← Chapters

အခန်း (၄၃-၄၄)

Vol. 4 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 4 Ch. 43-44

အခန်း( ၄၃)-သူတော်စင်ခန္ဓာအား လက်ခံခြင်း၊ ကုကောင်းကင်ဘုံဧကရာဇ်၏ ဧကရာဇ်ကျမ်းအား လက်ဆင့်ကမ်းခြင်းနှင့် တားမြစ်နယ်မြေအား ရွေးချယ်ခြင်း

‎

‎

‎“ တကယ်လို့ မင်းသာ ရှင်သန်ခြင်းတားမြစ်နယ်မြေကို ပြောင်းရွှေ့မယ်ဆိုရင် အခုကစပြီး လောကသားတွေရဲ့အမြင်မှာ မင်းဟာ ငါတို့ကုမိသားစုဝင်တစ်ဦးနဲ့ ခြားနားတော့မှာမဟုတ်ဘူး။

‎

‎ငါတို့ ကုမိသားစုအမှတ်တံဆိပ်ဟာ မင်းအပေါ်မှာ လုံးဝသက်ရောက်သွားပြီး ပြောင်းလဲလို့လည်း ရနိုင်မှာမဟုတ်တော့ဘူး မင်းသေချာရဲ့လား ”

‎

‎

‎ကုချန်သည် ယဲ့ယင်းယင်း၏ ခိုင်မာသောအဖြေကို ကြားသိခဲ့ရသော်လည်း သူသည် ထိုမေးခွန်းအား အလျင်မလိုဘဲ ဆက်လက်မေးမြန်းနေဆဲဖြစ်၏။

‎

‎

‎“ မဟာဧကရာဇ်ထံ အစီရင်ခံပါတယ်။ ယဲ့ယင်းယင်းရဲ့စိတ်က ဆုံးဖြတ်ပြီးသားဖြစ်လို့ ပြောင်းလဲတော့မှာ မဟုတ်ပါဘူး ”

‎

‎

‎ယဲ့ယင်းယင်းသည် စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်ရာ သူမ၏အသံမှာ ခိုင်မာပြတ်သားလျက်ရှိသည်။

‎

‎

‎“ ကောင်းပြီ ဒီလိုဆိုမှတော့ ငါ့ကုမိသားစုနဲ့အတူ ရှင်သန်ခြင်းတားမြစ်နယ်မြေထဲကို ပြောင်းရွှေ့ခဲ့လိုက်ပေါ့ ”

‎

‎

‎ယဲ့ယင်းယင်း၏ ဇွဲလုံ့လကိုမြင်သောအခါ ကုချန်သည် သူမအားတားမြစ်ရန် မကြိုးစားတော့ဘဲ အနည်းငယ်ခေါင်းညိတ်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

‎

‎

‎“ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ ငါဧကရာဇ်က မင်းကို နောက်ထပ်မေးခွန်းတစ်ခု မေးစရာရှိသေးတယ်။

‎တကယ်လို့ အနာဂတ်မှာ ဒီအဆုံးမဲ့ကမ္ဘာကြီးက ဒုက္ခကြီးစွာခံစားရပြီး သက်ရှိတွေရဲ့အသက်တွေ ပျက်စီးကာ သက်ရှိအားလုံး ဆိုးရွားတဲ့အခြေအနေမှာ နေထိုင်ရမယ်ဆိုရင် လူသားမျိုးနွယ်သူတော်စင်ခန္ဓာတစ်ယောက်အနေနဲ့ မင်းရှေ့ထွက်ပြီး အဆုံးမဲ့ကမ္ဘာကိုကာကွယ်ပြီး သက်ရှိအားလုံးအတွက် တိုက်ခိုက်ပေးမှာလား ”

‎

‎

‎ပြောပြီးနောက် ကုချန်သည် ယဲ့ယင်းယင်းအား တိတ်ဆိတ်စွာ ကြည့်နေပြီး သူမ၏အဖြေကို စောင့်ဆိုင်းနေလိုက်သည်။

‎

‎

‎“ အကယ်၍ ကပ်ဘေးကြီးကျရောက်လာခဲ့ရင် ကျွန်မကို ကြင်နာဖူးသူတွေ ဒါမှမဟုတ် ကျွန်မတန်ဖိုးထားရတဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေကိုပဲ ကာကွယ်ပေးမှာပါ။ ဒီကမ္ဘာလောကကြီး နဲ့ သက်ရှိတွေက ကျွန်မနဲ့ ဘာသက်ဆိုင်လို့လဲ ”

‎

‎

‎ယဲ့ယင်းယင်း၏အသံသည် တည်ငြိမ်နေပြီး သူမ၏လှပသောမျက်နှာပေါ်တွင် လှောင်ပြောင်မှုနှင့် မိမိကိုယ်ကိုသနားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

‎

‎

‎“ အဲ့ဒီတုန်းက လော့ထျန်းနန်းတော်က ကျွန်မကိုလိုက်လံဖမ်းဆီးနေချိန်မှာ လောကကြီးက ကျွန်မဟာ လူသားမျိုးနွယ်သူတော်စင်ခန္ဓာသွေးမျိုးဆက်က ဆင်းသက်လာသူတစ်ယောက်ဆိုတာ သိခဲ့ကြပြီး ကျွန်မတို့သူတော်စင်ခန္ဓာမျိုးရိုးက ဒီအဆုံးမဲ့ကမ္ဘာက သက်ရှိအားလုံးအတွက် ကြီးမားတဲ့ကံကြမ္မာကောင်းတွေ ရှိခဲ့တယ်ဆိုတာကိုလည်း လောကကြီးက သိခဲ့ကြပါတယ်။

