အခန်း (၄၅-၄၆)
Vol. 4 Ch. 45-46
အခန်း (၄၅)-ကုချန်မှ သစ္စာဖောက်ခြင်း၊ အသက်သုံးရှိုက်အတွင်း လမ်းဆုံးသို့ ပို့ဆောင်ပေးခြင်း
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေမှ စွမ်းအားရှင်အမျိုးမျိုးသာမက အခြားသော ရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်းမှ ကြောက်မက်ဖွယ်ရာ သတ္တဝါများပင် အထိတ်တလန့် ဖြစ်သွားကြသည်။
ကြောက်မက်ဖွယ်ရာ နေရာအမျိုးမျိုးမှ ကမ္ဘာကို တုန်လှုပ်စေသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး အားလုံးမှာ ကုချန်၏ ဦးတည်ရာဘက်သို့ ကြည့်ရှုနေကြ၏။
ထိုအလင်းတန်းများအတွင်း၌ တည်ငြိမ်အေးစက်မှုအပြင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခုလည်း ရှိနေခဲ့သည်။
ဤကုမိသားစုမှ မဟာဧကရာဇ်သည် အင်အားကြီး ဧကရာဇ်မျိုးနွယ်ဖြစ်သော ယန်မိသားစုအား ရှင်းလင်းဖယ်ရှားခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် ယန်ဧကရာဇ်အား ဖရိုဖရဲထွက်ပြေးစေခဲ့သည်။ ယခု သူသည် ရှင်သန်ခြင်းတားမြစ်နယ်မြေများနှင့် ပြဿနာရှာရန် သွားနေခြင်းလော။
ကောင်းကင်သင်္ချိုင်းကျွန်းသည် အရှေ့ဘက်စွန့်ပစ်ဒေသ တာအိုနယ်မြေ၏ ကောင်းကင်ဘုံကိုးခုအထက်တွင် ပေါ်ထွက်လာခဲ့သည်။
ကုချန်၏အကြည့်များ ကျရောက်သွားသည်နှင့် ကောင်းကင်သင်္ချိုင်းကျွန်း၏ နက်ရှိုင်းသောနေရာများမှ ကြောက်မက်ဖွယ်ရာ ဖြစ်စဉ်များလည်း ပေါ်ထွက်လာခဲ့၏။
ကောင်းကင်သင်္ချိုင်းကျွန်း၏နက်ရှိုင်းရာမှ ထိုးတက်လာသော မြင့်မြတ်သည့်အလင်းတန်းတစ်ခုသည် မိုးတိမ်များကို တည့်တည့်ထိုးဖောက်သွားကာ ကောင်းကင်ဘုံသုံးဆယ့်သုံးဆင့်ကိုပင် ထိုးဖောက်သွားသကဲ့သို့ ရှိလေသည်။
ထိုနေရာတွင် သတ္တဝါတစ်ဦးသည် ကြည်လင်သောရောင်ဝါဖြင့် ဖုံးလွှမ်းလျက် ထိုင်နေဟန်တူပြီး သူ၏လှုပ်ရှားမှုများကို ထိန်းချုပ်ထားသော်လည်း သူ၏သရဖူမှ တောက်ပသော အင်မော်တယ်အလင်းတန်းအချို့သည် ကောင်းကင်သို့တက်ကာ ကောင်းကင်ဘုံအားလုံးသို့ ပျံ့နှံ့နေဆဲဖြစ်၏။
လေဟာနယ်ဘုံတွင် တစ္ဆေသရဲများနှင့် နတ်ဘုရားများ၏ ကြောက်မက်ဖွယ်အော်ဟစ်သံများကို ကြားနိုင်ပြီး အင်မော်တယ်အလင်းနှင့် သွေးရောင်အလင်းတို့ အတူတကွ ကခုန်နေကာ သွေးမိုးနှင့် ရွှေကြာပန်းများ ကျဆင်းနေလေသည်။
ဤထူးဆန်းသော ဖြစ်စဉ်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိလှ၏။
ကောင်းကင်သင်္ချိုင်းကျွန်း၏ မိုင်တစ်သန်းပတ်လည်အတွင်းရှိ သိုင်းပညာရှင်များနှင့် သက်ရှိအားလုံးတို့၏ နှလုံးသားများမှာ ပြန်လည်နိုးထလာသော အမြင့်မြတ်ဆုံးနတ်ဘုရားတစ်ပါးအား ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ်နေကြပြီး ပင်ကိုအသိစိတ်မှ ကြောက်ရွံ့မှုကို ခံစားနေကြရသည်။
ကောင်းကင်သင်္ချိုင်းကျွန်း၏ နက်ရှိုင်းသောနေရာတွင် ထိုင်နေသော ရှေးဟောင်းဧကရာဇ်တစ်ပါးသည် ယခု နိုးထလာခဲ့ပြီ ဖြစ်သည်။
" ကုချန် မင်း ဘာလုပ်ဖို့ စဉ်းစားနေတာလဲ "
ကောင်းကင်သင်္ချိုင်းကျွန်း၏ နက်ရှိုင်းရာတွင် ထိုင်နေသော ရှေးဟောင်းပုဂ္ဂိုလ်သည် စကားပြောလိုက်ရာ သူ၏အသံမှာ ကျယ်လောင်မြည်ဟည်းလျက် ကောင်းကင်ဘုံကိုးခုကို တုန်လှုပ်စေသော်လည်း ထိုခန့်ညားသောအသံအတွင်း၌ စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်တစ်ခုအား ခွဲခြားသိမြင်နိုင်ပေသည်။
