← Chapters

အခန်း (၁၄၃)

Vol. 16 Ch. 143

အခန်း (၁၄၃)

Vol. 16 Ch. 143

အပြင်ဘက်မှ ဆူညံနေသော စစ်တုရင်ကစားသံများ အဓိကအားဖြင့် ပါမောက္ခကျန်း တစ်ယောက်တည်း စကားပြောနေသံများကို လျစ်လျူရှုရင်း ဆရာကတော် ချင်ချင့်အား အခန်းထဲသို့ ခေါ်သွားခဲ့သည်။

"ဒါတွေက မကြာသေးခင်ကပေးအပ်ခဲ့တဲ့ ပညာသင်ဆုစာရင်းတွေပဲ၊ တစ်ချက်ကြည့်လိုက်ဦး"

ဆရာကတော်သည်လည်း ကျင်းတက္ကသိုလ်မှ အငြိမ်းစားယူထားသော ပါမောက္ခတစ်ဦးဖြစ်သော်လည်း ကျောင်း၏ပြန်လည်ခန့် အပ်မှုကို ငြင်းပယ်ခဲ့သည်။ ထိုအစား သူမသည် ချင်ချင်၊ ပါမောက္ခကျန်းတို့နှင့်အတူ မြို့ပြကျောင်းသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းတွင် တာဝန်ယူကာ ထိုကိစ္စရပ်များအား ကူညီစီမံပေးနေခြင်းဖြစ်သည်။

သူမသည် ရန်ပုံငွေစီးဆင်းမှုများကို စောင့်ကြည့်ရန်နှင့် အကူအညီရရှိမည့် ကလေးများအား စိစစ်ရန်တာဝန်ရှိသည်။

ဆရာကတော်နှင့် ပါမောက္ခကျန်းတို့သည်လည်း ဖောင်ဒေးရှင်းသို့ထည့်ဝင်ကြသော်လည်း ရန်ပုံငွေအများစုမှာ ချင်ချင့်ထံမှ လာခြင်းဖြစ်သည်။

ချင်ချင့်အကောင့်မှာ အလိုအလျောက်ငွေလွှဲစနစ် ပြုလုပ်ထားသဖြင့် သူမ ထိုကိစ္စများမစီမံနိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ဖောင်ဒေးရှင်းမှာ ပုံမှန်အတိုင်းလည်ပတ်နေဆဲပင်။

ဤသို့ဖြစ်နေ၍သာ တော်တော့သည်၊ မဟုတ်လျှင် ဖောင်ဒေးရှင်းမှာ ပြိုလဲသွားလောက်ပြီဖြစ်သည်။

ယခင်က ချင်ချင့်ကျန်းမာရေးကို ထောက်ထား၍ ဆရာကတော် ထိုကိစ္စများဖြင့် သူမအား မနှောင့်ယှက်ခဲ့ချေ။

ယခုအခါ ချင်ချင် အတော်အတန်ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ အလုပ်သဘောအရရော ပုဂ္ဂိုလ်ရေးအရပါ သူမအား အစီရင်ခံရန် လိုအပ်လာခြင်းဖြစ်သည်။

ချင်ချင် မငြင်းဆန်ခဲ့ချေ။ စာရွက်စာတမ်းများ ယူပြီးနောက် စာတစ်လုံးချင်းစီ သေသေချာချာ ဖတ်ရှုစစ်ဆေးလေသည်။

၎င်းမှာ ဆရာကတော်ကို မယုံကြည်၍မဟုတ်ဘဲ၊ သူမ၏ လုပ်ငန်းကျွမ်းကျင်မှုအား လေးစားသောကြောင့် ဖြစ်သည်။

အကယ်၍ သူမကသာ ပြီးစလွယ်လုပ်လိုက်လျှင် ၎င်းမှာ မလေးစားရာရောက်ပေလိမ့်မည်။

"ဆရာကတော်ရဲ့ အလုပ်က အရင်လိုပဲ အသေးစိတ်ကျလွန်းပါတယ်ရှင်၊ ဒီကျောင်းသားတွေက အဆင်ပြေပါတယ်၊ ကျွန်မတို့ ဆက်ပြီး ထောက်ပံ့ပေးလို့ရတယ်၊ ဒါပေမဲ့ သူတို့ရဲ့ စာမေးပွဲရလဒ်တွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ရမယ်နော်"

