အခန်း (၁၃၆)
Vol. 16 Ch. 136
ရင်းနှီးနေကျ ရနံ့သင်းသင်းလေးတစ်ခု နှာခေါင်းဝတွင် ဝဲပျံလာသည်၊ ထိုရနံ့ထဲ၌ အလောတကြီး ပြေးလွှားလာခဲ့ရသည့် နွေးထွေးမှုနှင့် ဖရိုဖရဲဖြစ်နေသည့် အငွေ့အသက်များရောယှက်နေ၏။
သူမ သက်ပြင်းချသံတစ်ခု ပြတ်ပြတ်သားသား ကြားလိုက်ရသည်၊ ၎င်းမှာ စိုးရိမ်ပူပန်မှုများ လွင့်စင်သွားသည့် အမျိုးသားတစ်ဦး၏ စိတ်အေးသွားရာ သက်ပြင်းသံပင် ဖြစ်သည်။
"ခင်ဗျားက ဘာလို့ ဒီကိုရောက်နေတာလဲ?"
ချင်ချင်တစ်ယောက် ရုတ်တရက် အပွေ့အဖက် ခံလိုက်ရသဖြင့် ကြောင်အမ်းနေစဉ်မှာပင် ကူးလန် လှမ်း၍ မေးခွန်းထုတ်လိုက် သည်။
"မင်းတို့အားလုံးအတွက် စိတ်ပူနေလို့ပေါ့"
ချင်ချင့်အား ပွေ့ပိုက်ထားသည့် လက်မောင်းများကို ပိုမိုတင်းကျပ်လိုက်မှသာ ဖူဟန် ရင်ထဲတည်ငြိမ်သွားတော့သည်။
"...အော်"
'ခင်ဗျားက ကျွန်တော့်အစ်မအတွက်ပဲ စိတ်ပူနေတာ ဖြစ်မှာပါ' ဟု ပြန်ပြောချင်သော်လည်း၊ ထိုသို့ပြောခြင်းမှာ ဂျီကျတတ်သည့် ဇနီးသည်တစ်ဦး၏လေသံနှင့် တူနေမည်စိုး၍အောင့်ထားလိုက်ရသည်။
မည်သို့ပင်ဆိုစေ၊ သူတို့သည် ကြီးမားလှသော အန္တရာယ်မှ အတူတကွ ကျော်ဖြတ်လာခဲ့ကြသည်မဟုတ်လား? ကူးလန် မျက်နှာတွင် မကျေနပ်ဟန် ပြနေသော်လည်း ရင်ထဲတွင်မူ သူတို့စေတနာအား အသိအမှတ်ပြုနေမိသည်။
အနည်းဆုံးတော့ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပြီးနောက် ရင်းနှီးသည့် မိသားစုဝင်များကို မြင်တွေ့ရခြင်းက နွေးထွေးမှုနှင့် ဝမ်းမြောက်မှုအား ဖြစ်ပေါ်စေသည်မှာ အမှန်ပင်။
"G မြို့ရဲ့ လေယာဉ်လိုင်းတွေနဲ့ ရထားလိုင်းတွေ အခုချိန်ဆို ရပ်နားထားလောက်ပြီ မဟုတ်လား? အစ်ကို ဘယ်လိုလုပ် ရောက်လာတာလဲ?"
