← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

‎အခန်း (၁၅) - ကြီးမားသောစု‌ဆောင်းမှု၊ နယ်မြေအပြင်ဘက်ရှိ ကင်းစခန်းနှင့် ဧကရာဇ်တပိုင်းနှစ်ဦး

‎

‎

‎

‎ကောင်းကင်ဘုံသတ္တု၏ မျက်နှာပြင်မှ သဘာဝအတိုင်း လွတ်ထွက်နေသော အလင်းတန်းသည် ဧကရာဇ်အဆင့်တည်ရှိမှုများကိုပင် ထိခိုက်စေနိုင်သည့် ကြောက်မက်ဖွယ်လေပြင်းများကို ဖန်တီးရန် လုံလောက်သည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။

‎

‎

‎ကုချန်သည် ကောင်းစွာသိရှိ၏။

‎

‎

‎၎င်းမှာ ဤရွှေတာအိုကောင်းကင်ဘုံသတ္တု၏ အနှစ်သာရသည် ဧကရာဇ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုသည့် အမြင့်မြတ်ဆုံး မြင့်မြတ်ပစ္စည်းများထက်ပင် သာလွန်ရမည်ဖြစ်ကြောင်းကိုဆိုလို၏။

‎

‎

‎ဖြစ်နိုင်သည်မှာ ဤသည်က ဒဏ္ဍာရီလာ အမြင့်မြတ်ဆုံးကောင်းကင်ဘုံပစ္စည်းပင် ဖြစ်ပေမည်။

‎

‎

‎ကုချန်၏မျက်လုံးများသည် ပြင်းပြသောစိတ်ဆန္ဒဖြင့် တောက်လောင်နေလေ၏။ သူသည် သူ၏စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုအား အားဖြင့် ဖိနှိပ်ချုပ်တည်းလိုက်ပြီး ရှေ့သို့ လျင်မြန်စွာတက်ကာ လက်ဝါးတစ်ချက်ဖြင့် ဤရွှေတာအိုကောင်းကင်ဘုံသတ္တုအား သူ၏လက်စွပ်ထဲသို့ သိမ်းယူလိုက်သည်။

‎

‎

‎အကယ်၍သာ သာမန်ဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်ပါက ဤကောင်းကင်ဘုံသတ္တုအား သိမ်းဆည်းရန် အားထုတ်မှုအချို့ကို သုံးစွဲရပေမည်။

‎

‎

‎သို့သော် ကုချန်အတွက်မူ ဤသည်မှာ အနည်းငယ်မျှပင် မခက်ခဲချေ။ သူ၏ရုပ်ခန္ဓာသည် ဧကရာဇ်လက်နက်တစ်ခုထက်ပင် ပို၍မာကျောပြီး ဤကောင်းကင်ဘုံသတ္တု၏ မျက်နှာပြင်ပေါ်ရှိ ထက်ရှသော ကောင်းကင်အလင်းရောင်သည် သူ့အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိပေ။

‎

‎

‎“ ဒီတစ်ခေါက်ခရီးစဉ်မှာ ဒီလိုစု‌ဆောင်းမှုမျိုးရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး ”

‎

‎

‎သူ၏လက်စွပ်ထဲတွင် ကောင်းကင်ဘုံသတ္တုအား ထည့်ပြီးနောက် ကုချန်၏မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာတွင် အမြင့်မြတ်ဆုံးမြင့်မြတ်ပစ္စည်းများမှာပင် မယုံနိုင်လောက်အောင် ရှားပါးလှသည်။

‎

‎

‎အချို့သော သာမန်ဧကရာဇ်များသည် သေဆုံးသည်အထိ သူတို့၏ကိုယ်ပိုင် အမြင့်မြတ်ဆုံးမြင့်မြတ်လက်နက်ကို သွန်းလုပ်ရန် ပျက်ကွက်ခဲ့ကြ၏။ အတိအကျဆိုရလျှင် အမြင့်မြတ်ဆုံးမြင့်မြတ်ပစ္စည်းများသည် အလွန်ရှားပါးပြီး ရှာဖွေရန် ခက်ခဲသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎ကုချန်သည် အတိတ်ကာလ၌ အမြင့်မြတ်ဆုံးမြင့်မြတ်ပစ္စည်းများ ရရှိနိုင်ခဲ့ပြီး သူ၏ကိုယ်ပိုင် ‘အဆုံးမဲ့ဧကရာဇ်ဓား’ ကို သွန်းလုပ်နိုင်ခဲ့ခြင်းမှာ အမှောင်ထုမငြိမ်သက်မှုတစ်ခုအတွင်း ရှင်သန်ခြင်းတားမြစ်နယ်မြေမှ ထွက်ပေါ်လာသော ရှေးဟောင်းဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခဲ့၍သာဖြစ်သည်။

‎

‎

‎ယခုမူ ဤနယ်မြေအပြင်ဘက် ဟွမ်သွမ့်ပင်လယ်ထဲတွင် သူသည် အမြင့်မြတ်ဆုံးမြင့်မြတ်ပစ္စည်းများထက် သာလွန်သော ကောင်းကင်ဘုံသတ္တုကို ရရှိခဲ့လေပြီ။ ကုချန်သည် မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

‎

‎

‎“ ဒီရွှေတာအိုကောင်းကင်ဘုံသတ္တုကို အဆုံးမဲ့ဓားထဲ ပေါင်းထည့်နိုင်ခဲ့ရင် အဆုံးမဲ့ဓားကို စစ်မှန်တဲ့ ကောင်းကင်ဘုံလက်နက်တစ်ခုအဖြစ် ပြောင်းလဲဖို့ တွန်းအားပေးနိုင်လောက်တယ် ”

‎

‎

‎ကုချန်သည် သူ၏စိတ်ထဲ၌ တွေးတောနေ၏။ အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်၍ ကုမိသားစုကို တည်ငြိမ်အောင်လုပ်ပြီးနောက် ဤအမှုကို စတင်လုပ်ဆောင်ရန် သူလျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချထားခဲ့သည်။

