← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

‎အခန်း (၇)- အပြတ်အသတ်အနိုင်ယူခြင်း၊ ရန်သူကိုချေမှုန်းခြင်းနှင့် တမလွန်ဘဝသို့ အတူလိုက်ပါခြင်း

‎

‎

‎

‎ထိုမြင်ကွင်းသည် မည်သို့သောမြင်ကွင်းမျိုးဖြစ်သနည်း။

‎

‎

‎ကုချင်းရွဲ့ဆက်သလိုက်သော အမိန့်ပြန်တမ်းတစ်ခုသည် ကောင်းကင်ဘုံကိုးခုမှ နတ်ဘုရားတစ်ပါး သက်ဆင်းလာပြီး လူ့လောကကို ဖိနှိပ်နေသကဲ့သို့ဖြစ်ကာ ကောင်းကင်သို့ တက်သွားလေ၏။

‎

‎

‎ထို့အပြင် ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ထူးခြားလှ၏။ မသဲမကွဲဖြစ်သော နတ်တေးဂီတသံများသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေပြီး အမျိုးမျိုးသော မင်္ဂလာရှိသည့် နတ်ငှက်များ၏ ပုံရိပ်ယောင်များသည် လေထဲတွင် ကခုန်နေကြ၏။

‎

‎

‎အမိန့်ပြန်တမ်းမှ ထွက်ပေါ်လာသော အထွတ်အထိပ်ဩဇာသည် ဝတ်ရုံနက်နှင့်လူအိုကြီး ဆက်သထားသော ထာဝရဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းနှင့် နှိုင်းယှဉ်၍မရအောင် သာလွန်နေ၏။

‎

‎

‎အမှန်စင်စစ် ကုချင်းရွဲ့၏လက်ထဲမှ ဧကရာဇ်အမိန့်ပြန်တမ်းကို ဆက်သလိုက်သောအခါ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်နေသော ဧကရာဇ်တပိုင်းအဆင့်ဖိအားသည် ပို၍ကြီးကျယ်ခမ်းနားပြီး ခံ့ညားထည်ဝါသော ဩဇာတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

‎

‎

‎ဤအခိုက်တွင် အရှေ့ပိုင်းလွင်တီးခေါင်တာအိုနယ်မြေတစ်ခုလုံးရှိ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် တစ်စုံတစ်ခုကို ခံစားမိဟန်တူပြီး မသေချာမရေရာမှုများဖြင့်ပြည့်နေသော အကြည့်များဖြင့် ကုမိသားစုရှိရာဘက်သို့ တစ်‌ဉီးပြီးတစ်ဉီး လှည့်ကြည့်လာကြ၏။

‎

‎

‎အသက်ငင်နေပြီဖြစ်သော ကုကျင်းရှန်သည် သူ၏ပခုံးပေါ်မှ ကြီးမားသောဖိအားများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

‎

‎

‎“ ဒါက... ”

‎

‎

‎ကုကျင်းရှန်သည် ကုချင်းရွဲ့၏ခေါင်းပေါ်တွင် လွင့်ပျံနေသော လျှို့ဝှက်ဆန်းကြယ်သည့် အမိန့်ပြန်တမ်းကို ကြည့်လိုက်ရာ သူ၏မျက်လုံးများသည် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားလေ၏။

‎

‎

‎ဘိုးဘေးအရှင်၏ အမိန့်ပြန်တမ်းလော။

‎

‎

‎ကုမိသားစု၏ မည်သည့်ဘိုးဘေးအရှင်က ဤအမိန့်ပြန်တမ်းကို ပေးပို့ခဲ့သနည်း။ အဘယ်ကြောင့် သူ ယခင်က တစ်ခါမျှ မကြားဖူးခဲ့ရသနည်း။

‎

‎

‎“ ဘာလဲ ”

‎

‎

‎ကောင်းကင်ယံအမြင့်၌ ဝတ်ရုံနက်နှင့်လူအိုကြီးသည်လည်း ကုချင်းရွဲ့ဆက်သလိုက်သော အမိန့်ပြန်တမ်းကြောင့် ထိတ်လန့်သွား၏။

‎

‎

‎သူ၏မျက်နှာပေါ်မှ ကစားလိုသော မထီမဲ့မြင်အမူအရာသည် ချက်ချင်းဆိုသလို တုန်လှုပ်ခြင်းနှင့် နားမလည်နိုင်ခြင်းအသွင်သို့ ပြောင်းလဲသွား၏။

‎

‎

‎ကုမိသားစု ဘိုးဘေးအရှင်တစ်ဦးမှ ပေးပို့သော အမိန့်ပြန်တမ်းလော။

‎

‎

‎အဘယ်ကြောင့် ဩဇာအရှိန်အဝါသည် ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင် ပေးပို့သော အမိန့်ပြန်တမ်းထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေရသနည်း။

‎

‎

‎ဧကရာဇ်အဆင့် အမိန့်ပြန်တမ်းတစ်ခု ဖြစ်နိုင်သလော။

‎

‎

‎ဘိုးဘေးအရှင်...

