အခန်း (၁၄၂)
Vol. 16 Ch. 142
ဖူဟန် သူမအား ပါမောက္ခကျန်းဆီ ပြန်ခေါ်လာချိန်တွင် ချင်ချင့်မျက်နှာလေးမှာ ဝင်းမှည့်နေသော ပန်းသီးနီလေးတစ်လုံးကဲ့သို့ နီမြန်းနေဆဲပင်။
ပါမောက္ခကျန်းမှာ လောကအတွေ့အကြုံများသူပီပီ ဘာတွေဖြစ်ပျက်ခဲ့သည်ကို တစ်ချက်ကြည့်ရုံနှင့် ရိပ်မိလိုက်သည်။
သို့သော် ဤသည်မှာ တပည့်များ၏ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်ပြီး သူနှင့်မဆိုင်သလို၊ တစ်ဖက်ကလည်း တရားဝင်လင်မယားများ ဖြစ်ကြရာ ဘာပဲလုပ်လုပ် ကျိုးကြောင်းဆီလျော်လှသည် မဟုတ်လား?
သူ ပြုံးလျက်ပင် ထရပ်လိုက်ပြီး ချင်ချင့်အား ပန်းစည်းကူသယ်ခိုင်းကာ၊ သူကိုယ်တိုင်ကမူ ခြင်းတောင်းတစ်လုံးကို ဆွဲ၍ အေးအေးလူလူပင် ရှေ့မှ ဦးဆောင်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ချင်ချင့်မှတ်ဉာဏ်များမှာ အချိန်မီပြန်လည်နိုးထလာခဲ့သည်။ တက္ကသိုလ်စတက်ကာစ အမှတ်တရလေးများသာ ဖြစ်သော်လည်း ပါမောက္ခကျန်းရှန်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ပြန်သတိရစေသည်။
ဥပမာအားဖြင့် သူသည် သူမတို့ပါမောက္ခဖြစ်ရုံသာမက ဤပညာရပ်နယ်ပယ်၌ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
သို့သော် သူတို့အား စိတ်အဝင်စားဆုံးဖြစ်စေသည်မှာ ပါမောက္ခကျန်းနှင့် ဆရာကတော်တို့၏အချစ်ဇာတ်လမ်းပင်။
အမှတ်ရစရာအကောင်းဆုံးအချက်မှာ သူတို့ဇနီးမောင်နှံမှာ တစ်ရက်၊ တစ်လ၊ တစ်နှစ်တည်းမှာပင် အတူတူမွေးဖွားခဲ့ကြခြင်း ဖြစ်ရာ၊ လောကကြီး၏ထူးဆန်းအံ့ဩဖွယ်ရာ တိုက်ဆိုင်မှုဟုပင် ဆိုရပေမည်။
ထို့ကြောင့် ယနေ့မှာ ပါမောက္ခကျန်းမွေးနေ့ဖြစ်သလို ဆရာကတော်၏မွေးနေ့လည်း ဖြစ်နေသည်။
ချင်ချင့်အား ကူသယ်ခိုင်းထားသော ပန်းစည်းနှင့် လက်ဆောင်မှာ သူ့ချစ်ဇနီးအတွက်ပေးမည့် မွေးနေ့လက်ဆောင်များပင်။
ဖူဟန် နောက်မှ လိုက်လာရင်း ချင်ချင် သူ့အား မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ပါမောက္ခကျန်း ထိုမျှအထိ ရိုမန်းတစ်ဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ကျောင်းသားများရှေ့တွင်မူ ဤပါမောက္ခကြီးမှာ အလွန်တည်ကြည်သူဖြစ်ပြီး တစ်ခါတစ်ရံမှသာ ဟာသလေးများနှောတတ်သူ ဖြစ်သည်။ ပညာရပ်ပိုင်းတွင်လည်း အလွန်ထူးချွန်သဖြင့် ကျောင်းသားများ၏ချစ်ခင်အားကိုးမှုကို ရရှိထားသူလည်း ဖြစ်သည်။
သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးမှာ တက္ကသိုလ် ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ နေထိုင်ကြသည်။
ဒုတိယထပ်၊ အခန်း (၁)
ဤနေရာရှိ ဝန်ထမ်းအိမ်ရာများမှာ အတော်လေးကောင်းမွန်လှသည်။ ခုနစ်ထပ်အဆောက်အအုံဖြစ်ပြီး တစ်ထပ်လျှင် အိမ်ထောင်စု နှစ်စုစီသာရှိသည်။ အခန်းဖွဲ့စည်းပုံမှာ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါဝင်ရာ ဆရာ၊ ဆရာမများ မိသားစုအလိုက် နေထိုင်ရန် လုံလောက်လှသည်။
ပါမောက္ခကျန်း အတန်းပြီးချိန်မှာ အတော်နောက်ကျသွားပြီဖြစ်ရာ ချင်ချင်တို့တစ်သိုက် အိမ်ရောက်ချိန်တွင် နေ့လယ်စာစားချိန် နီးကပ်နေပြီဖြစ်သည်။
အိမ်တံခါးအား ဖွင့်လိုက်သည်နှင့် ဟင်းနံ့မွှေးမွှေးလေးများ လွင့်ပျံလာတော့သည်။
ချင်ချင် မျက်လုံးလေးမှိတ်ကာ အနံ့ကိုအားပါးတရ ရှူရှိုက်လိုက်ရင်း "မွှေးလိုက်တာ!" ဟု ရေရွတ်မိသည်။
"မင်းရဲ့ဆရာကတော်ကတော့ ဟင်းတွေ ပြင်ဆင်ပြီးနေပြီ ထင်တယ်ဟေ့"
မိမိနှင့်ဇနီးသည်၏မွေးနေ့ဖြစ်၍လားမသိ၊ ပါမောက္ခကျန်းမှာ တစ်နေ့လုံး မျက်နှာထက်မှအပြုံးမပျက်ဘဲ စိတ်ရွှင်လန်းနေသည်။
ယခုလည်း ချင်ချင်ထက်ပင် အလျင်လိုကာ အိမ်ထဲသို့အပြေးဝင်သွားပြီး မီးဖိုချောင်ထဲသို့ တန်းဝင်သွားတော့သည်။
သို့သော် ခဏအကြာမှာပင် ဟင်းမွှေယောက်မကြီးဖြင့် အမောင်းထုတ်ခံလိုက်ရလေသည်။
"ခိုးစားဖို့ ကြံပြန်ပြီလား? အခုချက်ချင်း ထွက်သွားစမ်း၊ ဒီနေ့ ဧည့်သည်တွေလာမှာလေ!"
ဆရာကတော်မှ ပါမောက္ခကျန်းအား မီးဖိုချောင်မှ မောင်းထုတ်လိုက်သည်။ သူမ မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် အဝင်ဝ၌ အူကြောင်ကြောင်ရပ်နေသော ချင်ချင်နှင့် အေးဆေးတည်ငြိမ်နေသော ဖူဟန်တို့အား မြင်သွားသည်။ သူမ ခဏမျှ မှင်တက်သွား ပြီးမှ ပါမောက္ခကျန်းအား ဘေးသို့ အမြန်တွန်းဖယ်ကာ ပြုံးရွှင်စွာဆီးကြိုလိုက်တော့သည်။
"ချင်ချင်နဲ့ ဖူဟန်တို့ ရောက်လာပြီပဲ! အချိန်က ကွက်တိပဲ၊ ဟင်းတွေလည်း အဆင်သင့်ဖြစ်ပြီ၊ လာ... လာစားကြ!"
