အခန်း (၁၃၇)
Vol. 16 Ch. 137
ဝမ်ရှုကျစ် ရိုက်ကွင်းပေါ်၌ အလုပ်ရှုပ်နေစဉ်တွင်ဖြစ်သည်။
သူ့ဘေးနား၌ မတ်တပ်ရပ်နေသော မန်နေဂျာဖြစ်သူ၏ မျက်နှာမှာမူ စိုးရိမ်ပူပန်မှုတို့ဖြင့် ပျာယာခတ်နေလေသည်။
သူ့ဝမ်းကွဲအစ်ကို၏အမူအရာအား သတိပြုမိသွားသဖြင့် ဝမ်ရှုကျစ် ရိုက်ကွင်းကို အမြန်အဆုံးသတ်ကာ သူ့အနားသို့ လျှောက်လာပြီး "ဘာဖြစ်လို့လဲ?" ဟု မေးလိုက်သည်။
ဤလူ ထိုကဲ့သို့ ပုံစံမျိုး ဖြစ်နေပြီဆိုလျှင် တစ်ခုခု ပြဿနာတက်နေပြီမှာ သေချာသည်၊ မဟုတ်လျှင် တိုက်ခိုက်ခံရခြင်း၊ ကောလာဟလ ထွက်ခြင်း သို့မဟုတ် ဒုက္ခတစ်ခုခုနှင့် ကြုံနေရခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါကို ကြည့်လိုက်ဦး" ဟု ဆိုကာ မန်နေဂျာမှ ဝမ်ရှုကျစ် လက်ထဲသို့ ဖုန်းကို ထိုးထည့်ပေးလိုက်ပြီးလျှင် တတွတ်တွတ် ဆူပူလေတော့သည်။
"ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်းနဲ့ အဲဒီအမျိုးသမီးနဲ့က..."
ဝမ်ရှုကျစ် ငုံ့ကြည့်လိုက်ရာ ထိပ်ဆုံး၌ ရေပန်းစားနေသည့် ခေါင်းစဉ်တစ်ခုကို တွေ့လိုက်ရသည်။
'နာမည်ကျော် မင်းသား ဝမ်ရှုကျစ်နှင့် ချမ်းသာသော အမျိုးသမီးကြီးတစ်ဦး၏ လျှို့ဝှက်တွေ့ဆုံမှု'
သူ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ထိုခေါင်းစဉ်အား နှိပ်ကြည့်လိုက်ရာ ပတ်ပါရာဇီများ ခိုးရိုက်ထားသည့် ဓာတ်ပုံများစွာ ကျလာတော့သည်။
ဓာတ်ပုံများထဲတွင် သူသည် ကူးလန်တို့အဖွဲ့နှင့်အတူ ညစာစားနေသည့် ပုံများပါဝင်သော်လည်း ရိုက်ထားသည့် ထောင့်မှ သိသာလှသည်။ ချင်ချင်နှင့် ပို၍နီးစပ်သော ကူးလန်နှင့် အူးချင်တို့ကိုမူ မထင်မရှား ဝေဝါးအောင် လုပ်ထားပြီး၊ သူနှင့် ချင်ချင်ကိုမူ အလွန်ပင် ရင်းနှီးနေသည့် ပုံစံမျိုး၊ ချစ်သူစုံတွဲကလေးများနှယ် ပေါ်လွင်အောင် ရိုက်ကူးထားခြင်း ဖြစ်သည်။
ထို့ပြင် ဟိုတယ်စားသောက်ဆိုင်အတွင်း၌ စားသောက်နေသည့်ပုံများကိုလည်း အပြင်ဘက်မှ မှန်ကိုဖြတ်၍ ခိုးရိုက်ထားကြသေး သည်။
