အခန်း (၁၃၉)
Vol. 16 Ch. 139
အိပ်ရာနိုးတာ နောက်ကျသွားသဖြင့် သူမ ညစာလွတ်သွားခဲ့သည်၊ ချင်ချင်တစ်ယောက် နိုးနိုးချင်းပင် သူမ ဗိုက်ကလေးကို ဖိကာ ဗိုက်ဆာလွန်း၍ဟုဆိုကာ တစာစာ အော်ဟစ်ငိုယိုလေတော့သည်။
"ဗိုက်ဆာရင်လည်း အစားအသောက် မှာစားလိုက်လေ"
ယခုအခါ ချင်ချင် လူကြီးများထက်ပင် ဖုန်းအား ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီဖြစ်ရာ သူမအတွက် စိုးရိမ်စရာ မလိုတော့ချေ။
ချင်ချင့် အော်ဟစ်သံမှာ ခဏမျှ တိတ်သွားပြီးနောက် အားနည်းသော လေသံလေးဖြင့် ပြောရှာသည်။
"ကျွန်မ မုန့်ဖိုးကုန်သွားပြီ"
ဖူဟန် စာရွက်စာတမ်းပုံကြားမှ အံ့ဩတကြီး ခေါင်းမော့ကြည့်လာသည်။
"လဆန်းတုန်းကပဲ မင်းကို တစ်သိန်းပေးထားတာ မဟုတ်ဘူးလား?"
သူ မှတ်မိသလောက်ဆိုလျှင် ယနေ့သည် ၁၀ ရက်နေ့သာ ရှိသေးသည်၊ လဝက်ပင် မကျသေးချေ။
အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦး ငွေကြေးအား စည်းမဲ့ကမ်းမဲ့ သုံးစွဲခြင်း သို့မဟုတ် လိမ်လည်ခံရခြင်းမှ ကာကွယ်ရန် ချင်ချင့်အား သူမ ကိုယ်ပိုင်စုဆောင်းငွေနှင့် ပိုင်ဆိုင်မှုများကို ကိုင်တွယ်ခွင့် မပြုထားသေးဘဲ၊ လူကြီးများ ပုံမှန်ပေးသည့် မုန့်ဖိုးကိုသာ သုံးစွဲခွင့် ပေးထားခြင်းဖြစ်သည်။
ဖူဟန် ပေးထားသည်မှာလည်း မနည်းလှချေ၊ ထို့ပြင် ဤကလေးမလေးမှာ အလွန်ပင် ပါးနပ်လှသည်။ ဖူဟန်ထံမှ မုန့်ဖိုးအား ယူပြီးသည်နှင့် သူမသည် ကူးလန်နှင့် သားနှစ်ယောက်ထံ တစ်လှည့်စီသွားကာ ငွေထပ်တောင်းတတ်သေးသည်၊ ဖူမိသားစုနှင့် ကူးမိသားစုမှ မိဘလူကြီးများကိုပင် ချန်မထားခဲ့ချေ။
ချင်ချင့်မှတ်ဉာဏ်ထဲ၌ ပိုင်ချီယွီတစ်ယောက်သာ သူငယ်ချင်းနှင့် အတန်းဖော်အဖြစ်ကျန်ရှိနေသဖြင့် သူသည် လူကြီးတစ်ယောက် မဟုတ်သောကြောင့် သူ့ထံမှတော့ ပိုက်ဆံမတောင်းဖြစ်ခဲ့ချေ။
ထိုကဲ့သို့ တစ်ပတ်လှည့်ပြီးနောက် ချင်ချင့်လက်ထဲ၌ ယွမ်တစ်သန်းနီးပါး ရှိနေပေလိမ့်မည်။ ကူးလန်ပင်လျှင် သူမ၏ ငွေရှာပုံအား အံ့ဩမိသည်၊ ချွဲနွဲ့ရုံလေးနှင့်ပင် ထိုမျှလောက်သော ငွေပမာဏကို ရရှိနိုင်သည်မဟုတ်လား?
