← Chapters

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

အခန်း (၃၁)- တားမြစ်နယ်မြေ၏ အရှင်သခင်၊ ကြည်လင်သော အတွေးအခေါ်နှင့် လှိုင်းထန်နေသော နှလုံးသား

‎

‎

‎

‎ကုမိသားစုတစ်ခုလုံးအား ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ရွှေ့ပြောင်းခြင်းလော။

‎

‎

‎ကုချန်၏နှုတ်မှ စကားသံထွက်ပေါ်လာသောအခါ ခန်းမဆောင်အတွင်းရှိ ကုမိသားစုဝင်အားလုံးသည် မိမိတို့အကြားမှားသည်ဟု သံသယဝင်သွားကြလေသည်။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေလော။ ထိုအရာသည် အဘယ်သို့သော နေရာမျိုးဖြစ်သနည်း။ ၎င်းသည် ကမ္ဘာလောကရှိ သက်ရှိအားလုံးကို ၎င်း၏အမည်နာမအား ကြားရုံမျှဖြင့်ပင် တုန်လှုပ်ခြောက်ခြားစေသော ကြောက်မက်ဖွယ်ရာ သေမင်းတမန်နေရာတစ်ခု ဖြစ်သည်တည်း။

‎

‎

‎ရှေးခေတ်ကတည်းက အသက်ရှင်နေထိုင်ခဲ့သော သတ္တဝါများစွာသည် ၎င်းအတွင်း၌ အိပ်စက်အနားယူနေကြသည်ဟု ဆိုကြ၏။ လက်ရှိမဟာဧကရာဇ်များပင်လျှင် အဆုံးမဲ့ကမ္ဘာအနှံ့ ပြန့်ကျဲနေသော ဤရှင်သန်ခြင်းတားမြစ်နယ်မြေများအကြောင်းကို အလွန်အမင်း လျှို့ဝှက်ထားကြပြီး လွယ်လွယ်ကူကူ ရန်စဝံ့ခြင်းမရှိကြပေ။

‎

‎

‎ယခုမူ ဘိုးဘေးက ကုမိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ခေါ်ဆောင်၍ ရွှေ့ပြောင်းလိုသည်ဟု ဆိုနေပါတကား။

‎

‎

‎" ဘာလဲ မင်းတို့ ဒီနေရာကို တွယ်တာနေကြပြီး ငါဧကရာဇ်နဲ့အတူ တားမြစ်နယ်မြေထဲကို လိုက်ဖို့ ဆန္ဒမရှိကြဘူးလား "

‎

‎

‎ကုချန်သည် ကုမိသားစုဝင်များစွာ၏ မျက်နှာပေါ်ရှိ မယုံနိုင်သည့်အမူအရာများကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

‎

‎

‎" မဟုတ်ပါဘူး မဟုတ်ပါဘူး လုံးဝမဟုတ်ပါဘူး အရှင်သခင် "

‎

‎

‎ကုတောက်လင်းသည် ငြင်းဆိုသည့်အနေဖြင့် အလျင်အမြန် ခေါင်းခါလိုက်ပြီးနောက် တိုးတိုးလေးပြောလေ၏။

‎

‎

‎ " ဒါပေမဲ့... ကျွန်တော်တို့ ကုမိသားစုရဲ့ နေအိမ်အသစ်က ဒဏ္ဍာရီလာ ရှင်သန်ခြင်းတားမြစ်နယ်မြေ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိရုံပါပဲ။ ရှင်သန်ခြင်းတားမြစ်နယ်မြေတွေက ရှေးဟောင်းအရှင်သခင်တွေ အိပ်စက်အနားယူနေတဲ့နေရာတွေနဲ့ ပြည့်နေပြီလို့ ကြားဖူးပါတယ်။ ကျွန်တော်တို့ ကုမိသားစုက ရှင်သန်ခြင်းတားမြစ်နယ်မြေထဲကို ပြောင်းရွှေ့ချင်တယ်ဆိုရင် အထဲမှာအိပ်စက်နေတဲ့ သတ္တဝါတွေက သဘောတူပါ့မလား အရှင်သခင် "

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေတိုင်းသည် စကြဝဠာ၏ ကြီးမားသောစွမ်းအားကို အသုံးချနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသောနေရာတစ်ခုတွင် တည်ရှိသည်။

‎

‎

‎ထိုသို့သောနေရာများ၏ ပထဝီဝင်အနေအထားနှင့် ပတ်ဝန်းကျင်အခြေအနေများသည် ကုမိသားစုလက်ရှိတည်ရှိရာနေရာထက် အဆပေါင်းများစွာ သာလွန်သည်မှာ သဘာဝကျပေသည်။

‎

‎

‎သို့မဟုတ်ပါက ရှင်သန်ခြင်းတားမြစ်နယ်မြေသည် ရှေးဟောင်းအရှင်သခင်များအတွက် အိပ်စက်အနားယူရာနေရာ ဖြစ်လာမည်မဟုတ်ပေ။

‎

‎

‎သို့သော် ဤအကြောင်းကြောင့်ပင် ရှင်သန်ခြင်းတားမြစ်နယ်မြေများကို လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများက ကာလကြာရှည်စွာ ပိုင်းခြားသိမ်းပိုက်ထားခဲ့ကြပြီးဖြစ်သည်။

‎

‎

‎ယခုအခါ ဘိုးဘေးက ကုမိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ခေါ်ဆောင်လိုပါက တားမြစ်နယ်မြေအတွင်းရှိ ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများက သဘောတူမည်လော။

