← Chapters

အခန်း (၁၄၀)

Vol. 16 Ch. 140

အခန်း (၁၄၀)

Vol. 16 Ch. 140

အရုဏ်ဦးအလင်းရောင် ဖြာကျလာချိန်တွင် ဖူဟန် မျက်လုံးဖွင့်ကြည့်ရန်ပင်မလိုဘဲ မိမိရင်ခွင်ထဲ၌ နွေးထွေးသော ကိုယ်ငွေ့လေးတစ်ခု ရှိနေသည်ကို သိလိုက်သည်။

သူ့လက်မောင်းများကို အသာအယာ ဖယ်ရှားလိုက်ပြီး၊ ထောင့်စွန်းသို့ ကန်ထုတ်ခြင်းခံထားရသော စောင်ကို ဆွဲယူကာ သူမအား ဂရုတစိုက် ခြုံပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းသို့သွား၍ မျက်နှာသစ်ရန် တိတ်တဆိတ် ထလိုက်တော့သည်။

စီးဆင်းနေသော ရေသံကြောင့် ချင်ချင်တစ်ယောက် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။

သူမ အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်လိုက်ကာ၊ ဖရိုဖရဲဖြစ်နေသော ဆံပင်များဖြင့် အိပ်ရာပေါ်တွင် ထိုင်လျက် အတွေးထဲ နစ်မျောနေလေသည်။

ဖူဟန် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် သူမ၏ကြောင်အမ်းအမ်း ပုံစံလေးကို မြင်လိုက်ရသည်။

သူ ထိုမြင်ကွင်းအား ကျင့်သားရနေပြီဖြစ်ရာ အနားသို့ သဘာဝကျကျပင် လျှောက်သွားပြီး၊ သူမကို ပွေ့ချီကာ ရေချိုးခန်းထဲသို့ တိုက်ရိုက်ခေါ်သွားပြီး မျက်နှာသစ်ပေးလေတော့သည်။

နွေးထွေးသော မျက်နှာသုတ်ပုဝါလေး၏အထိအတွေ့နှင့် ညင်သာသော ပွတ်သပ်မှုများကြောင့် ချင်ချင်၏ နိုးတစ်ဝက် ဖြစ်နေသော အသိစိတ်မှာ ပြန်လည် ငိုက်မြည်းချင်လာပြန်သည်။

"ဒါကို ကိုင်ထားဦး၊ ကိုယ် မင်းအတွက် မနက်စာ သွားပြင်လိုက်ဦးမယ်"

ဖူဟန် လျှပ်စစ်သွားတိုက်တံပေါ်တွင် သွားတိုက်ဆေး ထည့်ပေးကာ ချင်ချင့်ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီးနောက်၊ သူမဘာသာ ပြင်ဆင်နိုင်ရန် ရေချိုးခန်းထဲ၌ ထားခဲ့ကာ ထွက်လာခဲ့တော့သည်။

မနက်စာ အဆင်သင့်ဖြစ်ချိန်တွင် ချင်ချင် မျက်နှာပေါင်းတင် Mask လေး ကပ်လျက် အေးအေးလူလူ လျှောက်ထွက်လာသည်။

သူမ မိတ်ကပ်မလိမ်းသော်လည်း လိုအပ်သော အရေပြား ထိန်းသိမ်းမှုကိုမူ လျစ်လျူမရှုနိုင်ချေ။

စားပွဲတွင် ထိုင်ကာ ဖူဟန် ပြင်ပေးထားသော မနက်စာစားရင်း ချင်ချင် စပ်စုလိုသော လေသံဖြင့် မေးလိုက်သည်။

"ဒီနေ့ ကျွန်မတို့ကို ဘယ်ခေါ်သွားမှာလဲ?"

