အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) - မဆိုင်းမတွ သတ်ဖြတ်ခြင်း၊ ငါ့မျိုးရိုးအမည်က ကု
“ ချန်မိသားစုနဲ့ ယန်မိသားစုလား။ ဒီဧကရာဇ်က သူတို့ကို သိတာပေါ့ ”
ကုချန်သည် ယန်ခွန်အား အပြုံးတစ်ဝက်ပြုံးလျက် ကြည့်လိုက်သော်လည်း သူ၏မျက်လုံးထဲရှိ အမူအရာမှာမူ မထုံတက်တေးပင် ရှိနေဆဲဖြစ်၏။
သူ၏မျက်လုံးထဲတွင် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံး၏ မျက်လုံးထဲ၌ အမြင့်မြတ်ဆုံးဖြစ်သော ဤဧကရာဇ်မျိုးနွယ်များသည် အရှက်မဲ့သော သစ္စာဖောက်တစ်စုထက် မပိုချေ။
“ အရှင်သခင်က ချန်မိသားစုနဲ့ ယန်မိသားစုရဲ့ နာမည်တွေကို သိမှတော့ ဘာလို့ ကျွန်တော်တို့ကို ဒီလိုဆက်ဆံနေရတာလဲ ”
ယန်ခွန်သည် သူ၏လည်ပင်းကိုမော့လိုက်၏။ သူသည် ကုချန်အား အရှင်သခင်ဟု အကြိမ်ကြိမ်ခေါ်ဆိုနေသော်လည်း သူ၏စကားများထဲတွင် လေးစားမှု အရိပ်အယောင်ပင်မရှိပေ။
သူသည် ကုချန်အား ဧကရာဇ်မျိုးနွယ်များ၏ ဂုဏ်သိက္ခာဖြင့် နောက်ဆုတ်သွားစေရန် ဖိအားပေးနေခြင်းဖြစ်သည်။
လူပြက်တစ်ဦးကဲ့သို့သော ယန်ခွန်၏ သရုပ်ဆောင်မှုကိုကြည့်ရင်း ကုချန်သည် စိတ်ထဲမှ လှောင်ရယ်လိုက်၏။
မျက်မှောက်ခေတ်ဧကရာဇ်တစ်ပါးအပေါ် ဤသို့သော မလေးမစားပြုမူခြင်းသည် ဤအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များပြုလုပ်မည့် အပြုအမူပင်ဖြစ်သည်။
သူတို့သည် သူတို့၏ဘိုးဘေးများက ဧကရာဇ်တစ်ပါးထက်မက မွေးထုတ်ပေးခဲ့သည်ကို အားကိုးကြပြီး ကမ္ဘာလောကတွင် မရေမတွက်နိုင်အောင် နှစ်သောင်းပေါင်းများစွာ အစဉ်အဆက် ဆင်းသက်လာခဲ့ကြကာ များပြားလှသော ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားကြသည်။ သာမန်ဧကရာဇ်များနှင့် ရင်ဆိုင်ရသောအခါ၌ပင် သူတို့သည် အပေါ်ယံ၌သာ လေးစားသော်လည်း အတွင်းစိတ်ထဲတွင်မူ အလေးမထားကြပေ။
မည်သို့ပင်ဖြစ်စေ ဧကရာဇ်တစ်ပါးသည် မည်မျှပင်အားကောင်းစေကာမူ သူသည် နှစ်သုံးသောင်းမှ ငါးသောင်းအထိသာ အသက်ရှင်နိုင်ပေ၏။
ထို့ပြင် ဧကရာဇ်မျိုးနွယ်ဟု ခေါ်ဆိုနိုင်သူများသည် ဤအဆုံးမဲ့ကမ္ဘာတွင် နှစ်တစ်သိန်းထက်မက သို့မဟုတ် နှစ်သိန်းပေါင်းများစွာပင် တည်ရှိခဲ့ကြသည်။ သူတို့၏ အစဉ်အလာမှာ အလွန်ရှည်လျားပြီး သူတို့၏ အခြေခံအုတ်မြစ်များမှာ အလွန်နက်ရှိုင်းသဖြင့် ကမ္ဘာလောကကြီးကို အထင်သေးစွာ ကြည့်ရှုရန် လုံလောက်ပေသည်။
သို့သော်...
