← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

‎အခန်း (၁၉) - မဟာကျော်ကြားမှု၊ ရှေးဟောင်းဧကရာဇ်မဟာမိတ်အဖွဲ့နှင့် ဧကရာဇ်များ၏ဗိမာန်

‎

‎

‎

‎“ ဒုတိယဘိုးဘေး... အရှင်... ”

‎

‎

‎အချိန်အတော်ကြာပြီးနောက်တွင် ချန်မိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်သည် သတိကြီးစွာဖြင့် ရှေ့သို့တက်လာကာ ချန်ယွမ်ဝူအား မြေပြင်ပေါ်မှထူပေးရန် ကြိုးပမ်းလေသည်။

‎

‎

‎ချန်မိသားစုခေါင်းဆောင်သာမက ချန်မိသားစု၏ အခြားအကြီးအကဲများပင် အံ့အားသင့်ကာ တုန်လှုပ်ခြောက်ခြားသွားကြ၏။

‎

‎

‎သတ္တမမြောက်ဘိုးဘေး၏ သေခါနီးစကားများတွင် မည်သို့သော မှော်စွမ်းအားများ ပါဝင်နေသနည်း။ ဒုတိယဘိုးဘေးအား ဤမျှလောက်အထိ တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်‌လော။

‎

‎

‎“ မဖြစ်နိုင်ဘူး ဒါက လုံးဝမဖြစ်နိုင်ဘူး... ”

‎

‎

‎အကူအညီဖြင့်ထရပ်ကာ အဓိကနေရာတွင် ပြန်လည်ထိုင်လိုက်ပြီးနောက် ချန်ယွမ်ဝူသည် သူ့ဘာသာသူ တီးတိုးရေရွတ်နေဆဲဖြစ်၏။

‎

‎

‎အမှန်စင်စစ်တွင် ချန်ယွမ်ဝူ၏ နှလုံးသားထဲ၌ မုန်တိုင်းတစ်ခု ထန်လျက်ရှိနေချေပြီ။

‎

‎

‎အကြောင်းမှာ ချန်ချမ့်၏ သေခါနီးစကားများသည် သူ မယုံကြည်ဝံ့သော ရလဒ်တစ်ခုကို ညွှန်ပြနေသောကြောင့်ပင်။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက မျိုးရိုးအမည်မှာ ကု...။

‎

‎

‎ချန်ချမ့်နှင့် ယန်ခွန်ကို သတ်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ ဟိုးယခင်နှစ်များဆီက ကုချန်မဟာဧကရာဇ်ပင် ဖြစ်နေသည်လော။

‎

‎

‎ချန်ယွမ်ဝူသည် လွန်ခဲ့သော နှစ်ကိုးသောင်းက မွေးဖွားခဲ့သူဖြစ်၏။ လက်ရှိ ချန်မိသားစုခေါင်းဆောင်သည်ပင် သူ့မျက်လုံးထဲ၌ မျိုးဆက်သစ်လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်မဟာဧကရာဇ်၏ ရှေ့မှောက်တွင်မူ သူ ချန်ယွမ်ဝူသည် အရေးမပါသော မျိုးဆက်သစ်တစ်ဦးမျှသာ ဖြစ်ခဲ့၏။

‎

‎

‎သို့သော် ထိုသူသာဖြစ်ခဲ့လျှင် သူသည် မည်သို့ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သနည်း။

‎

‎

‎သူသည် ဧကရာဇ်အစီအရင်တစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအင်စီးဆင်းမှုကို ဖိနှိပ်ထားသောကြောင့်သာ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ကာလရှည်ကြာစွာ အိပ်စက်ခြင်းထဲသို့ သက်ဆင်းခဲ့ရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ သူသည် ခေတ်ကာလတစ်ခုပြီးတစ်ခုကို ကြိုးစားဖြတ်ကျော်ကာ ယခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်၏။

‎

‎

‎သို့သော် ထိုကုချန်မဟာဧကရာဇ်မှာ လွန်ခဲ့သော နှစ်ကိုးသောင်းကတည်းက ဧကရာဇ်အဆင့်တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထိုသို့သောတည်ရှိမှုမျိုး၏ ချီနှင့်သွေးမှာ နဂါးတစ်ကောင်၊ ပင်လယ်တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် လွယ်လွယ်ကူကူ ဖိနှိပ်ထား၍မရနိုင်ဘဲ သဘာဝအတိုင်း ဤနည်းလမ်းဖြင့် အသက်ရှင်နိုင်မည်မဟုတ်ပေ။

‎

‎

‎ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦး၏ သက်တမ်းမှာ အများဆုံး နှစ်သုံးသောင်းမှ ငါးသောင်းအထိသာ ဖြစ်သည်။

‎

‎

‎သို့သော် ယခုမူ နှစ်ကိုးသောင်းအပြည့် ကြာမြင့်ခဲ့လေပြီ။

‎

‎

‎ထိုကုချန်သည် မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။

‎

‎

‎ထို့အပြင် သူသည် ဟွမ်သွမ့်ပင်လယ်အား တစ်ဦးတည်း ဖိနှိပ်ရန်အတွက် အဆုံးမဲ့ကမ္ဘာမှ ထိုစဥ်က ထွက်ခွာသွားခဲ့၏။ ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းရှိ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များက ဤပုဂ္ဂိုလ်မှာ နယ်မြေအပြင်ဘက်တွင် ကြာမြင့်သည့်အချိန်ကပင် သေဆုံးသွားခဲ့ပြီး တိုင်းတစ်ပါး၌ မြှုပ်နှံခံလိုက်ရလောက်ပြီဟု ကောက်ချက်ချခဲ့ကြသည်။