မနေ့ညက အိပ်ခါနီး ဖူဟန်ပြောခဲ့သည့် စကားအား သူမ မှတ်မိနေခြင်း ဖြစ်သည်။

"မနေ့ညကလည်း မင်း ဒီမှာပဲ လာအိပ်ပြန်ပြီပဲ"

ဖူဟန် တိုက်ရိုက်မဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ကျွန်မ တစ်ယောက်တည်း မအိပ်တတ်လို့ပါ"

ချင်ချင် အကြောင်းပြချက် ပေးလိုက်သည်။

သူမ လိမ်ပြောနေခြင်း မဟုတ်ချေ။ သူမ ခန္ဓာကိုယ်မှာ ဖူဟန်၏ကိုယ်သင်းနံ့အား ကျင့်သားရနေပြီဖြစ်ရာ တစ်ယောက်တည်း အိပ်ရသည်မှာ တကယ်ပင်နေရခက်လှသည်။

သူမ တစ်နာရီ၊ နှစ်နာရီခန့် လူးလှိမ့်နေသော်လည်း အိပ်မပျော်ခဲ့ဘဲ၊ ဖူဟန် ဘေးနား၌ လဲလျောင်းလိုက်သည်နှင့် တပြိုင်နက် အိပ်ငိုက်လာကာ ချက်ချင်းအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။

ချင်ချင်တစ်ယောက် "ခိုးအိပ်" တတ်သည့် အကျင့်မှာ တစ်ကြိမ်တည်းမဟုတ်ချေ။ ဖူဟန် အမြဲတမ်းဆူပူသော်လည်း သူမ ဘယ်တော့မှ ပြင်မည် မဟုတ်ချေ။

"ကျွန်မတို့က တရားဝင် လင်မယားတွေပဲ၊ အတူတူအိပ်တာ ဘာမှားလို့လဲ?"

တစ်ခါတစ်ရံ စိတ်တိုလာလျှင် ချင်ချင် ထိုကဲ့သို့ပင် မှန်ကန်ကြောင်း အကြောင်းပြကာ ပြန်ပြောတတ်သေးသည်။

ထိုအခါမျိုးတွင် ဖူဟန်မှာ ပြန်ပြောရန် စကားလုံးမရှိတော့ချေ။

အတူတူ အိပ်ခြင်းမှာ ကိစ္စမရှိသော်လည်း၊ သူသည် မိမိကိုယ် မိမိ ထိန်းချုပ်နိုင်စွမ်းကို မယုံကြည်ခြင်း ဖြစ်သည်။ သို့သော် ဤလူလည်မလေးမှာမူ ဘာမှမသိနားမလည်ဟန်ဖြင့် သူ့သည်းခံနိုင်စွမ်းအား အမြဲစမ်းသပ်နေတော့သည်။

"သစ်သီးတွေကို မဖယ်ထုတ်နဲ့"

ချင်ချင် မသိမသာ ဖယ်ထုတ်ထားသော သစ်သီးပန်းကန်အား ဖူဟန် သူမရှေ့သို့ ပြန်တွန်းပို့လိုက်ပြီး၊ အစားအသောက် မရွေးရန် တည်ကြည်စွာ စိုက်ကြည့်လျက် တားမြစ်လိုက်သည်။

"ကျွန်မက နဂါးမောက်သီးမကြိုက်ဘူး!"

ချင်ချင် တိုးတိုးလေး ညည်းတွားသော်လည်း အတိအလင်း မပုန်ကန်ရဲဘဲ နဂါးမောက်သီးကိုသာ အလိုက်သင့် စားလိုက်ရရှာသည်။

သားနှစ်ယောက်မှာ အိမ်တွင် မရှိကြသဖြင့် ဇနီးမောင်နှံနှစ်ဦး မနက်စာ စားသောက်ပြီးနောက် အပြင်ထွက်ရန် ပြင်ဆင်ကြသည်။

ဘယ်ကို သွားမည်မှန်း မသိသဖြင့် လမ်းအများကြီး လျှောက်ရမည်ကို စိုးရိမ်သောကြောင့် ချင်ချင် ဒေါက်ဖိနပ်အစားပိုသက် သောင့်သက်သာရှိသော အဖြူရောင် စနီကာဖိနပ်တစ်စုံ ရွေးချယ်ဝတ်ဆင်လိုက်သည်။

