← Chapters

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အခန်း (၃၇)- မျက်နှာကို အလင်းအလျင်ကဲ့သို့ ရိုက်ချခြင်း၊ ဧကရာဇ်တပိုင်းမှ ရထားဆွဲခြင်း၊ ဓားဦးသည် ယန်မိသားစုထံ ညွှန်ပြခြင်း

‎

‎

‎

‎" ယန်ဧကရာဇ်၏ အမိန့်တော်အရ ကုမိသားစုမှ ကုချန် လျင်မြန်စွာ လာရောက်ဂါရဝပြုလော့! "

‎

‎

‎ထိုခမ်းနားသောအသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး ကြားရသူတိုင်းအား အံ့အားသင့်စေခဲ့သည်။

‎

‎

‎ယန်ဧကရာဇ်၏အမိန့်တော် ကုချန်အား ဂါရဝပြုရန် ဆင့်ခေါ်ခြင်းလော။

‎

‎

‎ကုချန်… ရှီး ထိုအမည်မှာ လွန်ခဲ့သောနှစ်ကိုးသောင်းက ကုမိသားစု၏ ဘိုးဘေးအိုကြီး ကုချန်မဟာဧကရာဇ်၏ အမည်မဟုတ်လော!

‎

‎

‎ကုချန်ဟူသော စာလုံးနှစ်လုံး၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ စွမ်းအားရှင်အားလုံးသည် လုံးဝအံ့အားသင့်သွားကြ၏။

‎

‎

‎သူတို့သည် ယန်ဧကရာဇ်မှထုတ်ပြန်သော အမိန့်လွှာသည် ဤမျှလောက် ထောင်လွှားပြီး မောက်မာလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ကြပေ။ ကုမိသားစု မဟာဧကရာဇ်တစ်ပါးအား လာရောက်ဂါရဝပြုရန် ဆင့်ခေါ်ဝံ့ရဲဲသည်တဲ့လော။

‎

‎

‎ဤသည်မှာ ကုမိသားစု မဟာဧကရာဇ်အား ပေါ်ပေါ်တင်တင် မျက်ကွယ်ပြုခြင်းပင် ဖြစ်သည်။

‎

‎

‎" ဘာလဲ အဲ့ဒီ ယန်ဧကရာဇ်က ဘိုးဘေးကြီးကို ဂါရဝပြုဖို့ ဆင့်ခေါ်ချင်တယ်လား။ ဘာအကြောင်းပြချက်နဲ့လဲ "

‎

‎

‎" ဧကရာဇ်အဆင့် ကျင့်ကြံသူအချင်းချင်းဖြစ်လျက်နဲ့ ဘိုးဘေးကြီးက အဲ့ဒီ ယန်ဧကရာဇ်ထက် နှစ်ခုနစ်သောင်း ရှစ်သောင်းလောက်စောပြီး တာအိုကိုရရှိခဲ့တာ။ သူက ဘိုးဘေးကြီးရဲ့ ဂါရဝပြုတာကိုခံယူဖို့ ထိုက်တန်လို့လား "

‎

‎

‎" ဘာ ယန်ဧကရာဇ်လဲ သူက မထိုက်တန်ဘူး! "

‎

‎

‎ကုမျိုးနွယ်အတွင်း၌ ကုမိသားစု၏ ဒေါသတကြီး ကြွေးကြော်သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

‎

‎

‎ထိုယန်ဧကရာဇ်သည် ဤခေတ်၏ မဟာဧကရာဇ်တစ်ပါးဖြစ်လျှင်ပင် သူသည် ဤမျှလောက် ထောင်လွှားပြီး မာနကြီးမားနေသင့်သလော။

‎

‎

‎ဘိုးဘေးကြီးသည်လည်း ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ အဘယ်ကြောင့် ထိုယန်ဧကရာဇ်အား 'ဂါရဝပြု'ရမည်နည်း။ ဤသည်မှာ ဘိုးဘေးကြီးအား လုံးဝအလေးမထားခြင်းပင် ဖြစ်၏။

‎

‎

‎အမှန်စင်စစ် အမိန့်လွှာကိုပို့ဆောင်ရန် တာဝန်ရှိသော ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးပင်လျှင် ယန်ဧကရာဇ်၏အမိန့်လွှာပါ တိကျသောအကြောင်းအရာများကို သိရှိပြီးနောက် တစ်ခဏတာ မှင်သက်သွားခဲ့၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူပင်လျှင် ဤအမိန့်လွှာ၏ အကြောင်းအရာမှာ ဤမျှလောက် 'ပေါက်ကွဲအားပြင်း' လိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့်ပင်ဖြစ်သည်။

‎

‎

‎မလာရောက်မီက သူသည် ယန်မိသားစုခေါင်းဆောင်ထံမှ ယန်ဧကရာဇ်သည် ဤအမိန့်လွှာကို ကုမိသားစု မဟာဧကရာဇ်အား ခြိမ်းခြောက်ရန်နှင့် တစ်ချိန်တည်းမှာပင် ယန်ခွန်၏ သေဆုံးမှုအတွက် လက်စားချေရန် ထုတ်ပြန်ခဲ့ကြောင်း ကြားသိခဲ့ပြီးဖြစ်၏။

‎

‎

‎သို့သော် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ယန်ဧကရာဇ်၏လေသံမှာ ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့မိပေ။

‎

‎

‎ဤသည်မှာ ခြိမ်းခြောက်ခြင်းမျှသာ မဟုတ်တော့ပေ။ ဤသည်မှာ ကုမိသားစု၏ မဟာဧကရာဇ်အား တန်းတူအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လုံးဝမဆက်ဆံဘဲ ပေါ်ပေါ်တင်တင် မျက်ကွယ်ပြုခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော်လည်း အစပိုင်းတွင် တုန်လှုပ်ကာ မှင်သက်သွားပြီးနောက် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး သူ၏ယုံကြည်မှုမှာလည်း ပိုမိုခိုင်မာလာခဲ့၏။

‎

‎

‎ယခင်က ကုမိသားစု မဟာဧကရာဇ်အပေါ် စိုးရိမ်မှုကြောင့် သူသည် အလွန်အကျွံပြုမူရန် မဝံ့ရဲဘဲ စကားလုံးများဖြင့်သာ လှောင်ပြောင်ကာ စိတ်ဆွပေးခဲ့သည်။

‎

‎

‎သို့သော် ယခုအခါတွင်မူ ယန်ဧကရာဇ်သည် လွန်ခဲ့သော နှစ်ကိုးသောင်းက ဤကုမိသားစု မဟာဧကရာဇ်အား လုံးဝအရေးမထားသည်ကို မြင်လျှင် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည်လည်း သဘာဝကျကျပင် လိုက်လံ၍ 'ဟန်ဆောင်'တော့သည်။

‎

‎

‎" ကုမိသားစု အမိန့်တော်ကို လက်မခံသေးဘူးလား "

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ဧကရာဇ်အမိန့်လွှာကို ကိုင်ဆောင်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