‎

‎

‎သို့သော် ကုတောက်လင်း၏ စိုးရိမ်ပူပန်မှုများနှင့် သံသယများကို ရင်ဆိုင်ရာတွင် ကုချန်သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။

‎

‎

‎" ငါဧကရာဇ် လုပ်ချင်တဲ့အရာတွေကို သူတို့ ဝင်စွက်ဖက်စရာမလိုဘူး မင်းတို့က အချိန်ကျရင် ငါဧကရာဇ်နဲ့အတူ တားမြစ်နယ်မြေထဲကို ပြောင်းရွှေ့လာဖို့ပဲ လိုတယ် "

‎

‎

‎ထိုရှင်သန်ခြင်းတားမြစ်နယ်မြေများ၏ အခြေအနေကို ကုချန်ထက် ပိုသိသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

‎

‎

‎၎င်းတို့အတွင်း၌ အိပ်စက်အနားယူနေသော သတ္တဝါများအားလုံးသည် အတိတ်မှ ဧကရာဇ်အဆင့် သတ္တဝါများ ဖြစ်ကြသည်။

‎

‎

‎သာမန်ဧကရာဇ်အဆင့် သတ္တဝါများ၏ သက်တမ်းမှာ အများဆုံး အနှစ်သုံးသောင်းမှ ငါးသောင်းအထိသာ ရှိသည်။

‎

‎

‎သို့သော် အချို့သော ဧကရာဇ်အဆင့် သတ္တဝါများသည် သူတို့၏သက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် ရိုးရှင်းစွာ ပျက်သုဉ်းသွားရန် ဆန္ဒမရှိဘဲ ထာဝရအသက်ရှင်ရန် အခွင့်အလမ်းတစ်ခုကိုရှာဖွေရန် မျှော်လင့်ခဲ့ကြသောကြောင့် အမြင့်မြတ်ဆုံးသော နည်းလမ်းများကို အသုံးပြု၍ မိမိတို့၏တိုက်ခိုက်ရေးစွမ်းရည်ကို ချိပ်ပိတ်ကာ လောကကြီးတွင် အိပ်စက်အနားယူခဲ့ကြသည်။

‎

‎

‎ဤဧကရာဇ်အဆင့် သတ္တဝါများ အိပ်စက်အနားယူရာနေရာများမှာ ယနေ့ အဆုံးမဲ့ကမ္ဘာရှိ ရှင်သန်ခြင်းတားမြစ်နယ်မြေအသီးသီးပင် ဖြစ်သည်တည်း။

‎

‎

‎အချိန်ကာလများ ကြာမြင့်လာသောကြောင့် ဤရှင်သန်ခြင်းတားမြစ်နယ်မြေအများစုတွင် အိပ်စက်နေသော ဧကရာဇ်အဆင့်သတ္တဝါ တစ်ဦးထက်မက များနေသည်။

‎

‎

‎ထို့ကြောင့် နောက်ပိုင်းတွင် တာအိုကိုရရှိပြီး ဧကရာဇ်ဖြစ်လာသော လက်ရှိဧကရာဇ်များပင်လျှင် ဤရှင်သန်ခြင်းတားမြစ်နယ်မြေများကို ရန်စဝံ့ခြင်းမရှိကြပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ လက်ရှိမဟာဧကရာဇ်တစ်ပါးသည် မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ သူ၏စွမ်းအားမှာ အကန့်အသတ်ရှိပြီး နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားသော ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခု၏ အင်အားနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။

‎

‎

‎အနှစ်ကိုးသောင်းအကြာက နတ်ဆိုးနယ်မြေ ကျူးကျော်လာစဥ် ကုချန်သည် တားမြစ်နယ်မြေများတွင် အိပ်စက်နေသော ဤရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်သခင်များကို နတ်ဆိုးနယ်မြေမှ မကောင်းဆိုးဝါး နတ်ဆိုးများနှင့် ရင်ဆိုင်စေရန် ' ကျားများကို မောင်းထုတ်၍ ဝံပုလွေများကို ကိုက်စားစေခြင်း ' ဟူသော ဗျူဟာကို အသုံးပြုရန် စဥ်းစားခဲ့ဖူးသည်။

‎

‎

‎သို့သော် ရှင်သန်ခြင်းတားမြစ်နယ်မြေများတွင် အိပ်စက်နေသော ဤရှေးဟောင်းသတ္တဝါများသည် အတိတ်က အဆုံးမဲ့ကမ္ဘာကို ကာကွယ်ခဲ့သော ရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်သခင်များ မဟုတ်ကြတော့ဘဲ သူတို့၏ တာအိုနှလုံးသားမှာ သံကဲ့သို့မာကျောပြီး စိတ်ထဲတွင် ထာဝရအသက်ရှင်လိုသော အတွေးတစ်ခုသာ ကျန်ရှိနေသော မိစ္ဆာများ ဖြစ်နေကြသည်။

‎

‎

‎သူတို့အတွက်မူ အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ပြောင်းပြန်ဇောက်ထိုးဖြစ်သွားပြီး သက်ရှိအားလုံး သေဆုံးသွားလျှင်ပင် အရေးမကြီးပေ။ အဓိကမှာ သူတို့၏ ထာဝရတည်ရှိမှုကို မထိခိုက်ရန်သာဖြစ်၏။

