကျ ရှိနေသော ပတ်ဝန်းကျင်အား ကြည့်ကာ အနာဂတ်အတွက် မရေရာသော စိတ်လေးလံမှုများကို ခံစားနေကြရသည်။
"ငါတို့ ကံကောင်းပါတယ်"
"ဘုရားကျောင်းထဲမှာ ခရီးသည်တွေအတွက် သီးသန့် ထမင်းစားဆောင် ရှိနေတော့ ဆန်နဲ့ အစားအသောက်တွေ အများကြီး ရှိနေတယ် ပြီးတော့ ဟင်းသီးဟင်းရွက် စိုက်ခင်းကလည်း ဆယ်ဧကကျော် ရှိနေတာဆိုတော့ အခုလောလောဆယ် ပိတ်မိနေရင်တောင် အစားအသောက်အတွက်တော့ ပူစရာမလိုသေးဘူး"
"ဒါပေမဲ့ ဒါက ခဏတာပဲလေ၊ ကယ်ဆယ်ရေးအဖွဲ့ အမြန်ရောက်မလာရင်တော့ ဒုက္ခရောက်ကုန်ကြမှာပဲ"
ဝမ်ရှုကျစ် သူ့ဆံပင်များအား လက်ဖြင့် ထိုးဖွလိုက်ရင်း ကျောက်ခဲလေးတစ်လုံး ကောက်ယူကာ မကြည့်ဘဲ လွှင့်ပစ်လိုက်သည်။
သူသည် မိမိကိုယ်ကို လုံးဝ လက်လျှော့ထားလေပြီ။ ကြည့်မကောင်းလည်း ဖြစ်စေတော့၊ မည်သို့ပင်ဆိုစေ ဤနေရာတွင် သူ့အား သိသူ တစ်ယောက်မှ မရှိချေ။
ထိုလူမှာ စောစောက သူ ပတ်တီးစည်းပေးခဲ့သည့် မိန်းကလေးကိုပင် မေ့သွားပုံရသည်။
"နောက်တစ်ခေါက်လောက် ဖုန်းပြန်ခေါ်ကြည့်ကြမလား?"
"မရတော့ဘူး"
အူးချင် သူ့ဖုန်းကို ဝမ်ရှုကျစ်အား ပြလိုက်သည်။
"ဖုန်းအားကုန်သွားပြီ"
"ငါ့ဖုန်းလည်း အားကုန်ပြီ"
ဝမ်ရှုကျစ် ဝမ်းနည်းပက်လက် မျက်နှာဖြင့် ဖုန်းကို ထုတ်ပြရှာသည်။ Power bank ယူလာခဲ့သင့်သည်ဟု သူ နောင်တရနေမိသည်။
"ငါ့မှာ အားရှိသေးတယ်၊ ဒါပေမဲ့ လိုင်းမရှိဘူး"
ထိုစကားမှာ သူတို့သုံးယောက်၏ နောက်ဆုံးမျှော်လင့်ချက်အား ရိုက်ချိုးလိုက်သဖြင့် လက်တွေ့ဘဝကို မတတ်သာဘဲ လက်ခံလိုက်ကြရတော့သည်။
"စောင့်ကြည့်ကြတာပေါ့၊ တကယ်လို့ ဘာမှမထူးခြားရင်တော့ ငါတို့ဘာသာ ငါတို့ တောင်အောက်ဆင်းဖို့ စွန့်စားကြည့်ရမှာပဲ"
တောင်တက်လမ်းကြီး ငလျင်ကြောင့် ပျက်စီးသွားသလားဆိုတာကိုလည်း သူတို့ မသိကြချေ။
ချင်ချင်မှာ ထိုကိစ္စများ မကူညီနိုင်သဖြင့် ဘေးနားတွင် ထိုင်ကာ တစ်ယောက်တည်း ဆော့ကစားနေသည်။
ပတ်တီးအဖွေးသားနှင့် သူမ လက်ကလေးများအား ကြည့်ရင်း ချင်ချင် အလိုအလျောက် လက်နှစ်ဖက်ကို စုစည်းကာ ရင်ဘတ်မှာ ကပ်ထားလိုက်မိသည်။ ဆုတောင်းနေသည့် ပုံစံမျိုးပင်။
ပထမဆုံးအကြိမ်အဖြစ် သူမ စိတ်ထဲ၌ ဤအတွေးလေး ဝင်လာမိသည်။
"တကယ်လို့သာ... ချင်ချင် အမြန်ကြီးပြင်းလာနိုင်ရင် ကောင်းမှာပဲ"
"ကျိကျိ... ကျိကျိ..."
