အခန်း (၂၁-၂၂)
Vol. 2 Ch. 21-22
အခန်း (၂၁)- လောကဓမ္မတာသည် မတည်မြဲခြင်း၊ လူသားမျိုးနွယ်၏ သူတော်စင်ခန္ဓာနှင့် ကျေးဇူးသိတတ်သော မိန်းကလေး
“ ခရီးဝေးက မြင်းတစ်ကောင်ရဲ့ ခွန်အားကို စမ်းသပ်သလိုပဲ အချိန်ကာလက လူတစ်ယောက်ရဲ့ နှလုံးသားကို ဖော်ပြတတ်တယ်။ လောကဓမ္မတာက အမှန်တကယ် ဒီလိုမျိုးပဲ ”
ကုမိသားစု၏ ပင်မခန်းမဆောင်အတွင်း၌ ကုတောက်လင်းသည် သူ၏နှလုံးသားအတွင်း၌ အေးစက်မှုကို ခံစားလိုက်ရကာ လေးလံစွာ သက်ပြင်းချလိုက်လေ၏။
ကုမိသားစုသည် အစဉ်အမြဲ ကြင်နာသနားတတ်ပြီး ပတ်ဝန်းကျင်ရှိ အင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ကာ ဧကရာဇ်မျိုးနွယ်စုတစ်စု၏ တန်ခိုးအာဏာကိုအသုံးပြု၍ အခြားသူများကို မည်သည့်အခါမျှ ဖိနှိပ်ခြင်းမရှိခဲ့ပေ။ သူတို့သည် အခြားသောအင်အားစုများကို အကြိမ်များစွာပင် ကူညီပေးခဲ့ဖူးသော်လည်း အပြန်အလှန်အားဖြင့် သူတို့ဘာပြန်ရခဲ့သနည်း။
ယခင်က သူသည် ထိုဧကရာဇ်မျိုးနွယ်စုများထံသို့သာမက ကုမိသားစုနှင့် အစဉ်အမြဲ ‘ရင်းနှီး’ ခဲ့ပြီး သူတို့ထံမှ ကျေးဇူးများစွာ ရရှိခဲ့ဖူးသော အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းအချို့ထံသို့ပါ အကူအညီတောင်းရန် လူလွှတ်ခဲ့လေသည်။
ထိုအင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းများတွင် ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များ မရှိသော်ငြား သူတို့ထဲမှ သုံးခု သို့မဟုတ် ငါးခုခန့်က ရှေ့ထွက်လာပြီး ကုမိသားစုကိုယ်စား စကားအနည်းငယ် ပြောဆိုပေးခဲ့ပါက ထိုထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်သည် ဤမျှလောက် ရမ်းကားရဲမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်သည် တာအိုကိုရရှိပြီး ဧကရာဇ်တစ်ပါးဖြစ်လာခြင်း မရှိသေးသည့်အတွက် သူသည် ဧကရာဇ်အဆင့်စစ်စစ်တည်ရှိမှုကဲ့သို့ အရာရာတိုင်းကို လျစ်လျူရှုနိုင်မည်မဟုတ်သည်မှာ သေချာပေ၏။
သို့သော် ကုတောက်လင်းအား ဝမ်းနည်းကြေကွဲစေသောအရာမှာ ဤသည်ပင်ဖြစ်၏။
ကုမိသားစု၏ အကူအညီတောင်းခံမှုကို ရင်ဆိုင်ရာတွင် ထိုဧကရာဇ်မျိုးနွယ်စုများသည် တုံ့ပြန်မှုမရှိဘဲနေရုံသာမက အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်းမှ အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းများအားလုံးသည်လည်း သူတို့၏တံခါးများကို ပိတ်ထားကြလေသည်။
ကုတောက်လင်းသည် ဧကရာဇ်မျိုးနွယ်စုများ၏ တုံ့ပြန်မှုမရှိခြင်းကို နားလည်နိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းကိုးသောင်းသည် အလွန်ရှည်လျားလွန်းပြီး ထိုဧကရာဇ်မျိုးနွယ်စုများမှ လွန်ခဲ့သောနှစ်ပေါင်းကိုးသောင်းက ကျမ်းသစ္စာကို မလိုက်နာခြင်းသည် သာမန်ပင်ဖြစ်ပေသည်။
သို့သော် ထိုအင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းများက သူတို့၏တံခါးများကို ပိတ်ထားခြင်းသည်သာ ကုတောက်လင်းအတွက် လက်မခံနိုင်ဆုံးအရာ ဖြစ်နေခဲ့သည်။
အကြောင်းမှာ သူတို့အားလုံးသည် အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်းတွင် ရှိနေကြပြီး ကုမိသားစုသည် ထိုအင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းများကို အစဉ်အမြဲ ရက်ရောစွာဆက်ဆံခဲ့ကာ ထိုအင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းများ အတိတ်တွင် အားနည်းခဲ့စဉ်က ကုမိသားစုထံမှ ကျေးဇူးများစွာ ရရှိခဲ့ဖူးသောကြောင့်ပင်တည်း။