‎

‎

‎တစ်ချိန်တည်းတွင် အဆုံးမဲ့ကမ္ဘာနှင့် သီးခြားတည်ရှိနေသော ဤဟွမ်သွမ့်ပင်လယ်အပေါ် ကုချန်၏ စူးစမ်းလိုစိတ်သည်လည်း ကြီးထွားလာခဲ့၏။

‎

‎

‎ရှင်းလင်းသည်မှာ ဤရွှေတာအိုကောင်းကင်ဘုံသတ္တုအပိုင်းအစသည် သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အခြားမသိသောနေရာများမှ ဤနေရာသို့ စီးဆင်းလာခြင်းသာ ဖြစ်ရမည်။

‎

‎

‎ဤဟွမ်သွမ့်ပင်လယ်တွင် အဘယ်လျှို့ဝှက်ချက်များ ပုန်းကွယ်နေသနည်း။

‎

‎

‎အနာဂတ်တွင် အချိန်ရသည့်အခါ သူသည် ဤအရာကို သေချာပေါက် စေ့စေ့စပ်စပ် စုံစမ်းရမည်ဖြစ်၏။

‎

‎

‎ကောင်းကင်ဘုံသတ္တုကို စုဆောင်းပြီးနောက် ဤရှင်သန်ခြင်းတားမြစ်နယ်မြေအတွင်းရှိ ဟွမ်သွမ့်လေပြင်းများသည် တဖြည်းဖြည်း ငြိမ်သက်စပြုလာသည်။

‎

‎

‎ကောင်းကင်ဘုံသတ္တုမှ စွမ်းအားမပေးတော့သည်နှင့် ဤရှင်သန်ခြင်းတားမြစ်နယ်မြေသည် အချိန်အနည်းငယ်ကြာပြီးနောက် သာမန်နေရာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားမည်ဖြစ်ပြီး အန္တရာယ်များစွာ မရှိတော့ပေ။ သို့သော် ထိုအရာများအားလုံးမှာ နောင်မှဖြစ်လာမည့် ကိစ္စများသာဖြစ်၏။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေမှ ထွက်ခွာပြီးနောက် ကုချန်သည် အဆုံးမဲ့ကမ္ဘာဆီသို့ မရပ်မနား ဆက်လက် အလျင်စလိုသွားနေခဲ့သည်။

‎

‎

‎ရှင်သန်တားမြစ်နယ်မြေကို ဖြတ်ကျော်ခဲ့ခြင်းက သူ့အား အချိန်များစွာ သက်သာစေခဲ့သောကြောင့် တစ်ရက်အကြာတွင် ကုချန်သည် အဆုံးမဲ့ကမ္ဘာ၏အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

‎

‎

‎သူ၏မျက်စိရှေ့တွင် တဖြည်းဖြည်းပေါ်လာသော အဆုံးမဲ့ကမ္ဘာ၏ ပုံရိပ်ကိုမြင်ရသောအခါ ကုချန်သည် သူ၏စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

‎

‎

‎နှစ်ကိုးသောင်း နှစ်ကိုးသောင်းတိတိပင်။

‎

‎

‎နောက်ဆုံးတွင် သူပြန်လာခဲ့ပြီ။

‎

‎

‎သို့သော် ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ တဖြည်းဖြည်းချဉ်းကပ်လာစဉ် သူ၏အကြည့်သည် နေရာတစ်ခုဆီသို့ ရုတ်တရက် ရောက်သွားလေ၏။

‎

‎

‎ထိုနေရာသည် အဆုံးမဲ့ကမ္ဘာသို့သွားရာ တစ်ခုတည်းသောလမ်း ဖြစ်သည်။

‎

‎

‎အတော်အတန်တည်ငြိမ်သော နယ်မြေအပြင်ဘက် ဟွမ်သွမ့်ပင်လယ်ထဲတွင် တာအိုစင်မြင့်တစ်ခု မျောလာနေ၏။

‎

‎

‎သို့သော် တာအိုစင်မြင့်တစ်ခုဟုဆိုခြင်းထက် လုံးပတ်အားဖြင့် ကျန်းတစ်ထောင်ရှိပြီး ကောင်းကင်ဘုံကိုးခုတွင် မျောလာနေသော ကျွန်းတစ်ကျွန်းကဲ့သို့ဖြစ်သည်။

‎

‎

‎တာအိုစင်မြင့်ပေါ်တွင် ရှေးဟောင်းခန်းမဆောင်များစွာလည်း တည်ရှိနေသည်။

‎

‎

‎ကုချန်၏အကြည့်သည် လွှဲဖယ်သွားပြီး သူသည် တာအိုစင်မြင့်ပေါ်တွင် ခြေစုံပစ်ထိုင်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေဟန်တူသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

‎

‎

‎ပုံရိပ်နှစ်ခုစလုံးသည် တာအိုဝတ်ရုံများကို ဝတ်ဆင်ထားပြီး တစ်ဦးမှာ ဆံပင်ဖြူနှင့်ဖြစ်ကာ အခြားတစ်ဦးမှာမူ သန်မာသောရုပ်ခန္ဓာရှိ၏။ သို့သော် နှစ်ဦးစလုံးတွင် မယုံနိုင်လောက်အောင် အားကောင်းသော ခန္ဓာစွမ်းအင်များ ရှိနေကြသည်။ သူတို့မှာ အမှန်စင်စစ် ဧကရာဇ်တပိုင်းနှစ်ဦးဖြစ်နေ၏။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့် တည်ရှိသူနှစ်ဦးသည် အဆုံးမဲ့ကမ္ဘာသို့သွားရာ တစ်ခုတည်းသောလမ်းပေါ်တွင် ထိုင်နေကြသည်။ သူတို့သည် အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ပတ်လည်ကို စောင့်ကြပ်နေကြခြင်းလော။

‎

‎

‎...