လူတစ်ဦး၏အမည်၊ သစ်တစ်ပင်၏အရိပ်။
ကုချန်၏အမည်သည် လွန်ခဲ့သော နှစ်ကိုးသောင်းက ဤအဆုံးမဲ့ကမ္ဘာတွင် တစ်ချိန်က ထွန်းလင်းတောက်ပခဲ့သည်။
အထူးသဖြင့် တားမြစ်နယ်မြေများတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေကြသော ဤရှေးဟောင်းသတ္တဝါများသည် ထိုအမည်အား နက်နက်ရှိုင်းရှိုင်း မှတ်မိနေကြသည်။
နှစ်ကိုးသောင်း ကုန်လွန်သွားခဲ့ပြီ။ ခေတ်ကာလကြီးသည် အကြိမ်များစွာ ပြောင်းလဲခဲ့ပြီး ကမ္ဘာပေါ်ရှိ သက်ရှိများသည်လည်း မျိုးဆက်မည်မျှ ပြောင်းလဲခဲ့သည်ကို မည်သူမျှ မသိနိုင်တော့ချေ။ သူတို့သည် ကုချန်၏တည်ရှိမှုကို မေ့လျော့သွားနိုင်၏။
သို့သော် ကာလကြာရှည် တည်ရှိခဲ့သော တားမြစ်နယ်မြေများမှ ဤဧကရာဇ်အရှင်များအတွက်မူ နှစ်ကိုးသောင်း ကြာပြီးသည့်တိုင် ကုချန်အား မှတ်မိနေကြဆဲ ဖြစ်သည်။
အထူးသဖြင့် ကုချန်သည် ယန်မိသားစုအား ရှင်းလင်းခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် ယန်ဧကရာဇ်အား ဖရိုဖရဲထွက်ပြေးစေခဲ့ပြီးနောက်တွင် ပို၍ပင် မှတ်မိနေကြတော့သည်။
ဤအကြောင်းကြောင့်ပင် ကုချန်သည် သူ၏ဧကရာဇ်အရှိန်အဝါကိုပြသပြီး ကောင်းကင်သင်္ချိုင်းကျွန်းကို လွှမ်းမိုးဖိအားပေးသောအခါ၌ပင် ကောင်းကင်သင်္ချိုင်းကျွန်း၏ နက်ရှိုင်းသောနေရာတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသော ဤရှေးဟောင်းသတ္တဝါသည် အတော်လေး စိုးရိမ်ထိတ်လန့်နေပြီး ဒေါသထွက်ရန်မဝံ့ရဲဘဲ ကုချန်အား မေးခွန်းထုတ်ရုံသာ တတ်နိုင်ခဲ့သည်။
" ငါဧကရာဇ်က အထက်ကောင်းကင်တားမြစ်နယ်မြေကို ဝင်ရောက်ပြီး ထိန်းချုပ်မှာ ဖြစ်တယ်။ ကောင်းကင်သင်္ချိုင်းဧကရာဇ်အို မင်း အခု ထွက်သွားနိုင်ပြီ "
ကုချန်သည် ကောင်းကင်သင်္ချိုင်းကျွန်း၏ နက်ရှိုင်းရာတွင် ထိုင်နေသောပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီးသည် အံ့အားသင့်သွားခဲ့၏။
ကုချန်မဟာဧကရာဇ်သည် တားမြစ်နယ်မြေတစ်ခုအား ဝင်ရောက်၍ ထိန်းချုပ်လိုသည်တဲ့လော။
" ငါကြားတာ မှန်ရဲ့လား။ ကုမိသားစုရဲ့ မဟာဧကရာဇ်က တားမြစ်နယ်မြေတစ်ခုကို ဝင်ရောက်ထိန်းချုပ်ပြီး တားမြစ်နယ်မြေရဲ့ အရှင်သခင်ဖြစ်ချင်နေတာလား "
လူသားမျိုးနွယ်မှ အကြီးအကဲအိုတစ်ဦးသည် မယုံနိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
" ဧကရာဇ်အဆင့် သတ္တဝါတွေ သက်တမ်းကုန်ခါနီးရင် အများစုက သူတို့ကိုယ်သူတို့ ချိပ်ပိတ်ပြီး တားမြစ်နယ်မြေတစ်ခုထဲဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ ရွေးချယ်တတ်ကြတယ်။ အဲ့ဒါ ဘာများထူးဆန်းနေလို့လဲ "
အတွင်းရေးကို နားလည်သော လူသားမျိုးနွယ်မှ စွမ်းအားရှင်တစ်ဦးက ထပ်ခါထပ်ခါ ပျက်ရယ်ပြုလိုက်သည်။
" ဒါပေမယ့် သူက လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ကုချန်မဟာဧကရာဇ်လေ ဘယ်လိုလုပ်ပြီး... "
ထိုလူသားမျိုးနွယ် အကြီးအကဲမှာ မယုံနိုင်ဖြစ်ကာ တုန်လှုပ်စွာဖြင့် တီးတိုးရေရွတ်နေဆဲဖြစ်သည်။
