← Chapters

အခန်း (၁၄၄)

Vol. 16 Ch. 144

အခန်း (၁၄၄)

Vol. 16 Ch. 144

ရုပ်ရှင်ပြီးသွား၍လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားချိန်တွင် ချင်ချင် ဖူဟန် လက်အား ဆွဲကာ စားကြွင်းစားကျန် ဗူးခွံများ ကိုင်ပြီး အမှိုက်ပစ်ရန် ထွက်လာခဲ့သည်။ တံခါးဝသို့ အရောက်တွင် လူအုပ်ကြီးပြည့်နှက်နေမှုနှင့် သူမ၏ဂရုမစိုက်မှုတို့ကြောင့် လူတစ်ယောက်အား အမှတ်မထင် ဝင်တိုက်မိသွားလေသည်။

"အား!"

သူမ အလိုအလျောက် အာမေဍိတ်သံထွက်သွားပြီးနောက် ဆက်တိုက်ဆိုသလို တောင်းပန်စကား ဆိုမိတော့သည်။

"တောင်းပန်ပါတယ်ရှင်၊ တောင်းပန်ပါတယ်၊ တစ်ခုခု ဖြစ်သွားသေးလားဟင်?"

လန့်သွားသော ဖူဟန်မှာ မသိစိတ်ဖြင့်ပင် ချင်ချင့်ခါးလေးအား ဆွဲဖက်ကာ ကာကွယ်ပေးသည့်အနေဖြင့် သူ့နောက်သို့ ပို့လိုက်သည်။ ချင်ချင်မှာမူ သူမ တိုက်မိသွားသည့် အမျိုးသားကို အားနာစရာကောင်းစွာဖြင့် ချောင်းကြည့်နေမိသည်။

"ရပါတယ်"

ထိုအမျိုးသားက အရေးမလုပ်လိုဟန်ဖြင့် ဆိုသည်။ သူသည် လွတ်ကျသွားသော ဖုန်းကို ကောက်ယူကာ၊ ဦးထုပ်အား ခပ်တင်းတင်း ပြန်စောင်းပြီးနောက် အမြန်ထွက်ခွာသွားတော့သည်။

သူ ထွက်သွားပြီးသည့်တိုင် ချင်ချင်မှာ ဝေခွဲမရဖြစ်ကာ ကျန်ရစ်ခဲ့သည်။

သူမ၏ထူးဆန်းသော အမူအရာအား ဖူဟန် သတိပြုမိသွားပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"သူ့ကို တစ်နေရာရာမှာမြင်ဖူးသလိုပဲ..."

ချင်ချင် မျက်မှောင်ကြုတ်ကာ စဉ်းစားသော်လည်း ထိုကဲ့သို့သော ပုံစံမျိုးအား ဘယ်မှာ မြင်ဖူးခဲ့မှန်း မမှတ်မိချေ။

"သူက ဦးထုပ်တွေ၊ Mask တွေနဲ့ မျက်နှာကို သေသေချာချာဖုံးထားတာတောင် မင်းက ဘယ်သူလဲဆိုတာ ခွဲခြားနိုင်သေးတာလား? မင်းကတော့ တကယfတော်တာပဲ"

ဖူဟန် ရယ်မောရင်း ချင်ချင့်ဆံပင်များကို ဖွဖွလေး ဖွလိုက်ပြီးနောက် သူမလက်အား ပြန်ဆွဲလိုက်သည်။

"သွားကြရအောင်၊ အပြင်ကို အရင်ထွက်ရအောင်လေ"

"ဟုတ်ကဲ့"

ချင်ချင် ဖူဟန်နောက်မှ ရုပ်ရှင်ရုံအပြင်သို့ လိုက်ပါလာခဲ့သည်။ ပြင်းထန်ခြင်းမရှိသော နေရောင်ခြည်အောက်သို့ ရောက်ရှိလာချိန် တွင် သူမ၏မျက်ဝန်းလေးများ လှုပ်ခတ်သွားကာ စောစောမှမထင်မှတ်ထားသော မြင်ကွင်းလေးအား အလျင်အမြန်ပင် မေ့လျော့သွားတော့သည်။

သူတို့နှစ်ဦး၏ 'ဒိတ်' လေးမှာ ဆက်လက် ရှိနေဆဲပင်။

ညစာအတွက် သူတို့ တန်ဖိုးကြီးစားသောက်ဆိုင်များသို့ မသွားကြဘဲ ကျင်းတက္ကသိုလ်၏ နောက်ဖေးဂိတ်ပေါက်ဆီသို့သာ ပြန်လာခဲ့ကြသည်။

ထိုနေရာ၌ အရသာရှိပြီး ဈေးနှုန်းချိုသာသော မုန့်များရောင်းချသည့် လမ်းဘေးအစားအစာတန်းတစ်ခု ရှိနေပြီး ၎င်းမှာ ကျင်းတက္ကသိုလ်ကျောင်းသားတိုင်း အနှစ်သက်ဆုံး စားသောက်ရာနေရာတစ်ခု ဖြစ်သည်။