“ မင်းတို့ရဲ့ ချန်မိသားစုနဲ့ ယန်မိသားစုနာမည်တွေကို ငါသိတော့ရော ဘာဖြစ်လဲ။ ဒီဧကရာဇ်ရှေ့မှာ မင်းတို့မိသားစုနှစ်ခုရဲ့ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း ဘိုးဘေးတွေ ဆင်းသက်လာရင်တောင် သူတို့က လေးစားရုံပဲတတ်နိုင်ပြီး သူတို့ရဲ့စည်းကို နည်းနည်းလေးတောင် ကျော်ဝံ့မှာမဟုတ်ဘူး ”
ကုချန်၏အကြည့်သည် လျစ်လျူရှုဟန်ရှိသည်။ အတွေးတစ်ချက်ဖြင့်ပင် အမြင့်မြတ်ဆုံးဧကရာဇ်၏ စွမ်းအားတစ်စွန်းတစ်စ ဆင်းသက်လာပြီး ယန်ခွန်၏အရိုးများအားလုံးကို ကြေမွသွားစေကာ သူ့အားရွှံ့တစ်ပုံကဲ့သို့ မြေပြင်ပေါ်တွင် ပုံကျသွားစေပြီး ပြင်းပြစွာ အော်ဟစ်ငြီးငြူသံများ ထွက်ပေါ်လာစေ၏။
သာမန်ဧကရာဇ်တစ်ပါးသည် ဤအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များနှင့် ရင်ဆိုင်ရသောအခါ အပေါ်ယံတွင် ယဉ်ကျေးမှုအတိုင်းအတာတစ်ခုကို ထိန်းသိမ်းထားရပေမည်။
သို့သော် သူ ကုချန်မှာ သာမန်ဧကရာဇ်တစ်ပါး မဟုတ်ချေ။
လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတွင် မွေးဖွားခဲ့သော ဧကရာဇ်အဆင့်တည်ရှိမှုများအားလုံးထဲတွင်ပင် ကုချန်၏ ဂုဏ်သိက္ခာသည် ထိပ်တန်းတွင် အဆင့်သတ်မှတ်ရန် လုံလောက်ပေသည်။
ဧကရာဇ်အဆင့်များကြားတွင်လည်း ကွာခြားမှုများ ရှိနေသေး၏။
ထိုအချိန်က ကုချန်၏တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ဧကရာဇ်အဆင့်ထက်ပင် ကျော်လွန်နေခဲ့ပြီးဖြစ်သည်။ သူသည် စစ်မှန်သော အမြင့်မြတ်ဆုံးတာအိုသူတော်စင်ဝိညာဉ်နှင့် တားမြစ်နယ်မြေများမှ ရှေးဟောင်းဧကရာဇ်တစ်ပါးထက်မကကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။
သူသာ ထိုသို့သော ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို မပိုင်ဆိုင်ခဲ့ပါက ကောင်းကင်ဘုံကိုးခုအပြင်ဘက်တွင် ဧကရာဇ်ဂိတ်ကို မည်သို့ တည်ထောင်နိုင်ကာ နတ်ဆိုးနယ်မြေကို နှစ်ကိုးသောင်းကြာ မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။
ထို့ကြောင့် သူ၏ရှေ့တွင် တစ်ချိန်က မောက်မာခဲ့သော ဧကရာဇ်မျိုးနွယ်များပင် နာခံစွာဖြင့် ဦးညွှတ်ရုံသာတတ်နိုင်ကြပြီး သူ၏ရှေ့တွင် မည်သည့်ဧကရာဇ်မျိုးနွယ်၏ ဂုဏ်သိက္ခာကိုမျှ ပြသဝံ့ခြင်းမရှိပေ။
အကြောင်းမှာ အကယ်၍ သူတို့က ကုချန်အား ဒေါသထွက်စေပါက သူသည် ထိုဧကရာဇ်မျိုးနွယ်ကို အဆုံးမဲ့ကမ္ဘာမှ အမှန်တကယ် ဖျက်ဆီးပစ်နိုင်စွမ်းရှိကြောင်း ဧကရာဇ်မျိုးနွယ်များမှ အဘိုးကြီးများက သိသောကြောင့်ပင်ဖြစ်၏။
ယခုမူ မြင့်မြတ်ပစ္စည်းများဖြင့် အပင်ပန်းခံ တည်ဆောက်ထားသော အမှိုက်သဖွယ် ဧကရာဇ်တပိုင်းအဆင့်မျှသာ တည်ရှိသူတစ်ဉီးက သူ၏ရှေ့တွင် မလေးမစားပြုမူဝံ့သည်လော။
သူသည် အမှန်တကယ်ပင် သေလမ်းကို ရှာနေခြင်းပင်။
“ အား... ”
ယန်ခွန်၏ အော်ဟစ်သံများသည် အလွန်ပင် စူးရှလှ၏။
အဆုံးမဲ့ကမ္ဘာမှ ဇာစ်မြစ်ရှိသော ဤဧကရာဇ်သည် စကားတစ်ခွန်းမဆိုဘဲ သူ့အား ဤသို့သော ရက်စက်ကြမ်းကြုတ်သည့် လက်တစ်စုံဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
အခြားတစ်ဖက်မှ ပုဂ္ဂိုလ်သည် ဧကရာဇ်မျိုးနွယ်များ၏နာမည်ကို အမှန်တကယ် ဂရုမစိုက်ခြင်းလော။
“ အရှင်သခင်က ကျွန်တော်တို့ အဆုံးမဲ့ကမ္ဘာမှာ မွေးဖွားခဲ့တဲ့ ဧကရာဇ်တစ်ပါးဖြစ်မှတော့ ဒီလုပ်ရပ်က လွန်လွန်းနေပါပြီ ”
ယန်ခွန်၏ ကြေကွဲဖွယ်အခြေအနေကို မြင်သောအခါ ချန်ချမ့်၏အမူအရာသည် ပြောင်းလဲသွားပြီး သူသည် ကြမ်းတမ်းစွာ ပြောဆိုလိုက်၏။
“ ကျွန်တော်တို့ ဧကရာဇ်မျိုးနွယ်တွေကြားမှာ ဘိုးဘေးတွေက ဧကရာဇ်တွေ မွေးထုတ်ပေးခဲ့ရုံတင်မကဘဲ ဒီနေ့အထိ သက်ရှိထင်ရှားရှိနေတဲ့ ဧကရာဇ်တွေ ရှိနေပါသေးတယ် ”
ချန်ချမ့်နှင့် ယန်ခွန်တို့သည် မိသားစုတစ်ခုတည်းမှ မဟုတ်သော်လည်း သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်မျိုးနွယ်များမှ ဖြစ်ကြသည်။ ယခု ယန်ခွန် အရှက်ခွဲခံနေရသည်ကို မြင်သောအခါ သူသည် သူ့အတွက် ရပ်တည်ပေးရမည်သာ ဖြစ်သည်။
