← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

‎အခန်း (၃)-အကူအညီတောင်းခံမှု မအောင်မြင်ခြင်း၊ စည်းလုံးသောကုမိသားစု၊ သူတော်စင်၏ အစွမ်းထွက်ပေါ်လာခြင်း

‎

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်း ကုမိသားစု။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်း၏ဖိအားကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မလှုပ်ရှားနိုင်ဖြစ်နေသော ကုမိသားစုဝင်ဆယ်ဦးကျော်ကိုကြည့်ရင်း အခြားကုမိသားစုဝင်များသည် ကောင်းကင်ယံအမြင့်ရှိ ဝတ်ရုံနက်နှင့်လူအိုကြီးအား ဒေါသဖြင့်ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြကာ သူတို့၏နှလုံးသားများမှာ မခံမရပ်နိုင်ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

‎

‎

‎" ပုရွက်ဆိတ်တစ်အုပ်ပဲ "

‎

‎

‎" ဒီအဘိုးကြီးက မင်းတို့ကို ပိုမြန်မြန်ဆုံးဖြတ်နိုင်အောင် ကူညီပေးချင်ရုံသက်သက်ပဲ "

‎

‎

‎" ဒီအဘိုးကြီးက ကုမိသားစုအားလုံးကို ငါ့သခင်ရဲ့အမိန့်ပြန်တမ်းရှေ့မှာ ဒူးထောက်ခိုင်းပြီးတော့ မင်းတို့အားလုံးကို သတ်ပစ်မယ်။ ဒါမှ ဒီလောကမှာရှိတဲ့လူတိုင်းက ဧကရာဇ်သခင်ရဲ့ ဂုဏ်သရေကို စော်ကားလို့မရဘူးဆိုတာ သိသွားကြမှာ "

‎

‎

‎အောက်ဘက်ရှိ ကုမိသားစုဝင်များ၏ ဒေါသနှင့် မကျေနပ်မှုတို့ဖြင့် ပြည့်နေသော မျက်နှာများကို ကြည့်ရင်း ဝတ်ရုံနက်နှင့်လူအိုကြီး၏ အကြည့်များမှာ မထီမဲ့မြင်ပြုလျက်ရှိကာ သူသည် လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

‎

‎

‎" တရားလွန်လွန်းတယ်ကွာ "

‎

‎

‎ကုမိသားစု၏ အဓိကခန်းမဆောင်အတွင်း၌ ကုမိသားစုအကြီးအကဲအချို့သည်လည်း အပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံခံမိကြသည်။ သူတို့၏မုတ်ဆိတ်မွေးများမှာ ထောင်ထလာပြီး ဝတ်ရုံနက်နှင့်လူအိုကြီးအား သေသည်အထိတိုက်ခိုက်ရန် အပြင်သို့ထွက်သွားမည်ပြုကြသည်။

‎

‎

‎ကုမိသားစု၏ ပိုင်နက်နယ်မြေပေါ်တွင် ဖြစ်သည်။

‎

‎

‎ကုမိသားစုဝင်ဆယ်ဦးကျော်သည် မြေကြီးပေါ်တွင် ဒူးထောက်ရန် အတင်းအကျပ်ဖိအားပေးခံရပြီး မလှုပ်ရှားနိုင်အောင် ဖြစ်နေကြသည်။ ဤသည်မှာ ကုမိသားစုတစ်ခုလုံး၏ မျက်နှာကို ရွှံ့ထဲတွင် ဆွဲနှစ်လိုက်ခြင်းပင်တည်း။

‎

‎

‎ဤသည်မှာ သည်းမခံနိုင်စရာပင်ဖြစ်၏။ ဤအရာကို မည်သို့လျှင် သည်းခံနိုင်မည်နည်း။

‎

‎

‎" မိသားစုခေါင်းဆောင် သူ့ကိုတိုက်ကြရအောင်။ ကျွန်တော်တို့ ကုမျိုးနွယ်က ဒူးထောက်အသက်ရှင်နေတာထက် မတ်တပ်ရပ်သေတာကမှ မြတ်သေးတယ် "

‎

‎

‎" ဟုတ်တယ် ဟုတ်တယ်။ သူ့ကိုတိုက်ကြမယ် "

‎

‎

‎ကုမိသားစုတပည့်များစွာသည် စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်နှာများမှာ နီမြန်းနေကာ အသက်နှင့်သေခြင်းတရားဆိုင်ရာ အတွေးအားလုံးကို ဘေးဖယ်ထားပြီးဖြစ်ကြောင်း ထင်ရှားနေသည်။

‎

‎

‎" နည်းနည်းလောက် သည်းခံထားကြဦး။ ငါ တခြားဧကရာဇ်မျိုးနွယ်စုတွေဆီကို အကူအညီတောင်းဖို့ လွှတ်လိုက်တဲ့ ကုမျိုးနွယ်ဝင်တွေ မကြာခင်ပြန်ရောက်လာတော့မှာပါ "

‎

‎

‎ကုတောက်လင်းသည် သွားများကိုကြိတ်ကာ ခန်းမထဲရှိ ကုမိသားစုတပည့်များကို တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားနေသည်။

‎

‎

‎အကယ်၍သာ ဖြစ်နိုင်ပါက သူသည်လည်း လျင်မြန်စွာ လက်စားချေလိုပြီး ဤကုမိသားစုလူငယ်များနှင့်အတူ အပြင်သို့ထွက်ကာ ဂုဏ်ကျက်သရေရှိသော တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်လိုသည်။

‎

‎

‎သို့သော် သူသည် ကုမိသားစုခေါင်းဆောင်ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။