သို့သော် ယခု ကုမိသားစုဒုက္ခရောက်နေချိန်တွင် တစ်ချိန်က ကုမိသားစုထံမှ ကျေးဇူးများရရှိခဲ့ဖူးသော ထိုမျိုးနွယ်စုများနှင့် ဂိုဏ်းများသည် အားလုံးပင် မသိဟန်ဆောင်နေကြပြီး ကုမိသားစုအတွက် စကားတစ်ခွန်းပင် ရှေ့ထွက်ပြောဆိုသူတစ်ဦးမျှ မရှိခဲ့ချေ။
“ လောကကြီးက အေးစက်လွန်းပြီး လူတွေအားလုံးက အကျိုးအမြတ်နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနောက်ကိုပဲ လိုက်နေကြတာပါပဲ ”
မိသားစုခေါင်းဆောင်၏ စိတ်သောကရောက်နေသည်ကိုမြင်လျှင် ကုမိသားစုအကြီးအကဲတစ်ဦးက နှစ်သိမ့်စကားဆိုရန်မှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
“ မုန်းစရာကောင်းလိုက်တာ။ အကယ်၍သာ ဘိုးဘေးကြီးသာ ရှိနေသေးရင် ဒီလူတွေရဲ့ အကူအညီမပါဘဲနဲ့တောင် ငါတို့ကုမိသားစုက ဘေးကင်းမှာပဲ ”
“ ဟက် ဖြစ်နိုင်ပါတယ်လေ ”
ကုတောက်လင်းသည် စိတ်ပျက်အားလျော့စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ ဒီလောကကြီးကို လုံးဝစိတ်ပျက်သွားပြီ။ အကယ်၍ ငါတို့သာ ဒီအခြေအနေကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ငါတို့ကုမိသားစုက လောကကြီးကနေ အပြီးအပိုင် အဆက်အသွယ်ဖြတ်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ အဲ့လိုဆိုရင် လောကကြီးထဲက ဒီလို မျက်နှာချိုသွေးတတ်တဲ့လူတွေနဲ့ ဆက်ဆံစရာမလိုတော့ဘူးပေါ့ ”
ဤအဖြစ်အပျက်ပြီးနောက် ကုတောက်လင်းသည် လက်ရှိလောကကြီးအပေါ် လုံးဝစိတ်ကုန်သွားလေသည်။
ဘိုးဘေးကြီးသာ ရှိနေသေးပါက ကုမိသားစုသည် သေချာပေါက် သာယာဝပြောသော ကာလတစ်ခုသို့ ဝင်ရောက်မည်ဖြစ်ပြီး အင်အားစုအမျိုးမျိုးက မိတ်ဖွဲ့ရန်ကြိုးစားကြမည်ကိုပင် သူမြင်ယောင်နိုင်ပေသည်။
သို့သော် ထို့နောက် ဘာဖြစ်မည်နည်း။
ဘိုးဘေးကြီးမရှိတော့သည့်အခါ ကုမိသားစုကျဆင်းသွားလျှင် ထိုလူများ သို့မဟုတ် အင်အားစုများသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားကြမည်သာဖြစ်၏။
ထိုသို့သော သာယာဝပြောမှု၏ အတုအယောင်ပုံရိပ်ကို ကုတောက်လင်းသည် တွေးကြည့်ရုံမျှဖြင့်ပင် စက်ဆုပ်ရွံရှာမိလေသည်။
ထို့ကြောင့် သူသည် ဤကဲ့သို့သော အရေခြုံသစ္စာဖောက်များနှင့် ဆက်ဆံရမည့်အစား မိသားစုတစ်ခုလုံး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ လောကီရေးရာများတွင် ဝင်မစွက်ဖက်တော့ဘဲ နေလိုလေသည်။
“ မိသားစုခေါင်းဆောင် ဒီလောက်ကြီး စိတ်ဓာတ်ကျနေစရာမလိုပါဘူး ”
ခန်းမဆောင်အတွင်း ကြည်လင်သောအသံတစ်ခု ပဲ့တင်ထပ်လာကာ လူတိုင်း၏အာရုံကို ချက်ချင်းဖမ်းစားသွားလေသည်။
ကုချင်းရွဲ့၏ လှပသောမျက်ဝန်းများသည် အောက်သို့စိုက်ကြည့်နေကာ သူမက ညင်သာစွာဆို၏။
“ ဒီကိစ္စက ကျွန်မတို့ကုမိသားစုအတွက် အကျပ်အတည်းတစ်ခုဖြစ်သလို ရှားပါးတဲ့အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ် ”
“ ဒီအဆုံးမဲ့ကမ္ဘာမှာ ဘယ်သူတွေက ကျွန်မတို့ကုမိသားစုရဲ့ မဟာမိတ်စစ်စစ်တွေလဲဆိုတာကို ဒီအခွင့်အရေးကိုသုံးပြီး စစ်ထုတ်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။