ကျင်းတက္ကသိုလ်သို့ ရောက်ရှိခြင်းမှာ ချင်ချင့်စားချင်စိတ်အား နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားရာ သူမ ထိုနေရာသို့ သွားရန် ဇွတ်အတင်း ပူဆာနေတော့သဖြင့် ဖူဟန်အနေဖြင့် သူမဆန္ဒအား လိုက်လျောရုံသာရှိတော့သည်။

သူမ စိတ်ချမ်းသာစေရန်အတွက် ယနေ့တွင် သူမ အလိုကျသာ ဖြစ်စေမည်ဟု သူ ဝန်ခံကတိ ပြုခဲ့ပြီးသားဖြစ်သည်။ လူကြီးလူ ကောင်းတစ်ဦးပီပီ မိမိပြောခဲ့သော စကားအား တန်ဖိုးထားသည့်အနေဖြင့် သူ ကတိပျက်ရမည့် အဖြစ်မျိုးကို လုံးဝအဖြစ်မခံနိုင်ပါ။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် စည်ကားလှသော လမ်းမကြီး၏မြင်ကွင်းမှာ သူတို့အား ဆီးကြိုနေသလို၊ အမျိုးမျိုးသော ဟင်းနံ့မွှေးမွှေးလေးများ နှာခေါင်းထဲသို့ တိုးဝင်လာကာ သွားရည်ကျစရာဖြစ်နေတော့သည်။

ချင်ချင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း အသက်ကို ဝဝရှူကာ တံတွေးအား ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ ဖူဟန်ထံမှ ခွင့်ပြုချက် ရသည်နှင့် သူမ၏လျှာဖျားပေါ်၌ စွဲလန်းနေသော ဟင်းလျာစာရင်းများ အဆက်မပြတ်ရွတ်ဆိုတော့သည်။ မတူညီသော အရသာရှိသည့် ဟင်းလျာပေါင်း ၁၀ မျိုးခန့်မှာ သူမ နှုတ်ဖျားမှ တဖွဲဖွဲ ထွက်ပေါ်လာတော့သည်။

"ကျွန်မ ကင်ထားတဲ့ ဂဏန်းပုစွန်၊ ကျန်းပင်းကော်ဇီ (တရုတ်ပန်ကိတ်)၊ ဘင်းဖန် (ရေခဲဂျယ်လီ)၊ လီမွန်တီး၊ ဝက်သားညှပ်ပေါင်မုန့်၊ ခလမ်ခေါက်ဆွဲ၊ ကောက်ညှင်းလုံးလေးတွေ၊ သစ်သီးသုပ်၊ အသားတုကင်၊ လျန်ဖီ (ခေါက်ဆွဲအေး)၊ ဒိန်ချဉ်ကြော်၊ လက်လုပ် ပန်ကိတ်၊ စပ်စပ်လေးချက်ထားတဲ့ ဘဲလည်ပင်း... အဲဒါတွေ အကုန်စားချင်တယ်!"

"အိမ်မက်က နိုးလိုက်ပါတော့၊ မင်း ဒါတွေ အကုန် ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး"

ဖူဟန် ချင်ချင့်မျှော်လင့်ချက်များကို အေးစက်စက်ရိုက်ချလိုက်သည်။

"ဒါပေမဲ့ ရှင်ရှိတာပဲလေ! ကျွန်မတို့ အများကြီးမဝယ်ဘူး၊ တစ်မျိုးကို တစ်ပွဲစီပဲဝယ်မယ်၊ ပြီးရင် နှစ်ယောက် အတူတူ ဝယ်စားကြတာပေါ့၊ အဲဒါဆိုရင် အများကြီးမြည်းကြည့်လို့ ရတာပေါ့!"

ချင်ချင့်အတွင်းစိတ်ထဲမှ အတွက်အချက်များမှာ အလျင်အမြန်လည်ပတ်နေသည်။

"မင်းကတော့ တကယ်ကို ကြံဖန်တွေးတတ်တာပဲ"

ဖူဟန် သူမအား လုံးဝ လက်လျှော့လိုက်ရတော့သည်။ အထူးသဖြင့် ချင်ချင် သူ့လက်မောင်းကို ဆွဲကိုင်ကာ နူးညံ့ချိုသာသော အသံလေးဖြင့် ချွဲနွဲ့လိုက်သည့်အခါတွင်မူ နတ်ဘုရားတစ်ပါးပင်လျှင် သူမအား ငြင်းဆန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အဆုံး၌ သူ အလိုအလျောက်ပင် အရှုံးပေးလိုက်ရတော့သည်။