ဆရာကတော်မှ ချင်ချင်နှင့် ဖူဟန်အား သိသိသာသာမှတ်မိနေပြီး သူမ သဘောထားမှာ အလွန်နွေးထွေးလှသည်။
သူမသည် ချင်ချင့်အား ဆိုဖာပေါ်တွင် ထိုင်ခိုင်းကာ ဆေးကြောထားသော ချယ်ရီသီးတစ်ဆုပ်ကိုငြင်းခွင့်မပေးဘဲ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ပါမောက္ခကျန်းအာ ဧည့်သည်များကို သေသေချာချာဧည့်ခံရန် မှာကြားပြီး သူမ အလုပ်များကို ဆက်လုပ်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့သည်။
"ဟို... ကျွန်မ ကူလုပ်ပေးပါရစေ"
လူကြီးနှစ်ယောက် အလုပ်ရှုပ်နေချိန်တွင် ဆိုဖာပေါ်၌ ထိုင်ကြည့်နေရသည်မှာ ချင်ချင် အားနာလှသဖြင့် မီးဖိုချောင်ထဲသို့ ကူရန် ထလိုက်သော်လည်း ပါမောက္ခကျန်း တားလိုက်သည်။
"မင်းကလည်း ခက်တော့တာပဲ! မီးဖိုချောင်ထဲသွားရင် မင်းက ကူမှာလား၊ ဒါမှမဟုတ် ရှုပ်အောင် လုပ်မှာလားဆိုတာ ငါလည်း မသိဘူး"
မိမိ၏ဟင်းချက်စွမ်းရည် အထင်သေးခံရသဖြင့် ချင်ချင် စိတ်တိုသွားကာပြန်ချေပလိုက်သည်။
"ဆရာကြီးကတော့ မီးဖိုချောင်ထဲသွားရင် ရှုပ်အောင်ပဲ လုပ်မှာဆိုတာ မြင်သာနေတာပဲလေ"
"အဲဒါကြောင့် ငါက ဒီမှာ လိမ်လိမ်မာမာထိုင်နေတာ မင်းမမြင်ဘူးလား?"
ပါမောက္ခကျန်းမှာ မိမိကိုယ် မိမိ မီးဖိုချောင်ဖျက်ဆီးသူအဖြစ် လိုလိုလားလားပင် ဝန်ခံလိုက်သည်။
ချင်ချင်: "..."
ပါမောက္ခကျန်းအား စကားနှင့် မယှဉ်နိုင်မှန်း သိလိုက်ရသဖြင့် ချင်ချင် အကူအညီရှာသကဲ့သို့ လှည့်ကြည့်လိုက်ရာ၊ ဖူဟန်မှာ မီးဖိုချောင်ထဲဝင်ကာ ဆရာကတော်အား ကူချက်ပေးနေသည်ကို တွေ့လိုက်ရသည်။
ကောင်းပါပြီလေ၊ သူမပဲ ဒီမှာထိုင်ပြီး ပါမောက္ခကျန်း လက်ဖက်ရည်သောက်တာကို အဖော်ပြုပေးလိုက်ပါတော့မည်။
"အခု မှတ်ဉာဏ်တွေပြန်ရလာတော့ မင်းက ဘယ်နှစ်နှစ်အရွယ်လောက် ရောက်နေပြီလဲ?"
ပါမောက္ခကျန်း ချင်ချင့်အခြေအနေအား စတင်မေးမြန်းလာသည်။
"၁၈ နှစ်ပါ၊ ဒီနှစ်မှ တက္ကသိုလ် စတက်တဲ့အရွယ်ပေါ့"
ချင်ချင် ရိုးရိုးသားသား ဖြေလိုက်သည်။
“ဒါဆို မင်း ငါက ဘယ်သူလဲဆိုတာ မှတ်မိပြီပေါ့”
“မှတ်မိတာပေါ့ရှင်၊ ဆရာကြီးကို ကျွန်မ ဘယ်လိုလုပ်မေ့နိုင်မှာလဲ?”
ချင်ချင် ပါမောက္ခကျန်းအား ချိုချိုသာသာ ချွဲနွဲ့ပြောဆိုလိုက်ရာ၊ ကလေးတစ်ယောက်နှယ် ဖြစ်လာသော ပါမောက္ခကြီးမှာ ကျေနပ်ပီတိဖြစ်ကာ ပြုံးရွှင်သွားတော့သည်။
အပြင်ဘက်မှ သက်ကြီးရွယ်အိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့၏ရယ်မောသံကို ကြားရသောအခါ မီးဖိုချောင်ထဲရှိ ဆရာကတော်မှာလည်း နားလည်စွာဖြင့် ပြုံးလိုက်မိသည်။
“သူတို့ဆက်ဆံရေးက ခုထက်ထိအရမ်းကောင်းနေတုန်းပဲ”
“ချင်ချင်က ဆရာမကြီးတို့ရဲ့သမီးဆိုတဲ့ ဘွဲ့ပဲလိုတော့တာပါ၊ အဲဒါကြောင့် ဆရာမကြီးတို့နဲ့ ရင်းနှီးနေတာ သဘာဝပါပဲ”
ဖူဟန် ညင်သာစွာ ပြောလိုက်သည်။
သူသည် မိမိ၏ဆရာ၊ ဆရာမများရှေ့တွင် အမြဲပင် နှိမ့်ချယဉ်ကျေးတတ်သူဖြစ်ပြီး၊ အထူးသဖြင့် ဤလူကြီးနှစ်ဦးမှာ သူ့ဇနီးသည်နှင့် အလွန်နက်ရှိုင်းသော ပတ်သက်မှုရှိကြသူများ မဟုတ်လား?