ဒီအချိန်မှာ ကျွန်မတို့ကိုကူညီဖို့ လူတစ်ယောက်ပဲ ရောက်လာခဲ့ရင်တောင်မှ သာမန်အချိန်တွေမှာ ဂိုဏ်းပေါင်းများစွာနဲ့ တန်ခိုးကြီးမိသားစုတွေနဲ့ ဆက်ဆံရေးကောင်းတာထက် အများကြီးသာပါတယ်ရှင် ”
…………
ကုမိသားစုအပြင်ဘက်၌။
မရေမတွက်နိုင်သော အကြည့်များသည် ဤနေရာတွင် စုစည်းနေကြ၏။
ကုမိသားစု၏ လက်ရှိအကျပ်အတည်းသည် အချိန်နှင့်အမျှ ပျံ့နှံ့သွားပြီးနောက် အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်းနီးပါး သိရှိသွားကြလေသည်။
ကုမိသားစုက အပြင်ဘက်အကူအညီရှာဖွေနေသည့် သတင်းသည်လည်း လောကကြီး၏အာရုံစိုက်မှုမှ မလွတ်မြောက်ခဲ့ပေ။
လူတိုင်းက ကုမိသားစုသည် ယခုအခါ ကျဆင်းနေပြီဖြစ်ပြီး အပူတပြင်း အကူအညီတောင်းခံနေသည်ဟု ညည်းညူနေကြ၏။
ထိုသို့သောအချိန်တွင် ဧကရာဇ်တပိုင်းအဆင့်တစ်ပါး၏ ရန်ငြိုးကိုခံယူပြီး ကုမိသားစုအား ပံ့ပိုးကူညီရန် မည်သူက သတ္တိရှိမည်နည်း။
မည်သို့ပင်ဆိုစေကာမူ ကုမိသားစုသည် ရှင်းလင်းစွာပင် ကျဆင်းနေပြီဖြစ်ကာ ထိုထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်မှာမူ အကောင်းဆုံးအခြေအနေတွင်ရှိနေပြီး အနာဂတ်တွင် တာအိုကိုရရှိကာ ဧကရာဇ်တစ်ပါးဖြစ်လာနိုင်ချေပင် ရှိနေသေး၏။
ဧကရာဇ်တစ်ပါးဖြစ်လာရန် မျှော်လင့်ချက်ရှိသော ဧကရာဇ်တပိုင်းအဆင့်တစ်ပါးကို စော်ကားခြင်း သို့မဟုတ် အထွတ်အထိပ်ကာလလွန်မြောက်သွားပြီး ဆက်လက်တည်ရှိနေရန် မသေချာတော့သော ကုမိသားစုကို စော်ကားခြင်း ဤရွေးချယ်မှုကို မည်သူမဆို ပြုလုပ်နိုင်မည်ဖြစ်သည် မဟုတ်လော။
ကုမိသားစုအပြင်ဘက်ရှိ အထီးကျန်ပြီး ဗလာဖြစ်နေသော မြင်ကွင်းကိုကြည့်ရင်း လူတိုင်း သက်ပြင်းချမိကြသည်။
ဤကုမိသားစုသည်ကား အမှန်တကယ်ပင် ပြီးဆုံးသွားပြီဖြစ်ပေလိမ့်မည်။
သို့သော်လည်း အင်အားစုအမျိုးမျိုးက ကုမိသားစု၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေစဉ်တွင် အမြင်အာရုံစူးရှသူအချို့သည် တောင်ကုန်းတောင်တန်းများကိုဖြတ်ကျော်ကာ ဖြည်းညင်းသော်ငြား ကုမျိုးနွယ်ဆီသို့ တည်ငြိမ်စွာ ဦးတည်လာနေသော ပုံရိပ်တစ်ခုကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
“ အမ် ဒီလိုအချိန်မျိုးမှာတောင် လူအများရဲ့အမြင်ကို ဆန့်ကျင်ပြီး ကုမိသားစုဆီ ချဉ်းကပ်ရဲတဲ့သူ ရှိနေသေးတာလား ”
အင်မော်တယ်ဂိုဏ်းအကြီးအကဲတစ်ဉီးမှ အံ့အားသင့်စွာပြောလိုက်၏။
ယခုအခါတွင် ထိုဧကရာဇ်တပိုင်းအဆင့်ထံမှ နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန်အတွက် ‘ပွဲကြည့်’ နေသူများပင် ကုမိသားစုနှင့် ဝေးဝေးနေကြပြီး အနားကပ်ရန်မဝံ့ရဲကြပေ။
ထိုပုံရိပ်၏လမ်းကြောင်းမှာ အလွန်ရှင်းလင်းနေပြီး ကုမိသားစုဆီသို့ ဦးတည်နေသည်မှာ ထင်ရှားကာ လမ်းမှားလာနိုင်ခြေမရှိပေ။
ထိုသို့သောအချိန်တွင် တစ်စုံတစ်ယောက်က ကုမိသားစုနှင့် ပတ်သက်ရန် သတ္တိရှိနေသေးသလော။
“ ဒီအကြီးအကဲကို ကြည့်ခွင့်ပေးစမ်းပါ။ ဘယ်သူများလဲဆိုတာ… ”
အင်မော်တယ်ဂိုဏ်းအကြီးအကဲ၏ မျက်လုံးများသည် မြင့်မြတ်သောအလင်းရောင်ဖြင့် တောက်ပလာပြီး သူ၏မြင့်မြတ်စွမ်းအားကိုသုံး၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
အဝေးရှိ တောင်တန်းတောအုပ်ထဲတွင် ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးသည် ငယ်ရွယ်ပုံရသော်ငြား အရပ်ရှည်ပြီး ကျက်သရေရှိနေကာ တိတ်ဆိတ်စွာဖြင့် ခရီးနှင်နေလေသည်။
