အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း(၁)-ကောင်းကင်ဧကရာဇ်ဂိတ်အား တစ်ဦးတည်းစောင့်ကြပ်ခြင်း၊ လူသားမျိုးနွယ်အား သစ္စာမဖောက်ခြင်း
ကောင်းကင်ဘုံကိုးခု၏အစွန်း အဆုံးမဲ့ကမ္ဘာအတွင်း၌။
အဆုံးအစမရှိ ခန့်ညားထည်ဝါလှသော ရှေးဟောင်းဧကရာဇ်ဂိတ်တစ်ခုသည် ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သည့်အလား ဤနေရာ၌ မားမားမတ်မတ် တည်ရှိနေလေသည်။
ထိုရှေးဟောင်းမြို့တော်ကြီးမှာ အလွန်တရာကြီးမားပြီး တစ်မြို့လုံးမည်းနက်လျက်ရှိ၏။ ပေပေါင်းသောင်းချီရှည်လျားကာ နဂါးအစစ်တစ်ကောင် ဝပ်စင်းနေသကဲ့သို့ အဆုံးမဲ့ကမ္ဘာ၏ အရှိန်အဝါကို ထုတ်လွှတ်လျက်ရှိသည်။
ထို့ထက်ပို၍ ထင်ရှားသောအချက်မှာ ရှေးကျပြီး ဆွေးမြေ့နေသော မြို့ရိုးမျက်နှာပြင်သည် အနီရင့်ရောင် သွေးစွန်းများဖြင့် စွန်းထင်းနေခြင်းပင် ဖြစ်သည်။
ထိုသွေးစွန်းများသည် လွန်ခဲ့သောနှစ်ပေါင်းသောင်းချီကတည်းက တည်ရှိခဲ့သည့်အလား ကြာမြင့်စွာ ခြောက်သွေ့နေခဲ့ပြီးဖြစ်သော်လည်း ယင်းတို့ထံမှ အထွတ်အထိပ်စွမ်းအားများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ထုတ်လွှတ်လျက်ရှိနေဆဲပင်ဖြစ်၏။
ဤသွေးစွန်းများ၏ ယခင်ပိုင်ရှင်များသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းခဲ့သည်ကို စိတ်ကူးကြည့်ရုံမျှဖြင့် သိနိုင်ပေ၏။
ရှေးဟောင်းမြို့တော်၏ အပြင်ဘက်တွင်…
သံချပ်ကာများနှင့် သံခမောက်များဆင်မြန်းထားသော နတ်ဆိုးနယ်မြေမှ သက်ရှိ သန်းပေါင်းများစွာသည် ကြောက်မက်ဖွယ်ရာ မျက်နှာထားများဖြင့် အဆုံးမရှိသော အမည်းရောင်မြူခိုးများအတွင်းတွင် သူတို့၏ခန္ဓာကိုယ်များကို ဖုံးကွယ်ထားကြသည်။ အနီရောင်မျက်လုံးတစ်စုံစီသာ ထွက်ပေါ်နေလျက် ကမ္ဘာ၏အဆုံးတွင် တည်ရှိနေဟန်တူသော ရှေးဟောင်းဧကရာဇ်ဂိတ်ကို အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် စိုက်ကြည့်နေကြသည်။
ထိုအကြည့်များထဲတွင် ဒေါသ၊ ရက်စက်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ပင် ပါဝင်နေ၏။
သူတို့သည် မူလက နတ်ဆိုးနယ်မြေတွင် ပြိုင်ဘက်ကင်းသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ကြောက်မက်ဖွယ်စစ်သည်တော်များ ဖြစ်ကြသည်။
သူတို့၏လက်နက်များ ညွှန်ရာအရပ်တိုင်းတွင် နယ်မြေအားလုံးသည် သစ်ခြောက်ပင်များကဲ့သို့ ကြေမွပျက်စီးကာ မည်သူမျှ တားဆီးနိုင်ခြင်းမရှိခဲ့ချေ။
သို့သော်လည်း အဝေးရှိ ထိုမြို့တံခါးကြောင့် မြို့ရိုးပေါ်မှ ထိုလူကြောင့် နှစ်ပေါင်းကိုးသောင်းတိတိ သူတို့သည် တစ်လှမ်းမျှပင် ရှေ့သို့မတိုးနိုင်ခဲ့ကြပေ။
ထိုဧကရာဇ်ဂိတ်၏ မျက်နှာပြင်ပေါ်ရှိ အနီရင့်ရောင်အစွန်းအထင်းတိုင်းသည် သူတို့၏ အဆုံးမရှိသောသွေးများဖြင့် စွန်းထင်းခဲ့ရခြင်းပင်ဖြစ်၏။
အကယ်၍သာ ထိုလူမရှိခဲ့ပါလျှင်...