သူမသည် အားကစားဆန်သော ဝတ်စုံအား ဝတ်ဆင်ကာ ဆံပင်ကို မြင်းမြီးပုံစံလေး စည်းထားသဖြင့် ငယ်ရွယ်နုပျိုကာ တက်ကြွလှုပ်ရှားနေသည့် ပုံစံလေး ပေါက်နေသည်။ နှိုင်းယှဉ်ကြည့်လျှင် ဖူဟန်သည်လည်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အရွယ်တင်နေသော်လည်း၊ သူ၏ အလွန်အမင်းတည်ကြည်လွန်းသော အမူအရာကြောင့် ချင်ချင့်ထက် အသက်အများကြီး ပိုကြီးနေသယောင် ထင်ရစေသည်။

အတူတူရပ်နေကြလျှင် သူတို့မှာ ဇနီးမောင်နှံနှင့် မတူဘဲ၊ ကလေးအား လိုက်ပို့နေသည့် မိဘတစ်ဦးနှင့် ပိုတူနေသည်။

"ဦးဦး... မြန်မြန်လုပ်ပါ၊ မြန်မြန်! ရှင်က အရမ်းနှေးတာပဲ!"

ချင်ချင် ဖူဟန်hလက်အား ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။

ဖူဟန် သူမနောက်မှ လိုက်လာရင်း သူမ စကားကြောင့် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ဦးဦး တဲ့လား?

သူက သူမထက် နှစ်နှစ်ပဲကြီးတာကို၊ သူမကတော့ သူ့ကို အိုနေပြီလို့တောင် သတ်မှတ်နေပြီပေါ့။

သူတို့နှစ်ဦး ကားပေါ်သို့ တက်လိုက်ကြသည်။ ဒရိုင်ဘာအားမခေါ်ဘဲ ဖူဟန်ကိုယ်တိုင် ကားမောင်းကာ သူတို့၏မသိသေးသော ခရီးစဉ်ဆီသို့ အတူတူထွက်ခွာလာခဲ့ကြသည်။

ချင်ချင် အပြင်ဘက်မှ ရှုခင်းများအား စပ်စုလိုသော မျက်လုံးများဖြင့် ငေးကြည့်နေမိရာ၊ ရင်းနှီးနေသော လမ်းမများကိုသာ တွေ့ရသဖြင့် သူတို့ မြို့ပြင်သို့ သွားနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။

ကားသည် တက္ကသိုလ်နယ်မြေထဲသို့ တည့်တည့်မတ်မတ် မောင်းဝင်သွားပြီး အလယ်ဗဟိုရှိ အကြီးဆုံး ကျောင်းဝင်းထဲတွင် ရပ်လိုက်သည်။

"ဒါ ဘယ်နေရာလဲ...?"

ချင်ချင် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။

"ဒါ ငါတို့ရဲ့ ကျောင်းတော်ကြီးလေ၊ မင်း ဘယ်တက္ကသိုလ် တက်ခဲ့ရလဲဆိုတာ သိချင်နေတယ် မဟုတ်လား?"

"တကယ်ကြီးလား?"

ချင်ချင် အနည်းငယ် အံ့အားသင့်သွားသည်။

"ကျွန်မက ဘယ်လိုလုပ်ပြီး ကျင်းလင်တက္ကသိုလ်ကို တက်နိုင်မှာလဲ!"