‎

‎

‎အမိန့်တော်ကို လက်ခံရမည်လော။ မည်သူက အမိန့်တော်ကို လက်ခံရမည်နည်း။

‎

‎

‎ဟုတ်ပေသည်။ ယန်ဧကရာဇ်၏ အမိန့်လွှာတွင် ဖော်ပြထားသော ကုမိသားစုမှ ကုချန်ပင် ဖြစ်၏။

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် တစ်နေ့တွင် စစ်မှန်သော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဖိအားပေးနိုင်သည့် စွမ်းအားရှိလာမည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့ပေ။

‎

‎

‎ဤသည်မှာ ယန်ဧကရာဇ်၏ တန်ခိုးအရှိန်အဝါကို ချေးငှားခြင်းဖြစ်လျှင်ပင် ဤယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား အချိန်အတော်ကြာ နှစ်ခြိုက်စွာခံစားစေရန် လုံလောက်နေပေပြီ။

‎

‎

‎" စိတ်ဝင်စားစရာပဲ "

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် သူ၏ကျောကို မတ်မတ်ထားကာ ခန့်ညားထည်ဝါပြီး အာရုံစိုက်မှုခံနေရသည့် ခံစားချက်ကို နှစ်ခြိုက်စွာ ခံစားနေချိန်မှာပင်

‎

‎

‎ကုမျိုးနွယ်၏ နက်ရှိုင်းသောနေရာများမှ ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

‎

‎

‎ထိုရယ်သံသည် အလွန်တည်ငြိမ်ပြီး ဒေါသမပါသော်ငြား ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏နားထဲတွင် သူ၏နှလုံးသားကို အေးစက်သွားစေနိုင်ခဲ့သည်။

‎

‎

‎ထို့နောက် နောက်တစ်ခဏတွင် အဖြူရောင်ဝတ်စုံနှင့် ခန့်ညားပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခုသည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

‎

‎

‎ထိုပုံရိပ်နှင့်အတူ ပြင်းထန်သောဒီရေကဲ့သို့ အဆုံးမရှိဘဲ တိုးတက်လာသော ဧကရာဇ်၏ တန်ခိုးအရှိန်အဝါသည်လည်း ပေါ်ထွက်လာ၏။

‎

‎

‎ဧကရာဇ်၏ တန်ခိုးအရှိန်အဝါသည် အလွန်ကြီးမားသောကြောင့် ယန်ဧကရာဇ်၏ အမိန့်လွှာမှ ထွက်ပေါ်လာသော ဧကရာဇ်၏ တန်ခိုးအရှိန်အဝါကို ချက်ချင်းလွှမ်းမိုးသွားပြီး ပြင်းထန်သောလေထဲတွင် တဖျပ်ဖျပ်တောက်နေသော ဖယောင်းတိုင်ကဲ့သို့ ငြိမ်းလုနီးပါး ဖြစ်သွားစေသည်။

‎

‎

‎" ကုမိသားစု မဟာဧကရာဇ်! "

‎

‎

‎သူ၏ရှေ့မှ ပြိုင်ဘက်ကင်းသော ကျက်သရေရှိသည့် ပုံရိပ်ကိုမြင်လျှင် ဤအတွေးသည် ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏စိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာ၏။

‎

‎

‎ကုမိသားစုတစ်ခုလုံးကို ကြည့်လိုက်လျှင် ကုချန်မဟာဧကရာဇ်တစ်ဦးတည်းသာ ထိုကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်နိုင်ပေသည်။

‎

‎လူတစ်ယောက်၏ နာမည်၊ သစ်ပင်တစ်ပင်၏ အရိပ်။

‎

‎

‎ကုချန် ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတစ်ခု အလိုအလျောက် ပေါ်ပေါက်လာ၏။

‎

‎

‎သို့သော် သူလာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ယန်ဧကရာဇ်၏ဆန္ဒကို ကိုယ်စားပြုရန်ဖြစ်ကြောင်း သတိရသောအခါ ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် သွားကြိတ်ကာ သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ရက်စက်စွာဖယ်ရှားရန် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးလိုက်သည်။

‎

‎

‎သို့သော် ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏လုပ်ရပ်များသည် ကုချန်၏မျက်လုံးများထဲတွင်မူ ပုရွက်ဆိတ်တစ်ကောင် တောင်ပံခတ်သကဲ့သို့ အရေးမပါဘဲ ရယ်စရာကောင်းလှပေသည်။

‎

‎

‎" ဒီဧကရာဇ် ကြွရောက်လာတာကို ဧကရာဇ်တပိုင်းတစ်ဦးသာဖြစ်လျက်နဲ့ ဒူးမထောက်ဘဲနေရဲတယ်ပေါ့ "

‎

‎

‎ကုချန်သည် သူ၏မျက်လုံးများကို အနည်းငယ်နှိမ့်ချလိုက်ပြီး ယန်မျိုးနွယ်၏ပဉ္စမဘိုးဘေးအား လျစ်လျူရှုစွာကြည့်လိုက်ရာ အဆုံးမရှိသော ဧကရာဇ်၏တန်ခိုးအရှိန်အဝါသည် ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ အရာအားလုံးကို လွှမ်းခြုံသွားပြီး ယန်ဧကရာဇ်၏ အမိန့်လွှာစာလိပ်ကို ချက်ချင်းလွှမ်းမိုးသွား၏။ ထို့နောက် တန်ချိန်သောင်းချီသော တောင်တစ်လုံးကဲ့သို့ ကောင်းကင်မှ ထိုးကျလာကာ ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား မမျှော်လင့်ဘဲ ဖမ်းမိသွားစေပြီး ကုချန်၏ရှေ့တွင် ဒူးထောက်ရန် အတင်းအကျပ် ဖိအားပေးလိုက်သည်။

‎

‎

‎" ဒုန်း—! "

‎

‎

‎ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏ဒူးများသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားပြီး မြေပြင်တွင် နက်ရှိုင်းသောတွင်းနှစ်တွင်း ဖြစ်ပေါ်သွား၏။

‎

‎

‎ထိုမျှသာမက သူ၏ခေါင်းပင် မတ်မတ်မထားနိုင်ဘဲ အထွတ်အထိပ်ဧကရာဇ်၏ တန်ခိုးအရှိန်အဝါကြောင့် ခြိမ်းခြောက်ခံရကာ အရှက်ရဖွယ် ဝပ်တွားလျက် ကုချန်၏ရှေ့တွင် ဒူးထောက်နေရုံသာ တတ်နိုင်တော့သည်။

‎

‎

‎" အငယ်တန်းလေးတစ်ယောက်က ဒီဧကရာဇ်ကို ဧကရာဇ်အမိန့်တော် ထုတ်ပြန်ဝံ့ရဲတာလား။ စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားစရာပဲ "

‎

‎

‎ကုချန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ယန်ဧကရာဇ်၏ အမိန့်လွှာစာလိပ်သည် ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏လက်ဖဝါးမှ ပျံထွက်သွား၏။ ထို့နောက် ကုချန်သည် သူ၏လက်ချောင်းကို တစ်ချက်လှုပ်လိုက်ရုံမျှဖြင့် ယန်ဧကရာဇ်၏ အမိန့်လွှာသည် အထွတ်အထိပ် စွမ်းအားတစ်ခုကြောင့် ကြေမွသွားဟန်တူပြီး ပြာအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။