နတ်ဆိုးနယ်မြေမှ ကြောက်မက်ဖွယ်စစ်သည်တော်တစ်သန်း၏ အကြည့်များ ဆုံစည်းရာ ခန့်ညားထည်ဝါသော မြို့တံခါးထိပ်တွင်…
မည်သည့်သက်ရှိတစ်ဦးတစ်ယောက်၏ အရိပ်အယောင်မျှမရှိဘဲ လစ်လပ်၍ သေလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။
နှင်းကဲ့သို့ ဖြူစင်သောအဝတ်ဖြူနှင့် ခန့်ညားသောကိုယ်ဟန်ရှိသည့် ပုံရိပ်တစ်ခုသာ ဧကရာဇ်ဂိတ်၏ မြို့ရိုးပေါ်တွင် တိတ်ဆိတ်စွာထိုင်နေ၏။ သူသည် အဆုံးမဲ့ကမ္ဘာကို ကျောခိုင်းထားပြီး နတ်ဆိုးနယ်မြေမှ ကြောက်မက်ဖွယ်စစ်သည်တော်တစ်သန်းကို တစ်ဦးတည်း ရင်ဆိုင်နေလေသည်။
အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်တွင် ထူထဲနက်မှောင်သော ဆံပင်များရှိပြီး ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး ဖြန့်ကျလျက်ရှိသည်။
သူ၏ရှေ့တွင် ဧကရာဇ်ဓားတစ်လက်သည် သူ၏ပေါင်ပေါ်၌ တင်ထားလျက်ရှိ၏။
ဓားကိုယ်ထည်မှာ တလက်လက်တောက်ပနေပြီး ကြီးမားကာ အလွန်ထက်မြက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် ဤဧကရာဇ်ဓားထံမှ ထုတ်လွှတ်နေသည်။ ယင်းသည် ကောင်းကင်ဘုံကိုးခုသို့ တဟုန်ထိုးတက်သွားကာ မရေမတွက်နိုင်သော တောင်တန်းများနှင့် မြစ်ချောင်းများကို ထိုးဖောက်သွားလေသည်။
" နှစ်ကိုးသောင်းတောင် ကြာသွားပြီပဲ "
ကုချန်သည် သူ၏ခေါင်းကို အနည်းငယ်မော့လိုက်ကာ ဧကရာဇ်ဂိတ်အပြင်ဘက်တွင် တန်းစီလျက် ရှေ့သို့မတိုးရဲသော နတ်ဆိုးနယ်မြေမှ ကြောက်မက်ဖွယ်စစ်သည်တော်တစ်သန်းကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် လောကဓံတရား၏ အဓိပ္ပာယ်များ ထင်ဟပ်လာလေသည်။
လွန်ခဲ့သော နှစ်ကိုးသောင်းက သူသည် အင်မော်တယ်လမ်း၏အဆုံးသို့ တဟုန်ထိုးဝင်ရောက်ခဲ့သော်လည်း ၎င်းမှာ အင်မော်တယ်နယ်မြေလုံးဝမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်း၍ အဆုံးမရှိသော နတ်ဆိုးနယ်မြေဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
မရေမတွက်နိုင်သော နတ်ဆိုးမိစ္ဆာများသည် အောက်သို့ဆင်းသက်ရန် ကြိုးပမ်းခဲ့ကြပြီး အဆုံးမဲ့ကမ္ဘာမှာ အန္တရာယ်ကျရောက်နေခဲ့သည်။
အဆုံးမဲ့ကမ္ဘာမှ သက်ရှိများကိုကာကွယ်ရန် ထိုအချိန်က ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သော ကုချန်သည် မရေမတွက်နိုင်သော နတ်ဆိုးမိစ္ဆာများကို ပြတ်ပြတ်သားသား တွန်းလှန်ခဲ့၍ အဆုံးမဲ့ကမ္ဘာသို့ ဦးတည်နေသော အင်မော်တယ်လမ်းဟုခေါ်သည့်အရာကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် သူသည် ဤခန့်ညားထည်ဝါသော ဧကရာဇ်ဂိတ်ကိုပင် တည်ဆောက်ခဲ့ပြီး တစ်ဦးတည်းစောင့်ကြပ်ကာ အရပ်ရှစ်မျက်နှာ၌ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သူသည် မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေမှ နတ်ဆိုးမိစ္ဆာများကို ဤနေရာတွင် ရှေ့သို့မတိုးနိုင်ရန် တားဆီးထားခဲ့၏။
ယနေ့အထိ နှစ်ကိုးသောင်းတိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤနှစ်ကိုးသောင်းအတွင်း နတ်ဆိုးနယ်မြေသည် မရေမတွက်နိုင်သော ထိုးစစ်များဆင်နွှဲခဲ့ပြီး နတ်ဆိုးနယ်မြေမှ အရှင်သခင်အများအပြားကိုပင် စေလွှတ်ခဲ့သော်လည်း အားလုံးကို ကုချန်က တွန်းလှန်နိုင်ခဲ့၏။
ဤဧကရာဇ်ဂိတ်တစ်ခုလုံးကို စွန်းထင်းနေသော ခြောက်သွေ့နေသည့် သွေးစွန်းများသည် ဤနှစ်ကိုးသောင်းအတွင်း ကုချန်၏ ထင်ရှားကျော်ကြားသော အောင်မြင်မှုသက်သေများပင်ဖြစ်သည်။
ဝမ်းနည်းစရာမှာ သူ၏ကိုယ်ဟန်ဟာ ခန့်ညားနေဆဲဖြစ်ပြီး သူ၏ဓားသွားမှာ ထက်မြက်နေဆဲဖြစ်သော်လည်း ကုချန်သည် သူ့၌ အချိန်များစွာမကျန်တော့သည်ကို သိနေ၏။
ဧကရာဇ်တစ်ပါး၏သက်တမ်းသည် အများဆုံး နှစ်သုံးသောင်းမှ ငါးသောင်းအထိသာ ဖြစ်သည်။