‎

‎

‎ဤအကြောင်းကြောင့်ပင် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါများအတွက် ကုချန်သည် ထိုအချိန်က ဤရှင်သန်ခြင်းတားမြစ်နယ်မြေများကို ပစ်မှတ်မထားခဲ့ခြင်းဖြစ်သည်။

‎

‎

‎အကယ်၍ သူသာ ဤတားမြစ်နယ်မြေ သတ္တဝါများကို တစ်ဖန်ပြန်လည်ထွက်ပေါ်လာအောင် ရန်စလိုက်ပါက နတ်ဆိုးနယ်မြေမှ အရှင်သခင်အမျိုးမျိုးနှင့် ပေါင်းစပ်သွားလျှင် ကုချန်ပင်လျှင် အဆုံးမရှိသော ခေါင်းကိုက်မှုကို ခံစားရပေမည်။

‎

‎

‎သို့သော် ယခုအခါ ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး သက်ရှိအားလုံးကို ကာကွယ်ရမည့် ဝန်ထုပ်ဝန်ပိုးမရှိတော့သည့်အခါ အရာရာတိုင်းသည် ရိုးရှင်းသွားခဲ့သည်။

‎

‎

‎ယခင်က သူသည် ဤအဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများကြောင့် အနှောင့်အယှက်ခံခဲ့ရသဖြင့် သူ၏လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင် ချုပ်တည်းခံခဲ့ရပြီး ချီတုံချတုံဖြစ်ကာ ထိုတားမြစ်နယ်မြေ သတ္တဝါများနှင့် များစွာ ပတ်သက်ရန် မဝံ့ရဲခဲ့ပေ။

‎

‎

‎သို့သော် ယခုအခါ ဤအဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများ၏ ချည်နှောင်မှုမရှိတော့သဖြင့် သူ့တွင် အားနည်းချက်ဟူ၍ ပြောစရာမရှိတော့ချေ။

‎

‎

‎တားမြစ်နယ်မြေ၏ အရှင်သခင်များလော။ အကယ်၍ သင်တို့သည် ငါဧကရာဇ်ကို ရန်စဝံ့ပါက အဆုံးမရှိသော တိုက်ပွဲတစ်ခုသာ ဖြစ်ပွားပေမည်။

‎

‎

‎တားမြစ်နယ်မြေ၏ အရှင်သခင်များ ထွက်ပေါ်လာပြီး သက်ရှိအားလုံးကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုလိုက ရှေ့ဆက်လုပ်ကြလော့။ ဤအဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါများ လုံးဝပျက်သုဉ်းသွားလျှင်ပင် ငါဧကရာဇ်နှင့် အဘယ်မျှ မသက်ဆိုင်ပေ။

‎

‎

‎ငါဧကရာဇ်သည် ဤတားမြစ်နယ်မြေကို သိမ်းပိုက်လိုသည်။ မည်သူမဆို ငြင်းဆန်ဝံ့ပါက ပျက်သုဉ်းသွားစေ။

‎

‎

‎ဤသို့တွေးလိုက်ရာ ကုချန်၏ အတွေးအခေါ်များသည် မယုံနိုင်လောက်အောင် ကြည်လင်သွားသည်။

‎

‎

‎ အားနည်းချက်များမရှိတော့ခြင်းနှင့် ဖြောင့်မတ်မှန်ကန်မှုများဖြင့် ရစ်ပတ်ချည်နှောင်ခြင်းမခံရတော့သည့် ဤခံစားချက်သည် အလွန်အမင်းပင် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်တည်း။

‎

‎

‎တိုတိုပြောရလျှင် ကုချန်တွင် ယခုအခါ ကျင့်ဝတ်စည်းကမ်းတစ်ခုသာ ရှိသည်။

‎

‎

‎မည်သူမဆို မနာခံပါက နှိမ်နင်းလော့။

‎

‎

‎တားမြစ်နယ်မြေ၏ မည်သည့်အရှင်သခင်ဖြစ်စေ လက်ရှိကမ္ဘာ၏ မည်သည့်မဟာဧကရာဇ်ဖြစ်စေ တားမြစ်နယ်မြေ၏ မည်သည့်အရှင်ဖြစ်စေ အရေးမကြီးပေ။

‎

‎

‎သင်တို့သည် ငါဧကရာဇ်၏ဆန္ဒကို ဆန့်ကျင်ဝံ့ပြီး ငါဧကရာဇ်ကို မနှစ်မြို့စေပါက အားလုံးကို နှိမ်နင်းလော့။ တစ်ဦးတစ်ယောက်မျှ အသက်ရှင်မကျန်စေနှင့်။

‎

‎

‎" ဘိုးဘေး... သူက ရှင်သန်ခြင်းတားမြစ်နယ်မြေထဲကို ပြောင်းရွှေ့ချင်နေတာပဲ..."