“သူ့အမေက မကြာခင်ကပဲ... ကဲလေ၊ ထားလိုက်ပါတော့”
သက်ပြင်းတစ်ချက်ချကာ ဆရာကတော်မှာ ပုစွန်ထုပ်ကြီးများကို ဆက်လက်ပြင်ဆင်နေသည်။
ချင်ချင် ပုစွန်ထုပ် အရမ်းကြိုက်သည်၊ အထူးသဖြင့် ဆရာကတော်၏လက်ရာဖြစ်သော ဘဲဥငန်အနှစ် ပုစွန်ထုပ်အား အလွန်နှစ်သက် သည်။ ထို့ကြောင့် ချင်ချင် နေ့လယ်စာလာစားမည်ဟုကြားသည်နှင့် ဆရာကတော်မှာ ဈေးသို့အပြေးသွားကာ ပုစွန်ထုပ် ၅ ပေါင်ခန့် ဝယ်လာခဲ့ခြင်းဖြစ်သည်။
၅ ပေါင်ဆိုသည်မှာ အများကြီးဟုထင်ရသော်လည်း အသားထုတ်လိုက်လျှင် ချင်ချင်တစ်ယောက်တည်း စားရန်ပင် မလုံလောက်လှချေ။
သို့သော် အခြားဟင်းလျာများလည်းရှိနေသဖြင့် ပုစွန်ထုပ်အများကြီးထပ်ဝယ်ရန်မှာလည်း မဖြစ်နိုင်ချေ။
အဓိကမှာတော့ အိမ်ရှိဒယ်အိုးမှာ အကုန်ဆံ့လောက်အောင် မကြီးခြင်းကြောင့်ပင်။
ဖူဟန် ဒယ်အိုးထဲမှ ဟင်းသီးဟင်းရွက်များကို အာရုံစိုက်မွှေနေစဉ် ဘေးနားရှိ ဆရာကတော်မှ ရုတ်တရက် ပြောလာသည်။
"ချင်ချင့်ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ ဟန်တယွီကိုတရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပြီတဲ့၊ သူ ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး"
ဆရာကတော်မှာ ထိုကိစ္စအားအမြဲစောင့်ကြည့်နေသူဖြစ်ပြီး၊ သူမ သူငယ်ချင်းတစ်ဦးမှာ တရားရုံးတွင် အလုပ်လုပ်နေသဖြင့် စီရင်ချက်ထွက်သည်နှင့် သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်"
ဖူဟန့်လှုပ်ရှားမှုများ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျွမ်းကျင်စွာ ဆက်လက်ချက်ပြုတ်နေသည်။ သို့သော် မမျှော်လင့်ဘဲ ဆရာကတော်က ထပ်ပြောလာသည်။
"ဟန်တယွီက အပြင်မှာ သားတစ်ယောက်ကျန်ခဲ့သေးတယ်လို့ ကြားတယ်"
သူ့မျက်ဆန်များ အနည်းငယ် ကျုံ့သွားကာ ဖူဟန် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ၊ ဆရာကတော်၏တည်ငြိမ်သော မျက်နှာနှင့် ဆုံသွားသည်။
"စိတ်မပူပါနဲ့၊ အဲဒီကလေးက ချင်ချင့်အပေါ်မကောင်းတဲ့ စိတ်မရှိပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ သူက ချင်ချင့်ကို ကျေးဇူးတင်နေတာပါ"
"ကျေးဇူးတင်တယ်?"
မိမိအဖေကို ထောင်ထဲနှစ်ခါပို့တဲ့သူကို ဘယ်သူက ကျေးဇူးတင်မှာလဲ?