သို့သော် ကူးလန် မိဘများထံမှ ချင်ချင် ပိုက်ဆံတောင်းသည့်အပေါ် အနည်းငယ် စိုးရိမ်မိသည်။ ချင်ချင်ကမူ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောခဲ့သည်။
"ဘာပဲဖြစ်ဖြစ် သူတို့ပိုက်ဆံက ကျွန်မဆီမှာမသုံးရင် တခြားတစ်ယောက်ဆီမှာ သုံးမှာပဲလေ၊ အဲဒီတော့ ကျွန်မက ဘာလို့ မယူရမှာလဲ?"
အသက် ၁၅ နှစ်အရွယ် ချင်ချင်မှာ အတိတ်အား ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ သူမနှင့် မောင်လေး မွေးဖွားပြီးနောက် မိဘများမှာ လိမ်မာသည့် ကလေးတစ်ဦးအား မွေးစားရနfကြံစည်ခဲ့ကြသည်၊ ထိုကလေးကို အမွေဆက်ခံသူအဖြစ် မွေးမြူကာ သူတို့အိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်ခိုင်းရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က ချင်ချင်သည် မိဘများ၏အတွေးအခေါ်အားနားမလည်နိုင်ခဲ့သလို၊ ထိုလူယုတ်မာနှစ်ယောက်မှာ မိမိအရင်းအချာ ကလေးများကို ပစ်ပယ်ပြီး သူစိမ်းတစ်ယောက်အားမွေးစားရန် အဘယ်ကြောင့် ကြံစည်ရသနည်းဆိုသည်ကိုလည်း မတွေးတတ်ခဲ့ချေ။
မေးစရာရှိသည်မှာ ထိုသို့မွေးစားခြင်းက အခြားတစ်ယောက်အား ဒုက္ခပေးနေခြင်းမဟုတ်ကြောင်း သူတို့ သေချာပါသလား?
အဆုံးတွင်မူ ထိုကိစ္စမှာ ဖြစ်မလာခဲ့သော်လည်း ၎င်းမှာ သူမအား အရေးကြီးသော သင်ခန်းစာတစ်ခုပေးခဲ့သည်။
'လူထက်စာရင် ပိုက်ဆံက ပိုကောင်းသည်' ဟူ၍ပင်။ လူများ စွန့်ခွာသွားနိုင်သော်လည်း ပိုက်ဆံကိုမူ မိမိလက်ထဲ၌ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်သည်မဟုတ်လား?
ထိုစဉ်က ချင်ချင်၌ ဝင်ငွေလမ်းစမရှိခဲ့ချေ။ သူမနှင့် မောင်လေးတွင် အရွယ်ရောက်လျှင် ရရှိမည့် အမွေအနှစ်များစွာ ရှိနေသော်လည်း ၎င်းမှာ အရွယ်ရောက်မှသာ ရရှိမည့်အရာဖြစ်သည်။
ထိုမတိုင်ခင်အထိမူ သူတို့သည် မိဘများ၏ပေးကမ်းမှုပေါ်တွင်သာ ရပ်တည်ခဲ့ကြရသည်။
ချင်ချင်နှင့် သူမ မောင်အား မနှစ်သက်သော ကူးကတော်မှာ သူတို့အား မုန့်ဖိုးလုံးဝမပေးချေ။ သူတို့ ဗိုက်မဆာ၊ မချမ်းစေရန်နှင့် ပညာသင်ကြားနိုင်ရန် စီစဉ်ပေးထားခြင်းမှာပင် သူမအတွက်တော့ အပိုလုပ်ပေးထားခြင်းသာ။
ထို့ကြောင့် ဗီလာကြီးထဲ၌ နေထိုင်ကာ ဇိမ်ခံကားကြီးများဖြင့် ကျောင်းတက်နေရသော်လည်း၊ ချင်ချင်နှင့် ကူးလန်တို့မှာ အမှန်စင်စစ် အခြားကလေးများထက်ပင် ပိုဆင်းရဲနေခဲ့ကြခြင်း ဖြစ်သည်။