‎

‎

‎တစ်သောင်းတွင် အခွင့်အရေးတစ်ကြိမ်သာရှိလျှင်ပင် သူသည် ကုမိသားစု ရှင်သန်နိုင်ရန် နည်းလမ်းရှာဖွေမည့် မျှော်လင့်ချက်ကို လက်မလွှတ်နိုင်ချေ။

‎

‎

‎မယုံနိုင်လောက်အောင် ဖိနှိပ်မှုများပြားသော ပတ်ဝန်းကျင်တွင် အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားပြီး စက္ကန့်တိုင်းသည် တစ်နှစ်မျှကြာရှည်သကဲ့သို့ ခံစားနေရသည်။

‎

‎

‎နောက်ဆုံးတွင် ကုမိသားစုဝင်အချို့၏ ပုံရိပ်များသည် အဓိကခန်းမဆောင်၏ ဝင်ပေါက်တွင် အလျင်စလို ပေါ်လာခဲ့သည်။

‎

‎

‎" မင်းတို့ ပြန်လာကြပြီလား။ အဲ့ဒီ ဧကရာဇ်မျိုးနွယ်စုတွေက ဘာပြောလိုက်ကြလဲ "

‎

‎

‎အဓိကခန်းမဆောင်၏ဝင်ပေါက်ရှိ ကုမိသားစုဝင်များကိုမြင်သောအခါ ကုတောက်လင်း၏မျက်လုံးများမှာ တောက်ပလာပြီး လျင်မြန်စွာမေးလိုက်၏။

‎

‎

‎ဤကုမိသားစုဝင်များသည် ယခင်က ကုတောက်လင်းမှ အခြားဧကရာဇ်မျိုးနွယ်စုများထံ အကူအညီတောင်းရန် စေလွှတ်ခဲ့သူများပင် ဖြစ်သည်။ ယခု ကုတောက်လင်းသည် သူတို့ ကုမိသားစုအတွက် သတင်းကောင်းများ ယူဆောင်လာမည်ကိုသာ မျှော်လင့်နေသည်။

‎

‎

‎ခန်းမထဲရှိ အခြားကုမိသားစုဝင်များ၏ အကြည့်များသည်လည်း ထိုလူအနည်းငယ်ထံသို့ စုစည်းသွားကြသည်။

‎

‎

‎လူတိုင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ပြန်လည်ပေါ်ပေါက်လာသည်။

‎

‎

‎ကံမကောင်းစွာပင် ဤမျှော်လင့်ချက်အလင်းတန်းလေးသည် လျင်မြန်စွာပင် ငြိမ်းသတ်ခြင်းခံလိုက်ရ၏။

‎

‎

‎အကူအညီတောင်းရန် ထွက်သွားခဲ့သော ကုမိသားစုတပည့်အချို့သည် မြေပြင်ပေါ်ဒူးထောက်လိုက်ကြပြီး ရှက်ရွံ့မှုနှင့် နောင်တတို့ဖြင့် ဆိုကြသည်။

‎

‎

‎" ကျွန်တော်တို့ မိသားစုခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိပါပြီ။ ဧကရာဇ်မျိုးနွယ်စုတွေအားလုံးက သူတို့တံခါးတွေကိုပိတ်ပြီး ကျွန်တော်တို့ကိုတွေ့ဖို့ ငြင်းလိုက်ကြတယ်။ ကျွန်တော်တို့ အဲ့ဒီ ဧကရာဇ်မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေကိုတောင် တွေ့ခွင့်မရခဲ့ဘူး။ မိသားစုခေါင်းဆောင်... အဲ့ဒီ ဧကရာဇ်မျိုးနွယ်စုတွေက ကျွန်တော်တို့ကို ကူညီဖို့ ဘာရည်ရွယ်ချက်မှမရှိဘူး "

‎

‎

‎"......"

‎

‎

‎အဓိကခန်းမဆောင်အတွင်း၌ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားသည်။

‎

‎

‎အချိန်အတော်ကြာပြီးနောက် တစ်ခဏအတွင်း အလွန်အမင်းအိုမင်းသွားဟန်ရှိသော ကုတောက်လင်းသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ခါးသီးသောအပြုံးဖြင့် ဆိုလိုက်၏။

‎

‎

‎" ငါနားလည်ပါပြီ "

‎

‎

‎သူသည် ဤဖြစ်နိုင်ခြေကို ကြိုတင်မျှော်မှန်းထားပြီးဖြစ်သော်လည်း အမှန်တကယ်ဖြစ်ပျက်လာသောအခါ ကုတောက်လင်းသည် လက်ခံရန် ခက်ခဲနေဆဲဖြစ်၏။

‎

‎

‎ဘိုးဘေးကြီး ကုချန်သည် အဆုံးမဲ့ကမ္ဘာမှ လွန်ခဲ့သော နှစ်ကိုးသောင်းက ထွက်ခွာသွားခဲ့သော်လည်း 'လူထွက်သွားလျှင် လက်ဖက်ရည်အေးသည်' ဆိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။

‎

‎

‎သို့သော် ကုမိသားစု၏ ဤအဆုံးမဲ့ကမ္ဘာအပေါ် ယခင်က ကြီးမားသော ပံ့ပိုးကူညီမှုများသည် အတုအယောင်များလော။

‎

‎

‎ထိုဧကရာဇ်မျိုးနွယ်စုများ၏ လုပ်ရပ်များသည် အမှန်တကယ်ပင် စိတ်ပျက်အားငယ်ဖွယ်ကောင်းလှသည်။