သူနှင့် ချင်ချင်တို့မှာ ပြတင်းပေါက်နားတွင် ထိုင်နေကြခြင်းဖြစ်ရာ မှန်၏ အလင်းပြန်မှုကြောင့် ဘေးနားရှိ ကူးလန်နှင့် အူးချင်တို့မှာ ကွယ်ပျောက်နေပြီး၊ သူနှင့် ချင်ချင် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ထိုင်စားနေသည့်အလား ပုံဖော်ထားကြသည်။
ဆက်လက်၍ အစားအသောက်လမ်းမပေါ်၌ လျှောက်လည်နေသည့်ပုံများ၊ လည်ပတ်ရေးဘတ်စ်ကား စီးနေသည့်ပုံများ၊ တောင်တက်ပြီး ရှေးဟောင်းဘုရားကျောင်းသို့ သွားသည့်ပုံများ... ဓာတ်ပုံတိုင်းလိုလိုမှာ အတူပါလာသည့် အခြားလူနှစ်ဦးအား လျစ်လျူရှုထားကာ သူနှင့် ချင်ချင့်အကြား မရေရာသော ပတ်သက်မှုတစ်ခု ရှိနေသယောင် တမင်တကာ ဖန်တီးထားခြင်းပင်။
ပရိသတ်အများအပြားမှာ ဒေါသထွက်နေကြပြီး မှတ်ချက်ပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်နေကြကာ၊ အခကြေးငွေယူ၍ တိုက်ခိုက်သူများ ကြောင့်လည်း မှတ်ချက်ကဏ္ဍတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတော့သည်။
သို့သော်လည်း အနည်းငယ်သော အမြော်အမြင်ရှိသည့် ပရိသတ်အချို့ကမူ အခြေအနေအား အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားနေကြသည်။ သူတို့သည် တိုက်ခိုက်သူများကို မတားဆီးနိုင်သော်လည်း၊ အမှန်တရား မပေါ်မချင်း မိမိတို့အသည်းကျော်မင်းသား၏ ဂုဏ်သိက္ခာအား ကာကွယ်ရန် စည်းစည်းလုံးလုံးဖြင့် ကြိုးစားနေကြရှာသည်။
"ငါကိုယ်တိုင်သာ အဲဒီထဲမှာ မပါခဲ့ရင် ဒီအဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကို ငါတောင် ယုံမိတော့မယ်"
ဝမ်ရှုကျစ် ဆွံ့အစွာဖြင့် ညည်းတွားလိုက်သည်။
ထိုစဉ်မှာပင် မန်နေဂျာ၏ဖုန်းမြည်လာသည်။ သူတို့နှင့် ရင်းနှီးသော မီဒီယာတစ်ခုမှ အမှန်တရားအား စုံစမ်းရန် ဆက်သွယ်လာခြင်း ဖြစ်သည်။
မန်နေဂျာကိုယ်တိုင်ပင် ဝမ်ရှုကျစ်နှင့် ဖူကတော်တို့၏တကယ့်ပတ်သက်မှုကို မသိရှိသဖြင့် သူ့ငြင်းဆိုချက်များမှာ မပီပြင်ဘဲ ရှေ့နောက်မညီ ဖြစ်နေသည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်မှ ဝမ်ရှုကျစ် ဖူမိသားစုထံမှ အခွင့်အလမ်းများစွာ ရုတ်တရက် ရရှိခဲ့ကာ ကုန်အမှတ်တံဆိပ် သံတမန်ပင် ဖြစ်ခဲ့သည်ကို သူ သတိရသွားသည်။
အဲဒီမှာ တစ်ခုခုမရှိဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲ?