‎

‎

‎ကုချင်းရွဲ့သည် တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူမ၏လှပသောမျက်လုံးများမှာ တုန်လှုပ်မှုဖြင့် ပြည့်နှက်နေ၏။

‎

‎

‎ဘိုးဘေးသည် ဧကရာဇ်မျိုးနွယ်စုထံမှ လက်စားချေခြင်းကို ခံရမည်စိုးသဖြင့် ကုမိသားစုကို လျှို့ဝှက်သောနေရာတစ်ခု သို့မဟုတ် ကမ္ဘာငယ်တစ်ခုသို့ တိတ်တဆိတ် ရွှေ့ပြောင်းလိုသည်ဟု သူမ မူလက ထင်ခဲ့သည်။

‎

‎

‎သို့သော် ယခုကြည့်ရသည်မှာ သူမ လုံးဝနားလည်မှုလွဲခဲ့ဟန်ရှိသည်။ ဘိုးဘေးတွင် ထိုသို့သော အတွေးအခေါ်များ လုံးဝမရှိခဲ့ပေ။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေ ထိုအရာသည် အဘယ်သို့သော နေရာမျိုးဖြစ်သနည်း။

‎

‎

‎၎င်းသည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံးကို ၎င်း၏အမည်နာမအား ကြားရုံမျှဖြင့် တုန်လှုပ်စေသော သေမင်း၏မြေ သေမင်းတမန်နေရာတစ်ခု ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာတွင် ရှင်သန်ခြင်းတားမြစ်နယ်မြေသည် အဘယ်ကြောင့် ဤမျှ နာမည်ဆိုးဖြင့် ကျော်ကြားရသနည်း။

‎

‎

‎ထိုရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်း၌ အရှင်သခင်များ အိပ်စက်အနားယူနေသည့်အချက်အပြင် အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ သင်သည် မည်သည့်အဆင့်ရှိ ကျွမ်းကျင်သူဖြစ်စေ ရှင်သန်ခြင်းတားမြစ်နယ်မြေထဲသို့ ခြေတစ်လှမ်းလှမ်းဝံ့သည်နှင့် သင်သေဆုံးရမည် ဖြစ်သည်။

‎

‎

‎ကုမိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ရွှေ့ပြောင်းခြင်းသည် ကြေညာချက်တစ်ခုပင်ဖြစ်သည်။

‎

‎

‎ယခုမှစ၍ အဆုံးမဲ့ကမ္ဘာတွင် မည်သို့သော ကျွမ်းကျင်သူ၊ မည်သို့သော အင်အားစုဖြစ်စေ၊ ကုမိသားစုတည်ရှိရာ တားမြစ်နယ်မြေသို့ ချဉ်းကပ်ဝံ့သူတိုင်း သေမည်။

‎

‎

‎ဘိုးဘေးသည် ကုမိသားစုခိုလှုံရန် ပြင်ဆင်နေခြင်းက မည်သို့ဖြစ်နိုင်မည်နည်း။ သူသည် ကမ္ဘာလောကရှိ လူတိုင်းကိုရင်ဆိုင်ရန် ရှင်းလင်းစွာ ရည်ရွယ်နေခြင်းသာ ဖြစ်သည်။

‎

‎

‎တစ်ခဏအတွင်း ကုချင်းရွဲ့၏နှလုံးသားသည် လှိုင်းထန်လာပြီး သူမ၏လှပသောမျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု လင်းလက်လာ၏။

‎

‎

‎ကုမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူမသည် ငယ်စဥ်ကတည်းက ကုချန်၏ လုပ်ဆောင်ချက်များနှင့် ဒဏ္ဍာရီများကို နားထောင် ကြီးပြင်းလာခဲ့ပြီး ကုမိသားစု၏ဘိုးဘေးဖြစ်သူ ကုချန်အပေါ်တွင် သဘာဝအတိုင်း မှီခိုအားထားမှုနှင့် ချစ်ခင်မြတ်နိုးမှု ရှိခဲ့သည်။

‎

‎

‎ယခုအခါ ကုချန်ပြန်လည်ရောက်ရှိလာသောအခါ ကုချင်းရွဲ့သည် ဘိုးဘေးကုချန်မှာ ထိုဒဏ္ဍာရီများနှင့် လုပ်ဆောင်ချက်များတွင် ပေါ်လွင်သည်ထက် ပိုမိုပြတ်သားပြီး ဩဇာလွှမ်းမိုးကြောင်း တွေ့ရှိလိုက်ရရာ ယင်းသည် ကုချင်းရွဲ့၏နှလုံးသားကို စိတ်လှုပ်ရှားမှုဖြင့် လှိုင်းထန်စေပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိအောင် ဖြစ်သွားစေသည်။

‎

‎

‎ဤသည်ကား ကုမိသားစု၏ ဘိုးဘေးပင်တည်း။

‎

‎

‎ဤသည်ကား သူမ၏ စိတ်အာရုံထဲရှိ နှိုင်းယှဉ်၍မရလောက်အောင် ဩဇာလွှမ်းမိုးသော ကုချန်မဟာဧကရာဇ်ပင်တည်း။

‎

‎

‎" ကောင်းပြီ တခြားကိစ္စတွေ မရှိတော့ဘူးဆိုရင် မင်းတို့အားလုံး အရင်ထွက်သွားနိုင်ပြီ "

‎

‎

‎ခန်းမထဲရှိ ကုမိသားစုဝင်အများစုသည် ကုမိသားစု ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ပြောင်းရွှေ့တော့မည့်သတင်းကို အတော်အတန် လက်ခံလိုက်နိုင်ပြီးနောက် ကုချန်သည် လက်ကိုဝှေ့ယမ်းကာ ခန်းမထဲရှိ ကုမိသားစုဝင်အားလုံးကို ထွက်သွားစေလိုက်သည်။

‎

‎

‎" ကျွန်တော်မျိုးတို့ အမိန့်ကိုနာခံပါတယ် "

‎

‎

‎ကုတောက်လင်းနှင့် အခြားသူများသည် အလျင်အမြန် လေးစားစွာဦးညွှတ်ပြီး ခန်းမအပြင်ဘက်သို့ လျှောက်သွားကြသည်။