‎

‎

‎" ဒီအခြေအနေကို ချိုးဖျက်ဖို့ နည်းလမ်းမရှိတော့ဘူးဆိုရင် ကျွန်မ နောက်မှ ထာဝရရှေးဟောင်းဧကရာဇ်သခင်ရဲ့ လက်အောက်ငယ်သားနဲ့ လိုက်သွားလိုက်မယ် "

‎

‎

‎တိတ်ဆိတ်နေခဲ့သော ကုချင်းရွဲ့သည် ရုတ်တရက်စကားပြောလာပြီး သူမ၏အသံမှာ အလွန်တည်ငြိမ်ကာ မိမိနှင့်မသက်ဆိုင်သော အကြောင်းအရာတစ်ခုကို ပြောနေသကဲ့သို့ပင် ဖြစ်၏။

‎

‎

‎" အားလုံးပဲ စိတ်ချပါ။ ကျွန်မ ထွက်သွားပြီး ကုမိသားစုရဲ့အကျပ်အတည်းကို ဖြေရှင်းပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါ့မယ်။ ကျွန်မရဲ့ ကုမိသားစုကို ဘယ်တော့မှ အရှက်ရစေမှာ မဟုတ်ပါဘူး "

‎

‎

‎ကုချင်းရွဲ့ ဤသို့ပြောလိုက်သည်နှင့် ခန်းမထဲရှိ အခြားကုမိသားစုအကြီးအကဲများနှင့် ကုမိသားစုတပည့်များထံမှ ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ချက်ချင်းကြုံတွေ့ရ၏။

‎

‎

‎" မဖြစ်ဘူး။ ဒီလိုဆိုရင် ထာဝရရှေးဟောင်းဧကရာဇ်သခင်ရဲ့ ဆန္ဒတွေပြည့်သွားတာနဲ့ တူတူပဲပေါ့ "

‎

‎

‎" လုံးဝမဖြစ်ဘူး။ ငါတို့ ကုမိသားစုသာ ပျက်သုဉ်းသွားရင်တောင် မျိုးနွယ်ဝင်တစ်ယောက်ကို သစ္စာဖောက်ပြီး မိသားစုဆက်လက်ရှင်သန်ဖို့အတွက် လဲလှယ်စရာအကြောင်းမရှိဘူး "

‎

‎

‎" ဟုတ်တယ်၊ဟုတ်တယ်။ ပျက်သုဉ်းသွားရုံပဲ မဟုတ်လား။ မသေခင်မှာ သူတို့အသားတစ်ဖတ်ကိုတော့ ကိုက်ဖြတ်သွားမယ် "

‎

‎

‎အထက်မှအောက်ခြေအထိ လူတိုင်းသည် ကုချင်းရွဲ့၏ အစီအစဉ်ကို သဘောမတူကြချေ။

‎

‎

‎မုန်းတီးမှုဖြင့် စည်းလုံးနေကြသော လူတိုင်းကိုကြည့်ရင်း ကုချင်းရွဲ့၏နှလုံးသားထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွား၏။

‎

‎

‎ကုမိသားစုတစ်ခုလုံး၏ အသက်နှင့်သေခြင်းတရားသည် ခြည်တစ်မျှင်ပေါ်တွင် ချိတ်ဆွဲနေသည့် ဤအရေးကြီးသောအချိန်၌ပင် ကုမိသားစုအကြီးအကဲများမှသည် ကုမိသားစုတပည့်များအထိ တစ်ဦးတစ်ယောက်မျှ သူမအားစတေးပြီး ကုမိသားစုတစ်ခုလုံးကို ကယ်တင်ရန် အတွေးမရှိကြချေ။

‎

‎

‎ဤသည်မှာ သူမသည် သူ၏အသည်းနှလုံးဖြင့် ကာကွယ်လိုသော ကုမိသားစုမျိုးပင်ဖြစ်သည်။

‎

‎

‎ဝမ်းနည်းစရာကောင်းသည်မှာ...

‎

‎

‎ကုချင်းရွဲ့သည် သူမ၏လက်ချောင်းပေါ်ရှိ ရှေးကျပြီး ရိုးရှင်းသော သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ပြီး သူမ၏လှပသောမျက်ဝန်းများ၏ နက်ရှိုင်းသောနေရာတွင် မလိုလားသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။

‎

‎

‎ဤသိုလှောင်လက်စွပ်အတွင်း၌ သူမတစ်ချိန်က ရရှိခဲ့သော အထွတ်အထိပ်ကံကောင်းခြင်းတစ်ခု တည်ရှိနေ၏။

‎

‎

‎အကယ်၍သာ သူမအား ကြီးပြင်းရန် အချိန်ပေးမည်ဆိုပါက သူမသည် ကုမိသားစုကို လေနှင့်မိုးဒဏ်မှ ကာကွယ်နိုင်ပြီး အရာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

‎

‎

‎သို့သော် ယခုမူ အချိန်မရှိတော့ချေ။

‎

‎

‎" အဟွတ်... အဟွတ်... ဒီအဘိုးကြီးအစား လုပ်ပါရစေ "

‎

‎

‎ဆူညံသံများကြားတွင် အနည်းငယ်အားနည်းသော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ချက်ချင်းတိတ်ဆိတ်သွားစေခဲ့သည်။

‎

‎

‎ထိုသူမှာ ကုတောက်လင်းဘေးတွင် ထိုင်နေသော ရွှမ်ဝတ်ရုံနှင့်လူအိုကြီးတစ်ဦးဖြစ်ပြီး ပိန်လှီသောမျက်နှာနှင့် ဆံပင်ဖြူများရှိကာ သေခါနီးအဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေ၏။

‎

‎

‎" ဒုတိယဘိုးဘေး မဖြစ်ဘူး "