ပရဟိတ ပညာသင်ဆုများမှာပင် သတ်မှတ်ချက်များရှိစမြဲပင်။

ချင်ချင် ထောက်ပံ့ပေးထားသော ကျောင်းသားများ ဘွဲ့ရပြီးနောက် ပြန်လည်ပေးဆပ်ရန် မမျှော်လင့်ထားသော်လည်း၊ သူတို့၏ ပညာသင်ကြားမှုအပေါ် ထားရှိသော သဘောထားကိုမူ မှန်ကန်စေချင်သည်။

ပညာသင်ကြားရန် ပိုက်ဆံ ယူထားပြီးဖြစ်ရာ ကြိုးကြိုးစားစား သင်ယူရပေမည်။ မဟုတ်လျှင် ထိုရန်ပုံငွေများမှာ တကယ်လိုအပ်နေ သော အခြားသူများထံသို့သာရောက်ရှိသွားသင့်သည်။

သူတို့နှစ်ဦး ဖောင်ဒေးရှင်းအကြောင်း ခဏမျှ စကားပြောဖြစ်ကြပြီးနောက် လက်ရှိအခြေအနေများ၊ အဓိကအားဖြင့် ချင်ချင့်ကျန်းမာရေးအတွက် ဆရာကတော်၏စိုးရိမ်မှုများကို ပြောဆိုဖြစ်ကြသည်။

ချင်ချင် ထိုအကြောင်းအား မရှောင်ဖယ်ဘဲ ပြုံးလျက်ပင် ပြောလိုက်သည်။

"ကျွန်မ ထင်တာတော့ သုံးလမပြည့်ခင်မှာ အကုန်လုံးပြန်ကောင်းလာလိမ့်မယ် ထင်တယ်"

အစပိုင်းတွင် သူမ၏မှတ်ဉာဏ်ပြန်လည်ရရှိမှုမှာ နှေးကွေးခဲ့သည်၊ မနေ့က အဖြစ်အပျက်ကိုပင် ရက်အတော်ကြာသည်အထိ မှတ်မိချင်မှ မှတ်မိတတ်သည်။

သို့သော် ယခုအခါ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။ ယနေ့နံနက်မှ ဖူဟန်နှင့်အတူ ကျောင်းထဲတွင် လမ်းလျှောက်နေစဉ် လွန်ခဲ့သော နှစ်နှစ်က အမှတ်တရများအား ပြန်လည်မှတ်မိနိုင်ခဲ့သည်။ ဤနှုန်းအတိုင်းဆိုလျှင် အားလုံး ပြန်မှတ်မိရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။

"ဒါပေမဲ့..."

ချင်ချင့်အပြုံးလေး မှိန်ဖျော့သွားကာ ဝေခွဲမရဖြစ်နေဟန်ဖြင့် "ကျွန်မ နည်းနည်းစိုးရိမ်နေမိတယ်"

"မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်၊ အများကြီး မတွေးပါနဲ့၊ အရာအားလုံးကို သူ့သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါ"

ချင်ချင့် ဆံပင်ရှည်လေးများကို အသာအယာ သပ်ပေးရင်း ဆရာကတော်မှ ချင်ချင် ဘာမှမမှတ်မိသေးချိန်တွင် စိုးရိမ်ပူပန်မှုများ မတိုးစေချင်သဖြင့် ဘာမှ ဆက်မပြောတော့ချေ။

၎င်းအား ကြားသောအခါ ချင်ချင်လည်း ထိုအကြောင်းအရာကို ကျော်လိုက်ပြီး၊ ဖူဟန် တိတ်တဆိတ်ပေးထားသော လက်ဆောင်ဘူးကို ထုတ်ယူကာ ဆရာကတော်အား ပေးအပ်လိုက်သည်။

"ဆရာကတော်... မွေးနေ့မှာ ပျော်ရွှင်ပါစေရှင်! သက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာပါစေဦးနော်"

"ကောင်းပြီ၊ ကောင်းပြီ... လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်ကွယ်"

ပါမောက္ခကျန်းလက်မခံနိုင်သော အရာများရှိသော်လည်း ဆရာကတော်အတွက်မူ ပြဿနာမရှိချေ။

သူမ မငြင်းဘဲ လူငယ်လေးများ၏ဂါရဝတရားကို ပြုံးလျက် လက်ခံလိုက်သည်။ ထို့ပြင် အားသည့်အချိန်တွင် ကလေးနှစ်ယောက် ကိုပါ ခေါ်လာရန် ချင်ချင့်အားမှာကြားလိုက်သေးသည်။