ချင်ချင် အရသာရှိလှသော အစားအစာများအား မြိန်ရည်ယှက်ရည် စားသုံးရုံသာမက အရာအားလုံးကို ဓာတ်ပုံရိုက်ကာ ဆော့ကစား နေသေးသည်။ အခြားသူများ သွားရည်ကျလောက်မည့် ပုံစံမျိုးဖြင့် စနစ်တကျပြင်ဆင်ပြီးနောက် သူမ၏ WeChat Moments ပေါ်တွင် ပုံ ၉ ပုံတွဲကာ ကြွားလုံးထုတ်လိုက်လေတော့သည်။

အစားအသောက်ပုံ ၈ ပုံ၏အလယ်ဗဟိုတည့်တည့်တွင် သူမနှင့် ဖူဟန်တို့၏ကြည်နူးစရာ ပုံရိပ်လေးမှာ နေရာယူထားသည်။

ညဉ့်နက်ချိန်၌ ဗိုက်ဆာအောင် လုပ်ရုံတင်မကဘဲ သူတို့အချစ်ရေးကိုပါပြောင်ပြောင်တင်းတင်း ကြွားလုံးထုတ်လိုက်ခြင်းမှာ သူငယ်ချင်းများအတွက်တော့ သည်းခံနိုင်စွမ်းကိုကျော်လွန်သွားစေသည်။

တော်လောက်ပြီလေ!

ကွန်မန့်ကဏ္ဍတစ်ခုလုံးတွင် သူငယ်ချင်းများ၏ ဆူညံပွက်လောရိုက်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

[မိုမို: ဒါကတော့ လွန်လွန်းတယ်! အစားအသောက်ပုံတွေတင်တာက ထားပါဦး၊ သူတို့ရဲ့အချစ်တွေကိုပါ လာပြနေတာလား! ယောင်္ကျားမရှိတဲ့ လူပျို၊ အပျိုတွေကို အနိုင်ကျင့်နေတာလား?]

[အဆောင်မှူးကျန်း: နင် နောက်ဆုံးတော့ ပြည်တွင်းပြန်ရောက်ပြီပေါ့? အဆောင်က သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး ဆုံကြရအောင်လေ]

[ချီကျဲ: အွန်လိုင်းမှာသတင်းတွေ တက်နေတာမြင်ပြီး နင့်အတွက် တော်တော်စိုးရိမ်နေတာ၊ ဒါပေမဲ့ အခုတော့ စိုးရိမ်စရာ မလိုတော့ဘူး ထင်ပါရဲ့]

ကွန်မန့်များမှာ အစားအသောက်နှင့် အချစ်ရေးကိုသာ အဓိကစနောက်နေကြသော်လည်း၊ တစ်နှစ်နီးပါး တိတ်ဆိတ်နေခဲ့သော ကူးချင်ချင်တစ်ယောက် WeChat Moments ပေါ်တွင် ရုတ်တရက် ပြန်လည်ပေါ်ထွက်လာခြင်းမှာ လူအများကို ခံစားချက်မျိုးစုံ ဖြစ်ပေါ်စေခဲ့သည်။

အရင်းနှီးဆုံး မိတ်ဆွေများမှာ သူမ ဘေးကင်းသည်ကို သိရသဖြင့် သက်ပြင်းချကာ ဝမ်းမြောက်နေကြသော်လည်း၊ အချို့သော လူအနည်းငယ်မှာမူ မသန့်ရှင်းသော စိတ်ထားများဖြင့် "ဘာလို့ အဲဒီကောလာဟလတွေက အမှန်ဖြစ်မလာရတာလဲ" ဟု နှမြောတသစွာ တွေးတောနေကြလေသည်။

ထိုလူများမှာ သူတစ်ပါးကောင်းစားခြင်းကို ကြည့်၍ မသာယာနိုင်သူများ ဖြစ်ကြသည်။ မိမိတို့ ဘဝကမ္ဘာငယ်လေးအတွင်း၌ ပျော်ရွှင်မှုအား မတည်ဆောက်နိုင်ကြဘဲ သူတစ်ပါးအပေါ် မနာလိုဝန်တိုမှု၊ ငြူစူစောင်းမြောင်းမှုများဖြင့်သာ သက်တမ်း ကုန်လွန် စေသူများ ဖြစ်ကြ၏။ ချင်ချင့်၏ လူမှုကွန်ရက်ဝန်းကျင်တွင် စစ်မှန်သော မိတ်ဆွေအရင်းအချာများ ရှိသကဲ့သို့၊ အကြောင်းအမျိုးမျိုး သောအကျိုးစီးပွားများကြောင့် အပေါ်ယံပေါင်းသင်းနေရသူများလည်း အလွှာစုံ၊ လူစုံအောင် ရောယှက်နေလေသည်။