ဝမ်ရှုကျစ် သိချင်စိတ်ဖြင့် ဖူဟန်အနားသို့ တိုးကပ်ကာ မေးမြန်းလိုက်သည်။
ကူးလန်၏အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည့်အလျောက် သူသည် ဖူဟန်နှင့် ရံဖန်ရံခါဆုံဖူးသည်။ သူတို့နှစ်ဦးမှာ အလွန်အမင်း ရင်းနှီးကြသည်မဟုတ်သော်လည်း ခေါင်းညိတ်နှုတ်ဆက်ရုံထက်ပိုသော သိကျွမ်းမှုတော့ ရှိကြသည်။
အထူးသဖြင့် သူ့သားကြီး အနုပညာလောကထဲသို့ဝင်ရောက်လာချိန်တွင် ဥက္ကဋ္ဌဖူမှ သူ့ထံသို့လှမ်း၍ အကူအညီတောင်းဖူးသဖြင့် ဝမ်ရှုကျစ်လည်း လက်ခံပေးခဲ့ဖူးသည်။
နောက်ပိုင်းတွင်မူ သူ ဖူစစ်ကျင်းအား အထူးတလည် စောင့်ရှောက်ပေးရန် မလိုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုကလေး၏ အရည်အချင်းမှာ အလွန်ပြောင်မြောက်လှသဖြင့် အနုပညာလောက၏ဝါရင့်တစ်ဦးဖြစ်သော ဝမ်ရှုကျစ်ပင်လျှင် လက်မထောင်၍ "တကယ် ချီးကျူးဖို့ ကောင်းတယ်" ဟု ချီးကျူးခဲ့ရသောကြောင့် ဖြစ်သည်။
ထိုသို့သော အတိတ်အကြောင်းအရာများကြောင့် ဝမ်ရှုကျစ် မိမိကိုယ် မိမိ ဖူဟန်နှင့် အတော်အတန်ခင်မင်မှုရှိသည်ဟု ခံစားရသဖြင့် ရဲရဲဝံ့ဝံ့ မေးမြန်းလိုက်ခြင်းဖြစ်ရာ ဖူဟန်ကလည်း စိတ်မရှိဘဲ ချက်ချင်းဖြေကြားပေးလိုက်သည်။
"လေယာဉ်နဲ့ရထားတွေကတော့ ဆိုင်းငံ့ထားတယ်၊ ဒါပေမဲ့ ကားလမ်းမကြီးတွေကတော့ မပိတ်သေးဘူး"
ထို့ကြောင့် သူတို့သည် ကားကိုသာ ဒုန်းစိုင်းမောင်းနှင်လာခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း သူတို့နေရာမှ G မြို့သို့ ရောက်ရန် ဆယ်နာရီကျော်ကြာ ကားမောင်းရမည် ဖြစ်သည်။
ဖူဟန်နှင့် သူ့အဖွဲ့မှာ သတင်းကြားသည်နှင့် တပြိုင်နက် ချက်ချင်းထွက်ခွာလာခဲ့ကြကာ တစ်ညလုံး မအိပ်မနေ မောင်းနှင်လာခဲ့ကြခြင်း ဖြစ်သည်။
ကူးလန် ထိုစကားအား ကြားသောအခါ ဖူဟန့် မျက်ဝန်းများကို ကြည့်လိုက်မိသည်။ သိပ်ပြီး မထင်ရှားသော်လည်း ပင်ပန်းနွမ်း နယ်မှုနှင့် အားအင်ကုန်ခမ်းမှုတို့မှာသိသာလှသည်၊ မျက်တောင်များမှာလည်း နီရဲနေကာ တစ်ညလုံး မအိပ်ခဲ့ရကြောင်း သက်သေပြနေတော့သည်။
"ကျွန်တော်တို့တွေ ဘေးကင်းသွားရင် အကြောင်းကြားမှာပဲလေ၊ ခင်ဗျား အခုလိုမျိုး..."
သူအနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ဂရုစိုက်မိသော စကားလုံးများကို ဖူဟန် ပြတ်ပြတ်သားသားကြားဖြတ်ပြောလိုက်သည်။
"ငါ မင်းတို့ကို စိတ်ပူတာ၊ ဘေးကင်းတဲ့နေရာမှာ ထိုင်နေပြီး မင်းတို့ဆီက သတင်းကိုပဲငြိမ်ပြီး စောင့်နေရမှာဆိုရင် ငါတိုင်လာပြီး မျက်မြင်ကြည့်ရတာကမှ ပိုပြီးစိတ်အေးရသေးတယ်"
ထို့အပြင်၊ ရရှိမယ့်သတင်းက သတင်းကောင်းလား၊ သတင်းဆိုးလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ?
ကူးလန် နှုတ်ပိတ်သွားတော့သည်။ ဖူဟန့် ရင်ခွင်ထဲမှ ချင်ချင့်အား တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောတော့ဘဲ ဖူဟန်တို့ မောင်းလာသည့် SUV ကားဆီသို့သာ လျှောက်သွားလိုက်သည်။
"ဟိုကလေးနှစ်ယောက် ကားထဲမှာလား? ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
အဖေဖြစ်သူတောင် ရောက်လာတာ၊ သားဖြစ်သူတွေကရော ပါမလာဘဲ နေပါ့မလား?