ချင်ချင် လိုလိုလားလားပင် သဘောတူလိုက်သည်၊ ဆရာကတော်၏မည်သည့်တောင်းဆိုချက်ကိုမျှ သူမ မငြင်းလိုချေ။

သူတို့နှစ်ဦး စကားပြောပြီး အိပ်ခန်းထဲမှ ထွက်လာသည်နှင့် ကျယ်လောင်သောအော်သံကြီးကြောင့် ချင်ချင်မှာ လန့်ဖျတ်သွားကာ မျက်လုံးလေးများ ပြူးသွားတော့သည်။

ဆရာကတော်မှ သူမ ကျောလေးကို အသာအယာပုတ်၍ နှစ်သိမ့်ပေးလိုက်ပြီး စိတ်တိုတိုနှင့် ပါမောက္ခကျန်းအား လှမ်း၍ ဆူပူလေတော့သည်။

"ရှင်က စစ်တုရင်ကစားနေတာလား၊ ရန်ဖြစ်နေတာလား? ဘယ်သူ့ကို လန့်အောင်လုပ်နေတာလဲ? မသိတဲ့သူဆို အိမ်ထဲ သူခိုးဝင်နေတယ် ထင်ရမယ်! ကြည့်စမ်း... ဘယ်လောက်တောင် အသံကျယ်နေသလဲ၊ အိမ်နီးနားချင်းတွေ လာတိုင်မှာကို မကြောက်ဘူးလား!"

"ငါ... ငါက စိတ်လှုပ်ရှားသွားလို့ပါကွာ၊ စိတ်လှုပ်ရှားသွားလို့..."

ပါမောက္ခကျန်းမှာ အမှားလုပ်ထားမှန်း သိသဖြင့် ကိုယ်လေးကို ကျုံ့လိုက်ကာ ဟန်ဆောင်ပြုံးလျက် အမှားအား တိတ်တဆိတ် ဝန်ခံလိုက်ရှာသည်။

"ဟင်း!"

ဆရာကတော်၏အမူအရာ အနည်းငယ် နူးညံ့သွားသော်လည်း စိတ်မကြည်သေးချေ။

သူမ ပါမောက္ခကျန်းအား ကျောခိုင်း၍ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

ပါမောက္ခကျန်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နောက်မှလိုက်သွားသော်လည်း အေးစက်စွာ အတွန်းထုတ်ခံလိုက်ရသည်။ သူ တံခါးဝ၌ သနားစရာကောင်းသော ဟတ်စကီးခွေးလေးတစ်ကောင်နှယ် ရပ်နေရှာရာ ချင်ချင်မှာ ကြည့်ရင်းရယ်ချင်လာမိသည်။

"မရယ်နဲ့ဦး၊ ပါမောက္ခကျန်းက အမှတ်ကြီးတယ်နော်"

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဖူဟန်မှာ ချင်ချင့်ဘေးနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ သူ၏ နွေးထွေးသော ထွက်သက်လေမှာ ဖြူစင်သော သူမ နားရွက်လေးဆီသို့ ထိတွေ့သွားရာ၊ သူမ၏ပါးပြင်လေးများ နေဝင်ဆည်း ဆာကဲ့သို့ နီမြန်းသွားသည်ကိုကြည့်ကာ သူ ကျေနပ်သွားမိသည်။ ဖူဟန် ကိုယ်ကိုပြန်မတ်လိုက်ကာ ချင်ချင့်လက်အား ဆွဲ၍ ဆိုဖာပေါ်သို့ ပြန်ခေါ်သွားတော့သည်။

"ဒါတွေ အကုန်လုံးအိမ်ကို ယူသွားလိုက်၊ ထမင်းစားတဲ့အခါ အရံဟင်းအဖြစ်စားလို့ရတယ်"

ဆရာကတော်မှာ မီးဖိုချောင်ထဲမှသေချာပိတ်ထားသော ဗူးများနှင့် ပုလင်းများစွာကို သယ်ထုတ်လာရင်း ပြောလိုက်သည်။