‎

‎

‎ယန်ဧကရာဇ်၏ အမိန့်လွှာသည် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကုချန်၏မျက်လုံးများထဲတွင် အေးစက်မှုအရိပ်အယောင်တစ်ခု လင်းလက်သွား၏။

‎

‎

‎နှစ်ကိုးသောင်း ကြာမြင့်သွားခဲ့ပြီ။ ဤအဆုံးမဲ့ကမ္ဘာသည် သူ၏တည်ရှိမှုကို မေ့လျော့သွားဟန်တူ၏။ သူအမှန်တကယ် မည်သူဖြစ်သည်ကို မေ့လျော့သွားဟန်တူသည်။

‎

‎

‎နောက်မှ တာအိုကိုရရှိခဲ့သော ငယ်တန်းလေးတစ်ဦးမျှသာဖြစ်လျက် သူ့အပေါ် ဤသို့ မရိုမသေ ပြုဝံ့ရသလော။

‎

‎

‎သိထားရမည်မှာ သူသည် နယ်ခြားဧကရာဇ်ဂိတ်ကို စောင့်ကြပ်နေဆဲဖြစ်စဉ်က သူ၏ရန်သူများဖြစ်သော နတ်ဆိုးနယ်မြေအရှင်များပင်လျှင် သူ့အပေါ် ဤသို့ မရိုမသေမပြုဝံ့ခဲ့ကြပေ။

‎

‎

‎" ကုမိသားစု မဟာဧကရာဇ်! ဒါက ကျွန်တော့် ယန်မိသားစုဧကရာဇ်ရဲ့ အမိန့်လွှာပါ "

‎

‎

‎ကုချန်သည် ယန်ဧကရာဇ်၏အမိန့်လွှာကို ပေါ့ပေါ့ဆဆ ဖျက်ဆီးပစ်သည်ကိုမြင်လျှင် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ထိတ်လန့်နေသော်ငြား အားတင်းကာ အော်ဟစ်လိုက်၏။

‎

‎

‎အမှန်စင်စစ် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် အနည်းငယ် မှင်သက်နေဆဲဖြစ်သည်။

‎

‎

‎ဤကုမိသားစု၏ မဟာဧကရာဇ်သည် အဘယ်ကြောင့် ဤမျှလောက် အားကြီးရသည်ကို သူနားမလည်ပေ။ သူ ယခင်က မျှော်လင့်ထားသည်နှင့်ပင် လုံးဝကွဲပြားနေ၏။

‎

‎

‎" ဒီဧကရာဇ်ကသာ အခြားသူတွေကို အမိန့်လွှာထုတ်ပြန်လေ့ရှိတယ်။ ဘယ်သူက ဒီဧကရာဇ်ကို အမိန့်လွှာထုတ်ပြန်ရဲရတာလဲ "

‎

‎

‎ကုချန်သည် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား လျစ်လျူရှုစွာ ကြည့်လိုက်ပြီးနောက် ယန်ဧကရာဇ်၏ စစ်ရထားထံသို့ အေးဆေးစွာ လျှောက်သွားသည်။ ဧကရာဇ်၏ တန်ခိုးအရှိန်အဝါ အမျှင်တစ်စ လွှမ်းခြုံသွားရာ ရထားဆွဲနေသော ချီလင်ထူးဆန်းတိရစ္ဆာန်ကိုးကောင်သည် ချက်ချင်းပင် သွေးစက်များအဖြစ်သို့ ပြောင်းလဲကာ ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲသွား၏။

‎

‎

‎သူ ဘာလုပ်တော့မလို့လဲ?!

‎

‎

‎ကုချန်၏လုပ်ရပ်များကိုကြည့်ရင်း ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်လာပြီး သူသည် ရုတ်တရက် မကောင်းသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ကို ခံစားလိုက်ရ၏။

‎

‎

‎နောက်တစ်ခဏတွင် ကုချန်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး ထိုရှေးဟောင်းစစ်ရထားပေါ်သို့ တက်ရောက်သွား၏။

‎

‎

‎ယန်ဧကရာဇ်၏ စစ်ရထားပေါ်တွင် ရပ်လျက် သူ ဘာလုပ်နေသနည်း။

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် မှင်သက်နေပြီး ကုချန်၏လုပ်ရပ်များကို တစ်ခဏတာ နားလည်ရန် ခက်ခဲနေ၏။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် သူနားလည်သွား၏။

‎

‎

‎အကြောင်းမှာ ရှေးဟောင်းစစ်ရထားပေါ်တွင် ရပ်နေသော ကုချန်သည် အိမ်မွေးတိရစ္ဆာန် သို့မဟုတ် တောင်ယာဆွဲတိရစ္ဆာန်တစ်ကောင်ကို ခေါ်သကဲ့သို့ လက်ညှိုးဖြင့် သူ့အား လှမ်းခေါ်နေသောကြောင့်ပင်ဖြစ်သည်။

‎

‎

‎" လာခဲ့ "

‎

‎

‎ဤကုမိသားစု မဟာဧကရာဇ်သည် အမှန်ပင် အမှန်ပင် သူ့အား ရထားဆွဲခိုင်းချင်နေသည်လော။

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ကုချန်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ဒေါသကြောင့် မူးမေ့လဲလုနီးပါး ဖြစ်သွား၏။

‎

‎

‎သူသည် ဂုဏ်သိက္ခာရှိသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ကုချန်က သူ့အား တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရထားဆွဲခိုင်းချင်နေသည်တဲ့လော။

‎

‎

‎" ကုချန် ဒီစိတ်ကူးကို လက်လျှော့လိုက်! ငါသေရင်တောင် ဒီလိုအရှက်ရစရာ လုပ်ရပ်မျိုးကို မလုပ်ဘူး! ယန်ဧကရာဇ်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး! "

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ဒေါသဖြင့် လောင်ကျွမ်းကာ ဟိန်းဟောက်လိုက်၏။

‎

‎

‎ကမ္ဘာကြီး၏ ရှေ့မှောက်တွင် သူ့အား ရထားဆွဲခိုင်းခြင်းသည် သူ့အား သတ်ပစ်ခြင်းထက်ပင် ပို၍ဆိုးရွားသော စော်ကားမှုဖြစ်သည်။

‎

‎

‎သို့သော်လည်း ယန်မျိုးနွယ် ပဉ္စမဘိုးဘေး၏ ဒေါသထွက်နေသော အမူအရာကိုကြည့်ရင်း ကုချန်သည် သူ့အား သနားကြင်နာရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

‎

‎

‎သူသည် ကုမျိုးနွယ်ထံသို့ ဟန်ပြရန်နှင့် ကုမိသားစုကို အရှက်ခွဲရန်ရည်ရွယ်ချက်ဖြင့် လာဝံ့သည်ဆိုလျှင် သူကိုယ်တိုင် အရှက်ခွဲခံရရန်လည်း ပြင်ဆင်ထားရမည်။