“ ဟင် ဒါ လူသားမျိုးနွယ်ရဲ့ သူတော်စင်ခန္ဓာလား ”
လူသားမျိုးနွယ်၏ သူတော်စင်ခန္ဓာ။
ဤအာမေဋိတ်သံသည် လူအများ၏အာရုံကို ချက်ချင်းဖမ်းစားသွားလေသည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်းတွင် လူသားမျိုးနွယ်၏ သူတော်စင်ခန္ဓာဟူသော ဘွဲ့အမည်ရှိသူမှာ ယဲ့ယင်းယင်းဟုခေါ်သော မိန်းကလေးတစ်ဦးတည်းသာရှိ၏။
ဤယဲ့ယင်းယင်းသည် သူတော်စင်ခန္ဓာကိုယ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ယခုအခါ သူမ၏ကျော်ကြားမှုသည် အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာအိုဒိုမိန်းတွင် မြင့်တက်လျက်ရှိ၏။ အသက်နှစ်ဆယ်မတိုင်မီကပင် သူမသည် တာအိုနန်းတော်အဆင့်ကျင့်ကြံမှု ရှိနေခဲ့ပြီဖြစ်သည်။ သူမအား လက်ခံပြုစုပျိုးထောင်ပေးလိုသော ဂိုဏ်းအင်အားစုများစွာ၏ မျက်စိကျခြင်းခံခဲ့ရသော်လည်း သူမသည် မည်သူနှင့်မျှ သဘောမတူဘဲ အမြဲတမ်း တစ်ကိုယ်တည်း စွန့်စားခဲ့လေသည်။
အဘယ်ကြောင့် သူမသည် ယနေ့တွင် ရုတ်တရက် ဤနေရာ၌ ပေါ်လာရသနည်း။
“ တာအိုနန်းတော်အဆင့်ပဲရှိသေးတဲ့ ကလေးမလေးတစ်ယောက်က ကုမိသားစုကို ကူညီချင်နေတာလား။ သူက ပါရမီရှင်တစ်ယောက်ပဲ တကယ့်အင်အားကြီးတစ်ယောက်မှ မဟုတ်တာ ”
တစ်စုံတစ်ယောက်က မထီမဲ့မြင်ပြုကာ ရယ်မောခဲ့၏။
“ ဟက် ကုမိသားစုကို ကူညီမယ်ဟုတ်လား။ ဒါက ပုရွက်ဆိတ်တစ်ကောင်က လှည်းဘီးကို တားဆီးဖို့ ကြိုးစားနေသလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ ”
အဝေးရှိ တောင်တန်းတောအုပ်ထဲတွင်မူ ယဲ့ယင်းယင်းသည် ထိုလှောင်ပြောင်သရော်သံများကို မကြားနိုင်ခဲ့ပေ။
သူမ၏လှပသောမျက်ဝန်းများထဲတွင် အဝေးရှိ ကုမျိုးနွယ်သာရှိလေသည်။
မနေ့ကပင် ယဲ့ယင်းယင်းသည် ကုမိသားစု၏ ကံဆိုးမိုးမှောင်ကျမှုကို သိရှိသွားသောအခါ သူမသည် ပြတ်သားစွာဖြင့် ခရီးစတင်ကာ ကုမိသားစုဆီသို့ ဦးတည်ခဲ့လေသည်။
လူအများအပြားက သူမအား မိမိကိုယ်မိမိ အထင်ကြီးလွန်းသည်ဟုတွေးကာ တားမြစ်ရန်ကြိုးစားခဲ့ကြသည်။
ဧကရာဇ်တပိုင်းအဆင့်တစ်ပါး၏ရှေ့တွင် တာအိုနန်းတော်အဆင့် ကျင့်ကြံသူမျှသာဖြစ်သော သူမသည် ပုရွက်ဆိတ်တစ်ကောင်နှင့်ပင် နှိုင်းယှဉ်၍မရပေ။ သူမသည် မည်သို့သော လှိုင်းတံပိုးမျိုးကို ဖန်တီးနိုင်မည်နည်း။
သို့သော် ယဲ့ယင်းယင်းသည် နားထဲသို့ပင် မဝင်ခဲ့ချေ။ ကုမိသားစုသည် အကျပ်ရိုက်ကာ ကျဆင်းနေပြီဖြစ်ကြောင်း သိနေသော်လည်း သူမသည် ပြတ်သားစွာဖြင့် ရောက်ရှိလာခဲ့သည်။
ဤအရာအားလုံးသည် သူမအားနည်းနေသေးစဉ်က တန်ခိုးကြီးအင်အားစုတစ်ခု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသောကြောင့်ပင်ဖြစ်၏။ သူမသွားစရာနေရာမရှိတော့ချိန်တွင် ကုမိသားစုက သူမအား ခိုလှုံခွင့်ပေးကာ သူမ၏အသက်ကို ကယ်တင်ခဲ့လေသည်။
အသက်ကယ်တင်ခဲ့သည့် ကျေးဇူးကို ပြန်မဆပ်လျှင် လူတစ်ယောက်ဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။
သူမ၏ရောက်ရှိလာခြင်းက ဘာကိုမှမပြောင်းလဲနိုင်ကာ လှိုင်းဂယက်တစ်ခုပင် မဖန်တီးနိုင်ဘဲ အချည်းနှီးသေဆုံးရမည်ကို သိနေသော်လည်း ယဲ့ယင်းယင်းသည် ရောက်ရှိလာခဲ့၏။
အကြောင်းမှာ ကျေးဇူးတရားကို ပြန်ဆပ်ခြင်းသည် သူမ၏ဘဝစည်းမျဉ်းပင် ဖြစ်သောကြောင့်တည်း။
