အခန်း (၁၃-၁၄)
Vol. 1 Ch. 13-14
အခန်း (၁၃)- ဧကရာဇ်ဂိတ်ကို စွန့်ခွာခြင်း၊ အရှင်တို့ တုန်လှုပ်ခြင်းနှင့် ကျန်ရစ်သော ဩဇာအာဏာ
" ဒါ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ပြီး သူမ၏လှပသောမျက်ဝန်းများတွင် တုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
သူတို့အရှင်သုံးပါး ပူးပေါင်းတိုက်ခိုက်သော်လည်း ကုချန်၏ ဓားတစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့သည်လော။
ကုချန်သည် တာအိုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီးနောက် ချောင်းမြောင်းတိုက်ခိုက်ခံရကာ သေဆုံးခါနီးဖြစ်နေသည် မဟုတ်လော။ ဤသို့ ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးတစ်ကောင်ပမာဖြစ်သော တိုက်ခိုက်ရေးစွမ်းအားသည် အဘယ်မှ ရောက်လာခဲ့သနည်း။
ထိုအခါမှသာ သူတို့သုံးဦးသည် လျှို့ဝှက်ဆန်းကျယ်သောဧကရာဇ် ယခုလေးတင် ပြောကြားခဲ့သော ဤလူသားမျိုးနွယ်မှ ကုကောင်းကင်ဧကရာဇ်မှာ 'မူမမှန်ဘူး' ဟူသော စကား၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားကြတော့သည်။
သို့သော် အချိန်ကား နောက်ကျသွားခဲ့ပြီဖြစ်ကြောင်းမှာမူ ထင်ရှားလျက်ရှိ၏။
" ကုကောင်းကင်ဧကရာဇ် ရှင် ဘာလုပ်နေတာလဲ။ သေတဲ့အထိ တိုက်ခိုက်ဖို့ ကြံစည်နေတာလား "
ကုချန်သည် ဧကရာဇ်ဂိတ်ပေါ်တွင် တိတ်ဆိတ်စွာရပ်လျက် သူ၏ဧကရာဇ်ဓားကို ကိုင်ထားသည်ကို မြင်သောအခါ မြွေနဂါးအရှင်သည် ကြီးမားလှသော ဖိအားကို ခံစားလိုက်ရဟန်ရှိပြီး သွားကြိတ်ကာ မေးလိုက်သည်။
ကုချန်သည် သူ၏လက်ရှိအခြေအနေဖြင့် သတ်ဖြတ်ပွဲတစ်ခု စတင်လိုက်ပါက မည်သို့သော သွေးချောင်းစီးသည့် မုန်တိုင်းများ တိုက်ခတ်လာမည်ကို သူတို့ စိတ်ကူးပင် ယဉ်မကြည့်ဝံ့ကြချေ။
" ဒီဧကရာဇ်က သေတဲ့အထိ တိုက်ခိုက်မယ်လို့ ဘယ်တုန်းက ပြောကြားခဲ့ဖူးသလဲ "
ဧကရာဇ်ဂိတ်၏အထက်တွင် ကုချန်သည် သူ၏မျက်လုံးများကို အနည်းငယ်ပင့်တင်လိုက်ပြီး မြွေနဂါးအရှင်အား တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
" သေတဲ့အထိ မတိုက်ဘူးလား။ ဒါဆိုရင် ရှင် ဘာလုပ်နေတာလဲ "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သွားကြိတ်ကာ ပြောလိုက်ပြီး သူမ၏နှလုံးသားမှာ သတိဝီရိယတို့ဖြင့် ပြည့်နှက်နေလေ၏။
သူမသည် စိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြီးဖြစ်လေပြီ။ ကုချန်၏ လက်ရှိအခြေအနေမှာ အလွန်ပင် ထူးဆန်းကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူသည် သူမတို့ကို အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ပါက သူမသည် အနာဂတ်အတွက် သူမကိုယ်သူမ ထိန်းသိမ်းရန် ချက်ချင်းပင် ထွက်ပြေးမည်ဖြစ်သည်။
မိုယွဲ့အရှင်နှင့် လုထျန်းအရှင်တို့သည်လည်း ကြက်သွေးရောင်မြွေနဂါးအရှင်နှင့် တူညီသော အစီအစဉ် ရှိကြသည်မှာ ထင်ရှားလှ၏။
ယခုလေးတင်က ကုချန်၏ ဓားချက်သည် သူတို့၏သတ္တိကို ချိုးဖျက်လုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့ကို သတ္တိများ ထပ်မံပေးအပ်လျှင်ပင် ကုချန်နှင့် ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။
မဟုတ်ပါက လျှို့ဝှက်ဆန်းကျယ်သောဧကရာဇ်၏ ကံကြမ္မာသည် သူတို့၏ကံကြမ္မာ ဖြစ်လာပေလိမ့်မည်။
" ဒီဧကရာဇ်က ဒီနေရာက ထွက်ခွာသွားဖို့ပဲ ဆန္ဒရှိတယ် "
ကုချန်သည် မိုယွဲ့အရှင်နှင့် အခြားသူများအား တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
" မင်းတို့က ဒီဧကရာဇ် ထွက်ခွာသွားမှားကို တားဆီးဖို့ ကြံစည်နေကြတာလား "
ထွက်ခွာမည်လော။
ကုချန်၏စကားကို ကြားသောအခါ မိုယွဲ့အရှင်၊ ကြက်သွေးရောင်မြွေနဂါးအရှင် သို့မဟုတ် လုထျန်းအရှင်ဖြစ်စေ သူတို့အားလုံး ကြက်သေသေသွားကြသည်။
သူတို့ ကြားလိုက်သည်မှာ မမှားယွင်းပါ။
ဤလူသတ်နတ်ဘုရားက သူ ဧကရာဇ်ဂိတ်မှ ထွက်ခွာသွားမည်ဟု ဆိုလိုက်သည်လော။