သို့သော်လည်း ၎င်းတို့အားလုံးမှာ ဂုဏ်သရေရှိ လူတန်းစားများ ဖြစ်ကြသည့်အလျောက် လောကဝတ်နှင့် အရှက်အကြောက်ကို ဦးစားပေးကြသူများ ဖြစ်ကြသည်။ အလွန်ပါးနပ်ကာ အတွက်အချက် ကောင်းလွန်းသော ထိုလူတို့မှာ မိမိတို့ရင်ထဲ၌ မည်မျှပင် ပုပ်ခက်သော စေတနာဆိုးများ ကိန်းအောင်းနေပါစေ၊ အပြင်ပန်းတွင်မူ ဘယ်သောအခါမျှ ထုတ်ဖော်ပြသမည်မဟုတ်ချေ။ ထို့ကြောင့်ပင် ခဏတာအတွင်း ချင်ချင့်၏ WeChat Moments ကဏ္ဍလေးမှာ မည်သည့် အဖုအထစ်မျှမရှိဘဲ အလွန်ပင် ချောမွေ့သဟဇာတဖြစ်နေတော့သည်။

မျက်နှာပြင်ပေါ်ရှိစာသားများကို အပေါ်အောက် အကြိမ်အနည်းငယ် ဆွဲကြည့်ပြီးနောက်၊ ချင်ချင် သူမ၏ တက္ကသိုလ်အဆောင်မှူး ထံသို့ 'တစ်နေ့နေ့ ဆုံကြရအောင်' ဟု ပေါ့ပေါ့ပါးပါးပင်အကြောင်းပြန်လိုက်သည်။ သို့သော် ကျန်ရှိသော ကွန်မန့်များစွာကိုမူ သူမ လုံးဝ လျစ်လျူရှုထားလိုက်၏။ အကြောင်းမှာ သူမ အတွေ့ချင်ဆုံး၊ အသိချင်ဆုံးသော သူတစ်ယောက်၏အရိပ်အယောင်မှာ ထိုနေရာ၌ လုံးဝပျောက်ဆုံးနေသောကြောင့်ဖြစ်သည်။

"ဘာလို့ ထပ်ပြီး စိတ်မချမ်းမသာဖြစ်နေရတာလဲ"

ချင်ချင့်မျက်နှာထက်မှ ညှိုးငယ်ရိပ်ကို မြင်သောအခါ ဖူဟန် နွေးထွေးသော လက်တစ်ဖက်အား လှမ်း၍ သူမ၏တွန့်ချိုးနေသော မျက်မှောင်လေးများကို အသာအယာ ပွတ်သပ်ဖြေလျှော့ပေးလိုက်သည်။

"ဟန်ဝေ့လန်လေ... သူ့ ဆီက သတင်းမကြားရတာ အတော်ကြာပြီ"

ချင်ချင် နက်နဲစွာ သက်ပြင်းချရင်း ဆိုလိုက်သည်။

"ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်ကြည့်ရင်... မင်း သူမနဲ့ ဆက်ပြီး မပတ်သက်တော့ဘူးလို့ ကိုယ် ထင်နေတာ"

ဖူဟန် တည်ငြိမ်အေးစက်သော အသံဖြင့် မှတ်ချက်ပြုသည်။

"ဘာလို့ အဲဒီလို ထင်ရတာလဲ"

ချင်ချင် အံ့ဩတကြီး မေးလိုက်စဉ် ဖူဟန် သူမ မျက်ဝန်းများအား စေ့စေ့ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဒါက ကိုယ်တစ်ယောက်တည်းရဲ့အမြင်မဟုတ်ဘူး၊ ဘယ် သာမန်လူမဆို အဲဒီလိုပဲ တွေးကြမှာလေ"

မိမိအသက်အားနုတ်ယူရန် ကြိုးပမ်းခဲ့သူ၏ သမီးနှင့် မည်သူကများ မိတ်ဆွေအဖြစ် ဆက်လက် လက်တွဲလိုပါမည်နည်း။ လက်စားချေခြင်း၏ ဝဲဂယက်အတွင်းသို့ ပြန်လည်ကျရောက်သွားမည်ကို မစိုးရိမ်ကြဘူးလား? ဟန်ဝေ့လန်နှင့် သူမ ဖခင်ဖြစ် သူတို့မှာ ရန်သူများကဲ့သို့စိမ်းကားနေကြသည် ဆိုဦးတော့၊ တစ်နေ့သောအခါ၌ သွေးသားရင်းချာစိတ်ဖြင့် ဖခင်အတွက် လက်စားချေလိုစိတ်များ အချိန်မရွေးပေါက်ဖွားလာနိုင်သည် မဟုတ်လား?