၎င်းမှာ ပြည်နယ်အတွင်းရှိ အဓိက တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး မြို့တော်ရှိ တက္ကသိုလ်များကဲ့သို့ပင် ဂုဏ်သတင်း ကြီးမားလှကာ ဝင်ခွင့်ရမှတ်မှာလည်း အလွန်ပင် မြင့်မားလှသည်။

မိမိအခြေအနေအား မိမိသိသော ချင်ချင်မှာ အထက်တန်းကျောင်း စတက်ချိန်တွင် သူမ အမှတ်များ ကျဆင်းသွားခဲ့သည်ကို မှတ်မိနေသည်။ သူမ၏ အတန်းပိုင် ဆရာကပင် ထိပ်တန်း တက္ကသိုလ်တစ်ခုသို့ တက်ရန် ပြဿနာမရှိသော်လည်း ကျင်းလင် တက္ကသိုလ်သို့ တက်ရန်မှာမူ အလှမ်းဝေးနိုင်ကြောင်း ပြောခဲ့ဖူးသည်။

ဆရာမှ အကြောင်းမရှိဘဲ ပြောမည်မဟုတ်ရာ၊ ၎င်းမှာ သူမ ဝင်ခွင့်ရရန် အခွင့်အရေး နည်းပါးကြောင်း ဆိုလိုခြင်းပင်။

ထို့ကြောင့် ချင်ချင်မှာ ကျင်းလင် တက္ကသိုလ်သို့ တက်နိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ သူမ တက်နိုင်ခဲ့သည်။

တကယ်ကို နာမည်နဲ့လိုက်အောင်တော်တဲ့သူပဲ!

အရှက်မရှိသော ထိုကလေးမလေးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်၍ဂုဏ်ဖော်နေလေတော့သည်။

ဖူဟန်နှင့် ချင်ချင်တို့ ကားပေါ်မှ ဆင်းလိုက်ကြသော်လည်း ချက်ချင်း ထွက်မသွားဘဲ ကားနောက်ခန်းသို့ သွားကာ တစ်ခုခု ယူလိုက်ကြသည်။

"ဘာယူတာလဲ?"

ချင်ချင် သိချင်စိတ်ဖြင့် အနားသို့ တိုးကြည့်လိုက်သည်။

ဖူဟန် ပန်းစည်းတစ်ခုနှင့် လက်ဆောင်ဘူးတစ်ခု ထုတ်ယူလိုက်သည်။

“ဒီနေ့က ပါမောက္ခကျန်းရှန်ရဲ့ မွေးနေ့လေ၊ သူ့ရဲ့တပည့်တွေအနေနဲ့ သွားရောက် ဂါရဝပြုသင့်တာပေါ့”

“ပါမောက္ခကျန်းရှန်?”

ချင်ချင့်မှတ်ဉာဏ်ထဲတွင် ထိုသို့သောသူမျိုး မရှိချေ။

“သူက တက္ကသိုလ်တုန်းက ငါတို့ရဲ့ပါမောက္ခလေ၊ ပြီးတော့ မင်းနဲ့ ငါ့ရဲ့ပါရဂူဘွဲ့ လမ်းညွှန်ဆရာမလည်း ဖြစ်တယ်”

ဖူဟန် ရှင်းပြလိုက်သည်။

“ဟင်? ကျွန်မက ဘွဲ့လွန်အထိတောင် တက်ခဲ့တာလား?”

ချင်ချင် အံ့ဩသွားပုံရသည်၊ သူမ အာရုံမှာ 'ဘွဲ့လွန်' ဆိုသည့် စကားလုံးပေါ်၌သာ ရှိနေသည်။

“ကျွန်မက နိုင်ငံခြားမှာ ပညာတော်သင်သွားရမယ်လို့ ထင်နေတာ”

၎င်းမှာ သူတို့ကဲ့သို့ မိသားစုများမှ ကလေးများအတွက် ပုံမှန်သွားလေ့ရှိသော လမ်းကြောင်းပင် ဖြစ်သည်။

တက္ကသိုလ်တက်ပြီးလျှင် နိုင်ငံခြားသို့ ပညာတော်သင်သွားကြသည်၊ သို့မဟုတ် အထက်တန်း အောင်ပြီးသည်နှင့် တိုက်ရိုက် သွားကြသည်။ တရုတ်နိုင်ငံမှာပဲ ဆက်လက် ပညာသင်ကြားသူမှာ အလွန်ပင် ရှားပါးလှသည်။