အခြားကလေးများမှာ တစ်ပတ်လျှင် မနက်စာဖိုး အနည်းဆုံးဆယ်ယွမ်ခန့် ရရှိကြသော်လည်း သူမ၌မူ တစ်ပြားတစ်ချပ်မျှမရှိခဲ့ချေ။
ထို့အတွက်ကြောင့်ပင် ချင်ချင် သူမ ဂုဏ်သိက္ခာကို အရင်းအနှီးပြုကာ မိဘများထံမှ မုန့်ဖိုးရရန် ငြင်းခုံခဲ့ရသည်၊ အခြားသူများရှေ့ တွင်ပင် ဆင်းရဲချင်ယောင်ဆောင်ပြခဲ့ရသေးသည်။
ကူးယန်ယွီမှာ ကလေးအား ပိုက်ဆံမပေးရန် တမင်ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း၊ အစပိုင်းတွင် သူ သတိမထားမိခဲ့ဘဲ သူ့ဇနီးမှ ပေးလိမ့်မည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ သမီးဖြစ်သူ၏သတိပေးမှုကြောင့် သူ ပိုက်ဆံကို လိုလိုလားလားပင် ပေးခဲ့တော့သည်။
ကူးကတော်မှာမူ သူမ ပုံရိပ်အား ထိခိုက်မည်စိုးသဖြင့်၊ မိမိကလေးကို နှိပ်စက်ကာ မုန့်ဖိုးလေးတောင် မပေးနိုင်ဘူးဟူသော ကဲ့ရဲ့သံများကို မကြားချင်သောကြောင့် မျက်နှာပျက်ပျက်နှင့်ပင် ပိုက်ဆံကို မတတ်သာဘဲပေးခဲ့ရရှာသည်။
ချင်ချင် ရရှိလာသော ပိုက်ဆံကို ပျော်ရွှင်စွာနှစ်ပုံပုံလိုက်သည်၊ မိမိအတွက်တစ်ပုံနှင့် မောင်လေးအတွက် တစ်ပုံ။
အနည်းငယ် စုဆောင်းလိုက်လျှင် မောင်လေးအား ကစားကွင်းသို့ လိုက်ပို့ရန် လုံလောက်ပေလိမ့်မည်။
ထို့ကြောင့် ကူးလန်မှာ ငယ်စဉ်ကတည်းက မုန့်ဖိုးတစ်ခါမျှ မပြတ်ခဲ့ခြင်းမှာ သူ့အစ်မဖြစ်သူ မိဘများနှင့် အကြိတ်အနယ် ငြင်းခုံ၍ ရယူပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ယခုထက်တိုင်မသိရှိသေးချေ။
"ဒင်" ဟူသော အသံနှင့်အတူ ချင်ချင်မှာ ကုတင်ပေါ်၌ တစ်ပတ်လိမ့်လိုက်သည်၊ ဖုန်းမျက်နှာပြင်ပေါ်ရှိ ငွေလွှဲဝင်လာသည့် အကြောင်းကြားစာကို မြင်သောအခါ ပြုံးလိုက်မိကာ ပျော်ရွှင်စွာဖြင့် ငွေအား လက်ခံလိုက်တော့သည်။
ပိုက်ဆံရပြီဖြစ်ရာ သူမ အစားအသောက်မှာသည့် App ကို အမြန်ဖွင့်ကာ အရသာရှိသော အစားအစာများ မှာယူလိုက်ပြီးပို့ ဆောင်မည့်သူကို ပျော်ရွှင်စွာစောင့်ဆိုင်းနေတော့သည်။
ညဉ့်နက်စာ စားချိန် မရောက်သေးသဖြင့် အော်ဒါမှာသူ နည်းပါးနေသောကြောင့် ပို့ဆောင်မှုမှာ အလွန်မြန်ဆန်လှသည်။
မှာပြီး နာရီဝက်ခန့်အကြာတွင် ချင်ချင့်ညစာနှင့် ညဉ့်လည်စာများရောက်ရှိလာခဲ့သည်။
ဖုန်းမြည်လာသည်နှင့် ချင်ချင် ယုန်ကလေးတစ်ကောင်နှယ် အမြန်ခုန်ထလာကာ အပြင်သို့ ပြေးထွက်သွားပြီး၊ ခဏအကြာတွင် အစားအသောက် အိတ်ကြီးနှစ်အိတ် ဆွဲကာ ပြန်ဝင်လာတော့သည်။
"ဟီးဟီး... ပို့တဲ့သူကို ကြယ်ငါးပွင့် ပေးလိုက်ဦးမယ်"
"?"