ကူးလန် ထွက်သွားသဖြင့် ဖူဟန်နှင့် ချင်ချင်တို့ နှစ်ယောက်တည်း ရှိနေသည့် အချိန်လေး ရသွားတော့သည်။
ဝမ်ရှုကျစ်ကိုလည်း သူ့မန်နေဂျာမှ အတင်းဆွဲခေါ်သွားရသည်၊ ထိုအရိုးခံကောင်လေးမှာ တတိယလူအဖြစ် အနှောင့်အယှက် ပေးနေမည်စိုး၍ ဖြစ်သည်။
"ချင်ချင်"
မိမိရင်ခွင်ထဲ၌ ကိုယ်လေးတုန်ရီနေသည်ကို သတိပြုမိသဖြင့် ဖူဟန် သူမ မျက်နှာလေးအား လက်တစ်ဖက်ဖြင့် အသာအယာ မော့ကြည့်လိုက်သည်။
မထင်မှတ်ထားသလိုပင်၊ သူမ မျက်နှာထက်၌ မျက်ရည်စများ ပေကျံနေကာ မျက်ဝန်းများတွင်လည်း ထိတ်လန့်မှုများ အရိပ်ထင်နေသည်ကို မြင်လိုက်ရသည်။
"မကြောက်နဲ့တော့နော်၊ ကိုယ် ဒီမှာ ရှိနေပြီ"
ထိုစကားလေး တစ်ခွန်းကြောင့်ပင် ချင်ချင် ရှိုက်ကြီးတငင် ငိုကြွေးရင်း ဖူဟန် ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်တော့သည်။
"ကြောက်တယ်... ချင်ချင် အရမ်းကြောက်တာပဲ"
ကလေးဆန်လှသော သူမ၏ရှိုက်သံလေးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်၊ သူမ ကိုယ်ခန္ဓာ သေးငယ်သွားစဉ် ကကဲ့သို့ပင် အားကိုးရာမဲ့နေသည့် ကလေးငယ်လေးဘဝ ပြန်ရောက်သွားသကဲ့သို့ပင်။ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ကို မသိဘဲ ငိုယိုရုံသာ တတ်နိုင်ရှာတော့သည်။
သူမ၏ ငိုသံကြောင့် ဖူဟန် ရင်ထဲ၌ မချိအောင်နာကျင်ရသည်။
သူသည် သူမအား အမြန်ပင် ညင်သာစွာချော့မြှူပေးလိုက်ရကာ အချိန်အတော်ကြာမှသာ ထိုအသည်းကျော်လေးမှာ ငြိမ်သက်သွားတော့သည်။
"ဦးဦး... ဖူဟန်၊ ဘာလို့ ဒီကို ပြန်လာတာလဲ?"
