အခန်း (၅၁-၅၂)
Vol. 4 Ch. 51-52
အခန်း (၅၁)-တားမြစ်နယ်မြေများသို့ ဝင်ရောက်ခြင်း၊ မူလရှေးဟောင်းတွင်းနက်၊ ကြက်ကိုသတ်၍ မျောက်ကိုခြောက်ခြင်း
“ မင်းက ဒီဧကရာဇ်ကို ခြိမ်းခြောက်နေတာလား ”
ကုချန်သည် ကိုယ်ကို
အနည်းငယ်ကိုင်းလိုက်ပြီး သူ၏အကြည့်များမှာ မြူခိုးလွှာများစွာကို ထိုးဖောက်သွားနိုင်ဟန်ဖြင့် မူလရှေးဟောင်းတွင်းနက်၏ အတွင်းပိုင်းသို့ ကြည့်လိုက်လေ၏။
“ မင်း သဘောမတူရင် အခုပဲ ရှေ့ကိုထွက်လာခဲ့။ ဒီဧကရာဇ်က မင်းကို တစ်ဦးတည်း နှိမ်နင်းမယ် ”
ကောင်းကင်ဘုံအရှင်သခင်သည် ပြန်လည်တွန်းလှန်လိုက်၏။
ကုချန်၏အသံသည် ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသောအခါ လူအချို့၏ နှလုံးသားများမှာ ထက်ဝက်မျှ အေးစက်သွားခဲ့ပြီး ရှင်းပြ၍မရနိုင်သော ဒေါသများမှာလည်း သူတို့အတွင်း၌ ပေါ်ပေါက်လာခဲ့လေသည်။
ကောင်းကင်ဘုံအရှင်သခင်သည် တားမြစ်နယ်မြေများနှင့် ကမ္ဘာပျက်မည့်စစ်ပွဲကို အမှန်တကယ် မကြောက်ရွံ့သည်လော။
ဤသို့သာလုပ်မည်ဆိုလျှင် အဆုံးမဲ့နယ်မြေကြီးငါးခုနှင့် သက်ရှိအားလုံး၏အသက်ကို မည်သည့်နေရာတွင်ထားမည်နည်း။
သာမန်လူများသာမက တားမြစ်နယ်မြေအသီးသီးအတွင်းမှ ရှေးဟောင်းတည်ရှိမှုများပင်လျှင် ကုချန်၏ မညှာတာသော သဘောထားကို မြင်တွေ့ရသောအခါ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တားမြစ်နယ်မြေများအတွင်း၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဤရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအချုပ်အခြာအာဏာပိုင်များက ဤကုချန်မဟာဧကရာဇ်သည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်း ကနှင့် အမှန်တကယ် ကွဲပြားခြားနားနေသည်ဟု ထင်မြင်မိသောကြောင့်ပင်ဖြစ်၏။
လက်ရှိသူသည် ပို၍ပြတ်သားပြီး ပို၍လည်း လျစ်လျူရှုလာကာ ရက်စက်တတ်လာ၏။
သာမန်လူဟုခေါ်ဆိုကြသူများသည် သူ့အတွက် အတားအဆီးတစ်ခု မဖြစ်နိုင်တော့ပေ။
တားမြစ်နယ်မြေများရှိ အထွတ်အထိပ်အရှင်အားလုံးသည် အသစ်တက်လာသော ဤကောင်းကင်ဘုံအရှင်သခင်က တားမြစ်နယ်မြေအသီးသီးကို စစ်ကြေညာရန် အမှန်တကယ် သတ္တိရှိပြီး ကမ္ဘာလောကကြီးတွင် သွေးချောင်းစီးခြင်းနှင့် ဆင်းရဲဒုက္ခများ ပျံ့နှံ့သွားမည်ကို အမှန်တကယ် မကြောက်ရွံ့ကြောင်း မြင်တွေ့နိုင်လေသည်။
ဤအချက်ကို သိရှိပြီးနောက် တားမြစ်နယ်မြေများကိုယ်စား ပြောဆိုခဲ့သည့် မူလရှေးဟောင်းတွင်းနက်၏အရှင်ပင်လျှင် တိတ်ဆိတ်သွားခဲ့ပြီး ထိုနေရာမှ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