‎

‎

‎မိသားစုခေါင်းဆောင်နှင့် အခြားသူများ ထွက်ခွာသွားသည်ကိုမြင်သောအခါ ကုချင်းရွဲ့သည် များများစားစားမတွေးဘဲ မိသားစုခေါင်းဆောင်နှင့် အခြားသူများနှင့်အတူ ထွက်ခွာရန် ရည်ရွယ်လိုက်သည်။

‎

‎

‎သို့သော် သူမထွက်ခွာရန် ခြေတစ်လှမ်းလှမ်းခြင်းမပြုနိုင်မီမှာပင် ကုချန်၏ တိုးညှင်းသော အသံသည် သူမ၏နားထဲတွင် ထွက်ပေါ်လာခဲ့၏။

‎

‎

‎" ကုချင်းရွဲ့ မင်း ခဏနေခဲ့ဦး "

‎

‎အခန်း (၃၂)- လက်စွပ်ဝိညာဉ်၊ ရှောင်းယွဲ့နတ်သမီးနှင့် တိတ်ဆိတ်သော တုန်လှုပ်မှု

‎

‎

‎

‎ကုချန်၏ခေါ်သံကို ကြားလိုက်ရသောအခါ ကုချင်းရွဲ့သည် အနည်းငယ် မှင်သက်သွားခြင်းမှ မကင်းနိုင်ခဲ့ပေ။

‎

‎

‎အဘယ်ကြောင့် ဘိုးဘေးကြီးက သူမအား တစ်ဦးတည်း သီးသန့်နေခဲ့စေလိုသနည်း။

‎

‎

‎သူမ စိတ်ရှုပ်ထွေးနေသော်လည်း ကုချင်းရွဲ့သည် ကုချန်၏အမိန့်ကို သဘာဝကျကျပင် နာခံလိုက်၏။

‎

‎

‎ထို့ကြောင့် အခြားကုမျိုးနွယ်ဝင်များအားလုံး ထွက်ခွာသွားပြီးနောက် ပင်မခန်းမဆောင်အတွင်း၌ ကုချန်နှင့် ကုချင်းရွဲ့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

‎

‎

‎" ဘိုးဘေးကြီး ကုချင်းရွဲ့ကို ဘာများ ညွှန်ကြားစရာ ရှိလို့နေခိုင်းရတာပါလဲ "

‎

‎

‎ကုချင်းရွဲ့သည် သူ၏ဦးခေါင်းကို အနည်းငယ်ငုံ့ကာ ရိုသေစွာ မေးမြန်းလိုက်သည်။

‎

‎

‎ကုချန်၏အကြည့်သည် ကုချင်းရွဲ့အပေါ်သို့ ကျရောက်သွား၏။ သူမသည် လက်ရှိကုမိသားစုတွင် အတော်ဆုံး မျိုးဆက်သစ်တပည့်တစ်ဦးဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ အသက်နှစ်ဆယ်ပင် မပြည့်သေးဘဲ သူမသည် တာအိုနန်းတော်အဆင့် အထွတ်အထိပ်ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားပြီး သူဖန်တီးခဲ့သော ကုကောင်းကင်ဘုံဧကရာဇ်ကျမ်းကို စတင်ကျင့်ကြံနေပြီဖြစ်သည်။ သူမသည် ကုမိသားစုတစ်ခုလုံးတွင် ကုချန် အကျေနပ်ဆုံးသူဖြစ်သည်မှာ ယုံမှားစရာမရှိချေ။

‎

‎

‎သို့သော်...

‎

‎

‎ကုချန်၏အကြည့်သည် ကုချင်းရွဲ့ထံမှ ရွှေ့လျားသွားပြီး သူမ၏လက်ချောင်းပေါ်ရှိ ရှေးကျသော သိုလှောင်လက်စွပ်ပေါ်သို့ ကျရောက်သွားသည်။

‎

‎

‎အကယ်၍ အရင်ကသာဆိုလျှင် သူ၏ဧကရာဇ်အဆင့် ကျင့်ကြံမှုဖြင့်ပင် သေချာစုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဤသိုလှောင်လက်စွပ်ကို သူလျစ်လျူရှုမိကောင်း ရှုမိပေမည်။

‎

‎

‎သို့သော် ယခုအခါတွင် သူသည် စစ်မှန်သော ဧကရာဇ်အဆင့်အထွက်အထိပ်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပြီး သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

‎

‎

‎ထို့ကြောင့် ကုမိသားစုဝင်အားလုံးကို ဤပင်မခန်းမဆောင်တွင် စုစည်းပြီးနောက် ကုချန်သည် သူ၏အကြည့်ကို တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ကုချင်းရွဲ့၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်၏ ' သာမန်မဟုတ်သည့်အချက် ' ကို ချက်ချင်း သတိပြုမိလိုက်လေသည်။

‎

‎

‎ရှေးကျပုံရသော ဤသိုလှောင်လက်စွပ်အတွင်း၌ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ဝိညာဉ်တစ်ခု ပုန်းခိုနေခဲ့၏။

‎

‎

‎ပြီးလျှင် ထိုဝိညာဉ်၏ အနှစ်သာရမှာ သာမန်ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦးထက်ပင် မြင့်မားနေဟန်တူသည်။