ချင်ချင်သည်လည်း ထိုလမ်းကြောင်းအတိုင်း သွားရမည်ဟု ထင်ထားသော်လည်း သူမသည် ကွဲပြားသော လမ်းကြောင်းအား ရွေးချယ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“တရုတ်နိုင်ငံက ကျောင်းအများကြီးဟာလည်း တော်တော်လေး ကောင်းမွန်ပါတယ်၊ ပြီးတော့ မင်းက ပြည်နယ်ရဲ့ ထိပ်တန်း ကျင်းလင် တက္ကသိုလ်မှာ တက်ခွင့်ရခဲ့တာဆိုတော့ ဘွဲ့တစ်ခုအတွက် နိုင်ငံခြားအထိသွားစရာမလိုတော့ဘူးလေ၊ အရေးကြီးဆုံးကတော့...”

ဖူဟန် စကားကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ချင်ချင်မှာ အရှိန်မထိန်းနိုင်ဘဲ သူ့ရင်ခွင်ထဲသို့ တိုးဝင်မိသွားရာ၊ ဖူဟန် သူမ၏ သွယ်လျသော ခါးလေးအားလက်တစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။

“ကိုယ်က ဒီမှာရှိနေတာလေ၊ မင်းက ဘယ်ကို သွားချင်သေးလို့လဲ?”

သူမ၏ဖြူစင်သော ပါးပြင်လေးများမှာ တဖြည်းဖြည်း နီမြန်းလာကာ တစ်ကိုယ်လုံး ပူနွေးလာသလို ခံစားလိုက်ရသည်။ ချင်ချင် ဦးနှောက် ပြာကျမသွားစေရန် ဤ "မီးဖိုကြီး" ထဲမှ အမြန် ရုန်းထွက်လိုက်ရသည်။

“ကျွန်မ မှတ်မိတာတော့ ရှင် ပြောခဲ့တာက ကျွန်မ တက္ကသိုလ်တောင်မပြီးသေးခင် ရှင့်ကို လက်ထပ်ခဲ့တာ ဆိုလား?”

သူမ ဖူဟန် လက်ထဲမှပန်းစည်းအား လုယူကာ မိမိမျက်နှာရှေ့တွင် ကာထားလိုက်သည်၊ သူမ၏အမူအရာကို မည်သူ့ကိုမျှ မမြင်စေချင်သောကြောင့် ဖြစ်သည်။

“ဟုတ်တယ်”

ဖူဟန် သူမ စကားလုံးအမှားကို ပြင်ပေးလိုက်သည်။

“ကိုယ်က တရားဝင်လက်ထပ်နိုင်တဲ့ အသက်အရွယ်ရောက်ရောက်ချင်း မင်းကို လက်ထပ်ခဲ့တာပါ”

အဲဒါက ဘာကွာလို့လဲ? ဘယ်လိုပဲဖြစ်ဖြစ် သူမ တက္ကသိုလ်တက်နေတုန်း ဖြစ်ခဲ့တာပဲ။

“ဒါဆို ကျွန်မ သားကြီးကိုကိုယ်ဝန်ရှိတုန်းက ကျောင်းတက်နေတုန်းပေါ့?”