အမှန်မှာ သူပင်လျှင် မယုံကြည်နိုင်ဖြစ်နေသည်။ သူ၏ရှေ့မှ ဤအဖြူရောင်ဝတ်ရုံနှင့် ဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်အားလုံးကို ပြစ်မှားဝံ့သည်လော။
သို့သော် နောက်တစ်ခဏတွင် ချန်ချမ့်သည် သူမှားသွားကြောင်း သိလိုက်ရသည်။
ခမ်းနားထည်ဝါသော ပင်လယ်သမုဒ္ဒရာကဲ့သို့သော ဧကရာဇ်၏စွမ်းအားသည် ဆင်းသက်လာပြီး ချန်ချမ့်၏ အကြောအချဉ်များနှင့် အရိုးများအားလုံးကိုလည်း ကြေမွသွားစေကာ သူ့အား ယန်ကွန်းကဲ့သို့ မြေပြင်ပေါ်တွင် ပုံကျသွားစေပြီး မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်၏။
ထို့အပြင် အခြားတစ်ဖက်မှပုဂ္ဂိုလ်၏ မထုံတက်တေးနှင့် ခံစားချက်ကင်းမဲ့သော အကြည့်သည် ချန်ချမ့်၏စိတ်နှလုံးအား တိတ်တဆိတ် တုန်လှုပ်သွားစေသည်။
သူ သဘောပေါက်သွားဟန်တူ၏။
သူ၏ရှေ့မှ ဤပုဂ္ဂိုလ်သည် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်များ၏နာမည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
“ ပုရွက်ဆိတ်သာသာဖြစ်ပါလျက် ဒီဧကရာဇ်ရှေ့မှာ ကြွေးကြော်ဝံ့ကြတယ် ”
ကုချန်သည် ယင်ကောင်တစ်ကောင်ကို မောင်းထုတ်လိုက်သကဲ့သို့ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း မထုံတက်တေး ပြောဆိုလိုက်၏။
နောက်တစ်ခဏတွင် ယန်ခွန်၏အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ အားကောင်းပြီး မတွန်းလှန်နိုင်သော အမြင့်မြတ်ဆုံးဧကရာဇ်၏ စွမ်းအားသည် တိုက်ခိုက်လာပြီး သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် သွေးမြူတိမ်တိုက်တစ်ခုအဖြစ်သို့ ပေါက်ကွဲစေကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားစေသောကြောင့် ဖြစ်သည်။
“ မင်း... ငါ့ရဲ့ ချန်မိသားစု၊ ယန်မိသားစုနဲ့ တခြားဧကရာဇ်မျိုးနွယ်တွေက မင်းကို လွှတ်ပေးမှာမဟုတ်ဘူး ”
ချန်ချမ့်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ပြင်းထန်စွာ ခြိမ်းခြောက်လိုက်၏။
ယခုအချိန်တွင် သူသည် ကုချန်က သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း သဘောပေါက်သွားခဲ့ပြီ။
“ ဟုတ်လို့လား။ ဒီဧကရာဇ်လည်း မင်းတို့ အသုံးမကျတဲ့ ဧကရာဇ်မျိုးနွယ်တွေ နှစ်ကိုးသောင်းအပြီးမှာ ဘယ်လောက်တိုးတက်လာလဲဆိုတာ ကြည့်ချင်သေးတယ် ”
ကုချန်သည် လုံးဝပင် ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“ မင်းက ဘယ်သူလဲ ”
ကုချန်သည် လုံးဝဂရုမစိုက်သော ဟန်ပန်ဖြင့် ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ ချန်ချမ့်၏စိတ်နှလုံးသည် နစ်မြုပ်သွားပြီး တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလိုက်၏။
ဤပုဂ္ဂိုလ်သည် အဆုံးမဲ့ကမ္ဘာမှ လာသည်ဖြစ်ရာ သူသည် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များအကြောင်း မကြားဖူးရန် အကြောင်းမရှိပေ။
သို့သော် အခြားတစ်ဖက်မှပုဂ္ဂိုလ်သည် သိပါလျက် ကြောက်ရွံ့ခြင်းကင်းမဲ့နေဆဲဖြစ်သည်ဆိုခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ အခြားတစ်ဖက်မှပုဂ္ဂိုလ်သည် ဘာကိုမှမကြောက်သော လူမိုက်တစ်ဦးဖြစ်စေ သို့မဟုတ် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များကို မကြောက်ရွံ့ရန် ယုံကြည်မှုရှိနေခြင်းပင်ဖြစ်မည်။
ဤပုဂ္ဂိုလ်သည် ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးဖြစ်ရာ သူသည် လူမိုက်တစ်ဦး မဟုတ်သည်မှာ သေချာသည်။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုတည်းသာရှိပြီး ထိုသည်မှာ အခြားတစ်ဖက်မှ ပုဂ္ဂိုလ်သည် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်များ၏နာမည်ကို သိလျှင်ပင် လုံးဝမကြောက်ရွံ့ခြင်းပင်ဖြစ်သည်။
“ ဒီဧကရာဇ်ရဲ့ မျိုးရိုးအမည်က ကု ပဲ ”
ကုချန်၏မျက်ခွံများ အနည်းငယ် တွဲကျသွားသည်။ သူသည် ထိတ်လန့်နေသော ချန်ချမ့်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။
လွန်ခဲ့သော နှစ်ကိုးသောင်းက မျိုးရိုးအမည် ကု ဖြစ်သော ဧကရာဇ်တစ်ပါး ...