ခြိမ်းခြောက်မှုများသည် အဓိပ္ပာယ်မရှိတော့သည့်အတွက် များစွာပြောဆိုနေလျှင်လည်း အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်ဘုံကိုးခု၏ အထက်ကောင်းကင်တားမြစ်နယ်မြေအပေါ်၌ ကုချန်၏အမူအရာမှာ တည်ငြိမ်နေပြီး တားမြစ်နယ်မြေအသီးသီး တိတ်ဆိတ်သွားသည်ကို ကြည့်ရှုနေလေသည်။
တားမြစ်နယ်မြေများအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသော ဤလူအိုကြီးများသည် လက်ရှိတွင် ခက်ခဲသော အခြေအနေ၌ ရှိနေသည်ကို သူသိ၏။ အကယ်၍ သူတို့သည် မသေဆုံးဆေးကို ပေးအပ်လိုက်ပါက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်မှာ သေချာသော်ငြား အကယ်၍ မပေးအပ်ခဲ့ပါက စစ်ပွဲ၏အကျိုးဆက်မှာ သူတို့ မမြင်တွေ့လိုသောအရာ ဖြစ်နေမည့်ဟန်တူ၏။
မည်သို့ပင်ဆိုစေကာမူ ဤလူအိုကြီးများသည် မသေဆုံးစေရန်အတွက် တားမြစ်နယ်မြေများတွင် အချိန်ကြာမြင့်စွာ တွယ်ကပ်နေခဲ့ကြသည်ဖြစ်ရာ လုံးဝမလိုအပ်လျှင် တားမြစ်နယ်မြေများရှိ အထွတ်အထိပ်အရှင်တစ်ဦးတစ်ယောက်မျှ စစ်ပွဲကြီးတစ်ခု စတင်ရန် ဆန္ဒရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် စစ်ပွဲကြီးတစ်ခု စတင်သည်နှင့် ကျဆုံးနိုင်ခြေရှိသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့ကျဆုံးသွားပါက မရေမတွက်နိုင်သော ခေတ်အဆက်ဆက်တစ်လျှောက် သူတို့၏ စောင့်ဆိုင်းမှုအားလုံးမှာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။
“ ဒီလိုဆိုရင် ဒီဧကရာဇ်ကပဲ မင်းတို့အားလုံးကို ကူညီပေးရလိမ့်မယ် ”
ကုချန်သည် လျစ်လျူရှုသောဟန်ဖြင့် တိုးတိုးရေရွတ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားကာ အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အတွင်းပိုင်းတွင် အတန်းလိုက်တည်ရှိနေသော နတ်နန်းတော်များကြားတွင် ပေါ်လာခဲ့၏။
“ မင်း ဒီဧကရာဇ်နဲ့အတူ လိုက်ခဲ့ ”
ကုချန်သည် အောက်သို့ဆင်းသက်လာပြီး ကုမိသားစုကိုကြည့်ကာ သူတို့ထဲမှ ကုချင်းရွဲ့ကို လက်ညှိုးထိုးလိုက်သည်။
ဘိုးဘေးက ကျွန်မကို ခေါ်နေတာလား။
ကုချန်က သူမအား လက်ညှိုးထိုးလိုက်သောအခါ ကုချင်းရွဲ့သည် ဦးစွာ တုန်လှုပ်သွားပြီးနောက် သူမ၏နှလုံးသားမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
ဘိုးဘေးက ရုတ်တရက် သူမကို လက်ညှိုးထိုးပြီး ဘာလုပ်စေချင်နေပါသနည်း။
ကုချင်းရွဲ့သည် နာခံစွာဖြင့် ကုချန်၏ဘေးသို့ လျှောက်သွားသော်လည်း သူမ၏နှလုံးသားထဲမှ ရှုပ်ထွေးမှုကို ဖုံးကွယ်မထားနိုင်ဘဲ ညင်သာစွာ မေးလိုက်သည်။
“ ဘိုးဘေး ကုချင်းရွဲ့ကို ဘာများခိုင်းချင်လို့ပါလဲ ”
“ ဒီဧကရာဇ်နှင့်အတူ လိုက်ခဲ့။ တားမြစ်နယ်မြေတွေထဲကို ဝင်ကြစို့ ”
သူစကားဆုံးသည်နှင့် ကုချန်၏ခြေဖဝါးအောက်တွင် အဆုံးမဲ့တာအိုအစီအရင်များဖြင့် ရက်လုပ်ထားသော တောက်ပသည့် တာအိုမဟာလမ်းမကြီးတစ်ခု ပေါ်လာပြီး ကောင်းကင်၏အဆုံးထိ တန်းတန်းမတ်မတ်ဆန့်တန်းကာ မူလရှေးဟောင်းတွင်းနက်ထဲသို့ ဆင်းသက်သွားလေ၏။