‎

‎

‎ထိုကုမိသားစု မဟာဧကရာဇ် ဘိုးဘေးအရှင်သည် လွန်ခဲ့သော အနှစ်ကိုးသောင်းက တည်ရှိခဲ့သူဖြစ်၏။ သူသည် သေဆုံးသွားသင့်သည်မှာ ကြာပြီမဟုတ်လော။ မည်သို့ဖြစ်၍ သူသည် အမိန့်ပြန်တမ်းတစ်ခုကို ပေးပို့နိုင်သေးသနည်း။

‎

‎

‎ဖြစ်နိုင်သည်မှာ ဤအရာသည် လွန်ခဲ့သော အနှစ်ကိုးသောင်းက ကုမိသားစု မဟာဧကရာဇ် ချန်ထားခဲ့သော ဧကရာဇ်အဆင့်အခြေခံအုတ်မြစ်ဖြစ်ပြီး ယခုမှသာ ကုမိသားစုက ထုတ်သုံးခြင်းဖြစ်ပေမည်။

‎

‎

‎ဤကုမိသားစုသည် အမှန်တကယ်ပင် စိတ်ရှည်လှပေစွ။

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီး၏ မျက်လုံးများထဲတွင် အေးစက်မှုများ စီးဆင်းသွားပြီး သူသည် အရာအားလုံးကို နားလည်သွားပြီဟု ယုံကြည်လိုက်၏။

‎

‎

‎ဘိုးဘေးအရှင်၏အမိန့်ပြန်တမ်းဟုခေါ်သော ဤအရာသည် ကုမိသားစု၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး မိသားစုသည် သေရေးရှင်ရေးအကျပ်အတည်းနှင့်မကြုံတွေ့ပါက အလွယ်တကူအသုံးမပြုနိုင်သည့်အရာဖြစ်ကြောင်းမှာ ရှင်းလင်းနေသည်။

‎

‎

‎မဟုတ်ပါက ကုမိသားစုသည် သက်တမ်းကုန်ဆုံးခါနီးဖြစ်နေသော သူတော်စင်အိုကြီးတစ်ဦးကို သေစေမည်မဟုတ်ဘဲ ဤဧကရာဇ်အဆင့်အမိန့်ပြန်တမ်းကို တိုက်ရိုက်အသုံးပြုမည်ဖြစ်သည်။

‎

‎

‎ဤအမိန့်ပြန်တမ်းကို အသုံးပြုပြီးသည်နှင့် ကုမိသားစုတွင် နောက်ထပ်အခြေခံအုတ်မြစ် သို့မဟုတ် အရန်အစီအစဉ်များ ရှိတော့မည်မဟုတ်ပေ။

‎

‎

‎ဤသို့တွေးမိသောအခါ ဝတ်ရုံနက်နှင့်သူတော်စင်အိုကြီး၏ ယခင်ကထိတ်လန့်နေသောစိတ်သည် တစ်ဖန်ပြန်လည် တည်ငြိမ်သွားသည်။

‎

‎

‎ဤကုမိသားစုတွင် စစ်မှန်သော ဧကရာဇ်အဆင့်အမိန့်ပြန်တမ်းတစ်ခုရှိလျှင်ပင် အဘယ်သို့ဖြစ်မည်နည်း။

‎

‎

‎ဤအရာသည် နောက်ဆုံးတွင် သက်မဲ့အရာတစ်ခုသာဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

‎

‎

‎အကယ်၍ တစ်ဖက်လူက ဤအမိန့်ပြန်တမ်းကိုအသုံးပြု၍ သူ့ကိုသတ်လိုက်လျှင် နောင်တစ်ချိန်တွင် ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင် သက်ဆင်းလာသောအခါ သူ့အတွက်လက်စားချေရန် ကုမိသားစုကို ရှင်းလင်းပေလိမ့်မည်။

‎

‎

‎ဤလောကတွင် စစ်မှန်သောမဟာဧကရာဇ်မရှိဘဲ ၎င်းသည် ဧကရာဇ်အရှင်သခင်၏ အမိန့်ပြန်တမ်းတစ်ခုမျှသာဖြစ်ပြီး ကြောက်စရာမရှိချေ။

‎

‎

‎ဤသို့တွေးမိသဖြင့် ဝတ်ရုံနက်နှင့်လူအိုကြီးသည် ချက်ချင်း မထီမဲ့မြင်ပြုံးကာ ဆိုလိုက်၏။

‎

‎

‎“ ကောင်းလိုက်တာ။ မင်းတို့ကုမိသားစုက ကျဆုံးသွားပေမယ့် ဒီလိုအခြေခံအုတ်မြစ်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ဒါပေမဲ့... ”

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီးသည် စကားများများပြောရန် ပြင်ဆင်နေသော်လည်း ကုချင်းရွဲ့သည် သူ့စကားကို ဆက်နားထောင်ရန် ရည်ရွယ်ချက်မရှိဟန်ဖြင့် သူမ၏ခေါင်းပေါ်ရှိ မဟာဧကရာဇ်အမိန့်ပြန်တမ်းကို တိုက်ရိုက်အသက်သွင်းလိုက်သည်။

‎

‎

‎" ဝုန်း... "

‎

‎

‎ဧကရာဇ်အရှင်သခင်၏ အမိန့်ပြန်တမ်းသည် အသက်ဝင်လာပြီး ဖြည်းညင်းစွာ ဖြန့်ကျက်သွားကာ ထိုအပေါ်၌ ရှေးဟောင်းစာလုံးတစ်လုံး ပေါ်ထွက်လာသည်။

‎

‎

‎ထိုရှေးဟောင်းစာလုံးတွင် အားကောင်းပြီး ရှေးကျသော မျဉ်းကြောင်းများရှိကာ လူတစ်ဦး၏စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်စွမ်းရှိ၏။ လူတစ်ဦး၏စွမ်းအား ပိုမိုအားကောင်းလေ ထိုရှေးဟောင်းစာလုံးမှ ထွက်ပေါ်လာသော ကြီးမားသည့်ဖိအားကို ပိုမိုခံစားနိုင်လေဖြစ်သည်။