ချင်ချင့်ဘက်တွင် မည်သည့်အပြစ်မျှ မရှိစေကာမူ ဖူဟန် စကားမှာ ငြင်းဆန်၍မရသော လက်တွေ့တရားပင် ဖြစ်သည်။

"သာမန်လူတွေက အဲဒီလိုပဲ တွေးကြမှာလား... ဟုတ်ပါရဲ့၊ ဖြစ်ခဲ့တဲ့ ကိစ္စတွေက နည်းတာမှ မဟုတ်တာ"

ချင်ချင် သတိလက်လွတ်ပင် သူမ လည်ပင်းကို အသာအယာစမ်းမိသွားသည်။ ထိုစဉ်က အသက်ရှူကျပ်ကာ လည်ပင်းညှစ်ခံခဲ့ရ သည့် ထိတ်လန့်ဖွယ် ခံစားချက်မှာ ယနေ့ထက်တိုင် သူမ အာရုံထဲ၌ရှင်သန်နေဆဲပင်။

ထို့အပြင် သူမ ရင်သွေးလေး... ဟန်ဝေ့လန် ဖခင်၏ရက်စက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ခဲ့ရသည့် ကလေးလေး။ ထိုသူအား လုံးဝမမုန်းပါဟုဆိုလျှင်လည်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာရာ ရောက်ပေလိမ့်မည်။ ချင်ချင့်အတွင်းစိတ်ထဲ၌ သူမနှင့် ဟန်ဝေ့လန်တို့၏ သူငယ်ချင်းသံယောဇဉ်မှာ ဤနေရာ၌ပင် လမ်းခွဲရတော့မည်မှန်း ကြိုတင်သိမြင်နေခဲ့သည်။

ဤကိစ္စတွင် မည်သူ့ကိုမျှ အပြစ်ဆို၍မရနိုင်ပါ၊ သူတို့နှစ်ဦးလုံးမှာ မိမိတို့စိတ်တွင်း၌ ခိုအောင်းနေသော ဝေခွဲမရမှုများကို မကျော်လွှားနိုင်ကြခြင်းသာ။

ချင်ချင် ဖခင်ဖြစ်သူအပြစ်အတွက် သမီးမှာ တာဝန်မရှိဟု ခွဲခြားမြင်ပေးနိုင်သော်လည်း၊ ဟန်ဝေ့လန်ကိုယ်တိုင်ကမူ ထိုသို့သော အမြင်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။ သူမသည် အပြစ်မကင်းသော စိတ်အခံဖြင့် မိမိကိုယ် မိမိ နောင်တမီးများကြား၌လောင်မြိုက်နေ ကာရှင်သန်နေပေလိမ့်မည်။

"ဒါပေမဲ့ လမ်းခွဲရမယ်ဆိုရင်တောင်မှ... ကျွန်မ သူမကို နောက်ဆုံးတစ်ခါလောက်တော့ တွေ့ချင်သေးတယ်"

သူမ ရင်ထဲ၌ ဟန်ဝေ့လန်အား ပြောပြလိုသော စကားအချို့ကျန်ရှိနေသေးသည်။ စားပွဲထိုးလေးမှ အစားအစာများ လာချပေးသည့် တိုင်အောင် ဖူဟန် ချင်ချင့်အား အတန်ကြာ စိုက်ကြည့်နေမိပြီးမှအကြည့်လွှဲလိုက်တော့သည်။

"မင်းက အဲဒီလောက်တောင် တွေ့ချင်နေတယ်ဆိုရင်... ကိုယ် တွေ့ဆုံဖို့စီစဉ်ပေးပါ့မယ်"

သူမ၏ တောင်းဆိုချက်မှန်သမျှကို သူ ဘယ်သောအခါမျှ ငြင်းပယ်လေ့မရှိ။ ဖူဟန် သူမအတွက် မည်မျှအထိ အလျှော့ပေးလိုက် ရသည်ကိုသိသဖြင့် ချင်ချင် ကျေးဇူးတင်စွာပြုံးပြလိုက်ပြီး သူ့အား ဟင်းများထည့်ပေးလေတော့သည်။

"စားပါ၊ မြန်မြန်စား... အေးသွားရင် အရသာပျက်သွားလိမ့်မယ်"

ထိုခက်ခဲသောကိစ္စ ပြေလည်အောင် ဆုံးဖြတ်ပြီးနောက်၊ သူတို့နှစ်ဦး ချိုမြိန်လှသော ဒိတ်လေးကို ပုံမှန်အတိုင်းပင် ဆက်လက် ဆင်နွှဲကြလေသည်။ အစားအသောက်များကို တစ်ဦးနှင့်တစ်ဦး ဝေမျှစားသောက်ကြသလို၊ လမ်းဘေးဈေးသည်ထံမှ ဆင်တူဆံပင် စည်းကွင်းလေးများ ကလေးငယ်များကဲ့သို့ ဝယ်ယူဝတ်ဆင်ကာ ရယ်စရာကောင်းသော ပုံရိပ်များကိုလည်း မှတ်တမ်းတင်ခဲ့ကြ သည်။ သူတို့နှစ်ဦး၏ မျက်နှာထက်မှ ပျော်ရွှင်မှုအပြုံးများမှာ ညဉ့်နက်သည်အထိ မှေးမှိန်ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။