ကုချန်၏စကားကို ကြားသောအခါ ချန်ချမ့်သည် ပထမတွင်မှင်တက်သွားပြီး ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ၏ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာ၏။
လွန်ခဲ့သော နှစ်ကိုးသောင်းက လူသားမျိုးနွယ်မှ မျိုးရိုးအမည် ကု ဖြစ်သော ဧကရာဇ်များထဲတွင် သူဖတ်ဖူးသော ရှေးဟောင်းမှတ်တမ်းများထဲ၌ တစ်ဦးတည်းသာ ရှိဟန်တူသည်။
မဆန်းတော့ပါဘူး မဆန်းတော့ပါဘူး...
အကယ်၍ ထိုတစ်ဦးသာဆိုလျှင် သူသည် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်များကို အလေးမထားရန် ယုံကြည်မှု အမှန်တကယ် ရှိပေလိမ့်မည်။
သို့သော် သူဘယ်လိုကြောင့် သူဘယ်လိုကြောင့် အသက်ရှင်နေသေးသည်နည်း။
ကုချန်သည် သူ၏လက်ကို ချန်ချမ့်၏ရှေ့တွင် မြှောက်ကာ သူ့အား ပေါ့ပေါ့ပါးပါး ပုတ်ထုတ်လိုက်သည်။ ချန်ချမ့်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် အဆုံးမဲ့ကမ္ဘာနှင့် လျင်မြန်စွာ ဆက်သွယ်ကာ ထိန်းချုပ်မရနိုင်အောင် ဟစ်အော်လိုက်သည်။
“ ငါ့ကိုသတ်တဲ့သူက လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ကု... ”
ကံမကောင်းစွာဖြင့် ချန်ချမ့်၏စကားများ မပြီးဆုံးမီမှာပင် ကုချန်၏လက်ဝါးသည် သူ့အား ယန်ခွန်ကဲ့သို့ပင် ဖုန်မှုန့်အဖြစ် တိုက်ရိုက်ကြေမွသွားစေပြီး သေဆုံးသွားစေခဲ့သည်။
ချန်ချမ့်သေဆုံးပြီးနောက် ကောင်းကင်အဆုံးတွင် ရုတ်တရက် ပျောက်ကွယ်သွားသော အလင်းတန်းတစ်ခုကိုကြည့်ရင်း ကုချန်သည် တုန်လှုပ်ခြင်းမရှိ ရပ်နေခဲ့သည်။
ဤအလင်းတန်းသည် ချန်ချမ့်သေဆုံးခါနီးတွင် ထိုဧကရာဇ်မျိုးနွယ်များထံသို့ ပေးပို့သော သူ၏သတိပေးချက်နှင့် သတင်းစကားဖြစ်မည်ကို သူသိသော်လည်း သူသည် ၎င်းကိုတားဆီးရန် ရည်ရွယ်ချက်မရှိပေ။
ဤတစ်ကြိမ် အဆုံးမဲ့ကမ္ဘာသို့ ပြန်လာရာတွင် သူသည် သူ၏ခြေရာများကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိဘဲ သူနှင့် ထိုဧကရာဇ်မျိုးနွယ်များကြားမှ နာကြည်းမှုများကိုလည်း ဖြေရှင်းရန် လိုအပ်၏။
သူ အဆုံးမဲ့ကမ္ဘာသို့ပြန်လာခြင်းကို သူတို့ ကြိုတင်သိရှိသွားလျှင်ပင် အဘယ်သို့ ပြုလုပ်နိုင်မည်နည်း။
ဖြေရှင်းရမည့်သူများသည် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မည်မဟုတ်ပေ။
“ နယ်မြေအပြင်ဘက်ကင်းစခန်းလား။ ဒီဧကရာဇ်ပြန်လာပြီဆိုမှတော့ ဒီကင်းစခန်းက ဆက်ပြီးတည်ရှိနေဖို့ ဘာအကြောင်းပြချက်မှ မရှိတော့ဘူး ”
ကုချန်သည် လှောင်ရယ်လိုက်ပြီး သူ၏လက်ဝါးကို ဖွဖွလေးမြှောက်ကာ ဤကျန်းတစ်ထောင်ရှိသော ရှေးဟောင်းတာအိုစင်မြင့်ကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးပစ်လိုက်၏။
ယခုအခါ သူသည် ဧကရာဇ်ဂိတ်မှ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ အနာဂတ်တွင် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုသည် ရှောင်လွှဲ၍မရသော အဆုံးသတ်တစ်ခုဖြစ်လာလိမ့်မည်။
ထိုသို့ဖြစ်မှတော့ ဤနယ်မြေအပြင်ဘက်ကင်းစခန်းသည် ဆက်လက်တည်ရှိနေရန် အကြောင်းမရှိတော့ချေ။
အဆုံးမဲ့ကမ္ဘာသည်လည်း နတ်ဆိုးနယ်မြေနှင့် အဆုံးအဖြတ်တိုက်ပွဲကို ရင်ဆိုင်ရန် ပြင်ဆင်သင့်ပေပြီ။
အခန်း (၁၈)- ချန်မိသားစုအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခြင်း၊ ဒုတိယဘိုးဘေး ပေါ်ထွန်းလာခြင်းနှင့် သူများလား
ကျန်းတစ်ထောင်ရှိသော တာအိုစင်မြင့်ကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးပြီးနောက် ကုချန်သည် အဆုံးမဲ့ကမ္ဘာဆီသို့ ဆက်လက် အလျင်စလိုသွားနေခဲ့သည်။
သူသည် ယခုအခါ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ဒေသသို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီတွင် အဆုံးမဲ့ကမ္ဘာထဲသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
...