‎

‎

‎တစ်ချိန်တည်းတွင် နယ်မြေအပြင်ဘက် ဟွမ်သွမ့်ပင်လယ်၌ ဆိုင်းငံ့ထားသော ရှေးဟောင်းတာအိုစင်မြင့်ပေါ်တွင် ဖြစ်သည်။

‎

‎

‎“ နှစ်နှစ်ရာပဲ ရှိသေးတယ်။ သောက်ကျိုးနည်း... ဘယ်တော့မှ အဆုံးမဲ့ကမ္ဘာကို ပြန်ရမလဲမသိဘူး ”

‎

‎

‎သန်မာသော ဧကရာဇ်တပိုင်းသည် သူ၏နောက်ရှိ အဆုံးမဲ့ကမ္ဘာကိုကြည့်ကာ ညည်းညူလိုက်သည်။

‎

‎

‎“ တာအိုရောင်းရင်း ယန်ခွန် ဘာလို့လောနေတာလဲ။ အလှည့်တစ်ခါက နှစ်တစ်ထောင်ပဲလေ။ နှစ်နှစ်ရာကုန်သွားပြီဆိုတော့ နောက်ထပ် နှစ်ရှစ်ရာဆို ခင်ဗျားနဲ့ကျွန်တော် အဆုံးမဲ့ကမ္ဘာကို ပြန်လို့ရပါပြီ ”

‎

‎

‎ဆံပင်ဖြူ ဧကရာဇ်တပိုင်းသည် သူ၏မျက်လုံးများကို ပင့်ကာ အခြားတစ်ယောက်အား လှမ်းကြည့်ရင်း မထုံတက်တေး ပြောလိုက်သည်။

‎

‎

‎“ ဒီလို ကျက်သရေမရှိတဲ့ ကြမ်းတမ်းတဲ့နေရာမှာ နှစ်ရှစ်ရာကြာအောင် နေရမှာကို ခင်ဗျားကတော့ ပြောရလွယ်တာပေါ့ ”

‎

‎

‎ယန်ခွန်ဟုအမည်ရသော ဧကရာဇ်တပိုင်းက မြည်တွန်တောက်တီးရင်း “ ဧကရာဇ်မဟာမိတ်အဖွဲ့က အဘိုးကြီးတွေက ဘာလို့ သူတို့ကိုယ်တိုင် မစောင့်ကြပ်ကြတာလဲ။ သူတို့က ငါတို့ကိုပဲ လွှတ်တတ်ကြတယ် ကံဆိုးလိုက်တာ ”

‎

‎

‎“ တာအိုရောင်းရင်း ချန်ချမ့် ငါတို့ဒီမှာ စောင့်ကြပ်နေတာ ဘာအဓိပ္ပာယ်ရှိတယ်လို့ ခင်ဗျားထင်လဲ။ နယ်မြေအပြင်က သတ္တဝါတွေ အဆုံးမဲ့ကမ္ဘာကို တိုက်ခိုက်တာကနေ ကာကွယ်ဖို့လား။ ရယ်စရာတွေ မပြောပါနဲ့။ ငါနားလည်သလောက်တော့ အဆုံးမဲ့ကမ္ဘာ နယ်မြေအပြင်ဘက်ကနေ နောက်ဆုံးတိုက်ခိုက်ခံရတာ နှစ်ကိုးသောင်းပြည့်သွားပြီ မဟုတ်လား ”

‎

‎

‎ယန်ခွန်၏ ညည်းညူမှုများကို ရင်ဆိုင်ရင်း ချန်ချမ့်မှာ ဥပေက္ခာပြုလျက် သူ၏မျက်ခွံများကိုသာ မထုံတက်တေး နှိမ့်ချကာ ဘာမျှထပ်မပြောတော့ချေ။

‎

‎

‎အမှန်တကယ်တွင် သူသည်လည်း အထက်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် သံသယများစွာ ရှိနေ၏။

‎

‎

‎သူတို့၏ အရည်အချင်းများသည် ဧကရာဇ်ဖြစ်လာရန် မလုံလောက်သော်ငြား သူတို့သည် ဧကရာဇ်တပိုင်းတည်ရှိမှုများ ဖြစ်ကြ၏။

‎

‎

‎ဂုဏ်သိက္ခာရှိသော ဧကရာဇ်တပိုင်းတစ်ဦးဖြစ်ပါလျက် ဤအဆုံးမဲ့ကမ္ဘာ၏ နယ်မြေအပြင်ဘက်ကို စောင့်ကြပ်ရန် စေလွှတ်ခံရခြင်းသည် နယ်နှင်ဒဏ်ပေးခံရသကဲ့သို့ပင်ဖြစ်ရာ လက်ခံနိုင်ဖွယ်ရာ မရှိချေ။

‎

‎

‎“ ငါ့ကိုမေးရင်တော့ ဒီနယ်မြေအပြင်ဘက်ကင်းစခန်းက လုံးဝတည်ရှိဖို့ မလိုအပ်ဘူး။ နယ်မြေအပြင်က ပြောစရာ သတ္တဝါဆိုတာလည်း မရှိဘူး... ”

‎

‎

‎ယန်ခွန်သည် တစ်စုံတစ်ခုကို ထပ်ပြောရန် ဆက်လက်ရေရွတ်ဆဲ ဖြစ်သည်။

‎

‎

‎သို့သော် ထိုအခိုက်တွင် သူ၏‌ရေရွတ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏မျက်လုံးနှစ်လုံးသည် ချက်ချင်းပင် ပြူးကျယ်သွားတော့၏။

‎

‎

‎အကြောင်းမှာ သူသည် အဆုံးမဲ့ ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်ကာ အဆုံးမဲ့ကမ္ဘာ၏ ဦးတည်ရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

‎

‎

‎ထိုအဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်သည် တိုင်းတာ၍မရနိုင်သော အကွာအဝေးကို ချက်ချင်းဖြတ်ကျော်လာကာ ပြင်းထန်သော ဟွမ်သွမ့်လေပြင်းများပင် သူ့အား အနည်းငယ်မျှ ထိနိုင်ခြင်းမရှိပေ။

‎

‎

‎ထို့ပြင် ထိုသူချဉ်းကပ်လာသည်နှင့်အမျှ သူ့ထံသို့ တိုးဝင်လာသော ကြောက်မက်ဖွယ် ခန္ဓာစွမ်းအင်သည် သူ့အား တုန်လှုပ်ကြောက်ရွံ့စေလေ၏။