မိုယွဲ့အရှင်သည် သူနားကြားမှားနေသည်ဟုပင် သံသယဝင်မိသည်။
အဆုံးမဲ့ကမ္ဘာကို ကာကွယ်ရန်အတွက် နှစ်ပေါင်းကိုးသောင်းတိတိ ကုချန်သည် ဧကရာဇ်ဂိတ်ကို အမြဲတစေစောင့်ရှောက်ခဲ့ပြီး တစ်လှမ်းမျှပင် မခွာခဲ့ကြောင်းကို သိထား၏။
ယခုမူ သူက ထွက်ခွာသွားမည်ဟု ဆိုလိုက်သည်လား။
" ထွက်ခွာမယ်။ ကုကောင်းကင်ဧကရာဇ် ငါတို့က ယုံကြည်မယ်လို့ မင်းထင်နေတာလား "
လုထျန်းအရှင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လုံးဝမယုံကြည်ခဲ့ပေ။
သူသည် နှစ်ပေါင်းကိုးသောင်းကြာအောင် မထွက်ခွာခဲ့ဘဲ ယခုမှ ထွက်ခွာမည်လော။ ကုချန်သည် တစ္ဆေများကို လှည့်စားရန် ကြိုးစားနေခြင်းလော။
" မင်းတို့ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဒါက မင်းတို့ကိစ္စပဲ "
ကုချန်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏ဧကရာဇ်ဓားကို ဖြည်းညင်းစွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် လှည့်ထွက်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဧကရာဇ်ဂိတ်မှ ထွက်ခွာနှင့်ပြီး ဖြစ်လေသည်။
သူမထွက်ခွာမီ ကောင်းကင်နှင့်မြေကြီးကြားတွင် အသံတစ်ခုသာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။
" စကားမစပ် မင်းတို့ကို ပြောပြရဦးမည်။ ဒီဧကရာဇ်က ဧကရာဇ်ဂိတ်ကိုလည်း မစောင့်ရှောက်တော့ဘူး "
" မင်းတို့ သဘောအတိုင်း လုပ်ကြတော့ "
ကုချန်သည် ယခုအခိုက်အတန့်တွင် အိမ်သို့ပြန်ရန် စိတ်စောလျက်ရှိပြီး အဆုံးမဲ့ကမ္ဘာသို့ အမြန်ပြန်ကာ ကုမိသားစုအား အန္တရာယ်မှကာကွယ်ပေးလိုစိတ်သာ ရှိနေသည်။ သဘာဝအတိုင်းပင် သူသည် ဤနတ်ဆိုးနယ်မြေမှ အရှင်များနှင့် အချိန်ဖြုန်းကာ စကားအချေအတင် ပြောဆိုနေလိမ့်မည် မဟုတ်ချေ။
ယခုလေးတင်က လျှို့ဝှက်ဆန်းကျယ်သော ဧကရာဇ်နှင့်ပတ်သက်၍မူ ကုချန်သည် သူ့အား စစ်ဆေးမေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ထိုလျှို့ဝှက်ဆန်းကျယ်သောဧကရာဇ်၏ မြင့်မြတ်သောဝိညာဉ်အတွင်း၌ တားမြစ်ချက်တစ်ခုရှိနေဟန်တူကာ သူ၏နောက်ဆုံးဝိညာဉ်အစအနကို တိုက်ရိုက်ပင် ချေမှုန်းဖျက်ဆီးသွားခဲ့၏။
သို့သော် အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိခဲ့လျှင်ပင် ကုချန်သည် ဂရုမစိုက်ခဲ့ပေ။
အကြောင်းမှာ ထိုအဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများ၏ သစ္စာဖောက်မှုသည် ခိုင်မာသောအမှန်တရားတစ်ခု ဖြစ်သောကြောင့်ပင်ဖြစ်၏။
သူ အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်သောအခါ ဤအရာအားလုံးကို အနှေးနှင့်အမြန် ဖြေရှင်းပေလိမ့်မည်။
လူသားမျိုးနွယ်၏ ကုကောင်းကင်ဧကရာဇ်... အမှန်တကယ် ထွက်ခွာသွားပြီလော။
အဝေးရှိ ဗလာနတ္ထိဖြစ်နေသော နယ်စပ်ဧကရာဇ်ဂိတ်အားကြည့်ရင်း ကုချန်၏အရိပ်အယောင်ကိုပင် မမြင်ရတော့သောအခါ မိုယွဲ့အရှင်တို့သုံးဦးမှာ ကြောင်အနေကြတော့သည်။
ကုချန်၏စကားများအားလုံးသည် အမှန်တရားဖြစ်လိမ့်မည်ဟု သူတို့ အမှန်တကယ် မမျှော်လင့်ထားခဲ့ကြပေ။
" ဒီအရှင်သာ နားကြားမမှားခဲ့ရင် ကုကောင်းကင်ဧကရာဇ်က နောက်ဆုံးမှာ ဒီဧကရာဇ်ဂိတ်ကို... သူ မစောင့်ရှောက်တော့ဘူးလို့ ပြောသွားတာ မဟုတ်လား "
လုထျန်းအရှင်သည် တံတွေးမျိုချလိုက်ပြီး အနည်းငယ် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
" ဒီအရှင်သာ နားကြားမမှားခဲ့ရင် မင်းလည်း နားကြားမမှားပါဘူး "
မိုယွဲ့အရှင်သည် ခပ်ဖျော့ဖျော့ ပြောလိုက်သည်။
" အဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့်ရဲ့ သစ္စာဖောက်မှုကြောင့်လား "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် မသိစိတ်ဖြင့် ပြောလိုက်သည်။
ကုချန်သည် ဧကရာဇ်ဂိတ်ကို မစောင့်ရှောက်တော့ခြင်းသည် နတ်ဆိုးနယ်မြေအတွက် အကောင်းဆုံးဖြစ်နိုင်သော သတင်းဖြစ်သော်ငြားလည်း...