" ဟက် အတောက်ပဆုံးသော သမိုင်းနဲ့ အတိတ်တွေရှိခဲ့ရင်တောင် အသက်နဲ့သေခြင်းတရားရှေ့မှာတော့ ကြောက်ရွံ့ရစမြဲပဲ။ သက်ရှိအားလုံးက လေးစားကြည်ညိုရတဲ့ လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်တစ်ပါးက အခု ရှင်သန်ခြင်းတားမြစ်နယ်မြေထဲ ဝင်ရောက်တော့မယ်ဆိုတော့ အရမ်းကို ဝမ်းနည်းဖို့ကောင်းလှပါလား "
" သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်တာတို့ အဆုံးမဲ့ကမ္ဘာအတွက် အသက်စွန့်တာတို့ဆိုတာတွေ အကုန်လုံး အတုအယောင်တွေပါပဲ။ ဒီကုချန်မဟာဧကရာဇ်က ယုံကြည်ထိုက်သူတစ်ဦး မဟုတ်ဘူးထင်ပါရဲ့ "
" အရမ်းကိုဝမ်းနည်းစရာကောင်းလှပါလား။ ကုချန်မဟာဧကရာဇ်က လူသားမျိုးနွယ်ကို သစ္စာဖောက်လိမ့်မယ်လို့ ကျွန်ုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး "
" ကုမိသားစုရဲ့ ရှေးဟောင်းဘိုးဘေး ကျဆုံးသွားပြီ။ ကုမိသားစုက ဧကရာဇ်မျိုးနွယ်စုတွေထဲမှာ အဆင့်သတ်မှတ်ခံရဖို့ မထိုက်တန်တော့ဘူး "
လူအများအပြားမှာ ဒေါသတကြီး အော်ဟစ်နေကြပြီး ကုချန်သည် လူသားမျိုးနွယ်နှင့် အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်ခဲ့သည်ဟု ခံစားနေကြသည်။
လူသားမျိုးနွယ်၏ မဟာဧကရာဇ်တစ်ပါးအနေဖြင့် လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ အဆုံးမဲ့ကမ္ဘာကို အကာအကွယ်ပေးခြင်းတို့အစား တားမြစ်နယ်မြေတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ အနာဂတ်တွင် သူသည် ထွက်ပေါ်လာပြီး အမှောင်မုန်တိုင်းတစ်ခုကို လှုံ့ဆော်ကာ သက်ရှိအားလုံးကို ဒုက္ခပေးနိုင်သေးသည်။ ဤသည်မှာ သစ္စာဖောက်ခြင်းမဟုတ်လျှင် အဘယ်နည်း။
လွန်ခဲ့သော နှစ်ကိုးသောင်းက နာမည်ကျော်ကြားခဲ့သော ကုချန်မဟာဧကရာဇ်သည် ဤမျှသာဖြစ်ဟန်တူ၏။
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော လူတို့သည် ဒေါသနှင့် စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။
ကောင်းကင်ဘုံကိုးခုအထက်တွင် ကုချန်သည် သက်ရှိအားလုံးထံမှ ဤအတွေးများကို သိမြင်နေသော်လည်း သူ၏နှလုံးသားမှာ ထိုအရာများကြောင့် မထိခိုက်ခဲ့ပေ။
သူသည် လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့ပြီး အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်ခဲ့သည်လော။
အလွန်ရယ်စရာကောင်းလှပေစွ။
အကယ်၍ သူသာ နယ်စပ်ဧကရာဇ်ဂိတ်ကို နှစ်ကိုးသောင်းကြာ ကာကွယ်စောင့်ရှောက်ခြင်းမရှိခဲ့ပါက နတ်ဆိုးနယ်မြေမှ နတ်ဆိုးမိစ္ဆာများ ထွက်ပေါ်လာခြင်းကို ပြတ်ပြတ်သားသား တားဆီးခြင်းမရှိခဲ့ပါက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးသည် ကာလကြာရှည်စွာ ဒုက္ခဆင်းရဲများဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်အားလုံး ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ဟုတ်ပါသည်။ ကုချန်သည် ဤကိစ္စများကို အဆုံးမဲ့ကမ္ဘာရှိ သတ္တဝါများအား ရှင်းပြရန် စိတ်မဝင်စားချေ။
အနာဂတ်တွင် နတ်ဆိုးနယ်မြေ ကျူးကျော်လာသောအခါ ဤမိုက်မဲသော သတ္တဝါများသည် အမှန်တရားကို သဘာဝအတိုင်း သိရှိလာကြလိမ့်မည်။
" တကယ်ပဲ မင်းက ကောင်းကင်သင်္ချိုင်းကျွန်းကို ဝင်ရောက်ထိန်းချုပ်လိုတယ်ဆိုရင် ငါဧကရာဇ်က သေချာပေါက် ကြိုဆိုပါတယ် "
ကုချန်၏ ကောင်းကင်သင်္ချိုင်းကျွန်းကို ဝင်ရောက်ထိန်းချုပ်ရန် ဆုံးဖြတ်ချက်ကို ကြားပြီးနောက် ကောင်းကင်သင်္ချိုင်းဧကရာဇ်အိုသည် ပထမတွင် အံ့အားသင့်သွားပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