‎

‎

‎ဧကရာဇ်အဆင့်၏ ခန္ဓာစွမ်းအင်ပင်။

‎

‎

‎အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်သည် စစ်မှန်သော ဧကရာဇ်အဆင့်၏ ခန္ဓာစွမ်းအင်ကို ထုတ်လွှတ်နေ၏။ သူသည် အမှန်တကယ်တွင် ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦး ဖြစ်သည်။

‎

‎

‎ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးသည် အဆုံးမဲ့ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်လာသည်။ သူသည် အဘယ်သူနည်း။

‎

‎

‎နောက်ကျနေသော ဧကရာဇ်တပိုင်းနှစ်ဦးသည် တုံ့ပြန်ရန် အချိန်မရသေးမီမှာပင် အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်သည် သူတို့ထံသို့ ချဉ်းကပ်လာခဲ့ပြီးဖြစ်၏။

‎

‎

‎ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော ဧကရာဇ်၏စွမ်းအားသည် ယန်ခွန်နှင့် ချန်ချမ့်တို့အား ချက်ချင်းဖိနှိပ်လိုက်ပြီး သူတို့အား ဒူးထောက်စေလျက် မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်၏။

‎

‎

‎သူတို့နှစ်ဦးစလုံးတွင် ဧကရာဇ်တပိုင်းကျင့်ကြံမှုအဆင့်ရှိသော်လည်း စစ်မှန်သော ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးနှင့် မယှဉ်နိုင်ကြပေ။

‎

‎

‎“ ဧကရာဇ်မဟာမိတ်အဖွဲ့က လူတွေလား ”

‎

‎

‎သူ၏ခြေရာများကို လုံးဝမဖုံးကွယ်ခဲ့သော ကုချန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဧကရာဇ်တပိုင်းနှစ်ဦးကို ကြည့်ရင်း အမူအရာမှာတည်ငြိမ်နေ၏။

‎

‎

‎နယ်မြေအပြင်ဘက်ကို စောင့်ကြပ်ရန် ဧကရာဇ်တပိုင်းနှစ်ဦးကို စေလွှတ်နိုင်စွမ်းရှိသည်မှာ အဆုံးမဲ့ကမ္ဘာတစ်ခွင်လုံးတွင် ဧကရာဇ်မဟာမိတ်အဖွဲ့၌သာ ထိုသို့သော အရင်းအမြစ်များရှိသည်။

‎

‎

‎သို့သော် ဤဟွမ်သွမ့်ပင်လယ်ရှိ နယ်မြေအပြင်ဘက်ကင်းစခန်းသည် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုကို စောင့်ကြည့်ရန်လော သို့မဟုတ်... သူ့ကို စောင့်ကြည့်ရန်လော။

‎

‎

‎ဤသို့တွေးမိသောအခါ ကုချန်၏အမူအရာသည် ပို၍ပင် အေးစက်တည်ငြိမ်သွားသည်။ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့် တည်ရှိသူနှစ်ဦးကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎“ ငါမေးမယ် မင်းတို့နှစ်ယောက် အမှန်အတိုင်းဖြေရမယ် ”

‎

‎

‎“ တစ်ခဏလောက် တုံ့ဆိုင်းတာဖြစ်ဖြစ် လိမ်ညာတဲ့စကားတစ်လုံးဖြစ်ဖြစ်ရှိခဲ့ရင် ဒီဧကရာဇ်က မင်းတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး ”

‎

‎

‎“ ကောင်းပြီ အခု ဒီဧကရာဇ်ရဲ့ ပထမဆုံးမေးခွန်းကိုဖြေ။ ဒီနှစ်ကိုးသောင်းအတွင်းမှာ အဆုံးမဲ့ကမ္ဘာထဲက တစ်စုံတစ်ယောက် တာအိုကိုရရှိပြီး ဧကရာဇ်ဖြစ်သွားတာမျိုး ရှိခဲ့လား ”

‎

‎အခန်း (၁၆) - အရှက်မဲ့သော သစ္စာဖောက်ဖျက်ခြင်း၊ ကူညီရန်လာသူမရှိခြင်းနှင့် ဧကရာဇ်မျိုးနွယ်၏ နည်းလမ်းများ

‎

‎

‎

‎“ ဒီနှစ်ကိုးသောင်းအတွင်းမှာ အဆုံးမဲ့ကမ္ဘာထဲက တစ်စုံတစ်ယောက် ဧကရာဇ်အဆင့်ကို ရောက်ရှိသွားတာမျိုး ရှိခဲ့လား ”

‎

‎

‎ကုချန်၏မေးခွန်းကို ကြားသောအခါ ယန်ခွန်နှင့် ချန်ချမ့်တို့သည် အလိုအလျောက်ပင် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ဦး၏မျက်လုံးထဲတွင် အခြားတစ်ဦး၏ ရှုပ်ထွေးမှုနှင့် နားမလည်နိုင်ခြင်း အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၏။

‎

‎

‎“ ဒီလူက ဘယ်သူလဲ ”

‎

‎

‎ဟွမ်သွမ့်ပင်လယ်မှလာသော ဧကရာဇ်တစ်ပါးဟာ စရောက်ရောက်ချင်းတွင်ပင် သူတို့အား ဤသို့သော မေးခွန်းကို မေးမြန်းလာသည်။ ဖြစ်နိုင်သည်မှာ...

‎

‎

‎ဤအချက်အား နယ်မြေအပြင်ဘက်ကင်းစခန်း၏ ရည်ရွယ်ချက်နှင့် ဆက်စပ်လိုက်သောအခါ မရေရာဘဲ ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခုသည် ဧကရာဇ်တပိုင်းနှစ်ဦး၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎ “ ဒီလူက ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေကနေ လာတာများလား ”

‎

‎

‎ယန်ခွန်နှင့် ချန်ချမ့်တို့နှစ်ဦးစလုံးသည် လွန်ခဲ့သော နှစ်တစ်သောင်းအတွင်းကမှ အဆုံးမဲ့ကမ္ဘာ၌ မွေးဖွားခဲ့ကြသဖြင့် လွန်ခဲ့သော နှစ်ကိုးသောင်းက ဖြစ်ပျက်ခဲ့သည့်အရာများကို များစွာမသိရှိကြပေ။