ပြဿနာမှာ မည်သူတစ်ဦးတစ်ယောက်မျှ လွယ်လွယ်ကူကူ မယုံကြည်ဝံ့ခြင်းပင်ဖြစ်၏။
နှစ်ပေါင်းကိုးသောင်းတိတိ ကုချန်သည် ဧကရာဇ်ဂိတ်ကို ခေါင်းမာစွာ စောင့်ရှောက်ခဲ့ပြီး နတ်ဆိုးနယ်မြေမှ မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့သည်။
ယခုမူ မည်သည့်အကြောင်းပြချက်မှမရှိဘဲ သူသည် ရုတ်တရက် ထွက်ခွာသွားသည်လော။
" လှည့်ကွက်တစ်ခုခုများ ရှိနေနိုင်သလား "
လုထျန်းအရှင်သည် ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ပြောလိုက်၏။
" ဧကရာဇ်အဆင့်တစ်ဦးရဲ့ အသက်ကိုသုံးပြီး ဟန်ဆောင်ပြနေတာလား။ မဖြစ်နိုင်ဘူး... ဒါပေမဲ့ သူ အမှန်တကယ် ထွက်ခွာသွားခဲ့တယ် "
မိုယွဲ့အရှင်သည် သူ၏လက်ညှိုးကိုဆန့်တန်းကာ ဧကရာဇ်ဂိတ်ရှိရာဘက်သို့ ညွှန်ပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
သူတို့သုံးဦးစလုံးသည် အရှင်များဖြစ်ကြ၏။ အနည်းငယ်မျှ အာရုံခံလိုက်ရုံဖြင့် ကုချန်သည် အမှန်တကယ်ပင် လိမ်ညာနေခြင်းမရှိကြောင်း သူတို့သိရှိကြသည်။ ဧကရာဇ်ဂိတ်တည်ရှိရာနေရာတွင် သက်ရှိသတ္တဝါတစ်ဦး၏ ချီအငွေ့အသက်မျှပင် မရှိတော့ပေ။
" ဒါက တကယ်ကို ထူးဆန်းတယ်။ တကယ်လို့ သူထွက်သွားချင်တယ်ဆိုပြီး စောစောကပြောခဲ့ရင် ငါတို့က သူ့ကို နှုတ်ဆက်ထွက်ခွာခိုင်းဖို့တောင် အလုပ်များနေမှာ အခုနကလိုမျိုး ဘာ့ကြောင့် တိုက်ခိုက်နေခဲ့ကြမှာလဲ "
လုထျန်းအရှင်သည် အလွန်အမင်း မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
" အဆုံးမဲ့ဧကရာဇ်က သစ္စာဖောက်ခဲ့ပြီး ကုကောင်းကင်ဧကရာဇ်က ဧကရာဇ်ဂိတ်ကို စွန့်ခွာသွားခဲ့တယ်။ မဟုတ်သေးဘူး ဒီသတင်းက အရမ်းအရေးကြီးတယ်။ ငါတို့ ချက်ချင်းပြန်ပြီး တစ်ခြားရောင်းရင်းတွေကို ဒီအကြောင်းအရာနနဲ့ပတ်သက်ပြီး ပြောပြပြီးမှ ဆုံးဖြတ်ချက်ချရမယ် "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ခဏတာ စဉ်းစားပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သည်။
" ဒီလိုလုပ်ကြစို့။ ငါအရင် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းပြီး ကုကောင်းကင်ဧကရာဇ်နောက်ကို အဝေးကလိုက်ပြီး သူဘာလှည့်ကွက်တွေ သုံးနေလဲဆိုတာကို ကြည့်ရှုမယ်။ မင်းတို့နှစ်ဦးက အမြန်ပြန်ပြီး တစ်ခြားရောင်းရင်းတွေအားလုံးကို ဒီနေ့ဖြစ်ရပ်အကြောင်းကို အသိပေးလိုက်ပါ "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စီစဉ်မှုကို ကြားသောအခါ မိုယွဲ့အရှင်နှင့် လုထျန်းအရှင်တို့သည် နှစ်ဦးစလုံးခေါင်းညိတ်ကာ ကြက်သွေးရောင်မြွေနဂါးအရှင်၏ အစီအစဉ်ကို သဘောတူလိုက်ကြသည်။
ဤလူသားမျိုးနွယ်မှ ကုကောင်းကင်ဧကရာဇ်သည် အမှန်ပင် အလွန်ပြတ်သားစွာ ထွက်ခွာသွားခဲ့ရာ လူတို့အား လှည့်ကွက်မရှိဟု ယုံကြည်ရန် ခက်ခဲစေသည်။
အကယ်၍ သူထွက်ခွာသွားရသည့်အကြောင်းရင်းကို ရှာဖွေနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် ကြက်သွေးရောင်မြွေနဂါးအရှင်အနေဖြင့် ဤသို့ပြုလုပ်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု သေချာလှ၏။ ကြက်သွေးရောင်မြွေနဂါးအရှင်၏ မူလခန္ဓာကိုယ်မှာ နတ်စပ်ဖီးနစ်မျိုးနွယ်မှဖြစ်ပြီး မွေးရာပါ ကိုယ်ပွားမြင့်မြတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သူမ၏ပင်မခန္ဓာကိုယ် မရွေ့လျားဘဲ သူမ၏ပင်မခန္ဓာကိုယ်၏ စွမ်းအားအများစုကို ပိုင်ဆိုင်သော ကိုယ်ပွားတစ်ခုကို ဖန်ဆင်းနိုင်ပြီး မိုင်ပေါင်း ကုဋေရာပေါင်းများစွာ ကွာဝေးနေလျှင်ပင် ပျောက်ကွယ်သွားမည် မဟုတ်ချေ။