‎

‎

‎ရွှမ်ဝတ်ရုံနှင့်လူအိုကြီး စကားပြောသည်ကိုမြင်သောအခါ ကုတောက်လင်းသည် လျင်မြန်စွာတားဆီးရန် ကြိုးစား၏။

‎

‎

‎ရွှမ်ဝတ်ရုံနှင့်လူအိုကြီး၏ အမည်မှာ ကုကျင်းရှန်ဖြစ်ပြီး သူသည် ကုမိသားစု၏ တစ်ဦးတည်းသော ကျန်ရှိတော့သည့် သူတော်စင်အဆင့် နောက်ခံအင်အားဖြစ်သည်။

‎

‎

‎ယခင်က ကုကျင်းရှန်၏သက်တမ်းသည် ကုန်ဆုံးလုနီးပါးဖြစ်နေသောကြောင့် သူသည် မိမိကိုယ်ကို အထီးကျန်ခွဲထုတ်ကာ အိပ်စက်နေခဲ့၏။

‎

‎

‎ယနေ့ ကုမိသားစု ပျက်သုဉ်းလုနီးပါးဖြစ်နေချိန်တွင် ကုကျင်းရှန်သည်လည်း သူ၏အိပ်စက်ခြင်းမှ နိုးထလာခဲ့သည်။

‎

‎

‎သို့သော် ကုတောက်လင်းသည် ဒုတိယဘိုးဘေး၏ လက်ရှိအခြေအနေဖြင့် သူတော်စင်အဆင့်တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်လိုက်ပါက သူသည် ကြာရှည်စွာတောင့်ခံနိုင်မည်မဟုတ်ဘဲ အချိန်မရွေး ကျဆုံးနိုင်သည့်အန္တရာယ်ရှိသည်ကို ကောင်းစွာသိသည်။

‎

‎

‎လုံးဝမလွှဲမရှောင်သာသည့် အခြေအနေမဟုတ်ပါက ကုတောက်လင်းသည် ကုမိသားစု၏ ဤသက်ရှိကျောက်ဖြစ်ရုပ်ကြွင်းအား မည်သို့လျှင် လှုပ်ရှားစေလိုပါမည်နည်း။

‎

‎

‎" အဟွတ်... အဟွတ်... ကုမိသားစုက အခု ပျက်သုဉ်းလုနီးပါးဖြစ်နေပြီ။ ငါ့ရဲ့ဒီအရိုးအိုကြီးတွေကို ထိန်းသိမ်းထားရင်ရော ဘာအဓိပ္ပာယ်ရှိတော့မှာလဲ "

‎

‎

‎ကုကျင်းရှန်သည် ကုတောက်လင်း၏တားဆီးမှုကို လျစ်လျူရှုကာ ဖြည်းညင်းစွာထရပ်ပြီး အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်၏။

‎

‎

‎" တောက်လင်း ဒါကို မှတ်ထား "

‎

‎

‎" ငါတို့ ကုမိသားစုက ယိုယွင်းပျက်စီးနေရင်တောင် ဒီအဆုံးမဲ့ကမ္ဘာရဲ့ အထွတ်အထိပ် ဧကရာဇ်မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်နေတုန်းပဲ။ မိသားစုသာ ပျက်သုဉ်းသွားခဲ့ရင်တောင် ဂုဏ်ကျက်သရေရှိရမယ် "

‎

‎

‎" အဲ့ဒီ ဧကရာဇ်မျိုးနွယ်စုတွေက တစ်ယောက်ပြီးတစ်ယောက် တံခါးပိတ်ပြီး ဘေးကနေရပ်ကြည့်နေကြတာ။ သူတို့က ငါတို့ကုမိသားစု ဒူးထောက်ပြီး တွယ်ကပ်အသက်ရှင်နေတာကို မြင်ချင်နေကြတာ မဟုတ်လား။ ငါတို့ ကုမိသားစုက သူတို့ဆန္ဒအတိုင်း ဖြစ်စေမှာမဟုတ်ဘူး "

‎

‎

‎" ငါတို့ သေရင်တောင် မတ်တပ်ရပ်လျက်ပဲ သေနိုင်မယ်။ ဘယ်တော့မှ ဒူးမထောက်ဘူး "

‎

‎

‎ထိုသို့ဆိုပြီးနောက် ကုကျင်းရှန်သည် သူ၏လက်စွပ်များကို ပွတ်သပ်လိုက်ပြီး ခန်းမဆောင်မှ ကျက်သရေရှိစွာ ထွက်ခွာသွားလေသည်။

‎

‎

‎သူလျှောက်လှမ်းနေစဉ် ကုကျင်းရှန်၏ ဆံပင်ဖြူများသည် ပြင်းထန်စွာ လေထဲတွင်လွင့်နေပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ထူထပ်သော သူတော်စင်တစ်ပါး၏ ခန့်ညားထည်ဝါမှုများသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ပြင်းထန်စွာလောင်ကျွမ်းနေသော သစ်ဆွေးတစ်စကဲ့သို့ သူတော်စင်စွမ်းအားများကို ကောင်းကင်နှင့်မြေကြီးတစ်ခွင်သို့ ပျံ့နှံ့စေတော့သည်။

‎

‎

‎" မင်း...ကောင်စုတ်လေး ငါ့ကုမိသားစုကို အနိုင်ကျင့်ရဲတယ်ဟုတ်လား "

‎

‎

‎အိုမင်းရင့်ရော်သောအသံတစ်ခုသည် ကုကျင်းရှန်၏ပါးစပ်မှ ထွက်ပေါ်လာသည်။

‎

‎

‎ဤအသံသည် နဂါးဟိန်းသံကဲ့သို့၊ ကျားဟောက်သံကဲ့သို့ ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