အချို့မှာ ယိုဗူးများ၊ အချို့မှာ အချဉ်ထုပ်များဖြစ်ပြီး၊ အချို့မှာ အသားဆော့စ်၊ မှိုဆော့စ်နှင့် အိမ်လုပ် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ဆန်ပြုတ်နှင့်ဖြစ်စေ၊ ဟင်းချက်ရာတွင်ဖြစ်စေ သုံးဆောင်ရန် အလွန်ကောင်းမွန်လှသည်။

ချင်ချင့်မျက်လုံးလေးများ တောက်ပသွားသည်။ ဘယ်သူမှ သတိမပေးရဘဲ ဆရာကတော်လက်ထဲမှ ထိုပစ္စည်းများအား စိတ်အားထက်သန်စွာ လှမ်းယူလိုက်တော့သည်။

"စားစရာဆိုရင်တော့ သူက အတော်ဆုံးပဲ"

ပါမောက္ခကျန်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒါတွေက သူ့ရဲ့နေ့စဉ် ရိက္ခာတွေလေ။

ပါမောက္ခကျန်းမှာ အလုပ်များလွန်း၍ အိမ်ပြန်မစားနိုင်သည့် အခါမျိုးတွင် ဇနီးသည်ပြင်ဆင်ပေးထားသော ထအရံဟင်းများနှင့် ဆော့စ်များကိုသာ အားကိုးရလေ့ရှိသည်။ ကျောင်းကန်တင်းမှ အစားအသောက်များမှာ ဆီဦး၊ ဆားဦး များလွန်းသဖြင့် သူ့အစာအိမ်နှင့် မတည့်သလို အရသာမှာလည်း သူနှင့်မကိုက်ညီချေ။

"ရှင် ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေပြန်ပြီလဲ? မြန်မြန်လုပ်၊ ချင်ချင်တို့ ထည့်သွားဖို့ အိတ်တစ်လုံး သွားရှာပေးစမ်း"

ဆရာကတော် နားမှာ အလွန်စူးရှလှသဖြင့် ပါမောက္ခကျန်း၏စကားအား လွတ်မသွားချေ။

"ဘာမှမဟုတ်ပါဘူးကွာ၊ ဘာမှမဟုတ်ပါဘူး၊ အိတ်လား? စာကြည့်ခန်းထဲမှာ ရှိမယ်ထင်တယ်၊ ငါ သွားယူလိုက်မယ်"

အမှားမိသွားပြန်သဖြင့် ပါမောက္ခကျန်းမှာ အမြန်လစ်ထွက်သွားတော့သည်။

စည်ကားသိုက်မြိုက်လှသော နှုတ်ဆက်မှုများအပြီးတွင် ချင်ချင်နှင့် ဖူဟန်တို့ ကျန်းမိသားစုအိမ်မှ ထွက်လာကြရာ၊ သူတို့ သယ်လာသော ပစ္စည်းများထက် ပြန်ယူလာသော ပစ္စည်းများမှာ ပို၍ပင် များပြားနေတော့သည်။

ဆရာကတော်ပေးလိုက်သော ဆော့စ်များနှင့် အမြည်းများအပြင်မုန့်များနှင့် အအေးများစွာလည်း ပါဝင်သေးသည်။

ဤလူကြီးနှစ်ဦးမှာ ထိုအရာများမကြိုက်ကြသော်လည်း သူတို့အား လာပေးသူများလွန်းသဖြင့် အိမ်မှာစုပုံနေခြင်း ဖြစ်သည်။

ပါမောက္ခကျန်းသည် လက်ဆောင်များလက်မခံသော်လည်း တခါတရံ ငြင်းရခက်သော အခြေအနေများ ရှိနေတတ်ရာ၊ ကြာလာသောအခါ အိမ်မှာအပုံလိုက် ဖြစ်နေတော့သည်။

သူတို့နှစ်ဦးတည်း ကုန်အောင်မစားနိုင်ဘဲ ထားပစ်လျှင်လည်း နှမြောစရာဖြစ်သဖြင့် ချင်ချင် ရောက်လာချိန်တွင် အကုန်လုံး ထည့်ပေးလိုက်ခြင်းဖြစ်သည်။