ထို့ထက်အရေးကြီးသည်မှာ ဤကိုယ်ပွားသည် ကံဆိုးမိုးမှောင်ကျမှုနှင့် ကြုံတွေ့ရလျှင်ပင် သူမ၏ပင်မခန္ဓာကိုယ်ကို ထိခိုက်စေမည်မဟုတ်ရာ သူမသည် သတင်းအချက်အလက် စုဆောင်းရန်အတွက် အကောင်းဆုံးကိုယ်စားလှယ်လောင်းပင် ဖြစ်သည်။
" ဒီအရှင် အခုပဲ ပြန်တော့မယ် "
လုထျန်းအရှင်သည် တုံ့ပြန်လိုက်ပြီး မြင့်မားလှသော ဧကရာဇ်ဂိတ်ကို နောက်ပြန်ကြည့်ကာ သူ၏လက်ကို အနည်းငယ်မြှောက်လိုက်သည်။ နတ်ဆိုးနယ်မြေကို နှစ်ပေါင်းကိုးသောင်းကြာအောင် ပိတ်ဆို့ထားခဲ့သော ဤဧကရာဇ်ဂိတ်ကို ဖျက်ဆီးလိုဟန်တူ၏။ သို့သော် သူသည် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ဤအတွေးကို အတင်းအကျပ်ဖိနှိပ်လိုက်ပြီး နောက်သို့မလှည့်ဘဲ နတ်ဆိုးနယ်မြေ၏ နက်ရှိုင်းရာသို့ ပျံသန်းသွားလေသည်။
ကောင်းကင်ဘုံကိုးခု၏ အပြင်ဘက်ရှိ ဤနယ်စပ်ဧကရာဇ်ဂိတ်သည် နတ်ဆိုးနယ်မြေအတွက် အဆုံးမဲ့သော အရှက်တရားကို ကိုယ်စားပြုသော်ငြားလည်း...
မည်သို့ပင်ဖြစ်စေ ၎င်းကို ထိုအဆုံးမဲ့ကမ္ဘာမှ ကုကောင်းကင်ဧကရာဇ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကုချန် အဘယ်ကြောင့် ထွက်ခွာသွားသည်ကို မသိရှိမီ ဤဧကရာဇ်ဂိတ်သည် ယခု မြို့အလွတ်တစ်ခုဖြစ်နေလျှင်ပင် လုထျန်းအရှင်သည် ၎င်းကို ဖျက်ဆီးရန် မဝံ့ရဲသေးပေ။
ဤသည်မှာ ဤနှစ်ကိုးသောင်းတာကာလအတွင်း ကုချန်တည်ဆောက်ခဲ့သော ကြောက်မက်ဖွယ်ဂုဏ်သတင်းပင် ဖြစ်တော့သည်။
သူ ပေါ့ပေါ့ပါးပါး စွန့်ပစ်ထားခဲ့သော မြို့အလွတ်တစ်ခုမျှသာဖြစ်သော်လည်း နတ်ဆိုးနယ်မြေမှ အရှင်တစ်ပါးအား တုံ့ဆိုင်းသွားစေပြီး မဆင်မခြင် မပြုမူဝံ့စေခဲ့ပေ။
မိုယွဲ့အရှင်နှင့် လုထျန်းအရှင်တို့ နှစ်ဦးစလုံး ထွက်ခွာသွားသည်ကို မြင်သောအခါ ကြက်သွေးရောင်မြွေနဂါးအရှင်သည်လည်း တုံ့ဆိုင်းမနေတော့ပေ။ သူမ၏ကျောက်စိမ်းကဲ့သို့သော လက်များဖြင့် မုဒြာတစ်ခုပြုလုပ်လိုက်ပြီး ကိုယ်ပွားတစ်ခုကို ဖန်ဆင်းလိုက်သည်။ ၎င်းကိုယ်ပွားသည် ကမ္ဘာကိုတုန်လှုပ်စေသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဧကရာဇ်ဂိတ်၏နောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
တစ်ခဏမျှ ကောင်းကင်နှင့်မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွား၏။
ကျန်ရစ်ခဲ့သည်မှာ မြို့အလွတ်တစ်မြို့နှင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးနယ်မြေမှ မိစ္ဆာသိန်းပေါင်းများစွာသာ ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့တစ်လှမ်းမျှ မတိုးဝံ့ကြချေ။
အခန်း (၁၄)-သေမင်းတားမြစ်နယ်မြေ၊ မြေညီလမ်းပေါ်လျှောက်လှမ်းခြင်း၊အထွတ်အမြတ်ထားရာ နတ်ရွှေ
ဧကရာဇ်ဂိတ်၏ အခြားတစ်ဖက်တွင် ကုချန်သည် ပြိုကျပျက်စီးနှင့်ပြီးဖြစ်သော ကောင်းကင်ဘုံကိုးခုကို ရှောင်ကွင်းကာ ဟွမ်သွမ့်ပင်လယ်ကို ဖြတ်သန်း၍ အဆုံးမဲ့ကမ္ဘာဆီသို့ အရှိန်ပြင်းစွာ ခရီးနှင်နေလေသည်။