လူအများ၏ မသိနားမလည်သော စကားများအတွက်မူ ကောင်းကင်သင်္ချိုင်းဧကရာဇ်အိုသည် ပို၍ပင် ပျက်ရယ်ပြုလိုက်သည်။
သက်တမ်းကုန်ခါနီးဖြစ်သောကြောင့် ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုကို ဝင်ရောက်ထိန်းချုပ်လိုသည်လော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။
သက်တမ်းကုန်ခါနီးဖြစ်သော ညနေဆည်းဆာချိန် ဧကရာဇ်အဆင့်သတ္တဝါတစ်ဦးက ဓားတစ်ချက်တည်းဖြင့် သူ၏အကောင်းဆုံးအချိန်၌ရှိနေသော အထွတ်အထိပ်မဟာဧကရာဇ်တစ်ပါးအား ဖရိုဖရဲထွက်ပြေးစေသည်ကို မည်သူမြင်ဖူးသနည်း။
ကောင်းကင်သင်္ချိုင်း ဧကရာဇ်အိုသည် ကုချန် အဘယ်ကြောင့် ရုတ်တရက် တားမြစ်နယ်မြေတစ်ခုကို ဝင်ရောက်ထိန်းချုပ်လိုသည်ကို မသိသေးသော်လည်း
အကြောင်းရင်းမှာ လူအများ မှန်းဆသကဲ့သို့ ရိုးရှင်းမည်မဟုတ်ကြောင်းကိုမူ သူသိ၏။
သို့သော် အကယ်၍ ကုချန်သည် ကောင်းကင်သင်္ချိုင်းကျွန်းကို အမှန်တကယ် ဝင်ရောက်ထိန်းချုပ်လိုပါက ကောင်းကင်သင်္ချိုင်းဧကရာဇ်သည် ကြိုဆိုမည်သာ ဖြစ်သည်။
" မင်း နားလည်မှုလွဲသွားပုံရတယ်။ ငါဧကရာဇ်က ဒီနေရာကို ဝင်ရောက်ထိန်းချုပ်ဖို့ ရည်ရွယ်တာဟုတ်ပေမဲ့ မင်းက အရင်ထွက်သွားဖို့ လိုအပ်တယ် "
ကုချန်သည် ရက်စက်ကြမ်းကြုတ်ကာ သူ၏အသံမှာ တည်ငြိမ်အေးစက်နေသည်။
ကောင်းကင်သင်္ချိုင်းကျွန်းအတွင်း၌ လက်ရှိတွင် ကောင်းကင်သင်္ချိုင်း ဧကရာဇ်တစ်ဦးသာ ရှိကြောင်း သူမြင်တွေ့ပြီးဖြစ်ရာ ဤသည်မှာ တားမြစ်နယ်မြေတစ်ခုလုံးကို ရှင်းလင်းရာတွင် သူ့အတွက် ဒုက္ခများစွာကို သက်သာစေသည်မှာ သေချာ၏။
အကယ်၍ ကောင်းကင်သင်္ချိုင်းဧကရာဇ်တစ်ဦးတည်းသာ ရှိပါက သူ့ကို မောင်းထုတ်လိုက်ရုံသာ လိုသည်။
" မင်း... ကုချန် ငါဧကရာဇ်က ဒီတားမြစ်နယ်မြေမှာ နှစ်သိန်းပေါင်းများစွာ အိပ်စက်ခဲ့တာ မင်းကို ဝင်ရောက်ခွင့်ပေးလိုက်တာက ငါဧကရာဇ်ရဲ့ စေတနာပဲ။ မင်း လွန်မလာနဲ့ "
ကောင်းကင်သင်္ချိုင်းဧကရာဇ်အိုသည် အနည်းငယ် ဒေါသထွက်လာ၏။
ဤကုချန်သည် အလွန်အကျွံဖြစ်လွန်းကာ သူ့အား ကောင်းကင်သင်္ချိုင်းကျွန်းမှ ထွက်သွားခိုင်းသည်တဲ့လော။
အလွန်ရယ်စရာကောင်းလှပေစွ။ ရှေးခေတ်မှ ယခုအချိန်အထိ မည်သည့်တားမြစ်နယ်မြေမှ အရှင်သခင်မျှ သူတို့၏တားမြစ်နယ်မြေမှ မောင်းထုတ်ခံရသည်ဟု သူ တစ်ခါမျှ မကြားဖူးပေ။
ကောင်းကင်သင်္ချိုင်းဧကရာဇ်အို၏ ခက်ထန်သော တုံ့ပြန်မှုကို ရင်ဆိုင်ရသော်လည်း ကုချန်၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။ သူသည် တိတ်ဆိတ်စွာဖြင့် အဆုံးမဲ့ဓားကို ဖန်ဆင်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" အသက်သုံးရှိုက်အတွင်း မင်း ကောင်းကင်သင်္ချိုင်းကျွန်းက ထွက်မသွားရင် ငါဧကရာဇ် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြီး မင်းကို လမ်းဆုံးထိပို့ဆောင်ပေးမယ် "
" မင်း "
ကုချန်၏ ဤသို့သော ခြိမ်းခြောက်မှုကို ခံရသဖြင့် ကောင်းကင်သင်္ချိုင်းဧကရာဇ်အိုသည် အလွန်အမင်း ဒေါသထွက်သွား၏။
သို့သော် ကုချန်သည် အချည်းနှီး ပြောနေခြင်းမဟုတ်ကြောင်းကိုလည်း သူသိမြင်နိုင်သည်။