‎

‎

‎စိတ်ဝင်စားစရာပဲ လက်စွပ်ထဲက လူကြီးတစ်ယောက်လား။

‎

‎

‎ဤသည်မှာ သူ၏ကုမိသားစုမှ ဤမျိုးဆက်သစ်လေး၏ 'ကံကောင်းခြင်းအဆောင်' ပင်လော။

‎

‎

‎သို့သော်လည်း ဤအရာကိုသိရှိသည့်တိုင် ကုချန်သည် ကုချင်းရွဲ့ပိုင်ဆိုင်သော ' ကံကောင်းခြင်းအဆောင် ' ကို ပို၍နက်နက်နဲနဲ စူးစမ်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

‎

‎

‎သမိုင်းတစ်လျှောက်တွင် ပါရမီရှင်တေ၏ ထွန်းတောက်လာမှုသည် မရေမတွက်နိုင်သော အခွင့်အရေးများနှင့် ကံကောင်းမှုများ ပေါင်းစပ်ခြင်း၏ ရလဒ်မဟုတ်ခဲ့ပါသနည်း။

‎

‎

‎ပါရမီရှင်တိုင်းတွင် သူတို့၏လျှို့ဝှက်ချက်များ ရှိကြသည်။

‎

‎

‎ကုချင်းရွဲ့သည် သူ၏မျိုးဆက်ဖြစ်သည့်အလျောက် သူမတွင် အခွင့်အရေးများလေလေ သူမ၏စွမ်းအား ကြီးမားလေလေ ကုချန် ပို၍ပျော်ရွှင်လေလေ ဖြစ်ပေမည်။ ထိုအရာမှလွဲ၍ သူ့တွင် အခြားအတွေးများ မရှိချေ။

‎

‎

‎သို့သော်လည်း ကုချင်းရွဲ့၏ ဘိုးဘေကြီးတစ်ဦးအနေဖြင့် ယခု ကုချင်းရွဲ့ပိုင်ဆိုင်သော ဤ ' ကံကောင်းခြင်းအဆောင် ' ကို ရှာဖွေတွေ့ရှိပြီးနောက် ကုချန်သည် သူမအတွက် ဖြစ်လာနိုင်ခြေရှိသော လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားပေးလိုသည်မှာ သဘာဝကျပေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ လက်စွပ်တစ်ခုအတွင်း ပုန်းခိုနေသော အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည့် ဝိညာဉ်တစ်ခု၏အနှစ်သာရမှာ သာမန်ဧကရာဇ်အဆင့်ကိုပင် ကျော်လွန်နေဟန်တူသော ဝိညာဉ်တစ်ခုသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အနာဂတ်တွင် ကုချင်းရွဲ့အား အန္တရာယ်ဖြစ်စေမည့် တစ်စုံတစ်ရာကို ပြုလုပ်မည်လားဆိုသည်ကို မည်သူကမျှ အာမမခံနိုင်ပေ။

‎

‎

‎" ကိုယ်ထင်ပြစမ်း "

‎

‎

‎ကုချန်၏မျက်လုံးများသည် အနည်းငယ် မှေးကျသွားပြီး ကုချင်းရွဲ့၏လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကို ကြည့်လိုက်စဉ် ကျယ်ပြန့်သောစွမ်းအားလှိုင်းတစ်ခု ဆင်းသက်လာကာ ကုချင်းရွဲ့၏လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကို လုံးဝဖုံးလွှမ်းသွားလေသည်။

‎

‎

‎" ဘုန်း --- "

‎

‎

‎ကုချန် လှုပ်ရှားလိုက်သည်နှင့် ကုချင်းရွဲ့၏လက်စွပ်အတွင်း ပုန်းခိုနေသော အကြွင်းအကျန်ဝိညာဉ်သည် သူဖော်ထုတ်ခံလိုက်ရကြောင်း သိရှိသွားဟန်တူသည်။ သိုလှောင်လက်စွပ်သည် ခပ်မှိန်မှိန်လင်းလက်လာပြီး လေဟာနယ်ထဲတွင် အရိပ်ပုံရိပ်တစ်ခုကို အမှန်တကယ်ပင် ပုံဖော်လိုက်လေသည်။

‎

‎

‎ထိုအရာသည် မသဲမကွဲဖြစ်နေသော အမျိုးသမီးပုံရိပ်တစ်ခုဖြစ်ပြီး လရောင်ကဲ့သို့ ဖြူစွတ်သော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားကာ ကျစ်လျစ်၍ တင့်တယ်သော ကိုယ်ဟန်ရှိကာ လောကီအစာကို မမှီဝဲသော ကောင်းကင်နတ်သမီးတစ်ပါးကဲ့သို့ အတွင်းအလှနှင့် နူးညံ့သိမ်မွေ့သော ကိုယ်ငွေ့ကိုယ်ရှိန်တို့ရှိနေသည်။

‎

‎

‎" ရှောင်းယွဲ့နတ်သမီးမှ မဟာဧကရာဇ်အား ဂါရဝပြုပါတယ် "

‎

‎

‎မသဲမကွဲဖြစ်နေသော အမျိုးသမီးပုံရိပ် ပေါ်လာပြီးနောက် သူမသည် သူ၏မျက်လုံးများထဲမှ တုန်လှုပ်မှုကို လျင်မြန်စွာ ချိုးနှိမ်လိုက်ပြီးနောက် ကုချန်အား လှပကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။

‎

‎

‎" ဆရာသခင် ရှင်... "

‎

‎

‎သူ့ဘေးရှိ ကုချင်းရွဲ့သည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီးဖြစ်သည်။