ဟွမ်သွမ့်ပင်လယ်သည် သဘာဝအတိုင်း ကစဉ့်ကလျားဖြစ်နေသော နေရာတစ်ခုဖြစ်ပြီး မည်သည့်အခါမျှ မရပ်တန့်သော ပြင်းထန်သည့် လေပြင်းများက လေဟာနယ်ဘုံကို ဖြတ်သန်းတိုက်ခတ်လျက်ရှိ၏။ သာမန်ကျင့်ကြံသူများသာ ထိုလေပြင်းများအတွင်းသို့ ကျရောက်မိပါက သူတို့၏ရုပ်ခန္ဓာပြိုကွဲပြီး ဝိညာဉ်ပျက်သုဉ်းရသည့် ကံကြမ္မာနှင့် မလွဲမသွေ ကြုံတွေ့ရပေမည်။
သာမန်သူတော်စင်အဆင့် ဖြစ်တည်မှုများပင်လျှင် ထိုနေရာတွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။ အနည်းငယ်မျှ ပေါ့ဆမိရုံဖြင့် သေဆုံးခြင်းသို့ ဦးတည်သွားနိုင်လေသည်။
သို့သော် ယခုအခါတွင်မူ အဖြူရောင်ဝတ်ရုံနှင့် ပြိုင်ဘက်ကင်းသော ပုံရိပ်တစ်ခုသည် ကမ္ဘာလောက၏ အလျင်မြန်ဆုံးအရှိန်ကိုပင် ကျော်လွန်သွားဟန်ဖြင့် ဤနေရာကို မြေညီလမ်းပေါ်၌ လျှောက်လှမ်းနေသကဲ့သို့ ဖြတ်သန်းကာ အဆုံးမဲ့ကမ္ဘာဆီသို့ လျင်မြန်စွာ ဦးတည်လျက်ရှိသည်။
ဤသို့ ခရီးနှင်နေသော ပုံရိပ်မှာ အခြားသူမဟုတ်ဘဲ ကုချန်ပင် ဖြစ်တော့သည်။
ဧကရာဇ်ဂိတ်မှ ထွက်ခွာလာပြီးနောက် သူသည် အချိန်ကို အလဟဿမဖြုန်းတီးဘဲ အဆုံးမဲ့ကမ္ဘာရှိရာဘက်သို့ တည့်တည့်မတ်မတ် ဦးတည်ခဲ့သည်။
" ဟွမ်သွမ့်ပင်လယ်... "
သူ့ပတ်ပတ်လည်၌ ဝေ့ဝဲနေသော အပြင်ဘက်နယ်မြေမှ အဆုံးမဲ့လေပြင်းများကို ကြည့်ရင်း ကုချန်၏မျက်လုံးများထဲတွင် စဉ်းစားတွေးတောဟန်တစ်ခု ပေါ်လာခဲ့သည်။
ဤဟွမ်သွမ့်ပင်လယ် မည်သို့ဖြစ်ပေါ်လာသည်ကို မည်သူမျှ မသိရှိကြပေ။
ကုချန်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် တစ်ချိန်က ဟွမ်သွမ့်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်စူးစမ်းခဲ့ဖူးပြီး ၎င်းအတွင်း၌ လက်နက်များ၊ သံချပ်ကာများနှင့် ကျိုးပဲ့နေသော အဆောက်အအုံများ၏ အကြွင်းအကျန်များစွာကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်မှာ ကမ္ဘာလောကများစွာကို မြှုပ်နှံထားခဲ့သကဲ့သို့ပင်ဖြစ်ပြီး ကမ္ဘာများစွာ၏ အပျက်အစီးများပေါင်းစပ်ကာ ဖြစ်ပေါ်လာသော ပြန်လည်စုစည်းရာမြေတစ်ခု ဖြစ်နေသည်။
ထို့အပြင် ဟွမ်သွမ့်ပင်လယ်ရှိ အချို့သောအန္တရာယ်ရှိသော နေရာများတွင် မရပ်မနားတိုက်ခတ်နေသော ဘေးဒုက္ခလေပြင်းများ အဆက်မပြတ် တိုက်ခတ်လျက်ရှိရာ ၎င်းတို့သည် အဆုံးမဲ့ဧကရာဇ်ရုပ်ခန္ဓာကိုယ်ကိုပင် တိုက်စားနိုင်စွမ်းရှိပြီး ဧကရာဇ်အဆင့်ဖြစ်တည်မှုများအား အချိန်ကြာမြင့်စွာ မနေနိုင်စေရန် ပြုလုပ်ထား၏။
ကုချန်သည် ဤဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာတွင် စိတ်ကူးမမီနိုင်သော လျှို့ဝှက်ချက်ကြီးတစ်ခု ပုန်းကွယ်နေသည်ဟု မသဲမကွဲခံစားမိနေ၏။
သို့သော် သူသည် ၎င်းကို ပိုမိုစူးစမ်းရန် အချိန်မရမီတွင် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှု ဖြစ်ပွားခဲ့သည်။
ထို့နောက် သူသည် နယ်စပ်ဧကရာဇ်ဂိတ်ကို နှစ်ပေါင်းကိုးသောင်းကြာအောင် စောင့်ရှောက်ခဲ့ရပြီး ဟွမ်သွမ့်ပင်လယ်ကို စူးစမ်းရှာဖွေခြင်းအား ရပ်တန့်ထားခဲ့ရသည်။
" တကယ်လို့ အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင် ဒီဟွမ်သွမ့်ပင်လယ်ကို သေချာစုံစမ်းနိုင်လိမ့်မယ် "
ကုချန်သည် ညင်သာစွာ ရေရွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ခရီးလမ်းကြောင်းကို ပြောင်းလဲလိုက်၏။