စာကလေးများမှာ တောင်ပံခတ်လျက် တောအုပ်အတွင်း ပျံသန်းသွားကြကာ မကြာမီပင် အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
နိုင်ငံတော်၏စွမ်းဆောင်ရည်မှာ မည်သည့်အခါမျှ စိတ်ပျက်စရာ မဖြစ်ခဲ့ချေ။
နောက်တစ်နေ့ အရုဏ်မတက်မီမှာပင် ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။
မှောင်မိုက်နေသည့်ကြားမှ ဆူညံသံများ ကြားလိုက်ရချိန်၊ လက်နှိပ်ဓာတ်မီး အလင်းတန်းများနှင့် ရင်းနှီးလှသော အလင်းပြန် ဝတ်စုံများအား မြင်လိုက်ရချိန်တွင် လူတိုင်း မည်မျှအထိ စိတ်လှုပ်ရှားသွားကြမည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
အချို့ဆိုလျှင် ရှိုက်ကြီးတငင် ငိုကြွေးရင်း "ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်" ဟု ဆိုနေကြရှာသည်။
"လူတိုင်း ထကြပါ၊ ပစ္စည်းတွေ သိမ်းကြပါ၊ လမ်းလျှောက်နိုင်တဲ့သူတွေ လမ်းလျှောက်ကြမယ်၊ လမ်းမလျှောက်နိုင်တဲ့သူတွေ ခဏစောင့်ပါ၊ တောင်အောက်ကို ထမ်းပိုးပို့ဆောင်ပေးဖို့ စီစဉ်ပေးပါမယ်၊ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ဦးစားပေးပါမယ်၊ အားလုံး လှုပ်ရှားကြရအောင်!"
ကယ်ဆယ်ရေးသမားများ၏ ညွှန်ကြားမှုအောက်တွင် လူတိုင်း လိမ်လိမ်မာမာဖြင့် ထလိုက်ကြသည်။
ချင်ချင်တို့အဖွဲ့မှာ အားလုံး ကိုယ်တိုင်လမ်းလျှောက်နိုင်ကြသဖြင့် တောင်အောက်သို့ လမ်းပြပေးနေသော ကယ်ဆယ်ရေးသမား များနောက်မှ လိုက်ပါလာကြသည်။
အလင်းရောင် ကောင်းကောင်းမရသေးသည့်အပြင် သူမ လမ်းပျောက်သွားမည် စိုးသဖြင့် ကူးလန်သည် ချင်ချင့်လည်စည်းအား သူမ၏ ခါးနှင့် မိမိခါးအား တွဲလျက် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် ကွဲကွာမသွားစေရန် ဖြစ်သည်။
တောင်အောက်ဆင်းလမ်းမှာ အလွန်ကြမ်းတမ်းလှသည်။
ကူးလန် ခန့်မှန်းထားသည့်အတိုင်းပင် ကျောက်လှေကားအချို့မှာ နေရာလွဲနေကာ အချို့မှာ ကျိုးပဲ့နေပြီး အချို့မှာမူ တောင်ပေါ်မှ ပြိုကျလာသော သဲကျောက်များအောက်တွင် မြှုပ်နှံခြင်း ခံထားရသည်။ အလယ်တွင်မူ ကျဉ်းမြောင်းသော လမ်းကလေးတစ်ခုသာ ကျန်ရှိတော့သည်။
ဤလမ်းမှာ ကယ်ဆယ်ရေးသမားများ တောင်ပေါ်သို့တက်လာစဉ်က ရှင်းလင်းလာခဲ့သော လမ်းပင်။
ထိုကဲ့သို့ လမ်းရှင်းထားသော အမှတ်အသားများစွာ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် နေရာအတော်များများအား ရှင်းလင်းရန် အချိန်များစွာပေးခဲ့ရကြောင်း သိသာလှသည်။
သူတို့အကူအညီတောင်းခံမှုကို ရရှိသည်နှင့် တပြိုင်နက် ကယ်ဆယ်ရေးသမားများမှာ အခင်းဖြစ်ပွားရာသို့ ချက်ချင်းဦးတည်လာ ခဲ့ကြပြီး၊ တောင်ပေါ်သို့ တက်ရောက်နိုင်ရန် တစ်ညလုံး နီးပါး အားစိုက်လုပ်ဆောင်ခဲ့ကြသည်မှာ သေချာလှပေသည်။
"ပင်ပန်းသွားကြပါပြီ၊ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
...