ဖူဟန် စာရွက်စာတမ်းများကြားမှ မော့ကြည့်လာသည်။
"ဘာလို့လဲဆိုတော့ သူ ပြန်ခါနီးမှာ ကျွန်မကို နှုတ်ဆက်သွားလို့လေ၊ ကျွန်မက ယဉ်ကျေးတဲ့လူတွေကို သဘောကျတယ်"
"လူတွေက ကိုယ့်မှာမရှိတဲ့အရာကိုပဲ အမြဲအားကျတတ်ကြတာပဲ"
ထိုစကားကို ကြားသောအခါ ချင်ချင် ချက်ချင်း ပါးလေးနှစ်ဖက် ဖောင်းသွားကာ မကျေမနပ် ဖြစ်သွားသည်။
"ရှင် ဘာကို ဆိုလိုတာလဲ? ကျွန်မက မယဉ်ကျေးဘူးလို့ပြောချင်တာလား?"
သူမ တကယ် ဒေါသထွက်နေပြီ၊ တကယ့်ကို ပြန်ချော့ဖို့မလွယ်တဲ့ ဒေါသမျိုး!
"ကိုယ် အဲဒီလိုမပြောပါဘူး"
ဖူဟန် ထိုသို့သော ထိလွယ်ရှလွယ် ကိစ္စမျိုးအားမပြောဘဲ ရှောင်လိုက်သည်မှာ အမှန်ပင်။
"မင်းရဲ့ အပြုအမူနဲ့စကားတွေကပဲ အဲဒါကိုဖော်ပြနေတာပါ"
ကောင်းပါပြီ၊ ငွေကြေးကိုထိန်းချုပ်ထားသော ဤအမျိုးသား၌လွတ်မြောက်လိုသော အသိစိတ်လုံးဝမရှိချေ။
"ဟွန့်!"
နှာခေါင်းလေး တစ်ချက်ရှုံ့ကာ ချင်ချင် တကယ်စိတ်ဆိုးသွားတော့သည်။
သူမ ခေါင်းအားလှည့်လိုက်ကာ ကျစ်ဆံမြီးလေးကို ခါလျက် စားပွဲပုလေးရှေ့တွင် ထိုင်ကာ တစ်ယောက်တည်း အစားအသောက်များ ဖွင့်စားတော့သည်။
မူလက ဖူဟန်အတွက်ပါ မှာထားခဲ့သော်လည်း၊ ယခုမူ ထိုလူယုတ်မာကြီးအား ဘာမှမကျွေးတော့ရန် ဆုံးဖြတ်လိုက်လေသည်!
အစားအသောက်များ၏ရနံ့မှာ ဖူဟန် နှာခေါင်းဝသို့ တသီတတန်းကြီး လွင့်ပျံလာကာ သူ့အာရုံစူးစိုက်မှုကို အဆက်မပြတ် နှောင့်ယှက်နေတော့သည်။
သူ လက်မှတ်ထိုးရမည့် နေရာတွင် ဘောပင်ကိုအကြာကြီးကိုင်ထားမိပြီးမှ အဆုံးတွင် ဘောပင်အား ချလိုက်ကာ ချင်ချင့်ဘေးနား၌ လာထိုင်လိုက်သည်။
"ကိုယ် တစ်လုပ်လောက် မြည်းကြည့်လို့ရမလား?"