‎

‎

‎" ဧကရာဇ်တပိုင်းတစ်ဦး‌လောက်လေးပဲဖြစ်ပြီး ဒီဧကရာဇ်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့ အရည်အချင်းမရှိသေးဘူး "

‎

‎

‎ကုချန်သည် လျစ်လျူရှုစွာပြောလိုက်ရာ အဆုံးမရှိသော ဧကရာဇ်စွမ်းအားများ တိုးတက်လာပြီး ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ဆန့်ကျင်ရန် ရွေးချယ်ခွင့်မရှိဘဲ လိုက်နာရတော့၏။ နောက်တစ်ခဏတွင် သူသည် သူ၏လက်များနှင့် ခြေထောက်များကို အလိုအလျောက် အသုံးပြုလျက် ယန်ဧကရာဇ်၏ စစ်ရထားထံသို့ တွားသွားပြီး ရထားကိုဆွဲနေသည်ကို တွေ့လိုက်ရသည်။

‎

‎

‎ဤလုပ်ငန်းစဉ်အတွင်း ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် မည်မျှပင် ခုခံတွန်းလှန်စေကာမူ ကုချန်၏လုပ်ရပ်များကို မထိန်းချုပ်နိုင်ခဲ့ဘဲ သူ့ကိုယ်သူ သတ်သေခြင်းသည်ပင် သက်သာလွန်းခြင်း ဖြစ်နေသည်။

‎

‎

‎" သွားကြစို့ "

‎

‎

‎ကုချန်သည်စစ်ရထားကို ထမ်းထားသော ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား ကြည့်လိုက်ပြီး လျစ်လျူရှုစွာ အမိန့်ပေးလိုက်သည်။

‎

‎

‎" မင်းခုနက လာခဲ့တဲ့နေရာကို ပြန်သွား "

‎

‎

‎" အား!!!! "

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ဝမ်းနည်းပူဆွေးကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သော်ငြား သူသည် သူကိုယ်တိုင် စစ်ရထားကို ဆွဲလျက် သူ၏လက်များနှင့် ခြေထောက်များဖြင့် ပြေးနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။

‎

‎

‎" ဂျိမ်း...! "

‎

‎

‎ယန်ဧကရာဇ်၏စစ်ရထားသည် နောက်တစ်ကြိမ် ထွက်ခွာသွားပြီး လာခဲ့သောလမ်းအတိုင်း ပြန်လှည့်သွား၏။

‎

‎

‎သို့သော် လက်ရှိမြင်ကွင်းသည် ရောက်ရှိလာစဉ်ကနှင့် များစွာကွာခြားသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်သည်။

‎

‎

‎ကုမိသားစု မဟာဧကရာဇ်သည် စစ်ရထားပေါ်တွင် ခန့်ညားထည်ဝါစွာထိုင်နေပြီး ရထားဆွဲနေသော တိရစ္ဆာန်များကိုမူ ယန်မိသားစုမှ ဧကရာဇ်တပိုင်းတစ်ဦးဖြင့် အစားထိုးထားသည်။

‎

‎

‎" ဒါ… ဘိုးဘေးကြီးက… အရမ်းပြင်းထန်တာပဲ… မဟုတ်ဘူးလား… "

‎

‎

‎ကုချန် စစ်ရထားစီးလျက် အဝေးသို့ထွက်ခွာသွားသည်ကို ကြည့်ရင်း ကုတောက်လင်းသည် သူ၏တံတွေးကို မမျိုချဘဲမနေနိုင်ခဲ့ပေ။

‎

‎

‎ယန်မိသားစု ဧကရာဇ်တပိုင်းတစ်ဦးအား ရထားဆွဲခိုင်းသည်လော။ ဤခရီးသည် ယန်မိသားစု၏မျက်နှာကို မြေကြီးထဲသို့ ပွတ်တိုက်ထည့်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းကျမ်းစာတွေအားလုံးက ဘိုးဘေးကြီးရဲ့နာမည်ကို ဖော်ပြတိုင်း ဘာလို့ဒီလောက် ရိုသေလေးစားမှုနဲ့ ဖော်ပြရသလဲဆိုတာကို အခုတော့ ငါနားလည်သွားပြီ "

‎

‎

‎ကုမိသားစုအကြီးအကဲတစ်ဦးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်၏။

‎

‎

‎" ဒါက ငါတို့ ကုမိသားစုရဲ့ ဘိုးဘေးကြီးပဲ။ ငါတို့ ကုမိသားစုရဲ့ တည်ငြိမ်စေတဲ့ အင်အားပဲ! "

‎

‎

‎ကုမျိုးနွယ်မှ လူငယ်တပည့်တစ်စုသည်မူ သူတို့၏နှလုံးသားထဲမှ မကျေနပ်မှုများစွာကို ထုတ်ဖော်လိုက်သကဲ့သို့ ပျော်ရွှင်စွာကြွေးကြော်လိုက်ကြသည်။

‎

‎

‎ဤနှစ်များအတွင်း ကုမိသားစု၏ ဩဇာအာဏာမှာ ကျဆင်းသွားပြီး အခြားအဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်များပင်လျှင် ကုမိသားစုကို လုံးဝအလေးမထားတော့ပေ။

‎

‎

‎ထို့ကြောင့် ကုမျိုးနွယ်တပည့်များသည် အပြင်သို့ ခရီးသွားသည့်အခါ အခြားဧကရာဇ်မျိုးနွယ်များ၏ မထီမဲ့မြင်ပြုခြင်းကို မကြာခဏ ကြုံတွေ့ရသည်။

‎

‎

‎သို့သော် ယခု ဘိုးဘေးအိုကြီး ပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် ဤအရာအားလုံးသည် နောက်ဆုံးတွင် ပြောင်းပြန်ဖြစ်တော့မည်ဖြစ်သည်။

‎

‎

‎ဘာ အဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်များလဲ။ ကုချန်ဘိုးဘေးကြီး ရှိနေသရွေ့ သူတို့တစ်ယောက်မျှ ကြောက်စရာမလိုပေ။

‎

‎

‎.........