‎

‎ဒါပေမဲ့ ဘာဖြစ်လဲ ကျွန်မကို လွတ်လမ်းမရှိအောင် လိုက်လံဖမ်းဆီးနေချိန်မှာ ဒီအဆုံးမဲ့ကမ္ဘာက သက်ရှိတွေထဲက တစ်ယောက်ယောက်က ကျွန်မကို ကူညီဖို့လက်တစ်စုံ ကမ်းလှမ်းခဲ့လို့လား။

‎

‎အဲ့ဒါထက်ပိုပြီး ရယ်စရာကောင်းတာက လူတော်တော်များများက လော့ထျန်းနန်းတော်ရဲ့ မျက်နှာသာပေးမှုကို ရလိုကြပြီး ကျွန်မရဲ့တည်နေရာကို သူတို့ဆီကို အဆက်မပြတ် ဖော်ထုတ်ပြောကြားခဲ့ကြတာ…

‎

‎ ကုမိသားစုကသာ ကူညီဖို့လက်တစ်စုံ မကမ်းလှမ်းခဲ့ဘူးဆိုရင် ယဲ့ယင်းယင်းဟာ လမ်းဘေးက ခြောက်သွေ့နေတဲ့ အရိုးပုံတစ်ပုံအဖြစ် ပြောင်းလဲသွားလောက်တာကြာပါပြီ။

‎

‎ဟင်း ဟင်း မဟာဧကရာဇ် အဆုံးမဲ့ကမ္ဘာက ဒီလိုသက်ရှိတွေက ကျွန်မရဲ့ကာကွယ်မှုနဲ့ စောင့်ရှောက်မှုကို ခံထိုက်တယ်လို့ ထင်ရဲ့လား ”

‎

‎

‎ယဲ့ယင်းယင်း၏ ကိုယ်တွေ့ဇာတ်ကြောင်းကို နားထောင်ရင်း ကုချန်သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ သူတော်စင်ခန္ဓာသွေးမျိုးဆက်နှင့် ဤမိန်းကလေးငယ်သည်လည်း ဝမ်းနည်းဖွယ်အတိတ်ရှိသူတစ်ဦးပင်တည်း။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ယဲ့ယင်းယင်း၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကုချန်သည် စိတ်သက်သာရာရသွားသည်။

‎

‎

‎ဤမိန်းကလေးငယ်သည် အဆုံးမဲ့ကမ္ဘာမှ သက်ရှိများဟုခေါ်သော သို့မဟုတ် လူသားမျိုးနွယ်၏ ကြီးမြတ်သောဖြောင့်မတ်မှန်ကန်မှုအပေါ် ခံစားချက်မရှိသည့်အတွက်ကြောင့် ဤကိစ္စကိုကိုင်တွယ်ရန် လွယ်ကူပေလိမ့်မည်။

‎

‎

‎“ ကျန်ခဲ့တဲ့ရက်အနည်းငယ်က မင်းအသက်ကိုစွန့်ပြီး ကုမိသားစုကို ကူညီခဲ့တာက ကုမိသားစုအပေါ် ကြီးမားတဲ့ကြင်နာမှုကို ပြသခဲ့တာပဲ။ ငါဧကရာဇ်က မင်းကို တပည့်အဖြစ် လက်ခံချင်တယ် မင်းဆန္ဒရှိရဲ့လား ”

‎

‎

‎ကုချန်သည် ယဲ့ယင်းယင်းကို ကြည့်လိုက်ပြီး ခပ်မှိန်မှိန် ပြုံးလိုက်သည်။

‎

‎

‎“ အာ… ဒါက… ဧကရာဇ်မင်းရဲ့ တပည့်ဖြစ်ဖို့အတွက် ကျွန်မဘယ်လိုလုပ် ထိုက်တန်မှာလဲ ”

‎

‎

‎ကုချန်က သူမအား တပည့်အဖြစ်လက်ခံရန် ရည်ရွယ်သည်ကို ကြားသောအခါ ယဲ့ယင်းယင်းသည် ပထမတွင် မှင်တက်သွားပြီးနောက် စိတ်ရှုပ်ထွေးကာ မည်သို့မည်ပုံနေရမှန်းမသိ ဖြစ်သွားသည်။

‎

‎

‎ကုချန်၏တပည့်ဖြစ်လာနိုင်မည်ဟု သူမ ဘယ်သောအခါကမျှ မတွေးဝံ့ခဲ့ပေ။

‎

‎

‎သူမ၏ မပြောပလောက်သောခွန်အားဖြင့် မဟာဧကရာဇ်ကုချန်၏ တပည့်ဖြစ်လာရန် မည်သို့ထိုက်တန်နိုင်မည်နည်း။

‎

‎

‎“ ဒီဧကရာဇ်က မင်းလုပ်နိုင်တယ်လို့ပြောရင် မင်းလုပ်နိုင်တာပဲ ”

‎

‎

‎ကုချန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်ရာ သူ၏တည်ငြိမ်သောအသံတွင် ငြင်းဆို၍မရသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဆန္ဒတစ်ခု ပါဝင်နေဟန်ရှိသည်။

‎

‎

‎“ ငါ့ကိုပဲပြော ငါဧကရာဇ်ကို ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိရဲ့လား ”

‎

‎

‎စကားစမြည်ပြောဆိုမှုသည် ဤအခြေအနေသို့ပင် ရောက်ရှိလာပြီးမှ ယဲ့ယင်းယင်းသည် မည်သို့ရွေးချယ်ရမည်ကို မသိသေးပါက သူမသည် အမှန်တကယ်ပင် မိုက်မဲသူတစ်ဦး ဖြစ်ပေလိမ့်မည်။

‎

‎

‎သူမသည် ကုချန်၏ရှေ့တွင် ချက်ချင်းဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် လေးစားစွာဖြင့် ပြောလိုက်သည်။

‎

‎

‎“ ကျွန်မကို မစက်ဆုပ်မရွံရှာတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာဧကရာဇ်။ ဒီတပည့် ယဲ့ယင်းယင်းက မဟာဧကရာဇ်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကျင့်ကြံဖို့ ဆန္ဒရှိပါတယ် "