ဟွမ်သွမ့်ပင်လယ်မှ အဆုံးမဲ့ကမ္ဘာသို့ ရှောင်ကွင်းသွားမည်ဆိုလျှင် ရက်ပေါင်းများစွာ ခရီးနှင်ရဦးမည်ဖြစ်ပြီး သေမင်းတားမြစ်နယ်မြေတစ်ခုကိုလည်း ဖြတ်သန်းသွားရမည်ဖြစ်သည်။ ဧကရာဇ်အဆင့်ဖြစ်တည်မှုတစ်ဦးပင်လျှင် သတိမထားမိပါက ဘေးဒုက္ခကြုံတွေ့နိုင်လေသည်။
သို့သော် ယခုအခါ ကုချန်၏အစွမ်းသည် အလွန်အမင်း တိုးတက်လာခဲ့ပြီဖြစ်၏။ အချိန်ကုန်သက်သာစေရန် သူသည် ရှောင်ကွင်းမသွားတော့ဘဲ ဤသေမင်းတားမြစ်နယ်မြေကို ဖြတ်သန်းသွားရန် ဆုံးဖြတ်လိုက်တော့သည်။
မကြာမီပင် ကုချန်သည် သာမန်ဧကရာဇ်အဆင့်ဖြစ်တည်မှုများပင် ထိတ်လန့်စွာဖြင့် ပြောဆိုကြရသော ဤတားမြစ်နယ်မြေ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
အဆုံးမဲ့ဟင်းလင်းပြင်လေပြင်းများက ဤနေရာကို ဖုံးလွှမ်းထားပြီး လေဟာနယ်ဘုံရှိ အနက်ရောင်အက်ကြောင်းများကို ဆုတ်ဖြဲလျက်ရှိသည်။
အချို့သော ပြင်းထန်သည့် လေပြင်းများမှာ နဂါးနှင့် နတ်ဘုရားကျားတို့၏ ပုံရိပ်ယောင်မြင်ကွင်းများအဖြစ်သို့ပင် အသွင်ပြောင်းသွားပြီး ကောင်းကင်ကိုဆုတ်ဖြဲရန် သူတို့၏လက်သည်းများကို ဆန့်တန်းထားကာ လူတစ်ဦး၏ဝိညာဉ်ကို စွဲဆောင်လျက်ရှိ၏။
ဤနေရာရှိ ဟင်းလင်းပြင်လေပြင်းများသည် အလွန်သိပ်သည်းပြီး ပြင်းထန်သောကြောင့် မည်သည့်လေပြင်းတစ်ချက်မဆို သူတော်စင်တစ်ဦးကို သတ်နိုင်ပြီး မဟာဧကရာဇ်တစ်ပါးကိုပင် အနည်းငယ် ဒဏ်ရာရစေနိုင်စွမ်းရှိရာ ဤသေမင်းတားမြစ်နယ်မြေကို ရှာဖွေတွေ့ရှိစဉ်က ကုချန်သည် နက်ရှိုင်းစွာ ဝင်ရောက်ရန် မဝံ့ရဲခဲ့ပေ။ သူသည် အစွန်အဖျားကိုသာ ခေတ္တမျှ စူးစမ်းခဲ့ပြီး မည်သည့်အကျိုးအမြတ်မျှ မတွေ့ရှိသောအခါ ထိုနေရာကို ရှောင်ကွင်းသွားခဲ့၏။
သို့သော် ယခုအခါတွင်မူ သူ၏အစွမ်းတိုးတက်လာခြင်းနှင့် အဆုံးမဲ့ကမ္ဘာသို့ ပြန်ရန် စိတ်အားထက်သန်နေမှုတို့ကြောင့် ကုချန်သည် ဤနေရာကို ရှောင်ရှားရန် မကြံစည်တော့ပေ။ ထိုအစား သူသည် ဤတားမြစ်နယ်မြေကို ဖြတ်သန်းသွားရန် ကြံရွယ်လိုက်၏။
" ဒီဧကရာဇ်က ဒီတားမြစ်နယ်မြေရဲ့ နက်ရှိုင်းရာမှာ ဘာတွေရှိနေလဲဆိုတာ ကြည့်ရှုရမယ် "
ကုချန်သည် ညင်သာစွာ ရေရွတ်လိုက်ပြီးနောက် သူ၏ပုံရိပ်သည် အဆုံးမဲ့ဟင်းလင်းပြင်လေပြင်းများအတွင်းသို့ တည့်တည့်မတ်မတ် တိုးဝင်သွားလေသည်။
တစ်နာရီ၏လေးပုံတစ်ပုံ အချိန်ကုန်လွန်သွားခဲ့၏။
ထိုအခါ ခပ်ဖျော့ဖျော့အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော လှပသည့်တစ္ဆေကဲ့သို့ ပုံရိပ်တစ်ခုသည် ဤသေမင်းတားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ အမှန်တရားကို စုံစမ်းရန် ကုချန်နောက်သို့လိုက်ရန် ဆုံးဖြတ်ခဲ့သော ကြက်သွေးရောင်မြွေနဂါးအရှင်၏ ကိုယ်ပွားပင်ဖြစ်လေသည်။
" အဲ့ဒီကုကောင်းကင်ဧကရာဇ်က ဒီနေရာထဲကို ဝင်သွားတာလား "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူမ၏ရှေ့မှ မရပ်မနားတိုက်ခတ်နေသော ပြင်းထန်သည့်လေပြင်းများကို ကြည့်ကာ သူမ၏နူးညံ့သော မျက်ခုံးများမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးသွား၏။
အဆုံးမဲ့သောင်းကျန်းနေသော လေများကို ကြည့်လိုက်ရုံဖြင့် ကြက်သွေးရောင်မြွေနဂါးအရှင်သည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူမ၏ပင်မခန္ဓာကိုယ်သာ ရောက်လာလျှင်ပင် ဤပြင်းထန်ပြီး အဆုံးမဲ့သော ဟင်းလင်းပြင်လေပြင်းများအတွင်း၌ အချိန်ကြာမြင့်စွာ မခံနိုင်မည်ကို သူမသိသည်။