ဖူဟန်မှာ မတတ်သာဘဲ ပြုံးလိုက်မိသည်၊ သူ့အား မြင်သူတိုင်း ထိုမေးခွန်းကိုသာ မေးချင်နေကြပုံရသည်။
ယခုတစ်ခါ သူ့အဖြေမှာ ယခင်နှစ်ကြိမ်နှင့် ကွဲပြားသွားခဲ့သည်။
"ဘာလို့လဲဆိုတော့... ကိုယ် မင်းကို ချစ်လို့ပေါ့"
အချစ်ကြောင့်သာ စိုးရိမ်ပူပန်ရခြင်း ဖြစ်သည်၊ ဘေးကင်းရာဇုန်တွင် တစ်ယောက်တည်း မနေနိုင်ဘဲ မိမိအသက်ကိုပင် ပဓာနမထားဘဲ ချစ်သူရှိရာ ရှေ့တန်းမျက်နှာစာသို့ ဒုန်းစိုင်းပြေးလာခဲ့ခြင်း ဖြစ်သည်။
အံ့ဩစရာကောင်းလှသည်မှာ ချင်ချင် ဖူဟန်ပြောလိုသည့် အဓိပ္ပာယ်အား နားလည်သွားခြင်းပင်။ သူမသည် သူ့အား ခဏမျှ ကြောင်ကြည့်နေပြီးမှ ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။
"ကူးချင်ချင်က ဒီနှစ်မှာ အသက် ၁၂ နှစ် ရှိပြီ"
ဖူဟန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ချင်ချင် ဆက်ပြောလိုက်သည်။
"ရှင်နဲ့ ကျွန်မ အရင်ကဆုံဖူးတယ်၊ ကျွန်မ မောင်လေးရဲ့တစ်လပြည့် ကိတ်မုန့်ခွဲတဲ့ ပွဲမှာလေ"
ဝတ်စုံနက်နှင့် ကောင်လေးမှာ ထိုစဉ်ကပင် လျှပ်ပေါ်လော်လီမှုမရှိဘဲ တည်ငြိမ်လွန်းလှသဖြင့် လူအများကြားတွင် ထင်ရှားနေခဲ့ သည်။ ခမ်းခမ်းနားနား ဝတ်ဆင်ထားသည့် ဧည့်သည်များကြားတွင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် သူသည်သာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်ခဲ့သလို၊ ငယ်ရွယ်သော ကူးချင်ချင်၏ မျက်ဝန်းထဲတွင်လည်း သူတစ်ယောက်သာ ရှိခဲ့ခြင်း ဖြစ်သည်။
ချင်ချင် ထိုကိစ္စအားထုတ်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူ ခဏမျှဆွံ့အသွားပြီးမှ ရယ်မောလိုက်သည်၊ သူ၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသောအသံထဲတွင် ဖော်မပြနိုင်သော ပီတိများပါဝင်နေတော့သည်။
"ကိုယ်လည်း မင်းကို အရင်ကမြင်ဖူးတယ်၊ ဒါပေမဲ့ အဲဒါက မင်းရဲ့တစ်လပြည့်ပွဲမှာ"
ကူးလန်ပွဲတုန်းကမူ သူသည် အိမ်ရှင်ဖြစ်သူ ကူးချင်ချင်အား ထူးထူးခြားခြားသတိမထားမိခဲ့ချေ။ သို့သော် ချင်ချင့်တစ်လပြည့် ကလေးကင်ပွန်းတပ်ပွဲတွင်မူ မိခင်၏လက်အား တင်းတင်းဆုပ်ကိုင်ရင်း၊ အနှီးထုတ်လေးထဲမှ အသားနီနီလေးနှင့် နုနယ်လွန်းလှ သောကလေးငယ်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေမိတော့သည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ထိုမျှလောက် သေးငယ်လှသော သက်ရှိလူသားလေးတစ်ဦးအား သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့်ပင်။
သေးငယ်လွန်းလှသဖြင့် လက်ကလေးများမှာ လူကြီးတစ်ယောက်၏ လက်ချောင်းမျှသာ ရှိပြီး၊ ထိလိုက်လျှင်ပင် ကျိုးပဲ့သွား တော့မည့်အလား နုနယ်လှသည်။
ထိုစဉ်က ငယ်ရွယ်သော ဖူဟန်မှာ မိခင်ဖြစ်သူအား ကလေးဆန်သော လေသံဖြင့် မေးမြန်းခဲ့သည်။
"ညီမလေးက နာသွားမှာလားဟင်?"
ဧည့်သည်အတော်များများမှာ ကလေးအားချစ်စနိုးဖြင့် လာရောက်ကိုင်တွယ်နေကြသည်ကို မြင်သောအခါ သူ အတော်လေး စိုးရိမ်သွားခြင်း ဖြစ်သည်။
မိခင်ဖြစ်သူ၏ ညင်သာသောအသံအား သူ ယခုတိုင် ကြားယောင်နေဆဲပင်။
"စိုးရိမ်တယ်ဆိုရင်လည်း အားဟန်က ညီမလေးကိုကာကွယ်ပေးလိုက်လေ၊ ဟုတ်ပြီလား?"