လမင်းကြီးမှာ ကောင်းကင်ယံထက်သို့ မြင့်မားစွာ ရောက်ရှိလာချိန်တွင်မှ၊ စိတ်ရွှင်လန်းနေသော ချင်ချင်သည် ဖူဟန် လက်အား ဆွဲကိုင်ကာ အိမ်ပြန်ရန် ခြေလှမ်းပြင်တော့သည်။ ဖူဟန် ကားသွားယူရန် ထွက်ခွာသွားချိန်တွင် သူမ လမ်းဘေး၌ ကျန်ရစ်ကာ အေးအေးလူလူ စောင့်ဆိုင်းနေခဲ့သည်။

ပျင်းပျင်းရှိသဖြင့် ဝယ်လာသော မီးပုံးလေးအား လေထဲ၌ လှုပ်ယမ်းဆော့ကစားနေစဉ်၊ ရုတ်တရက်ဆိုသလို ရင်းနှီးလှသော ပုံရိပ်တစ်ခုမှာ သူမ မျက်စိရှေ့မှောက်၌ ဖျတ်ခနဲပေါ်လာတော့သည်။

"ဟင်... လန်လန်လား?"

ချင်ချင် မျက်မှောင်ကြုတ်ကာ သေသေချာချာ စိုက်ကြည့်လိုက်သောအခါ၊ သူမ စောစောကပင် တမ်းတတပြောဆိုနေခဲ့သော ဟန်ဝေ့လန် ဖြစ်နေသည်ကို မယုံနိုင်ဖွယ်ရာတွေ့ရှိလိုက်ရသတည်း။

ဟန်ဝေ့လန် ရိုးရှင်းသော ပေါ့ပေါ့ပါးပါး အဝတ်အစားများဝတ်ဆင်ထားပြီး၊ ဆိုင်တစ်ဆိုင်၏ရှေ့တွင် ခပ်လှမ်းလှမ်း၌ ရပ်နေကာ သူမဘေးတွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ရှိနေသည်။ ထိုသူမှာ စိတ်မချမ်းသာဟန်ပေါ်နေသည်။

သူတို့နှစ်ဦးမှာ အလွန်နီးကပ်စွာရပ်နေကြသဖြင့် ဟန်ဝေ့လန်သည် ထိုအမျိုးသားအားသိနေမှန်း ချင်ချင် ခန့်မှန်းရုံနှင့် သိလိုက်သည်။

သို့သော် သူမမှာ အလှမ်းဝေးနေသဖြင့် သူတို့ ဘာတွေ ပြောနေကြသည်ကိုတော့ မကြားရချေ။

သို့သော် ဝေးကွာသောနေရာမှ လှမ်းကြည့်ရုံမျှနှင့်ပင် ၎င်းတို့ဆုံတွေ့မှုမှာ ပျော်ရွှင်ဖွယ်ကောင်းသော စကားဝိုင်းတစ်ခု မဟုတ်နိုင်မှန်း သိသာလှသည်။

"သူတို့ ရန်ဖြစ်နေကြတာလား"

ချင်ချင် တိုးတိုးလေး ရေရွတ်မိရင်း၊ စူးစမ်းလိုစိတ်ဖြင့် ခြေလှမ်းများကို သူတို့ရှိရာသို့ တစ်လှမ်းချင်း တိုးကပ်သွားမိသည်။

ထိုစဉ်မှာပင် ဟန်ဝေ့လန် ထိုအမျိုးသားအား ပြတ်သားသော စကားတစ်ခွန်း ပြောလိုက်ပြီးနောက်၊ စိတ်တိုတိုနှင့်ပင် ဆွဲထားသော လက်အား အတင်းတွန်းဖယ်ကာ လှည့်ထွက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ လျှောက်လာသော လမ်းကြောင်းမှာ ချင်ချင် လျှောက်လာသည့် လမ်းနှင့်တစ်ထပ်တည်း ဖြစ်နေတော့သည်။ သူတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် တည့်တည့်ဆုံနေကြသဖြင့် တစ်ဦးကိုတစ်ဦး ရှောင်လွှဲရန်ပင် ခက်ခဲလှ၏။

ဟန်ဝေ့လန် ချင်ချင့်အား မြင်လိုက်ရသောအခါ သိသိသာသာ ထိတ်လန့်သွားပြီး၊ ဤနေရာ၊ ဤအချိန်၌ သူမကို တွေ့ရလိမ့်မည်ဟု အိမ်မက်ပင် မက်ထားပုံမရချေ။ သို့သော်လည်း ခဏအကြာတွင်မူ သူမ မျက်ဆန်များ ကျုံ့သွားကာ မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်းသွားတော့သည်။ ထို့နောက် သူမ ချင်ချင့်ဆီသို့ အပြင်းအထန်ပြေးတက်လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက် သည်။

"လမ်းဖယ်လိုက်!"

"တီ... တီ... တီ..."

မုန်တိုင်းတစ်ခုကဲ့သို့ ဟိန်းဟောက်သံများ၊ ကြောက်မက်ဖွယ်ကောင်းသော ကားဟွန်းသံများနှင့်အတူ "အားးးးးးး!" ဟူသော အော်ဟစ်သံမှာ ည၏လေထုထဲ၌ ပျံ့လွင့်သွားသည်။

"ဝုန်း!"