သူ့ဝမ်းကွဲအစ်ကို၏သံသယရှိသော အကြည့်ကို မြင်သောအခါ ဝမ်ရှုကျစ် မျက်နှာမှာ မှောင်ကျသွားပြီး ဖုန်းအား လုယူလိုက်သည်။
"သတင်းထောက်ချန်းလား? ကူးချင်ချင်နဲ့ ကျွန်တော်နဲ့ကြားမှာ ဘာပတ်သက်မှုမှ မရှိပါဘူး၊ ရှင်းလင်းချက်ကို ခဏနေရင် ထုတ်ပြန်ပေးပါ့မယ်၊ သူများပြောတာကို လျှောက်မယုံပါနဲ့ဦး"
နောက်ဆုံးစကားလုံးမှာ သူ့မန်နေဂျာအား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။
မန်နေဂျာ ဝမ်းနည်းပက်လက်ဖြင့် တွန့်ဆုတ်သွားသည်။
"မင်းက ငါ့ကို ဘာမှမပြောပြဘဲနဲ့ ဖူကတော်နဲ့ဘယ်လိုပတ်သက်လဲဆိုတာ ငါက ဘယ်လိုသိမှာလဲ? ပြီးတော့ အရင်ကလည်း ဖူမိသားစုဆီက အခွင့်အရေးတွေ ဒီလောက်တောင်ရခဲ့တာကို..."
သူ အသံတိုးတိုးဖြင့် ပြောသော်လည်း သူတို့အငြင်းပွားမှုမှာ ရိုက်ကွင်းပေါ်ရှိ လူအချို့၏စပ်စုလိုသော အကြည့်များကို ဆွဲဆောင်သွားလေပြီ။
အချို့လူများမှာ ဘာများလဲဟူ၍ အနားသို့ တိုးကပ်လာကြသည်။
ဝမ်ရှုကျစ် ကိုယ်ကို မတ်လိုက်ပြီး ဘေးပတ်လည်ရှိ လူများအား တစ်ချက်ဝေ့ကြည့်ကာ တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါက မပြောပြဘူးလို့ ဘယ်သူပြောလဲ? ကူးလန်နဲ့ ငါက ညီအစ်ကိုလို ရင်းနှီးတာ မင်းသိသားပဲ၊ ပြီးတော့ ဖူဟန်ကလည်း ငါ့သူငယ်ချင်းပဲလေ၊ သူ့သားကြီးက အနုပညာကုမ္ပဏီ ထောင်ထားတာဆိုတော့ သူ့ကလေးကို ကူညီစောင့်ရှောက်ပေးဖို့ ငါ့ကို အကူအညီတောင်းဖူးတယ်၊ ငါက စိတ်ကောင်းရှိတော့လည်း လက်ခံပေးလိုက်တာပေါ့ ဒါပေမဲ့ ဖူဟန်က အရမ်းအားနာတတ်တော့ ငါ့ကို 'ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်' တွေအများကြီး ပေးတော့တာပဲ!"
သူ နောက်ဆုံးစကားလုံးများကို အထူးပြု၍ပြောလိုက်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ဝမ်ရှုကျစ်မှာ ဖူလုပ်ငန်းစုထံမှ အဖိုးတန်အခွင့်အလမ်းများ ရုတ်တရက် ရရှိခဲ့သည်ကို အနုပညာ လောကထဲရှိ လူအများအပြားသိရှိကြသည်။ ထိုစဉ်က လူတိုင်း တိုးတိုးတိတ်တိတ်ပြောဆိုနေကြသော်လည်း ယခု အင်တာနက် ပေါ်ပေါက်ကွဲထွက်လာသည့်သတင်းကြောင့် အားလုံးတစ်ခုနှင့်တစ်ခု ဆက်စပ်တွေးတောနေကြခြင်းဖြစ်သည်။
ယခုမူ ဝမ်ရှုကျစ်သည် သူတို့၏ကွယ်ရာမှ အတင်းပြောမှုများကို မျက်နှာချင်းဆိုင်၌ ဖော်ထုတ်လိုက်သဖြင့် လူအချို့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြတော့သည်။
သူက သူ့မန်နေဂျာအား ပြောနေခြင်းဖြစ်သော်လည်း အဘယ်ကြောင့် သူတို့ကိုယ်တိုင်နာနေရသနည်းဟု မမေးပါနှင့်။
ဤလောကကြီးတွင် မည်သူမျှ မအချေ။ သူ့ရှင်းပြချက်နောက်ကွယ်ရှိ သတိပေးသံကို အားလုံးရိပ်မိကြသည်။