‎

‎

‎" ဂျိမ်း... "

‎

‎

‎ယန်ဧကရာဇ်၏စစ်ရထားသည် ရွေ့လျားလာသည်နှင့်အမျှ မြေကြီးကို ကြေမွသွားစေပြီး အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ အဖွဲ့အစည်းအသီးသီးမှ စွမ်းအားရှင်များက လိုက်ပါလာကြသည်။

‎

‎

‎ယခုအခါတွင်မူ အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းအသီးသီးမှ ဤစွမ်းအားရှင်များသည် တုန်လှုပ်မှုကြောင့် ထုံကျင်လုနီးပါး ဖြစ်နေကြ၏။

‎

‎

‎ဤကုမိသားစု၏ ကုချန်မဟာဧကရာဇ်သည် ဤမျှလောက် ဩဇာအာဏာကြီးမားစွာ ပြုမူလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အနည်းငယ်မျှ သဘောထားကွဲလွဲရုံမျှဖြင့် သူသည် ယန်မိသားစု ဧကရာဇ်တပိုင်းတစ်ဦးအား တိရစ္ဆာန်တစ်ကောင်ကဲ့သို့ သူ၏ရထားကို ဆွဲခိုင်းခဲ့သည်။

‎

‎

‎ထိုသူသည် ဧကရာဇ်တပိုင်းတစ်ဦး ဖြစ်၏။ ထို့အပြင် ဧကရာဇ်မျိုးနွယ် ယန်မိသားစုမှ ဧကရာဇ်တပိုင်းတစ်ဦး ဖြစ်သည်။

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်နယ်မြေကို ဤသို့ လှည့်ပတ်သွားခြင်းသည် ယန်မိသားစုတစ်ခုလုံး၏ မျက်နှာကို ဖုန်မှုန့်ထဲသို့ နင်းချေခြင်းနှင့် ညီမျှ၏။

‎

‎

‎ထို့အပြင် ကုချန်မဟာဧကရာဇ်၏ အမူအရာကို ကြည့်ရသည်မှာ သူသည် ယန်မိသားစု၏ မျက်နှာကို ဖယ်ရှားရုံမျှသာမဟုတ်ဘဲ ယန်မိသားစုကို အုပ်ချုပ်ကာ စာရင်းရှင်းရန်လည်း ရည်ရွယ်ထားပုံရသည်။

‎

‎

‎" အခြေအနေတွေ တကယ်ပဲ ပြောင်းလဲတော့မှာပဲ… "

‎

‎

‎စွမ်းအားရှင်တစ်ဦးက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

‎

‎

‎ဤကုမိသားစု၏ ကုချန်မဟာဧကရာဇ်သည် သူပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဤမျှလောက် ကြောက်မက်ဖွယ်ရာ လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့၏။

‎

‎

‎သူတို့သည် ယနေ့တွင် သမိုင်းကို အမှန်တကယ် မျက်မြင်တွေ့ရပြီး ဧကရာဇ်စစ်ပွဲတစ်ခုကို တွေ့မြင်ရတော့မည်လော။

‎

‎

‎.........

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်နယ်မြေ ယန်မိသားစု။

‎

‎

‎ယန်မိသားစုခေါင်းဆောင်သည် ယန်မျိုးနွယ်ကို ဦးဆောင်လျက် ယန်မျိုးနွယ်၏ နေထိုင်ရာ နယ်နိမိတ်တွင် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေး ပြန်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

‎

‎

‎" မိသားစုခေါင်းဆောင် အဲ့ဒီကုမိသားစုရဲ့ မဟာဧကရာဇ်က ယန်ဧကရာဇ်ရဲ့အမိန့်ကို နာခံမလား မသိဘူး "

‎

‎

‎စောင့်ဆိုင်းနေစဉ် ယန်မိသားစုအကြီးအကဲတစ်ဦးက အနည်းငယ်မသက်မသာ ခံစားနေရသည်။

‎

‎

‎ကုမိသားစု မဟာဧကရာဇ်သည် ယခုအခါ မည်သို့ပင်ဖြစ်နေစေကာမူ သူသည် တစ်ချိန်က အဆုံးမဲ့ကမ္ဘာကို တုန်လှုပ်စေခဲ့သော အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်သည်။ သူသည် ယန်ဧကရာဇ်၏အမိန့်ကို ဤသို့ဆန္ဒအလျောက် နာခံမည်လော။

‎

‎

‎" ဟွန်း ဧကရာဇ်အဆင့် ကျင့်ကြံသူတွေကြားမှာလည်း ကွာခြားမှုတွေရှိတယ်။ အဲ့ဒီ ကုမိသားစု မဟာဧကရာဇ်ရဲ့ခေတ်ကနေ အခုဆို နှစ်ကိုးသောင်းပြည့်သွားပြီ။ အဲ့ဒီ ကုမိသားစု မဟာဧကရာဇ်က အသက်ရှင်နေတုန်းဆိုပေမယ့် သူ့ရဲ့အသက်က ကုန်ခါနီးဖြစ်နေပြီး သူ့ရဲ့နောက်ဆုံးအချိန်ကို ရောက်နေလောက်ပြီလို့ ငါထင်တယ်။ သူက ငါတို့မျိုးနွယ်ရဲ့ ယန်ဧကရာဇ်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ "

‎

‎

‎ယန်မိသားစုခေါင်းဆောင်က လှောင်ရယ်လိုက်သော်ငြား သူ၏နားထဲသို့ ရုတ်တရက်ဝင်ရောက်လာသော တဂျိမ်းဂျိမ်းမြည်သံကြောင့် သူ၏စိတ်များတုန်လှုပ်သွား၏။

‎

‎

‎" ဒီလောက် လှုပ်ခတ်နေတာ ပဉ္စမဘိုးဘေး ပြန်လာတာပဲ ဖြစ်ရမယ် "

‎

‎

‎တစ်ချိန်တည်းမှာပင် ယန်မျိုးနွယ်ဝင်အားလုံးသည် ယန်မျိုးနွယ်၏ပဉ္စမဘိုးဘေး ပြန်လာမည်ကိုကြိုဆိုရန် ပြင်ဆင်လျက် တုန်ခါမှုလာရာဘက်သို့ အလိုအလျောက် ကြည့်လိုက်မိကြ၏။

‎

‎

‎သို့သော် ယန်မျိုးနွယ်ဝင်အားလုံး နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည့်အရာမှာ သူတို့ကို အလွန်အမင်းတုန်လှုပ်စေပြီး လုံးဝမယုံနိုင်စရာ ဖြစ်နေသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

‎

‎အခန်း (၃၈) - ဆုံးဖြတ်ချက်ပြတ်သားစွာ သတ်ဖြတ်ခြင်း၊ လက်ဝါးသည် ယန်ဧကရာဇ်အပေါ် ကျရောက်သွားရာ တုန်လှုပ်ဒေါသထွက်ခြင်း

‎

‎

‎

‎ယန်မိသားစုဝင်များသည် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား အမှန်တကယ်ပင် မြင်တွေ့ခဲ့ကြရသော်လည်း ထိုမြင်ကွင်းသည် သူတို့စိတ်ကူးထားသည်နှင့် များစွာကွာခြားလျက်ရှိသည်။

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် အောင်ပွဲခံသောပုံစံဖြင့် ပြန်လည်ရောက်ရှိလာခြင်းမဟုတ်ဘဲ ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်တွားကာ သူ၏လက်နှင့်ခြေထောက်နှစ်ဖက်စလုံးကို အသုံးပြု၍ ယန်ဧကရာဇ်၏ စစ်ရထားကို ဆွဲနေခြင်းဖြစ်သည်။

‎

‎

‎ထို့ပြင် ယန်ဧကရာဇ်၏ စစ်ရထားထက်တွင် ပုံရိပ်တစ်ခုသည် ခန့်ညားထည်ဝါစွာ ရပ်လျက်ရှိပြီး သူ၏အကြည့်မှာ လျစ်လျူရှုကာ အရပ်လေးမျက်နှာကို အပေါ်စီးမှ ကြည့်နေလေသည်။