ကုချန် ခရီးသွားနေစဉ်တွင်
အဆုံးမဲ့ကမ္ဘာအတွင်းရှိ အရှေ့ပိုင်းအဆုံးမဲ့နယ်မြေ တာအိုဒိုမိန်း၏ နေရာတစ်ခု၌
ဤသည်မှာ ဆန်းကြယ်သောနေရာတစ်ခုဖြစ်ပြီး ခန့်ညားထည်ဝါသော တောင်တန်းများ၊ ကြီးကျယ်ခမ်းနားသော အငွေ့အသက်နှင့် လက်ရာမြောက်သော အလှတရားများ ရှိနေသည်။
ဤနေရာတွင် အဓိကတောင်ထွတ် ကိုးဆယ့်ကိုးခု တည်ရှိနေပြီး အားလုံးကို မသေမျိုးမြူများဖြင့် ဖုံးလွှမ်းထားကာ မင်္ဂလာရှိသောအရောင်များက ပတ်လည်တွင်ဝေ့ဝဲနေပြီး မရေမတွက်နိုင်သော လက်ရာမြောက်သည့် နန်းတော်များနှင့် ကျောက်စိမ်းမျှော်စင်များသည် တိမ်တိုက်များထဲတွင်တည်ရှိနေကာ ကမ္ဘာမြေပေါ်မှ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဤသည်မှာ အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ် ချန်မိသားစု၏ ဘိုးဘေးစဉ်ဆက်တည်နေရာပင်ဖြစ်၏။
သို့သော် ယခုအခါ အဓိကတောင်ထွတ်များထဲမှ တစ်ခုပေါ်တွင် တည်ရှိနေသော ချန်မိသားစု၏ ဘိုးဘေးခန်းမဆောင်အတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်နေ၏။
“ သတ္တမမြောက်ဘိုးဘေး ချန်ချမ့်ရဲ့ ဝိညာဉ်ပြား ကြေမွသွားခဲ့ပြီ။ ဘာဖြစ်တာလဲ ”
“ ဝိညာဉ်ပြား ကြေမွသွားတယ်။ သတ္တမမြောက်ဘိုးဘေး သေဆုံးသွားပြီ။ နယ်မြေအပြင်ဒိုမိန်းမှာ တစ်ခုခုဖြစ်ခဲ့တာများလား ”
ချန်မိသားစု၏ အကြီးအကဲများနှင့် အဆင့်မြင့်အဖွဲ့ဝင်များသည် ဤနေရာတွင် စုရုံးနေကြပြီး အားလုံးသည် ဤသတင်းကြောင့် တုန်လှုပ်နေကြ၏။
လွန်ခဲ့သော တစ်ခဏကပင် ဘိုးဘေးခန်းမဆောင်တွင် ပူဇော်ထားသော ချန်မိသားစု၏ သတ္တမမြောက်ဘိုးဘေး ချန်ချမ့်၏ ဝိညာဉ်ပြားသည် ရုတ်တရက် ကြေမွသွားခဲ့သည်။
ဤဝိညာဉ်ပြားအတွင်း၌ ချန်ချမ့်၏ မြင့်မြတ်ဝိညာဉ်တစ်စပါရှိ၏။
အကယ်၍ ချန်ချမ့် ပျက်သုဉ်းသွားပါက ဤမြင့်မြတ်ဝိညာဉ်တစ်စသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဝိညာဉ်ပြားသည် ကြေမွသွားပေမည်။
ယခု ဝိညာဉ်ပြား ကြေမွသွားခဲ့ပြီဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုတည်းသာရှိနိုင်၏။ ဤသည်မှာ ချန်ချမ့် ပျက်သုဉ်းသွားခဲ့ခြင်းပင်ဖြစ်၏။
ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရှင်းပြ၍မရနိုင်လောက်သော သေဆုံးမှုသည် ချန်မိသားစုအတွက်ပင်လျှင် မိသားစုတစ်စုလုံးကို တုန်လှုပ်စေမည့် အလွန်အရေးကြီးသောကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် ချန်မိသားစု၏ အဆင့်မြင့်အကြီးအကဲများအားလုံးနီးပါးသည် ဤနေရာတွင် စုရုံးနေကြသည်။
လူတိုင်းသည် သတ္တမမြောက်ဘိုးဘေး ချန်ချမ့် မည်သို့သေဆုံးခဲ့သည်ကို သိလိုကြသည်။
“ သတ္တမမြောက်ဘိုးဘေးက ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံမှုအဆင့်မှာ ရှိနေတာ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ ”
“ ဟုတ်တယ် ကြားတာတော့ ယန်မိသားစုရဲ့ ဧကရာဇ်တပိုင်း ယန်ခွန်ကလည်း ဒီတစ်ခေါက် သတ္တမမြောက်ဘိုးဘေးနဲ့အတူ နယ်မြေအပြင်ဒိုမိန်းကို စောင့်ကြပ်နေတယ်ဆို။ ငါတို့ ယန်မိသားစုကို မေးဖို့ လူလွှတ်ပြီးပြီလား ”
“ ယန်မိသားစုက အကြောင်းပြန်ပြီးပြီ ဧကရာဇ်တပိုင်း ယန်ခွန်လည်း ပျက်သုဉ်းသွားခဲ့ပြီတဲ့ ”