အကယ်၍ သူသည် အသက်သုံးရှိုက်အတွင်း ကောင်းကင်သင်္ချိုင်းကျွန်းမှ အမှန်တကယ် မထွက်ခွာပါက ဤလူသည် သူ့ကို တိုက်ခိုက်ရန် အမှန်တကယ်ပင် ဝံ့ရဲပေလိမ့်မည်။
" တောက်စ် "
အကယ်၍သာ ကောင်းကင်သင်္ချိုင်းကျွန်းအတွင်း၌ အခြားသော ရှေးဟောင်းဧကရာဇ်အရှင်များ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေပါက သူတို့သည် ဤကုချန်ကို ရင်ဆိုင်ရန် အတူတကွ ပူးပေါင်းနိုင်မည် ဖြစ်သည်။
ကောင်းကင်သင်္ချိုင်းဧကရာဇ်သည် စိတ်ပျက်စွာဖြင့် တွေးတောနေရင်း သူ၏အကြည့်မှာ အဆုံးမဲ့တိုက်ကြီးရှိ အခြားသော ရှင်သန်ခြင်းတားမြစ်နယ်မြေများဘက်သို့ မလွှဲမရှောင်သာ ရောက်ရှိသွားပြီး အခြားတားမြစ်နယ်မြေများမှ အခြားရှေးဟောင်းဧကရာဇ်များ သို့မဟုတ် မဟာဧကရာဇ်များက သူ့ကိုကူညီရန်နှင့် ကုချန်ကို ပူးပေါင်းခုခံရန် ရှေ့ထွက်လာလိမ့်မည်ဟု မျှော်လင့်နေသည်။
သို့သော် ဝမ်းနည်းစရာမှာ ကောင်းကင်သင်္ချိုင်း ဧကရာဇ်အိုသည် အခြားတားမြစ်နယ်မြေများဘက်သို့ အသနားခံသော အကြည့်များဖြင့် ကြည့်ရှုနေသော်လည်း
ထိုတားမြစ်နယ်မြေများသည် သေဆုံးနေသကဲ့သို့ တိတ်ဆိတ်နေဆဲဖြစ်ပြီး လုံးဝလှုပ်ရှားမှုမရှိဘဲ မည်သည့်ရှေးဟောင်းဧကရာဇ် သို့မဟုတ် ဧကရာဇ်ကမျှ သူ့ကိုကူညီရန် ဒုက္ခရှာလိုစိတ်မရှိကြသကဲ့သို့ပင်ဖြစ်နေ၏။
အခန်း (၄၆ )-ခြိမ်းခြောက်မှုကို ဂရုမစိုက်ခြင်း၊ ကောင်းကင်သင်္ချိုင်းကျွန်းဧကရာဇ်၏ဆုတ်ခွာခန်းနှင့် တားမြစ်နယ်မြေ လက်ပြောင်းခြင်း
" တောက် "
အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါကောင်းကင်သင်္ချိုင်းကျွန်းဧကရာဇ်သည် တုန်လှုပ်ဒေါသထွက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။
လက်ရှိတွင်ကောင်းကင်သင်္ချိုင်းကျွန်းပေါ်၌ သူသည် အိပ်စက်အနားယူနေသည့် တစ်ဦးတည်းသော ရှေးဟောင်းဧကရာဇ်ဖြစ်ပြီး အခြားဧကရာဇ်အဆင့်ဖြစ်တည်မှုများ မရှိချေ။
အကယ်၍ ဤနေရာတွင် သူနှင့်အတူ အိပ်စက်အနားယူနေသော ရှေးဟောင်းဧကရာဇ်များနှင့် မဟာဧကရာဇ်အနည်းငယ်မျှသာ ရှိနေခဲ့ပါလျှင် ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် ကုချန်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု ခံစားမိသည်။
သို့သော် ယခုအခါ...
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေလေသည်။
သူတစ်ဦးတည်း ကုချန်နှင့်ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကုချန်သည် ယန်မိသားစုကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဓားတစ်စင်းတည်းဖြင့် စကြဝဠာကို ဖြတ်သန်းကာ ယန်ဧကရာဇ်၏ပင်မခန္ဓာကိုယ်မှာ ဖရိုဖရဲဖြင့် ထွက်ပြေးခဲ့ရသည့်မြင်ကွင်းမှာ သူ၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် ကုချန်၏လက်ရှိအခြေအနေမှာ အမှန်တကယ်ပင် နတ်ဆိုးတစ်ကောင်ပမာဖြစ်နေပြီး သူတစ်ဦးတည်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ထက် များစွာသာလွန်နေသည်ကို ကောင်းစွာသိရှိ၏။
သို့သော် သူသည် ကုချန်ပြောသည့်အတိုင်း အမှန်တကယ်ပြုလုပ်ပြီး ကောင်းကင်သင်္ချိုင်းကျွန်းကို သူ့အား ပေးအပ်ရမည်လော။
အကယ်၍ ထိုသို့ဖြစ်သွားပါက သူ၏မျက်နှာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။ ထို့အပြင် ထိုနေရာတွင် ရှိနေသေးသည်မှာ...