နောက်တစ်ခဏတွင် ကုချင်းရွဲ့၏ အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နေသော အကြည့်အောက်၌ ကုချန်သည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကုချင်းရွဲ့နှင့်အတူ အဆုံးမဲ့ကမ္ဘာတားမြစ်နယ်မြေမှ ပျောက်ကွယ်သွားခဲ့လေပြီ။
“ ကျွန်… ကျွန်တော် ကြားတာမမှားဘူးမလား။ ဘိုးဘေးက ခုနက ပြောသွားတာ… ”
ကုချန် ကုချင်းရွဲ့နှင့်အတူ ထွက်ခွာသွားပြီးနောက် ကုမိသားစုတပည့်တစ်ဦးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး တံတွေးမျိုချကာ တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
“ ဘိုးဘေးက ကုချင်းရွဲ့ကိုခေါ်ပြီး တားမြစ်နယ်မြေတွေထဲ ဝင်သွားမယ်တဲ့လား ”
“ ကျွန်တော်သာ ကြားတာမမှားဘူးဆိုရင် ခင်ဗျားလည်း မမှားလောက်ပါဘူး… ”
အခြားကုမိသားစုတပည့်တစ်ဦးက ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။
“ ဒါပေမဲ့ ဘာလို့ ဘိုးဘေးက ကုချင်းရွဲ့ကိုပါ ခေါ်သွားရတာလဲ ”
တားမြစ်နယ်မြေအသီးသီးသို့ ဝင်ရောက်ခြင်း၏ အဓိပ္ပာယ်ကို လူတိုင်းနီးပါး နားလည်ကြ၏။ ဘိုးဘေးသည် သူ၏စွမ်းအားကို ပြသရန် သွားနေသည်မှာ ရှင်းလင်းနေပေ၏။
သို့သော် ဘိုးဘေးသည် သူ၏စွမ်းအားကို တားမြစ်နယ်မြေများအား သရုပ်ပြသည့်အခါ အဘယ်ကြောင့် ကုချင်းရွဲ့ကိုပါ ခေါ်သွားရသနည်း။
…
“ ကောင်းကင်ဘုံအရှင်သခင် လှုပ်ရှားပြီ။ သူ မူလရှေးဟောင်းတွင်းနက်ထဲ ဝင်တော့မယ် ”
အဆုံးမဲ့တာအိုအစီအရင်များဖြင့် ရက်လုပ်ထားသော တောက်ပသည့် တာအိုမဟာလမ်းမကြီးသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အတွင်းပိုင်းမှ မူလရှေးဟောင်းတွင်းနက်ထဲသို့ တန်းတန်းမတ်မတ် ဆန့်တန်းသွားသည်ကို မြင်သောအခါ တစ်စုံတစ်ဦးသည် ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤကောင်းကင်ဘုံအရှင်သခင်သည် အလွန်ပင်စိုးမိုးချုပ်ကိုင်တတ်ပြီး တားမြစ်နယ်မြေများမှ ထိုအထွတ်အထိပ်အရှင်များကို စစ်ပွဲဖြစ်လောက်သည်အထိ အတင်းအကျပ်ပြုလုပ်ရမည်ကို ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ယခုအခါ တားမြစ်နယ်မြေထဲသို့ ဆင်းသက်ကာ သူတို့ကို ဟန့်တားရန်ပင် ပြုလုပ်နေ၏။ ထိုသို့ပြုလုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
မူလရှေးဟောင်းတွင်းနက်။
ဤသည်မှာ အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ သက်ရှိအားလုံးအား နာမည်ကြားရုံမျှဖြင့် အရောင်ပြောင်းသွားစေသော သေမင်းတမန်နေရာတစ်ခု ဖြစ်သည်။