‎

‎

‎သဲလွန်စအားလုံးက ယခင် ကုချန်မဟာဧကရာဇ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေ၏။

‎

‎

‎သို့သော် ချန်ချမ့်၏ စကားများကကော။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်နှစ်ဦးအား လွယ်လွယ်ကူကူ ချေမှုန်းနိုင်ပြီး ထွက်ပြေးရန် အခွင့်အရေးပင်မပေးခဲ့သော ထိုသို့သောစွမ်းအားမျိုးသည် ချန်ချမ့်၏ သေခါနီးစကားများနှင့် ပေါင်းစပ်လိုက်သောအခါ ဤပုဂ္ဂိုလ်မှာ လွန်ခဲ့သော နှစ်ကိုးသောင်းမှ ကုချန်မဟာဧကရာဇ်ဖြစ်ကြောင်း ထင်ရှားစွာ ညွှန်ပြနေပေ၏။

‎

‎

‎“ တကယ်လို့သာ သူသာဆိုရင်တော့ ငါတို့ ဒုက္ခရောက်ပြီ... ”

‎

‎

‎ချန်ယွမ်ဝူ၏ မျက်နှာသည် တင်းမာသွား၏။ သူသည် ဤသတင်းအား ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းရှိ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များထံသို့ ချက်ချင်း သတင်းပို့ရမည်ဟု ခံစားလိုက်ရသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ထိုသူမှာ ကုချန်မဟာဧကရာဇ် ဖြစ်သည်မှာမလွဲပေ။ သာမန် ဧကရာဇ်အဆင့်တည်ရှိမှုတစ်ခု မဟုတ်ချေ။

‎

‎

‎ကုချန်မဟာဧကရာဇ်သည် လွန်ခဲ့သောနှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာတွင် ကြောက်မက်ဖွယ်ကောင်းသော ကျော်ကြားမှုကို တည်ဆောက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

‎

‎

‎သူ တာအိုကို မရရှိမီကပင် သူတော်စင်အဆင့်ခန္ဓာကိုယ်မျှဖြင့် ရှေးဟောင်းမင်းဆက်တစ်ပါး ထုတ်လွှတ်လိုက်သော အမြင့်မြတ်ဆုံးဧကရာဇ်လက်နက်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး မသေဆုံးခဲ့ပေ။

‎

‎

‎ဧကရာဇ်ဖြစ်လာပြီးနောက်တွင်မူ ကုချန်မဟာဧကရာဇ်သည် အခြားဧကရာဇ်အဆင့်တည်ရှိမှုများ တစ်သက်တာလုံး လျှောက်လှမ်းခဲ့ရသော လမ်းကို နှစ်ရာဂဏန်းအနည်းငယ်အတွင်း အဆုံးတိုင်ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့သည်။ သူသည် ကောင်းကင်ဘုံကိုးခုသို့ တက်လှမ်းကာ အစွန်းရောက်တာအိုမြင့်မြတ်ဝိညာဉ်များကို လက်တစ်ချောင်းတည်းဖြင့် ဖိနှိပ်ခဲ့ပြီး ငရဲဘုံကိုးထပ်သို့ ဆင်းသက်ကာ တားမြစ်နယ်မြေများရှိ ရှေးဟောင်းဧကရာဇ်များကို နှိမ်နင်းခဲ့သည်။

‎

‎

‎သူသည် ကောင်းကင်နှင့်မြေကြီးတခွင်လုံးတိုက်ခတ်ကာ အရပ်ရှစ်မျက်နှာကိုစိုးမိုးခဲ့ပြီး အမှန်တကယ်ပင် ယှဉ်ပြိုင်နိုင်စရာမရှိဖြစ်ခဲ့သည်။

‎

‎

‎နောင်တွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အချို့ ကျူးကျော်ဝင်ရောက်လာပြီး အဆုံးမဲ့ကမ္ဘာကို ပူးပေါင်းတိုက်ခိုက်ကာ သွေးပင်လယ်ဝေစေခဲ့သော်လည်း ကုချန်မဟာဧကရာဇ်က သူတို့ကို တွန်းလှန်ခဲ့သဖြင့် နယ်မြေအပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ထွက်ပြေးခဲ့ကြရ၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ရှေးဟောင်းသမိုင်းတစ်လျှောက်လုံးတွင် အခြားသော ဧကရာဇ်အဆင့်တည်ရှိမှုများသည် တာအိုကိုရရှိပြီး ဧကရာဇ်ဖြစ်လာပြီးနောက် ကမ္ဘာကိုတုန်လှုပ်စေသော စွမ်းအားများ ပိုင်ဆိုင်ကြသော်လည်း ပြိုင်ဘက်များရှိနေဆဲဖြစ်ကာ ခက်ခဲသောတိုက်ပွဲများအတွင်း ကျဆုံးခဲ့ကြရသည်ဟုဆိုနိုင်၏။

‎

‎

‎သို့သော် ဤကုချန်မဟာဧကရာဇ်မှာမူ ကွဲပြားခြားနား၏။

‎

‎

‎သူ တာအိုကို မရရှိမီကပင် အရာအားလုံးကို တိုက်ခတ်ချေမှုန်းခဲ့ပြီး မည်သည့်သံသယမှမရှိဘဲ ဧကရာဇ်အဆင့်ကို ရယူနိုင်ခဲ့သည်။

‎

‎

‎ဧကရာဇ်ဖြစ်လာပြီးနောက်တွင်မူ သူသည် ပိုမိုကြီးကျယ်ခမ်းနားသော တောက်ပမှုကို ပြသခဲ့ပြီး ရှေးခေတ်ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ကာ မျက်မှောက်ခေတ်ပြိုင်ဘက်များကို စိန်ခေါ်ခဲ့ပြီး သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းမဲ့သည်ဟူသော ခံစားချက်ကို အမှန်တကယ်ပင် ပေးစွမ်းနိုင်ခဲ့သည်။