"ဟုတ်ကဲ့"
ထို့နောက် သူသည် ချင်ချင့်အနှီးထုတ်လေးဘေးတွင် မားမားမတ်မတ်ရပ်နေခဲ့ကာ အခြားသူများအား အထိမခံဘဲ ကာကွယ်ပေးခဲ့ သည်။
သို့သော် သူကိုယ်တိုင်ကမူ သူမအား ခိုး၍ အကြိမ်ကြိမ်တို့ထိခဲ့ဖူးသည်။
ကလေးငယ်လေးမှာ နူးညံ့အိစက်နေကာ၊ အသားအရေလေးမှာလည်း အရိုးမရှိသကဲ့သို့ နုနယ်လှသည်။
"ဒါဆို ငါတို့ရဲ့ ကံကြမ္မာက ငါထင်ထားတာထက်တောင် ပိုစောပြီးစတင်ခဲ့တာပေါ့"
ချင်ချင့်မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များလက်ခနဲ ဖြစ်သွားကာ၊ သူမ ခြေဖျားလေးထောက်၍ ဖူဟန်၏ ပါးအား ရုတ်တရက်နမ်းလိုက်တော့သည်။
ဖူဟန် တစ်ယောက် အံ့ဩမှင်သက်သွားစဉ်မှာပင် သူမ ရှက်ကိုးရှက်ကန်းနှင့် "ကျွန်မတို့က လက်ထပ်ပြီးသားတွေပဲလေ၊ ကျွန်မရဲ့ ခင်ပွန်းကို နမ်းတာ ဘာပြဿနာရှိလို့လဲ?"
မိန်းကလေးမှာ အနည်းငယ်ဆန်းကြယ်ပြီး တက်ကြွလှသည်၊ သူမ၏ကစားလိုသော အသွင်အပြင်မှာ သူတို့ တက္ကသိုလ်တုန်းက ပထမဆုံး တရားဝင်တွေ့ဆုံခဲ့စဉ်က ပုံစံနှင့်တူနေတော့သည်။
ချင်ချင့် နီမြန်းနေသော နှုတ်ခမ်းလွှာလေးကို စိုက်ကြည့်ရင်း ဖူဟန် လည်ချောင်းမှာ ခြောက်သွေ့လာသော်လည်း မိမိကိုယ်ကို အတင်းထိန်းချုပ်ကာ အကြည့်လွှဲလိုက်ရသည်။
"နောက်တစ်ခါကျရင် အဲဒီလိုမျိုး မလုပ်တော့နဲ့နော်"
"ဘာလို့လဲ?"
ချင်ချင် နှုတ်ခမ်းလေးဆူကာ ချွဲနွဲ့သော လေသံဖြင့် မေးလိုက်သည်။
"ကျွန်မက ရှင့်ကို နမ်းချင်လို့ဟာကို!"
အသက်တစ်ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးမှာ သူမ၏အနာဂတ်ခင်ပွန်းလောင်းကို အတော်လေးကျေနပ်နေပုံရသည်၊ သူတို့က လက်ထပ်ပြီးသားတွေပဲလေ၊ အခုချိန်မှာ မိသားစုအတွက်တစ်ခုခုလုပ်ပေးတာ ဘာဆန်းလို့လဲ?
"မင်းက ငယ်သေးတယ်လေ"
ဖူဟန် ဘာမှမပြောတော့ဘဲ ချင်ချင့်ဆံပင်များကိုသာ အသာအယာ ဖွပေးလိုက်ရင်း သူမ၏မကျေနပ်ချက်လေးများကို ပယ်ဖျက်ပေးလိုက်သည်။
"ဟင်း"
နှာခေါင်းလေးတစ်ချက် ရှုံ့ကာ ချင်ချင် လှည့်ထွက်ပြေးသွားတော့သည်။
"ကျွန်မ သားလေးတွေကို သွားကြည့်လိုက်ဦးမယ်"
အသက် ၁၂ နှစ်မှာတင် အသက် ၂၀ ကျော် သားနှစ်ယောက် ရှိနေတာက ချင်ချင့်အတွက်တော့ တကယ့်ကို ထူးဆန်းနေသည်။
ပျော်စရာကောင်းမည့် အတွေးမှာ သူမအား လွှမ်းမိုးသွားကာ အတိတ်မှ မှတ်ဉာဏ်အားလုံး ရှိနေသည့်တိုင် သူမ သားများကို သွားရောက် လေ့လာကြည့်ချင်နေမိသည်။
ဖူညီအစ်ကိုနှစ်ယောက်မှာ ဆံပင်များ ဖရိုဖရဲဖြစ်နေလျက် ကူးလန်နှင့် စကားပြောနေကြသည်။
သူတို့ တစ်ညလုံး အလှည့်ကျ ကားမောင်းလာခဲ့ကြခြင်းဖြစ်ပြီး၊ မနက်ပိုင်းတွင်မူ မအောင့်နိုင်တော့ဘဲ ကားထဲ၌ အိပ်ပျော်သွားကြကာ ဖခင်ဖြစ်သူကိုသာ ဆက်မောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။
သူတို့ဖခင် ထိုမျှအထိ လျင်မြန်စွာလူရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
"သားတို့ရေ!"