ထိုကုကောင်းကင်ဧကရာဇ်က အမှန်တကယ်ပင် တည့်တည့်မတ်မတ် ဝင်သွားခဲ့သည်လော။
" ငါ သူ့နောက်ကို လိုက်မဝင်နိုင်ဘူး "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေ၏။
သူမသည် ဤကိုယ်ပွားကို ဖန်ဆင်းခဲ့ခြင်းမှာ ကုချန်နောက်သို့လိုက်ပြီး ဘာဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှုရန်သာဖြစ်ပြီး အကြောင်းမဲ့ သူ၏အသက်ကို စွန့်ပစ်ရန်မဟုတ်ပေ။
" ထားလိုက်တော့ အဲ့ဒီကုကောင်းကင်ဧကရာဇ်က နောက်ဆုံးမှာ အဆုံးမဲ့ကမ္ဘာကို သွားမှာသေချာတယ်။ ငါ အရင်သွားပြီး အခွင့်အရေးရရင် အဆုံးမဲ့ကမ္ဘာထဲကို အရင်ခိုးဝင်ပြီးမှ ငါ့အစီအစဉ်တွေကို ဆက်လုပ်မယ် "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်လုံးများမှာ လင်းလက်သွားပြီး ဆုံးဖြတ်ချက်ကိုချလိုက်၏။
ကုချန် မည်သည့်အရာကိုပင် ပြုလုပ်လိုသည်ဖြစ်စေ သူသည် နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာသို့ ပြန်သွားမည်ကို သူမသိသည်။
ထိုသို့ဖြစ်သည့်အတွက် သူမသည် အဆုံးမဲ့ကမ္ဘာသို့သွားပြီး ဤကုကောင်းကင်ဧကရာဇ် ပြန်လာသည်ကို စောင့်ဆိုင်းနေခြင်းက ပို၍ကောင်းပေလိမ့်မည်။
စိတ်ပိုင်းဖြတ်ပြီးနောက် ကြက်သွေးရောင်မြွေနဂါးအရှင်သည် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ဤသေမင်းတားမြစ်နယ်မြေကို ပြတ်သားစွာ ရှောင်ကွင်းကာ အဆုံးမဲ့ကမ္ဘာရှိရာဘက်သို့ ဆက်လက်၍ အရှိန်ပြင်းစွာ ခရီးနှင်သွားလေသည်...
" ကံကောင်းထောက်မစွာနဲ့ ငါ အဲ့ဒီအချိန်က ဒီနေရာကို နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ခဲ့မိဘူး။ ဒီဘေးဒုက္ခလေပြင်းတွေရဲ့ ပြင်းထန်မှုက သာမန်ဧကရာဇ်အဆင့်ဖြစ်တည်မှုတစ်ဦးရဲ့ တိုက်ခိုက်မှုနဲ့တောင် နှိုင်းယှဉ်လို့ရနိုင်တယ် "
သေမင်းတားမြစ်နယ်မြေ၏ နက်ရှိုင်းသောအတွင်းပိုင်း၌ ကုချန်သည် သူ့ပတ်ပတ်လည်တွင် ဝေ့ဝဲနေသော ဟင်းလင်းပြင်လေပြင်းများ၏ ပြင်းထန်မှုကို ခံစားမိပြီး အနည်းငယ် အံ့အားသင့်ကာ မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
ဤနေရာရှိ ဟင်းလင်းပြင်လေပြင်းများတွင် အဆုံးမဲ့ထက်ရှသော ဖျက်ဆီးလိုစိတ်တစ်ခု ပါဝင်နေပြီး အဆုံးမဲ့ဧကရာဇ်ရုပ်ခန္ဓာကိုယ်ကိုပင် ဆုတ်ဖြဲနိုင်စွမ်းရှိ၏။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤလေပြင်းများသည် ကုန်ခမ်းသွားခြင်းမရှိသလောက်ဖြစ်ပြီး ဘယ်တော့မှ ရပ်တန့်ခြင်းမရှိပေ။ သာမန်ဧကရာဇ်အဆင့်ဖြစ်တည်မှုတစ်ဦးပင်လျှင် ဤနေရာတွင် အဆက်မပြတ်နေထိုင်ပါက သေဆုံးပြီး သူ၏တာအိုပျက်သုဉ်းရမည့်အဆုံးသတ်နှင့် မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။
သို့သော် ကံကောင်းထောက်မစွာပင် ကုချန်၏လက်ရှိအစွမ်းမှာ ယခင်ကနှင့် နှိုင်းယှဉ်၍မရတော့ပေ။
ကြမ်းတမ်းပြီး ပြင်းထန်လှသော ကြောက်မက်ဖွယ်လေပြင်းများသည် သူ့အတွက် ညင်သာသောလေပြေတစ်ခုကဲ့သို့ပင်ဖြစ်၏။ သူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲရန်မဆိုထားနှင့် သူ၏အဝတ်အစားများကိုပင် အနည်းငယ်မျှ လှုပ်ခတ်စေနိုင်စွမ်း မရှိခဲ့ပေ။