‎

‎

‎သူမသည် ဘိုးဘေးကြီးက သူမ၏အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎ဤရှေးဟောင်းသိုလှောင်လက်စွပ်သည် သူမအတိတ်က ခရီးသွားစဉ် မမျှော်လင့်ဘဲ ရရှိခဲ့သောအရာဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် ဤလက်စွပ်အတွင်းမှ အမျိုးသမီးနတ်ဘုရားဝိညာဉ်၏ တပည့်တစ်ဦးဖြစ်လာခဲ့ပြီး ကျင့်ကြံခြင်းဆိုင်ရာ ညွှန်ပြမှုများစွာကို လက်ခံရရှိခဲ့ရာ သူမ၏ကျင့်ကြံမှုမှာ လျင်မြန်စွာတိုးတက်လာပြီး အရှေ့ဘက်တောင်တန်း တာအိုနယ်မြေရှိ မျိုးဆက်သစ်များကြားတွင် ကျော်ကြားလာခဲ့သည်။

‎

‎

‎ယခုမူ ဘိုးဘေးကြီးသည် သူမ၏ဆရာသခင်တည်ရှိမှုကို တစ်ချက်ကြည့်ရုံဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎ကုချင်းရွဲ့ကို ပို၍ပင် အံ့အားသင့်စေသောအရာမှာ သူမ၏ဆရာသခင်သည် လက်ရှိတွင် အကြွင်းအကျန်ဝိညာဉ်တစ်ခုသာဖြစ်ပြီး အတိတ်က မှတ်ဉာဏ်များစွာကို ဆုံးရှုံးထားသော်လည်း နှစ်ပေါင်းများစွာ စကားပြောဆိုမှုများမှတစ်ဆင့် ကုချင်းရွဲ့သည် သူမဆရာသခင်၏ဇာစ်မြစ်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အံ့အားသင့်ဖွယ်ကောင်းကြောင်း မသဲမကွဲ ခွဲခြားသိမြင်နိုင်သည်။

‎

‎

‎အမှန်စင်စစ်တွင် သူမ၏ဆရာသခင်သည် အဆုံးမဲ့ကမ္ဘာမှ မဟုတ်နိုင်ခြေများရုံသာမက သူ၏အထွတ်အထိပ်အချိန်က စွမ်းအားသည် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့်ကိုပင် ကျော်လွန်ခဲ့သည်။

‎

‎

‎အကြောင်းမှာ သူမ၏ဆရာသခင်သည် သူမနှင့်အတူရှိနေစဉ်ကတည်းက အဆုံးမဲ့ကမ္ဘာတွင် မည်သည့်ဧကရာဇ်အဆင့်ပုဂ္ဂိုလ်ကိုမျှ မမြင်ဖူးသော်လည်း အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များအကြောင်း ပြောသည့်အခါ သူမ၏လေသံမှာ အတော်လေး မထီမဲ့မြင်ပြုဟန်ရှိပြီး သူတို့ကို အထင်သေးကြည့်နေသကဲ့သို့ပင်။

‎

‎

‎ယခုမူ သူမ၏ဆရာသခင်သည် ကိုယ်ထင်ပြပြီး ဘိုးဘေးကြီးအား ရိုသေစွာ ဂါရဝပြုနေသည်။ ဤသည်မှာ အဘယ်သို့သော အခြေအနေနည်း။

‎

‎

‎ကုချင်းရွဲ့သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူမ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

‎

‎

‎" ဘိုးဘေးကြီး အထင်မလွဲပါနဲ့ ဆရာသခင်က ကျွန်မအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး--- "

‎

‎

‎သို့သော် ကုချင်းရွဲ့ ရှင်းမပြမီမှာပင် ကုချန်က သူ၏လက်ကို ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။

‎

‎

‎" မင်း ရှင်းပြစရာမလိုဘူး "

‎

‎

‎ကုချန်က ပြုံးလိုက်ပြီး ကုချင်းရွဲ့ကို တစ်ချက်ကြည့်လိုက်ကာ သူ၏အကြည့်ကို ရှောင်းယွဲ့နတ်သမီးထံသို့ လှည့်လိုက်သည်။

‎

‎

‎" ဒီဧကရာဇ်က ကုချင်းရွဲ့ ဒီသိုလှောင်လက်စွပ်ကို ဘယ်လိုရခဲ့လဲဆိုတာ သိဖို့ စိတ်မဝင်စားဘူး မင်းတို့နှစ်ယောက် ဘာသဘောတူညီမှု ရခဲ့လဲဆိုတာကိုလည်း စိတ်မဝင်စားဘူး "

‎

‎

‎" ဒီဧကရာဇ် ပြောချင်တာတစ်ခုပဲရှိတယ် မင်းက ကုချင်းရွဲ့နဲ့ တွယ်ကပ်နေမှတော့ သူမကို ကောင်းကောင်းသင်ကြားပေး အကယ်၍ မင်းက သစ္စာဖောက်ဖျက်လိုတဲ့စိတ် အနည်းငယ်လေးတောင် ထားရဲရင် ဒီဧကရာဇ်က မင်းတို့ကို ပေါ့ပေါ့တန်တန် ခွင့်လွှတ်မှာမဟုတ်ဘူး နားလည်ရဲ့လား "

‎

‎

‎ကုချန်၏အသံသည် အလွန်တည်ငြိမ်ပြီး ခြိမ်းခြောက်နေဟန်ပင် မရှိချေ။

‎

‎

‎သို့သော်လည်း ရှောင်းယွဲ့နတ်သမီး၏ အမူအရာမှာ မယုံနိုင်လောက်အောင် လေးနက်နေပြီး ကုချန်၏ဖိအားအောက်တွင် သူမသည် အကြိမ်ကြိမ် သဘောတူရုံသာ တတ်နိုင်တော့သည်။