သူသည် အနုပညာလောက၏ထိပ်တန်းမင်းသားတစ်ဦး ဖြစ်ရုံမျှမက၊ ကူးမိသားစုနှင့် ဖူမိသားစုဟူသော အင်အားကြီး မိသားစုနှစ်ခု ၏ဥက္ကဋ္ဌများနှင့်ပါ ရင်းနှီးသူဖြစ်သည်။ သူ့အားလာရောက်ပုတ်ခတ်လိုသူ မည်သူမဆို နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။
ဝမ်ရှုကျစ်အဖွဲ့မှာ ပြည်သူ့ဆက်ဆံရေးပိုင်း၌ အလွန်ပင်ကျွမ်းကျင်လှသည်။
မန်နေဂျာ အကြောင်းမကြားမီမှာပင် PR ဌာနမှ လှုပ်ရှားနေပြီဖြစ်ကာ၊ ကောလာဟလများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှင်းလင်းချက် ထုတ်ပြန်လိုက်တော့သည်။
သူတို့ အတူတကွ ခရီးသွားခဲ့သည်ကို မငြင်းပယ်ချေ။ အဘယ်ကြောင့်ဆိုသော် သက်သေများရှိနေသည်ဖြစ်ရာ လုံးဝငြင်းဆိုခြင်းမှ လှောင်ပြောင်စရာသာ ဖြစ်လာပေလိမ့်မည်။
သို့သော် PR ဌာနတွင် အပိုင်တွက်ထားသော အစီအစဉ် ရှိနေသည်။ ၎င်းမှာ ဝမ်ရှုကျစ်၏အထက်တန်းကျောင်းဆင်း ဓာတ်ပုံများကို ထုတ်ပြန်လိုက်ခြင်းပင်။
ကြည်လင်ပြတ်သားလှသော ဓာတ်ပုံအချို့ထဲတွင် အတန်းလိုက် စုပေါင်းရိုက်ထားသောပုံနှင့် အဆောင်နေစဉ်က ရိုက်ထားသော ပုံသုံးပုံ ပါဝင်ကာ၊ ထိုပုံတစ်ပုံထဲတွင် လှပကျော့ရှင်းစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးပါဝင်နေသည်။
၎င်းမှာ သူမ၏ငယ်ရွယ်စဉ်က ကူးချင်ချင်ပင်။
သူမ ကိုယ့်ကိုယ်ကိုယ် အလွန်ဂရုစိုက်သူဖြစ်ရာ သူမ ရုပ်ရည်မှာ ထိုစဉ်ကနှင့် အများကြီး မပြောင်းလဲဘဲ အိုမင်းခြင်း အရိပ်အယောင်များ မရှိချေ။ မျက်စိရှင်သူ မည်သူမဆို ဓာတ်ပုံထဲကလူနှင့် လက်ရှိလူမှာ တစ်ယောက်တည်းဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပေသည်။
ထိုဓာတ်ပုံများကို မြင်သောအခါ ပရိသတ်များမှာ ဇဝေဇဝါဖြစ်ကုန်ကြသည်။
[Meme: ဒါက ဘာကို ဆိုလိုတာလဲ? ငါ့အသည်းကျော်နဲ့ ဖူကတော်က အရင်ကတည်းက သိနေကြတာလား? ငယ်သူငယ်ချင်း တွေလား? ဒါမှမဟုတ် အသက်ကွာတဲ့ အချစ်ဇာတ်လမ်းလား?]
[ဝမ်ကောရဲ့လက်ရှိချစ်သူ: နင်တို့ကလည်း ဘာတွေ တွေးနေကြတာလဲ? ဒါက သိသာနေတာပဲလေ၊ ငါ့အသည်းကျော်နဲ့ ဖူကတော့်တိတိက အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ အထက်တန်းတုန်းက အဆောင်မှာအတူနေခဲ့ကြတာလို့ ပြောတာလေ]
[အမှန်တရားကို ရှာဖွေသူ: သူငယ်ချင်းရဲ့အစ်မဆိုတော့ အတူတူအပြင်ထွက်တာက သာမန်ပဲလေ]
[ငါ့အသည်းကျော်က ငါ့ကို ကြည့်နေတယ်: ငါ့အသည်းကျော်က ချမ်းသာတဲ့ အမျိုးသမီးနောက် လိုက်မှာမဟုတ်သလို၊ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း ပတ်သက်မှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ]
...