‎

‎

‎နှစ်ပေါင်းသိန်းချီ သက်တမ်းရှည်ကြာခဲ့သော ဧကရာဇ်မျိုးနွယ်စုအသီးသီးပင် ထိုကုချန်မဟာဧကရာဇ်၏ ရှေ့မှောက်တွင် ဦးညွှတ်ပြီး သစ္စာခံခဲ့ကြရသည်။

‎

‎

‎အမှန်စင်စစ်တွင် နောင်တွင်ဖြစ်ပွားခဲ့သော ကျူးကျော်မှုသာမရှိခဲ့ပါက ကုချန်မဟာဧကရာဇ်သည် ထိုကျူးကျော်မှုကို ဟန့်တားရန် ဟွမ်သွမ့်ပင်လယ်အတွင်းသို့ အဝေးကြီးသွားခဲ့ရ၍ ထိုအချိန်မှစကာ သတင်းအစအနကင်းမဲ့နေခဲ့ခြင်းသာ မဟုတ်ပါက သူ၏စွမ်းအားဖြင့် သူသည် အဆုံးမဲ့ကမ္ဘာ၏သမိုင်းတွင် ကြွယ်ဝပြီး ရောင်စုံသော အမှတ်အသားတစ်ခု ချန်ထားနိုင်ခဲ့မည်ဖြစ်ပြီး နှစ်တစ်သိန်းကြာပြီးနောက်တွင် သူ၏တည်ရှိမှုကို သက်ရှိအများစုက မေ့လျော့သွားသည်အထိ ဖြစ်မည်မဟုတ်ပေ။

‎

‎

‎ဟုတ်ပါ၏။ ကုချန် မည်မျှပင် အားကောင်းသည်ဖြစ်စေ သူသည် အဆုံးမဲ့ကမ္ဘာမှ ပေါ်ထွက်လာသော မဟာဧကရာဇ်တစ်ပါးသာဖြစ်၏။ ယုတ္တိရှိစွာဆိုရလျှင် ချန်ယွမ်ဝူသည် ဤမျှလောက် ကြောက်ရွံ့နေစရာမလိုချေ။

‎

‎

‎လွန်ခဲ့သောနှစ်ကိုးသောင်းက ချန်ယွမ်ဝူသည် ချန်မိသားစု၏ ခေါင်းဆောင်မဟုတ်သော်လည်း ကုချန်မဟာဧကရာဇ် ဟွမ်သွမ့်ပင်လယ်အတွင်းသို့ တိုက်ခိုက်ရန် ထွက်ခွာသွားစဥ်က ဧကရာဇ်မျိုးနွယ်စုများစွာနှင့် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ကို သူသိရှိ၏။

‎

‎

‎ထို့နောက် နှစ်ကိုးသောင်းအကြာတွင် ချန်မိသားစုအပါအဝင် ဧကရာဇ်မျိုးနွယ်စုအားလုံးနီးပါးသည် ကုချန်မဟာဧကရာဇ်အား သစ္စာဖောက်ခဲ့ကြပြီး အတိတ်က သူတို့ပေးခဲ့သောကျမ်းသစ္စာကို ချိုးဖောက်ခဲ့ကြ၏။

‎

‎

‎ယခု ကုချန်မဟာဧကရာဇ် ပြန်လည်ရောက်ရှိလာသောအခါ သူသည် ဧကရာဇ်မျိုးနွယ်စုအသီးသီးနှင့် စာရင်းရှင်းလင်းမည်လော။

‎

‎

‎ဤသို့တွေးလိုက်သည်နှင့် ချန်ယွမ်ဝူ၏နဖူးမှ ချွေးစေးများမထိန်းနိုင်ဘဲ စီးကျလာ၏။

‎

‎

‎သူသည် ဆက်လက်၍ မတွေဝေနိုင်တော့ကြောင်း သိလိုက်၏။

‎

‎

‎ဤသတင်းသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဧကရာဇ်မဟာမိတ်အဖွဲ့သို့ အမြန်ဆုံး သတင်းပို့ရမည်ဖြစ်သည်။

‎

‎

‎ချန်ယွမ်ဝူသည် မတ်တတ်ရပ်လိုက်ပြီး အခြားချန်မိသားစုဝင်များ၏ အံ့အားသင့်ပြီး နားမလည်နိုင်သော အကြည့်များကို လျစ်လျူရှုကာ ဘိုးဘေးဗိမာန်မှ အလျင်အမြန်ထွက်ခွာသွား၍ ချန်မိသားစု၏ နက်ရှိုင်းသည့် ရှေးကျပြီးတားမြစ်ထားသော ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎ဤသည်မှာ ချန်မိသားစု၏ အမှန်တကယ်အဓိကကျသော နေရာဖြစ်သည်။ သာမန် ချန်မိသားစုအကြီးအကဲများပင် ဤနေရာတည်ရှိကြောင်း မသိကြပေ။

‎

‎

‎ရှေးဟောင်းခန်းမအတွင်းတွင် ဟာလာဟင်းလင်းဖြစ်နေပြီး ယဇ်ပလ္လင်စားပွဲတစ်ခုသာ ခင်းကျင်းထားသည်။

‎

‎

‎ယဇ်ပလ္လင်စားပွဲပေါ်တွင် တောက်ပသောအဝါရောင် အမွှေးတိုင်အချို့လည်း ရှိနေ၏။

‎

‎

‎ချန်ယွမ်ဝူသည် ယဇ်ပလ္လင်စားပွဲဆီသို့ လျှောက်သွားကာ အမွှေးတိုင်တစ်တိုင်ကို ရိုသေစွာကောက်ယူပြီး မီးညှိလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြည်ညိုစွာဖြင့် ဟစ်ခေါ်လိုက်၏။