‎

‎

‎ဤသည်ကိုမြင်လျှင် ကုချင်းရွဲ့သည်လည်း တိတ်ဆိတ်နေလိုက်သည်။

‎

‎

‎ဘိုးဘေးကြီးရှေ့တွင် ဤမျှနာခံနေရသော သူမ၏ဆရာသခင်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူမ၏နှလုံးသားထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားလေသည်။

‎

‎

‎အကြောင်းမှာ ဘိုးဘေးကြီးသည် သူမအတွက် လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားပေးနေခြင်းဖြစ်ကြောင်း သူမသိသောကြောင့်ပင်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ အစွမ်းထက်သော ပညာရှင်တစ်ဦး၏ နတ်ဘုရားဝိညာဉ်ပါရှိသော ပစ္စည်းများကို ကံကောင်းစွာ ကောက်ရသူများသည် နောက်ဆုံးတွင် ပူးကပ်ခြင်းဖြင့် သိမ်းပိုက်ခံရပြီး ဝါးမျိုခံရသည့်ဥပမာများကို ကုချင်းရွဲ့ ကြားဖူးခဲ့သည်။

‎

‎

‎နှစ်ပေါင်းများစွာ အတူနေထိုင်ပြီးနောက် သူမသည် ရှောင်းယွဲ့နတ်သမီးမှာ ထိုသို့သောလူစားမျိုးမဟုတ်ဟု ခံစားရသော်လည်း ယနေ့ ဘိုးဘေးကြီး၏ဟန့်တားမှုဖြင့် သူတို့၏ဆရာတပည့်ဆက်ဆံရေးအတွက် နောက်ထပ် အာမခံချက်အလွှာတစ်ခု ထပ်တိုးလိုက်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

‎

‎

‎" မင်းတို့ သွားလို့ရပြီ "

‎

‎

‎ပြောသင့်သည်များအားလုံး ပြောပြီးဖြစ်သည်ကို မြင်သောအခါ ကုချန်သည် နောက်ထပ်စကားများဆိုရန် ရည်ရွယ်ချက်မရှိတော့ချေ။

‎

‎

‎ရှောင်းယွဲ့နတ်သမီးသည် ကုချင်းရွဲ့အား အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမျှ မပြုလုပ်သရွေ့ အဆင်ပြေသည်။ အခြားကိစ္စများအတွက်မူ ကုချန်သည် ဂရုစိုက်ရန်ပင် ပျင်းရိနေ၏။

‎

‎

‎……

‎

‎

‎" ဆရာသခင် ကျွန်မ… "

‎

‎

‎ပင်မခန်းမဆောင်မှ ထွက်ခွာပြီးနောက် ကုချင်းရွဲ့သည် သူမ၏လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကို ပွတ်သပ်ရင်း ရှင်းပြလိုစိတ် ဖြစ်လာသည်။

‎

‎

‎သူမသည် သူမဆရာသခင်၏ မာနကြီးမှုကြောင့် ယခု ဘိုးဘေးကြီး၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက် အပေါ်ယံတွင် သဘောတူသည့်တိုင် နှလုံးသားထဲတွင် မကျေနပ်မှုများ ခံစားရမည်ကို စိုးရိမ်နေမိသည်။

‎

‎

‎" မင်း ဘာမှ ရှင်းပြစရာမလိုဘူး "

‎

‎

‎ရှေးဟောင်းသိုလှောင်လက်စွပ်သည် ခပ်မှိန်မှိန်လင်းလက်လာပြီး ရှောင်းယွဲ့နတ်သမီး၏ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံသည် အတွင်းမှ ထွက်ပေါ်လာသည်။

‎

‎

‎" အကယ်၍ မင်းရဲ့အဆုံးမဲ့ကမ္ဘာက သာမန် ဧကရာဇ်အဆင့်လို့ခေါ်တဲ့သူတစ်ယောက်က ဒီနတ်သမီးကို အဲ့ဒီလို စကားပြောရဲရင် ဒီနတ်သမီးက သဘာဝကျကျ မကျေမနပ်ဖြစ်မိမှာပဲ ဒါပေမယ့် မင်းရဲ့ဘိုးဘေးကတော့... သူပြောတဲ့စကားတွေကို ဒီနတ်သမီးက နာခံစွာနားထောင်ရုံပဲတတ်နိုင်ပြီး မကျေနပ်မှု နည်းနည်းနည်းငယ်လေးတောင် မထားရဲဘူး "

‎

‎

‎" အာ ဒီ--- "

‎

‎

‎ရှောင်းယွဲ့နတ်သမီး၏ လျှို့ဝှက်မထားသော စကားများကို နားထောင်ရင်း ကုချင်းရွဲ့သည် ခဏတာ မှင်တက်သွားလေသည်။

‎

‎

‎သူမ၏ဆရာသခင်သည် အလွန်မာနကြီးပြီး အတိတ်က ဤအဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များအကြောင်း ပြောသည့်အခါတွင်ပင် သူ၏လေသံမှာ မထီမဲ့မြင်ပြုဟန်ရှိခဲ့သည်။

‎

‎

‎သို့သော် ယခုမူ သူမဆရာသခင်၏ ဘိုးဘေးကြီးအပေါ် အကဲဖြတ်မှုသည် အမှန်တကယ်ပင် ဤမျှ မြင့်မားနေပါသလော။

All Chapters