သူ လက်ထပ်ပြီး နှစ်လအကြာမှာပင် ကိုယ်ဝန်ရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူမသည် တတိယနှစ်စတက်ခါစသာ ရှိသေးပြီး ဘွဲ့မရသေးသည်မှာ သေချာလှသည်။

ထိုအကြောင်းအရာ ပေါ်လာတိုင်း ချင်ချင်တစ်ယောက်စိတ်ကူးယဉ်ကြည့်မိသည်။

ဗိုက်အကြီးကြီးနှင့် ကျောင်းဝင်းထဲမှာ စာသင်နေရမည်၊ သူမ၏ အတန်းဖော်များမှ, ဘာမှမသိသေးချိန်တွင် သူမကတော့ အိမ်ထောင်ကျပြီး မိခင်တစ်ဦး ဖြစ်နေပြီ... ထိုမြင်ကွင်းအား တွေးကြည့်ရုံနှင့်ပင် သူမအတွက်တော့ တုန်လှုပ်စရာကြီး ဖြစ်နေသည်။

ချင်ချင်တစ်ယောက် ပန်းစည်းထဲမှာ ခေါင်းဝင်ပုန်းနေသည်ကို မြင်သောအခါ ဖူဟန် မျက်ဝန်းထဲတွင် အပြုံးရိပ်လေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူ့ဇနီးသည် ဘာတွေ တွေးနေသလဲဆိုသည်ကို သူ သိပါသည်၊ ကိုယ်ဝန်ရှိစဉ်က သူမသည် အလွန်ပင် တက်ကြွနေခဲ့ပြီး သူ့အား အရာအားလုံး ရင်ဖွင့်တိုင်ပင်လေ့ ရှိခဲ့သည်မဟုတ်လား?

သူ ချင်ချင့်ခါးလေးကို အသာအယာဖက်လိုက်ကာ ရှေ့သို့ ချစ်ခင်စွာ ခေါ်ဆောင်သွားတော့သည်။

"မင်းက အရမ်းပိန်တာပဲ၊ ကိုယ်ဝန်ရှိတုန်းကလည်း အရမ်းဝမလာခဲ့သလို၊ ကိုယ်ဝန်ရှိတဲ့ အချိန်ကလည်းကွက်တိပဲ ရာသီဥတုက အေးနေတော့ အင်္ကျီတွေ အထပ်ထပ်ဝတ်ထားရတယ်၊ မင်း ကလေးမွေးပြီးတဲ့အထိတောင် မင်းမှာ ကိုယ်ဝန်ရှိခဲ့ဖူးတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး"

ချင်ချင့်ရင်းနှီးသော သူငယ်ချင်းများနှင့် လမ်းညွှန်ဆရာများအပြင်၊ ပါမောက္ခကျန်းရှန်သည်လည်း ထိုအကြောင်းအား သိရှိသူများ ထဲတွင် ပါဝင်သည်။ သူသည် ချင်ချင်ကိုယ်ဝန်နှင့် ကျောင်းတက်နေစဉ်အတွင်းများစွာ ကူညီပေးခဲ့သူဖြစ်ရာ၊ ဖူဟန်မှာ ထိုလေးစားအပ်သော ပါမောက္ခကြီးအား အလွန်ကျေးဇူးတင်မိပါသည်။

ပါမောက္ခ ကျန်းရှန်မှာ ယခုနှစ်တွင် အသက် ၇၀ ရှိပြီဖြစ်ရာ အနားယူသင့်သောအရွယ်ဖြစ်သည်။

သို့သော်လည်း ကျောင်းတော်ကြီးမှ ထိုကဲ့သို့ အရည်အချင်းရှိသော ပုဂ္ဂိုလ်မျိုးအား လက်မလွှတ်နိုင်သဖြင့်၊ သူ အနားယူပြီးနောက်တွင်ပင် လစာအမြောက်အမြားပေး၍ ဆရာကြီးအား ပြန်လည်သင်ကြားပေးရန် တောင်းပန်ခဲ့ကြသည်။

တစ်သက်လုံး စာသင်လာခဲ့သော ဆရာကြီးမှာလည်း အိမ်မှာအငြိမ်မနေနိုင်သဖြင့် ကျောင်း၏ကမ်းလှမ်းချက်အား လက်ခံကာ ကျောင်းသားများကို ဆက်လက်သင်ကြားပေးနေခြင်းဖြစ်သည်။