‎

‎

‎“ ချန်မိသားစုတပည့်တစ်ဦးမှာ ဧကရာဇ်မဟာမိတ်အဖွဲ့ကို အရေးတကြီး သတင်းပို့စရာရှိပါတယ် ”

‎

‎

‎အမွှေးတိုင်လောင်ကျွမ်းသွားသည်နှင့် မီးခိုးငွေ့တန်းများသည် တန်းတက်လာကာ ခန်းမဆောင်၏ လေဟာနယ်ထဲတွင် ဝေဝေဝါးဝါးမြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

‎

‎

‎ထိုမြင်ကွင်းမှာ ရှေးဟောင်းခန်းမဆောင်ကြီးတစ်ခု၏ အတွင်းပိုင်းဖြစ်ဟန်တူပြီး ကြီးမားသော ပလ္လင်များကို ခင်းကျင်းထား၏။ ပလ္လင်တစ်ခုစီသည် ပေတစ်ထောင်မြင့်မားပြီး အချိန်ကာလ၏ ပြောင်းလဲမှုများကို ထွင်းထုထားသည်။

‎

‎

‎ထို‌ဝေဝေဝါးဝါးပလ္လင်များကို မြင်သောအခါ ချန်ယွမ်ဝူ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှု အရိပ်အယောင်များ ပေါ်လာ၏။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့သည် ဤအဆုံးမဲ့ကမ္ဘာအတွင်းရှိ ရှေးဟောင်းဧကရာဇ်မျိုးနွယ်စုအသီးသီး၏ အမြင့်မြတ်ဆုံးမဟာမိတ်အဖွဲ့ဖြစ်ပြီး မည်မျှကြာမြင့်သည့် ရှေးဟောင်းနှစ်များကတည်းက တည်ထောင်ခဲ့သည်ကို မသိနိုင်ချေ။

‎

‎

‎ထိုပလ္လင်များမှာမူ ဤဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းရှိ အစစ်အမှန် အမြင့်မြတ်ဆုံးတည်ရှိမှုများသာ ပိုင်ဆိုင်နိုင်သော နေရာများဖြစ်၏။

‎

‎

‎ထိုင်ခုံတစ်ခုစီကို အစစ်အမှန်

‎ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးသာ ပိုင်ဆိုင်နိုင်ပေသည်။

‎

‎

‎တစ်နည်းအားဖြင့်ဆိုသော် ထို‌ဝေဝေဝါးဝါးခန်းမဆောင်ထဲရှိ ပလ္လင်တစ်ခုစီသည် ယခင် ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦးကို ကိုယ်စားပြုပေသည်။

‎

‎

‎ဤခန်းမဆောင်ကြီးကို ‘ဧကရာဇ်များ၏ဗိမာန်’ ဟုခေါ်ပြီး ဧကရာဇ်မဟာမိတ်အဖွဲ့၏ အမြင့်မြတ်ဆုံးမဟာဧကရာဇ်အသီးသီး ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရာနေရာ ဖြစ်သည်။

‎

‎

‎ဤဧကရာဇ်များ၏ဗိမာန်၏ တည်နေရာအမှန်ကို မည်သူမျှမသိသကဲ့သို့ ဤဧကရာဇ်များ၏ဗိမာန်အတွင်း ဧကရာဇ်အဆင့်တည်ရှိမှုမည်မျှ အသက်ရှင်နေထိုင်သေးသည်ကိုလည်း မည်သူမျှမသိချေ။

‎

‎

‎ဤသည်တို့မှာ ဧကရာဇ်မဟာမိတ်အဖွဲ့၏ အမြင့်ဆုံးလျှို့ဝှက်ချက်များဖြစ်ပြီး ဧကရာဇ်အဆင့်တည်ရှိမှုများသာ သိရှိနိုင်ကြသည်။

‎

‎

‎ချန်ယွမ်ဝူ ကြည်ညိုစွာ ဟစ်ခေါ်လိုက်သောအခါ ဝေဝေဝါးဝါး ဧကရာဇ်များ၏ဗိမာန်မှ တုံ့ပြန်မှုတစ်ခု ရှိလာဟန်တူသည်။

‎

‎

‎ခမ်းနားကြီးကျယ်ပြီး အမြင့်မြတ်ဆုံးသော စွမ်းအားတစ်ခုသည် ဧကရာဇ်များ၏ဗိမာန်ထဲသို့ သက်ဆင်းလာ၏။

‎

‎

‎ကြီးမားသော ပလ္လင်များထဲမှ တစ်ခုပေါ်တွင် ပုံရိပ်တစ်ခုလည်း ပေါ်ထွက်လာ၏။

‎

‎

‎ထိုပုံရိပ်သည် ဟွမ်သွမ့်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ဘုံတာအိုကဲ့သို့ ခံစားချက်ကင်းမဲ့နေသော မျက်လုံးတစ်စုံကိုသာ ဖော်ပြလျက် အောက်တွင် ဒူးထောက်နေသော ချန်ယွမ်ဝူကို စိုက်ကြည့်နေ၏။

‎

‎

‎“ ဘာကိစ္စလဲ ”

‎

‎

‎ထိုအမြင့်မြတ်ဆုံးပလ္လင်မှ ခမ်းနားပြီး တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာရာ ချန်ယွမ်ဝူ၏ နှလုံးသားကို တုန်လှုပ်စေပြီး သူသည် ဦးခေါင်းကို ပို၍ပင်နိမ့်ချလိုက်မိတော့၏။