‎

‎

‎သူတို့သည် ရှေးဟောင်းမှတ်တမ်းများမှတစ်ဆင့် လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာသည် ကြီးမားသော ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရဟန်တူကြောင်းကိုသာ မရေမရာ သိရှိထားကြသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်ဘုံကိုးခု အဆုံးတွင် မရေမတွက်နိုင်သော မကောင်းဆိုးဝါးနတ်ဆိုးများ တန်းစီလျက် အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရန် ကြိုးပမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် ကောင်းကင်ဘုံကိုးခု ပြိုကျသွားပြီး မကောင်းဆိုးဝါးနတ်ဆိုးများ အဆုံးမဲ့ကမ္ဘာပေါ်သို့ ဆင်းသက်လာမည့်လမ်းကို ပိတ်ဆို့ခဲ့၏။

‎

‎

‎သို့သော် ကောင်းကင်ဘုံကိုးခု ပြိုကျသွားသော်လည်း ထိုမကောင်းဆိုးဝါးနတ်ဆိုးများသည် ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်၍ ရှောင်တိမ်းဝင်ရောက်လာနိုင်ခြေ ရှိနေသေးသည်။

‎

‎

‎ဤနယ်မြေအပြင်ဘက်ကင်းစခန်းကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ နတ်ဆိုးနယ်မြေ၏ မကောင်းဆိုးဝါးနတ်ဆိုးများ တစ်ကျော့ပြန်လာခြင်းကို နိုးကြားစွာ စောင့်ကြပ်ကာကွယ်ရန် ဖြစ်သည်။

‎

‎

‎အကယ်၍ ဤပုဂ္ဂိုလ်သည် ထိုဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေမှ အမှန်တကယ်လာခဲ့သည်ဆိုလျှင်...

‎

‎

‎ဧကရာဇ်တပိုင်းနှစ်ဦး၏ နှလုံးခုန်သံများမြန်လာကာ တိုး၍သိပ်သည်းလာသော ဧကရာဇ်အဆင့်ဖိအားကိုခံစားရင်း သူတို့သည် ရဲဆေးတင်ကာ ဖြေကြားလိုက်ကြသည်။

‎

‎

‎“ လွန်ခဲ့တဲ့ နှစ်ကိုးသောင်းအတွင်းမှာ ကျွန်တော်တို့ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့်တည်ရှိမှု အများအပြားကို အမှန်တကယ် မွေးထုတ်ပေးခဲ့ပြီး ဒီနေ့ထိ သက်ရှိထင်ရှားရှိနေတဲ့ မဟာဧကရာဇ်တွေတောင် ရှိနေပါသေးတယ် ”

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏သမိုင်းတွင် ဤနှစ်ကိုးသောင်းအတွင်း ဧကရာဇ်အဆင့်တည်ရှိမှုများ အမှန်ပင် အများအပြား ပေါ်ထွန်းခဲ့၏။

‎

‎

‎မျက်မှောက်ခေတ်ဧကရာဇ်များ သက်ရှိထင်ရှားရှိနေသေးသလားဟူသော အချက်မှာမူ ချန်ချမ့်နှင့် ယန်ခွန်တို့၏ ခန့်မှန်းခြင်းသာဖြစ်သည်။ သူတို့သည် သူတို့၏ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့်တည်ရှိမှုအား မဆင်မခြင် ပြုမူခြင်းမှ ဟန့်တားရန် ဤအချက်အလက်ကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။

‎

‎

‎“ ဧကရာဇ်အဆင့်တည်ရှိမှုတွေ မွေးဖွားပြီးခဲ့တာ တစ်ယောက်မကဘူး... ”

‎

‎

‎ဧကရာဇ်တစ်ပိုင်းအဆင့် တည်ရှိသူနှစ်ဦး၏ အဖြေကိုနားထောင်ရင်း ကုချန်သည် ညင်သာစွာရေရွတ်လိုက်သော်လည်း သူ၏အကြည့်မှာ ပို၍အေးစက်လာခဲ့သည်။

‎

‎

‎သူဤမေးခွန်းကို ပထမဆုံးမေးလိုက်စဉ်က ဧကရာဇ်ဂိတ်အထက်တွင် သူ့အား နောက်ကျောမှ ဓားဖြင့်ထိုးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဧကရာဇ်သည် သူ၏ကိုယ်ပိုင်အတ္တဆန္ဒများကြောင့်သာ ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်မည်ဟု မျှော်လင့်ချက်အလင်းတန်းလေး ရှိနေခဲ့သေး၏။

‎

‎

‎သို့သော် ယခု ဧကရာဇ်မျိုးနွယ်မှ ဧကရာဇ်တပိုင်းနှစ်ဦး၏အဖြေကို ကြားလိုက်ရသောအခါ ကုချန်၏စိတ်နှလုံးသည် လုံးဝအေးစက်သွားခဲ့သည်။

‎

‎

‎ထိုအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များက သူ့အား အမှန်တကယ်ပင် သစ္စာဖောက်ဖျက်ခဲ့ကြလေပြီ။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက သူအဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားစဉ် ထိုမျက်မှောက်ခေတ် ဧကရာဇ်မျိုးနွယ်များနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။

‎

‎

‎သူသည် ကောင်းကင်ဘုံကိုးခုအပြင်ဘက်တွင် စောင့်ကြပ်ရန် တာဝန်ယူခဲ့ပြီး နတ်ဆိုးနယ်မြေ၏ အဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်မှုကို နှောင့်နှေးစေရန် ကြိုးပမ်းခဲ့သည်။

‎

‎

‎ထို့ပြင် အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဤဧကရာဇ်မျိုးနွယ်များသည် သူတို့၏ အရင်းအမြစ်များကို စုပေါင်းရန်၊ ဧကရာဇ်အဆင့်တည်ရှိမှုအသစ်များကို လုံ့လဝီရိယဖြင့် လမ်းညွှန်ပျိုးထောင်ပေးရန်၊ ထို့နောက် သူ့အား အားဖြည့်ကူညီရန် ကောင်းကင်ဘုံကိုးခု၏ နက်ရှိုင်းရာသို့ သွားရောက်ရန် ဖြစ်သည်။