"မရဘူး!"
သူမ စိတ်ဆိုးနေတုန်းပင်။
"ဒါပေမဲ့ ကိုယ် အရမ်းဗိုက်ဆာနေပြီလေ"
သူ သနားစရာကောင်းဟန်ဖြင့် ဗိုက်ကလေးကိုဖိကာ ဟန်ဆောင်ပြလိုက်သည်။
ဆယ်ကျော်သက်အရွယ် ကလေးများမှာ ဆိုးသွမ်းနေသည့်တိုင် အတိတ်ကကဲ့သို့ပင် စိတ်ပျော့ကာ အချော့ရလွယ်သည်ကို ဖူဟန် သိနေသည်ဖြစ်ရာ၊ သူ့ ထိုနည်းဗျူဟာမှာ အမြဲတမ်းအလုပ်ဖြစ်ခဲ့သည်။
ထင်သည့်အတိုင်းပင်၊ အစပိုင်းတွင် ချင်ချင် ဖူဟန်အား လျစ်လျူရှုနိုင်ခဲ့သော်လည်း စားရင်း စားရင်းနှင့် သူမ စိတ်ထဲ၌ အပြစ်ရှိသလို ခံစားလာရသည်၊ အထူးသဖြင့် တစ်စုံတစ်ယောက်မှ မိမိအား သနားစရာကောင်းသော အကြည့်များဖြင့် စိုက်ကြည့်နေသောကြောင့် အလွန်နေရခက်လာတော့သည်။
သူမ မသိမသာ ခိုးကြည့်လိုက်၊ နောက်တစ်ခါ ထပ်ကြည့်လိုက်နှင့်...
နောက်ဆုံးတွင်မူ ကြက်သားလိပ်လေး တစ်ခုကောက်ကိုင်ကာ ဖူဟန် ပါးစပ်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
"တစ်လုပ်ပဲနော်၊ ဟုတ်ပြီလား?"
ပါးစပ်ထဲတွင် အစားအစာများ ရှိနေသဖြင့် ဖူဟန့်ချောမောလှသော မျက်ဝန်းများမှာ လခြမ်းကွေးလေးသဖွယ် ဖြစ်သွားရာ ချင်ချင် မသိမသာ ရင်ခုန်သွားကာ မျက်နှာလေး နီမြန်းသွားတော့သည်။
သူမ ကြောင်အမ်းနေစဉ်မှာပင် ဖူဟန် ပန်းကန်ထဲသို့ အစားအသောက်များ အမှတ်မထင်ပုံထည့်ပေးနေမိသည်။
သူမ သတိပြန်ဝင်လာချိန်တွင်မူ ဖူဟန်၏ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးလေးများမှာတူအား ကိုင်ထားရင်း သူမ ပေးထားသည့် အစားအစာများကို အေးအေးဆေးဆေးစားသုံးနေသည်ကို မြင်လိုက်ရသည်။
၎င်းမှာ သာမန် အပြုအမူတစ်ခုဖြစ်သော်လည်း သူမ မျက်နှာတစ်ခုလုံးရဲတက်သွားစေသည်၊ ယခုတစ်ခါတွင်မူ လည်ပင်းလေးများ အထိပင် နီမြန်းသွားတော့သည်။
ဒီလူသားက တကယ်ပဲ လူသား ဟုတ်ရဲ့လား?
ဒါမှမဟုတ် ဘယ်နေရာက လွတ်လာတဲ့ မြေခွေးမိစ္ဆာလဲ?
အပြစ်ကင်းတဲ့ မိန်းကလေးတွေကိုလာပြီး ဖြားယောင်းနေတာလား?
"ဗိုက်ဆာတယ်ဆို၊ ဘာလို့ မစားဘဲ ရပ်နေတာလဲ?"