လူအများအပြားမှ ထိုအခြင်းအရာကို မြင်တွေ့ကြရသဖြင့် လမ်းလျှောက်ရင်း မျက်ရည်များ သုတ်ကာ ဤချစ်စဖွယ်အကောင်း ဆုံးသော လူသားများအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားဆိုနေကြတော့သည်။
ကျေးဇူးတင်စကားကို ကြားရသော ကယ်ဆယ်ရေးသမားများမှာမူ ရှက်ကိုးရှက်ကန်း ပြုံးလျက်သာ ရှိနေကြရှာသည်။
တောင်ခြေသို့ ရောက်ခါနီးအချိန်မှာပင် မြေပြင်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
ဒါက နောက်ဆက်တွဲငလျင်ပဲ!
ရှေ့မှ ကယ်ဆယ်ရေးသမား၏ မျက်နှာထားပြောင်းလဲသွားကာ ချက်ချင်းလှည့်ကြည့်၍ အော်ဟစ်လိုက်သည်။
"မြန်မြန်! ကျောက်တောင်နံရံကို မြဲမြဲကိုင်ထားကြ!"
"အား!"
အမှတ်မထင် ဖြစ်သွားသဖြင့် ချင်ချင်ခြေချော်သွားကာ လဲကျတော့မည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။
သူမ ငလျင်ကြောင့် နေရာလွဲသွားသော ကျောက်လှေကားတစ်ခုပေါ်သို့ ရောက်ရှိနေချိန် ဖြစ်သည်။ တစ်ချိန်က ပြေပြစ်ခဲ့သော လှေကားထစ်များမှာ ယခုမူ အပြင်ဘက်သို့ ဒီဂရီ ခြောက်ဆယ်ခန့် စောင်းနေကာ လက်ရန်းများလည်း မရှိတော့ချေ။ ထိုဘက်အလွန်တွင်မူ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးသာ ရှိတော့သည်။
ဖြတ်သန်းသွားသူတိုင်းမှာ ခြေချော်ကျသွားမည်ကို စိုးရိမ်သဖြင့် ထိတ်လန့်နေကြရသည်။
"ကျဲ!"
နောက်ဆက်တွဲငလျင် ရုတ်တရက် ရောက်လာသကဲ့သို့ ချင်ချင့်လဲကျမှုမှာလည်း ရုတ်တရက် ဆန်လွန်းလှသဖြင့် ကူးလန်ပင် တုံ့ပြန်ရန် အချိန်မရသလောက် ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် မောင်နှမနှစ်ယောက်၏ခါးတွင် ချည်ထားသော လည်စည်းလေးမှာ သူ့တာဝန်အား ကျေပွန်ခဲ့သည်။ ချင်ချင့်လဲကျမှုကို တားဆီးပေးလိုက်နိုင်သဖြင့် ကူးလန်မှာ သူမအားကယ်တင်ရန် အခွင့်အရေး ရသွားတော့သည်။
သူသည် ချင်ချင့်အား မိမိဘက်သို့ အားဖြင့် ဆွဲယူကာ ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားလိုက်သည်။ ငလျင်ငြိမ်သွား ပြီးမှသာ သူမကိုလွှတ်ပေးရဲတော့သည်။
"မြန်မြန်... တောင်အောက်ကို အမြန်ဆင်းကြရအောင်!"