“ ဒါ... ဧကရာဇ်တပိုင်းနှစ်ဦးစလုံး ပျက်သုဉ်းသွားတာလား။ နယ်မြေအပြင်ဒိုမိန်းမှာ ကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်ခဲ့တာများလား ”
ချန်မိသားစု ဘိုးဘေးခန်းမဆောင်တစ်ခုလုံး ပွက်လောရိုက်နေ၏။
ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးခြင်းသည် အမြစ်စွဲနေသော ချန်မိသားစုကို အားအင်ချိနဲ့သွားစေရန် မလုံလောက်သော်လည်း ခံနိုင်ရည်ရှိရန်မှာလည်း သေချာပေါက် မလွယ်ကူပေ။
ပို၍အရေးကြီးသည်မှာ လူတိုင်းသည် သတ္တမမြောက်ဘိုးဘေး ချန်ချမ့်နှင့် ယန်မိသားစု၏ ဧကရာဇ်တပိုင်းတို့ အဘယ်ကြောင့် ပျက်သုဉ်းခဲ့သည်ကို မသိရှိကြခြင်းပင်။
ဤမသေချာမရေရာသည့် ခံစားချက်သည် အကြောက်မက်ဖွယ်အကောင်းဆုံးပင်ဖြစ်သည်။
“ အဟွတ်... အဟွတ်... ဘာတွေ ထိတ်လန့်နေကြတာလဲ ”
ချန်မိသားစုအကြီးအကဲများသည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ထိတ်လန့်နေကြစဉ် အဘိုးအိုတစ်ဦး၏ ချောင်းဆိုးသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ချန်မိသားစုဘိုးဘေးခန်းမဆောင်တစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
လူတိုင်း၏အကြည့်သည် အသံလာရာဘက်သို့ ရောက်ရှိသွားကြသည်။
သူတို့သည် ဆံပင်ဖြူ၊ ခရမ်းရောင်ဝတ်ရုံနှင့် မျက်နှာတွင် အရေးအကြောင်းများပြည့်နေသော အဘိုးအိုတစ်ဦးသည် လူအုပ်ကြားမှ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ပုလ္လင်ပေါ်တွင် ခန့်ညားစွာ ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
ထို့အပြင် ဤအဘိုးအိုကို မြင်သောအခါ ချန်မိသားစု၏ အကြီးအကဲများဖြစ်စေ၊ လက်ရှိချန်မိသားစုခေါင်းဆောင်ဖြစ်စေ အားလုံးသည် သူတို့၏ဦးခေါင်းများကိုငုံ့ကာ လေးစားစွာဖြင့် ပြောလိုက်ကြသည်။
“ ဒုတိယဘိုးဘေးကို ဂါရဝပြုပါတယ် ”
ချန်မိသားစု၏ ဒုတိယဘိုးဘေး ချန်ယွမ်ဝူပင်ဖြစ်၏။
ဤသည်မှာ လွန်ခဲ့သော နှစ်ကိုးသောင်းက ချန်မိသားစု၏ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းတစ်ဦးဖြစ်ပြီး ချန်မိသားစု၏ တိုးတက်မှုနှင့် ကျဆင်းမှုကို နှစ်ကိုးသောင်းကြာ မျက်မြင်တွေ့ရှိခဲ့သူဖြစ်ရာ သူသည် ချန်မိသားစု၏ မဏ္ဍိုင်များထဲမှ တစ်ဦးဖြစ်သည်ဟုဆိုလျှင် ချဲ့ကားရာမကျပေ။
ဒုတိယဘိုးဘေးသည် သူ၏သက်တမ်းယိုယွင်းမှုကို နှေးကွေးစေရန် အမြင့်မြတ်ဆုံးနည်းလမ်းများကို အသုံးပြု၍ ချန်မိသားစု၏ ဧကရာဇ်တပ်ဖြန့်ခင်းတွင် အများအားဖြင့် အိပ်စက်နေလေ့ရှိသည်။ ယခု သတ္တမမြောက်ဘိုးဘေး သေဆုံးသည့်သတင်းသည် ဒုတိယဘိုးဘေးကိုပင် လန့်ဖျန့်သွားစေခဲ့သည်လော။
အဓိကနေရာတွင် ခန့်ညားစွာထိုင်နေသော ချန်ယွမ်ဝူကို မြင်သောအခါ အကြောင်းတစ်စုံတစ်ရာကြောင့် ရှိနေသော ချန်မိသားစုဝင်များ၏ စိတ်နှလုံးထဲမှ စိုးရိမ်ပူပန်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။
ချန်မိသားစုဝင်အားလုံးသည် ချန်ယွမ်ဝူအား လုံးဝယုံကြည်စွာဖြင့် ကြည့်နေကြသည်။
ဤဘိုးဘေးရှိနေသရွေ့ မည်သည့်အရာပင်ဖြစ်စေ အလွန်အမင်း လှုပ်လှုပ်ရှားရှားဖြစ်စေမည် မဟုတ်သကဲ့သို့ပင်။
“ ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွားတာလေးနဲ့ မင်းတို့အားလုံး ဒီလောက်ကြောက်နေကြတာလား "
ချန်ယွမ်ဝူသည် သူ၏မျက်လုံးများကို ပင့်ကာ သူ၏အကြည့်သည် သိမ်းငှက်နှင့် တောခွေးတစ်ကောင်၏ အကြည့်ကဲ့သို့ရှိနေသော ချန်မိသားစုအကြီးအကဲများပေါ်သို့ လွှဲဖယ်ကြည့်ရှုလိုက်သည်။
ထိုထက်ရှသောအကြည့်ကြောင့် ချန်မိသားစုအကြီးအကဲများသည် အလိုအလျောက်ပင် သူတို့၏ဦးခေါင်းများကို ငုံ့လိုက်ကြပြီး သူ၏မျက်လုံးများနှင့် ရင်ဆိုင်တွေ့ဝံ့ခြင်းမရှိကြပေ။
“ ချန်ချမ့်က မူလက သူတော်စင်တစ်ပါးရဲ့ အရည်အချင်းပဲ ရှိခဲ့တာ။ သူ့ကို ဧကရာဇ်တပိုင်းအဆင့်အထိ ရောက်နိုင်အောင်ကူညီဖို့ ငါတို့ချန်မိသားစုက မြင့်မြတ်ပစ္စည်းအမြောက်အမြား ကုန်ကျခဲ့ပေမယ့် သူက ကြီးကြီးမားမား အသုံးမဝင်ခဲ့ဘူး။ သူသေသွားရင်တောင် ငါတို့ချန်မိသားစုအတွက် အရမ်းကြီးမားတဲ့ ဆုံးရှုံးမှုမဟုတ်ဘူး ”
ချန်ယွမ်ဝူသည် အလျင်မလိုဘဲ ပြောလိုက်၏။
“ ဒါပေမဲ့ သူက ငါတို့ချန်မိသားစုရဲ့ ဧကရာဇ်တပိုင်းတစ်ယောက်ပဲ။ ဘယ်သူပဲ သူ့ကိုသတ်သတ် ဒီလုပ်ရပ်က ငါတို့ချန်မိသားစုကို စော်ကားတာဖြစ်ပြီး ငါတို့ချန်မိသားစုကိုရန်လိုတဲ့ အပြုအမူပဲ ”
ဤနေရာတွင် ချန်ယွမ်ဝူ၏အသံသည် မယုံနိုင်လောက်အောင် ထက်ရှလာခဲ့သည်။
“ မျက်မှောက်ခေတ် ဧကရာဇ်တစ်ပါးကတောင် ငါတို့ချန်မိသားစုကို လေးစားမှုသုံးပိုင်းပြသရလိမ့်မယ်။ ငါတို့ အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်တွေနဲ့ ရန်ဘက်ဖြစ်သူတွေက ဘယ်သူပဲဖြစ်ပါစေ သေခြင်းတရားကိုပဲ တွေ့ကြုံရလိမ့်မယ် ”
ချန်ယွမ်ဝူ၏စကားများသည် ချန်မိသားစုဝင်အားလုံး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သော အားကောင်းသည့် လှုံ့ဆော်ဆေးတစ်မျိုးကဲ့သို့ဖြစ်ပြီး သူတို့၏သွေးများ ဆူပွက်လာသည်ဟု ခံစားရစေ၏။
“ ဘိုးဘေးပြောတာ ကောင်းတယ်။ ဘယ်သူပဲ ငါတို့ချန်မိသားစုရဲ့ ရန်သူဖြစ်ဖြစ် သူတို့ လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး ”
“ ရန်သူကိုသတ်။ သတ္တမမြောက်ဘိုးဘေးအတွက် လက်စားချေ ”
“ ဧကရာဇ်မိသားစုရဲ့ စွမ်းအားကို စော်ကားလို့မရဘူး ”
ရှိနေသော ချန်မိသားစုအကြီးအကဲများ သူတို့၏စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုကို ပြန်လည်ရရှိလာသည်ကို မြင်သောအခါ ချန်ယွမ်ဝူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ ဆက်လက်မေးမြန်းလိုက်သည်။
“ ချန်ချမ့်က ဧကရာဇ်တပိုင်းတစ်ယောက်ပဲ။ သူသေခါနီးမှာ သတင်းစကားတစ်ခုခု မချန်ခဲ့ဘူးလား ”
“ ဒုတိယဘိုးဘေးကို သတင်းပို့ပါတယ်။ သတ္တမမြောက်ဘိုးဘေးရဲ့ ဝိညာဉ်ပြား ကြေမွသွားပြီး မကြာခင်မှာပဲ သတ္တမမြောက်ဘိုးဘေး သေခါနီးမှာ ပို့လွှတ်လိုက်တဲ့ သတင်းစကားကို ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ဖွင့်ပြီး မစစ်ဆေးရသေးပါဘူး ”
လက်ရှိချန်မိသားစု၏ ခေါင်းဆောင်သည် လျင်မြန်စွာ ရှေ့သို့တက်လာပြီး ပြောဆိုရင်း ကျောက်စိမ်းပြားချပ်တစ်ခုကို ချန်ယွမ်ဝူထံသို့ လေးစားစွာဖြင့် ပေးအပ်လိုက်သည်။
“ အင်း ဒီအဘိုးကြီး ကြည့်ရအောင် ဘယ်သူက ဒီလောက်ရဲတင်းနေတာလဲ ”