ပြင်းထန်လှသော ထိခိုက်မိသံကြီးတစ်ခုနှင့်အတူ အရာအားလုံးမှာ ရုတ်ချည်း ရပ်တန့်သွားလေတော့သည်။

ဆူညံလှသော ကားဟွန်းသံများ၊ လူအုပ်ကြီး၏ ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ နားစည်ကို ခွဲထွက်သွားစေသည့် "ဝုန်း" ကနဲ အသံကြီးသည် အမျိုးသားနှစ်ဦး၏ နှလုံးသားအား တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ညှစ်ခြေလိုက်သကဲ့သို့ ပြင်းထန်လှ သည်။

ဖူဟန် ကားတံခါးကိုပင် ပြန်ပိတ်ရန် မေ့လျော့နေသည့်အထိ စိုးရိမ်တကြီး အပြေးရောက်လာပြီး၊ လဲကျနေသော ချင်ချင့်အား ထူမကာ သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းဖက်ထားလိုက်သည်။ ချင်ချင်သည် သူမ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ယင်နေခြင်းအား ထင်ထင်ရှားရှား ခံစားနေရသော်လည်း ၎င်းမှာ သူမ၏ကြောက်စိတ်ကြောင့် မဟုတ်ဘဲ၊ သူမအား ဖက်ထားသော အမျိုးသား၏ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသော ရင်ခွင်ကြောင့်သာဖြစ်သည်။

"ကျွန်မ အဆင်ပြေပါတယ်... တကယ် အဆင်ပြေပါတယ်၊ လန်လန် ကူညီပေးလို့သာပေါ့၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး"

ဖူဟန့်ကျယ်ပြန့်သော ကျောပြင်အား အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးရင်း၊ ချင်ချင် သူမကို သေဘေးမှ ကယ်တင်ခဲ့သော ဟန်ဝေ့လန်အား သတိရကာ ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ ဟန်ဝေ့လန်သည်လည်း အမျိုးသားတစ်ဦး၏ ရင်ခွင်ထဲ၌ အသက်ရှူပင် မဝနိုင်လောက်အောင် တင်းတင်းကြပ်ကြပ် အဖက်ခံထားရသည်ကို တွေ့လိုက်ရလေသည်။

ထိုအမျိုးသား၏ မျက်နှာမှာ သွေးစုပ်ထားသည့်အလား ဖြူဖျော့နေပြီး နဖူးထက်၌ ချွေးစေးများ စိမ့်ထွက်နေကာတစ်ကိုယ်လုံး လည်း ထိန်းမနိုင်အောင် တုန်ယင်နေရှာသည်။ သူ့ဝိညာဉ်မှာလည်း ဖူဟန်ကဲ့သို့ပင် ချစ်ရသူအား ဆုံးရှုံးရတော့မည့် အန္တရာယ် ကြောင့် သေလုမတတ်ထိတ်လန့်တုန်လှုပ်နေခဲ့ပုံရပေလိမ့်မည်။

၎င်းမှာ ထိုအမျိုးသားများ အားနည်းလွန်း၍မဟုတ်ပါ၊ ရင်ခွင်ထဲရှိ လူသားအား အသက်ထက်မက တန်ဖိုးထားလွန်းသောကြောင့် သာဖြစ်သည်။ ထိုလူသားကို ဆုံးရှုံးရတော့မည့် အရိပ်အယောင်မျှ မြင်လိုက်ရုံနှင့်ပင် မည်သည့်အရာနှင့်မျှ လဲလှယ်၍မရသော ကြောက်ရွံ့မှုတို့မှာ ၎င်းတို့ဝိညာဉ်အား သိမ်းပိုက်သွားခဲ့ခြင်းဖြစ်သည်။

ချင်ချင် ဖူဟန် ရင်ခွင်ထဲ၌ ခဏမျှ ငြိမ်သက်ကာ နှစ်သိမ့်ပေးလိုက်မှသာ သူ တုန်ယင်နေသော လက်များကို အသာအယာ လျှော့ပေးတော့သည်။ သူမ ဟန်ဝေ့လန်ဘက်သို့ ချက်ချင်းလှည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"လန်လန်... နင်... နင် အဆင်ပြေရဲ့လား"

စောစောမှ အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း အသက်နှင့်အမျှ အန္တရာယ်ကြီးလှသည်။ ဟန်ဝေ့လန် သူမအား ရုတ်တရက် မြေပြင်ပေါ်သို့ အတင်းတွန်းလှဲလိုက်ခြင်း မပြုမီအထိ ဘာတွေ ဖြစ်ပျက်ကုန်မှန်းပင် ချင်ချင် မသိလိုက်ချေ။ သူမ ပြန်လည်ထိုင်ထ လိုက်ချိန်တွင်မူ ပျက်စီးနေသော ကားတစ်စီးမှာ ဆိုင်ခန်းတစ်ခုအတွင်းသို့ အရှိန်ပြင်းစွာဝင်တိုက်ထားသည်ကို တွေ့လိုက်ရပြီး အင်ဂျင်ဆီမှ မီးခိုးများမှာလည်း လေထဲ၌လွင့်ပျံနေဆဲပင်။