အခန်း (၂၂)- အင်မော်တယ်ဂိုဏ်းမှ လူသစ်စုဆောင်းခြင်း၊ အတိတ်ကာလနှင့် မီးပုံထဲ တိုးဝင်သော ပိုးဖလံ
" မိန်းကလေး ဒီခရီးက ကုမိသားစုကို ဦးတည်နေတာလား "
ယဲ့ယင်းယင်း အလျင်အမြန် ခရီးနှင်နေစဥ်မှာပင် အင်မော်တယ်ချီများ ထုတ်လွှတ်နေသည့် ဆံပင်ဖြူမုတ်ဆိတ်ဖြူနှင့် ဝတ်ရုံနီဝတ်ဆင်ထားသော လူအိုကြီးတစ်ဦးသည် သူမ၏ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ထွက်လာကာ မေးမြန်းလိုက်လေသည်။
" မှန်ပါတယ် "
ယဲ့ယင်းယင်းသည် လူအိုကြီးအား မော့ကြည့်လိုက်ပြီး သူမ၏လှပသောမျက်ဝန်းများထဲတွင် သတိထားနေသည့် အရိပ်အယောင်တစ်ခု ရှိနေလေ၏။
ဤပုဂ္ဂိုလ်သည် မည်သူနည်း။ သူသည် ထိုဧကရာဇ်တပိုင်း၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်နိုင်သလော။
" မင်း သတိထားစရာ မလိုပါဘူး။ ငါက ကုမိသားစုဝင်တစ်ယောက်လည်းမဟုတ်သလို အဲ့ဒီထာဝရဧကရာဇ်တပိုင်းရဲ့ လက်အောက်ငယ်သားတစ်ယောက်လည်း မဟုတ်ဘူး "
ဝတ်ရုံနီလူအိုကြီးသည် ယဲ့ယင်းယင်း၏ မျက်လုံးများထဲရှိ သတိထားနေမှုကို သတိပြုမိဟန်တူပြီး အေးဆေးစွာပြုံးလျက် " ငါက ဟွမ်သွမ့်ချီဂိုဏ်းက အကြီးအကဲ ကျိဝူရှန့်ပဲ " ဟု ဆိုလေ၏။
ကုမိသားစုဝင်တစ်ဦးလည်းမဟုတ် ထိုဧကရာဇ်တပိုင်း၏ လက်အောက်ငယ်သားတစ်ဦးလည်းမဟုတ်ဘဲ ဟွမ်သွမ့်ချီဂိုဏ်းမှ အကြီးအကဲတစ်ဦးလော။
ဝတ်ရုံနီလူအိုကြီးက သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြလိုက်သည်ကို ကြားသောအခါ ယဲ့ယင်းယင်း၏ မျက်လုံးများထဲရှိ သတိထားနေမှုမှာ အနည်းငယ်လျော့ကျသွားသော်ငြား သူမသည် ဤအကြီးအကဲကျိ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိဟန်တူသဖြင့် တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။ " အကြီးအကဲကျိက ကျွန်မကို ဘာကြောင့် ရှာနေတယ်ဆိုတာ မသိပေမယ့် တကယ်လို့ ကျွန်မကို ကုမိသားစုဆီမသွားဖို့ ဖျောင်းဖျဖို့ဆိုရင်တော့ ပြောစရာမလိုတော့ပါဘူး "
" မင်း အမှန်တကယ်ပဲ ကုမိသားစုဆီကို အသေခံဖို့ သွားမလို့လား "
ကျိဝူရှန့်သည် ယဲ့ယင်းယင်း၏ ပြတ်သားသော အမူအရာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်ဘဲ ပြောဆိုလိုက်၏။ " ကုမိသားစုက အခု အခြေအနေဆိုးနေပြီး ပျက်စီးဖို့ နီးကပ်နေပြီဆိုတာ မင်းမသိဘူးလား "
ကျိဝူရှန့်၏ စကားကို ကြားသောအခါ ယဲ့ယင်းယင်း၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး " ကျွန်မ သိပါတယ်။ ဒါပေမယ့် အဲ့ဒါက ဘာဖြစ်လို့လဲ " ဟု ဆိုလေသည်။
" ဘာဖြစ်လို့လဲ ဟုတ်လား "
ဤဟွမ်သွမ့်ချီဂိုဏ်းမှ အကြီးအကဲသည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အေးစက်စွာ အော်ဟစ်လိုက်သည်။ " လက်ရှိအခြေအနေမှာ သူတော်စင်တစ်ပါး လာကူညီရင်တောင် ကုမိသားစုကို လွတ်မြောက်အောင် မကူညီနိုင်ဘူး။ ဧကရာဇ်တပိုင်း ဒါမှမဟုတ် ခေတ်ပြိုင်ဧကရာဇ်အရှင်သခင်တစ်ပါး ဆင်းသက်လာမှသာ ကုမိသားစုရဲ့ဒုက္ခကို ဖြေရှင်းနိုင်မှာ။
မင်းမှာ တာအိုနန်းတော်အဆင့် ကျင့်ကြံမှုလောက်ပဲရှိသေးပြီး ဧကရာဇ်တပိုင်းအဆင့်နဲ့ဆို မိုင်တစ်သိန်းရှစ်သောင်းလောက် ကွာဝေးနေသေးတယ်။ အဲ့ဒီကို သွားတာက အလဟဿ အသေခံရုံပဲရှိမှာ "