‎

‎

‎သို့သော် ရလဒ်မှာမူ ကုချန်သည် တစ်ယောက်တည်း ကောင်းကင်ဘုံကိုးခုအပြင်ဘက်ရှိ နယ်စပ်ဧကရာဇ်ဂိတ်ကို နှစ်ကိုးသောင်းအပြည့် စောင့်ကြပ်ခဲ့ရသော်လည်း ထိုအချိန်အတွင်း အဆုံးမဲ့ကမ္ဘာမှ မည်သည့်ဧကရာဇ်မျှ သူ့အားကူညီရန် ရောက်လာခြင်းကို မမြင်ခဲ့ရပေ။

‎

‎

‎နောက်ဆုံးတွင် သူ့ထံသို့ အကူအညီပေးရန် ရောက်လာသော တစ်ဦးတည်းသော အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်မှာ သူ့အား နောက်ကျောမှ ဓားဖြင့်ထိုးရန်သာဖြစ်သည်။

‎

‎

‎ထိုအချိန်က ကုချန်သည် ဤနှစ်ကိုးသောင်းအတွင်း အဆုံးမဲ့ကမ္ဘာသည် ကံမကောင်းခဲ့၍ ဧကရာဇ်အဆင့်တည်ရှိမှုအသစ်များကို မွေးထုတ်ပေးနိုင်ရန် ပျက်ကွက်ခဲ့သည်ဟုသာ ရိုးရှင်းစွာ တွေးထင်ခဲ့သည်။

‎

‎

‎သို့သော် ယခု ဤဧကရာဇ်တစ်ပိုင်းအဆင့် တည်ရှိသူနှစ်ဦး၏ အဖြေများအရ လုံးဝ ထိုသို့မဟုတ်ခဲ့ပေ။

‎

‎

‎ဤနှစ်ကိုးသောင်းအတွင်း အဆုံးမဲ့ကမ္ဘာ၌ ဧကရာဇ်အဆင့်တည်ရှိမှုများ မွေးဖွားခဲ့ရုံသာမက တစ်ဦးထက်မက မွေးဖွားခဲ့လေသည်။

‎

‎

‎သူသည် အထီးကျန်နယ်စပ်တွင် အသည်းအသန် တိုက်ခိုက်နေချိန် နတ်ဆိုးနယ်မြေ၏အရှင်နှင့် သေရေးရှင်ရေး တိုက်ပွဲဝင်နေချိန်တွင် အဆုံးမဲ့ကမ္ဘာ၏ ဤဧကရာဇ်အဆင့်တည်ရှိမှုများသည် အဘယ်မှာ ရှိနေခဲ့ကြသနည်း။

‎

‎

‎“ ကောင်းလိုက်တာ ”

‎

‎

‎ကုချန်၏အသံသည် ရေခဲတမျှအေးစက်နေသော်လည်း သူ၏စိတ်နှလုံးမှာ လုံးဝ အေးခဲသွားခဲ့သည်။

‎

‎

‎ကုမိသားစုသည် ပျက်စီးလုနီးပါးဖြစ်နေသော်လည်း ထိုဧကရာဇ်မျိုးနွယ်များသည် လျစ်လျူရှုနေခဲ့ကြပြီး အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကုမိသားစုအတွက် ရပ်တည်ပေးခြင်း သို့မဟုတ် သူတို့ဘက်မှ စကားတစ်ခွန်းမျှပင် မဆိုခဲ့ကြချေ။

‎

‎

‎ဧကရာဇ်အသစ်များသည် အဆုံးမဲ့ကမ္ဘာအတွင်း မွေးဖွားခဲ့ကြသော်လည်း သူတို့သည် သူ့ထံသို့ အကူအညီပေးရန် မည်သည့်အခါမျှမလာခဲ့ဘဲ အဆုံးမဲ့ကမ္ဘာကို ဆက်လက်ကြီးစိုးနေခဲ့ကြသည်။

‎

‎

‎ထိုသို့သော အဆုံးမဲ့ကမ္ဘာကို ကာကွယ်ပေးရန် သူ့အတွက် ဘယ်အဓိပ္ပာယ်များ ကျန်ရှိနေသေးသနည်း။

‎

‎

‎အားလုံးကို ဖျက်ဆီးပစ်လိုက်လျှင် ပို၍ရှင်းလင်းသွားပေလိမ့်မည်။

‎

‎

‎“ မင်းတို့ရဲ့ ဇာစ်မြစ်ကို ပြောပြစမ်း ”

‎

‎

‎ကုချန်သည် ဆက်လက်မေးမြန်းလိုက်၏။

‎

‎

‎ကုချန်က သူတို့ကိုမေးမြန်းနေသည်ကို မြင်သောအခါ ချန်ချမ့်နှင့် ယန်ခွန်တို့သည် စိတ်ကိုတင်းကာ ဆက်လက်ဖြေကြားရန်သာ တတ်နိုင်တော့သည်။

‎

‎

‎“ ကျွန်တော်က ဧကရာဇ်မျိုးနွယ် ချန်မိသားစုကပါ ”

‎

‎

‎“ ကျွန်တော်က ဧကရာဇ်မျိုးနွယ် ယန်မိသားစုကပါ ”

‎

‎

‎ချန်မိသားစုနှင့် ယန်မိသားစုလော။ အမှန်ပင် သူတို့သည် ရှည်လျားသော အစဉ်အလာများရှိသည့် ထိုရှေးဟောင်းဧကရာဇ်မျိုးနွယ်များထဲမှ ဖြစ်သည်။

‎

‎

‎သူတို့၏မျိုးရိုးအမည်များကို ကြားသောအခါ ကုချန်သည် ဤနှစ်ဦး လိမ်ညာခြင်းမရှိသည်ကို အတည်ပြုလိုက်၏။

‎

‎

‎ချန်နှင့် ယန်မျိုးရိုးအမည်များသည် ထိုရှေးဟောင်းဧကရာဇ်မျိုးနွယ်များ၏ မျိုးရိုးအမည်များထဲတွင် အမှန်ပင်ပါဝင်သည်။