[ဝမ်ခွေး အနုပညာလောကက ထွက်သွား: ဟဲဟဲ... ပရိသတ်တွေက မျက်စိကန်းနေတာလား? ဓာတ်ပုံနည်းနည်းက ဘာကို သက်သေပြနိုင်မှာလဲ?]
[...]: ဝမ်ရှုကျစ်က ကိုယ်ကျင့်တရား ပျက်ပြားနေတာ၊ အများပြည်သူ အားကျရတဲ့သူ မဖြစ်ထိုက်ဘူး၊ ဘာလို့ သူ့ကို အမည်မည်းစာရင်း မသွင်းကြသေးတာလဲ?]
[ဟဲဟဲ: ဝမ်ခွေးတစ်ကောင် ဖန်သားပြင်ပေါ်မှာ တရမ်းရမ်းလုပ်နေတာ မြင်ရတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်]
[ဝမ်ခွေးကို အမြဲတမ်းဆန့်ကျင်သူ: မင်း ဘာလို့ သေမသွားတာလဲ?]
[လမ်းကြုံဖြတ်သန်းသူ: ဝမ်ခွေးနဲ့ သူ့မိသားစုတစ်စုလုံး အခုချက်ချင်းသေပါစေ]
ထိုကဲ့သို့ ကွဲပြားခြားနားလှသော မှတ်ချက်များကြောင့် အွန်လိုင်းပေါ်တွင် စစ်ပွဲတစ်ခုသဖွယ် အပြင်းအထန် အခြေအတင် ဖြစ်နေကြတော့သည်။
အလွန်ပင် စိတ်ရှည်လှသော ပရိသတ်များပင်လျှင် အခြေအမြစ်မရှိသော ဆဲဆိုမှုများကြောင့် ဒေါသထွက်လာကြသည်ဖြစ်ရာ မည်သို့လျှင် ငြိမ်နေနိုင်ပါ့မည်နည်း။
ဝမ်ရှုကျစ်မှာ ကလေးသရုပ်ဆောင်ဘဝကတည်းကစတင်ခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျော်ကြားခဲ့သူဖြစ်သည်။
ထို့ပြင် သူ့သရုပ်ဆောင်မှုနှင့် သီဆိုမှု အရည်အချင်းမှာလည်း ထူးချွန်လှကာ၊ ဖျော်ဖြေရေး အစီအစဉ်များတွင်လည်း ပျော်ရွှင်စရာ အငွေ့အသက်များ ဖန်တီးနိုင်စွမ်း ရှိသည်။ သူသည် ဆုပေါင်းများစွာ ဆွတ်ခူးထားပြီး နိုင်ငံတကာအထိပင် နာမည်ကျော်ကြားနေသူ ဖြစ်သဖြင့် သူ့အား နိုင်ငံတကာ စူပါစတားတစ်ဦးဟု ခေါ်လျှင်ပင် မမှားချေ။
ထို့ကြောင့် သူ၌ အသက် ၈၀ အရွယ် အဖွားများမှသည် ဆယ်ကျော်သက် မိန်းကလေးများအထိ၊ အမျိုးသား ပရိသတ်များစွာ အပါအဝင် အမာခံပရိသတ်ထုကြီး ရှိနေသည်။
ဤပရိသတ်အုပ်စုမှာ အလွန်အင်အားကြီးလှသည်ဖြစ်ရာ၊ သူတို့ဒေါသများပေါက်ကွဲလာချိန်တွင် တိုက်ခိုက်သူများမှာ လုံးဝပင် စစ်ရှုံးသွားကြတော့သည်။
ထိုအခွင့်အရေးအား အသုံးချ၍ ဝမ်ရှုကျစ် ဓာတ်ပုံအချို့ ထပ်မံထုတ်ပြန်လိုက်သည်။
စာသားလေးမှာ ရိုးရှင်းပါသည် : "မမျှော်လင့်ဘဲ ရလိုက်တဲ့ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ခရီးသွားရတာက အပျော်ဆုံးပဲ"