ဖူဟန် စိတ်ထဲမှသရော်မှုကို ရိပ်မိပုံရသော ဆရာကတော်မှာ စိတ်ရှည်လက်ရှည်ရှင်းပြသည်။
"မင်း သိထားသင့်တာက ချင်ချင်နဲ့ ငါ့ယောင်္ကျားက နှစ်ပေါင်းများစွာကတည်းက ဆင်းရဲတဲ့ကလေးတွေကို ကျောင်းတက်နိုင်ဖို့နဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေခဲ့တာလေ၊ အဲဒီကလေးက ချင်ချင်ထောက်ပံ့ပေးခဲ့တဲ့ ကလေးတွေထဲကတစ်ယောက်ပဲ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ကျင်းတက္ကသိုလ်က ဘွဲ့ရတစ်ယောက်လည်းဖြစ်နေတယ်၊ ငါလည်း မတော်တဆ သူ့အကြောင်း သိခဲ့ရတာ၊ ချင်ချင့်အတွက် စိုးရိမ်လို့ ငါ သေသေချာချာစုံစမ်းကြည့်တော့မှ သူ့အမေက အရင်ကဟန်တယွီရဲ့ အငယ်အနှောင်း ဖြစ်ခဲ့ပေမဲ့ ဟန်တယွီရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာတဲ့၊ အဲဒီနောက်မှာ သူက မိဘမဲ့ဖြစ်ပြီး တောင်းရမ်းစားသောက်ရင်းလျှောက် သွားနေခဲ့တာ၊ ချင်ချင် သူ့ကိုထောက်ပံ့ပေးလို့သာ တခြားကလေးတွေလိုကျောင်းတက်ခွင့်ရခဲ့တာလေ၊ ဒါကြောင့် သူက ချင်ချင့် အပေါ် ဘာမကောင်းတဲ့စိတ်မှမရှိပါဘူး"
ဆရာကတော်၏ရှင်းပြချက်အား ကြားပြီးနောက် ဖူဟန် အမူအရာမှာ လုံးဝနူးညံ့သွားတော့သည်။
“သူ့ကို ကျွန်တော် သိပါတယ်၊ သူက ဟန်တယွီရဲ့သားမဟုတ်ပါဘူး”
ဆရာကတော် အံ့ဩသွားသည်။
“ဘယ်လိုဖြစ်လို့လဲ?”
“ဟန်တယွီက အဲဒီအငယ်အနှောင်းကို ဘာလို့သတ်ခဲ့တာလဲဆိုတာ ဆရာမကြီး မသိလောက်ဘူး၊ အဲဒီမိန်းမက ဟန်တယွီနောက်ကွယ်မှာ တခြားရည်းစားရှိနေပြီး အဲဒီလူနဲ့ကိုယ်ဝန်ရခဲ့တာလေ၊ သားလေးရလို့ သူက ပျော်နေပေမဲ့ အဲဒီကလေးက သူ့သွေးသားမဟုတ်မှန်း သိသွားတဲ့အခါ ဟန်တယွီက ဒါကိုလက်မခံနိုင်ခဲ့ဘူး”
ထို့ကြောင့် အငယ်အနှောင်း ရက်ရက်စက်စက် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
"... ဒါ တကယ်ကိုပဲ..."
ဆရာကတော်မှာ သက်ပြင်းချရင်း "ဒီလူတွေရဲ့ နှလုံးသားတွေက တကယ်ကို ပုပ်သိုးနေတာပဲ"
သူမ ထိုအကြောင်းအား ဆက်မပြောတော့ဘဲ ဆေးကြောထားသော ပုစွန်ထုပ်များကို ဒယ်အိုးထဲသို့ အမြန်ထည့်ကာ ဆီပူထိုးလိုက်သည်။ မွှေးကြိုင်လှသော ရနံ့များမှာ မီးဖိုချောင်ထဲမှ လွင့်ပျံလာရာ၊ အပေါက်ဝတွင် ခေါင်းကြီးတစ်လုံးနှင့် ခေါင်းငယ်တစ်လုံး ပြိုင်တူ ချောင်းကြည့်နေကြတော့သည်။
"ဟင်းတွေ ကျက်ပြီလား?"