အဆုံးမရှိသော မီးခိုးရောင်မြူခိုးများသည် နယ်နိမိတ်မရှိသော မြေပြင်ကို ဖုံးလွှမ်းထား၏။
မထင်မရှားအားဖြင့် ဤအဆုံးမဲ့မြေပြင်ပေါ်၌ ပြန့်ကျဲနေသော မည်းနက်နေသည့် တွင်းပေါက်များကို မြင်တွေ့နိုင်လေသည်။
တွင်းပေါက်တစ်ခုစီသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ အရာအားလုံးကို မျိုချနေပြီး အနီးအနားသို့ ကျရောက်လာသော နေရောင်ခြည်၊ လရောင်ခြည်နှင့် ကြယ်ရောင်ခြည်များပင်လျှင် ချွင်းချက်မရှိဘဲ လိမ်ကောက်ကာ ဝါးမြိုခံရပြီး တွင်းပေါက်ထဲသို့ ဆွဲသွင်းခံလိုက်ရ၏။
ဤတွင်းပေါက်များအတွင်း၌ အဘယ်အရာရှိသည်ကိုမူ မည်သူမျှမသိပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်ကာလမှစ၍ ဤစွန့်ပစ်နယ်မြေသို့ ချဉ်းကပ်လာသော မည်သည့်သက်ရှိမဆို ရှေးဟောင်းသူတော်စင်တစ်ပါးပင်ဖြစ်လင့်ကစား အားလုံး ချွင်းချက်မရှိ ပြင်းထန်စွာ သေဆုံးခဲ့ကြရသောကြောင့်ဖြစ်ပြီး တွင်းပေါက်များအတွင်းသို့ အရှင်လတ်လတ် ဝင်ရောက်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
သို့သော် ယခုအခါ ဤချွင်းချက်သည် ကျိုးပေါက်တော့မည်ဟု ထင်ရသည်။
အဘယ်ကြောင့်ဆိုသော် တောက်ပသော နတ်အစီအရင်များဖြင့် ဖုံးလွှမ်းထားသော တာအိုမဟာလမ်းမကြီးသည် ရှေးကျပြီး ကြာရှည်စွာတည်ရှိနေသော မြူခိုးများကိုဖယ်ရှားကာ မူလရှေးဟောင်းတွင်းနက်၏ အတွင်းပိုင်းသို့ တန်းတန်းမတ်မတ် ဦးတည်နေသောကြောင့်ပင်ဖြစ်၏။
ကုချန်သည် ကုချင်းရွဲ့နှင့်အတူ အေးဆေးစွာ လမ်းလျှောက်နေသည်။
ခြေတစ်လှမ်းတည်းဖြင့် သူသည် နေ၊ လ၊ တောင်တန်းများနှင့် မြစ်များကို နောက်တွင်ထားခဲ့ပြီး မူလရှေးဟောင်းတွင်းနက်ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်နှင့် နေနှင့်လ၏အနှစ်သာရကို ဝါးမြိုနေသော ထိုကြောက်မက်ဖွယ် တွင်းပေါက်များကိုကြည့်ရင်း ကုချင်းရွဲ့သည် သူမ၏နှလုံးသားထဲ၌ တုန်လှုပ်မှုကိုသာ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူမအတွက် ထိုတွင်းပေါက်များသည် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများကဲ့သို့ သူမကို စိုက်ကြည့်နေပြီး ချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ကြောက်ရွံ့မှုကို ခံစားရစေသောကြောင့် ဖြစ်သည်။
သို့သော် တစ်ခဏအတွင်းမှာပင် ထိုကြောက်ရွံ့မှုသည် ခြေရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကုချန်၏ ဧကရာဇ်စွမ်းအားသည် မူလရှေးဟောင်းတွင်းနက်မှ ထွက်ပေါ်လာသော ချီစွမ်းအင်အားလုံးကို တွန်းလှန်လိုက်ပြီး ကုချင်းရွဲ့အနီးသို့ အနည်းငယ်မျှပင် ချဉ်းကပ်မလာနိုင်ရန် တားဆီးထားသောကြောင့် ဖြစ်သည်။
“ ကောင်းကင်ဘုံအရှင်သခင် မင်းက စစ်ပွဲကြီးတစ်ခုကို အမှန်တကယ် စတင်ချင်တာလား ”