ချင်ချင် မုန့်စားရတာကြိုက်မှန်း လူတိုင်း သိကြသည်။

သူမ လူကြီးဖြစ်လာတာတောင် ထိုအကျင့်မှာ မပျောက်သေးချေ။ အဓိကအချက်မှာ သူမသည် အများကြီး စားသော်လည်း ကျန်းမာရေး အလွန်ကောင်းမွန်နေခြင်း ဖြစ်ရာ ဖူဟန်လည်း ဘာမှ မတတ်နိုင်တော့ချေ။ ထင်သည့်အတိုင်းပင် ကားပေါ်သို့ ရောက်သည်နှင့် သူမ အခွံနွှာပြီးသား အစေ့အဆန်ထုပ်လေးကို ဖောက်ကာ တဂျွတ်ဂျွတ် ဝါးစားနေတော့သည်။

"အများကြီး မစားနဲ့ဦး"

ဖူဟန် အကျင့်အတိုင်း သတိပေးလိုက်သည်။

"အိတ်သေးသေးလေးပါရှင်"

ချင်ချင် သူမ၏လက်ဝါးခန့်သာရှိသော အိတ်လေးအားလှုပ်ပြရင်း သူမ အနည်းငယ်သာ စားနေကြောင်း အချက်ပြလိုက်သည်။

"မင်း အတန်အသင့် စားတတ်ရင် ပြီးတာပါပဲ"

သူ့ဇနီးမှာ အခုဆို အသက်ကြီးနေပြီဖြစ်ရာ ဖူဟန်ကလည်း အများကြီး ထပ်မပြောလိုတော့ဘဲ ထိုမျှနှင့်ပင် ရပ်လိုက်သည်။

"ဒါနဲ့... ကျွန်မတို့ နောက်ထပ် ဘယ်သွားကြမှာလဲ?"

ချင်ချင် ပါးစပ်ထဲတွင် အစေ့အဆန်များ ပြည့်နေရင်း ဗလုံးဗထွေး မေးလိုက်သည်။

"...မင်း ဘယ်သွားချင်လဲ?"

အိမ်ကို တန်းပြန်ရန်စိတ်ကူးထားသော ဖူဟန်မှာ ပါးစပ်ဖျားသို့ ရောက်နေသော စကားလုံးများကို ပါးနပ်စွာထိန်းချုပ်လိုက်သည်။

"ရှင်က ဒိတ်လုပ်ချင်တယ် ဆိုတာလေ၊ ကျွန်မ ရှင့်နဲ့ ဒိတ်မလုပ်ရသေးဘူး၊ အရင်က လုပ်ခဲ့ဖူးရင်တောင် ကျွန်မ မမှတ်မိတော့ဘူး လေ၊ အခု ကျွန်မကို တစ်ခါလောက်ခေါ်သွားပေးလို့ မရဘူးလား?"

ချင်ချင် မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးလေးများ တောက်ပလျက်အကြံပြုလိုက်သည်။

သူမ ထိုကဲ့သို့ တောင်းဆိုလာလျှင် ဖူဟန် ဘယ်လိုလုပ် ငြင်းနိုင်ပါ့မလဲ?

"ကောင်းပြီလေ၊ ဒါဆို ကျန်တဲ့အချိန်တွေကို မင်း စိတ်ကြိုက်ပဲ၊ မင်း သွားချင်တဲ့နေရာကို ကိုယ် လိုက်ပို့မယ်"

သူ့ အလိုလိုက်ပြီး နူးညံ့လှသောအသံကြောင့် ချင်ချင့်ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။

သူမ နားရွက်အားကုတ်လိုက်ရင်း ဖုန်းထုတ်ကြည့်ကာ ပျော်ရွှင်စွာ ဆုံးဖြတ်လိုက်သည်။

"ရုပ်ရှင် သွားကြည့်ကြမယ်!"

ထူးထူးခြားခြားတော့ မဟုတ်လှချေ။

ဖူဟန် စတီယာရင်ကို လှည့်ကာ ချင်ချင့်ဆန္ဒအတိုင်း မှတ်ချက်ကောင်းကောင်း ရထားသည့် အနီးဆုံး ရုပ်ရှင်ရုံသို့ ခေါ်သွားလေသည်။

သူတို့နှစ်ဦးမှာ ချစ်သူမောင်နှံများကဲ့သို့ လက်ချင်းချိတ်ကာ ရုပ်ရှင်လက်မှတ်ဝယ်ကြသည်၊ ထို့နောက် အအေးနှင့် ပေါက်ပေါက်ဆုပ် ဝယ်ရန် တန်းစီကြသည်။