ချန်ယွမ်ဝူသည် ကျောက်စိမ်းပြားချပ်ကို ယူကာ ပေါ့ပေါ့ပါးပါး ချေမွပစ်လိုက်သည်။
မည်သည့် မြင့်မြတ်သောပုဂ္ဂိုလ်က သူ၏နယ်မြေတွင် ပြဿနာရှာဝံ့လောက်အောင် မောက်မာနေသည်ကို သူကြည့်ရှုလိုသည်။
" အုံး... "
ကျောက်စိမ်းပြားချပ် ကြေမွသွားသည်နှင့် ချန်ချမ့်သေခါနီးမှ ဝေဝေဝါးဝါး ပုံရိပ်သည်လည်း ချန်မိသားစုဘိုးဘေးခန်းမဆောင်တွင် ပေါ်လာခဲ့၏။
ချန်ချမ့်၏ ဝေဝေဝါးဝါးပုံရိပ်သည် မျက်လုံးများပြူးကျယ်လျက် ကျယ်လောင်စွာ ဟစ်အော်နေသည်ကို တွေ့ရသည်။
“ ငါ့ကိုသတ်တဲ့သူက လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ကု... ”
အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
ချန်ချမ့်၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။
ဘိုးဘေးခန်းမဆောင်အတွင်း၌ ချန်မိသားစုအကြီးအကဲအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“ ဒါပဲလား ”
“ လွန်ခဲ့တဲ့ နှစ်ကိုးသောင်းကလား။ ဘာကို လွန်ခဲ့တဲ့ နှစ်ကိုးသောင်းကလဲ ”
“ ကု လား။ သတ္တမမြောက်ဘိုးဘေးကို သတ်တဲ့သူက မျိုးရိုးအမည် ကု လား ”
သတ္တမမြောက်ဘိုးဘေး ချန်ချမ့်သည် တစ်စုံတစ်ခုကို ပြောခဲ့ဟန်ရှိသော်လည်း ဘာမှမပြောခဲ့သကဲ့သို့ပင်။
သတ္တမမြောက်ဘိုးဘေးကို အတိအကျ ဘယ်သူသတ်ခဲ့သနည်း။ အဘယ်ကြောင့် သတ္တမမြောက်ဘိုးဘေးက ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့သနည်း။
သူမျိုးရိုးအမည်တစ်ခု ချန်ထားခဲ့လျှင်ပင် ဘာမှမချန်ထားခဲ့ခြင်းနှင့် ခြားနားခြင်းမရှိပေ။ အဆုံးမဲ့ကမ္ဘာတွင် မျိုးရိုးအမည် ကု ဖြစ်သော လူမည်မျှရှိသနည်း။
ချန်မိသားစုသည် သတ္တမမြောက်ဘိုးဘေးအတွက် လက်စားချေရန် မျိုးရိုးအမည် ကု ဖြစ်သူအားလုံးကို သတ်ပစ်ရန် မဖြစ်နိုင်ပေ မဟုတ်လော။
" ဒုန်း...! "
ချန်မိသားစုအကြီးအကဲများ လုံးဝရှုပ်ထွေးနေစဉ် သူတို့သည် ရုတ်တရက် အသံတစ်ချက် ကြားလိုက်ရသည်။
လူတိုင်းသည် အလိုအလျောက်ပင် လှည့်ကြည့်လိုက်ကြရာ ဘိုးဘေးကြီး ချန်ယွမ်ဝူသည် မည်သည့်အချိန်ကမှန်းမသိ ရုတ်တရက် သူ၏ထိုင်ခုံမှ လဲကျသွားသည်ကိုသာ တွေ့လိုက်ရသည်။
ထိုမျှသာမက ချန်ယွမ်ဝူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ကုန်းကွေးပြီး အိုမင်းနေသော ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေကာ တစ်စုံတစ်ခုကို ရေရွတ်နေလေသည်။
“ လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက မျိုးရိုးအမည်က ကု... သူများလား။ မဖြစ်နိုင်ဘူး ဒါ လုံးဝမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ သူဖြစ်လို့မရဘူး... ”
ချန်မိသားစုဝင်အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ခဏမျှ ချန်ယွမ်ဝူကို သွားရောက်ကူညီရန်ပင် မေ့လျော့သွားကြသည်။
အကြောင်းမှာ သူတို့သည် လွန်ခဲ့သော ခဏက အလွန်စိုးမိုးနေခဲ့သော ဒုတိယဘိုးဘေးသည် ယခုအခါ ကြောက်လန့်သွားသကဲ့သို့ ဖြစ်နေကြောင်းကို မရေမရာ သဘောပေါက်သွားသောကြောင့် ဖြစ်၏။
သတ္တမမြောက်ဘိုးဘေး ချန်ချမ့်သေခါနီးတွင် ချန်ထားခဲ့သော မပြည့်စုံသည့်စကားများတွင် ဖော်ပြ၍မရနိုင်သော မှော်အစွမ်းတစ်ခု ပါဝင်နေသကဲ့သို့ပင်ဖြစ်သည်။