ကုချန် ရှေ့သို့ဆက်လက်တိုးသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးကြား၌ ဝေ့ဝဲနေသော ဟင်းလင်းပြင်လေပြင်းများသည် ပို၍ပင် ပြင်းထန်လာခဲ့၏။
နောက်ဆုံးတွင် အလွန်ပြင်းထန်လှသော ဟင်းလင်းပြင်လေပြင်းများသည် ခပ်ဖျော့ဖျော့ရွှေရောင်အဆင်းသို့ပင် ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်ကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် လူတစ်ဦး၏ဝိညာဉ်ပင် ဆုတ်ဖြဲခံရတော့မည်ကဲ့သို့ အဆုံးမဲ့ထက်ရှသော ခံစားမှုတစ်ခုကို ချက်ချင်းပင် ရရှိစေလိမ့်မည်ဖြစ်သည်။
ကုချန်သည် မတုန်လှုပ်ဘဲ ရှေ့သို့ဆက်လက် တိုးသွား၏။
သို့သော် သူသည် အချိန်အနည်းငယ်ကြာအောင် ခရီးနှင်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
" ဟမ်?! "
ကုချန်သည် ညင်သာစွာ အာမေဍိတ်သံပြုလိုက်၏။
သူသည် မမြင်နိုင်သော နယ်နိမိတ်တစ်ခုကို ဖြတ်ကျော်သွားမိဟန်ရှိကာ ကောင်းကင်နှင့်မြေကြီးကြား၌ ဝေ့ဝဲနေသော ပြင်းထန်သည့်လေပြင်းများသည် ချက်ချင်းပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။
ကမ္ဘာလောကသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကုချန်၏မျက်စိရှေ့တွင် လူဦးခေါင်းအရွယ်ခန့်ရှိသော လေးထောင့်ပုံနတ်ဘုရားသတ္တုတစ်တုံးသာ လေဟာနယ်ဘုံ၌ တိတ်ဆိတ်စွာ ပျံဝဲနေလေသည်။
ထိုနတ်ဘုရားသတ္တုသည် လုံးဝကိုပင် ထွန်းလင်းတောက်ပသော ရွှေရောင်ဖြစ်ပြီး အညစ်အကြေးတစ်စမျှ မရှိချေ။
နတ်ဘုရားသတ္တု၏ မျက်နှာပြင်ပေါ်တွင် စွဲဆောင်မှုရှိသော ရွှေရောင်အလင်းတန်းများ စီးဆင်းနေပြီး အလင်းတန်းတစ်ခုစီတွင် စိတ်ကူးကြည့်၍မရနိုင်သော ထက်ရှသည့်အရှိန်အဝါတစ်ခု ပါဝင်နေသည်။ ၎င်းသည် ရွှေတာအို၏ အဆုံးစွန်သောဖော်ပြချက်ဖြစ်ပြီး ခေတ်ကာလများနှင့် ကောင်းကင်ဘုံအားလုံးကို ဆုတ်ဖြဲနိုင်စွမ်းရှိသကဲ့သို့ပင်ဖြစ်၏။
ကုချန်အား ပို၍ပင် တုန်လှုပ်သွားစေသည်မှာ ဤအရာပင်ဖြစ်သည်။
ခပ်ဖျော့ဖျော့ရွှေရောင်ရှိသည့် မြင့်မြတ်သောအလင်းတန်းများသည် ဤနတ်ဘုရားသတ္တုမှ ထွက်ပေါ်နေပြီး ကောင်းကင်နှင့်မြေကြီးတစ်ခွင်သို့ ပျံ့နှံ့သွားကာ နောက်ဆုံးတွင် ခပ်ဖျော့ဖျော့ရွှေရောင်သန်းနေသော မရပ်မနားတိုက်ခတ်နေသည့် ဟင်းလင်းပြင်လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤနေရာရှိ ပြောင်းလဲမှုအားလုံးသည် ဤနတ်ဘုရားသတ္တုကြောင့်ပင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကုချန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို နားလည်သွားခဲ့သည်။
ဤသေမင်းတားမြစ်နယ်မြေ ဖြစ်ပေါ်လာရခြင်းမှာ ဤနတ်ဘုရားသတ္တုကြောင့်ပင်ဖြစ်၏။
ဤနတ်ဘုရားသတ္တုမှ အဆုံးမဲ့ထက်ရှသော ချီစွမ်းအင်နှင့် ပေါင်းစည်းသွားသောကြောင့် ဤနေရာရှိ ဟင်းလင်းပြင်လေပြင်းများသည် ပို၍ပင် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့ခြင်း ဖြစ်သည်။
" အထွတ်အမြတ်ထားရာ နတ်ဘုရားသတ္တု "
ကုချန်၏ ထွန်းလင်းတောက်ပသော နတ်ဘုရားသတ္တုကို ကြည့်နေသည့်အကြည့်သည် တဖြည်းဖြည်း စိတ်အားထက်သန်လာခဲ့၏။
ဤသည်မှာ အဆုံးစွန်မြင့်မြတ်သော ပစ္စည်းများကိုပင် ကျော်လွန်သွားသည့် အထွတ်အမြတ်ထားရာ နတ်ဘုရားသတ္တုတစ်တုံးဖြစ်ကြောင်းမှာ သံသယဖြစ်ဖွယ်မရှိချေ။