အကယ်၍ ကုချန်၏ပါရမီမှာ ပြိုင်ဘက်ကင်းပြီး သူ၏တိုက်ခိုက်ရေးအဆင့်မှာ သာမန်ဧကရာဇ်များထက် များစွာသာလွန်ခြင်းမရှိခဲ့ပါက သူသည် ဤနေရာ၌ ယခင်အချိန်ကတည်းကပင် သေဆုံး၍ မြူမှုန်အဖြစ် ပြန်လည်ရောက်ရှိသွားလောက်ပေမည်ဖြစ်၏။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား သူ့၌သက်တမ်းကျန်ရှိနေသေးသော်လည်း နှစ်ပေါင်းများစွာ ဆက်တိုက်စစ်ခင်းမှုကြောင့် သူ၏ခန္ဓာကိုယ်တွင် ပြန်လည်မပြင်ဆင်နိုင်သော တာအိုဒဏ်ရာများ ဖြစ်ပေါ်စေခဲ့ပြီး သူ၏သေဆုံးရမည့်နေ့မှာ မဝေးတော့ချေ။
" တကယ်ပဲ... နောက်ဆုံးတစ်ခေါက်လောက် ပြန်သွားပြီး ကြည့်ချင်လိုက်တာ... "
ကုချန်၏ စိတ်အစဉ်မှာ လှုပ်ရှားသွားသည်။
ဧကရာဇ်ဂိတ်ကို နှစ်ကိုးသောင်းကြာ စောင့်ကြပ်ပြီးနောက် သူ၏နောက်ဆုံးစွဲလမ်းမှုမှာ အဆုံးမဲ့ကမ္ဘာသို့ပြန်သွားပြီး သူ၏မျိုးနွယ်ဝင်များ၊ သူ၏မိတ်ဆွေဟောင်းများနှင့် ဆွေမျိုးများကို နောက်တစ်ကြိမ် ပြန်တွေ့လိုခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဤအရာသည် ဇိမ်ခံပစ္စည်းတစ်ခုမျှသာ ဖြစ်နိုင်သည်ကို သူသိ၏။
နှစ်ကိုးသောင်း ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကြီးကျယ်သောခေတ်ကြီးမှာ မရေမတွက်နိုင်အောင် ပြောင်းလဲခဲ့သည်ကို ထားလိုက်ဦး ထိုအချိန်က သူ၏မိတ်ဆွေဟောင်းများနှင့် ဆွေမျိုးများသည် ယခင်အချိန်များကတည်းကပင် ကွယ်လွန်သွားလောက်ပြီ ဖြစ်သည်။
ထို့အပြင် သူထွက်သွားလိုလျှင်ပင် ရိုးရှင်းစွာ မထွက်သွားနိုင်ပေ။
အကယ်၍ သူသာထွက်သွားပါက နတ်ဆိုးနယ်မြေမှ အဆုံးမရှိသော နတ်ဆိုးမိစ္ဆာများသည် အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး အဆုံးမဲ့ကမ္ဘာကို နောက်တစ်ကြိမ် ကျူးကျော်ကြပေလိမ့်မည်။
အဆုံးမဲ့ကမ္ဘာသို့ ဦးတည်သော အင်မော်တယ်လမ်းသည် လွန်ခဲ့သောနှစ်ကိုးသောင်းက ကုချန်၏ ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း သူသိသည်မှာ အင်မော်တယ်လမ်း ပျက်စီးသွားသော်ငြား ကောင်းကင်ဘုံကိုးခုသည် အဆုံးမဲ့ကမ္ဘာအပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်ဟူ၍ပင်။
ဤနတ်ဆိုးနယ်မြေမှ နတ်ဆိုးမိစ္ဆာများသည် ကောင်းကင်ဘုံကိုးခုကို လုံးဝရှောင်ကွင်းနိုင်၍ ဟွမ်သွမ့်ပင်လယ်ကိုဖြတ်ကာ အဆုံးမဲ့ကမ္ဘာသို့ ဆင်းသက်နိုင်ပေသည်။ ၎င်းတို့အနေဖြင့် အချိန်အနည်းငယ်ပိုယူရုံသာ ဖြစ်သည်။
ထိုအခါ သူ၏နှစ်ကိုးသောင်းကြာ စောင့်ကြပ်မှုသည် အချည်းနှီးဖြစ်သွားပေလိမ့်မည်။
" နှစ်ကိုးသောင်းတောင် ကြာခဲ့ပြီ။ အဆုံးမဲ့ကမ္ဘာမှာ ဧကရာဇ်အသစ်တစ်ပါးမှ မမွေးဖွားသေးဘူးလား "
ကုချန်သည် နောက်သို့လှည့်ကြည့်ကာ ကောင်းကင်ဘုံကိုးခု၏အလွန် အဆုံးမဲ့ကမ္ဘာ၏ ဦးတည်ရာသို့ ကြည့်နေဟန်ရှိ၏။
လွန်ခဲ့သော နှစ်ကိုးသောင်းက သူအင်မော်တယ်လမ်းကို မဖျက်ဆီးမီ ထိုဧကရာဇ်မျိုးနွယ်စုများနှင့် သက်တမ်းရှည်သော မျိုးရိုးကြီးများကို သူတို့၏အသိပညာများ မသိမ်းဆည်းထားရန်နှင့် ဧကရာဇ်အသစ်များ မွေးထုတ်ရန် အစွမ်းကုန်ကြိုးစားကြရန် ညွှန်ကြားခဲ့သည်။
ဧကရာဇ်အသစ်တစ်ပါး ပေါ်ထွန်းသည်နှင့် သူတို့သည် ဟွမ်သွမ့်ပင်လယ်ကိုဖြတ်ကာ ကောင်းကင်ဘုံကိုးခု၏ နက်ရှိုင်းရာသို့ လမ်းလွှဲသွားပြီး သူ့အားရှာဖွေကာ နတ်ဆိုးနယ်မြေကို ခုခံကာကွယ်ရာတွင် ကူညီရန်ဖြစ်သည်။
သို့သော် ယခု နှစ်ကိုးသောင်းတိတိ ကြာမြင့်ခဲ့ပြီဖြစ်ကာ အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါးမျှ အကူအညီပေးရန် ရောက်မလာခဲ့ချေ။
အဆုံးမဲ့ကမ္ဘာတွင် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်လော။ နှစ်ကိုးသောင်းအတွင်း မည်သို့ပင်ဖြစ်စေ လူသားမျိုးနွယ်သည် ဧကရာဇ်တစ်ပါး သို့မဟုတ် နှစ်ပါး မွေးထုတ်နိုင်သင့်၏။
သူမရှိသည့်နှစ်များအတွင်း အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီး၏ တာအိုမှာ ပြောင်းလဲသွားပြီး တာအိုရရှိရန် ခက်ခဲသွားခြင်းမရှိလျှင်...
ကုချန်သည် သူ၏အတွေးများကို စုစည်းလိုက်သည်။
ယခု သူ၏သက်တမ်းမှာ တိုတောင်းနေပြီဖြစ်ကာ အဆုံးမဲ့ကမ္ဘာမှ အကူအညီမှာလည်း မမြင်ရသေးချေ။ သူသေဆုံးသွားသည်နှင့် ဤနှစ်ကိုးသောင်းကြာရပ်တည်ခဲ့သော ဧကရာဇ်ဂိတ်သည် ချက်ချင်းပြိုလဲသွားပေလိမ့်မည်။
သို့သော် ဆက်လက်အသက်ရှင်ရန် နည်းလမ်းတစ်ခုရှိနေ၏...