မီးဖိုချောင်ထဲ ပေးမဝင်သော ချင်ချင်နှင့် ပါမောက္ခကျန်းတို့မှာ တံခါးဘောင်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ အထဲသို့ ချောင်းကြည့်နေကြခြင်း ဖြစ်သည်။
"ကျက်ခါနီးပြီ၊ မြန်မြန် ထမင်းခူးပြီး စားပွဲပြင်ကြတော့"
"ဟုတ်ကဲ့!"
စားစရာရှိလျှင် ချင်ချင်အတက်ကြွဆုံးပင်။ သူမ စားပွဲပြင်သည့်အလုပ်အား တာဝန်ယူကာ ပါမောက္ခကျန်းမှာ ထမင်းခူးလေ တော့သည်။
ဟင်းလျာများ အကုန်စုံသွားချိန်တွင် အရသာရှိသော အစားအစာများ ပြည့်နှက်နေသည့် စားပွဲအားကြည့်ရင်း၊ ချင်ချင်နှင့် ပါမောက္ခကျန်းတို့မှာ တစ်ချိန်တည်းမှာပင် ဘဲဥငန်အနှစ် ပုစွန်ထုပ်ဆီသို့ လက်လှမ်းလိုက်ကြသည်။
ချင်ချင်သာမက ပါမောက္ခကျန်းသည်လည်း ထိုဟင်းအားအလွန်ကြိုက်သူ ဖြစ်သည်။
သို့သော် ဆရာကတော်မှ ပုစွန်ထုပ်ချက်ရသည်မှာ အလွန်အလုပ်ရှုပ်သည်ဟု ယူဆသဖြင့် သူ့အတွက်ချက်ပေးခဲလှသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ချင်ချင့်ကျေးဇူးကြောင့် စားခွင့်ရခြင်း ဖြစ်သည်။
"ချင်ချင်၊ အများကြီးစားနော်"
ဆရာကတော်မှာ ပြုံးလျက် ချင်ချင့်အား ဟင်းများထည့်ပေးနေသည်။ ဟင်းချက်သူတစ်ဦးအတွက် မိမိလက်ရာကို ချီးကျူးခံရခြင်းထက် ပိုပျော်စရာကောင်းသည့်အရာ မရှိချေ။
ထိုချီးကျူးမှုမှာလည်း အလွန်တိုက်ရိုက်ကျလှသည်။
'အကုန်ပြောင်အောင် စားပစ်ခြင်း' သာ။
ဖူဟန် ချင်ချင့်၏ပျော်ရွှင်နေသော အမူအရာအား ပြုံးကြည့်နေမိရင်း၊ ယနေ့ သူမကို ဤနေရာသို့ ခေါ်လာခြင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ခံစားမိသည်။
ချင်ချင်ကိုယ်တိုင်ပင် သတိမထားမိသော်လည်း၊ ပါမောက္ခကျန်း ဇနီးမောင်နှံနှင့် ပတ်သက်သည့် မှတ်ဉာဏ်အများစု ပျောက်ဆုံး နေသော်ငြား၊ ဤအိမ်ထဲသို့ခြေချလိုက်သည်နှင့် သူမ စိတ်ထဲတွင် အလိုအလျောက်အိမ်ပြန်ရောက်သလို ခံစားချက်မျိုး ရရှိနေခြင်း ဖြစ်သည်။
သူမအတွက်တော့ ဤနေရာမှာ ဖူအိမ်တော်ပြီးလျှင် ဒုတိယအိမ်သဖွယ်ဖြစ်ပြီး၊ ဤလူကြီးနှစ်ဦးမှာလည်း မိဘအရင်းများထက်ပင် ပိုမိဘဆန်နေတော့သည်။
သေသေချာချာ ကြည့်လျှင် ချင်ချင့်မျက်နှာမှာ ဆရာကတော်နှင့် ၃၀-၄၀ ရာခိုင်နှုန်းခန့် ဆင်တူနေသည်။ အထူးသဖြင့် ကူးမိသားစု ဝင်တိုင်းတွင်ရှိရမည့် ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်ဝန်းများမှာ လုံးဝတူညီနေခြင်း ဖြစ်သည်။