နေမင်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ကောင်းကင်ယံမှာ လင်းပွင့်လာလေပြီ။
လူတစ်စုမှာ ပင်ပန်းနွမ်းနယ်လှသော ခြေလှမ်းများဖြင့် တောင်ခြေရှိ မြေကွက်လပ်သို့ တရွေ့ရွေ့ လျှောက်လှမ်းလာကြရင်း၊ ဘေးအန္တရာယ်မှ လွတ်မြောက်လာရသည့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရတော့သည်။
သူတို့... အသက်ရှင်ခဲ့ကြပြီ။
သေဘေးမှ လွတ်မြောက်လာသည့် ဝမ်းသာပီတိကြောင့် လူတိုင်း တစ်ဦးကိုတစ်ဦး ဖက်တွဲကာ ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲ ခံနေကြသည်။ ချင်ချင်ကလည်း ကူးလန်အား ပြုံးလျက် ဖက်ထားလိုက်သည်။
ဝမ်ရှုကျစ်မှာ ချင်ချင့်ထံသို့ ပြေးသွားချင်သော်လည်း ကူးလန်၏စူးရှသော အကြည့်ကြောင့် ကြောက်လန့်သွားကာ ဝမ်းနည်းစွာဖြင့် အူးချင်ထံသို့သာ အားကိုးတကြီးလှည့်သွားတော့သည်။
"ဘဒို... ဖက်ရအောင်"
"မဖက်ဘူး"
ခဏမျှ ငြိမ်သွားပြီးနောက် အူးချင် အေးစက်စက်ဖြင့် ထပ်ပြောလိုက်သည်။
"မင်းက ညစ်ပတ်နေတာပဲ"
အူးချင်အား ဖက်ရန် လက်မောင်းကြီးများကို ဆန့်ထုတ်ထားသော ဝမ်ရှုကျစ်မှာ ရက်စက်လှသော ငြင်းပယ်မှုကို ခံလိုက်ရရှာသည်။ သူ မယုံနိုင်လောက်အောင် မျက်လုံးပြူးကြည့်ကာ နှလုံးသားတစ်ခုလုံး ကြေကွဲသွားသည့်အလား ဟန်ဆောင်လိုက်သည်။
"မင်း... မင်း ငါ့ကို ဒီလို ဘယ်လိုလုပ် ရက်စက်ရတာလဲ?"
သူ့လက်ချောင်းလေးများမှာ အနည်းငယ် တုန်ရီနေသည်။ အူးချင်မှာ အပြစ်ကင်းသော မိန်းကလေးတစ်ဦးအား လှည့်စားသွားသည့် ရက်စက်သော ယောကျ်ားတစ်ယောက်အလားပင်။
"အို... ငါ့ရဲ့ အသည်းကျော်လေးရယ်၊ မင်း တကယ်ပဲ ဒီမှာ ရှိနေတာပဲ!"
ဗန်ကားတစ်စီး အရှိန်အဟုန်ဖြင့် မောင်းနှင်လာကာ ဖရိုဖရဲဖြစ်နေသော အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာသည်။
သူ ဘာမှ မမျှော်လင့်ထားသော်လည်း လူအုပ်ထဲသို့ ဝှေ့ကြည့်လိုက်ချိန်တွင် ပြာဖြစ်သွားရင်တောင် မှတ်မိနိုင်သည့် ထိုပုံရိပ်အား တွေ့လိုက်ရသည်။ ထို့ကြောင့် သူ ချက်ချင်းပင် အတင်းပြေးလာကာ ဝမ်ရှုကျစ်အား ဆွဲကိုင်၍ အော်ဟစ်ငိုယိုတော့သည်။
"မင်းအတွက် ငါ ဘယ်လောက် စိတ်ပူနေရလဲ သိရဲ့လား? မင်းကို ငါ ခေါ်လာပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်မခေါ်သွားနိုင်ရင် မင်းအဒေါ်ကို ငါ ဘယ်လိုမျက်နှာပြရမလဲ?"
ထိုသူမှာ ဝမ်ရှုကျစ်၏မန်နေဂျာဖြစ်သလို သူ့အစ်ကိုဝမ်းကွဲလည်း ဖြစ်သည်။
ငလျင်လှုပ်ကတည်းက သူ့အစ်ကိုမှာ ရူးမတတ်ဖြစ်ကာ သူ့အား လိုက်ရှာရန် ကားမောင်းထွက်လာခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အဆင်သင့်ပြင်ထားကာ ခရီးသွားနေရာများကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် သူ့ အသည်းကျော်လေးအား ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
အခုတော့ သူ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ချေ။
ညီအစ်ကိုနှစ်ယောက် ပြန်လည်ဆုံတွေ့နေချိန်မှာပင် အခြားသူများ၏ ဆွေမျိုးများလည်း ရောက်ရှိလာကြသည်။
"ချင်ချင်"
တစ်စုံတစ်ဦးက နောက်ဘက်မှ ချင်ချင့်အမည်အား ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"ဟင်?"
ချင်ချင် အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို တစ်စုံတစ်ဦး၏ပွေ့ဖက်ခြင်းကို ခံလိုက်ရတော့သည်။