‎

‎

‎ဤသည်မှာ အဘယ်သို့သော အခြေအနေမျိုးနည်း။

‎

‎

‎ဤပုဂ္ဂိုလ်သည် မည်သူဖြစ်၍ ပဉ္စမဘိုးဘေးအား ဤသို့စော်ကားကာ ရထားဆွဲခိုင်းဝံ့ရသနည်း။

‎

‎

‎ယန်မိသားစုဝင်အားလုံးနှင့် ယန်မိသားစုခေါင်းဆောင်အပါအဝင် ဤအချိန်တွင် လုံးဝမှင်သက်သွားကြသည်။

‎

‎

‎ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ဤသို့သောအခြေအနေဖြင့် ပြန်လည်ရောက်ရှိလာမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မမျှော်လင့်ခဲ့ကြပေ။ ဤသည်မှာ ယန်မိသားစုတစ်ခုလုံး၏ မျက်နှာကို ရိုက်ချခြင်းပင် ဖြစ်သည်။

‎

‎

‎" အဲ့ဒီလူက ဘယ်သူလဲ "

‎

‎

‎ယန်မိသားစုအကြီးအကဲတစ်ဦးက တုန်လှုပ်ဒေါသထွက်စွာ မေးမြန်းလိုက်သည်။

‎

‎

‎" ကုမိသားစု မဟာဧကရာဇ်များ ဖြစ်နေမလား… "

‎

‎

‎ယန်မိသားစုခေါင်းဆောင်သည် သူ၏နှလုံးသားထဲတွင် မသဲမကွဲ ခန့်မှန်းချက်တစ်ခု ရှိနေပြီးဖြစ်သော်လည်း မိမိကိုယ်ကို တီးတိုးရေရွတ်လိုက်သည်။

‎

‎

‎ဤတစ်ကြိမ်တွင် ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးသည် ယန်ဧကရာဇ်၏ အမိန့်လွှာနှင့်အတူ ထွက်ခွာသွားခဲ့သည်။

‎

‎

‎ယခုအခါတွင်မူ ယန်ဧကရာဇ်၏ အမိန့်လွှာမှာ မည်သည့်နေရာတွင်မှ မမြင်တွေ့ရတော့ဘဲ ပဉ္စမဘိုးဘေးသည် တစ်စုံတစ်ဦး၏ ဖိနှိပ်ခြင်းကိုခံနေရကာ မလှုပ်ရှားနိုင်ဘဲ တောင်ယာဆွဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ စစ်ရထားကိုသာ ဆွဲနေရ၏။

‎

‎

‎ဤအရာအားလုံးကို ထိုကုမိသားစု မဟာဧကရာဇ်မှလွဲ၍ အခြားမည်သူက ပြုလုပ်နိုင်မည်နည်း။

‎

‎

‎" ဂျိမ်း... "

‎

‎

‎ယန်မိသားစုဝင်များ၏အတွေးများ လည်ပတ်နေစဉ်မှာပင် ကုချန်သည် စစ်ရထားကိုမောင်းနှင်ကာ ယန်မိသားစု၏ ဌာနချုပ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

‎

‎

‎" ယန်ဧကရာဇ် ဘယ်မှာလဲ။ ဒီဧကရာဇ် ရောက်ရှိလာတာကို ဘာလို့ ဒူးထောက်မကြိုဆိုကြတာလဲ "

‎

‎

‎ကုချန်သည် မှိန်ဖျော့သော နတ်မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် ယန်မိသားစု၏ နေရာဌာနကို အပေါ်မှငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေကာ ယန်ဧကရာဇ်အား ချက်ချင်းပေါ်လာပြီး ဒူးထောက်ကြိုဆိုရန် တောင်းဆိုလိုက်ရာ လုံးဝအလေးထားမှုမရှိသည့်ဟန်ပင်ဖြစ်၏။

‎

‎

‎ဤစကားများကို ကြားရသောအခါ ယန်မိသားစုဝင်များ၏ မျက်နှာများသည် တုန်လှုပ်ဒေါသထွက်မှုများဖြင့် ပြည့်နှက်သွား၏။

‎

‎

‎ယန်ဧကရာဇ်သည် မည်သူနည်း။ သူသည် သူ၏ခေတ်မှ မဟာဧကရာဇ်တစ်ပါးဖြစ်ပြီး ယန်မိသားစု၏ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။

‎

‎

‎ဤပုဂ္ဂိုလ်သည် လွန်ခဲ့သော နှစ်ကိုးသောင်းက ကုမိသားစု၏ မဟာဧကရာဇ်ဖြစ်နေလျှင်ပင် ယန်ဧကရာဇ်အား ဤသို့ စကားပြောဝံ့ရသလော။ ထို့အပြင် ယန်ဧကရာဇ်အား ပေါ်လာပြီး ဒူးထောက်ကြိုဆိုရန်ပင် တောင်းဆိုဝံ့ရသလော။

‎

‎

‎" တိတ်စမ်း! ငါ့ယန်မိသားစု ဘိုးဘေးကို စော်ကားရဲသလား "

‎

‎

‎ယန်မိသားစုအကြီးအကဲတစ်ဦးက ဒေါသတကြီး ကြွေးကြော်လိုက်၏။

‎

‎

‎ဤယန်မိသားစုအကြီးအကဲသည် သူ၏နှလုံးသားထဲတွင် ကုချန်အပေါ် အတော်ကြောက်ရွံ့နေသော်ငြား သူသည် လက်ရှိတွင် ယန်မိသားစုအတွင်း၌ ရှိနေပြီး သူ၏နောက်တွင် ယန်ဧကရာဇ်ရှိနေခြင်းက သူ့အား ယုံကြည်မှုများစွာပေးစွမ်းသောကြောင့် ဤသို့ ပြတ်ပြတ်သားသား စကားပြောဝံ့ခြင်းဖြစ်သည်။

‎

‎

‎ဟုတ်ပေ၏။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ ယန်ဧကရာဇ်၏ ရှေ့မှောက်တွင် ဟန်ပြလိုသော ဆန္ဒကိုလည်း မွေးမြူထားခဲ့သည်။

‎

‎

‎သို့သော် သူသည် ကုချန်၏ နည်းလမ်းများကို လျှော့တွက်ခဲ့သည်မှာ ထင်ရှားလှသည်။

‎

‎

‎" ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကို စကားပြောရဲတာလား "

‎

‎

‎ကုချန်သည် ထိုယန်မိသားစုအကြီးအကဲအား လျစ်လျူရှုစွာ ကြည့်လိုက်ပြီး မည်သည့်လှုပ်ရှားမှုမျှမပြသသော်ငြား ထိုအကြီးအကဲ၏ မျက်နှာပေါ်တွင်မူ အဆုံးမရှိသော ထိတ်လန့်မှုအမူအရာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

‎

‎

‎နောက်တစ်ခဏတွင် ယန်မိသားစုအကြီးအကဲ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားသော ကြောက်မက်ဖွယ် သွေးပန်းတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားသည်။