‎

‎

‎“ ဟင်း ဟင်း ထတော့ ”

‎

‎

‎ယဲ့ယင်းယင်း၏ တပည့်ခံမှုကိုမြင်သောအခါ ကုချန်သည် ကျေနပ်စွာပြုံးလိုက်ပြီးနောက် သူ၏လက်ဖြင့် ဆွဲတင်ဟန်ပြုလိုက်ရာ နူးညံ့သောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ယဲ့ယင်းယင်းအား မြေပြင်မှဆွဲမလေသည်။

‎

‎

‎ယဲ့ယင်းယင်းအား တပည့်အဖြစ် လက်ခံခြင်းသည် ကုချန်၏ ရုတ်တရက်ဆုံးဖြတ်ချက်မဟုတ်ဘဲ သေချာစွာစဉ်းစားပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎ပထမအချက်မှာ ယဲ့ယင်းယင်းသည် လူသားမျိုးနွယ်သူတော်စင်ခန္ဓာသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ပါရမီနှင့် အလားအလာမှာ သံသယဖြစ်ဖွယ်မရှိလောက်အောင် ကောင်းမွန်လှသည်။ အနာဂတ်တွင် အနည်းငယ်ကျင့်ကြံလိုက်ရုံဖြင့် သူမသည် ကောင်းကင်သို့ ပျံတက်နိုင်ပြီး အဆုံးမဲ့ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်မည်မှာ သေချာ၏။

‎

‎

‎ဒုတိယအချက်မှာ ယဲ့ယင်းယင်းသည် ကုမိသားစုအပေါ် သူမ၏ချစ်ခင်မှုနှင့် သစ္စာစောင့်သိမှုကို သူမ၏လုပ်ရပ်များဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။ အနာဂတ်တွင် မည်သို့ပင်ဖြစ်စေ သူမသည် ကုမိသားစုကို သစ္စာဖောက်မည်မဟုတ်ချေ။ ဤသည်မှာ ကုချန်အနေဖြင့် ကျေးဇူးမသိတတ်သော ကျေးဇူးကန်းသူတစ်ဦးကို မွေးမြူမိမည်ကို စိုးရိမ်စရာမလိုဘဲ ယဲ့ယင်းယင်းကို ပြုစုပျိုးထောင်ရာတွင် သူ၏ကြိုးပမ်းမှုအားလုံးကို ယုံကြည်စိတ်ချစွာ သွန်သင်နိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

‎

‎

‎တတိယအချက်မှာ ကုချန်သည် အနာဂတ်တွင် ကုမိသားစုကို အမြဲတမ်းစောင့်ရှောက်နိုင်မည် မဟုတ်ချေ။

‎

‎

‎ အကယ်၍ သူသာ ထူးကဲသောပါရမီရှိသည့် တပည့်အနည်းငယ်ကို လက်ခံပြုစုပျိုးထောင်နိုင်ခဲ့ပါက အနာဂတ်တွင် သူတို့သန်မာလာသောအခါ အကြောင်းတစ်ခုခုကြောင့် သူ ကုမိသားစုမှ ထွက်ခွာခဲ့ရလျှင်ပင် ဤတပည့်များရှိနေသဖြင့် ကုမိသားစုအား အန္တရာယ်မှ ကာကွယ်ပေးနိုင်ပြီး ထာဝရရှေးဟောင်းဧကရာဇ်သခင်ကဲ့သို့သော အဖြစ်အပျက်များ ထပ်မံဖြစ်ပွားခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

‎

‎

‎ကုချန်သည် အဆုံးမဲ့ကမ္ဘာတွင် နှစ်ပေါင်းကိုးသောင်းကြာ ပျောက်ဆုံးနေစဉ်အတွင်း ကုမိသားစုသည် အဘယ်ကြောင့် ဤမျှလျင်မြန်စွာ ကျဆင်းခဲ့ရပြီး ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသာသာကပင် သူတို့အပေါ်၌ ပေါ်ပေါ်တင်တင် လွှမ်းမိုးအနိုင်ကျင့်ဝံ့သည့်အထိ ဖြစ်ခဲ့ရသနည်း။

‎

‎

‎ကုချန်ထွက်ခွာသွားစဉ်က ကုမိသားစုအတွက် အမွေအနှစ်များစွာ မချန်ထားခဲ့သည့်အချက်အပြင် ကုမိသားစု၏ အားနည်းပြီး အထီးကျန်သော အနေအထားနှင့်လည်း သက်ဆိုင်နေသည်။

‎

‎

‎အကယ်၍ ကုချန်မထွက်ခွာမီက ဧကရာဇ်တပိုင်းအဆင့် သို့မဟုတ် ဧကရာဇ်အဆင့်တပည့်များစွာက အဆုံးမဲ့ကမ္ဘာကို စောင့်ရှောက်နေခဲ့ပါက ဧကရာဇ်တပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦးကိုထားဦး ထိုဧကရာဇ်မျိုးနွယ်စုများပင် ကုမိသားစုကို ဘယ်သောအခါမျှ အနိုင်ကျင့်ဝံ့မည်မဟုတ်ချေ။

‎

‎

‎ထို့ကြောင့် ယဲ့ယင်းယင်းအား တပည့်အဖြစ်လက်ခံခြင်းသည် ကုမိသားစု၏အနာဂတ်အတွက် ကုချန်၏ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုတစ်ခုပင် ဖြစ်သည်။

‎

‎

‎“ မင်း ငါဧကရာဇ်ကို ဆရာအဖြစ်သတ်မှတ်ပြီးပြီဆိုတော့ ငါဧကရာဇ်က မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး ”