‎အခန်း (၂၀)- လျစ်လျူရှုခြင်း၊ ကုမိသားစု၏ အကျပ်အတည်းနှင့် အေးစက်စွာ ကြည့်ရှုခြင်း

‎

‎

‎

‎“ မဟာဧကရာဇ်ကို ဂါရဝပြုပါတယ်ခဗျာ ”

‎

‎

‎ချန်ယွမ်ဝူသည် ရှေးဦးစွာရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် ချန်ချမ့်နှင့် ယန်ခွန်တို့၏ သေဆုံးမှုအကြောင်းအရာအားလုံးအပြင် ချန်ချမ့်၏ နောက်ဆုံးစကားများကိုပါ တင်ပြလေသည်။

‎

‎

‎သူ၏စကားဆုံးသွားသောအခါ ရှေးဟောင်းခန်းမဆောင်ကြီးသည် သေမလောက် တိတ်ဆိတ်သွားလေ၏။

‎

‎

‎အချိန်အတော်ကြာပြီးနောက်တွင် ခမ်းနားကြီးကျယ်လှသော အသံသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာကာ ဆိုလိုက်သည်။

‎

‎

‎“ ငါသိတယ် ”

‎

‎

‎သူသိသည်တဲ့လော။ ဒီမျှသာလော။

‎

‎

‎သူသည် အခြားမည်သည့် စီစဉ်ညွှန်ကြားမှုကိုမျှ ပြုလုပ်ရန် မလိုအပ်တော့သည်လော။

‎

‎

‎ချန်ယွမ်ဝူ၏ နှလုံးသားမှာ တဒုန်းဒုန်းခုန်နေခဲ့ပြီး သူသည် မော့ကြည့်မိရန်မှတစ်ပါး အခြားမတတ်နိုင်ခဲ့ချေ။

‎

‎

‎သို့သော် ပလ္လင်ပေါ်တွင် ထိုင်နေသော ခမ်းနားကြီးကျယ်သည့် ပုံရိပ်အား ဟွမ်သွမ့်ချီများက ဖုံးလွှမ်းထားသဖြင့် သူ၏အမြင်အာရုံဖြင့် ထွင်းဖောက်၍ မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မျက်နှာအမူအရာကို ပိုင်းခြား၍မသိနိုင်ခဲ့ချေ။

‎

‎

‎“ ကုချန် ပြန်လာရင်တောင် အရေးမကြီးတော့ဘူး ”

‎

‎

‎ချန်ယွမ်ဝူ၏ စိုးရိမ်ပူပန်မှုကို သိမြင်လိုက်ဟန်ဖြင့် ထိုလျစ်လျူရှုကာ အေးစက်လှသော အကြည့်သည် တစ်ဖန်ပြန်လည် ကျရောက်လာခဲ့ပြီး ခန့်ညားထည်ဝါသော အသံတစ်ခုက လိုက်ပါလာခဲ့၏။

‎

‎

‎“ နှစ်ပေါင်းကိုးသောင်း ကုန်လွန်ခဲ့ပြီ။ သူ့ရဲ့ခေတ်က ကုန်ဆုံးသွားခဲ့ပြီ ”

‎

‎

‎ထိုစကားများအဆုံးတွင် ဧကရာဇ်များ၏ ခန်းမဆောင်မြင်ကွင်းယောင်သည်လည်း ပျောက်ကွယ်သွားလေတော့၏။

‎

‎

‎“ ဒါက… ”

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ စကားများကို ပြန်လည်စဉ်းစားရင်း ချန်ယွမ်ဝူ၏ နှလုံးသားမှာ တဒုန်းဒုန်းခုန်နေခဲ့၏။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့မှ လူကြီးများသည် ကုချန်မဟာဧကရာဇ်ကိုပင် ဂရုမစိုက်ကြသည်လော။

‎

‎

‎မှန်ပေသည်။ ဤနှစ်ပေါင်းကိုးသောင်းအတွင်း ချန်ယွမ်ဝူသည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးခဲ့သော်လည်း အဆုံးမဲ့ကမ္ဘာတွင် ဖြစ်ပျက်ခဲ့သော အဓိကအဖြစ်အပျက်အချို့ကို ရံဖန်ရံခါ ကြားသိခဲ့ရ၏။

‎

‎

‎ဤနှစ်ပေါင်းကိုးသောင်းအတွင်း ဧကရာဇ်မျိုးနွယ်စုအသီးသီးတို့တွင် မဟာဧကရာဇ်တစ်ပါးထက်မက မွေးဖွားခဲ့ဖူးလေသည်။

‎

‎

‎ယခုအချိန်တွင်ပင် ဧကရာဇ်များစွာသည် အသက်ရှင်လျက်ရှိနေနိုင်သေးပြီး အဆုံးမဲ့ကမ္ဘာကို အပေါ်စီးမှ ကြည့်ရှုနေနိုင်သေးသည်ပင်။

‎

‎

‎ဧကရာဇ်အဆင့်တည်ရှိမှုများစွာက ဧကရာဇ်မဟာမိတ်အဖွဲ့ကို အုပ်ချုပ်နေသည့်အတွက် သူတို့အနေဖြင့် ကုချန်မဟာဧကရာဇ်ကို အဘယ်မှာ ကြောက်ရွံ့နေမည်နည်း။

‎

‎

‎ဤသို့တွေးမိသောအခါ ချန်ယွမ်ဝူ၏ မတည်မငြိမ်ဖြစ်နေသော နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့မှ လူကြီးများက ဆုံးဖြတ်ချက်ချမှတ်ပြီးဖြစ်သည့်အတွက် သူသည် ဤကိစ္စနှင့်ပတ်သက်၍ ဆက်လက်စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။