သို့သော် သူသည် တပည့်အသစ်များအား လမ်းညွှန်ပေးခြင်း မပြုတော့ဘဲ၊ ဘာသာရပ်ဆိုင်ရာ ဆရာအဖြစ် အပတ်စဉ် အတန်းအနည်းငယ် သင်ကြားပေးပြီး တစ်ခါတစ်ရံဟောပြောပွဲများသာ ပြုလုပ်ပေးတော့သည်။ ကျန်ရှိသော အချိန်များကိုမူ အေးချမ်းစွာအနားယူရင်းကုန်လွန်စေသည်။

မလာခင်က ဖူဟန် စုံစမ်းကြည့်ခဲ့ရာ ပါမောက္ခကျန်း၌ ယနေ့နံနက် ၉ နာရီတွင် အတန်းရှိကြောင်း သိရှိခဲ့သည်။ ယခုအချိန်မှာ ၈ နာရီခွဲသာ ရှိသေးသဖြင့် ပါမောက္ခကျန်း၏ အလေ့အထအရ သူ စာသင်ဖို့ကြိုတင်ပြင်ဆင်ရန်ကျောင်းသို့ စောစီးစွာ ရောက်ရှိနေမည်မှာ သေချာလှသဖြင့် ရုံးခန်း၌ တွေ့နိုင်ရန် အခွင့်အရေး များလှသည်။

ထင်သည့်အတိုင်းပင် ဖူဟန် ခန့်မှန်းချက်မှန်ကန်သွားသည်။

ပါမောက္ခကျန်းမှာ ရုံးခန်းထဲတွင် ရှိနေရုံမျှမက၊ အထဲ၌ လူအတော်များများလည်း ရောက်ရှိနေကြသည်။

ထိုလူများထဲတွင် ဝတ်စုံပြည့်ဖြင့် အောင်မြင်နေသော လူကြီးများမှသည် ငယ်ရွယ်နုပျိုသော ကျောင်းသားများအထိ ပါဝင်သော် လည်း၊ ခြွင်းချက်မရှိ အားလုံးမှာ ပါမောက္ခကျန်း၏တပည့်များပင်။

ဖူဟန် မအံ့ဩမိချေ။ ပါမောက္ခကျန်း၌ ကမ္ဘာအနှံ့တွင် တပည့်များစွာရှိနေသည်ဖြစ်ရာ၊ ဤကဲ့သို့ ပြုမူတတ်သူမှာ သူတစ်ယောက်တည်း မဟုတ်သည်မှာ သေချာလှသည်။

သို့သော် အထင်ရှားဆုံးလူများမှာမူ သူတို့နှစ်ဦးပင်ဖြစ်ပေလိမ့်မည်။

သူနှင့် ချင်ချင်ဝင်လာသည်နှင့် တပြိုင်နက် လူတိုင်းအကြည့်များမှာ သူတို့ဆီသို့ ချက်ချင်းရောက်ရှိသွားတော့သည်။

သူတို့၏ လူမှုပတ်ဝန်းကျင်မှာ ထပ်တူကျနေသည်ဖြစ်ရာ လူအများအပြား သူတို့အားသိကြသည်။ သူတို့နှစ်ဦးအား မြင်လိုက်ရချိန် တွင် အခန်းထဲ၌ အလိုအလျောက်တိတ်ဆိတ်သွားတော့သည်။

ကျောင်းအုပ်ကြီး လာရောက်စစ်ဆေးသည်ဟုပင် ထင်မှတ်ရပေသည်။

တပည့်များ ဝိုင်းရံထားသော ပါမောက္ခကျန်း နှုတ်ဆက်လိုက်မှသာ တိတ်ဆိတ်မှုမှာ ပြိုကွဲသွားတော့သည်။

"ဖူဟန်နဲ့ ကူးချင်ချင်တို့ပါလား? မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ?"