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဤအခိုက်တွင် ရှေးဟောင်းတွင်းဝင်ပေါက်များထဲမှ တစ်ခုသည် တောက်ပလာပြီး နေနှင့်လ၏အနှစ်သာရကို ဝါးမြိုကာ မူလက တောက်ပနေသော ကောင်းကင်ကို မည်းနက်သွားစေခဲ့ပြီး မူလက မှောင်မိုက်နေသော ရှေးဟောင်းတွင်းဝင်ပေါက်မှာမူ တောက်လောင်နေသော နေလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ တောက်ပလာသည်မှာ အလွန်ပင် မျက်စိကျိန်းလှ၏။
ဤသည်မှာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ရှေးဟောင်းတွင်းဝင်ပေါက်သည် နေနှင့်လ၏အနှစ်သာရကို ရှူသွင်းရှူထုတ်ပြုလုပ်နေပြီး အထဲ၌ အထွတ်အထိပ်စွမ်းအားများ ပျံ့နှံ့ကာ ရောယှက်စုစည်းလျက်ရှိရာ နတ်ဂူတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။
ထိုရှေးဟောင်းတွင်းနက်အထက်၌မူ မူလက နေ့ခင်းအချိန်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး မည်းနက်ကာ ထိုးဖောက်၍မရနိုင်သော ညအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤအရာအားလုံးမှာ မူလရှေးဟောင်းတွင်းနက်အတွင်းရှိ အထွတ်အထိပ်အရှင်တစ်ပါးက စကားပြောဆိုကာ သူ၏မကျေနပ်မှုကို ဖော်ပြခဲ့သောကြောင့်သာ ဖြစ်သည်။
“ မင်းက ဘာမို့လို့ ဒီဧကရာဇ်နဲ့ စစ်ပွဲကြီးတစ်ခု ဆင်နွှဲထိုက်မှာလဲ ”
ကုချန်သည် သူ၏အကြည့်ကို အနည်းငယ်နှိမ့်ချကာ ထိုရှေးဟောင်းသတ္တုတွင်းဝင်ပေါက်ကို ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် အဆုံးမဲ့တာအိုများဖြင့် ရက်လုပ်ထားသော တောက်ပသည့် တာအိုမဟာလမ်းမကြီးသည် သူ၏ဆန္ဒအတိုင်း လှုပ်ရှားသွားပြီး ထိုရှေးဟောင်းတွင်းဝင်ပေါက်ထဲသို့ တန်းတန်းမတ်မတ် ဆင်းသက်သွားလေ၏။
ဤဧကရာဇ်သည် မျောက်များကို သတိပေးရန် သတ်စရာ ‘ကြက်’ တစ်ကောင် မရှိမည်ကို စိုးရိမ်နေခဲ့သည်။ သင်က ထွက်လာရန် ဤမျှ စိတ်အားထက်သန်နေမှတော့ သင့်အား နမူနာပြလိုက်မည်။
ကုချန်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ခနဲ့တဲ့တဲ့ရယ်မောလိုက်ပြီး ခြေတစ်လှမ်းလှမ်းကာ ကုချင်းရွဲ့နှင့်အတူ ထိုရှေးဟောင်းတွင်းပေါက်ထဲသို့ ဆင်းသက်သွားခဲ့လေပြီ။
အခန်း ( ၅၂ )-ပေါက်ကွဲထွက်တော့မည့်အခြေအနေ၊ လျှို့ဝှက်ချက်များ ပုန်းကွယ်နေခြင်း၊ နဂါးဦးခေါင်းကို စီးနင်းခြင်း
" ကောင်းကင်ဘုံအရှင်သခင်က မူလရှေးဟောင်းတွင်းထဲက တွင်းပေါက်တစ်ခုထဲကို ဝင်ရောက်သွားပြီ "
အရှေ့ပိုင်းစွန့်ပစ်နယ်မြေတာအိုဒိုမိန်း၏ ကောင်းကင်ယံအထက်၌ စွမ်းအားကြီးကျင့်ကြံသူတစ်ဦးသည် သူ၏ ကောင်းကင်မျက်လုံးကိုဖွင့်ကာ လေဟာနယ်ထဲမှ တာအိုအမှတ်အသားများကိုဖမ်းယူလျက် မြူခိုးများထဲမှတစ်စကို ဖော်ထုတ်လိုက်ပြီး မူလရှေးဟောင်းတွင်းနက်အတွင်းမှမြင်ကွင်းကို ခတ္တခဏမျှ မြင်တွေ့လိုက်ရလေသည်။