ကုချန်၏မျက်လုံးများမှာ အနည်းငယ် မှေးကျသွားသည်။
သူ၏မျက်စိရှေ့တွင် သူတစ်ဦးတည်းသာ မြင်နိုင်သော ရွှေရောင်ဖျော့ဖျော့ဘောင်ဇယားတစ်ခု ပေါ်လာသည်။
" နတ်ဆိုးနယ်မြေ ကျူးကျော်မှု၏ ဤအရေးကြီးသောအချိန်အခါတွင် အဆုံးမဲ့ကမ္ဘာ ပြိုလဲလုနီးပါးဖြစ်နေချိန်၌ သင်သည် ဘေးတွင်ရပ်ကြည့်နေမည်လော။ သို့မဟုတ် ကူညီလက်တစ်စုံ ကမ်းလှမ်းမည်လော။ ကျေးဇူးပြု၍ ရွေးချယ်ပါ "
" တစ် ရှေ့သို့တက်ပြီး အဆုံးမဲ့ကမ္ဘာအတွက် တိုက်ခိုက်ပါ။ သင့်အသက်၏ နောက်ဆုံးအချိန်အထိ နတ်ဆိုးနယ်မြေ ကျူးကျော်မှုကို ဟန့်တားပါ။ ကစားပွဲဆုလာဘ်- မရှိပါ (လူတစ်ယောက်သေသွားလျှင် ဆုလာဘ်များက ဘာအသုံးဝင်တော့မည်နည်း။ )"
" နှစ် ဘေးတွင်ရပ်ကြည့်ပါ။ ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ဝင်ရောက်ပါ။ တားမြစ်နယ်မြေ၏ အရှင်သခင်ဖြစ်လာပြီး အေးစက်သောမျက်လုံးများဖြင့် စောင့်ကြည့်ပါ။ သက်ရှိအားလုံး၏ အသက်နှင့်သေခြင်းသည် ငါနှင့် ဘာဆိုင်သနည်း။ ကစားပွဲဆုလာဘ်- ဒဏ်ရာများမှ အပြည့်အဝပြန်လည်ကောင်းမွန်ပြီး ဧကရာဇ်အဆင့်အထွက်အထိပ်ကျင့်ကြံမှုအဆင့်ကို ရရှိမည် (သာမန်တုယောင်ဧကရာဇ်များနှင့် မနှိုင်းယှဉ်နိုင်သော တကယ့်ဧကရာဇ်အဆင့်အထွက်အထိပ်) "
မြင့်မြတ်အဆင့်စနစ်...
သူ၏ရှေ့မှ ဘောင်ဇယားကိုကြည့်ရင်း ကုချန်သည် ခါးသီးစွာပြုံးလိုက်သည်။
ဤစနစ်သည် သူအင်မော်တယ်လမ်းသို့ တဟုန်ထိုးဝင်ပြီး နတ်ဆိုးနယ်မြေကျူးကျော်မှု စတင်ချိန်မှသာ ပြန်လည်အသက်ဝင်လာပြီး ကစားပွဲတစ်ခုကို ထုတ်ပေးခဲ့သည်။
ထို့ပြင် ဤပထမဆုံးကစားပွဲသည် ကုချန်အား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။
အဆုံးမဲ့ကမ္ဘာ ပြိုလဲမည့်အရေးနှင့် ရင်ဆိုင်နေရချိန်တွင် လက်ရှိဧကရာဇ်ဖြစ်သော သူသည် ဘေးတွင်ရပ်ကြည့်ရန် မည်သို့ရွေးချယ်နိုင်မည်နည်း။
ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ဝင်ပြီး တားမြစ်နယ်မြေ၏ အရှင်သခင်ဖြစ်လာရန်ဆိုသည်မှာ သက်ရှိအားလုံးကို တုန်လှုပ်စေသော နာမည်တစ်ခုပင် ဖြစ်သည်။
အဆုံးမဲ့ကမ္ဘာ၏ ရှင်သန်ခြင်းတားမြစ်နယ်မြေများသည် လွန်ခဲ့သော နှစ်သောင်းပေါင်း သို့မဟုတ် နှစ်သိန်းပေါင်းများစွာက အိပ်စက်နေသော ဧကရာဇ်အိုကြီးများနှင့် ရှေးဟောင်းဧကရာဇ်များကို နေရာပေးထားသည်။ သူတို့အားလုံးသည် သွေးအေးပြီး ရက်စက်ကြ၏။ အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံး ပျက်စီးသွားလျှင်ပင် သူတို့ကို အနည်းငယ်မျှ လှုပ်ရှားစေမည်မဟုတ်ချေ။
အမှန်စင်စစ် အဆုံးမဲ့ကမ္ဘာမှ သက်ရှိများ၏အမြင်တွင် ထိုတားမြစ်နယ်မြေများ၏ အရှင်သခင်များသည် ကျူးကျော်လာသော နတ်ဆိုးနယ်မြေမှ နတ်ဆိုးမိစ္ဆာများနှင့် ဘာမျှမခြားနားပေ။
သူသည် အဆုံးမဲ့ကမ္ဘာမှသက်ရှိများကို ကာကွယ်သော လူသားမျိုးနွယ်ဧကရာဇ်ဖြစ်ရာ ထိုတားမြစ်နယ်မြေများအတွင်း အထွတ်အထိပ်အရှင်သခင်တစ်ပါး မည်သို့ဖြစ်လာနိုင်မည်နည်း။
ဤယုံကြည်ချက်ဖြင့် ကုချန်သည် နတ်ဆိုးနယ်မြေမှ နတ်ဆိုးမိစ္ဆာများကို နှိမ်နင်းသည့်လမ်းကြောင်းပေါ်သို့ ပြတ်ပြတ်သားသား စတင်လျှောက်လှမ်းခဲ့သည်။
သဘာဝကျကျပင် ကစားပွဲပြီးဆုံးခြင်းအတွက် ဆုလာဘ်မှာ မဖြစ်နိုင်တော့ချေ။
သို့သော် ယခု သူသာ အဆုံးမဲ့ကမ္ဘာ၏ တားမြစ်နယ်မြေသို့ဝင်ပြီး ၎င်း၏အရှင်သခင်ဖြစ်လာရန် ရွေးချယ်ကာ ဧကရာဇ်အဆင့်အထွက်အထိပ်ကျင့်ကြံမှုအဆင့်ကို ရရှိပါက သူ၏ဒဏ်ရာများ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး ပြိုလဲမည်ကို စိုးရိမ်ရခြင်းမှ ရှောင်ရှားနိုင်ပေလိမ့်မည်။
သို့သော်လည်း…
သူ၏ရှေ့မှ ဘောင်ဇယားကိုကြည့်ရင်း ကုချန်၏မျက်လုံးများမှာ တည်ငြိမ်နေခဲ့သည်။
နှစ်ကိုးသောင်း ကြာပြီးနောက်မှာပင်…
သူ၏ရွေးချယ်မှုမှာ လွန်ခဲ့သော နှစ်ကိုးသောင်းကအတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။
အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားသော ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ကြီးမြတ်သော လူသားမျိုးနွယ်နှင့် အဆုံးမဲ့ကမ္ဘာမှ သက်ရှိအားလုံးကို သစ္စာမဖောက်နိုင်ပေ။
… … … …
ဤစာအုပ်ပါ အဆင့်များ- ခန္ဓာသန့်စင်ခြင်းအဆင့်၊ ချီပင်လယ်အဆင့်၊ နတ်တံတားအဆင့်၊ တာအိုနန်းတော်အဆင့်၊ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်၊ ကောင်းကင်တက်လှမ်းခြင်းအဆင့်၊ တာအိုပေါင်းစည်းခြင်းအဆင့်၊ သူတော်စင်အဆင့်၊ မဟာဧကရာဇ်အဆင့်။
အခန်း(၂)-ဧကရာဇ်တပိုင်းရှိသူ၏အမိန့်တော်၊ အင်မော်တယ်ဖြစ်ခြင်းဟူသော လှည့်ကွက်၊ မျိုးနွယ်တစ်ခုလုံး ချေမှုန်းခံရခြင်း