‎

‎

‎ထို့အပြင် ချန်ချမ့်နှင့် ယန်ခွန်တို့၏ ချီစွမ်းအင်သည် မတည်ငြိမ်ဘဲ အတက်အကျဖြစ်နေခြင်းက သူတို့သည် မြင့်မြတ်ရတနာများကို အားကိုး၍ ဧကရာဇ်တပိုင်းအဆင့်သို့ အတင်းအဆင့်မြှင့်တင်ထားခြင်းခံရပြီး အနာဂတ်တွင် ဧကရာဇ်တစ်ပါးဖြစ်လာရန် မျှော်လင့်ချက်မရှိတော့ကြောင်း ရှင်းလင်းစွာဖော်ပြနေ၏။

‎

‎

‎သို့သော် ထိုသို့ဖြစ်စေကာမူ သူတို့သည် စစ်မှန်သော ဧကရာဇ်တပိုင်းများ ဖြစ်ကြသည်။

‎

‎

‎နယ်မြေအပြင်ဘက်ကို စောင့်ကြပ်ရန် ဧကရာဇ်တစ်ပိုင်းနှစ်ဦးကို စေလွှတ်နိုင်ခြင်းသည် ထိုဧကရာဇ်မျိုးနွယ်များအတွက်သာ ဖြစ်နိုင်သော စွမ်းအားပြသမှုတစ်ခုပင် ဖြစ်သည်။

‎

‎

‎ထို့နောက် ကုချန်သည် နောက်ထပ်မေးခွန်းများစွာကို မေးမြန်းခဲ့ပြီး အများစုမှာ ဤနှစ်ကိုးသောင်းအတွင်း အဆုံးမဲ့ကမ္ဘာ၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် သက်ဆိုင်သည်။

‎

‎

‎သူသည် အဆုံးမဲ့ကမ္ဘာမှ နှစ်ကိုးသောင်းကြာ ထွက်ခွာခဲ့ပြီးဖြစ်၏။ ကြီးမြတ်သောခေတ်ကာလသည် မရေမတွက်နိုင်အောင် အတက်အကျဖြစ်ခဲ့ပြီး လက်ရှိအဆုံးမဲ့ကမ္ဘာသည် သူ့အတွက် လုံးဝသူစိမ်းပြင်ပြင်ဖြစ်နေ၏။

‎

‎

‎ကုချန်က သူ၏မေးခွန်းများကို မေးမြန်းနေစဉ် ချန်ချမ့်နှင့် ယန်ခွန်တို့သည်လည်း သူ၏မေးမြန်းမှုများမှ သဲလွန်စအချို့ကို ရိပ်စားမိလာကြသည်။

‎

‎

‎ဤလျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်ရုံနှင့် ဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ဟန်ရှိသော်လည်း လွန်ခဲ့သော နှစ်ကိုးသောင်းအတွင်း ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများနှင့်မူ လုံးဝစိမ်းသက်နေသည်။

‎

‎

‎သူသည် နတ်ဆိုးနယ်မြေမှ လာဟန်မတူဘဲ တစ်ချိန်က အဆုံးမဲ့ကမ္ဘာမှ ထွက်ပေါ်ခဲ့သော စွမ်းအားရှင်တစ်ဦးနှင့် ပိုတူနေ၏။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာမှ ထွက်ပေါ်လာခဲ့သည်ဟု ယူဆရသော ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးလော။

‎

‎

‎ဤခန့်မှန်းချက်သည် သူတို့၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်နှင့် ချန်ချမ့်နှင့် ယန်ခွန်တို့သည် အံ့ဩဝမ်းသာဖြစ်သွားကြသည်။

‎

‎

‎သူတို့အံ့ဩရခြင်းမှာ ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးသည် နှစ်တစ်သိန်းကျော်ကြာ မည်သို့ အသက်ရှင်နိုင်သည်ကို မသိသောကြောင့် ဖြစ်၏။

‎

‎

‎ထို့အပြင် သူတို့ဝမ်းသာရခြင်းမှာ အကယ်၍ ဤပုဂ္ဂိုလ်သည် အဆုံးမဲ့ကမ္ဘာအတွင်းမှ ထွက်ပေါ်လာသော ဧကရာဇ်တစ်ပါး အမှန်ဖြစ်ပါက သူတို့တွင် ကြောက်စရာမရှိတော့သောကြောင့် ဖြစ်သည်။

‎

‎

‎အကယ်၍ အခြားတစ်ဖက်မှ ပုဂ္ဂိုလ်သည် နတ်ဆိုးနယ်မြေမှလာပါက ချန်ချမ့်နှင့် ယန်ခွန်တို့သည် သဘာဝကျကျပင် ကြောက်ရွံ့ကြပေမည်။

‎

‎

‎အကြောင်းမှာ အဆုံးမဲ့ကမ္ဘာတွင် သူတို့၏ နောက်ခံမည်သို့ပင်ဖြစ်စေ အခြားတစ်ဖက်မှ ဂရုစိုက်မည်မဟုတ်ပေ။ သူသည် သူ၏မေးခွန်းများကို မေးပြီးနောက် သူတို့ကို သတ်ပစ်နိုင်ပြီး သူတို့၏နောက်ကွယ်မှ ဧကရာဇ်မျိုးနွယ်များ၏ လက်စားချေမှုကို လုံးဝမကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနယ်မြေ၏ ရည်ရွယ်ချက်မှာ အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရန်ဖြစ်ရာ အဘယ်ကြောင့် သူတို့သည် သာမန်ဧကရာဇ်မျိုးနွယ်အနည်းငယ်ကို ဂရုစိုက်နေမည်နည်း။

‎

‎

‎သို့သော် ဤပုဂ္ဂိုလ်သည် အဆုံးမဲ့ကမ္ဘာမှဖြစ်ပါက အခြေအနေများမှာ ပိုမိုလွယ်ကူသွားပေမည်။

‎

‎

‎နတ်ဆိုးနယ်မြေမှ စွမ်းအားရှင်တစ်ဦးကို ငါတို့မကိုင်တွယ်နိုင်လျှင်တောင် မင်းကိုတော့ မကိုင်တွယ်နိုင်ဘဲ နေပါ့မလား။