သို့သော် နောက်တစ်ခဏတွင် ထိုစွမ်းအားကြီးကျင့်ကြံသူသည် ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများမှ သွေးများစီးကျလာကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလေသည်။
အကြောင်းမှာ မူလရှေးဟောင်းတွင်းနက်၏ နက်ရှိုင်းသောနေရာ၌ တာအိုပုံစံများ ရောယှက်နေပြီး တောက်ပသော အင်မော်တယ်အလင်းရောင်များက အရာအားလုံးကို ဖုံးကွယ်ထားသောကြောင့်ပင်။ မိုင်ထောင်ပေါင်းများစွာ အကွာမှ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုကြောက်မက်ဖွယ်စွမ်းအားသည် သာမန်သတ္တဝါများအတွက် မခံနိုင်စရာဖြစ်နေပေသည်။
သို့သော် သူ၏စကားများကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကောင်းကင်ဘုံအရှင်သခင်သည် မူလရှေးဟောင်းတွင်းနက်အတွင်းမှ တွင်းပေါက်တစ်ခုသို့ ဝင်ရောက်သွားသည်လော။
ဤသည်မှာ မူလရှေးဟောင်းတွင်းထဲသို့ ဝင်ရောက်ခြင်းသက်သက်နှင့် လုံးဝကွဲပြားခြားနားပေသည်။
ဒုတိယအချက်မှာ မူလရှေးဟောင်းတွင်းနက်၏ အပြင်ဘက်သို့သာ ဝင်ရောက်ခြင်းဖြစ်ပြီး အခြေအနေများ ပြန်လည်ကောင်းမွန်လာနိုင်သည့် အခွင့်အလမ်းရှိသေးသည်။
သို့သော် ပထမအချက်မှာ မူလရှေးဟောင်းတွင်းနက်၏ တကယ့်အဓိကနေရာ ရှင်သန်ခြင်းတားမြစ်နယ်မြေမှ အရှင်သခင်များ အိပ်စက်အနားယူရာနေရာသို့ ဝင်ရောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ်မျှ မှားယွင်းလိုက်သည်နှင့် အလုံးစုံစစ်ပွဲကြီးတစ်ခုကို ဖြစ်ပွားစေနိုင်၏။
ထိုအခိုက်တွင် သက်ရှိသတ္တဝါအားလုံး ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ကျင့်ကြံသူများစွာသည်ပင် ကောင်းကင်သို့ ပျံတက်သွားကြပြီး အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေမှ ထွက်ပြေးရန် အဝေးသို့ အသည်းအသန် ပျံသန်းလိုကြသည်။ အကြောင်းမှာ တကယ့်ဧကရာဇ်အဆင့်စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါက အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေသည် ထိပ်ဆုံးမှဒဏ်ခံရမည်ဖြစ်ပြီး အဆုံးမဲ့ဧကရာဇ်အဆင့်စွမ်းအား၏ ဖျက်ဆီးမှုအောက်တွင် တိုက်ရိုက်ပြိုကျသွားမည်မှာ သေချာသောကြောင့်ပင်။
သို့သော် အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်သော ကျင့်ကြံသူအချို့မှာမူ မည်သို့မျှ မလှုပ်ရှားကြပေ။
သူတို့သိသည်မှာ အကယ်၍ ဧကရာဇ်အဆင့်စစ်ပွဲကြီးတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့ပါက သူတို့သည် အရှေ့ပိုင်းစွန့်ပစ်ဒေသတာအိုနယ်မြေတွင် ရှိနေသည်ဖြစ်စေ အခြားနယ်မြေလေးခုတွင် ရှိနေသည်ဖြစ်စေ ရလဒ်မှာ အတူတူပင်ဖြစ်သောကြောင့်တည်း။