‎

‎

‎မူလက ဤယန်မိသားစုအကြီးအကဲကဲ့သို့ ကြိမ်းမောင်းရန် ရည်ရွယ်ထားသော အခြားယန်မိသားစုဝင်များသည် ဤမြင်ကွင်းကိုမြင်လျှင် အလွန်အမင်း ထိတ်လန့်တကြားဖြင့် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြ၏။

‎

‎

‎ဤကုမိသားစု မဟာဧကရာဇ်သည် ဤမျှလောက် ရက်စက်ကြမ်းကြုတ်စွာ ပြုမူပြီး အနည်းငယ်မျှ သဘောထားကွဲလွဲရုံမျှဖြင့် လူသတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

‎

‎

‎ထို့အပြင် အဝေးမှ ကုချန်နောက်သို့ လိုက်ပါလာခဲ့သော အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ စွမ်းအားကြီးကျင့်ကြံသူများစွာသည် ဤမြင်ကွင်းကို မြင်လျှင် သူတို့၏နှလုံးသားထဲတွင် အနည်းငယ်မျှ လှုပ်ရှားမှုမရှိခဲ့ပေ။ အမှန်စင်စစ် သူတို့သည် ထိုယန်မိသားစုအကြီးအကဲမှာ အလွန်မိုက်မဲသည်ဟုသာ တွေးထင်ခဲ့ကြသည်။

‎

‎

‎သိထားရမည်မှာ ယခုလေးတင်ပင် ဤကုမိသားစု မဟာဧကရာဇ်သည် ယန်ဧကရာဇ်၏ အမိန့်လွှာကို ပေါ့ပေါ့ဆဆ ကြေမွပစ်ခဲ့ပြီး ဧကရာဇ်တပိုင်းအဆင့်ရှိသော ယန်မျိုးနွယ်၏ ပဉ္စမဘိုးဘေးအား ရထားဆွဲရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။

‎

‎

‎ယခုအခါတွင်မူ ယန်မိသားစုအကြီးအကဲတစ်ဦးမျှသာဖြစ်လျက် သူ၏ရှေ့မှောက်တွင် မဆင်မခြင် စကားပြောဝံ့သည်မှာ သေလမ်းရှာခြင်းမျှသာ မဟုတ်လော။

‎

‎

‎" ယန်ဧကရာဇ် တကယ်လို့ မင်း အသက်ရှူချိန်သုံးချက်အတွင်း မပေါ်လာခဲ့ရင် ဒီဧကရာဇ်က မင်းရဲ့ ယန်မိသားစုကို မြေလှန်ပစ်မယ် "

‎

‎

‎ယန်မိသားစုဝင်များ၏ ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်များကို လျစ်လျူရှုကာ ကုချန်သည် ယန်မိသားစုတစ်ခုလုံး၏ နေရာဌာနကို အပေါ်မှငုံ့ကြည့်လျက် လျစ်လျူရှုစွာ ပြောလိုက်သည်။

‎

‎

‎သူသည် အမြဲတမ်း ပြတ်ပြတ်သားသား ပြုမူပြီး သူ၏စကားကို တည်လေ့ရှိသည်။

‎

‎

‎အကယ်၍ ယန်ဧကရာဇ်သည် အသက်ရှူချိန်သုံးချက်အတွင်း မပေါ်လာပါက ကုချန်သည် သူ့စကားအတိုင်း ယန်မိသားစုတစ်ခုလုံးကို မဆိုင်းမတွ ဖျက်ဆီးပစ်ပေမည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ယန်မိသားစုသာမက အခြားဧကရာဇ်မျိုးနွယ်စုများပင်လျှင် အကယ်၍ သူသာ နယ်ခြားဧကရာဇ်ဂိတ်ကို နှစ်ကိုးသောင်းကြာ စောင့်ကြပ်မပေးခဲ့ပါက သူတို့သည် လွန်ခဲ့သော နှစ်ကိုးသောင်းကတည်းက ပျက်စီးပြီး ပြာဖြစ်သွားလောက်ပေပြီ။ ထို့အပြင် သူတို့၏အမွေအနှစ်ကို ယနေ့ထိတိုင် ဆက်ခံရန်နှင့် သူ၏ရှေ့မှောက်တွင် သူတို့၏စွမ်းအားကို ကြွားဝါရန် အခွင့်အရေးရှိမည်မဟုတ်ပေ။

‎

‎

‎ယခုအခါ သူတို့၏အသက်ကို ယူခြင်းသည်လည်း ကျိုးကြောင်းဆီလျော်ပြီး တရားမျှတသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

‎

‎

‎" ဟက် ဟက် "

‎

‎

‎ကုချန်၏ အသံရပ်သွားသည်နှင့်အမျှ ယန်မိသားစု၏ နက်ရှိုင်းသောနေရာများမှ ရယ်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။

‎

‎

‎ထိုရယ်သံထဲတွင် မထိန်းနိုင်သော ဒေါသအရိပ်အယောင်တစ်ခု ပါဝင်နေပြီး အတော်အတန် အေးစက်လှ၏။

‎

‎

‎ထို့ပြင် ဤအသံထွက်ပေါ်လာသည်နှင့်အမျှ ယန်မိသားစု၏ နက်ရှိုင်းသောနေရာများမှ ကွေ့ကောက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကြီးမားသော သွေးနီရောင်အလင်းတန်းတစ်ခုသည် ခုန်တက်လာပြီး တိမ်တိုက်များကို ကြေမွစေကာ ကောင်းကင်ဘုံကိုးခုသို့ တိုက်ရိုက် တိုးဝင်သွား၏။

‎

‎

‎" ယန်ဧကရာဇ်! ငါတို့ ယန်မိသားစုရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ် ကြွရောက်လာပြီ! "

‎

‎

‎" ယန်ဧကရာဇ်! "

‎

‎

‎ယန်မိသားစု၏ နက်ရှိုင်းသောနေရာများမှ ထွက်ပေါ်လာသော ကမ္ဘာကိုတုန်လှုပ်စေသည့် ချီစွမ်းအားကို ခံစားမိသောအခါ ယန်မိသားစုဝင်အားလုံးသည် အလွန်အမင်း ဝမ်းမြောက်သွားကြသည်။

‎

‎

‎သူတို့သိသည်မှာ ဤချီစွမ်းအားသည် ယန်ဧကရာဇ်အရှင် ကြွရောက်လာခြင်းပင် ဖြစ်ရမည်။

‎

‎

‎" ဘုန်း... "

‎

‎

‎တိုးတက်လာသော ချီစွမ်းအားနှင့် သွေးနဂါးသည် ရွေ့လျားသွားပြီး တစ်ခဏအတွင်းမှာပင် ကောင်းကင်မြင့်သို့ ရောက်ရှိသွားကာ အောက်မှကုချန်ကို ငုံ့ကြည့်နေ၏။