" ငါ အခုပေါ်လာတာက မင်း အလဟဿ သေဆုံးသွားမှာကို မကြည့်ရက်လို့ပဲ။ ကုမိသားစုနဲ့ အဝေးကြီးလိုပါသေးတယ် ပြီးတော့ အဲ့ဒီထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်ရဲ့ လက်အောက်ငယ်သားတွေရဲ့ အာရုံစိုက်မှုကိုလည်း မခံရသေးဘူး။ မင်းသာ စိတ်ပြောင်းပြီး ငါနဲ့အတူ ငါ့ရဲ့ဟွမ်သွမ့်ချီဂိုဏ်းကို လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်မရှိဖြစ်လာမှာ သေချာတယ် "
နောက်ဆုံးတွင် ကျိဝူရှန့်သည် သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။
သူသည် ထူးချွန်သောအရည်အချင်းရှိသည့် ယဲ့ယင်းယင်းလို ပါရမီရှင်တစ်ဦး အလဟဿ ပျက်စီးသွားမည်ကို မလိုလားသောကြောင့် သူမအားတွေ့ဆုံရန် ပေါ်ထွက်လာခြင်းဖြစ်ပြီး ယဲ့ယင်းယင်းအား တပည့်အဖြစ် လက်ခံခေါ်ဆောင်သွားလိုခြင်းဖြစ်သည်။
သို့သော် ကျိဝူရှန့်၏ ဖျောင်းဖျမှုကို ရင်ဆိုင်ရာတွင် ယဲ့ယင်းယင်း၏ လှပသောမျက်နှာပေါ်ရှိ အမူအရာမှာ ပြောင်းလဲခြင်းမရှိခဲ့ပေ။
သူမသည် ကျိဝူရှန့်ကို ကြည့်ကာ လှောင်ပြောင်သည့်ဟန်ဖြင့် ဆိုလေသည်။ " ကျွန်မရဲ့ ချီပင်လယ်အဆင့် မပွင့်သေးခင်နဲ့ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်ကို မစတင်ခင်က လော့ထျန်းနန်းတော်က လူသတ်သမားတစ်ဦးရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးပါတယ်။
အဲ့ဒီအချိန်က ကျွန်မမှာ လူသားမျိုးနွယ် သူတော်စင်ခန္ဓာရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပေမဲ့ နိုးထခြင်းမရှိသေးဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်က ဒီကျယ်ပြန့်တဲ့အရှေ့ပိုင်းလွင်တီးခေါင် တာအိုနယ်မြေက ကျွန်မအတွက် ရန်သူတွေကို တွန်းလှန်ပေးခဲ့တာ ဒါမှမဟုတ် ကျွန်မအတွက် စကားတစ်ခွန်းလောက်ပဲဖြစ်ဖြစ် ရပ်တည်ပြောဆိုပေးခဲ့တဲ့ အင်မော်တယ်ဂိုဏ်း ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုခု ရှိခဲ့သလား။
နောက်ပိုင်းမှာ ကျွန်မ ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန် ကံကောင်းစွာနဲ့ ကုမိသားစုအပြင်ဘက်ကို ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတဲ့နောက်မှာ သတိလစ်သွားခဲ့တယ်။
ကျွန်မ နိုးလာတဲ့အခါ ကျွန်မက ကုမိသားစုအတွင်းမှာ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။ ကုမိသားစုကပဲ ကျူးကျော်သူတွေကို တွန်းလှန်ပေးခဲ့ပြီး ကျွန်မရဲ့ဒဏ်ရာတွေကိုတောင် ကုသပေးခဲ့တယ်။
လောကကြီးမှာရှိတဲ့ လူတိုင်းက ကျွန်မကို လော့ထျန်းနန်းတော်က လိုက်လံသတ်ဖြတ်နေတာကို သိရှိပြီး ရှောင်ရှားနေကြပါလျက်နဲ့ ဘာကြောင့် ကုမိသားစုက ကျွန်မကို ကယ်တင်ခဲ့တာလဲလို့ ကျွန်မ သူတို့ကို မေးခဲ့တယ်။
ကုမိသားစုက ကျွန်မကို ဘယ်လို ပြန်ဖြေခဲ့လဲဆိုတာကို ရှင်သိလား "
ယဲ့ယင်းယင်း၏ စကားကို ကြားသောအခါ ကျိဝူရှန့်၏ မျက်နှာအမူအရာမှာ အနည်းငယ် မသက်မသာဖြစ်သွား၏။
လော့ထျန်းနန်းတော်သည် ဤအဆုံးမဲ့ကမ္ဘာတွင် လူသိများသော လူသတ်သမားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများမှ အကြီးအကဲအချို့ပင်လျှင် လော့ထျန်းနန်းတော်၏ လူသတ်သမားများလက်တွင် အောင်မြင်စွာ လုပ်ကြံခံခဲ့ရဖူးသည်။