‎

‎

‎ထိုအရာသည် ‘ဖိနှိပ်’ ဟူသော စာလုံးပင်တည်း။

‎

‎

‎ရှေးဟောင်း ‘ဖိနှိပ်’ ဟူသော စာလုံးသည် တောက်ပလာပြီး ကောင်းကင်ယံရှိ နေမင်းကြီးကဲ့သို့ အရပ်ရှစ်မျက်နှာကို ထွန်းလင်းတောက်ပစေ၏။

‎

‎

‎ဧကရာဇ်အဆင့်စွမ်းအားသည် ပျံ့နှံ့သွားပြီး ပြိုင်ဘက်ကင်းသောစွမ်းအားဖြင့် ကောင်းကင်ယံအမြင့်ရှိ ဝတ်ရုံနက်နှင့်လူအိုကြီးထံသို့ တိုးဝင်သွား၏။

‎

‎

‎“ ဘယ်လိုလို့ လုပ်ရဲရတာလဲ ”

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီးသည် အလွန်အမင်းထိတ်လန့်သွား၏။ သူသည် ဤနူးညံ့သိမ်မွေ့ဟန်ရှိသော အမျိုးသမီးက သူ့အား စကားတစ်ခွန်းမဆိုဘဲ တိုက်ခိုက်လိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎" ဝုန်း... "

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီး၏ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းသည် အောက်သို့ကျဆင်းလာသော ကြီးမားသည့်ဖိအားကို ခံစားမိဟန်ဖြင့် သူ့အလိုလိုအသက်ဝင်လာ၍ ဧကရာဇ်တပိုင်းအဆင့်ခန့်ညားထည်ဝါမှုကို ထုတ်လွှတ်ကာ ဝတ်ရုံနက်နှင့်လူအိုကြီးကို ကာကွယ်ပေးလိုက်၏။

‎

‎

‎သို့သော် ဤအခိုက်တွင် အစဉ်အမြဲထိရောက်ခဲ့သော ဧကရာဇ်တပိုင်းအဆင့်စွမ်းအားသည် သူ၏အစွမ်းကို ဆုံးရှုံးသွား၏။

‎

‎

‎ထိုအားလုံးကိုလွှမ်းခြုံထားပြီး ခန့်ညားထည်ဝါသော ဧကရာဇ်အဆင့်စွမ်းအား၏ရှေ့မှောက်တွင် သာမန်ဧကရာဇ်တပိုင်းအဆင့်စွမ်းအားသည် ပူပြင်းသောနေအောက်မှ နှင်းပွင့်များကဲ့သို့ ချက်ချင်းဆိုသလို ပြိုကွဲအရည်ပျော်သွား၏။

‎

‎

‎ထိုဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းသည်လည်း စုတ်ပြဲနေသောအဝတ်စတစ်စကဲ့သို့ ချက်ချင်းထိုးဖောက်ခံရပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ပျောက်ကွယ်သွား၏။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းနှင့် မဟာဧကရာဇ်အမိန့်ပြန်တမ်း။

‎

‎

‎၎င်းတို့သည် စာလုံးတစ်လုံးသာ ကွာခြားပုံရသော်လည်း ဧကရာဇ်တပိုင်းနှင့် မဟာဧကရာဇ်ကြားက ကွာဟချက်ကဲ့သို့ တစ်ဦးက ကောင်းကင်၌ရှိပြီး တစ်ဦးက မြေပြင်ပေါ်၌ ရှိနေသကဲ့သို့ပင်တည်း။

‎

‎

‎" ဘုန်း "

‎

‎

‎ကျယ်ပြော၍ အတိုင်းအဆမဲ့သော ဧကရာဇ်အဆင့်စွမ်းအားသည် ဝတ်ရုံနက်နှင့်လူအိုကြီးပေါ်သို့ ချက်ချင်းသက်ရောက်သွားပြီး ယင်ကောင်တစ်ကောင်ကို ကြိတ်ချေလိုက်သကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ကောင်းကင်ယံအမြင့်မှ ချက်ချင်းဆောင့်ချလိုက်ရာ သူ၏ဒူးများ ကြေမွသွားပြီး မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဒူးထောက်ကျသွားလေသည်။

‎

‎

‎“ ဟိုးဟိုး မင်းတို့ငါ့ကို ဒီလိုအရှက်ခွဲရဲတယ်။ ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်က မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး ”

‎

‎

‎ဝတ်ရုံနက်နှင့်လူအိုကြီးသည် စိတ်လွတ်သွားဟန်ဖြင့် အော်ဟစ်လိုက်ပြီး ရူးသွပ်လုနီးပါးဖြစ်နေခဲ့သည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်း အခြေအနေပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် အရှက်ရဖွယ် ဒူးထောက်နေရသူမှာ သူဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

‎

‎

‎“ ရှင်ကိုယ့်အတွက်ကိုယ် အရင်ဆုံး စိတ်ပူသင့်တယ် ”

‎

‎

‎ကုချင်းရွဲ့သည် ဝတ်ရုံနက်နှင့်လူအိုကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုလျစ်လျူရှုကာ အသက်ငင်နေပြီဖြစ်သော ကုကျင်းရှန်ကို ကူညီရန် လှည့်သွား၏။

‎

‎

‎သူမသည် ဝတ်ရုံနက်နှင့်လူအိုကြီးကို ချက်ချင်းသတ်ရန် ရည်ရွယ်ချက်မရှိဘဲ သူ၏အတိတ်အပြစ်များအတွက် နောင်တရစေရန် ကုမိသားစုတပည့်များ၏ကဲ့ရဲ့မှုကိုခံစားစေရန် ကုမိသားစု၏တံခါးဝရှေ့တွင် ဦးစွာဒူးထောက်စေပြီးမှ သူ့ကို သတ်မည်ဖြစ်သည်။