‎

‎

‎… … … …

‎

‎

‎အရှေ့ဘက်ဒေသ တာအိုနယ်မြေ ကုမိသားစု။

‎

‎

‎ကုချန် ချန်ထားရစ်ခဲ့သော မဟာဧကရာဇ်အဆင့် အမိန့်ပြန်တမ်းသည် ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲလျက်ရှိပြီး ကုမိသားစုတစ်ခုလုံးအား ကာကွယ်ပေးထားသည့် မြူခိုးငွေ့ရောင် ချီစွမ်းအင်စီးကြောင်းများကို ထုတ်လွှတ်ပေးနေလေသည်။

‎

‎

‎ထာဝရရှေးဟောင်းဧကရာဇ်သခင်၏ လက်အောက်ငယ်သားဖြစ်သော ဝတ်ရုံနက်နှင့်သူတော်စင်အိုကြီးမှာမူ ဧကရာဇ်၏တန်ခိုးအရှိန်အဝါကြောင့် ကြောက်ရွံ့ရိုကျိုးနေဆဲဖြစ်ကာ ကုမိသားစု၏ဝင်ပေါက်ရှေ့တွင် ဒူးထောက်လျက် မလှုပ်ရှားနိုင်ဘဲရှိနေ၏။

‎

‎

‎သို့သော် ဝတ်ရုံနက်နှင့်သူတော်စင်အိုကြီး၏ မျက်နှာတွင် စိတ်ဓာတ်ကျခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း အရိပ်အယောင်တစ်စွန်းတစ်စမျှ မရှိဘဲ ထိုအစား သူသည် အလွန်တက်ကြွရွှင်လန်းနေခဲ့၏။

‎

‎

‎အကြောင်းမှာ သူ့အား ဖိနှိပ်ချုပ်ချယ်ပြီး မကြာမီမှာပင် ထာဝရရှေးဟောင်းဧကရာဇ်သခင်သည် ဧကရာဇ်အဆင့်အမိန့်ပြန်တမ်းကို ရှောင်ရှားရန် လက်အောက်ငယ်သားများစွာကို စေလွှတ်ခဲ့ပြီး ကုမိသားစုတစ်ခုလုံးအား အဝေးမှဝန်းရံကာ နေ့ရောညပါ ကျိန်ဆဲစေခဲ့သောကြောင့်ဖြစ်၏။

‎

‎

‎ထိုဟန်ပန်မှာ ဧကရာဇ်အဆင့်အမိန့်ပြန်တမ်းမှ စွမ်းအားများ ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထာဝရရှေးဟောင်းဧကရာဇ်သခင်သည် သူတို့ကို မုချပြန်လည်ပေးဆပ်စေမည်ဟု ကုမိသားစုအား ပြောကြားနေသည့်ပုံပင် ဖြစ်သည်။

‎

‎

‎ဤအကြောင်းကြောင့်ပင် ဝတ်ရုံနက်နှင့်သူတော်စင်အိုကြီးသည် အလွန်စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။

‎

‎

‎အကြောင်းမှာ သူသည် အနာဂတ်တွင် ကုမျိုးနွယ်စု ညှဉ်းပန်းနှိပ်စက်ခံရပြီး ကုမိသားစုတစ်ခုလုံး ပျက်သုဉ်းသွားမည့် ဝမ်းနည်းကြေကွဲဖွယ်မြင်ကွင်းကို မြင်တွေ့ရန် မစောင့်ဆိုင်းနိုင်တော့သောကြောင့်ပင်ဖြစ်၏။

‎

‎

‎အဖြစ်အပျက်များ ပေါ်ပေါက်လာသည်နှင့်အမျှ အရှေ့ဘက်‌ဒေသမှ အင်အားစုများ ပိုမိုများပြားလာသည်နှင့်အမျှ ကုမိသားစု ဖြစ်ပျက်ခဲ့သည်များကို သိရှိလာကြသည်။

‎

‎

‎ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော အကြည့်များသည် ကုမိသားစု၏အပြင်ဘက်တွင် စုစည်းနေကြပြီး ၎င်း၏အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြလေ၏။

‎

‎

‎“ ကုမိသားစုရဲ့လုပ်ရပ်တွေက တော်တော်မိုက်မဲတာပဲ။ ထာဝရရှေးဟောင်းဧကရာဇ်သခင်က သူ့ရဲ့အထွတ်အထိပ်အချိန်မှာရှိနေပြီး အနာဂတ်မှာ တာအိုကိုရရှိဖို့ မျှော်လင့်ချက်တွေရှိနေတာ လက်ရှိအဆုံးမဲ့ကမ္ဘာမှာ အရမ်းကိုလိုလားတောင့်တခံနေရတဲ့ တည်ရှိမှုတစ်ခုပဲ။ ကုမိသားစုရဲ့လုပ်ရပ်တွေက ထာဝရရှေးဟောင်းဧကရာဇ်သခင်ကို မျက်နှာရိုက်လိုက်တာနဲ့တူတူပဲ။ သူက သူတို့ကို ဒီတိုင်းလွှတ်ပေးမှာမဟုတ်ဘူး ”

‎

‎

‎“ တခြားမိသားစုရဲ့ အတော်ဆုံးတပည့်ကို သူ့သားအတွက် ကိုယ်လုပ်တော်အဖြစ် စကားတစ်ခွန်းမှမပြောဘဲယူချင်တဲ့ ထာဝရရှေးဟောင်းဧကရာဇ်သခင်ကသာ အရမ်းကြီးစိုးလွန်းတာ မဟုတ်ဘူးလား။ ဘယ်သူက သည်းခံနိုင်မှာလဲ ”