အဆုံးမဲ့ကမ္ဘာအရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်း
ရှေးဟောင်းတောင်ထွတ်တစ်ခု၏အပေါ်၌ နတ်ဘုရားမြူခိုးများဖြင့် ရစ်သိုင်းလျက် ခန့်ညားထည်ဝါသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ရှေးဟောင်းခန်းမဆောင်များစွာသည် ကမ္ဘာမြေပေါ်မှ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ တည်ရှိနေလေသည်။
" ငါကိုယ်တော်က ဧကရာဇ်သခင်ရဲ့အမိန့်တော်အရ မင်းတို့ကုမိသားစုရဲ့ ပါရမီရှင် ကုချင်းရွဲ့ကို ဧကရာဇ်သခင်ရဲ့ သားတော်အတွက် မိဖုရားငယ်အဖြစ် ခေါ်ဆောင်ဖို့လာတာပဲ။ မင်းတို့မှာ ငြင်းပိုင်ခွင့်မရှိဘူး "
" ဧကရာဇ်သခင်ရဲ့ အမိန့်တော်ကိုသာ မင်းတို့က ဖီဆန်ဝံ့မယ်ဆိုရင်တော့ ကုမိသားစု... မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားစေရမယ် "
ကောင်းကင်ယံအမြင့်၌ ဝတ်ရုံနက်နှင့်လူအိုကြီးတစ်ဦးသည် မာန်ပါစွာရပ်လျက်ရှိပြီး အောက်ဘက်ရှိ ရှေးဟောင်းတောင်ထွတ်ကို လျစ်လျူရှုမှုနှင့် သရော်လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
သူ၏ဦးခေါင်းအထက်တွင် ရှေးဟောင်းအမိန့်ပြန်တမ်းတစ်ခုသည် ကန့်လန့်ဖြတ်တည်ရှိနေကာ နက်ရှိုင်းသောချောက်နက်ကြီးတစ်ခုကဲ့သို့လည်းကောင်း မလွတ်မြောက်နိုင်သော အကျဉ်းထောင်တစ်ခုကဲ့သို့လည်းကောင်း ဖိအားများ ထုတ်လွှတ်လျက် ရှေးဟောင်းတောင်ထွတ်တစ်ခုလုံးကို တိတ်တဆိတ် လွှမ်းခြုံထားလေသည်။
ရှေးဟောင်းတောင်ထွတ်ပေါ်ရှိ ခန်းမဆောင်ကြီးတစ်ခုအတွင်း၌ ဖြစ်၏။
ကုမိသားစုဝင်အများအပြား ရပ်နေကြပြီး ခန်းမအပြင်ဘက်မှ မောက်မာကာ မထီမဲ့မြင်ပြုသော အသံကိုကြားလိုက်ရသောအခါ ကုမိသားစုဝင်အားလုံးနီးပါးသည် တိတ်တဆိတ်ပင် လက်သီးများကို ဆုပ်လိုက်ကြကာ သူတို့၏မျက်လုံးများမှာ ဒေါသဟူသော မီးတောက်များဖြင့် တောက်လောင်နေကြလေသည်။
" ထာဝရရှေးဟောင်းဧကရာဇ်သခင်... ဒါကတော့ တရားလွန်လွန်းတယ် "
ခန်းမ၏ အဓိကနေရာတွင် ကုမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ကုတောက်လင်းသည် သူ၏ထိုင်ခုံအား လက်ဖြင့်ရိုက်ချလိုက်ပြီး သူ၏စကားလုံးများမှာ စိတ်ပျက်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေလေသည်။
ယခုအခါ ကုမိသားစုသည် မည်သို့ပင် ယိုယွင်းပျက်စီးနေစေကာမူ သူတို့၏မျိုးရိုးသည် မဟာဧကရာဇ်တစ်ပါး ထွက်ပေါ်ခဲ့ဖူးသော ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်နေသေးသည်။
ထိုထာဝရရှေးဟောင်းဧကရာဇ်သခင်မှာ လက်ရှိတွင် ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံမှုသာရှိသေးပြီး အင်မော်တယ်တက်လှမ်းခြင်းသို့ ရောက်ရှိရန် အလားအလာသာရှိကာ အမှန်တကယ် မရောက်ရှိသေးချေ။ သို့သော် သူသည် မိမိကိုယ်ကို ဧကရာဇ်သခင်ဟု သုံးနှုန်းဝံ့ရုံသာမက ကုမိသားစုအား ဤသို့ ဖိနှိပ်ချုပ်ချယ်ကာ အနည်းငယ်မျှ သဘောထားကွဲလွဲသည်နှင့် ကုမိသားစုတစ်ခုလုံးအား ချေမှုန်းမည်ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ ဤသည်မှာ အလွန်ပင် တရားလွန်လှပေ၏။
"မိသားစုခေါင်းဆောင် ကျွန်တော်တို့ ထာဝရရှေးဟောင်းဧကရာဇ်သခင်ရဲ့ စည်းကမ်းချက်တွေကို ဘယ်လိုမှ သဘောတူလို့မဖြစ်ဘူး "
" ဟုတ်တယ် ဟုတ်တယ်။ အဲ့ဒီ ထာဝရရှေးဟောင်းဧကရာဇ်သခင်က ကျွန်တော်တို့ ကုမိသားစုကို သိသိသာသာ အရှက်ခွဲဖို့ ကြိုးစားနေတာ။ ဒီစည်းကမ်းချက်တွေကိုသာ သဘောတူလိုက်ရင် ကျွန်တော်တို့ ကုမိသားစုက ဒီအဆုံးမဲ့ကမ္ဘာမှာ ဘယ်တော့မှ ခေါင်းမဖော်နိုင်တော့ဘူး "
ကုမိသားစုဝင်တစ်ဦးသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
" ငါသိပါတယ်ကွာ... "
ကုတောက်လင်း၏အသံသည် လေးလံနေကာ သူ၏နှလုံးသားမှာလည်း အထီးကျန်ခြောက်ကပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။
ထိုထာဝရရှေးဟောင်းဧကရာဇ်သခင်၏ သားတော်ဖြစ်သူ ဟန်ဝူကျူသည် ကျင့်ကြံခြင်း၌ မည်သည့်ပါရမီမှ မရှိရုံသာမက အလွန်ယုတ်မာသော စာရိတ္တရှိသူလည်းဖြစ်ကာ အမျိုးသမီးကျင့်ကြံသူပေါင်း တစ်ရာကျော်ကို မိဖုရားငယ်အဖြစ် သိမ်းပိုက်ခဲ့ပြီးဖြစ်သောကြောင့် အမှန်တကယ်ပင် ယုတ်ညံ့သိမ်ဖျင်းသူတစ်ဦးဖြစ်သည်။
ထိုမိန်းကလေး ကုချင်းရွဲ့မှာမူ ကုမိသားစု၏ မျိုးဆက်သစ်များထဲတွင် အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ပြီး အနာဂတ်တွင် အင်မော်တယ်တက်လှမ်းခြင်းသို့ ရောက်ရှိနိုင်သည့် အလားအလာပင် ရှိနေသည်။ သူမသည် အမှန်စင်စစ် ကုမိသားစုတစ်ခုလုံး၏ မျက်ရှုလေးပင် ဖြစ်သည်။
ထိုဟန်ဝူကျူသည် ကုမိသားစု၏ အဖိုးတန်သမီးရတနာနှင့် မည်သို့ပင် ထိုက်တန်မည်နည်း။
သို့သော်...