‎

‎

‎“ အဟွတ်... အဟွတ်... ကုချင်းရွဲ့ ဒါက... ”

‎

‎

‎ကုကျင်းရှန်သည် ဒူးထောက်ခိုင်းခံထားရပြီး မလှုပ်ရှားနိုင်သော ဝတ်ရုံနက်နှင့်လူအိုကြီးကို ကြည့်လိုက်ရာ သူ၏အသံထဲတွင် အနည်းငယ်တွေဝေမှုများ ပါဝင်နေ၏။

‎

‎

‎မဟာဧကရာဇ်အမိန့်ပြန်တမ်းနှင့်ပတ်သက်သော အကြောင်းအရာများကို သူပင်လျှင် မသိရှိပေ။

‎

‎

‎ကုကျင်းရှန်၏မျက်လုံးများထဲမှ ရှုပ်ထွေးမှုကို သတိပြုမိဟန်ဖြင့် ကုချင်းရွဲ့က ညင်သာစွာရှင်းပြသည်။

‎

‎

‎“ ဒီအမိန့်ပြန်တမ်းကို မိသားစု‌ခေါင်းဆောင်က ဘိုးဘေးကျောင်းဆောင်ကနေ အခုလေးတင် ယူလာတာပါ။ ပြီးတော့ ဒါက ကျွန်မတို့ကုမိသားစုရဲ့ ဘိုးဘေးကြီး မဟာဧကရာဇ်ကုချန် ချန်ထားခဲ့တာလို့ ပြောပါတယ် ”

‎

‎

‎မဟာဧကရာဇ်ကုချန် ချန်ထားခဲ့သော အမိန့်ပြန်တမ်းလော။

‎

‎

‎ကုကျင်းရှန်၏ အမူအရာသည် တုန်လှုပ်သွားသော်လည်း ထို့နောက် သူသည် စိုးရိမ်လာကာ အသံကိုနှိမ့်၍ မေးလိုက်သည်။

‎

‎

‎“ ကုချင်းရွဲ့ ဒီအမိန့်ပြန်တမ်းက ကုမိသားစုရဲ့ နောက်ဆုံး လျှို့ဝှက်လက်နက်လား ”

‎

‎

‎“ ဖြစ်သင့်ပါတယ် ”

‎

‎

‎ကုချင်းရွဲ့သည် ကောင်းကင်ယံအမြင့်၌ ချိတ်ဆွဲထားပြီး ကုမိသားစုတစ်ခုလုံးကို ကာကွယ်ပေးနေသော အမိန့်ပြန်တမ်းကို မော့ကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

‎

‎

‎“ မိုက်မဲလိုက်တာ ”

‎

‎

‎ကုချင်းရွဲ့၏စကားကိုကြားသောအခါ ကုကျင်းရှန်သည် နောင်တများဖြင့် ပြည့်နှက်သွား၏။

‎

‎

‎“ ငါ့ကိုကယ်ဖို့အတွက် ဒီလိုလျှို့ဝှက်လက်နက်မျိုးကို ဘယ်လိုလုပ်သုံးနိုင်ရတာလဲ။ ဧကရာဇ်အရှင်သခင်ရဲ့ အမိန့်ပြန်တမ်းစွမ်းအားက အားကောင်းပေမယ့် နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားမှာပဲ။ ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင် ထပ်ရောက်လာရင် ငါတို့ကုမိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ”

‎

‎

‎သူသေဆုံးသွားပါက ကုကျင်းရှန်သည် များများစားစားမတွေးပေ။

‎

‎

‎သို့သော် သူ့ကြောင့် ကုမိသားစုတစ်ခုလုံးကို ဒုက္ခရောက်စေမည်ဆိုလျှင် သူသည် ကုမိသားစု၏ အပြစ်သားတစ်ဦး ဖြစ်သွားပေလိမ့်မည်။

‎

‎

‎ယခု ကုမိသားစု၏နောက်ဆုံးလျှို့ဝှက်လက်နက်ဖြစ်သော မဟာဧကရာဇ်အမိန့်ပြန်တမ်းကို အသုံးပြုပြီးပြီဖြစ်ရာ ၎င်း၏စွမ်းအားပျောက်ကွယ်သွားသည်နှင့် ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင် ထပ်မံသက်ဆင်းလာပါက ကုမိသားစုသည် မည်သို့ခုခံမည်နည်း။

‎

‎

‎“ စစ်သည်တွေလာရင် ကျွန်မတို့တားမယ် ရေတွေလာရင် ကျွန်မတို့မြေကြီးနဲ့ဖုံးမယ် ”

‎

‎

‎ကုချင်းရွဲ့သည် အေးစက်ပြီး ခိုင်မာသောအသံဖြင့် ဆိုလိုက်သည်။

‎

‎

‎“ မိသားစုခေါင်းဆောင်ရော တခြားကုမိသားစုတပည့်တွေရော ဘယ်သူကမှ ရှင့်ကို ကျွန်မတို့ရှေ့မှာ သေဆုံးသွားတာကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။

‎

‎အဲ့ဒီထာဝရဧကရာဇ်တပိုင်းအဆင့်ရှိတဲ့သူက ကျွန်မတို့ကုမိသားစုကို ဖျက်ဆီးဖို့ ထပ်ရောက်လာရင်...