သူမ မရောက်ခင်မှာပင် ပိန်သွယ်သော ပုံရိပ်လေးတစ်ခုအဝေးမှ ပြေးလာကာ၊ ကားတံခါးကို ပိတ်ရပ်နေသည့် ကူးလန်အား ကျွမ်းကျင်စွာ ကျော်ခွ၍ ဖူညီအစ်ကိုနှစ်ယောက်၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်သည်။
"ချင်ချင်?"
ဖူစစ်ကျင်းမှာ အံ့ဩသွားကာ ချင်ချင့်အား ဖမ်းထိန်းလိုက်ရင်း၊ သူမ ဘာကြောင့် ဒီလောက်အထိ တက်ကြွနေရသလဲဆိုသည်ကို တွေးတောနေမိသည်။
သူတို့အမေက အတော်လေးထိတ်လန့်သွားခဲ့တယ်လို့ ဦးဦးဆီက ကြားထားတာမဟုတ်လား? အခုချိန်ဆို ပါပါးဆီမှာ အချော့ခံနေရမှာ မဟုတ်ဘူးလား?
"ရိုင်းလိုက်တာ၊ မားလို့ ခေါ်စမ်း!"
ချင်ချင် ထရပ်ကာ ခါးလေးထောက်လျက် သားဖြစ်သူများကို 'မား' ဟု ခေါ်ရန် ခိုင်းစေလိုက်တော့သည်။
"မား"
ဖူစစ်ချန် ကြောင်အမ်းအမ်းဖြင့် ခေါ်လိုက်မိပြီးမှ တစ်ခုခုမှားနေသည်ကို သတိထားမိသွားသည်။ သူ နောက်ခန်းမှနေ၍ သူ့အစ်ကိုအား အမြန်ဆွဲကာ ချင်ချင့်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ဝမ်းမြောက်မှုများ ပြည့်နှက်သွားတော့သည်။
"မား... မားမား မှတ်ဉာဏ်တွေ ပြန်ရပြီလား?!"
"ဟင့်အင်း"
ထိုစကားတစ်ခွန်းကြောင့် ဖူစစ်ချန်မှာ ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသော်လည်း၊ နောက်ထပ်စကား တစ်ခွန်းကြောင့် မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။
"ဒါပေမဲ့ ငါ အသက် ၁၂ နှစ်မတိုင်ခင်က မှတ်ဉာဏ်တွေကိုတော့ ပြန်ရပြီ"
တစ်ဆယ့်နှစ်နှစ်ဆိုသည်မှာ ချင်ချင့်ဘဝ၏အချိုးအကွေ့တစ်ခုပင် ဖြစ်သည်။
ထိုအသက်အရွယ်တွင် သူမသည် မူလတန်းကျောင်းမှ ထွက်ခွာခဲ့ပြီး လူလားမြောက်ရန် စတင်နေသော အလယ်တန်းကျောင်းသူ လေး ဖြစ်လာခဲ့သည်။ ထို့ပြင် ဤအသက်အရွယ်မှာပင် သူမ၌ ကူးလန်ဟု ခေါ်သော မောင်လေးတစ်ယောက် ရရှိခဲ့ခြင်း ဖြစ်သည်။
ကူးလန် မျက်ဝန်းများမှာ အနည်းငယ်တုန်လှုပ်သွားကာ လက်ချောင်းလေးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။
"မင်း..."