ကုမိသားစု၏ လက်ရှိအကျပ်အတည်းကို စဉ်းစားမိသောအခါ ကုတောက်လင်းသည် စိတ်နှလုံးလေးလံမှုကို မတွန်းလှန်နိုင်ခဲ့ချေ။
လွန်ခဲ့သော နှစ်ကိုးသောင်းက ကုမိသားစု၏ ဘိုးဘေးကြီးဖြစ်သူ ကုချန်သည် အင်မော်တယ်တက်လှမ်းခြင်းသို့ ရောက်ရှိခဲ့ပြီး ခေတ်တစ်ခေတ်ကို စိုးမိုးကာ တစ်ကမ္ဘာလုံး၏ ကြည်ညိုလေးစားခြင်းကို ခံခဲ့ရသည်။
ကုမိသားစုတစ်ခုလုံးသည်လည်း ဤအကြောင်းကြောင့် တိုးတက်ထင်ရှားလာခဲ့ပြီး အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
သို့သော်လည်း ကောင်းသောအချိန်များသည် ကြာရှည်မခံခဲ့ချေ။ လွန်ခဲ့သော နှစ်ကိုးသောင်းက အင်မော်တယ်နယ်မြေသို့ ဦးတည်သည်ဟု ကောလာဟလထွက်နေသော အင်မော်တယ်လမ်းသည် အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်ယံအထက်၌ ပွင့်လာခဲ့၏။ ဘိုးဘေးကြီး ကုချန်သည် ဤအခွင့်အရေးကို သဘာဝကျကျပင် လက်လွှတ်မခံဘဲ အင်မော်တယ်လမ်းထဲသို့ စွန့်စားဝင်ရောက်သွားခဲ့သည်။
သို့သော် ဘိုးဘေးကြီး ကုချန်သည် ကောင်းကင်ဘုံကိုးခုကို တစ်ခုပြီးတစ်ခု အောင်မြင်စွာဖြတ်သန်း၍ သက်ရှိအားလုံး တောင့်တကြသော အင်မော်တယ်နယ်မြေသို့ ရောက်လုနီးပါးအချိန်တွင်...
ထိုအင်မော်တယ်လမ်း၏အဆုံးသည် အင်မော်တယ်နယ်မြေ လုံးဝမဟုတ်ဘဲ နတ်ဆိုးနယ်မြေဖြစ်နေသည်ကို သူရှာဖွေတွေ့ရှိသွားခဲ့သည်။
နတ်ဆိုးနယ်မြေမှ မရေမတွက်နိုင်သော နတ်ဆိုးများသည် အင်မော်တယ်လမ်း၏အဆုံး၌ တန်းစီလျက် သူတို့၏ဓားများကို သွေးနေကြကာ အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရန် ပြင်ဆင်နေကြဟန်ရှိ၏။
ကုမိသားစု၏ ဘိုးဘေးကြီး ကုချန်သည် အဆုံးမဲ့ကမ္ဘာ၏ လူသားမျိုးနွယ်ကို ကာကွယ်ရန်အလို့ငှာ ထိုမရေမတွက်နိုင်သော နတ်ဆိုးများကို တွန်းလှန်ခဲ့ရုံသာမက သူတို့ပြန်လာမည်ကို စိုးရိမ်သောကြောင့် အနာဂတ်တွင် အဆုံးမဲ့ကမ္ဘာ၌ ဒုက္ခများမရှိစေရန် အင်မော်တယ်လမ်းဟုခေါ်သော ထိုလမ်းကို ပြတ်သားစွာ ဖျက်ဆီးပစ်ခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ ကုမိသားစု၏ ဘိုးဘေးကြီး ကုချန်အကြောင်း မကြားရတော့ဘဲ အဆုံးမဲ့ကမ္ဘာသို့ ဘယ်သောအခါမျှ ပြန်မလာခဲ့တော့ချေ။
စိတ်အနှောင့်အယှက်ဖြစ်စရာမှာ ဘိုးဘေးကြီး ကုချန်သည် သူမထွက်ခွာမီ ဧကရာဇ်လက်နက်များနှင့် မသေဆေးကဲ့သို့သော အခြားမြင့်မြတ်သည့် အဆောင်ပစ္စည်းများကိုပါ ယူဆောင်သွားခဲ့သဖြင့် ကုမိသားစုတွင် ကောင်းမွန်သော မဟာဧကရာဇ်အခြေခံအုတ်မြစ်များ အလွန်နည်းပါးစွာသာ ကျန်ရစ်ခဲ့သည်။
ဤသည်မှာလည်း လက်ရှိကုမိသားစုသည် ဧကရာဇ်မျိုးနွယ်ဟူသော အမည်ကိုခံယူထားသော်ငြား သူတို့၏ဘိုးဘေးများက မဟာဧကရာဇ်များ မွေးထုတ်ခဲ့သော အခြားဧကရာဇ်မျိုးနွယ်များကဲ့သို့ ကမ္ဘာကြီးကို ဟန့်တားနိုင်စွမ်းရှိသည့် အစွမ်းထက်သော အခြေခံအုတ်မြစ်များကို မပိုင်ဆိုင်ခြင်းသို့ ရောက်ရှိစေခဲ့သည်။
အကယ်၍သာ ကုမိသားစုတွင် သူတို့ကိုကာကွယ်ရန် ဧကရာဇ်လက်နက်များနှင့် စောင့်ရှောက်ရန် အန္တိမအခြေခံအုတ်မြစ်များသာရှိပါက ဧကရာဇ်တပိုင်းတစ်ဦးမျှသာဖြစ်သူက ကုမိသားစုကို မည်သို့လျှင် စော်ကားဝံ့မည်နည်း။
ကုတောက်လင်းသည် နာကြည်းစွာ တွေးလိုက်သည်။
" မိသားစုခေါင်းဆောင် "
ထိုအချိန်၌ ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာပြီး ကုတောက်လင်း၏ တွေးတောနေမှုများကို နှောင့်ယှက်လိုက်၏။
စကားပြောသူမှာ ငန်းဝါရောင်ဝတ်စုံနှင့်သွယ်လျသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။