‎

‎တမလွန်လမ်းပေါ်မှာ ကျွန်မတို့ကုမိသားစုတစ်ခုလုံး အတူတူလိုက်ပါသွားကြမှာပေါ့ ”

‎အခန်း (၈)-လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ် ရုတ်တရက် သစ္စာဖောက်ခံရပြီး ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်း

‎

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏အပြင်ဘက် ကောင်းကင်ဘုံကိုးခု၏ အဆုံးစွန်၌။

‎

‎

‎" ကျွန်တော်က အဆုံးမဲ့ကမ္ဘာကနေ အကူအညီပေးဖို့လာတဲ့ ဧကရာဇ်တစ်ပါးပါ။ ခင်ဗျားက ကုချန် မဟာဧကရာဇ်လား "

‎

‎

‎ဟွမ်သွမ့်ပင်လယ်၏လားရာမှ အကူအညီပေးရန် အလျင်အမြန်လာနေသော ဟွမ်သွမ့်ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည့် ဧကရာဇ်အဆင့်ဖြစ်တည်မှုသည် ဧကရာဇ်ဂိတ်ပေါ်ရှိ ကုချန်ထံသို့ မြင့်မြတ်အာရုံတစ်ခုအား ထုတ်လွှင့်လိုက်လေသည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်မှ ဧကရာဇ်အဆင့်ဖြစ်တည်မှုက သူ၏မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်သည်ကို ကြားလိုက်ရသောအခါ ကုချန်သည် ချက်ချင်းပင် အနည်းငယ် စိတ်သက်သာရာရသွားပြီးနောက် လျှို့ဝှက်စွာ သတင်းစကားတစ်ခုအား ထုတ်လွှင့်လိုက်လေသည်။

‎

‎

‎" ဒီဧကရာဇ်က ကုချန် အမှန်ပါပဲ။ တာအိုရောင်းရင်းကတွေ့ဆုံဖို့ ဧကရာဇ်ဂိတ်ကို လာနိုင်ပါတယ်။ ဒီဧကရာဇ်က လက်ရှိမှာ လွယ်လွယ်နဲ့ မလှုပ်ရှားနိုင်ဘူး "

‎

‎

‎နှစ်ပေါင်း တစ်သောင်းနီးပါးမျှ ကုချန်သည် ဧကရာဇ်ဂိတ်၏ မြို့ရိုးပေါ်တွင် ခြေထောက်ချိတ်ထိုင်နေခဲ့ပြီး သန်းပေါင်းများစွာသော နတ်ဆိုးနယ်မြေစစ်တပ်အား တည့်တည့်မတ်မတ် ရင်ဆိုင်လျက် တစ်ကြိမ်တစ်ခါမျှ မလှုပ်ရှားခဲ့ချေ။

‎

‎

‎ထို့နောက် အဆုံးမဲ့သော နတ်ဆိုးနယ်မြေစစ်တပ်သည် သူ၏ခြိမ်းခြောက်မှုကြောင့် ဧကရာဇ်ဂိတ်အား ခြေတစ်လှမ်းမျှပင် မချဉ်းကပ်ဝံ့ခဲ့ကြချေ။

‎

‎

‎အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါးသည် ယခု အကူအညီပေးရန် လာနေသော်လည်း ကုချန်သည် ဤအချိန်တွင် မတော်တဆမှုတစ်စုံတစ်ရာ ဖြစ်ပွားမည်ကို မလိုလားသောကြောင့် သူ၏အာရုံစိုက်မှုသည် နတ်ဆိုးနယ်မြေပေါ်တွင်သာ ရှိနေပြီး ဂရုတစိုက် သတိဖြင့်စောင့်ကြည့်နေလေသည်။

‎

‎

‎နောက်ဘက်မှ အကူအညီပေးရန် လာနေသော ဧကရာဇ်အတွက်မူ သူသည် သူ၏မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပြီးဖြစ်သောကြောင့် ကုချန်သည် သူ့အား များစွာအာရုံမစိုက်ခဲ့ပေ။

‎

‎

‎" ကုချန် မဟာဧကရာဇ် ခင်ဗျားဒီနေရာကို နှစ်ပေါင်းများစွာ စောင့်ရှောက်ရင်း ပင်ပန်းနေရောပေါ့ "

‎

‎

‎" ကုချန် မဟာဧကရာဇ် ကျွန်တော် ခင်ဗျားကို ကူညီဖို့လာတာပါ "

‎

‎

‎မြင့်မြတ်အာရုံ ပဲ့တင်ထပ်လာသည်နှင့်အမျှ ဟွမ်သွမ့်ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ဧကရာဇ်အဆင့်ပုံရိပ်သည် ဧကရာဇ်ဂိတ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး နောက်ဆုံးတွင် ဧကရာဇ်ဂိတ်၏ မြို့ရိုးပေါ်သို့ တက်ရောက်သွားလေသည်။

‎

‎

‎" တာအိုရောင်းရင်း... "

‎

‎

‎ဧည့်သည်သစ် ဧကရာဇ်ဂိတ်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ ကုချန်သည် စိတ်သက်သာရာရသွားပြီး နောက်ဆုံးတွင် လှည့်ကြည့်ရန် စဉ်းစားလိုက်လေသည်။

‎

‎

‎မျှော်လင့်မထားစွာပင် နောက်တစ်ခဏ၌ တလက်လက်တောက်ပနေသော ဧကရာဇ်ဓားတစ်လက်သည် လေဟာနယ်ကို တိတ်ဆိတ်စွာ ဖြတ်တောက်ကာ ကုချန်၏ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားလေ၏။

‎

‎

‎" မင်း... "

‎

‎

‎ကုချန်သည် သူ၏ရင်ဘတ်မှ ထိုးထွက်နေသော ဓားသွားထိပ်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲ၌ နားမလည်နိုင်သော အမူအရာတစ်ခု ထင်ဟပ်နေလေ၏။

‎

‎

‎အဘယ်ကြောင့်နည်း။

‎

‎

‎ဤသူသည် သူ့အား အကူအညီပေးရန်လာသော အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါး မဟုတ်လော။ အဘယ်ကြောင့် သူ့အား တိုက်ခိုက်ရသနည်း။