သူ စကားလုံးများထစ်ငေါ့နေကာ ရင်ထဲမှ ဝေဒနာနှင့် ခံစားချက်တို့အား မည်သို့ပုံဖော်ရမည်ကို မသိတော့ချေ။
ထိုစဉ် ချင်ချင် နောက်ဘက်မှ ဆူညံသံကြောင့် လှည့်ကြည့်လိုက်ပြီး သူ့အား အတင်းတိုးဖက်လိုက်သည်။ ထို့နောက် သူမ ဝမ်းမြောက်ဂုဏ်ယူလွန်းသော လေသံလေးဖြင့် ပြောလိုက်သည်။
“တိတိ... မင်း ဒီလောက်ကြီးတောင် ကြီးသွားတာလား! မနေ့ကတင် မင်းက သေးသေးလေးနဲ့ နေ့တိုင်း နို့တောင်းပြီးငိုနေတာကို ငါ မှတ်မိသေးတယ်”
ချင်ချင် သူမ လက်ကလေးများကို သုံး၍ သူ ကလေးဘဝမှ ပုံစံလေးကိုလုပ်ပြလိုက်သည့်အခါ ကူးလန်မှာ ဆွံ့အသွားရသည်။ သူ့မျက်နှာပေါ်မှ နူးညံ့မှုများမှာလည်း ချက်ချင်းပင် တိမ်ဝင်သွားပြီး မျက်မှောင်ကြုတ်လျက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည့်ဟန်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။
“ကျွန်တော်က နို့စို့ကလေးမဟုတ်တော့ဘူး၊ နို့မသောက်တာလည်း ကြာလှပြီ”
အစ်မဖြစ်သူ၏ မှတ်ဉာဏ်များပြန်လည်နိုးထလာခြင်းမှာ ကူးလန်အတွက်တော့ ကောင်းကွက်ထက် ဆိုးကွက် ပိုများနေသလို ခံစားလိုက်ရသည်။ သူမသည် သူ၏ ဖုံးကွယ်ထားလိုသော အတိတ်ဆိုးများကို အသေးစိတ် မှတ်မိနေခဲ့သည် မဟုတ်လား?
နောင်တစ်ချိန်တွင် ထိုအကြောင်းအရာများဖြင့် အနှိပ်စက်ခံရမည်ကို တွေးမိရုံဖြင့်ပင် ကူးလန် တစ်ယောက် ရူးချင်ချင် ဖြစ်သွားရသည်။ အခြေအနေကသာ ထိုသို့ အမှန်တကယ် ဖြစ်လာခဲ့လျှင်... သူသည် အစ်မဖြစ်သူကိုပင် လက်ရဲဇက်ရဲ လုပ်မိလေမလား မပြောနိုင်တော့ပေ။
ကူးလန်၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်နှင့် ချင်ချင် ချက်ချင်း သတိပြုမိသွားသည်။ သူမ မေးစေ့လေးကို မြှောက်ကာ စိန်ခေါ်သည့် လေသံဖြင့် “မင်း ငါ့ကို ဘယ်တော့မှ မနိုင်ပါဘူး”
သူမကိုယ်တိုင်က အရပ်ပုပုလေးဖြစ်နေသော်လည်း အရပ်ရှည်ရှည် မောင်ဖြစ်သူအား လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် ချုပ်ကိုင်ထားနိုင်သည်ဟု အခိုင်အမာယုံကြည်နေပုံရသည်။
ကူးလန်: “…”
သူတို့နှစ်ဦး၏အရပ်အမြင့်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံကို တချက်ကြည့်ပြီးနောက် ကူးလန် ရက်ရက်စက်စက်ပင် အမှန်တရားအား ရိုက်ချိုးလိုက်သည်။
“အခုချိန်မှာတော့ ကျဲ ကျွန်တော့်ကို မနိုင်တော့ပါဘူး”
ကူးချင်ချင် : “…”