နွေးထွေးနေသော ကြက်ကြော်တစ်ဖဲ့မှာ သူမ နှုတ်ခမ်းဝသို့ ထိတွေ့လာရာ ချင်ချင် အလိုအလျောက်ပင် အကြီးကြီးတစ်လုပ် ကိုက်လိုက်မိပြီး ဝါးမျိုလိုက်တော့သည်။
အသားအားမျိုချပြီးမှသာ သူမ နှုတ်ခမ်းများမှာ... စောစောက... အသားမဟုတ်ဘဲ နူးညံ့နွေးထွေးသည့် တစ်ခုခုနှင့် မတော်တဆ ထိတွေ့သွားခဲ့သည်ကို သတိပြုမိသွားတော့သည်။
ဖူဟန် ယဉ်ကျေးသိမ်မွေ့စွာဖြင့် တစ်ရှူးကို ထုတ်ယူကာ လက်ချောင်းများပေါ်ရှိ ဆီများအား သုတ်လိုက်သည်။ သူ ခေါင်းမော့ကြည့် လိုက်ရာ ချင်ချင့်၏ကြောင်အမ်းနေသော အကြည့်ကို မြင်သောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ သူ့နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံမှာ တားဆီးမရနိုင်သော စွမ်းအားများပြည့်နှက်နေသည်။
"ဘာလဲ? ကိုယ့်ကို ခွံ့ကျွေးစေချင်တာလား?"
တိုးတိုးလေး ကပ်ပြောလိုက်သော သူ့စကားသံမှာ သူမ နားထဲတွင် လေတိုးသံနှယ် ခံစားလိုက်ရသဖြင့် ချင်ချင့်ကျောရိုးတစ် လျှောက် စိမ့်တက်သွားကာ အလိုအလျောက်ပင် နောက်သို့ဆုတ်လိုက်မိသည်။
ဘာတွေ ဖြစ်ကုန်တာလဲ?
သူမ နှလုံးရောဂါများ ဖြစ်နေတာလား?
ဘာလို့ နှလုံးက ဒီလောက်အထိခုန်နေရတာလဲ?
ထိတ်လန့်သွားပုံရသော ချင်ချင်မှာ ထို့နောက်တွင်မူ ခေါင်းမမော့ဝံ့တော့ဘဲ ညဉ့်လည်စာကိုသာ အာရုံစိုက် စားသောက်နေတော့ သည်။
ဖူဟန် မျက်ဝန်းထဲတွင် အပြုံးရိပ်လေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ ဘာမှ ထပ်မပြောတော့ဘဲ ကျန်ရှိနေသော အလုပ်များကိုသာ အလိုက်တသိဖြင့် အဆုံးသတ်လိုက်တော့သည်။
ထိုညတွင် သူတို့နှစ်ဦး အိမ်သို့ ပြန်လာခဲ့ကြသည်။ ချင်ချင် ဘေးနားရှိထိုင်ခုံတွင် ထိုင်ကာ အပြင်ဘက်မှ လျင်မြန်စွာကျန်ရစ်ခဲ့သော ရှုခင်းများကို စိတ်ဝင်စားဟန်မရှိဘဲ ငေးကြည့်နေခဲ့သည်။
သို့သော် သူမ အကြည့်များမှာ စိတ်၏စေခိုင်းမှုကြောင့် ဖူဟန်ထံသို့သာ ခဏခဏရောက်ရှိသွားနေတော့သည်။
“ငါတို့တွေက လင်မယားအိုကြီးတွေဖြစ်နေပြီပဲ၊ ကြည့်ချင်သလောက် ကြည့်လို့ရပါတယ်နော်”
သူ့ဇနီးသည်၏မျက်နှာလေးမှာ ချစ်စရာကောင်းလှသော်လည်း၊ ၎င်းမှာ သူ့ကားမောင်းမှုအား အာရုံပျံ့လွင့်စေသည်မဟုတ်လား? အချိန်အတော်ကြာ အောင့်ထားပြီးမှ ဖူဟန် သတိပေးလိုက်ခြင်းဖြစ်သည်။
ထင်သည့်အတိုင်းပင် ချင်ချင်မှာ အပြစ်လုပ်ထားသူနှယ် ချက်ချင်းကိုယ်ကို မတ်လိုက်ကာ ထစ်ငေါ့စွာ ငြင်းဆိုလေတော့သည်။
"ဘယ်... ဘယ်သူက ရှင့်ကို ခိုးကြည့်လို့လဲ? ကျွန်မ မကြည့်ပါဘူး!"