အမှန်စင်စစ် ချင်ချင်နှင့် ဆရာကတော်မှာ သွေးသားတော်စပ်မှုရှိကြသည်။
ဆရာကတော်၏နာမည်ရင်းမှာ ကူးဖြစ်ပြီး ကူးမိသားစု၏သွေးဝေးဆွေမျိုးတစ်ဦးဖြစ်သည်။ အသက်အရွယ်အရဆိုလျှင် ချင်ချင်မှ ဆရာကတော်အား "အန်တီ" ဟု ခေါ်ရမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဆရာ့မွေးနေ့အားလာရောက်ဂုဏ်ပြုသော တပည့်များဖြစ်ကြသလို၊ လူကြီးမိဘများ၏မွေးနေ့ကို လာရောက် ဆင်နွှဲပေးသော သားသမီးအရွယ်များလည်းဖြစ်ကြသည်။
၎င်းမှာ ဤလူကြီးနှစ်ဦး၏သားသမီးများ အနားမှာ မရှိခြင်းကို အစားထိုးဖြည့်ဆည်းပေးခြင်း တစ်မျိုးပင်။
"ချင်ချင်၊ အများကြီးစားဦး၊ ကြည့်ပါဦး ညည်း အရမ်းပိန်လွန်းတယ်"
ဆရာကတော်မှာ ချင်ချင့်ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေရုံသာမက၊ ပုစွန်ခွံများ နွှာပေးခြင်း၊ ငါးအရိုးများ ထုတ်ပေးခြင်း တို့ကိုပါ ကိုယ်တိုင်လုပ်ပေးနေသဖြင့် ဖူဟန်မှာ ဘာမှ လုပ်စရာမရှိသလို ဖြစ်နေတော့သည်။
၎င်းမှာ လူကြီးများ၏ လူငယ်များအပေါ် ထားရှိသော ဂရုစိုက်မှုဖြစ်ကြောင်း နားလည်သဖြင့် ဖူဟန် ဝင်မရှုပ်တော့ဘဲ အေးဆေးစွာသာ စားသောက်နေသည်။ တစ်ခါတစ်ရံ ပါမောက္ခကျန်း၏ရုတ်တရက် အမေးအမြန်းများကိုလည်း ဖြေကြားပေးရသေးသည်။
တစ်သက်လုံး ဆရာလုပ်လာသူပီပီ၊ သူသည် တပည့်များနှင့် တွေ့တိုင်း သူတို့အသိပညာအား စမ်းသပ်လိုသော အကျင့်ရှိနေသည်။
ကံကောင်းစွာဖြင့် ဘွဲ့ရပြီးနောက်တွင်ပင် ဖူဟန် စီးပွားရေးလောက၌ အလုပ်လုပ်နေသူဖြစ်ရာ အခြေခံအသိပညာများကို မမေ့သေးသဖြင့် တည်ငြိမ်စွာပင် ဖြေဆိုနိုင်ခဲ့သည်။
ထမင်းစားချိန်အတွင်း စမ်းသပ်မှုများ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊ ထမင်းစားပြီးနောက် စစ်တုရင်ကစားသည့်အခါတွင်မူ သူ မလွတ်မြောက်နိုင်တော့ချေ။
ပါမောက္ခကျန်း၏ စိတ်အားထက်သန်စွာ တိုက်တွန်းမှုကြောင့် ဖူဟန်မှာ မတတ်သာဘဲ ထ၍သွားလိုက်ရတော့သည်။
သူ ပါမောက္ခကျန်းနှင့် ချက်ကစားရခြင်းထက် စာမေးပွဲ မေးခွန်းပေါင်း တစ်ရာဖြေရခြင်းအား ပိုနှစ်သက်ပေလိမ့်မည်။
ပါမောက္ခကျန်းမှာ ချက်ကစားရာတွင် အလွန်ထူးချွန်လွန်း၍မဟုတ်ဘဲ၊ ကစားပုံအလွန်ဆိုးလှသောကြောင့် ဖြစ်သည်။ သူသည် အခြေအနေ မဟန်လျှင် စိတ်တိုတတ်ကာ ဆူပူတတ်သူ ဖြစ်သည်။ သူနှင့် စစ်တုရင်ကစားရသည်မှာ ပျော်စရာမကောင်းဘဲ ညှဉ်းပန်းနှိပ်စက်ခံရသလိုဖြစ်နေတော့သည်။