‎

‎

‎“ ဟက် သည်းမခံနိုင်တော့ရော ဘာဖြစ်လဲ။ ဒီနေ့ခေတ် ကောင်းကင်ပြင်ကျယ်ကြီးမှာ လက်သီးပိုကြီးတဲ့သူက အမှန်ပဲ! ”

‎

‎

‎ကုမိသားစုနှင့် မနီးမဝေးတွင် တီးတိုးသံများ ထွက်ပေါ်လာခဲ့သည်။

‎

‎

‎ဤသူများသည် အရှေ့ဘက်‌ဒေသမှ တာအိုနယ်မြေရှိ အင်အားစုအသီးသီးမှ တန်ခိုးကြီးကျင့်ကြံသူများဖြစ်ပြီး ဖြစ်ပေါ်လာသော အခြေအနေကို လေ့လာရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

‎

‎

‎“ ဘာပဲဖြစ်ဖြစ် ကုမိသားစုက အထွဋ်အထိပ်ဧကရာဇ်မျိုးနွယ်စုတွေထဲက တစ်ခုပဲလေ။ ထာဝရရှေးဟောင်းဧကရာဇ်သခင်က တာအိုကိုရနိုင်ခြေရှိတယ်ဆိုပေမယ့် သူက ဧကရာဇ်ဖြစ်မလာသေးဘူး! သူက ကုမိသားစုကို ဒီလိုမျိုးအရှက်ခွဲရဲတာ တကယ်ပဲ မကြောက်ဘူးလား ”

‎

‎

‎အချို့သော အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက မေးကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။

‎

‎

‎“ ကြောက်တယ်။ ဘာကြောက်စရာရှိလို့လဲ ”

‎

‎

‎ဆံပင်နှင့်မုတ်ဆိတ်ဖြူများရှိသော ဝတ်ရုံနီနှင့်သူတော်စင်အိုကြီးတစ်ဦးက လှောင်ရယ်လိုက်ပြီး

‎

‎

‎“ ကုမိသားစုမှာ ဧကရာဇ်မျိုးနွယ်စုဆိုတဲ့နာမည်ပဲရှိတာ အနှစ်သာရလုံးဝမရှိဘူး။ အခြေခိုင်မာတဲ့ တခြားဧကရာဇ်မျိုးနွယ်စုတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကိုကွာခြားလွန်းတယ် ”

‎

‎

‎“ မဟုတ်ရင် သူတို့က အိမ်တိုင်ရာရောက် တိုက်ခိုက်ခံရပြီး ဧကရာဇ်ရဲ့အမိန့်ပြန်တမ်းစွမ်းအားကိုပဲ အားကိုးပြီး ပုန်းရှောင်နေရမှာ မဟုတ်ဘူး ”

‎

‎

‎“ ကုမိသားစုက ဧကရာဇ်မျိုးနွယ်စုတစ်ခုဖြစ်လျက်နဲ့ ဘာလို့တခြားဧကရာဇ်မျိုးနွယ်စုတွေနဲ့ ဒီလောက်ကွာခြားနေရတာလဲ ”

‎

‎

‎မဟာဂိုဏ်းတစ်ခုမှ လူငယ်အကြီးအကဲတစ်ဦးက စပ်စုစွာ မေးလိုက်သည်။

‎

‎

‎ဧကရာဇ်မျိုးနွယ်စုတစ်ခုဖြစ်ပါလျက် ကုမိသားစု၏အင်အားနှင့် အခြေခံအုတ်မြစ်မှာ အဘယ်ကြောင့် ဤမျှအားနည်းနေရသည်ကို သူနားမလည်ခဲ့ပေ။

‎

‎

‎“ ဒါက ဇာတ်လမ်းရှည်ကြီးပဲ။ ငါလည်း ငါ့ဂိုဏ်းထဲက ရှေးဟောင်းကျမ်းစာတွေကနေ နည်းနည်းပဲ သိခဲ့တာ ”

‎

‎

‎အစောပိုင်းက စကားပြောခဲ့သော ဝတ်ရုံနီနှင့်သူတော်စင်အိုကြီးက နက်နဲသောလေသံဖြင့် ဆို၏။

‎

‎

‎“ ပြောတာကတော့ ကုမိသားစုကိုတည်ထောင်ခဲ့တဲ့ ဘိုးဘေးဖြစ်တဲ့ ကုချန်မဟာဧကရာဇ်က လွန်ခဲ့တဲ့နှစ်ပေါင်းကိုးသောင်းတုန်းက နယ်မြေအပြင်ဘက်က ဟွမ်သွမ့်ပင်လယ်ထဲကိုသွားပြီး နတ်ဆိုးနယ်မြေကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ဧကရာဇ်အဆင့်ရဲ့အခြေခံအုတ်မြစ်အားလုံးနီးပါးကို သူနဲ့အတူယူသွားခဲ့ပြီး ကုမိသားစုအတွက် ဘာမှချန်မထားခဲ့ဘူးတဲ့ ”

‎

‎

‎“ ဒါကပဲ ကုချန်မဟာဧကရာဇ် ထွက်ခွာသွားပြီးနောက်မှာ ကုမိသားစုမှာ ဆက်ခံသူမရှိတော့ဘဲ တခြားဧကရာဇ်မျိုးနွယ်စုတွေထက် အများကြီး အင်အားနည်းသွားစေခဲ့တာပဲ ”