"ကြည့်ပါဦး ဆရာကြီးရယ်! ဒီနေ့က ဆရာကြီးရဲ့ အသက် ၇၀ ပြည့် မွေးနေ့လေ၊ တပည့်တွေအနေနဲ့ လာရောက် ဂုဏ်ပြုတာပါ၊ ဒါကတော့ ဖူဟန်နဲ့ ကျွန်မတို့ အတူတူ ရွေးထားတဲ့ ပန်းစည်းလေးပါ၊ ဆရာကြီးအတွက် လက်ဆောင်ပါနော်"

ချင်ချင့်၏ပါးနပ်ပြီး ချိုသာလှသော စကားများမှာ အခြေအနေအားပေါ့ပါးသွားစေကာ၊ သူမသည် ပန်းစည်းကို လက်ဆောင်အဖြစ် ပါးနပ်စွာ အသုံးပြုလိုက်သဖြင့် ပါမောက္ခကျန်းမှာ ပျော်ရွှင်စွာဖြင့်ပြုံးရွှင်သွားတော့သည်။

"နှစ်တွေ အများကြီးကြာသွားတာတောင် မင်းကတော့ အရင်လိုတက်ကြွနေတုန်းပဲ၊ ကောင်းတယ်၊ ကောင်းတယ်"

သူ ပန်းစည်းအား ယူလိုက်ကာ စားပွဲပေါ်ရှိ အခြားသော ပန်းစည်းများကိုလျစ်လျူရှုလျက် ချင်ချင့်ပန်းစည်းကို အလယ်ဗဟို၌ တင်ထားလိုက်သည်။

"ဆရာကြီး၊ ဒါကတော့ ကျွန်တော်တို့ ပြင်ဆင်လာတဲ့ လက်ဆောင်လေးပါ"

ဖူဟန်သည်လည်း ရှေ့သို့ တိုးလာကာ ကြိုတင်ပြင်ဆင်ထားသော လက်ဆောင်ကို ပါမောက္ခကျန်းအား ပေးအပ်လိုက်သည်။

မမျှော်လင့်ဘဲ ခဏလေးတင် ပန်းစည်းကို ပြုံးရွှင်စွာ လက်ခံခဲ့သော ပါမောက္ခကျန်းမှာ ရုတ်တရက် တည်ကြည်သွားကာ ဖူဟန်အား ပြင်းထန်စွာ ဆူပူလျက်လက်ဆောင်ကို ပြန်ယူသွားရန် အမိန့်ပေးတော့သည်။

"ဒါကို အမြန်ပြန်ယူသွားစမ်း၊ ငါက လက်ဆောင်တွေရချင်လို့ စာသင်နေတာ မဟုတ်ဘူး"

ပန်းစည်းဆိုလျှင် ရပါသည်၊ နောက်မှ အခြားရုံးခန်းသို့ သယ်သွားကာ ဆရာအားလုံးပန်းရနံ့အား ခံစားနိုင်ရန် လုပ်၍ ရသည်။ သို့သော် လက်ဆောင်များကိုမူ ပါမောက္ခကျန်း လုံးဝလက်မခံနိုင်ချေ။

ဖူဟန်မှာ အနည်းငယ် မတတ်သာသလိုဖြစ်သွားသော်လည်း ပါမောက္ခကျန်းစရိုက်ကို သိနေသည်ဖြစ်ရာ "ဒါက တန်ဖိုးကြီးတဲ့ အရာ မဟုတ်ပါဘူး"

"တန်ဖိုးမကြီးရင်တောင် ငါ မယူချင်ဘူး၊ ပြန်ယူသွားစမ်း! ငါ လိုချင်တာမှန်သမျှ ငါ့ဘာသာဝယ်နိုင်တယ်၊ မင်းတို့ဆီက ဘာမှ မလိုချင်ဘူး!"

သူသည် ယင်ကောင်အား မောင်းထုတ်သကဲ့သို့ လက်ကို ခါယမ်းပြလိုက်ရာ သူ့ငြင်းဆိုမှုမှာ အလွန်ပြတ်သားလှသည်။

All Chapters