ထို့ကြောင့် ထိုအချိန်က ယဲ့ယင်းယင်းသည် လော့ထျန်းနန်းတော်မှ လူသတ်သမားတစ်ဦး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသောအခါ လူသတ်သမား၏အင်အားမှာ ကြီးမားခြင်းမရှိသော်ငြား မည်သည့်ဂိုဏ်းကမျှ သူတို့ တစ်ခါမှမတွေ့ဖူးသော သာမန်အမျိုးသမီးတစ်ဦးအတွက် ရပ်တည်ပေးရန် လော့ထျန်းနန်းတော်ကို ရန်စဝံ့ခြင်းမရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က ယဲ့ယင်းယင်းသည် လူသားမျိုးနွယ် သူတော်စင်ခန္ဓာ၏ သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားပြီး နိုးထခြင်း မရှိသေးပေ။
သူတော်စင်ခန္ဓာ သွေးမျိုးဆက်ကို နိုးထစေရန်မှာ အလွန်ခက်ခဲလှ၏။
အကယ်၍ နိုးထခြင်းမရှိပါက သာမန်လူတစ်ဦးနှင့် ခြားနားခြင်းမရှိပေ။
ထို့ကြောင့် အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးအသီးသီးအတွက် ထိုအချိန်က ယဲ့ယင်းယင်းသည် ကယ်တင်ရန် တန်ဖိုးတစ်စုံတစ်ရာ မရှိခဲ့သည်မှာ သဘာဝကျပေသည်။
" ဘာကြောင့် မင်းကို ကယ်တင်ရသလဲ ဟုတ်လား။ ဒါက မင်းခန္ဓာကိုယ်ထဲက သူတော်စင်ခန္ဓာ သွေးမျိုးဆက်က နိုးထလာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ထင်မြင်ယူဆပြီး မင်းကို ကယ်တင်ဖို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်မှာပေါ့။ ရင်းနှီးမြှုပ်နှံမှုတစ်ခု ကြိုလုပ်လိုက်တာပါပဲ "
ကျိဝူရှန့်သည် မသက်မသာဖြင့် ပြောလိုက်၏။
ကုမိသားစုသည် ဧကရာဇ်မျိုးနွယ်တစ်ခုအနေဖြင့် အခြေအနေဆိုးရွားနေလျှင်ပင် ဧကရာဇ်အရှင်သခင်၏ နည်းလမ်းအချို့ ရှိနေသေးသည်။
သူတို့သည် ယဲ့ယင်းယင်းအတွင်းရှိ သွေးမျိုးဆက် နိုးထရန် မျှော်လင့်ချက်ရှိသည်ကို မြင်တွေ့ခဲ့သောကြောင့် ကံကြမ္မာကောင်းတစ်ခုဖန်တီးရန် စဥ်းစားမိပြီး သူမ၏အသက်ကို ကယ်တင်ပေးခဲ့ခြင်းမျှသာ ဖြစ်ပေမည်။
" ရှင် မှားသွားပြီ "
ယဲ့ယင်းယင်းသည် ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး ကျိဝူရှန့်ဘက်သို့ကြည့်နေသည့် သူမ၏အကြည့်မှာ ပို၍ပင် လှောင်ပြောင်သရော်သည့်ဟန် ဖြစ်လာ၏။ " ကုမိသားစု ကျွန်မကို ပြောခဲ့တာက သူတို့ ကျွန်မကို ကယ်တင်ခဲ့တဲ့ အကြောင်းရင်းက ကျွန်မရဲ့ကိုယ်တွင်းမှာ လူသားမျိုးနွယ် သူတော်စင်ခန္ဓာရဲ့သွေးတွေ စီးဆင်းနေတာကြောင့်ဖြစ်ပြီး လူသားမျိုးနွယ် သူတော်စင်ခန္ဓာရဲ့ သွေးမျိုးဆက်က ဒီလိုမျိုး အရှက်ခွဲခံရတာမျိုး မရှိသင့်တာကြောင့်ပဲ "
အကြောင်းမှာ... ယဲ့ယင်းယင်း၏ ကိုယ်တွင်း၌ လူသားမျိုးနွယ် သူတော်စင်ခန္ဓာ၏သွေးများ စီးဆင်းနေသောကြောင့်သာလော။
ကျိဝူရှန့် မှင်တက်သွား၏။
သူတော်စင်ခန္ဓာ သွေးမျိုးဆက်သည် အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်၏သမိုင်းတွင် အလွန်ရှေးကျသော ဒဏ္ဍာရီတစ်ခုရှိသည်။
နှစ်သန်းပေါင်း ဆယ်ဂဏန်းများစွာအကြာက လူသားမျိုးနွယ်မှာ အင်အားနည်းပါးနေသေးစဥ် တူညီသောသွေးမျိုးဆက်ရှိသည့် လူသားမျိုးနွယ် အင်အားကြီးပုဂ္ဂိုလ်အများအပြား ပေါ်ထွက်လာခဲ့ပြီး လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးခဲ့ကြသည်။
နောက်ပိုင်းတွင် ဤသွေးမျိုးဆက်ကို သူတော်စင်ခန္ဓာဟု အမည်ပေးခဲ့၏။
ထို့ကြောင့် သူတော်စင်ခန္ဓာမျိုးဆက်၏ ဘိုးဘေးများသည် အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်အပေါ် ကြီးမားသော ကျေးဇူးတရားများ ရှိသည်ဟု ဆိုနိုင်သည်။