ထိုအမျိုးသမီးငယ်၏ အသားအရေမှာ ခဲနေသောမလိုင်ကဲ့သို့ဖြစ်၍ သူမ၏မျက်နှာအသွင်အပြင်မှာ အလွန်လှပကာ လောကီနှင့်မဆိုင်သော နတ်သမီးကဲ့သို့ အရှိန်အဝါမျိုးရှိသည်။ သူမမှာ အခြားသူမဟုတ် ကုမိသားစု၏ အဖိုးတန်သမီးရတနာ ကုချင်းရွဲ့ပင် ဖြစ်သည်။
" ကျွန်မတို့ ကုမိသားစုက ယိုယွင်းနေတယ်ဆိုပေမဲ့ ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်နေတုန်းပဲလေ။ အဲ့ဒီ ထာဝရရှေးဟောင်းဧကရာဇ်သခင်က ကျွန်မတို့ ကုမိသားစုကိုဖိနှိပ်ဖို့ ဧကရာဇ်တပိုင်းအမိန့်ပြန်တမ်း ထုတ်ပြန်ရင် တခြားဧကရာဇ်မျိုးနွယ်တွေနဲ့ မိသားစုတွေက ဘာမှမလုပ်ဘဲ ကြည့်နေကြမှာလား "
ကုချင်းရွဲ့သည် အဓိကနေရာတွင်ထိုင်နေသော ကုတောက်လင်းကိုကြည့်ကာ အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
" ဒါကိုတော့ သတိရရမှာပေါ့။ ကျွန်မတို့ ကုမိသားစုရဲ့ဘိုးဘေးကြီး ကုချန်က ဒီအဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိတွေကို ကာကွယ်ဖို့အတွက်ပဲ နတ်ဆိုးနယ်မြေက ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ တိတိကျကျပြောရရင် ဒီအဆုံးမဲ့ကမ္ဘာမှာရှိတဲ့ ဧကရာဇ်မျိုးနွယ်တွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေအားလုံး... ကျွန်မတို့ ကုမိသားစုကို အကြွေးတင်နေကြတာပါ "
ကုချင်းရွဲ့၏စကားကိုကြားသောအခါ ကုတောက်လင်းသည် ခဏတာ မှင်သက်သွား၏။
ကုချင်းရွဲ့ မမှားကြောင်း သူသိ၏။
လွန်ခဲ့သော နှစ်ကိုးသောင်းက နတ်ဆိုးများ ဆင်းသက်လာခဲ့ပြီး အဆုံးမဲ့ကမ္ဘာမှာ ပျက်စီးလုနီးပါး အခြေအနေသို့ ကျရောက်ခဲ့သည်။
အကယ်၍သာ ဘိုးဘေးကြီး ကုချန်က အခြေအနေကိုပြောင်းပြန်လှန်ပြီး နတ်ဆိုးနယ်မြေမှ အဆုံးမဲ့နတ်ဆိုးများကို မတွန်းလှန်ခဲ့ပါလျှင် ထိုအင်အားကြီးဧကရာဇ်မျိုးနွယ်များသည် ရှေ့ဆုံးမှ ဒဏ်ခံရမည်ဖြစ်ပြီး နတ်ဆိုးနယ်မြေ၏ ပစ်မှတ်များဖြစ်လာမည်ဖြစ်သည်။
ဘိုးဘေးကြီး ကုချန်၏ ကြားဝင်ဆောင်ရွက်မှုကြောင့်သာ ပြင်းထန်စွာပျက်စီးခြင်း သို့မဟုတ် ချေမှုန်းခံရနိုင်သည့် ထိုဧကရာဇ်မျိုးနွယ်များနှင့် မိသားစုများသည် ကယ်တင်ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ထိုဧကရာဇ်မျိုးနွယ်များနှင့် မိသားစုများအားလုံး ကုမိသားစုကို အကြွေးတင်နေသည်ဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း လုံးဝမဟုတ်ချေ။
" ဟုတ်တယ် ဘိုးဘေးကြီး ကုချန်သာ မရှိခဲ့ရင် အဲ့ဒီဧကရာဇ်မျိုးနွယ်တွေနဲ့ မိသားစုတွေက ရှေးဟောင်းနတ်ဆိုးတွေရဲ့ ဖရိုဖရဲအခြေအနေမှာ ဟိုးအရင်ကတည်းက ပျက်သုဉ်းသွားလောက်ပြီ။ ဒီနေ့ သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက် မာနကြီးနေနိုင်မှာလဲ "
" တကယ်ပဲ အခု ကျွန်တော်တို့ကုမိသားစု ဒုက္ခရောက်နေတာကို သူတို့က ဘေးကနေရပ်ကြည့်ပြီး ဘာမှမလုပ်ဘဲ နေနိုင်ကြမှာလား "
ကုချင်းရွဲ့ စကားပြောသည်နှင့်တပြိုင်နက် အခြားကုမိသားစုဝင်များသည်လည်း စိတ်လှုပ်ရှားလာကြပြီး မိသားစုခေါင်းဆောင်အနေဖြင့် အခြားဧကရာဇ်မျိုးနွယ်များနှင့် မိသားစုများထံမှ အကူအညီရယူကာ ကုမိသားစု၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် မျှော်လင့်နေကြသည်။
သို့သော် စိတ်လှုပ်ရှားနေသော ကုမိသားစုကိုကြည့်ကာ ကုတောက်လင်း၏ မျက်နှာအမူအရာမှာ လေးလံနေဆဲဖြစ်သည်။ သူသည် ကုချင်းရွဲ့နှင့် အခြားသူများကိုကြည့်ကာ ဖြည်းညင်းစွာ ခေါင်းခါရင်း ဆိုလိုက်သည်။