‎

‎

‎ကုချန်သည် သူ၏ရှေ့တွင် တိတ်ဆိတ်စွာရပ်နေသော နာခံတတ်သည့်မိန်းကလေးကို ကြည့်ကာ လက်တစ်ဖက်ဖြင့်ဖိလိုက်ရာ မမြင်နိုင်သောစွမ်းအားတစ်ခုသည် ကုချန်၏လက်ချောင်းထိပ်များမှ စီးဆင်းလာပြီး သူမ၏မျက်ခုံးနှစ်ခုကြားရှိ ယဲ့ယင်းယင်း၏ စိတ်အသိဉာဏ်ထဲသို့ ဝင်ရောက်သွားသည်။

‎

‎

‎ထိုအရာသည် ကုချန်ဖန်တီးခဲ့သော ကုကောင်းကင်ဧကရာဇ်ကျမ်းဖြစ်ပြီး ယခုတွင်မူ သူ၏အမြင့်မြတ်ဆုံးနည်းလမ်းများဖြင့် ယဲ့ယင်းယင်း၏ စိတ်အသိဉာဏ်ထဲ၌ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

‎

‎

‎“ မင်းရဲ့ဆရာက ဆရာဖန်တီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်ကျမ်းကို မင်းရဲ့စိတ်အသိဉာဏ်ထဲမှာ တံဆိပ်ခတ်ပေးထားတယ်။ လောလောဆယ်တော့ မင်း ခန္ဓာသန့်စင်ခြင်းအဆင့်ကျမ်းကနေ တာအိုနန်းတော်အဆင့်ကျမ်အထိပဲ ကြည့်လို့ရဦးမယ်။

‎

‎အနာဂတ်မှာ မင်း နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်ကို တက်လှမ်းသွားတဲ့အခါ နောက်ဆက်တွဲကျမ်းတွေကလည်း တံဆိပ်ပွင့်ပြီး မင်းကိုမြင်နိုင်စေလိမ့်မယ် ”

‎

‎

‎ကုချန်က လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

‎

‎

‎“ တပည့်က ဆရာ့ကို ကျေးဇူးတင်ရှိပါတယ် ”

‎

‎

‎သူမ၏စိတ်အသိဉာဏ်ထဲ၌ ရုတ်တရက်ပေါ်လာသော ကျယ်ပြောလှပြီး အဆုံးမဲ့သည့်အမြင့်မြတ်ဆုံးကျမ်းကို ခံစားမိသောအခါ ယဲ့ယင်းယင်းသည် သူမ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ကျေးဇူးတင်ကြောင်းဖော်ပြရန် လျင်မြန်စွာ ဒူးထောက်လိုက်သည်။

‎

‎

‎ကုချန်ချီးမြှင့်သော ကုကောင်းကင်ဧကရာဇ်ကျမ်းသည် မည်မျှအဖိုးတန်သည်ကို သူမ အမှန်ပင်သိရှိ၏။

‎

‎

‎၎င်း၏တန်ဖိုးသည် သာမန်ဒိဗ္ဗရတနာများနှင့် ဆန်းပြားသောပစ္စည်းများဟုခေါ်သည့်အရာများထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဧကရာဇ်တပိုင်းအဆင့်တည်ရှိမှုများပင် မက်မောမည့် အမြင့်မြတ်ဆုံးအမွေအနှစ်ဖြစ်သော်လည်း ယခုတွင်မူ သူမ၏ဆရာက ပေါ့ပေါ့ပါးပါးပင် ချီးမြှင့်လိုက်သည်။ ယဲ့ယင်းယင်းသည် အမှန်ပင် ကြီးမားသောကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။

‎

‎

‎“ ကောင်းပြီ မင်းအခုသွားပြီး ဒီကုကောင်းကင်ဧကရာဇ်ကျမ်းရဲ့ ပထမကျမ်းအနည်းငယ်ကို လုံ့လဝီရိယနဲ့ လေ့လာလိုက်တော့ ”

‎

‎

‎ကုချန်သည် ပြုံးကာ လက်ယမ်းပြလိုက်ပြီး ယဲ့ယင်းယင်းအား ထွက်ခွာရန် အချက်ပြလိုက်သည်။

‎

‎

‎ယဲ့ယင်းယင်းသည် ဧကရာဇ်အဆင့်ရတနာကျမ်းတစ်ခုကို ယခုလေးတင်ရရှိခဲ့ရာ ချက်ချင်းပင် လေ့လာဆင်ချင်လိုစိတ် ပြင်းပြနေမည်ကို သူသိသောကြောင့် သူမအား ဆက်လက်ဆွဲထားရန် မလိုအပ်တော့ပေ။

‎

‎

‎“ တပည့်ကို ထွက်ခွာခွင့်ပြုပါ "

‎

‎

‎ကုချန်၏အချက်ပြမှုကိုမြင်သောအခါ ယဲ့ယင်းယင်းသည် ချက်ချင်းပင် ဝမ်းမြောက်စွာဖြင့် ဆုတ်ခွာသွားသည်။

‎

‎

‎ကုချန်ထင်သည့်အတိုင်းပင် သူမသည် ဤကုကောင်းကင်ဧကရာဇ်ကျမ်းကို ကျင့်ကြံရန် စိတ်မရှည်နိုင်တော့ချေ။

‎

‎

‎ယဲ့ယင်းယင်းထွက်ခွာသွားပြီးနောက် ဆွေးနွေးတိုင်ပင်ရာ ပင်မခန်းမသည် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွား၏။

‎

‎

‎ကုချန်သည် အေးအေးလူလူထိုင်နေပြီး သူ၏လက်ချောင်းများက ထိုင်ခုံနောက်မှီကို ညင်သာစွာပုတ်ခတ်နေကာ သူ၏အတွေးများသည် လွင့်မျောနေလေပြီ။