အောက်တွင်မူ ဝမ်ရှုကျစ် ကိုယ်တိုင်ရိုက်ကူးထားသည့် ခရီးသွားဓာတ်ပုံအချို့ပြသထားသည်။
ကူးမောင်နှမများအပြင်၊ အေးစက်စက်နှင့်တည်ငြိမ်လှသော အမျိုးသားတစ်ဦးကိုလည်း ဓာတ်ပုံထဲတွင် တွေ့ရသည်။ မျက်စိလျှင်သော ပရိသတ်များမှာ ထိုသူသည် သူတို့အသည်းကျော်၏အခြားသော အဆောင်နေ သူငယ်ချင်းတစ်ဦး ဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားကြသည်။
[ဒါကြောင့်ကိုး: ဒါဆိုရင် ဒါက အဆောင်နေ သူငယ်ချင်းတွေစုပြီး ခရီးထွက်ကြတာပေါ့?]
[ငါ့အသည်းကျော်နဲ့လက်ထပ်ချင်တဲ့ N ရက်မြောက်နေ့: ငါ သိသားပဲ! ငါ့အသည်းကျော်က အသက် ၃၀ ကျော်တဲ့အထိ လူပျိုကြီးဖြစ်နေတာ၊ ဘယ်လိုလုပ်ပြီး အခုချက်ချင်းရည်းစားရမှာလဲ?]
[စိုးရိမ်နေတဲ့ မားမားဖန်: တကယ်လို့ သူ ရည်းစားရခဲ့ရင်တောင် ဘယ်သူပဲဖြစ်ဖြစ် ငါ့သားအတွက် ဝမ်းသာအားရ ရှန်ပိန်ဖောက်ပြီး ဂုဏ်ပြုပေးမှာပါ]
...
ထိုနေရာမှစ၍ မှတ်ချက်များမှာ လမ်းကြောင်းလွဲသွားတော့သည်။
အင်တာနက် အသုံးပြုသူများသည် ဝမ်ရှုကျစ်မှာ အသက်ကြီးလာသော်လည်း လူပျိုကြီး ဖြစ်နေဆဲဖြစ်ကြောင်းကိုသာ ဝိုင်းဝန်း နှမြောတသ ဖြစ်နေကြသဖြင့်၊ ချမ်းသာသော အမျိုးသမီးနှင့် ပတ်သက်နေသည့် ကောလာဟလမှာ သေးငယ်သွားတော့သည်။
ပရိသတ်အချို့ဆိုလျှင် သူတို့အသည်းကျော်အနေဖြင့် ချမ်းသာသော အမျိုးသမီးနှင့် တွဲလျှင်ပင် မဆိုးကြောင်း၊ အနည်းဆုံးတော့ ထိုအမျိုးသမီးမှာ လှလည်းလှ၊ ချမ်းလည်း ချမ်းသာကြောင်း ပြောနေကြသေးသည်။ နှမြောစရာကောင်းသည်မှာ သတင်းထဲမှ အမျိုးသမီးမှာ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက် မိခင် ဖြစ်နေခြင်းပင်၊ မဟုတ်လျှင်တော့ သူတို့အသည်းကျော်နှင့် တကယ့်ကို လိုက်ဖက်နေပေလိမ့်မည်။
အခြေအနေများပြောင်းလဲသွားသည်ကို မြင်သောအခါ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အလျှော့မပေးဘဲ ဝမ်ရှုကျစ် ခရီးသွားသည့်နေရာမှာ လွန်ခဲ့သော တစ်လခန့်က ငလျင်ဒဏ်ခံခဲ့ရသည့် G မြို့ဖြစ်ကြောင်း ထပ်မံထုတ်ဖော်လိုက်ပြန်သည်။