အဓိက ထိတ်လန့်စရာကောင်းသည့် အချက်မှာ ထိုကား ပြေးဝင်လာခဲ့သော လမ်းကြောင်းပင် ဖြစ်သည်။ ချင်ချင့်မျက်နှာမှာ သွေးစုပ်ထားသည့်အလား ဖြူဖျော့သွားတော့၏။ ထိုလမ်းကြောင်းမှာ သူမ စောစောကပင် မီးပုံးလေး လှုပ်ယမ်းကာ ရပ်နေခဲ့သော နေရာ မဟုတ်လား?

အကယ်၍သာ ဟန်ဝေ့လန်သာမရှိခဲ့လျှင် ယခုအချိန်၌ သူမ မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲလျောင်းနေပေလိမ့်မည်။ မဟုတ်သေး... သူမ သေဆုံးသွားလောက်ပြီဖြစ်သည်။ ဤသည်မှာ သာမန် မတော်တဆမှုတစ်ခုလား၊ သို့မဟုတ် တစ်စုံတစ် ယောက်မှ သူမအား သတ်ရန် ကြံစည်ခဲ့ခြင်းလား?

"တူ... တူ..."

တွေးတောနေစဉ်မှာပင် တိတ်ဆိတ်လှသော လေထုထဲ၌ ချင်ချင့်ဖုန်းမြည်သံမှာ ရုတ်တရက် စူးစူးဝါးဝါး ထွက်ပေါ်လာတော့သည်။

သူမ လက်များမှာ တုန်ယင်နေရင်း ဖုန်းဖြေလိုက်သည်။ တစ်ဖက်မှလည်း နိမ့်ရှိုင်းပြီး အက်ကွဲနေသော အသံတစ်ခုထွက်ပေါ်လာ သည်။

"နှမြောစရာပဲ၊ နင် ဘာလို့ သေမသွားတာလဲ?"

"အားးးးးးးးး!"

သူမ တုန်ယင်နေသော လက်များဖြင့် ဖုန်းအားလွှင့်ပစ်လိုက်သည်။ အသိစိတ်တို့ ကစဉ့်ကလျားဖြစ်ကုန်ပြီး၊ သူမ၏ခေါင်းအား လက်နှစ်ဖက်ဖြင့် အတင်းအုပ်ကာမြေပြင်ပေါ်၌ ကွေးနေရင်း မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။

ဘာကြောင့်လဲ... ဘာကြောင့်များ သူ့ကို သေကြောင်းကြံစည်ရတာလဲ ? ဒီလောက်ရက်စက်တဲ့ အစီအစဉ်‌တွေနဲ့ သူ့ကိုသတ်ဖို့ ဘာလို့လုပ်ရတာလဲ ?

"ချင်ချင်!"

ဖူဟန် ထိတ်လန့်တကြားဖြစ်နေသော သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမ၏ တုန်ရီနေသော စိတ်ဝိညာဉ်ကို နွေးထွေးမှုပေးရန် ကျောလေးအား အသာအယာ ပုတ်ပေးနေသော်လည်း၊ ချင်ချင့်လက်များမှာမူ ဖူဟန့် အင်္ကျီကော်လာကို အားကိုးတကြီး တင်းတင်းဆုပ်ကိုင်ထားဆဲပင်။ လက်ချောင်းများပေါ်ရှိ အကြောများပင် ထင်းနေသည့်အထိ သူမ အစွမ်းကုန် ညှစ်ထားမိသည်။ ဝေဝါးနေသော သူမ မျက်ဝန်းများမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေပြီး နောက် နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

"သူမ... သူမက ကျွန်မကို သတ်ချင်နေတာ!"

ထိုနာကျင်ဖွယ်ရာ စကားတစ်ခွန်းအပြီးတွင် သူမ ခန္ဓာကိုယ်လေးမှာ အရိုးမရှိသကဲ့သို့ ပျော့ခွေသွားကာ ရုတ်တရက်ပင် သတိလစ်မေ့မြောသွားတော့သည်။

"ချင်ချင်... ချင်ချင်!"

ဖူဟန် သတိလစ်သွားသော ချင်ချင့်အား ပွေ့ချီကာ ကားဆီသို့ ရူးသွပ်မတတ် အပြေးသွားတော့သည်။ သူ့နှလုံးသားမှာ မီးလောင်နေသကဲ့သို့ ပူလောင်နေပြီး အာရုံထဲအတွေးတစ်ခုသာ ရှိတော့သည်။

သူမကို ဆေးရုံအမြန်ဆုံးပို့ရမယ်၊ သူတို့ အခုချက်ချင်း ဆေးရုံကိုသွားရမယ်။

All Chapters