‎အခန်း (၄)-ဘယ်တော့မှ ဒူးမထောက်ခြင်း၊ ကုချန်၏အမွေအနှစ်၊ အထွတ်အထိပ်အမိန့်တော်

‎

‎

‎

‎ကုကျင်းရှန်သည် ကုမိသားစု၏အဓိကခန်းမဆောင်မှ ထွက်ခွာလာခဲ့ပြီး သူ၏လက်စွပ်ကိုတစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်း၏အစွမ်းဖြင့် ဖိနှိပ်ခံထားရသော ကုမိသားစုတပည့်တစ်ဒါဇင်ခန့်သည် သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရကာ နူးညံ့သောစွမ်းအားတစ်ခုဖြင့် မြေပြင်မှ ညင်သာစွာမတ်တပ်ရပ်စေခြင်း ခံလိုက်ရသည်။

‎

‎

‎" သူတော်စင်အိုကြီးတစ်ပါးလား။ ဒါက ကုမိသားစုရဲ့ နောက်ခံအင်အားလား "

‎

‎

‎ကောင်းကင်ယံအမြင့်၌ သူ၏ဦးခေါင်းအထက်တွင် ဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းရှိနေသော ဝတ်ရုံနက်နှင့်လူအိုကြီးသည် သူတော်စင်တစ်ပါး၏ကြွယ်ဝသောအစွမ်းကို ထုတ်လွှတ်နေသော အောက်ဘက်ရှိ ကုကျင်းရှန်ကို ကြည့်လိုက်သည်။ သူသည် ထိတ်လန့်သည့်အရိပ်အယောင်မပြရုံသာမက သူ၏မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုဟန်မှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

‎

‎

‎ခန့်ညားထည်ဝါသော ဧကရာဇ်မျိုးနွယ်တစ်ခုသည် ဤမျှအထိ ဖိနှိပ်ခံရပြီးနောက် ယိုယွင်းပျက်စီးနေသော သူတော်စင်အိုကြီးတစ်ပါးကိုသာ မဖြစ်မနေ စေလွှတ်နိုင်ခဲ့သည်။

‎

‎

‎ဤအချက်မှ ကုမိသားစုတွင် အမှန်တကယ်ပင် နောက်ခံအင်အားမကျန်တော့ကြောင်း ထင်ရှားနေ၏။

‎

‎

‎" ငါ့ကုမိသားစုက အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်တွေထဲက တစ်ခုပဲ။ မျက်မှောက်ခေတ်ဧကရာဇ်တစ်ပါး ဆင်းသက်လာရင်တောင် ငါတို့ကို လေးစားမှုနဲ့ဆက်ဆံရမှာ။ ဧကရာဇ်တပိုင်းအဆင့် တစ်ယောက်လောက်က ငါ့ကုမိသားစုကို ဒီလိုအနိုင်ကျင့်ရဲတာကတော့ တရားလွန်လွန်းတယ် "

‎

‎

‎ကုကျင်းရှန်၏ဝတ်ရုံများမှာ တဖျပ်ဖျပ်လွင့်နေပြီး သူ၏သူတော်စင်အစွမ်းသည် တိုးဝင်လာကာ အထက်မှဆင်းသက်လာသော ဧကရာဇ်တပိုင်းအဆင့်ဖိအားကို ခုခံနေစဉ် လေဟာနယ်အတွင်း၌ ကြီးမားသော အနက်ရောင်အာကာသအက်ကြောင်းများ ပေါ်ပေါက်လာစေ၏။

‎

‎

‎ဤအဆုံးမဲ့တိုက်ကြီးတွင် သူတော်စင်အဆင့်ဖြစ်တည်မှုများသည် အမှန်တကယ်ပင် အစစ်အမှန်အင်အားကြီးများအဖြစ် သတ်မှတ်ခံရ၏။

‎

‎

‎အသက်တစ်ချက်ရှူရုံဖြင့် သူတို့သည် ကြယ်များကိုဆွတ်ခူးပြီး လကိုဖမ်းယူနိုင်ကာ တောင်များနှင့်မြစ်များကို ချေမှုန်းနိုင်စွမ်းရှိသည်။

‎

‎

‎ယခု ကုကျင်းရှန်သည် အိုမင်းမစွမ်းဖြစ်နေသော်လည်း သူသည် အမှန်စင်စစ် သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသေးသည်။

‎

‎

‎" အဘိုးကြီး... "

‎

‎

‎ပျံ့နှံ့နေသော သူတော်စင်အဆင့်ဖိအားကြောင့် ဝတ်ရုံနက်နှင့်လူအိုကြီးသည် တိုးညင်းစွာ ညည်းညူလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားကာ ကောင်းကင်မှ ပြုတ်ကျလုနီးပါးဖြစ်သွား၏။

‎

‎

‎ကံကောင်းစွာပင် သူ၏ဦးခေါင်းအထက်တွင် ထောင့်တစ်နေရာသာ ဖြန့်ထားသော ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်းသည် ဧကရာဇ်တပိုင်းအဆင့်ဖိအားမျှင်တန်းများကို ထုတ်လွှတ်ကာ သူ့အားကာကွယ်ပေးပြီး ကုကျင်းရှန်၏အစွမ်းမှ သီးခြားခွဲထုတ်ထားပေး၏။