အကြီးမားဆုံး ကွဲပြားခြားနားချက်မှာ သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် ရုပ်ရည်ချောမောလှသဖြင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိနေခြင်းပင် ဖြစ်သည်။

ယခုလည်း ထိုနည်းအတိုင်းပင်၊ အရပ် ၁.၈၈ မီတာ ရှိသော ဖူဟန်မှာ လူအုပ်ကြားတွင် ထင်းနေသလို၊ သူ၏ ချောမောသော မျက်နှာနှင့် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါမှာ လူတို့အား ရှိန်စေသည်။

သူ့ဘေးတွင် ရပ်နေသော အမျိုးသမီးငယ်လေးမှာလည်း သေးသွယ်လှပကာ၊ သူမ၏နုနယ်သော မျက်နှာလေးမှာ ပိုစတာပေါ်ရှိ အမျိုးသမီး ကြယ်ပွင့်များအားလုံး ပေါင်းထားသည်ထက်ပင် သာလွန်လှသည်။

ဤချောမောလှပသော မောင်နှံအားကြည့်ကာ အရောင်းစာရေးမလေးပင် ခဏမျှငေးသွားမိသည်။

"ရေခဲကိုကာကိုလာ တစ်ခွက်၊ ကော်ဖီပူတစ်ခွက်နဲ့ ပေါက်ပေါက်ဆုပ် တစ်ဗူးပေးပါ"

ချင်ချင့်အသံကြားမှ အရောင်းစာရေးမလေး သတိဝင်လာကာ အမြန်ပင် မှာယူသည်များကို ပြင်ဆင်ပေးရင်း "၄၈ ယွမ် ကျပါတယ်၊ QR Code Scan ဖတ်မလား၊ ဒါမှမဟုတ် ငွေသားလားရှင်"

"Code ပဲ ဖတ်လိုက်မယ်"

ယခုခေတ်တွင် ငွေသားသယ်သူ မရှိသလောက်ပင်၊ ဖုန်းတစ်လုံး သို့မဟုတ် မျက်နှာပြရုံဖြင့်ပင် အရာအားလုံး အဆင်ပြေနေပြီ ဖြစ်သည်။

လက်ဗွေနှိပ် ငွေပေးချေစနစ်တောင်ပေါ်နေပြီဟု ကြားရသည်၊ နောက်ဆိုလျှင် ဖုန်းတောင် မလိုတော့ဘဲ လူကိုယ်တိုင် ရှိနေရုံနှင့် ဝယ်ယူနိုင်တော့မည် ဖြစ်သည်။

သူတို့၏စားနိုင်စွမ်းကို ထည့်တွက်ကာ ချင်ချင် အလတ်စား ပေါက်ပေါက်ဆုပ်ဗူးကို မှာခဲ့သော်လည်း ရုပ်ရှင်ရုံထဲ မဝင်ခင်မှာပင် သူမ တစ်ဝက်နီးပါး ကုန်အောင်စားပစ်လိုက်ပြီ ဖြစ်သည်။

"မင်း ဒီနေ့ ညစာ မစားတော့ဘူးလား?"

ဖူဟန် မတတ်သာသလိုမေးရင်း ပေါက်ပေါက်ဆုပ်ဗူးအား သူမ လက်ထဲမှယူထားလိုက်ရသည်။

ချင်ချင် နှာခေါင်းလေးရှုံ့ကာ ကိုကာကိုလာကို ပိုက်နှင့် စုပ်သောက်နေတော့သည်။

စားစရာ မရှိရင်တောင် သောက်စရာ ရှိသေးတာပဲလေ။

ရုပ်ရှင်အား ချင်ချင် ရွေးချယ်ခဲ့ခြင်းဖြစ်ရာ၊ ဖူဟန် ရုံထဲဝင်လိုက်သည်နှင့် ၎င်းမှာ အချစ်ကား သို့မဟုတ် အနုပညာရုပ်ရှင် မဟုတ်နိုင်မှန်း သိလိုက်သည်။

သူ့ဇနီးမှာ စိတ်ရှည်မှုနှင့် ခံစားချက်ကိုတောင်းဆိုသော ရုပ်ရှင်မျိုးအား ဘယ်တော့မှ စိတ်မရှည်တတ်ချေ။