‎

‎

‎ယခု ကုမိသားစုသည် သူတို့၏ပစ္စည်းအများစုကို ထုပ်ပိုးပြီးဖြစ်ရာ သူဆုံးဖြတ်ချက်ချပြီး ကုမိသားစုပြောင်းရွှေ့မည့် ရှင်သန်ခြင်းတားမြစ်နယ်မြေကို ရွေးချယ်ရမည့်အချိန်ပင် ဖြစ်သည်။

‎

‎

‎“ အဆုံးမဲ့တိုက်ကြီးပေါ်မှာရှိတဲ့ ရှင်သန်ခြင်းတားမြစ်နယ်မြေတွေ ငါဧကရာဇ်ကို စဉ်းစားခွင့်ပေးဦး ”

‎

‎

‎ကုချန်သည် ညင်သာစွာရေရွတ်လိုက်ပြီး သူ၏မျက်လုံးများတွင် စဉ်းစားတွေးတောနေဟန် ပေါ်လွင်နေ၏။

‎

‎

‎သူ ဘယ်တားမြစ်နယ်မြေကို ရွေးချယ်သင့်သနည်း။

‎အခန်း (၄၄)-ကောင်းကင်ဘုံတားမြစ်နယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သောမူလအစ၊ ရှေးဟောင်းဧကရာဇ်အား မြှုပ်နှံခြင်း

‎

‎

‎

‎အဆုံးမဲ့ကမ္ဘာအတွင်းတွင် ရှင်သန်ခြင်းတားမြစ်နယ်မြေ အများအပြား ရှိလေသည်။

‎

‎

‎ထိုရှင်သန်ခြင်းတားမြစ်နယ်မြေအများစုမှာ စကြဝဠာတစ်ခွင်တွင် ပြန့်ကျဲတည်ရှိနေကြသော်လည်း အနည်းငယ်မှာမူ အဆုံးမဲ့တိုက်ကြီးပေါ်တွင် တည်ရှိနေလေ၏။

‎

‎

‎နတ်ဘုရားဝိညာဉ်ဂူ၊ ကောင်းကင်မြှုပ်နှံကျွန်း၊ ရှေးဟောင်းဧကရာဇ်တောင်၊ မူလရှေးဟောင်းတွင်းနက်…

‎

‎

‎ဥပမာအားဖြင့် ဤတားမြစ်နယ်မြေများသည် အဆုံးမဲ့တိုက်ကြီးပေါ်၌ တည်ရှိနေကြသည်။

‎

‎

‎ကုချန်ရွေးချယ်လိုက်သော ပစ်မှတ်မှာမူ အဆုံးမဲ့တိုက်ကြီးပေါ်တွင် တည်ရှိနေသည့် ထိုတားမြစ်နယ်မြေများပင် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ သူသည် ကုမိသားစုတစ်စုလုံးအား စကြဝဠာကိုဖြတ်ကျော်၍ ခေါ်ဆောင်သွားရန် ရည်ရွယ်ချက်မရှိချေ။ သူသည် ဤအဆုံးမဲ့တိုက်ကြီးပေါ်တွင်သာ အခြေချရန် စီစဉ်ထားဆဲဖြစ်ပြီး အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေအတွင်း၌သာ ရှိနေမည်ဆိုလျှင်မူ ပို၍ပင်ကောင်းသေးသည်။

‎

‎

‎အကြောင်းမှာ ကုမိသားစုအတွက်မူ ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် ကမ္ဘာကြီးနှင့် ထာဝရအဆက်အသွယ်ပြတ်တောက်သွားမည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိသောကြောင့်ပင်။

‎

‎

‎အနာဂတ်တွင် ကုချန်၏ခွင့်ပြုချက်ဖြင့် အချို့သောကုမိသားစုဝင်များသည် တားမြစ်နယ်မြေနှင့် လောကီကမ္ဘာကြားတွင် သွားလာနိုင်ကြမည်ဖြစ်ပြီး စွန့်စားခန်းများထွက်ကာ အတွေ့အကြုံများ ရယူနိုင်ကြဦးမည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ပြောင်းရွှေ့ပြီးနောက် တည်နေရာသည် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ၌သာ ရှိနေမည်ဆိုလျှင် ကုမိသားစုအတွက် အပြင်လောက၏ပြောင်းလဲမှုများကို နားလည်ရန် အားစိုက်ထုတ်စရာ များစွာမလိုအပ်ဟု ဆိုလိုခြင်းပင်တည်း။

‎

‎

‎“ အရှေ့ဘက်စွန့်ပစ်ဒေသတာအိုနယ်မြေသာဆိုရင် ရှေးဟောင်းဧကရာဇ်တောင် ကောင်းကင်သင်္ချိုင်းကျွန်းနဲ့ တာအိုပင်လယ် အားလုံးက ဒီမှာပဲရှိတာ ဘယ်တစ်ခုကို ငါရွေးသင့်လဲ ”

‎

‎

‎ကုချန်သည် သူ၏မေးစေ့အား ပွတ်သပ်လိုက်ပြီး ခဏတာစဉ်းစားလိုက်ကာ သူ၏စိတ်ထဲတွင် အဖြေတစ်ခုကို လျင်မြန်စွာ ရရှိသွားခဲ့သည်။

‎

‎

‎သူသည် ကောင်းကင်သင်္ချိုင်းကျွန်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်၏။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေများ ဖြစ်လာနိုင်သော နေရာတိုင်းတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ဒဏ္ဍာရီများ ရှိကြသည်။

‎

‎

‎ဤကောင်းကင်သင်္ချိုင်းကျွန်းမှာမူ ထိုတားမြစ်နယ်မြေများကြားတွင်ပင် ထူးခြားထင်ရှားသော နေရာတစ်ခု ဖြစ်နေပြန်သည်။

‎

‎

‎ကောင်းကင်သင်္ချိုင်းကျွန်းသည် အချင်းဝက် မိုင်တစ်သန်းနီးပါးရှိသော မျောနေသည့်ကျွန်းတစ်ကျွန်းဖြစ်သော်လည်း ကျွန်းတစ်ကျွန်းထက် အဆုံးမဲ့တိုက်ကြီးတစ်ခုနှင့် ပို၍တူလေသည်။