‎

‎

‎သို့သော် ဤသည်မှာလည်း ဝတ်ရုံနက်နှင့်လူအိုကြီးအား အလွန်အမင်းဒေါသထွက်စေခဲ့၏။

‎

‎

‎သူတော်စင်ဖြစ်တော့ ဘာဖြစ်သနည်း။

‎

‎

‎သူသည် ထာဝရရှေးဟောင်းဧကရာဇ်သခင်၏ အမိန့်အရလာခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်တပိုင်းအဆင့်ဖြစ်တည်မှုတစ်ခုကို သူတော်စင်တစ်ဦးက ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။

‎

‎

‎" ကုမိသားစုရဲ့ နောက်ဆုံးကျန်နေတဲ့ အင်အားစုလား။ ကောင်းပြီ မင်းကိုအရင်ဆုံး ဒူးထောက်ခိုင်းမယ်။ ကုမိသားစုရဲ့ကျောရိုးကို လုံးဝချိုးဖျက်ပြီးတော့ ကုမိသားစုကို တစ်လောကလုံးရှေ့မှာ မျက်နှာအကုန်အရှက်ရစေမယ် "

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီးသည် ဒေါသတကြီးနှာမှုတ်လိုက်ပြီး သူ၏ဦးခေါင်းအထက်ရှိ ဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းကို ဖြည်းညင်းစွာဖြန့်ထုတ်ရန် ဆက်လက်တိုက်တွန်းလိုက်၏။

‎

‎

‎တစ်ခဏအတွင်းမှာပင် ပို၍အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တပိုင်းအဆင့်ဖိအားသည် အမိန့်ပြန်တမ်းမှ ထွက်ပေါ်လာကာ သက်ရှိသတ္တဝါတစ်‌ကောင်ကဲ့သို့ အောက်ဘက်ရှိ ကုကျင်းရှန်ထံသို့ ပြင်းထန်စွာခုန်အုပ်လိုက်သည်။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်ဖိအားပင်ဖြစ်၏။

‎

‎

‎ကုကျင်းရှန်၏ မျက်နှာအမူအရာမှာ တည်ကြည်နေပြီး သူသည် ပေါ့ဆဝံ့ခြင်းမရှိချေ။ သူသည် ပါးစပ်ကိုဖွင့်ကာ ကိုးထပ်မြင့်သော ရှေးဟောင်းခရမ်းရောင်သူတော်စင်စေတီတော်တစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းသည် သူ၏ဦးခေါင်းအထက်တွင်ပေါ်လာပြီး သူ့အားကာကွယ်ရန် ခရမ်းရောင်ချီစီးကြောင်းများကို ထုတ်လွှတ်လိုက်သည်။

‎

‎

‎" ဘုန်း! "

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်၏အစွမ်းသည် ဆင်းသက်လာပြီး ခရမ်းရောင်သူတော်စင်စေတီတော်ကို ပြင်းထန်စွာတိုက်ခတ်ကာ ၎င်းအား မရပ်မနားတုန်ခါစေ၏။ ခရမ်းရောင်ချီစီးကြောင်းများသည် လေထဲရှိ ဖယောင်းတိုင်များကဲ့သို့ဖြစ်ကာ အချိန်မရွေး လုံးဝငြိမ်းသတ်သွားနိုင်သည့်အခြေအနေတွင် ရှိနေသည်။

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီး၏ ဦးခေါင်းအထက်ရှိ ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်း တဖြည်းဖြည်းဖြန့်ကားလာသည်နှင့်အမျှ ဧကရာဇ်တပိုင်းအဆင့်၏အစွမ်းသည် ပို၍ပင် အားကောင်းလာပြီး ကုကျင်းရှန်အတွက် ခုခံရန် ပို၍ပို၍ ခက်ခဲလာစေသည်။

‎

‎

‎နောက်ဆုံးတွင် ခရမ်းရောင်သူတော်စင်စေတီတော်၏ မျက်နှာပြင်တွင် အက်ကြောင်းများ တစ်လက်မပြီးတစ်လက်မ ဖြစ်ပေါ်လာသည်။

‎

‎

‎ကုကျင်းရှန်၏ သူတော်စင်ခန္ဓာကိုယ်ပင်လျှင် မခံနိုင်တော့ဟန်ဖြင့် သူ၏မတ်မတ်ရပ်နေသော ကိုယ်ဟန်သည် တဖြည်းဖြည်း ကိုင်းညွတ်လာ၏။

‎

‎

‎သူ၏ဒူးများသည် ပေါင်သောင်းချီလေးသော အလေးချိန်ဖြင့် ဖိထားသကဲ့သို့ တစ်လက်မပြီးတစ်လက်မ ကွေးညွတ်လာသည်။

‎

‎

‎" ထစမ်း "

‎

‎

‎ကုကျင်းရှန်သည် ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများမှာ သွေးများဖြင့်နီရဲနေကာ ကောင်းကင်ကြီးကိုယ်တိုင် ပြိုကျလာသကဲ့သို့ ခံစားရသော ကြောက်မက်ဖွယ်ဖိအားကို ခုခံနေ၏။

‎

‎

‎သူ၏ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်အရိုးများသည် တစ်လက်မပြီးတစ်လက်မ ကျိုးကြေသွားသော အသံများပင် ထွက်ပေါ်လာ၏။

‎

‎

‎လတ်ဆတ်သောသွေးစီးကြောင်းများသည် သူ၏ပါးစပ်ထောင့်များမှပင် စီးကျလာသည်။

‎

‎

‎သို့သော် ဤသို့ဖြစ်နေလျှင်ပင် သူသည် ဒူးမထောက်ခဲ့ချေ။

‎

‎

‎" ကောင်းတယ် ကောင်းတယ်။ အဘိုးကြီး မင်းဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါကြည့်ရသေးတာပေါ့။ ဟားဟားဟားဟား "