‎

‎

‎မဟာဧကရာဇ်တစ်ပါး လာလျှင်ပင် အရေးမကြီးပေ။

‎

‎

‎သူတို့နှစ်ဦးစလုံးသည် အမြင့်မြတ်ဆုံးဧကရာဇ်မျိုးနွယ်များမှလာကြပြီး သူတို့ကိုယ်တိုင်ကိုသာမက သူတို့၏ အမြင့်မြတ်ဆုံးဧကရာဇ်မျိုးနွယ်များ၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုသည်။

‎

‎

‎အမြင့်မြတ်ဆုံးဧကရာဇ်မျိုးနွယ်ဆိုသည်မှာ အဘယ်နည်း။ ထိုသည်မှာ အဆုံးမဲ့သောနှစ်များတစ်လျှောက် တည်တံ့သော အစဉ်အလာရှိပြီး သူတို့၏မျိုးရိုးစဉ်ဆက်တွင် မဟာဧကရာဇ်တစ်ပါးထက်မက ရှိနေခြင်းပင်ဖြစ်သည်။

‎

‎

‎ဤပုဂ္ဂိုလ်သည် လက်ရှိတွင် တစ်ဦးတည်းဖြစ်နေသော်လည်း သူသည် အဆုံးမဲ့ကမ္ဘာမှဖြစ်ရာ ဆွေမျိုးများ၊ မိတ်ဆွေဟောင်းများ သို့မဟုတ် သူ၏တပည့်များ၏ သွေးမျိုးဆက်များ ဆင်းသက်လာခြင်းရှိရမည် မဟုတ်လော။

‎

‎

‎ဤ ‘အားနည်းချက်များ’ နှင့်အတူ ဤပုဂ္ဂိုလ်၏ ဇာစ်မြစ်မှာ အဆုံးမဲ့ကမ္ဘာ၌ ရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် သူတို့သည် သူ့အား မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေရမည်နည်း။

‎

‎

‎ယန်ခွန်သည် မျိုးနွယ်သမိုင်းတွင် ဖတ်ဖူးခဲ့သည်။

‎

‎

‎ထိုစဉ်က အဆုံးမဲ့ကမ္ဘာတွင် ထူးကဲသော အရည်အချင်းရှိသည့် ဧကရာဇ်တပိုင်းတစ်ဦး မွေးဖွားခဲ့သည်။ အချိန်သာပေးလိုက်ပါက သူသည် ဧကရာဇ်အဆင့်ကို ရောက်ရှိရန် သေချာသလောက်ပင်။

‎

‎

‎သို့သော် ထိုဧကရာဇ်တပိုင်းသည် မောက်မာစွာပြုမူပြီး အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များကို အလေးမထားခဲ့ဘဲ နောက်ပိုင်းတွင် ယန်မိသားစုကိုပင် ပြစ်မှားခဲ့၏။

‎

‎

‎ရလဒ်မှာ အဘယ်သို့နည်း။

‎

‎

‎ယန်မိသားစုသည် ဒေါသထွက်ကာ သူတို့၏ အမြင့်မြတ်ဆုံးအစဉ်အလာကို အသုံးချခဲ့သည်။ ပထမဦးစွာ သူတို့သည် ဧကရာဇ်တပိုင်း၏ မိတ်ဆွေများနှင့် ဆွေမျိုးများအားလုံးကို ဖမ်းဆီးခဲ့ပြီး ထို့နောက် ပျက်စီးနေသော ဧကရာဇ်တပ်ဖြန့်ခင်းတစ်ခုကို အသုံးပြု၍ ဧကရာဇ်တပိုင်းကို တပ်ဖြန့်ခင်းအတွင်း ထောင်ချောက်ဆင်ခဲ့သည်။

‎

‎

‎အသက်ရှူချိန်ဆယ်ခါတိုင်းတွင် ယန်မိသားစုသည် ဧကရာဇ်တပိုင်း၏ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးကို ကျပန်းရွေးချယ်ကာ သူ၏မျက်စိရှေ့တွင် သတ်ပစ်ခဲ့သည်။

‎

‎

‎နောက်ဆုံးတွင် နာရီဝက်မပြည့်မီမှာပင် တာအိုကို ရရှိနိုင်ခြေရှိသော ထိုဧကရာဇ်တပိုင်းသည် စိတ်ဓာတ်ကျိုးကျသွားခဲ့၏။ သူ၏မိတ်ဆွေများနှင့် မိသားစု၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် သူသည် ပျက်စီးနေသော ဧကရာဇ်တပ်ဖြန့်ခင်းအတွင်း၌ မိမိကိုယ်ကို အဆုံးစီရင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ သူ၏ခန္ဓာနှင့် တာအိုတို့ ပျက်သုဉ်းသွားခဲ့သည်။

‎

‎

‎ဤသို့တွေးမိသောအခါ ယန်ခွန်၏ ယုံကြည်မှုသည် ပိုမိုခိုင်မာလာခဲ့သည်။

‎

‎

‎ဧကရာဇ်တပိုင်းများအတွက် ဤသို့ဖြစ်ခဲ့ပြီး မဟာဧကရာဇ်များသည်လည်း ခြွင်းချက်မရှိပေ။

‎

‎

‎“ ဒီအရှင်သခင်က အဆုံးမဲ့ကမ္ဘာမှာ မွေးဖွားခဲ့တဲ့ ဧကရာဇ်တစ်ပါးဖြစ်မှတော့ ဘာလို့ ကျွန်တော်တို့ကို ဒီလိုနည်းနဲ့ စော်ကားနေရတာလဲ ”

‎

‎

‎“ အရှင်သခင် ခင်ဗျားက တစ်ချိန်က အဆုံးမဲ့ကမ္ဘာကနေ ထွက်ပေါ်လာခဲ့တာဆိုရင် ချန်မိသားစုနဲ့ ယန်မိသားစုရဲ့ နာမည်တွေကိုတော့ သေချာပေါက် သိမှာပါပဲ ”

‎

‎

‎ယန်ခွန်သည် သူ၏ဦးခေါင်းကို မော့ကာ သူ၏သတ္တိကို စုစည်းရင်း ဂုဏ်ယူစွာဖြင့် ပြောဆိုလိုက်သည်။

All Chapters