‎

‎

‎ကောင်းကင်သင်္ချိုင်းကျွန်းသည် အဆုံးမဲ့ကမ္ဘာနှင့် သက်ဆိုင်ခြင်းမရှိဘဲ အပြင်ဘက်ရှိ ဟွမ်သွမ့်မှ မျောလွင့်လာပြီး အဆုံးမဲ့ကမ္ဘာထဲသို့ ကျရောက်လာခဲ့သည်ဟူသော ကောလာဟလများ ရှိနေသည်။

‎

‎

‎ဤကောင်းကင်သင်္ချိုင်းကျွန်းသည် ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေမှ ကျဆင်းလာပြီး အဆုံးမဲ့ကမ္ဘာထဲသို့ ရောက်ရှိလာသည်ဟူသော ကောလာဟလများလည်း ရှိနေပြန်သည်။

‎

‎

‎သို့သော် ကောင်းကင်သင်္ချိုင်းကျွန်းသည် အဆုံးမဲ့ကမ္ဘာထဲသို့ ကျရောက်လာသောအခါ ကောင်းကင်နှင့်မြေကြီးတို့ ဇောက်ထိုးမှောက်ခုံဖြစ်ကာ စကြဝဠာအားလုံး ပျက်စီးသွားသည့် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ပေါ်ပေါက်ခဲ့သည်။ ဤသည်မှာ ကောင်းကင်သင်္ချိုင်းကျွန်းဟူသော အမည်ရလာခဲ့ပုံပင် ဖြစ်သည်။

‎

‎

‎ကောင်းကင်သင်္ချိုင်းကျွန်း၊ ကောင်းကင်ဘုံကို မြှုပ်နှံရာမြေ။

‎

‎

‎ဟုတ်ပါသည်။ ဤကောင်းကင်သင်္ချိုင်းကျွန်းသည် အဆုံးမဲ့ကမ္ဘာအထက်ရှိ အင်မော်တယ်နယ်မြေမှ ကျဆင်းလာသည်ဟူသော ကောလာဟလများကြောင့် သက်ရှိအားလုံးက ၎င်းအား ကောင်းကင်ဘုံတားမြစ်နယ်မြေဟုလည်း ခေါ်ဆိုကြသည်။ အဓိပ္ပာယ်မှာ ၎င်းသည် အဆုံးမဲ့ကမ္ဘာကို ကျော်လွန်သော အမြင့်မြတ်ဆုံးနေရာတစ်ခု ဖြစ်သည်ဟု ဆိုလိုခြင်းပင်တည်း။

‎

‎

‎ဤကောင်းကင်ဘုံတားမြစ်နယ်မြေသည် မူလအစအားဖြင့် လျှို့ဝှက်ဆန်းကြယ်ရုံသာမက အဆုံးမဲ့ကမ္ဘာသို့ ကျရောက်ပြီးနောက် တွေ့ကြုံခဲ့ရသည့်အရာအားလုံးမှာလည်း အတော်ပင် ထူးဆန်းအစွမ်းကုန်လှသည်။

‎

‎

‎အကြောင်းမှာ သမိုင်းတစ်လျှောက် ဤနေရာသို့ ဝင်ရောက်ခဲ့သော ဧကရာဇ်အဆင့်တည်ရှိမှုအားလုံးသည် ချွင်းချက်မရှိဘဲ ကံကြမ္မာတစ်ခုခု၏ ကျိန်စာသင့်ခံရသကဲ့သို့ အားလုံးနီးပါး ကြမ်းတမ်းစွာ သေဆုံးခဲ့ကြသောကြောင့် ဖြစ်သည်။

‎

‎

‎သို့ဖြစ်ရာ နောက်ပိုင်းတွင် ဧကရာဇ်အဆင့်တည်ရှိမှု အနည်းငယ်သာ ဤနေရာသို့ ဝင်ရောက်ခဲ့ကြတော့သည်။

‎

‎

‎သို့သော် ဤကဲ့သို့သော မသေချာမရေရာသည့် ဒဏ္ဍာရီများသည် ကုချန်အပေါ်တွင် သက်ရောက်မှုတစ်စုံတစ်ရာ မရှိခဲ့ချေ။

‎

‎

‎သာမန်ဧကရာဇ်အဆင့်ဖြစ်ပါက စိုးရိမ်ပူပန်မှုအချို့၊ စဉ်းစားစရာအချို့ ရှိကောင်းရှိနိုင်ပေသည်။

‎

‎

‎သို့သော် သူသည် ကုကောင်းကင်ဘုံဧကရာဇ်ဖြစ်ရာ ဤအရာများကို ဂရုစိုက်နေမည်မဟုတ်သည်မှာ သဘာဝကျပေသည်။

‎

‎

‎အကယ်၍ အမှန်တကယ် မကောင်းသော အရာတစ်ခုခု ရှိနေပါက သူသည် ၎င်းအား သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖိနှိပ်ပစ်မည်သာ။

‎

‎

‎ဟုတ်ပါသည်။ ဤကောင်းကင်ဘုံတားမြစ်နယ်မြေအား ရွေးချယ်ရခြင်းအကြောင်းရင်းမှာ ၎င်း၏ လုံလောက်စွာ လျှို့ဝှက်ဆန်းကြယ်ပြီး သာလွန်မြင့်မြတ်သော မူလအစအပြင် အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ လွန်ခဲ့သောနှစ်ပေါင်း ကိုးသောင်းက နတ်ဆိုးနယ်မြေ ကျူးကျော်မှုအတွင်း ဤကောင်းကင်ဘုံတားမြစ်နယ်မြေ၏ အရှင်သခင်ဖြစ်သူ ကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ်သည် အခွင့်အရေးကို အရယူကာ ပေါ်ထွက်လာရန် ကြိုးစားခဲ့ပြီး ရေလိုက်ငါးလိုက်နေကာ ဟွမ်သွမ့်ကို လှုံ့ဆော်ရန် ကြိုးပမ်းခဲ့ဖူးသည်။