‎

‎

‎ကုကျင်းရှန်၏ ခေါင်းမာစွာခုခံနေမှုကိုမြင်သောအခါ ဝတ်ရုံနက်နှင့်လူအိုကြီး၏ မျက်နှာသည် ပြဇာတ်တစ်ခုကို ကြည့်နေရသကဲ့သို့ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။

‎

‎

‎ကုကျင်းရှန် ရုန်းကန်ခုခံလေလေ သူပို၍ပျော်ရွှင်လေလေဖြစ်သည်။

‎

‎

‎ဧကရာဇ်တပိုင်းနှင့် သူတော်စင်သည် အဆင့်တစ်ဆင့်သာကွာဟဟန်ရှိသော်လည်း အမှန်တကယ်တွင် ကမ္ဘာနှင့်ချီ၍ ကွာခြားသည်။

‎

‎

‎သာမန်သူတော်စင်တစ်ဦးအတွက် ဧကရာဇ်တပိုင်းအဆင့်ဖိအားကို ရင်ဆိုင်ရသည့်အခါ အသိဉာဏ်အရှိဆုံးအရာမှာ နာခံစွာဒူးထောက်လိုက်ခြင်းပင်ဖြစ်သည်။

‎

‎

‎ဤကုမိသားစု၏ သူတော်စင်အိုကြီးက ခုခံဝံ့သည်လော။ သူသည် 'သေခြင်း'ဟူသော စကားလုံးကို မည်သို့ရေးရမည်အား အမှန်တကယ်ပင် မသိ‌ပေ။

‎

‎

‎" ဒုတိယဘိုးဘေး "

‎

‎

‎ဝမ်းနည်းပူဆွေးစွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

‎

‎

‎ကုမိသားစုတပည့်များသည် တစ်ဦးပြီးတစ်ဦး ဧကရာဇ်တပိုင်းအဆင့်အမိန့်ပြန်တမ်း၏ဖိအားကို အသက်စွန့်ခုခံနေသော်လည်း ဒူးမထောက်ရန်ငြင်းဆန်နေသော ပုံရိပ်ကိုကြည့်ရင်း သူတို့၏မျက်လုံးများထဲ၌ မျက်ရည်များပြည့်လျှံနေပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကြသည်။

‎

‎

‎သူတို့သိသည်မှာ ကုကျင်းရှန်သည် ကုမိသားစု၏ ဂုဏ်သိက္ခာအတွက် ဒူးထောက်ခြင်းထက် သေခြင်းကို ရွေးချယ်နေခြင်းဖြစ်သည် ဟူ၍ပင်။

‎

‎

‎ကုကျင်းရှန် ယခင်က ပြောခဲ့သည့်အတိုင်းပင် ဖြစ်၏။

‎

‎

‎ကုမိသားစုသည် မတ်တပ်ရပ်လျက်သေနိုင်သော်လည်း ဒူးထောက်အသက်ရှင်ခြင်းကို ဘယ်တော့မှ မပြုလုပ်နိုင်ချေ။

‎

‎

‎" ဟူး... ဟူး... "

‎

‎

‎ကုကျင်းရှန်၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ၏အပေါက်ခုနစ်ပေါက်မှ သွေးများစီးကျလာ၏။

‎

‎

‎သူ၏ဦးခေါင်းအထက်ရှိ သူ၏အသက်ဖြင့်ကျင့်ကြံပြီး တစ်သက်တာလုံး ပျိုးထောင်ခဲ့သော သူတော်စင်စေတီတော်သည် အပိုင်းအစများအဖြစ် လုံးဝကြေမွသွားခဲ့ပြီဖြစ်သည်။

‎

‎

‎သူ၏ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်အရိုးများသည် တစ်လက်မပြီးတစ်လက်မ ကျိုးကြေသွားပြီဖြစ်သည်။

‎

‎

‎သို့သော် ဤသို့ဖြစ်နေသော်ငြား သူ၏နှလုံးသားထဲရှိ နောက်ဆုံးအသက်ရှုတစ်ချက်ကို အားကိုးလျက် ထိုမလိုလားသော ယုံကြည်ချက်ကို အားကိုးလျက် သူသည် ဒူးမထောက်ခဲ့ချေ။

‎

‎

‎ဒူးမထောက်နိုင်... ငါသာဒူးထောက်လိုက်လျှင်... ကုမိသားစု၏ကျောရိုး... ကျိုးသွားပေလိမ့်မည်...

‎

‎

‎ကုကျင်းရှန်၏ အတွေးများသည် ခက်ခဲစွာရွေ့လျားနေသည်။

‎

‎

‎သူသည် သေရန်ပြင်ဆင်ပြီးဖြစ်၏။

‎

‎

‎ဝမ်းနည်းစရာကောင်းသည်မှာ သူသေသွားလျှင်ပင် ရန်သူအား မည်သည့်တန်ဖိုးမျှ ပေးဆပ်စေနိုင်မည် မဟုတ်ခြင်းပင်ဖြစ်၏။

‎

‎

‎ဘိုးဘေးကြီး ကုချန်... ကျင်းရှန်က အရည်အချင်းမရှိပါဘူး။ တောင်းပန်ပါတယ် ကျွန်တော် ကုမိသားစုကို မကာကွယ်နိုင်ခဲ့ဘူး...