‎

‎

‎ထိုသူမှာ သံမဏိမည်းချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် လူတစ်ဦးဖြစ်ပြီး ကောင်းကင်ဘုံကိုးခုအထက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ချီစွမ်းအားနှင့် သွေးစွမ်းအားမျှသာလျှင် လေဟာနယ်ကို ပေါက်ကွဲကြေမွသွားစေပြီး သူ၏အတွင်းမှ ကြီးမားသော စွမ်းအားကို မခံနိုင်သကဲ့သို့ ဖြစ်နေသည်။

‎

‎

‎" ကုချန်မဟာဧကရာဇ်လား။ မင်းက အရမ်းကိုတော်ပေတယ်။ ငါ့ရဲ့ ယန်မိသားစု ဧကရာဇ်တပိုင်းကို သတ်ဖြတ်ရုံတင်မကဘဲ ဒီဧကရာဇ်ရဲ့အမိန့်လွှာကိုပါ ဖျက်ဆီးပြီး ငါ့ရဲ့ယန်မိသားစုကို အခုလိုမျိုး စော်ကားတယ်တဲ့လား… "

‎

‎

‎ယန်ဧကရာဇ်သည် အပေါ်မှငုံ့ကြည့်လိုက်ရာ သူ၏နတ်ဘုရားတစ်ပါးကဲ့သို့ လျစ်လျူရှု၍ စိတ်ခံစားချက်မဲ့သော မျက်လုံးများထဲတွင် နက်ရှိုင်းသော ဒေါသအရိပ်အယောင်တစ်ခု ရှိနေ၏။

‎

‎

‎ဤကုမိသားစု မဟာဧကရာဇ်သည် ဤမျှလောက် တင်းမာစွာ ပြုမူလိမ့်မည်ဟု သူအမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက တာအိုကို ရရှိခဲ့သော ကျဆင်းနေသည့် ဧကရာဇ်အဆင့်တစ်ဦး၊ အိုမင်းမစွမ်းဖြစ်ပြီး သေလုနီးပါးဖြစ်နေသူ၊ သူ့အား ဆန့်ကျင်ရန် မည်သည့်ယုံကြည်မှုများ ရှိနေသနည်း။ ယန်ဧကရာဇ်သည် လုံးဝနားမလည်နိုင်ခဲ့ပေ။

‎

‎

‎" မင်း ဒီဧကရာဇ်ရဲ့ အချိန်ကို အများကြီးမဖြုန်းတီးခဲ့ဘူး အဲ့ဒါကောင်းတယ် "

‎

‎

‎ယန်ဧကရာဇ် ပေါ်လာသည်ကိုမြင်လျှင် ကုချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ၏ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ယန်ဧကရာဇ်နှင့် ရင်ဆိုင်ရန်ဖြစ်သည်။ အခြားယန်မိသားစုဝင်များမှာမူ သူ၏မျက်လုံးများထဲတွင် ပုရွက်ဆိတ်များထက်ပင် မသာပေ။

‎

‎

‎ယခု ယန်ဧကရာဇ် ပေါ်လာပြီဖြစ်သောကြောင့် သူ၏အချိန်များစွာကို သက်သာစေခဲ့သည်။

‎

‎

‎သို့သော်လည်း…

‎

‎

‎" ဘယ်သူကမှ ဒီဧကရာဇ်ကို ဒီလောက်မြင့်တဲ့နေရာကနေ စကားပြောရဲတာမျိုးမရှိဖူးဘူး အောက်ဆင်းလာခဲ့! "

‎

‎

‎ကုချန်သည် ပိုမိုပြောဆိုလိုသော ဆန္ဒမရှိဘဲ သူသည် ပြတ်ပြတ်သားသားနှင့် လျင်မြန်စွာ သူ၏လက်ဝါးကို လှန်ကာ ကောင်းကင်ဘုံကိုးခုအထက်မှ ယန်ဧကရာဇ်ကို ရိုက်ချလိုက်သည်။

‎

‎

‎သူသည် အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်း၏။ နောက်မှ တာအိုကို ရရှိခဲ့သော အငယ်တန်းလေးတစ်ဦးက သူ့အား ဤမျှမြင့်သော နေရာမှ စကားပြောဝံ့ရသလော။

‎

‎

‎" ဘုန်း! "

‎

‎

‎လက်ဝါးတစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီးသည် ပြောင်းပြန်ဖြစ်သွားဟန်တူပြီး အဆုံးမရှိသော ဧကရာဇ်စွမ်းအားများ တိုးတက်လာသည်။ ယန်ဧကရာဇ်သည် ရှောင်တိမ်းနိုင်ခြင်းရှိဟန်မတူဘဲ ကုချန်၏ရိုက်ချက်ကြောင့် ကောင်းကင်ဘုံကိုးခုမှ တိုက်ရိုက်ပြုတ်ကျလာခဲ့၏။

‎

‎

‎ယန်ဧကရာဇ် ပြုတ်ကျလာသည်နှင့်အမျှ ပြင်းထန်ပြီး ကြီးမားသော စွမ်းအားသည် အောက်မှယန်မိသားစု၏ နေရာဌာန၏ အစိတ်အပိုင်းတော်တော်များများကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။ ယန်မိသားစုအကြီးအကဲအချို့ပင် နောက်ဆက်တွဲအရှိန်အဟုန်များဖြင့် ကြားညပ်သွားပြီး သူတို့၏ခန္ဓာကိုယ်များသည် နာကျင်စွာ အော်ဟစ်သံတစ်ချက်မျှပင် မထွက်နိုင်ဘဲ ချက်ချင်းကြေမွသွား၏။

‎

‎

‎" မင်း ဘယ်လိုလုပ် လုပ်ရဲရတာလဲ!!! "

‎

‎

‎ကုချန်၏ရိုက်ချက်ကြောင့် ကောင်းကင်ဘုံကိုးခုမှ ရိုက်ချခံလိုက်ရသော ယန်ဧကရာဇ်သည် ပထမတွင် အနည်းငယ် မှင်သက်သွားပြီးနောက် တုန်လှုပ်ဒေါသထွက်သွား၏။

‎

‎

‎သူဒေါသထွက်သည်မှာ ကုချန်သည် ဤမျှလောက်ထောင်လွှားပြီး စကားတစ်ခွန်းမျှမပြောဘဲ တိုက်ရိုက်တိုက်ခိုက်ကာ သူ့အား လုံးဝအလေးမထားဟန်တူသောကြောင့်ဖြစ်၏။

‎

‎

‎ထို့ပြင် သူ့အား တုန်လှုပ်စေသည်မှာ ကုချန်၏ရိုက်ချက်ကို ရင်ဆိုင်ရာတွင် သူလုံးဝတုံ့ပြန်နိုင်ခြင်းမရှိဘဲ ရှောင်တိမ်းရန် အချိန်ပင်မရခဲ့ခြင်းပင် ဖြစ်သည်။

‎

‎

‎သူသည် ကိုယ်ပွားတစ်ခုသာဖြစ်ပြီး သူ၏စစ်မှန်သောခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝမပိုင်ဆိုင်သော်လည်း ဤမျှလောက် ဖရိုဖရဲဖြစ်မနေသင့်ပေ။

All Chapters