သူမ၏အရှက်ကြီးသော အမူအရာမှာ ကူးလန်နှင့်ပင် ဆင်တူနေသည်။ ဖူဟန်သည် သူ့ယောက်ဖဖြစ်သူ၏ထူးဆန်းသော စရိုက်များမှာ မည်သူ့ထံမှ ဆင်းသက်လာသည်ကို ရုတ်တရက်သိရှိသွားတော့သည်။
အတုယူစရာက ဒီမှာ ရှိနေတာကိုး....
သူတို့ အိမ်ပြန်ရောက်ချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်သည်။
ဖူဟန်နှင့် ချင်ချင်တို့မှာ မိမိတို့သီးသန့် အခန်းများသို့ ဝင်သွားကြသည်။ ချင်ချင့်မှတ်ဉာဏ်မှာ အတိတ်သို့ ပြန်ရောက်နေသဖြင့် သူတို့နှစ်ဦးမှာ သီးခြားစီ အိပ်စက်ကြခြင်းဖြစ်သည်။
ချင်ချင် တံခါးပိတ်ခါနီးတွင် ဖူဟန် သူမအား လှမ်းခေါ်လိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ ညဉ့်နက်တဲ့အထိ ဂိမ်းမဆော့တော့ပါဘူး”
ဖူဟန် သူမအား ဂိမ်းမဆော့ရန်ထပ်ပြီး လာဆူမည်ဟု ထင်နေသဖြင့် ချင်ချင် စိတ်မရှည်စွာဖြင့် ကတိပေးလိုက်ခြင်းဖြစ်သည်။
သူမ မှတ်ဉာဏ်များမှာ ကလေးငယ်တစ်ဦးကဲ့သို့ နုပျိုလတ်ဆတ်နေသော်လည်း၊ သူမ ခန္ဓာကိုယ်မှာမူ ငယ်ရွယ်သူတစ်ဦး၏ တက်ကြွလန်းဆန်းမှုကို မပေးစွမ်းနိုင်တော့ချေ။
တစ်ညလုံး မအိပ်ဘဲ နေခဲ့သဖြင့် ချင်ချင်မှာ အတော်လေး နေမကောင်းဖြစ်ခဲ့ကာ ယခုတိုင် အားပြန်မပြည့်သေးချေ။ သူမ ထပ်ပြီး မမိုက်ရဲတော့သဖြင့် ယနေ့ညတွင်မူ တကယ်ပင် စောစောအိပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
"ကိုယ် ပြောချင်တာက အဲဒါမဟုတ်ပါဘူး"
ဖူဟန် ကိုယ်ကို ကိုင်းညွတ်လိုက်ကာ ချင်ချင့်နဖူးလေးအား အသာအယာတို့ထိလိုက်သည်၊ သူ့ အကြည့်မှာ သူမ၏ ဝိုင်းစက်နေသော မျက်ဝန်းများနှင့် ဆုံသွားသည်။
ယဉ်ကျေးလှသော ထိုအပြုအမူလေးထဲတွင် အတိုင်းမသိသော နွေးထွေးမှုများ ပြည့်နှက်နေသည်ကို ချင်ချင် အနီးကပ် ခံစားလိုက်ရသည်။
သူမ၏တက်ကြွလှသော မျက်ဝန်းလေးများမှာ နူးညံ့သွားကာ နှုတ်ခမ်းလွှာပေါ်တွင် ချိုမြိန်သော အပြုံးလေးတစ်ခု ပေါ်လာတော့ သည်။
"အဲဒါ မဟုတ်ဘူးလား? ဒါဆို ဘာပြောချင်လို့လဲ?"