သေချာပါသည်။ မောင်လေးဆိုသည်မှာ ငယ်စဉ်ကတည်းက အပိုင်ဆုံးမထားသင့်သောအမျိုးပင်။ ရှေးလူကြီးတွေ ပြောခဲ့တာ တကယ်မှန်သည်။
“မား... မား ရင်ထဲက စကားတွေ အကုန်အပြင်ကို ထွက်လာပြီနော်”
ဖူစစ်ကျင်း ချင်ချင့်အနားသို့ကပ်ကာ တိုးတိုးလေး သတိပေးရန် ကြိုးစားလိုက်သော်လည်း ကူးလန်၏ နားကိုမူ မကျော်လွန်နိုင်ခဲ့ချေ။
"ငါ ကြားတယ်ေနာ်"
ကူးလန်၏အေးစက်သော အကြည့်အောက်တွင် ဖူညီအစ်ကိုနှစ်ယောက်မှာ တုပ်တုပ်မျှ မလှုပ်ရဲတော့ဘဲ ကားထဲသို့သာ အမြန်ဝင်ပုန်းလိုက်ကြသည်။ စိတ်ကြီးလှသော ဦးလေး၏ ဒေါသနှင့် ထိပ်တိုက်မတိုးရန် သူတို့အမေအား အကာအကွယ်အဖြစ် အပြင်မှာပင် ထားရစ်ခဲ့ကြတော့သည်။
ဖူဟန်၏သွေးသားများပီပီ အခြေအနေအရပ်ရပ်ကို တွက်ချက်ကာ အခွင့်အရေးအား အမိအရဆုပ်ကိုင်တတ်ကြသည်မှာ မဆန်းလှချေ။
ကံကောင်းစွာဖြင့် ချင်ချင်မှာ ပါးနပ်လှသည်၊ သူမ တစ်ခုခု မှားနေသည်ဟု ခံစားရသည်နှင့် ချက်ချင်းလွတ်ရာသို့ ရှောင်ထွက်လိုက် ကြတော့သည်။
သူမ ဖူဟန် နောက်သို့ ပြေးဝင်ကာ အကာအကွယ် ယူလိုက်သည်။ သူတို့နှစ်ယောက် အရပ်ချင်း အတူတူလောက်ရှိနေသဖြင့် နှစ်ယောက်ပေါင်းလျှင် ကူးလန်အား ပြန်တိုက်ခိုက်နိုင်မည် မဟုတ်လား?
"လူဆိုးလေး"
ဖူဟန် ချင်ချင့်နှာခေါင်းလုံးလုံးလေးအား ချစ်စနိုးဖြင့် တို့ထိလိုက်ပြီးနောက် သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ညင်သာသော်လည်း ခိုင်မာသော အရှိန်ဖြင့် ကားဆီသို့ ပြန်လည်ခေါ်ဆောင်သွားတော့သည်။
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ?"
ကူးလန် မေးမြန်းလိုက်သော်လည်း သူ့ရင်ထဲ၌ အဖြေ ရှိနေပြီးသား ဖြစ်သည်။
ဖူဟန် သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။
"ဒီကို ရောက်နေမှတော့ ငါတို့တွေဝိုင်းကူကြရမှာပေါ့"
"ကျွန်မလည်း ကူညီချင်တယ်!"
ထိုစကားအား ကြားသောအခါ ချင်ချင် ဖူဟန် နောက်မှ ခေါင်းလေးပြူကာ အမြန်ပြောလိုက်သော်လည်း၊ ကူးလန်၏ စူးရှသော အကြည့်ကြောင့် ချက်ချင်းပင် ပြန်ဝင်ပုန်းသွားတော့သည်။
ထုရိုက်ခံလိုက်ရသော မြေခွေးလေးတစ်ကောင်နှယ်ပင်။
ဖူညီအစ်ကိုနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ဆိုလိုက်ကြသည်။
"ကျွန်တော်တို့လည်း ကူညီပါ့မယ်"
သူတို့အားလုံးမှာ လူမျိုးတူ နိုင်ငံသားများပင်။ မိမိတို့နိုင်ငံသားများ ဒုက္ခရောက်နေသည်ကို မည်သို့လျှင် ဘေးထိုင်ရပ်ကြည့် နေနိုင်ပါ့မည်နည်း။