‎

‎

‎ကုချန်သည် ကြက်သေသေသွားလျက် ဤဧကရာဇ်အဆင့် သတ္တဝါ၏မျက်နှာကို မြင်လိုလေသည်။

‎

‎

‎သို့သော် သူသည် တစ်ဖက်လူမှာ ဟွမ်သွမ့်ချီစွမ်းအင်များဖြင့် လုံးဝဖုံးလွှမ်းနေပြီး ထွင်းဖောက်၍ မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

‎

‎

‎" ကုချန် နှစ်ပေါင်း ကိုးသောင်းတောင် ပြည့်ပြီ။ မင်းက ဟိုးအရင်ကတည်းက သေသင့်နေတာ "

‎

‎

‎နောက်ကျောမှ ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ဧကရာဇ်အဆင့်ဖြစ်တည်မှုသည် သူ၏ဓားချက်အောင်မြင်သွားသည်ကို မြင်သောအခါ လျင်မြန်စွာ နောက်ဆုတ်သွားပြီး သူ၏စကားလုံးများမှာ ဂရုမစိုက်မှုနှင့် သရော်လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

‎

‎

‎" မင်းက အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်တစ်ပါးဖြစ်နေပြီးတော့ ဘာလို့ ငါ့ကိုသတ်ချင်ရတာလဲ "

‎

‎

‎သူ၏ရင်ဘတ်မှ တသွင်သွင်စီးကျနေသော သွေးများကိုကြည့်ရင်း ကုချန်သည် မည်သည့်နာကျင်မှုကိုမျှ မခံစားနိုင်တော့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏နှလုံးသားထဲမှ နာကျင်မှုသည် အရာရာတိုင်းကို ကျော်လွန်သွားခဲ့သောကြောင့်ပင်ဖြစ်၏။

‎

‎

‎အကူအညီပေးရန် လာသူသည် အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သူသည် လုံးဝသေချာနေ၏။ အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများမှ ထူးခြားသောတံဆိပ်ကို မှားယွင်းနိုင်မည်မဟုတ်ချေ။

‎

‎

‎ဤအချက်ကြောင့်ပင် သူသည် သူ၏အစောင့်အရှောက်ကို လျှော့ချခဲ့ပြီး တစ်ဖက်လူအား နောက်ကျောမှ ချဉ်းကပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဤသူသည် အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါးဖြစ်ပါက အဘယ်ကြောင့် သူ့အား တိုက်ခိုက်ရမည်နည်း။

‎

‎

‎" ငါက မင်းကို သတ်ရုံတင်မကဘူး မင်းရဲ့ ကုမိသားစုတစ်စုလုံးကိုပါ ရှင်းပစ်မယ် "

‎

‎

‎အဆုံးမဲ့ကမ္ဘာမှ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎" ကုချန် အို ကုချန် မင်းသာ အရင်ကတည်းက တိုက်ပွဲမှာ သေသွားခဲ့ရင် အဆုံးမဲ့ကမ္ဘာအတွက် အသက်ပေးသွားတယ်ဆိုတဲ့ နာမည်ကောင်းရမှာ။

‎

‎ဒါပေမဲ့ မင်းက သေဖို့ နှေးကွေးနေတယ်။

‎

‎ဒီလိုဖြစ်မှတော့ ဒီဧကရာဇ်ကပဲ မင်းကို ကိုယ်တိုင်လမ်းပြပို့ဆောင်ပေးလိုက်မယ် "

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း ပြောလိုက်သည်။

‎

‎

‎နောက်တစ်ခဏ၌ ထင်ယောင်ထင်မှားဖြစ်စေသော စာလိပ်တစ်ခုသည် ကုချန်၏ရှေ့တွင် ဖြန့်ကျက်လာပြီး ထာဝရဧကရာဇ်တပိုင်းအဆင့်ဖြစ်တည်မှု၏ လက်အောက်ငယ်သားများက ကုမိသားစုအား အကျပ်ကိုင်နေသည့်မြင်ကွင်းကို သရုပ်ဖော်ပြသနေလေသည်။

‎

‎

‎" မလာခင်ကတည်းက ဒီဧကရာဇ်က မင်းရဲ့ ကုမိသားစုကို ဖျက်ဆီးဖို့ ဧကရာဇ်တပိုင်းအဆင့်တစ်ယောက်ကို လွှတ်ပြီးသွားပြီ "

‎

‎

‎" မင်း ကုချန်မဟာဧကရာဇ်က တစ်ချိန်က အဆုံးမဲ့ကမ္ဘာအတွက် ဒီလောက်ကြီးကျယ်တဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့ပေမယ့် ဒီကမ္ဘာမှာ အင်အားစုတစ်ခု၊ လူတစ်ယောက်တောင်မှ မင်းရဲ့ကုမိသားစုကို ကူညီဖို့ မဝံ့ဘူးဆိုတာ ဘယ်လောက်တောင် သနားစရာကောင်းပြီး ထေ့ငေါ့စရာကောင်းလိုက်သလဲ ဟားဟားဟား "

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် အကြိမ်ကြိမ် သရော်လှောင်ပြောင်လိုက်ရာ ကုချန်၏နှလုံးသားမှာ အောက်ဆုံးသို့ ထိုးကျသွားလေသည်။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်လော။

‎

‎

‎သူ အဆုံးမဲ့ကမ္ဘာ၌ ရှိနေစဉ်အခါက ထိုသို့သောဖြစ်တည်မှုများသည် သူ့အား တစ်ချက်မျှပင် လှည့်ကြည့်စေရန် အရည်အချင်းမရှိခဲ့ချေ။