သူမ၏ နူးညံ့သော လေသံထဲတွင် ချွဲနွဲ့မှုလေးများ ပါဝင်နေသည်။
"ဒီည စောစောအိပ်နော်၊ မနက်ဖြန်ကျရင် ကိုယ် မင်းကိုပျော်စရာကောင်းတဲ့ တစ်နေရာ ခေါ်သွားပေးမယ်"
"ဘယ်နေရာလဲ?"
သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လျှို့ဝှက်ချက်ပေါ့"
ဖူဟန် ရင်ခုန်အောင် ချန်ထားလိုက်သည်။
"ရှင်ကတော့ တကယ်စိတ်ပျက်ဖို့ကောင်းတယ်"
သူမသည် စကားအား တိတိလင်းလင်း မပြောဘဲ ချန်ထားသည်ကိုမကြိုက်ချေ၊ ခန့်မှန်းရသည်ကိုလည်း အာရုံမစားချင်သလို၊ သူမ ခန့်မှန်းသည့်အရာများမှာလည်း ခဏခဏမှားတတ်သဖြင့် စိတ်ညစ်ရသည်မဟုတ်လား?
"ရပါတယ်၊ မနက်ဖြန် မနက် နိုးလာရင် သိရမှာပဲလေ"
ချင်ချင့်ခေါင်းလေးကို အသာအယာ ပွတ်ပေးကာ ဖူဟန် သူမအားအိပ်ရန်ချော့မော့ပြီး မိမိအခန်းသို့ ပြန်သွားတော့သည်။
"Goodnight နော်"
"Goodnight ပါ"
လက်လှမ်းပြ နှုတ်ဆက်ကာ ချင်ချင် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်၊ ရေချိုးပြီးနောက် အိပ်ရာထဲသို့ တိုးဝင်လိုက်တော့သည်။
ကြီးမားလှသော ဒိုင်နိုဆောဝတ်စုံကြီးကို ဝတ်ဆင်ထားကာ နူးညံ့လှသော ကုတင်ပေါ်၌ လဲလျောင်းလျက်၊ သူမသည် နှစ်ပိုင်းပြတ်နေသော ဓာတ်ပုံလေးတစ်ခုအားဆုပ်ကိုင်ထားမိသည်။
ခဏအကြာတွင် သူမ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။
"သူတို့ ဘာလို့ ဒါကို ဆွဲဖြဲလိုက်ကြတာလဲ?"
သူမ ဓာတ်ပုံအား ကုတင်ဘေးရှိ စားပွဲပေါ်၌ တင်လိုက်ကာ မီးပိတ်၍ အိပ်စက်လိုက်တော့သည်။
လရောင်မှာ ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာကာ ဓာတ်ပုံလေးပေါ်သို့ အတိအကျ ကျရောက်နေတော့သည်။
ထိုဓာတ်ပုံထဲတွင် ဖြူစင်လှပသော မင်္ဂလာဆောင်ဝတ်စုံဝတ်ဆင်ထားသည့် ကူးချင်ချင်မှာ ဖူဟန့်လက်အား ချိတ်ကာ ပျော်ရွှင်စွာဖြင့် မင်္ဂလာခန်းမအတွင်းသို့ လျှောက်လှမ်းနေကြသည်ကိုမြင်တွေ့ရသည်။
၎င်းမှာ အလွန်ပင်နွေးထွေးပြီး ရိုမန်းတစ်ဆန်သော ဓာတ်ပုံလေးဖြစ်သင့်သော်လည်း၊ ကံဆိုးစွာဖြင့် သူတို့နှစ်ဦးကြားရှိ တွန့်လိမ်နေသောအက်ကြောင်းကြီးမှာ အရာအားလုံးကိုဖျက်ဆီးထားတော့သည်။
ဖော်မပြနိုင်သော ဝမ်းနည်းမှုတစ်ခုမှာ ထိုမြင်ကွင်းထဲလွင့်ပျံနေတော့သည်။