‎

‎

‎နောက်ဆုံးတွင် သူ့အား ကုချန်က တားဆီးနိုင်ခဲ့သော်လည်း သူသည် ကုချန်အား ဒုက္ခများစွာ ဖြစ်စေခဲ့သည်။

‎

‎

‎ထိုအချိန်က ကုချန်၏ စွမ်းအင်အားလုံးကို နတ်ဆိုးနယ်မြေမှ အရှင်များက ချုပ်နှောင်ထားခဲ့သဖြင့် သူ့တွင် အချိန်ပိုမရှိခဲ့ဘဲ နောက်ပိုင်းတွင် သူသည် ဟွမ်သွမ့်ထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ကာ ဘယ်သောအခါမျှ ပြန်မလာခဲ့တော့ချေ။

‎

‎

‎ယခု သူသည် တားမြစ်နယ်မြေသို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ ထိုကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ်အား လွယ်လွယ်ကူကူ လွှတ်ပေးမည်မဟုတ်သည်မှာ သဘာဝကျလှသည်။

‎

‎

‎လွန်ခဲ့သောနှစ်ပေါင်းကိုးသောင်းက အတိုးများအား ယခုပင် ကောက်ခံရမည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

‎

‎

‎… … … …

‎

‎

‎“ မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလား ”

‎

‎

‎ကုမိသားစု၏ ဆွေးနွေးတိုင်ပင်ခန်းမအတွင်း၌ ကုချန်သည် ခန်းမထဲတွင်ရပ်နေကြသော ကုမိသားစုဝင်အများအပြားကို ကြည့်ရှုလိုက်ပြီး မေးမြန်းလိုက်လေသည်။

‎

‎

‎“ ဘိုးဘေးကြီးကို လျှောက်တင်ပါတယ်။ လူတိုင်းအဆင်သင့်ဖြစ်ပါပြီ ”

‎

‎

‎ကုတောက်လင်းသည် လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

‎စိတ်လှုပ်ရှားရခြင်းမှာ ကုမိသားစုသည် နောက်ဆုံးတွင် ဤဝမ်းနည်းဖွယ်ရာနေရာမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့်ပင်။

‎

‎

‎စိုးရိမ်ကြောင့်ကြရခြင်းမှာ ရှင်သန်ခြင်းတားမြစ်နယ်မြေများတွင် ငုပ်လျှိုးနေသော အမြင့်မြတ်ဆုံးတည်ရှိမှုများသည် ကုမိသားစုအား ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုသို့ ခေါ်ဆောင်ရန် ဘိုးဘေးကြီး၏အစီအစဉ်ကို သဘောတူမည်လောဟူ၍ ဖြစ်သည်။

‎

‎

‎“ မင်းတို့အဆင်သင့်ဖြစ်ရင် မကြာခင်ထွက်ခွာကြမယ်။ အရင်ဆုံး ဒီဧကရာဇ်ကို ကိစ္စတချို့ဖြေရှင်းဖို့ စောင့်ဆိုင်းကြဦး ”

‎

‎

‎ကုမိသားစုဝင်အားလုံး အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ ကုချန်သည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ပုံရိပ်သည် ဝေဝါးသွားကာ ဆွေးနွေးတိုင်ပင်ခန်းမမှ ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎“ ဘိုးဘေးကြီး ဘာသွားလုပ်တာလဲ ”

‎

‎

‎ဗလာဖြစ်နေသော ပင်မနေရာကို ကြည့်ရင်း ကုမိသားစုအကြီးအကဲများစွာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ဤကဲ့သို့အချိန်တွင် ကုချန်အနေဖြင့် မည်သည့်ကိစ္စကို ဖြေရှင်းရန်ရှိနေစည်ကို အံ့ဩနေကြသည်။

‎

‎

‎“ ဘာလို့ ဒီလောက်ဂရုစိုက်နေကြတာလဲ ဘိုးဘေးကြီးလုပ်ချင်တဲ့အရာက ငါတို့ခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး ”

‎

‎

‎ကုတောက်လင်းသည် ထိုကုမိသားစုအကြီးအကဲအနည်းငယ်ကို စိုက်ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ

‎

‎

‎“ ငါတို့က တိတ်တိတ်ဆိတ်ဆိတ်ပဲ စောင့်နေဖို့လိုတယ် ” ဟု ပြောလိုက်သည်။

‎

‎

‎“ ဟုတ်ကဲ့ပါ… ”

‎

‎

‎ကုတောက်လင်း၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရပြီးနောက် ကုမိသားစုအကြီးအကဲများသည် သူတို့၏လည်ပင်းများကို ကျုံ့လိုက်ကြကာ လျင်မြန်စွာပင် တိတ်ဆိတ်သွားကြသည်။

‎

‎

‎သို့သော် ထိုအချိန်မှာပင် ခမ်းနားထည်ဝါသောအသံတစ်ခုသည် အဝေးဆုံးမိုးကုပ်စက်ဝိုင်းမှလာသကဲ့သို့ ခန်းမ၏အတားအဆီးများကို ဖြတ်သန်းကာ ဆွေးနွေးတိုင်ပင်ခန်းမရှိ ကုမိသားစုဝင်အားလုံး၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎“ ကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ် ထွက်ခဲ့စမ်း ”

‎

‎

‎ထိုအသံသည် ခမ်းနားပြီး ကျယ်ပြောလှကာ ဝါကျတစ်ကြောင်းတည်းကို ကြားရုံမျှဖြင့်ပင် လူတို့အား အလိုအလျောက် ကြောက်ရွံ့မှုခံစားရစေပြီး ဦးညွှတ်ဂါရဝပြုချင်စိတ်ကို ဖြစ်ပေါ်စေသည်။