ငလျင်လှုပ်ပြီးနောက် ဝမ်ရှုကျစ်သည် ထိုနေရာမှ ချက်ချင်းထွက်ပြေးခဲ့ကြောင်း၊ အခြားသော အနုပညာရှင်များမှ အလှူငွေများ ထည့်ဝင်နေချိန်တွင် သူကမူ ဘာမှမလုပ်ဘဲနေခဲ့ကြောင်း၊ ထို့ကြောင့် သူသည် နှလုံးသားမရှိဘဲ တရုတ်လူမျိုးတစ်ဦးဟု ခေါ်ရန်ပင် မထိုက်တန်ကြောင်း စွပ်စွဲလာကြသည်။
ထိုသတင်းမှာ တကယ့်ကို ပြင်းထန်လှသည်။
G မြို့ ငလျင်ဒဏ်မှာ လူတိုင်းရင်ထဲ၌ လတ်လတ်ဆတ်ဆတ် ရှိနေဆဲဖြစ်ကာ၊ အချို့မှာ မိသားစုနှင့် သူငယ်ချင်းများကိုပင် ဆုံးရှုံးခဲ့ရသည်။ တစ်လဆိုသော အချိန်မှာ ထိုဝမ်းနည်းမှုများမှ ပြန်လည်နိုးထရန် မလုံလောက်သေးချေ။
ထိုသတင်းအား ကြားသောအခါ စိတ်လိုက်မာန်ပါ ရှိသူအချို့မှာ ဝမ်ရှုကျစ်၏လူမှုကွန်ရက်စာမျက်နှာများသို့ သွားရောက်ကာ ယခင်ထက်ပင် ပိုမိုပြင်းထန်သော စကားလုံးများဖြင့် ဆဲဆို တိုက်ခိုက်ကြတော့သည်။
အဆိုပါ ဆဲဆိုမှုများထဲတွင် ပြိုင်ဘက်များမှ ငှားရမ်းထားသော တိုက်ခိုက်သူများလည်း ပါဝင်နေသည်။ အမှန်စင်စစ်မူ သာမန်လူများမှာ ဒေါသထွက်လျှင်ပင် ပုဂ္ဂိုလ်ရေးအရ ဆဲဆိုတိုက်ခိုက်ခြင်းမျိုးအထိ လုပ်လေ့မရှိကြချေ။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဤအခြေအနေကို ကြည့်ကာ ပြုံးဖြဖြဖြင့် ကျေနပ်နေတော့သည်။ သူသည် ဝမ်ရှုကျစ်ကို အပြီးတိုင် မဖျက်ဆီးနိုင်လျှင်ပင် ထိပ်တန်းနေရာမှ ပြုတ်ကျစေပြီး ဘဝ၏အခါးသီးဆုံး အရသာကို မြည်းစမ်းစေမည်ဟု ကြုံးဝါးနေတော့ သည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ပြင်းထန်နေသည့်ကြားတွင် မှတ်ချက်ငယ်လေးတစ်ခုမှာ တဖြည်းဖြည်းနှင့် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ သည်ကို မည်သူမျှ သတိမထားမိကြချေ။
[မုန့်ရှောင်တု: ဟို... G မြို့ ငလျင်အကြောင်း ပြောနေကြတာလား? အဲဒီတုန်းက ကျွန်မ အဲဒီမှာ ရှိနေခဲ့တာပါ၊ ရှေးဟောင်းဘုရား ကျောင်းတစ်ခုကို လည်ပတ်နေတုန်း ငလျင်လှုပ်တော့ ပြိုကျနေတဲ့ ကျောက်ပုံတွေအောက်မှာ ပိတ်မိနေပြီး အရမ်းကို မျှော်လင့်ချက်မဲ့နေခဲ့တာပါ၊ ကံကောင်းလို့ ကယ်တင်ခြင်းခံခဲ့ရပေမဲ့ ကျွန်မရဲ့ ဒူးခေါင်းကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ တယ်၊ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့သူက ဝမ်ရှုကျစ်ပါ၊ သူပဲ ကျွန်မဒဏ်ရာကို ပတ်တီးစည်းပေးခဲ့တာပါ (ဓာတ်ပုံများ ပူးတွဲတင်ပြထားပါသည်)]