ကုမိသားစုသည် ယဲ့ယင်းယင်းကို ကယ်တင်ခဲ့ခြင်းမှာ သူမတွင် နိုးထရန် မျှော်လင့်ချက်ရှိသည်ကို မြင်တွေ့သောကြောင့်မဟုတ်ဘဲ သူမ၏ကိုယ်တွင်း၌ သူတော်စင်ခန္ဓာ သွေးမျိုးဆက် စီးဆင်းနေသောကြောင့်သာလော။
" ကုမိသားစုမှာ ကျွန်မရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားရှိတယ်။ အခု ကုမိသားစု ဒုက္ခရောက်နေတဲ့အခါ ကျွန်မလည်း လက်ပိုက်ကြည့်နေလို့ မဖြစ်နိုင်ဘူး။ သေဆုံးရမယ်ဆိုရင်တောင် ဘာဖြစ်လဲ "
ယဲ့ယင်းယင်း၏ အသံသည် တည်ငြိမ်သွားသည်။ " ကျွန်မရဲ့ ဘဝရပ်တည်မှုနဲ့ဆိုင်တဲ့ စံမူတွေကို ပြောပြရင်တောင် ရှင်နားလည်မှာ မဟုတ်ပါဘူး "
ထိုသို့ပြောပြီးနောက် ယဲ့ယင်းယင်းသည် ကျိဝူရှန့်၏တည်ရှိမှုကို လျစ်လျူရှုကာ ရှေ့သို့ တိတ်ဆိတ်စွာ ဆက်လက်လျှောက်သွားလေသည်။
ထွက်ခွာသွားသော ယဲ့ယင်းယင်း၏ ကျောပြင်ကိုကြည့်ရင်း ကျိဝူရှန့်သည် တိတ်ဆိတ်နေပြီး သူ၏မျက်နှာအမူအရာမှာ အရှက်ရခြင်းနှင့် ရှက်ရွံ့ခြင်းတို့ ရောနှောနေလေသည်။
ဟွမ်သွမ့်ချီဂိုဏ်းသည်လည်း လွန်ခဲ့သောနှစ်ရက်က ကုမိသားစု၏ အကူအညီတောင်းခံလွှာကို လက်ခံရရှိခဲ့သော်လည်း ကုမိသားစု၏ တောင်းဆိုမှုကို ရင်ဆိုင်ရာတွင် ဂိုဏ်းချုပ်က ပြတ်ပြတ်သားသားငြင်းဆိုရန် ရွေးချယ်ခဲ့ကြောင်း သူသိ၏။
ထိုအချိန်က သူရော ဟွမ်သွမ့်ချီဂိုဏ်းအတွင်းရှိ အခြားအကြီးအကဲများနှင့် တပည့်များပါ ဂိုဏ်းချုပ်၏လုပ်ဆောင်ချက်များသည် မည်သည့်နည်းနှင့်မျှ မှားယွင်းသည်ဟု မခံစားခဲ့ကြရပေ။
သို့သော် ယခုအခါ ယဲ့ယင်းယင်း၏ လုပ်ဆောင်ချက်များသည် ပါးရိုက်လိုက်သကဲ့သို့ပင် သူ၏မျက်နှာကို ဟွမ်သွမ့်ချီဂိုဏ်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ ကုမိသားစု၏ အကူအညီတောင်းခံမှုကို လျစ်လျူရှုခဲ့သော အခြားအင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများ၏ မျက်နှာများကိုပါ ရိုက်ခတ်လိုက်ခြင်း ဖြစ်သည်။
တာအိုနန်းတော်အဆင့် ကျင့်ကြံမှုသာရှိသော ကလေးမတစ်ယောက်သည် ကုမိသားစု၏ အသက်ကယ်တင်ခဲ့သည့် ကျေးဇူးတရားကို တစ်ချိန်ကရရှိခဲ့သောကြောင့်သာ ဤခရီးသည် အသေခံရန်ဖြစ်ကြောင်း သိရှိနေသော်လည်း မီးပုံထဲသို့ ပိုးဖလံတစ်ကောင်ကဲ့သို့ ဇွတ်တိုးဝင်ကာ ပြတ်သားစွာ အကူအညီပေးရန် လာရောက်ခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ကျယ်ပြန့်သော ဟွမ်သွမ့်ချီဂိုဏ်းနှင့် အခြားအင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများမှာမူ ကုမိသားစု၏ အကူအညီတောင်းခံမှုကို ကြောက်ရွံ့၍ နားပိတ်ထားရန် ရွေးချယ်ခဲ့ကြသည်…
" ဟွန်း ဒါမျိုးက မဆင်မခြင်နဲ့ ရဲစွမ်းသတ္တိရှိရုံပဲ။ မီးပုံထဲကိုပျံဝင်တဲ့ ပိုးဖလံတစ်ကောင်လိုပဲ နောက်ဆုံးရလဒ်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းပဲဖြစ်မှာပဲ "
သူ၏အရှက်ရခြင်းကို ဖုံးကွယ်ရန် ကျိဝူရှန့်သည် ဒေါသတကြီးဖြင့် နှာမှုတ်လိုက်၏။
အကယ်၍ သူသာ ဤသူတော်စင်ခန္ဓာဖြစ်ပါက ကုမိသားစု၏ကျေးဇူးတရားကို ပြန်ဆပ်လိုလျှင်ပင် အသေခံရလောက်အောင် မိုက်မဲမည်မဟုတ်ပေ။
ယာယီပုန်းအောင်းပြီး အနာဂတ်တွင် သူ၏အင်အား ကြီးမားလာသည်အထိ စောင့်ဆိုင်းကာ ကုမိသားစုအတွက် လက်စားချေရန် အခွင့်အလမ်းရှာဖွေခြင်းက ပိုကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ လူကြီးလူကောင်းတစ်ဦး၏ လက်စားချေခြင်းသည် ဘယ်တော့မှ နောက်မကျပေ…