‎

‎

‎ဆွေးနွေးတိုင်ပင်ခန်းမရှိ ကုမိသားစုဝင်များမှာမူ ဤအသံကိုကြားပြီးနောက် အားလုံးအံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

‎

‎

‎ ဤအသံသည် ဘိုးဘေးကြီး၏အသံနှင့် အဘယ်ကြောင့် ဤမျှတူနေရသနည်း။

‎

‎

‎… … … …

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေအထက်၌ ဖြစ်သည်။

‎

‎

‎ကုချန်သည် ကောင်းကင်ဘုံကိုးခုအထက်တွင် ရပ်နေပြီး သူ၏ မည်သည့်စွမ်းအင်ကိုမျှ ဖုံးကွယ်မထားချေ။

‎

‎

‎ဧကရာဇ်၏စွမ်းအားသည် လေးဘက်လေးတန်သို့ ပျံ့နှံ့သွားရာ အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများအား ခံစားသိရှိစေခဲ့ပြီး သူရပ်နေသောနေရာသို့ ကြည့်ရှုစေခဲ့သည်။

‎

‎

‎သို့သော် ထိုအကြည့်များ စုစည်းနေမှုအောက်တွင် ကုချန်သည် တုန်လှုပ်ခြင်းမရှိဘဲ သူ၏အကြည့်ကို အရှေ့ဘက်စွန်းတာအိုနယ်မြေအထက်ရှိ နေရာတစ်ခုဆီသို့သာ ပို့လွှတ်ထားလိုက်သည်။

‎

‎

‎သူ၏အကြည့်များ စုစည်းနေသောနေရာတွင် မူလက မိုင်ထောင်ချီ၍ ကြည်လင်နေသော ကောင်းကင်သည် တုန်ခါနေလေ၏။

‎

‎

‎မကြာမီတွင် ကောင်းကင်ရှိအလင်းရောင်အားလုံးကို ဖုံးကွယ်နိုင်ဟန်ရှိသော အဆုံးမဲ့ခမ်းနားသည့် ကျွန်းတစ်ကျွန်းသည် ကုချန်၏ရှေ့တွင် ပေါ်ထွက်လာခဲ့၏။

‎

‎

‎ဤကျွန်းသည် လုံးပတ်အားဖြင့် မိုင်တစ်သန်းရှိပြီး အဆုံးမရှိလုနီးပါး ကျယ်ပြောလှပေသည်။

‎

‎

‎ကျွန်းတစ်ခုလုံးသည် စွမ်းအင်အားဖြင့် ခံ့ညားထည်ဝါပြီး တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေကာ သာလွန်မြင့်မြတ်၍ လျှို့ဝှက်ဆန်းကြယ်လှသည်။

‎

‎

‎ရှေးဟောင်းသစ်တောများသည် ၎င်းပေါ်တွင် အမြစ်တွယ်နေပြီး ရှေးဟောင်းသစ်ပင်တစ်ပင်စီ၏ အကိုင်းအခက်များသည် လိမ်ကောက်နေသော နဂါးတစ်ကောင်ကဲ့သို့ ဆန့်ထွက်နေကာ ၎င်း၏ပင်စည်မှာ တောင်ငယ်များကဲ့သို့ ထူထဲလှသည်။ ၎င်း၏အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် နှစ်သောင်းပေါင်းမည်မျှ ကြီးထွားခဲ့သည်ကို မည်သူမျှ မပြောနိုင်ပေ။

‎

‎

‎ဟုတ်ပါသည်။ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ဤမျောနေသောကျွန်း၏ ပုံသဏ္ဌာန်ပင်ဖြစ်သည်။

‎

‎

‎ကျွန်းတစ်ခုလုံး၏ အပြင်ဘက်ပုံသဏ္ဌာန်မှာ ရှေးဟောင်းခေါင်းတလားတစ်ခုနှင့် တူနေလေသည်။ အင်မော်တယ်မြူခိုးများဖြင့် ဝန်းရံထားသော်လည်း သာလွန်မြင့်မြတ်ပြီး ငြိမ်းချမ်းဟန်ရှိသော်ငြား ထူးဆန်းမှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။

‎

‎

‎“ ဒါ ကောင်းကင်သင်္ချိုင်းကျွန်းပဲ ဒါက ကောင်းကင်ဘုံတားမြစ်နယ်မြေပဲ ငါ သူ့ရဲ့မှတ်တမ်းတွေကို ဂိုဏ်းရဲ့ရှေးဟောင်းစာပေတွေထဲမှာ တစ်ခါမြင်ဖူးတယ် ”

‎

‎

‎အရှေ့ပိုင်းဒေသစွန့်ပစ်တာအိုနယ်မြေအတွင်းတွင် ဂိုဏ်းအကြီးအကဲကြီးတစ်ဦးသည် ခေါင်းတလားနှင့်တူသော ဤမျောနေသည့်ကျွန်း၏ မူလအစကို မှတ်မိသွားပြီး အံ့ဩတကြီးရေရွတ်လိုက်သည်။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေလော။

‎ထိုနေရာသည် ရှေးဟောင်းဧကရာဇ်၏ နားခိုရာနေရာဟု ကောလာဟလထွက်ထားသည် မဟုတ်လော။

‎

‎

‎အရှေ့ဘက်စွန့်ပစ်နယ်မြေတာအိုဒိုမိန်းအတွင်းရှိ သက်ရှိအားလုံးသည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် ထိတ်လန့်နေကြသည်။

‎

‎

‎ကုမိသားစု၏ မဟာဧကရာဇ်ကုချန်သည် အမှန်တကယ်တွင် မည်သည့်အရာကို ပြုလုပ်ရန် ကြံရွယ်နေသနည်း။

All Chapters