‎

‎

‎ဧကရာဇ်ဂိတ်ကို စောင့်ရှောက်ခဲ့သော ဤနှစ်များအတွင်း သူသတ်ဖြတ်ခဲ့သော ဧကရာဇ်တပိုင်းအဆင့် နတ်ဆိုးနယ်မြေမှ မကောင်းဆိုးဝါးများသည် တစ်ထောင်မရှိလျှင်ပင် ရှစ်ရာထက်မနည်း ရှိခဲ့လေသည်။

‎

‎

‎ကုချန် လှည့်၍ပင်မကြည့်သော ထိုသို့သော ပုရွက်ဆိတ်တစ်ကောင်သည် ကုမိသားစုအား အနိုင်ကျင့်ဝံ့ရသလော။

‎

‎

‎သို့သော် သူ၏ဒေါသများကြားမှ ကုချန်သည် နားလည်သဘောပေါက်သွားလေ၏။

‎

‎

‎နတ်ဆိုးနယ်မြေမှ မကောင်းဆိုးဝါးများကို ခုခံရန် သူသည် ဧကရာဇ်အဆင့် အရင်းအမြစ်အားလုံးနီးပါးကို ယူဆောင်သွားခဲ့ပြီး ကုမိသားစုအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်များ မည်မည်ရရ မချန်ထားခဲ့ချေ။

‎

‎

‎ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များမရှိဘဲ ကုမိသားစုသည် ဤနှစ်များတစ်လျှောက် တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားခြင်းမှာ နားလည်၍မရနိုင်သော ကိစ္စမဟုတ်ပေ။

‎

‎

‎သို့သော် ထိုအဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများက ဘာလုပ်နေကြသနည်း။

‎

‎

‎သူထွက်ခွာသွားစဉ်က ပေးခဲ့သော ညွှန်ကြားချက်များကို သူတို့ မေ့လျော့သွားကြပြီလော။

‎

‎

‎ဤအတွေးဝင်လာသောအခါ ကုချန်သည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

‎

‎

‎" ဒီဧကရာဇ် အဆုံးမဲ့ကမ္ဘာကနေ ထွက်ခွာသွားတုန်းက အဲ့ဒီအဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုတွေကို ငါမရှိတော့တဲ့နောက် ကုမိသားစုကို စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တယ်။ ဝမ်မိသားစု၊ ထို့ပါမိသားစု၊ ဟယ်မိသားစု၊ ကျောက်မိသားစု... အခု ကုမိသားစု အန္တရာယ်ကျရောက်နေတော့ သူတို့က လက်ပိုက်ကြည့်နေကြတာလား "

‎

‎

‎သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သော ဤမိသားစုများအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သူ၏ထွက်ခွာမှုအပြီးတွင် ကုမိသားစုအား စောင့်ရှောက်မည်ဖြစ်ကြောင်း ရင်ဘတ်စည်တီး၍ ကတိပေးခဲ့ကြသော အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများပင် ဖြစ်ကြသည်။

‎

‎

‎ယခု ဧကရာဇ်တပိုင်းအဆင့်တစ်ဦးက ကုမိသားစုအား ဖိအားပေးနေလျှင်ပင် ဤအဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများသာ ကူညီပါက သူတို့သည် ကုမိသားစုအား အကျပ်အတည်းမှ ကျော်လွှားနိုင်ရန် ကူညီနိုင်ပေလိမ့်မည်။

‎

‎

‎" အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုတွေလား "

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် ရယ်စရာတစ်ခုခု ကြားလိုက်ရဟန်တူကာ

‎

‎

‎" ကုချန် မဟာဧကရာဇ် ခင်ဗျားထင်လား... အဲ့ဒီ အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုတွေက ခင်ဗျားရဲ့ ကုမိသားစုကို လာကူညီမယ်လို့ "

‎

‎

‎ဤစကားကိုကြားသော် ကုချန်သည် တိတ်ဆိတ်သွားလေသည်။

‎

‎

‎သူ၏ရှေ့မှ ဤလျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာမှဖြစ်ကြောင်း သူရုတ်တရက် သဘောပေါက်သွား၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါး...

‎

‎

‎ဟီးဟီး ဤသူသည်လည်း ထိုအဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများ၏ အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ပေသည်။

‎

‎

‎ထိုအဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများသည် သဘောတူညီချက်တစ်ခု ရရှိထားပြီးဖြစ်နိုင်ကာ အရာအားလုံးကို စီစဉ်ပြီးဖြစ်ပေလိမ့်မည်။

‎

‎

‎" ကောင်းတယ် အရမ်းကောင်းတယ် "

‎

‎

‎ကုချန်သည် ညင်သာစွာ တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံသည် ပေါ့ပါးသော်လည်း သူပြောလိုက်သော စကားလုံးတိုင်းသည် နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိ ရေခဲတမျှအေးစက်နေပြီး အရိုးထဲထိ စိမ့်ဝင်သွားစေလေ၏။

‎

‎

‎သူသည် သူ၏ဘဝတစ်လျှောက်လုံးကို မြှုပ်နှံခဲ့ပြီး ဧကရာဇ်ဂိတ်ကို နှစ်ပေါင်းကိုးသောင်းကြာ စောင့်ရှောက်ခဲ့ရာ အဘယ်အရာ ပြန်ရခဲ့သနည်း။

‎

‎

‎အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စုများ၏ သစ္စာဖောက်မှု၊ သက်ရှိအားလုံး၏ တိတ်ဆိတ်မှု၊ ကုမိသားစု၏ မျိုးတုံးပျောက်ကွယ်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ဤကမ္ဘာပေါ်၌ တစ်ဦးတစ်ယောက်မျှ ကုမိသားစုအတွက် စကားတစ်ခွန်းမျှပင် ထွက်မပြောခဲ့ကြချေ။