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေပြီး သူသည် ထပ်မံညှိနှိုင်းဖို့ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကုချန်ကို ကြည့်လိုက်ပြီး သူ၏အသံမှာ နှိမ့်ချမှုများပါဝင်ကာ လေးနက်စွာပြောလိုက်၏။
" ရောင်းရင်း ကောင်းကင်သင်္ချိုင်းကျွန်းက ကျယ်ပြန့်လှပြီး ရှေးဟောင်းဧကရာဇ်နဲ့ မဟာဧကရာဇ်များစွာ အိပ်စက်အနားယူဖို့ လုံလောက်တာထက်တောင် ပိုပါတယ်။ ကျွန်ုပ်တို့တွေ ပဋိပက္ခကို လွယ်လွယ်ကူကူမဖြစ်စေတာ အကောင်းဆုံးပဲ။
ဧကရာဇ်အဆင့်တိုက်ပွဲတစ်ခုမှာ ဓားသွားတွေမှာ မျက်စိမရှိတဲ့အတွက် တကယ်လို့ ကျွန်ုပ်တို့ မတော်တဆ အဆုံးမဲ့တိုက်ကြီးကို ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်စေခဲ့ရင်... ငါဧကရာဇ်ကတော့ အဲ့ဒီလိုမြင်ကွင်းကို မြင်လိုစိတ်မရှိဘူး "
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၏ စကားများသည် သူ၏ရပ်တည်ချက်ကို နှိမ့်ချလိုက်သော်လည်း လျှို့ဝှက်သော ခြိမ်းခြောက်မှုတစ်ခု ပါဝင်နေ၏။
ဧကရာဇ်အဆင့်တိုက်ပွဲတစ်ခုတွင် လှုပ်ရှားမှုတစ်ခုစီ၏စွမ်းအားမှာ စိတ်ကူး၍မမီနိုင်ပေ။ ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုတစ်ခု၏ နောက်ဆက်တွဲရိုက်ခတ်မှုများပင်လျှင် ကျယ်ပြောလှသော ကြယ်တာရာနယ်မြေများနှင့် မရေမတွက်နိုင်သော ကြယ်ကြီးများကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။
အဆုံးမဲ့တိုက်ကြီးသည် ကြီးမားလှသော်လည်း ဧကရာဇ်အဆင့်ဖြစ်တည်မှုနှစ်ဦး တိုက်ခိုက်ခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲရိုက်ခတ်မှုများ၏ ဖျက်ဆီးခြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် ကုချန်အနေဖြင့် တုံ့ဆိုင်းသွားမည်ဖြစ်ပြီး အဆုံးမဲ့တိုက်ကြီးနှင့် ၎င်းပေါ်ရှိ သက်ရှိသတ္တဝါပေါင်းများစွာကြောင့် သူ့အား အလွန်အမင်း ဖိအားပေးမည်မဟုတ်ဟု လောင်းကြေးထပ်နေခြင်း ဖြစ်သည်။
မဟုတ်ပါက သူသည် ကုချန်၏ပြိုင်ဘက်မဟုတ်လျှင်ပင် သူတို့၏တိုက်ပွဲအလယ်တွင် အဆုံးမဲ့တိုက်ကြီးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားရှိနေသေးသည်။
ကုချန် အို ကုချန် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သင်သည် အဆုံးမဲ့ကမ္ဘာကို ကာကွယ်ရန်နှင့် သက်ရှိသတ္တဝါအားလုံးကို အကာအကွယ်ပေးရန် မတိုက်ခိုက်ခဲ့ဘူးလော။
ယခု နှစ်ပေါင်းကိုးသောင်း ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ငါသည် အဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုမည်။ သင် သဘောမတူမည်ကို ငါမကြောက်ပေ။
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၏ ဆိုလိုရင်းကို ကုချန်က မည်သို့နားမလည်ဘဲ နေမည်နည်း။
သို့သော် လက်ရှိသူသည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သူမဟုတ်တော့ပေ။
ယခုအခါ သူသည် သူ၏သံခြေချင်းများမှ လွတ်မြောက်ခဲ့ပြီးဖြစ်ကာ ဖြောင့်မတ်ခြင်းဟူသော အမည်နာမ၏ ဝန်ထုပ်ဝန်ပိုးကို မထမ်းပိုးတော့ပေ။
အဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများဖြင့် သူ့အား ခြိမ်းခြောက်မည်လော။ မည်မျှ ရယ်ဖွယ်ကောင်းလိုက်သနည်း။
" မင်းအတွက် အသက်တစ်ရှိုက်စာအချိန်ပဲ ကျန်တော့တယ် "
ကုချန်၏အကြည့်မှာ အနည်းငယ် နိမ့်ကျသွားပြီး အေးစက်စွာ ပြောလိုက်ရာ တစ်ဆက်တည်းပင် သူ၏လက်ထဲမှ အဆုံးမဲ့ဧကရာဇ်ဓားမှာ တိတ်ဆိတ်စွာ မြှောက်တင်ပြီးဖြစ်နေလေပြီ။
အသက်တစ်ရှိုက်စာအချိန်ကုန်သွားပြီးနောက် ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ် မထွက်ခွာခဲ့ပါက သူသည် ဓားတစ်ချက်တည်းဖြင့် သူ့အား ခုတ်ပိုင်းပစ်မည်ဖြစ်သည်။
ဤသည်မှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကုချန်၏ မညှာမတာသော အမူအရာနှင့် သက်ရှိသတ္တဝါပေါင်းများစွာ၏ အသက်ရှင်သေဆုံးမှုကို လုံးဝဂရုမစိုက်ဟန်ကို မြင်သောအခါ ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် စိတ်ထဲမှ သွားကြိတ်ခြင်းကို မပြုဘဲ မနေနိုင်ခဲ့ပေ။
ကုချန်သည် သူပြောသည့်အတိုင်း ပြုလုပ်မည်ကို သူ မသဲမကွဲ ခံစားမိနေသည်။
အသက်တစ်ရှိုက်စာအချိန်ကုန်သွားပြီးနောက် သူ မထွက်ခွာပါက ဤသေမင်းတမန်သည် အမှန်တကယ်ပင် တိုက်ခိုက်လာလိမ့်မည်။