သူမသည် အက်ရှင်ကားများ၊ အထူးပြုလုပ်ချက်အကြီးကြီးများ ပါဝင်သော ရုပ်ရှင်များ သို့မဟုတ် သရဲကားများကိုသာ ပို၍ နှစ်သက်သည်။

ယခုတစ်ကြိမ်တွင်လည်း မအံ့ဩစရာပင်၊ ၎င်းမှာ "Ouija Board" ဟု အမည်ရသော သရဲကားတစ်ကား ဖြစ်သည်။

လူအများအပြားမှာ ကျောင်းသားဘဝတွင် စပ်စုလိုစိတ်ဖြင့် ထိုကစားနည်းအား ကစားဖူးကြသော်လည်း ထူးခြားဆန်းပြားသည့် အရာတစ်ခုမျှ ဖြစ်မလာခဲ့ချေ။

ကစားကြည့်ပြီးနောက် ၎င်းမှာ လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း သိသွားကြသောအခါ ဘယ်သူမှ ဆက်မကစားကြတော့ချေ။

ထိုင်ခုံမှာ ထိုင်ပြီးနောက် ချင်ချင် သူမ၏ မူလတန်းကျောင်းသားဘဝ အမှတ်တရများကို ဖူဟန်အား စိတ်လှုပ်ရှားစွာ ပြောပြနေသည်။

သူမနှင့် သူမ အတန်းဖော်များမှာ ထိုစဉ်က ဤကဲ့သို့သော အရာများကစားဖူးကြသော်လည်း တစ္ဆေ သို့မဟုတ် နတ်ဝိညာဉ်များ ခေါ်ယူ၍ မရမှန်း သိသွားသောအခါ စိတ်ကုန်သွားခဲ့ကြသည်။

သို့သော် ဤသည်မှာ ထိတ်လန့်စရာရုပ်ရှင်အဖြစ် ရိုက်ကူးထားခြင်းဖြစ်ရာ ဇာတ်လိုက်မှာ တစ္ဆေတစ်ကောင်အား ခေါ်ယူမိသွားသည်မှာ သေချာလှသည်။

ဇာတ်လမ်းမှာ အရင်အတိုင်းပင် ဖြစ်ပြီး အဆုံးသတ်မှာလည်း အစကတည်းက ခန့်မှန်းရ လွယ်ကူလှသည်။ တစ်ခုတည်းသော အံ့ဩစရာမှာ ဇာတ်ညွှန်းရေးဆရာမှ ဇာတ်ကောင်အားလုံးကို အသက်ရှင်ခွင့်မပေးဘဲ အကုန်လုံး သေဆုံးစေခဲ့ခြင်းပင်။

"ဒါက... တကယ် နာမည်နဲ့လိုက်သားပဲ"

ချင်ချင် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ရုပ်ရှင်တစ်ကားလုံးမှာ Ouija Board ထဲမှ ဝိညာဉ်တစ်ခုတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ နာမည်နှင့် အလွန်ပင် ကိုက်ညီလှသည်။

"မကြိုက်ဘူးလား?"

ဖူဟန် လှည့်မေးလိုက်ရာ ချင်ချင် ခေါင်းယမ်းလိုက်သည်။

"အဲလိုတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ အငွေ့အသက်နဲ့ အထူးပြုလုပ်ချက်တွေက အတော်လေးကောင်းပါတယ်။"

သူမအား ထိတ်လန့်သွားအောင် မခြောက်လှန့်နိုင်ခဲ့ခြင်းမှာ အနည်းငယ်တော့ စိတ်ပျက်စရာပင်။

သို့သော် ပြန်တွေးကြည့်လျှင် သူမသည် ရုပ်ရှင်သမိုင်းတစ်လျှောက်ရှိ သရဲကားဟူသမျှကို နှံ့စပ်အောင် ကြည့်ရှုဖူးသူဖြစ်သည့် အပြင်၊ ထူးဆန်းအံ့သြဖွယ်ရာ ကိစ္စရပ်များကိုပင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသူမဟုတ်လား? ထို့ကြောင့် ဤမျှလောက်သော ရုပ်ရှင်လေးကို သူမ မကြောက်မရွံ့ခြင်းမှာ အံ့သြစရာကိစ္စတစ်ခုတော့ မဟုတ်ပါချေ။

All Chapters