‎

‎

‎ထိုသို့သော အဆုံးမဲ့ကမ္ဘာကြီးကို ဆက်လက်ကာကွယ်နေရခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။

‎

‎

‎ဤအခိုက်အတန့်တွင် ကုချန်သည် သူတစ်ချိန်ကပြုခဲ့သော သစ္စာကျိန်ဆိုမှုကို သတိရမိသည်။

‎

‎

‎သူသည် ဤကမ္ဘာ၏ လူသားမျိုးနွယ်ကို သစ္စာမဖောက်၊ နတ်ဆိုးနယ်မြေမှ မကောင်းဆိုးဝါးများကို အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်တွင် တားဆီးကာ အဆုံးမဲ့ကမ္ဘာ၏ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

‎

‎

‎သို့သော် ယခုမူ ဤကမ္ဘာ၏ လူသားမျိုးနွယ်က သူ့အား သစ္စာဖောက်ပါက သူ အဘယ်သို့ ပြုလုပ်သင့်သနည်း။

‎

‎

‎သူသည် ဧကရာဇ်ဂိတ်ကိုစွန့်ပစ်ကာ ဤနတ်ဆိုးနယ်မြေမှ မကောင်းဆိုးဝါးများကို ကျူးကျော်စေပြီး ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည်အထိ သတ်ဖြတ်စေကာ အရာအားလုံးကို သုတ်သင်ရှင်းလင်းစေလျှင် ပို၍ကောင်းပေမည်။

‎

‎

‎ဤသို့တွေးလိုက်သောအခါ ကုချန်၏နှလုံးသားသည် ကြည်လင်ပြတ်သားသွားလေသည်။

‎

‎

‎သူသည် တရားသေဆန်သောသူတစ်ဦးမဟုတ်ချေ။ သူသည် သူ၏နှလုံးသားအတိုင်း ပြုမူတတ်ပြီး အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။

‎

‎

‎သူသည် အဆုံးမဲ့ကမ္ဘာ၏ လူသားမျိုးနွယ်တွင် မွေးဖွားလာသောကြောင့် ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် အဆုံးမဲ့ကမ္ဘာ၏ လူသားမျိုးနွယ်ကိုကာကွယ်ရန် တာဝန်ကို သဘာဝကျကျ ထမ်းဆောင်သင့်သည်ဟု ယခင်က တွေးထင်ခဲ့သည်။

‎

‎

‎သို့သော် ယခုမူ သူသည် ရှေ့တန်းမှ ဧကရာဇ်ဂိတ်ကို စောင့်ရှောက်နေစဉ်တွင် သူထားခဲ့သော ကုမိသားစုသည် မျိုးဖြုတ်သုတ်သင်ခံရတော့မည် ဖြစ်သည်။

‎

‎

‎ထိုသို့ဖြစ်မှတော့ ဤအဆုံးမဲ့ကမ္ဘာကြီးကို မကာကွယ်လျှင်လည်း ဖြစ်ပေသည်တကား။

‎

‎

‎သူသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်သွားပြီး ကုမိသားစု၏ မျိုးဆက်သစ်များ ကြီးပြင်းလာသည်ကို ကာကွယ်ပေးနိုင်ရန်သာ ဆန္ဒရှိတော့သည်။ အခြားသူများ၏ အသက်ရှင်သေဆုံးမှုအတွက်မူကား သူနှင့် အဘယ်သို့ သက်ဆိုင်မည်နည်း။

‎

‎

‎ရှေ့ဆက်ရမည့်လမ်းအတွက်လည်း ကုချန်သည် စဉ်းစားပြီးဖြစ်လေသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ယခင်က နာကျည်းမှုများအားလုံးကို ဖြေရှင်းပြီးလျှင် သူသည် ကုမိသားစုကို ခေါ်ဆောင်ကာ မျိုးနွယ်တစ်စုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုအတွင်းသို့ ရွှေ့ပြောင်းမည်ဖြစ်သည်။

‎

‎

‎ထိုအချိန်တွင် နတ်ဆိုးနယ်မြေက ကျူးကျော်လာလျှင်ပင် သူတပ်စွဲထားသော ရှင်သန်ခြင်းတားမြစ်နယ်မြေကို မည်သို့မျှ ပြုလုပ်ဝံ့မည်မဟုတ်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ရှင်သန်ခြင်းတားမြစ်နယ်မြေသည် လူသားမျိုးနွယ်အတွက်သာ တားမြစ်နယ်မြေမဟုတ်ဘဲ မျိုးနွယ်အားလုံးနှင့် သက်ရှိအားလုံးအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်သောကြောင့်ပင်ဖြစ်၏။

‎

‎

‎" စနစ် ငါ ဧကရာဇ်ဂိတ်ကို စွန့်လွှတ်ပြီး ရှင်သန်ခြင်းတားမြစ်နယ်မြေထဲကိုဝင်ပြီး တားမြစ်နယ်မြေရဲ့ အရှင်သခင်ဖြစ်ဖို့ ရွေးချယ်လိုက်ပြီ "

‎

‎

‎အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ကုချန်သည် လေးနက်သောအသံဖြင့် ပြောလိုက်၏။

‎

‎

‎နှစ်ပေါင်း ကိုးသောင်းကြာပြီးနောက် သူသည် နောက်ဆုံးတွင် သူ၏ရွေးချယ်မှုကို ပြုလုပ်လိုက်ပြီ ဖြစ်သည်။

All Chapters