သို့သော် သူသည် အဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများကို အမှန်တကယ်ပင် ဂရုမစိုက်တော့ဘူးလော။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက ကုချန်သည် ဤသို့မဟုတ်ခဲ့ပေ။ ထိုအချိန်က အဆုံးမဲ့ကမ္ဘာကို ကာကွယ်ရန် သူသည် နတ်ဆိုးနယ်မြေမှ မိစ္ဆာဆိုးများ၏ ချီတက်လာမှုကို ရပ်တန့်ရန် ဟွမ်သွမ့်ပင်လယ်သို့ပင် သွားခဲ့သည်။
ယခု နှစ်ပေါင်းကိုးသောင်း ကုန်လွန်သွားခဲ့ပြီး ဤပုဂ္ဂိုလ်၏ စိတ်အခြေအနေမှာ အလွန်အမင်း ပြောင်းလဲသွားခဲ့သည်လော။
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ တင်းမာနေသည်။
ကုချန်သည် အမှန်အတိုင်းပြောနေခြင်းလော သို့မဟုတ် ဟန်ဆောင်နေခြင်းလောကို သူ မသေချာခဲ့ပေ။
သို့သော် သူ မလောင်းဝံ့ခဲ့ပေ။
အကြောင်းမှာ သူ လောင်းကြေးရှုံးသွားသည်နှင့်တစ်ပြိုင်နက် လောင်းကြေးမှာ သူ၏အသက်ပင်ဖြစ်သောကြောင့်တည်း။
" ဟွန်း "
နောက်ဆုံးအသက်တစ်ရှိုက်စာအချိန် မကုန်ဆုံးမီတွင် ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်သင်္ချိုင်းကျွန်းမှ ပျံထွက်သွားပြီး ကျယ်ပြောလှသော အဝေးတစ်နေရာတွင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားလေသည်။
" ဒီ... တားမြစ်နယ်မြေရဲ့ အရှင်သခင်က အမှန်တကယ် ဆုတ်ခွာသွားတာလား "
" ရှီး... သူက ကောင်းကင်သင်္ချိုင်းကျွန်းအတွင်းက အရှင်သခင်ကို စကားတစ်ခွန်းတည်းနဲ့ ခြောက်လှန့်မောင်းထုတ်လိုက်ပါလား ... ကုချန်မဟာဧကရာဇ်ရဲ့ ဩဇာအာဏာက လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းကထက်တောင် ပိုပြီးကြောက်မက်ဖွယ်ကောင်းလာတယ်လို့ ဘာလို့ ကျွန်ုပ်ခံစားနေရပါလိမ့် "
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ် ထွက်ခွာသွားသည်ကို မျက်မြင်တွေ့လိုက်ရသော အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေမှ သက်ရှိသတ္တဝါအားလုံးမှာ အလွန်တရာ ထိတ်လန့်သွားကြသည်။
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်သည် မည်သူနည်း။
သူသည် ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုအတွင်းမှ အထွတ်အထိပ်အရှင်သခင်တစ်ပါး ဖြစ်သည်။
ထိုသို့သောဖြစ်တည်မှုများသည် တစ်ချိန်က ဧကရာဇ်များနှင့် အရှင်သခင်များဖြစ်ခဲ့ကြပြီး မိမိတို့ကိုယ်ကို ချိတ်ပိတ်ပြီးနောက် မရေမတွက်နိုင်သော နှစ်သောင်းပေါင်းများစွာကြာအောင် တည်ရှိခဲ့ကာ ကြီးကျယ်သောကမ္ဘာကြီး၏ အတက်အကျကို အေးစက်သောမျက်လုံးများဖြင့် ကြည့်ရှုခဲ့ကြသည်။ လက်ရှိခေတ်ပြိုင်ဧကရာဇ်တစ်ပါးပင်လျှင် ထိုသို့သောဖြစ်တည်မှု၏မျက်လုံးထဲတွင် နောက်မှရောက်လာသူနှင့် လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။
သို့သော် ယခုအခါ ကုချန်မဟာဧကရာဇ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ဤကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ်သည် လှုပ်ရှားရန်သတ္တိပင်မရှိဘဲ တိုက်ရိုက်ပင် ခြောက်လှန့်မောင်းထုတ်ခံလိုက်ရသည်။
ထိုသို့သော ဩဇာအာဏာမှာ အမှန်ပင် မယုံနိုင်စရာပင်။
" သူ ကောင်းကင်သင်္ချိုင်းကျွန်းဧကရာဇ်ကို အမှန်တကယ် ခြောက်လှန့်မောင်းထုတ်လိုက်တာပါလား... ကုချန်ရဲ့လက်ရှိအခြေအနေက နည်းနည်း နတ်ဆိုးဆန်နေတယ် "
အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်း၌ အထွတ်အထိပ်ဖြစ်တည်မှုများသည် ကုချန်ရှိရာဘက်သို့ ကြည့်ကာ နက်ရှိုင်းစွာ တွေးတောနေကြသည်။
ထိုလူသားမျိုးနွယ်မှ ကုချန်၏ လက်ရှိအခြေအနေမှာ အမှန်ပင် အနည်းငယ် နတ်ဆိုးဆန်လှသည်။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းအတွင်း သူ၏အခြေအနေမှာ ကျဆင်းသည့်လက္ခဏာ မပြရုံသာမက နက်ရှိုင်းသောချောက်နက်ကြီးတစ်ခုကဲ့သို့နှင့် ကျယ်ပြန့်သောပင်လယ်ကြီးတစ်ခုကဲ့သို့ပင် ပို၍နက်ရှိုင်းကာ နားလည်ရခက်ခဲလာသည်။
သူ၏အတွင်းမှ ပြောင်းလဲမှုများမှာ အမှန်ပင် နားလည်ရန် ခက်ခဲလှသည်။
သူသည် အသက်နှင့်သေခြင်း၏ လျှို့ဝှက်ချက်များကို အမှန်တကယ် နားလည်သဘောပေါက်သွားပြီး ဧကရာဇ်အဆင့်၏ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်ကာ သူ၏ကိုယ်ပိုင်အသက်ရှည်ရာလမ်းကို လျှောက်လှမ်းသွားခဲ့သည်လော။
" ထားလိုက်တော့ အနာဂတ်မှာ အချိန်အများကြီး ရှိနေသေးတယ် အမှန်ဖြစ်စေ အမှားဖြစ်စေ နောက်ဆုံးမှာ ငါတို့ သိလာရမှာပဲ..."
ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ် ထွက်ခွာသွားပြီး တိုက်ပွဲဖြစ်ပွားရန် မရှိတော့သည်ကို မြင်သောအခါ အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများတွင် အိပ်စက်အနားယူနေသော ရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်သခင်များသည် မူလက လန့်နိုးလာခဲ့သော်လည်း တစ်ဖန်ပြန်၍ မျက်လုံးများကိုမှိတ်ကာ အိပ်စက်အနားယူခြင်းသို့ ကျရောက်သွားကြသည်။
ကောင်းကင်သင်္ချိုင်းကျွန်း၏ ပိုင်ဆိုင်မှုပြောင်းလဲခြင်းမှာ ဤဖြစ်တည်မှုများအတွက် ကြီးမားသောအဖြစ်အပျက်တစ်ခု မဟုတ်ပေ။
ကုချန်၏ဩဇာအာဏာမှာ ထင်ရှားကျော်ကြားသော်လည်း သူသည် ရှေးဟောင်းဧကရာဇ်တစ်ပါးတည်းသာ စောင့်ရှောက်နေသော ကောင်းကင်သင်္ချိုင်းကျွန်းကိုသာ အနိုင်ကျင့်ဝံ့သည်။
အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများအတွက်မူ မည်သည့်နယ်မြေတွင် ရှေးဟောင်းဧကရာဇ်နှင့် အရှင်သခင် သုံးဦးမှ ငါးဦးအထိ အိပ်စက်အနားယူခြင်း မရှိခဲ့သနည်း။
ထိုသို့သော နက်ရှိုင်းလှသည့် အခြေခံအုတ်မြစ်များရှိသော တားမြစ်နယ်မြေများအတွက်မူ ကုချန်သည် ပြဿနာမရှာဝံ့မည်မှာ သေချာလှပေသည်။
ထိုသို့ဖြစ်သည့်အတွက် အခြားတားမြစ်နယ်မြေများရှိ ရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်သခင်များသည် စိုးရိမ်ပူပန်စရာမရှိဘဲ တစ်ဖန်ပြန်၍ အိပ်စက်အနားယူခြင်းသို့ ကျရောက်သွားကြသည်။
...
အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေ ကုမိသားစု။
လက်ဖက်ရည်တစ်ခွက်စာအချိန်ပင်မပြည့်မီ ကုချန်၏ပုံရိပ်သည် အဓိကတိုင်ပင်ဆွေးနွေးခန်းမ၏ ခေါင်းဆောင်နေရာတွင် တစ်ဖန်ပြန်၍ ပေါ်ထွက်လာခဲ့သည်။
ခန်းမအတွင်းရှိ ကြက်သေသေနေသော ကုမျိုးနွယ်ဝင်များကိုကြည့်ရင်း ကုချန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
" ကောင်းပြီ ငါဧကရာဇ်ရဲ့ကိစ္စ ပြီးဆုံးသွားပြီ မင်းတို့ အသင့်ဖြစ်ရင် ငါဧကရာဇ် အခုပဲ မင်းတို့ကို ရှင်သန်ခြင်းတားမြစ်နယ်မြေကို ပြောင်းရွှေ့ဖို့ ခေါ်ဆောင်သွားမယ် "
ကုချန်၏အသံမှာ အလွန်တည်ငြိမ်ပြီး ပုံမှန်သံနှင့် ကွဲပြားခြင်းမရှိပေ။
သို့သော် တိုင်ပင်ဆွေးနွေးရာ ခန်းမတစ်ခုလုံးတွင် ကုတောက်လင်းနှင့် အခြားကုမျိုးနွယ်ဝင်များအားလုံးမှာ တံတွေးမျိုချခြင်းကိုမပြုဘဲ မနေနိုင်ခဲ့ကြပေ။
ကုချန်သည် ကောင်းကင်သင်္ချိုင်းကျွန်းသို့ အစွမ်းထက်စွာရောက်ရှိလာပြီး ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်အပေါ် ဖိအားပေးခဲ့ခြင်းမှာ ခဏတာမျှသာဖြစ်သော်လည်း ထိုခမ်းနားပြီး ကျယ်ပြောလှသော အရှိန်အဝါကို မည်သူတစ်ဦးတစ်ယောက်ထံမှမျှ ဖုံးကွယ်ထား၍မရပေ။
ကုတောက်လင်းနှင့် အခြားသူများသည် မူလက သူတို့၏ဘိုးဘေးကြီးတွင် ဖြေရှင်းရန်ကိစ္စတစ်ခုခုရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် သူတို့ မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့သည်မှာ ကုချန်ပြောသော ဖြေရှင်းရမည့် 'ကိစ္စငယ်' ဆိုသည်မှာ ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုအား 'ပြောင်းရွှေ့' ခိုင်းခြင်းပင် ဖြစ်နေလိမ့်မည်ဟုပင်။
ထိုသို့သောအရာကို ကိစ္စငယ်ဟု သတ်မှတ်နိုင်သေးသလော။
ကုတောက်လင်းနှင့် အခြားသူများသည် တုန်လှုပ်မှုဖြင့် ပြောစရာစကားမဲ့နေကြသည်။
သူတို့၏ဘိုးဘေးကြီး၏ မျက်လုံးထဲမှ 'ကိစ္စငယ်များ'သည် သူတို့အတွက်မူ ကောင်းကင်ပြိုကျလာသည်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှပေသည်။