" တကယ်တော့ အဲ့ဒီ ထာဝရရှေးဟောင်းဧကရာဇ်သခင်ရဲ့ လက်အောက်ငယ်သား မရောက်လာခင်ကတည်းက ငါ တခြားဧကရာဇ်မျိုးနွယ်တွေဆီကို အကူအညီတောင်းဖို့ လူလွှတ်ပြီးသားပဲ။ ဒါပေမဲ့... မင်းတို့ သိပ်ပြီးတော့ မျှော်လင့်မထားတာ အကောင်းဆုံးပဲ။ အဲ့ဒီ ထာဝရရှေးဟောင်းဧကရာဇ်သခင်က ဒီနေ့ ငါတို့ ကုမိသားစုကို ဖိအားပေးရဲတယ်ဆိုကတည်းက သူ ဒီအချက်ကို ထည့်စဉ်းစားပြီးသားဖြစ်မှာပဲ "
" ဒါ့အပြင် လူထွက်သွားရင် လက်ဖက်ရည်အေးတယ်ဆိုတာကို သတိရရမယ်။ ဘိုးဘေးကြီး ကုချန် ရှိနေတုန်းကတော့ အဲ့ဒီဧကရာဇ်မျိုးနွယ်တွေနဲ့ မိသားစုတွေက အကုန်လုံး ခေါင်းငုံ့အရိုအသေပေးကြတာပေါ့။ ဒါပေမဲ့ အခု ဘိုးဘေးကြီးကုချန် ထွက်သွားတာ နှစ်ကိုးသောင်းရှိပြီ။ ဖြစ်နိုင်တာကတော့... အင်မော်တယ်တက်လှမ်းနိုင်မယ့် အလားအလာရှိတဲ့ မျက်မှောက်ခေတ် ဧကရာဇ်တပိုင်းတစ်ယောက်နဲ့ မျက်နှာသာမရတော့ဘဲ ကျဆင်းနေတဲ့ ဧကရာဇ်မျိုးနွယ်တစ်ခုဆိုရင်... အဲ့ဒီ ဧကရာဇ်မျိုးနွယ်တွေနဲ့ မိသားစုတွေက သူတို့ရဲ့ ရွေးချယ်မှုကို လုပ်ပြီးလောက်ပြီ "
ကုတောက်လင်း၏ စကားများသည် ခန်းမထဲရှိ ကုမိသားစုဝင်အားလုံးအပေါ်သို့ လောင်းချလိုက်သော ရေအေးတစ်စည်ကဲ့သို့ပင် ဖြစ်၏။
ကုမိသားစုဝင်များ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်မီးတောက်များ တဖြည်းဖြည်းအေးစက်သွားသည်ကို ကြည့်ရင်း ကုတောက်လင်းသည် သူ၏နှလုံးသားထဲ၌ ခါးသက်စွာပြုံးလိုက်၏။
သူသည်လည်း လူတိုင်း၏မျှော်လင့်ချက်ကို မငြိမ်းသတ်ချင်ပါ သို့သော် ခြေတစ်လှမ်းမှားသည်နှင့် မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည့် ဤသို့သော အရေးကြီးသည့်အချိန်တွင် လက်တွေ့မကျသော စိတ်ကူးယဉ်မှုများကို ဆုပ်ကိုင်ထားခြင်းသည်သာ အမှန်တကယ် အမှားဖြစ်ပေသည်။
...
ကုမိသားစု၏ အပြင်ဘက်။
ဝတ်ရုံနက်နှင့်လူအိုကြီးသည် လေဟာနယ်ထဲတွင်ရပ်နေပြီး သူ၏မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်တစ်ခု ပေါ်နေ၏။
ဧကရာဇ်သခင်၏အမိန့်တော်ကို ရင်ဆိုင်နေရပါလျက် ဤကုမိသားစုဟာ ချီတုံချတုံဖြစ်နေသေးသည်လော။ သူတို့သည် 'သေခြင်း'ဟူသော စကားလုံးကို မည်သို့ရေးရမည်အား အမှန်တကယ်ပင် မသိကြပေ။
" ကောင်းပြီလေ မင်းတို့ကို ပိုမြန်မြန်ဆုံးဖြတ်နိုင်အောင် ဒီအဘိုးကြီးက ကူညီပေးရတာပေါ့ "
ဝတ်ရုံနက်နှင့်လူအိုကြီးသည် ယုတ်မာစွာပြုံးလိုက်ပြီး သူ၏လက်ဖြင့် အထက်မှ ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်းအား ဆုပ်ကိုင်ကာ ၎င်း၏ထောင့်စွန်းတစ်ခုကို ဖြည်းညင်းစွာ ဖော်ထုတ်လိုက်လေသည်။
" ဝုန်း! "
တစ်ခဏအတွင်းမှာပင် ထူထပ်သော ဧကရာဇ်တပိုင်းအဆင့်ဖိအားသည် အမိန့်ပြန်တမ်းမှ ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကုမျိုးနွယ်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
" ဘုန်း! "
နားကွဲမတတ် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။
ထိုဧကရာဇ်တပိုင်းအဆင့်စွမ်းအားတစ်မျှင်သည် ရှေးဟောင်းခန်းမဆောင်တစ်ခုအပေါ်သို့ တိုက်ခတ်သွားပြီး ၎င်းအား ချက်ချင်းပင် ပေါက်ကွဲကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားစေ၏။
ထိုမျှသာမက ရှေးဟောင်းခန်းမဆောင်အတွင်းရှိ ကုမိသားစုဝင် တစ်ဒါဇင်ကျော်သည် ထိုဧကရာဇ်တပိုင်းအဆင့်စွမ်းအား၏ ဖိနှိပ်ခြင်းကိုခံလိုက်ရပြီး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ရကာ အားလုံးမှာ လတ်ဆတ်သောသွေးတစ်လုတ်စီ အန်ထုတ်လိုက်ကြရ၏။