ဓာတ်ပုံနှစ်ပုံစလုံးမှာ မုန့်ရှောင်တု တိုးတိုးတိတ်တိတ် ရိုက်ထားခြင်းဖြစ်သည်။ ပုံတစ်ပုံတွင် သူမ မြေပြင်ပေါ်၌ ထိုင်ကာ နာကျင်မှုကို အောင့်ခံရင်း ပတ်တီးစည်းပေးခြင်းခံနေရသည်။ အခြားပုံတစ်ပုံတွင်မူ ဝမ်ရှုကျစ်မှ ခေါင်းငုံ့လျက် သူမ ဒဏ်ရာအား အာရုံစိုက်၍ ပတ်တီးစည်းပေးနေသည်ကို တွေ့ရသည်။
နှာခေါင်းစည်း တပ်ထားသော်ငြားလည်း သူ့ညင်သာမှုနှင့် တည်ငြိမ်အလေးအနက်ထားမှုတို့ကို သူ့ပြုအမူများတွင် အထင်အရှား မြင်တွေ့နိုင်လေသည်။
နီးကပ်စွာ ရိုက်ထားသော ထိုပုံတွင် သူ့လက်ချောင်းများပေါ်ရှိ ဒဏ်ရာဒဏ်ချက်များစွာကိုလည်း ရှင်းလင်းစွာ မြင်တွေ့ရသည်။
ဒုတိယပုံတွင်မူ ဝမ်ရှုကျစ် အခြားသူများနှင့်အတူ ကျောက်ပုံများကို လက်ဗလာဖြင့် တူးဖော်နေသည့်ပုံဖြစ်သည်။ အနည်းငယ် အလှမ်းဝေးသော်လည်း သူ့ပုံရိပ်မှာ အလွန်ထင်ရှားလှသည်။
နောက်ခံတွင် ကူးလန်၊ ချင်ချင်နှင့် အူးချင်တို့ပါဝင်နေသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။
ထိုဓာတ်ပုံနှစ်ပုံနှင့် စာသားတိုလေးမှာ အမှန်တရားအား ကမ္ဘာသိအောင် ကြေညာလိုက်သကဲ့သို့ပင်။
ဝမ်ရှုကျစ်မှာ ငလျင်လှုပ်ချိန်တွင် ထွက်ပြေးခဲ့ခြင်းမဟုတ်ဘဲ၊ သူကိုယ်တိုင်ပင် ဘေးဒုက္ခသည်တစ်ဦးအဖြစ် ရှိနေခဲ့ကာ အခြားသူများ ကိုပါ တက်တက်ကြွကြွကူညီပေးခဲ့ခြင်း ဖြစ်သည်!
ထိုအချက်မှာ သူ့အမာခံပရိသတ်များကို လောင်မြိုက်စေခဲ့တော့သည်။
သူတို့အသည်းကျော်သည် ထိုမျှလောက်ကြောက်စရာကောင်းသော အခြေအနေအားကြုံတွေ့ခဲ့ရပြီး၊ အခြားသူများကိုလည်း ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးခဲ့ပါလျက်နှင့် ယခုကဲ့သို့ အပုပ်ချခံရခြင်းမှာ လုံးဝလက်ခံနိုင်ဖွယ်ရာမရှိချေ!
မှတ်ချက်ပေါင်းများစွာမှာ ယခင်က တိုက်ခိုက်မှုအားလုံးကို ဖုံးလွှမ်းသွားကာ ဝမ်ရှုကျစ်ဘက်မှ ပြန်လည်တုံ့ပြန်လိုက်တော့သည်။