‎

‎

‎ကုချန်မဟာဧကရာဇ်…

‎

‎

‎ဤအမည်ကိုကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြသည်။

‎

‎

‎သူတို့အားလုံးသည် လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း မွေးဖွားခဲ့ကြသော ကျင့်ကြံသူများဖြစ်ပြီး ဤအမည်ကို ရှေးဟောင်းကျမ်းစာများတွင် ရံဖန်ရံခါသာ မြင်ဖူးခဲ့ကြသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက နတ်ဆိုးနယ်မြေကျူးကျော်မှုမှာမူ အချိန်များစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် လူတိုင်းက မေ့လျော့နေကြပြီဖြစ်ပြီး အဆုံးမဲ့ကမ္ဘာ၏ သမိုင်းမှတ်တမ်းများတွင် တစ်ချိန်ကဖြစ်ပျက်ခဲ့သည်ကို မှတ်တမ်းတင်ထားသော စာကြောင်းအနည်းငယ်သာ ကျန်ရှိတော့သည်။

‎

‎

‎ထို့ကြောင့် ထိုနှစ်များအတွင်း ကုချန်မဟာဧကရာဇ်၏ လုပ်ရပ်များနှင့်ပတ်သက်၍ ယနေ့ခေတ် အင်မော်တယ်တာအို တန်ခိုးရှင်အများစုမှာ များသောအားဖြင့် လျစ်လျူရှုထားကြပြီး ထိုအရာကို လှောင်ပြောင်ကြသည်ဟုပင် ဆိုနိုင်ပေ၏။

‎

‎

‎နတ်ဆိုးနယ်မြေကျူးကျော်မှုတဲ့လော? သူတို့သည် ထိုအရာကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့ကြချေ။

‎

‎

‎သမိုင်းစာအုပ်များတွင် ကုချန်မဟာဧကရာဇ်သည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက အဆုံးမဲ့ကမ္ဘာကို ကယ်တင်ခဲ့သည်ဟု ဆိုခြင်းမှာလည်း ချဲ့ကားပြောဆိုခြင်းသာဖြစ်သည်။

‎

‎

‎အကြောင်းမှာ နှစ်ပေါင်းကိုးသောင်း ကုန်လွန်ခဲ့သော်လည်း နတ်ဆိုးနယ်မြေမှ တန်ခိုးရှင်များသည် အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ခဲ့ခြင်း မရှိခဲ့သောကြောင့်ပင် မဟုတ်လော။

‎

‎

‎ဖြစ်နိုင်သည်မှာ ထိုနှစ်က နတ်ဆိုးနယ်မြေကျူးကျော်မှုဆိုသည်မှာ ကုချန်မဟာဧကရာဇ်၏အောင်မြင်မှုများကို ချီးမြှောက်ရန်အတွက် ဖန်တီးထားသော အဖြစ်အပျက်တစ်ခုမျှသာ ဖြစ်တန်ရာ၏။

‎

‎

‎နတ်ဆိုးနယ်မြေကျူးကျော်မှု အမှန်တကယ်ရှိခဲ့လျှင်ပင် သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသကဲ့သို့ ဆိုးရွားမည်မဟုတ်သည်မှာ သေချာပြီး ဧကရာဇ်အဆင့်တည်ရှိမှုတစ်ခုအတွက် လွယ်ကူစွာဖြေရှင်းနိုင်သော ကိစ္စတစ်ခုသာ ဖြစ်ပေလိမ့်မည်။

‎

‎

‎ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက ကုချန်မဟာဧကရာဇ်သည် အခြားဧကရာဇ်အဆင့်တည်ရှိမှုများနှင့် ခြားနားမည်မဟုတ်ဘဲ ပို၍ပင် အားနည်းကောင်း အားနည်းနိုင်သေး၏။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ တာအိုကိုရရှိပြီး ဧကရာဇ်ဖြစ်လာခဲ့သော အခြားတည်ရှိမှုများသည် ယေဘုယျအားဖြင့် သူတို့၏အခြေခံအမွေအနှစ်ကို ချန်ထားရစ်ခဲ့ပြီး အထွဋ်အထိပ်ဧကရာဇ်မျိုးနွယ်စုများကို တည်ထောင်ခဲ့ကြသည်။

‎

‎

‎ကုချန်မဟာဧကရာဇ်သည် မျိုးဆက်များကို ချန်ထားခဲ့သော်လည်း ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုကိုမျှ ချန်ထားခဲ့ခြင်းမရှိပေ။

‎

‎

‎ဤရှုထောင့်မှကြည့်လျှင် ကုချန်မဟာဧကရာဇ်သည် အခြားသောမဟာဧကရာဇ်များထက် သဘာဝအားဖြင့် နိမ့်ကျနေသည်ဟု ဆိုရပေမည်။

‎

‎

‎ထို့ကြောင့် ကုမိသားစု အခက်အခဲကြုံနေသည့်တိုင် ဤဂိုဏ်းများနှင့် မဟာဂိုဏ်းများသည် အေးစက်သောမျက်လုံးများဖြင့် ကြည့်ရှုနေရုံသာဖြစ်ပြီး မည်သည့်ခံစားချက်မျှမရှိကြချေ။ ကုမိသားစု၏ဘိုးဘေးက အဆုံးမဲ့ကမ္ဘာကို ကယ်တင်ခဲ့သောကြောင့် သူတို့သည် ကုမိသားစုကို အကြွေးတင်ပြီး ကူညီရန်လိုအပ်သည်ဟုလည်း မည်သည့်အခါမျှ မတွေးခဲ့ကြပေ။

‎

‎

‎အမှန်စင်စစ်တွင် ဂိုဏ်းများစွာသည် ကုမိသားစု ယိုယွင်းပျက်စီးသွားသည့်အခါ သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသည့်အခါ သူတို့၏ 'အမွေအနှစ်'ကို မည်သို့ဝါးမြိုပြီး ခွဲဝေယူရမည်ကို စတင်စီစဉ်နေကြပြီ ဖြစ်သည်။

All Chapters