‎

‎

‎ကုကျင်းရှန်၏ အသိစိတ်သည် တဖြည်းဖြည်းဝေဝါးလာပြီး သူ၏အသက်ဖြင့် မီးထွန်းညှိထားသော သူ၏ခန္ဓာကိုယ်အတွင်းရှိ တောက်လောင်နေသော သူတော်စင်မီးသည်လည်း တဖြည်းဖြည်းမှိန်ဖျော့လာသည်။

‎

‎

‎" ထာဝရရှေးဟောင်းဧကရာဇ်သခင်ကို ကျိန်စာသင့်ပါစေ ငါသူတို့ကို သွားတိုက်မယ် "

‎

‎

‎" မိသားစုခေါင်းဆောင် အပြင်ထွက်တိုက်ကြရအောင်။ ဒုတိယဘိုးဘေး သူ... မခံနိုင်တော့ဘူး "

‎

‎

‎" ဒုတိယဘိုးဘေး "

‎

‎

‎ကုမိသားစုတပည့်များအားလုံး၏ မျက်လုံးများမှာ နီရဲနေကြပြီး ဝတ်ရုံနက်နှင့်လူအိုကြီးအား အရှင်လတ်လတ် ဝါးစားပစ်ချင်နေကြသည်။

‎

‎

‎သို့သော် ဤအခိုက်အတန့်တွင် ကုတောက်လင်းသည် ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်ဟန်ဖြင့် ရုတ်တရက်ထရပ်ကာ သူ၏လက်ကိုဝှေ့ယမ်းပြီး ဝမ်းနည်းပူဆွေးမှုနှင့် မခံမရပ်နိုင်ဖြစ်မှုတို့ဖြင့် ဆိုလိုက်သည်။

‎

‎

‎" ကုမိသားစုတပည့်အားလုံး ငါ့နောက်လိုက်ခဲ့ကြ "

‎

‎

‎ကုတောက်လင်း ထရပ်သည်ကိုမြင်သောအခါ ကုမိသားစုတပည့်များသည် သူက ဝတ်ရုံနက်နှင့်လူအိုကြီးအား သေသည်အထိတိုက်ခိုက်ရန် သူတို့ကိုဦးဆောင်သွားမည်ဟု ထင်လိုက်ကြသည်။ သူတို့အားလုံးမှာ စိတ်အားတက်ကြွလာကြပြီး ကုတောက်လင်းနောက်သို့ မဆိုင်းမတွ လိုက်ပါသွားကြသည်။

‎

‎

‎သို့သော် မမျှော်လင့်ဘဲ အဓိကခန်းမဆောင်မှ ထွက်ခွာပြီးနောက် ကုတောက်လင်းသည် လူတိုင်းကို ကုမိသားစု၏ ဘိုးဘေးခန်းမဆောင်သို့ အလျင်အမြန် ဦးဆောင်သွားခဲ့သည်။

‎

‎

‎မိသားစုခေါင်းဆောင်က ငါတို့ကို ဒီကိုဘာလို့ခေါ်လာတာလဲ။

‎

‎

‎လူတိုင်းမှာ နားမလည်နိုင်ဖြစ်နေကြပြီး ကုချင်းရွဲ့၏ လှပသောမျက်နှာလေးပေါ်တွင်ပင် ရှုပ်ထွေးမှုအရိပ်အယောင်တစ်ခု ပြသနေ၏။

‎

‎

‎" မင်းတို့အားလုံး ဒူးထောက်လိုက်ကြ "

‎

‎

‎ကုတောက်လင်း၏ မျက်နှာအမူအရာမှာ တည်ကြည်နေပြီး လူတိုင်းကို ဒူးထောက်ရန် အမိန့်ပေးလိုက်စဉ် သူသည် ဘိုးဘေးခန်းမဆောင်အထက်တွင် တင်လှူထားသော ကုမိသားစုဘိုးဘေးများ၏ နာမည်ကမ္ပည်းပြားများစွာကို ကြည့်လိုက်သည်။

‎

‎

‎သို့သော် သူ၏အကြည့်သည် ကုမိသားစုဘိုးဘေးမျိုးဆက်များကို ကျော်ဖြတ်ကာ ဘိုးဘေးခန်းမ၏ အထွတ်အထိပ်သို့ ကြည့်လိုက်သည်။

‎

‎

‎ကမ္ပည်းပြားအားလုံးအထက် အမြင့်ဆုံးအလွှာတွင် ကမ္ပည်းပြားမရှိဘဲ ရှေးဟောင်းအမိန့်ပြန်တမ်းလိပ်တစ်ခုသာ ချထားသည်။

‎

‎

‎ကုတောက်လင်းသည် ရှေ့သို့တက်လှမ်းကာ ထိုစာလိပ်ကို ဂရုတစိုက်ကောက်ယူပြီးနောက် တည်ကြည်စွာ ကြေညာလိုက်သည်။

‎

‎

‎" ကုမိသားစု ရှင်သန်ရေးအတွက် ဒီအရေးကြီးတဲ့အချိန်မှာ မင်းတို့ကို ငါဖုံးကွယ်ထားစရာ ဘာမှမရှိတော့ဘူး "

‎

‎

‎" ဒီအမိန့်ပြန်တမ်းကို ငါတို့ ကုမိသားစုရဲ့ ဘိုးဘေးကြီး ကုချန်က အဆုံးမဲ့ကမ္ဘာကနေ ထွက်ခွာသွားတုန်းက ချန်ထားခဲ့တာပဲ။ ဘိုးဘေးကြီးက တစ်ချိန်ကပြောခဲ့တယ် ကုမိသားစုသာ အကျပ်အတည်းတစ်ခုခုနဲ့ ကြုံလာခဲ့ရင် ရန်သူတွေကိုခုခံဖို့ ဒီအမိန့်ပြန်တမ်းကို ဖွင့်လို့ရတယ်တဲ့ "

‎

‎

‎" ဒီအမိန့်ပြန်တမ်းက အခု ငါတို့ ကုမိသားစုကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ "

All Chapters