တဟုန်ထိုးတက်လာသော ဧကရာဇ်အဆင့်စွမ်းအားအောက်တွင် နယ်မြေငါးခုစလုံးမှ မည်သည့်နယ်မြေမျှ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ ကမ္ဘာမြေအဆုံးသို့ ထွက်ပြေးလျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
တစ်ခဏအတွင်းမှာပင် ကြောက်ရွံ့ရိုသေမှုနှင့် ပြည့်နေသော အကြည့်များသည် မူလရှေးဟောင်းတွင်းနက်တည်ရှိရာနေရာသို့ စုဆုံသွားကြသည်။
လူတိုင်းသိသည်မှာ နယ်မြေငါးခုရှိ သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာသည် ကောင်းကင်ဘုံအရှင်သခင်နှင့် မူလရှေးဟောင်းတွင်းနက်အတွင်းမှ အရှင်များ၏ အတွေးတစ်ချက်ပေါ်တွင် မူတည်နေသည်ဟူ၍ပင်။
… … … …
မူလရှေးဟောင်းတွင်းနက်၏ နက်ရှိုင်းသောနေရာ၌ ဖြစ်သည်။
ကုချန်နှင့်ကုချင်းရွဲ့ ရှေးဟောင်းတွင်းဝင်ပေါက်သို့ တစ်လှမ်းဝင်လိုက်သည်နှင့် သူတို့ရှေ့မှ မြင်ကွင်းသည် ရုတ်တရက်ပြောင်းလဲသွား၏။
ရှေ့တွင်ရှိနေသည်မှာ ကျဉ်းမြောင်းသော တွင်းလမ်းကြောင်းတစ်ခုမဟုတ်ဘဲ အလွန်ကျယ်ပြောလှသော မြေအောက်ကမ္ဘာတစ်ခု ဖြစ်သည်။ နေ၊ လနှင့် ကြယ်တာရာများက မြင့်မားသောကောင်းကင်ယံတွင် ချိတ်ဆွဲထားပြီး နေရောင်ခြည်နှင့် ကြယ်ရောင်ခြည်များကို ဖြာကျစေလျက်ရှိကာ အဆုံးမဲ့မြေပြင်ကြီးသည် မှိန်ဖျော့သောမြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
" ဒါက… "
ကုချင်းရွဲ့သည် ပတ်ဝန်းကျင်မှမြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ ဤသည်မှာ မြေအောက်ကမ္ဘာတစ်ခု မည်သို့ဖြစ်နိုင်မည်နည်း။ ဤသည်မှာ သာမန်လောကအပြင်ဘက်မှ နတ်ဘုံနတ်နန်းတစ်ခုသာ ဖြစ်ပေသည်။
မူလရှေးဟောင်းတွင်းနက်၏ တွင်းပေါက်အတွင်း၌ ဤကဲ့သို့သောမြင်ကွင်းမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
" ဒါက အိုးတစ်လုံးထဲမှာ စကြဝဠာတစ်ခုဖန်တီးတဲ့ နည်းစနစ်တစ်ခုသက်သက်ပဲ။ ကောင်းကင်၊မြေကြီး၊နေနဲ့လရဲ့ အနှစ်သာရတွေကို ဒီနေရာမှာ စုစည်းစေပြီး ဒီမြေကို ဖန်တီးထားတာ "
ထိုအခိုက်တွင် ကုချင်းရွဲ့၏ လက်ချောင်းပေါ်မှ သိုလှောင်လက်စွပ်သည် မှိန်ဖျော့စွာလင်းလက်လာပြီး နတ်သမီးရှောင်းယွဲ့၏ အသံထွက်ပေါ်လာကာ ကုချင်းရွဲ့အား ရှင်းပြလေသည်။
“ ဆရာ ”
ကုချင်းရွဲ့က စိတ်ထဲမှ ဆိုလိုက်သည်။
“ ဘိုးဘေးက ကျွန်မကို ဒီကို ဘာလို့ခေါ်လာတယ်လို့ ထင်လဲ ”
ယခုအချိန်အထိ ကုချင်းရွဲ့သည် ဘိုးဘေးက သူမအား ရှင်သန်ခြင်းတားမြစ်နယ်မြေ၏ နက်ရှိုင်းသောနေရာသို့ အဘယ်ကြောင့်ခေါ်ဆောင်လာသည်ကို နားမလည်သေးပေ။ သူမ၏စွမ်းအားဖြင့် ဘိုးဘေးအား မည်သည့်နည်းနှင့်မျှ ကူညီနိုင်မည်မဟုတ်ချေ။
ထို့အပြင် အကယ်၍ ဘိုးဘေးသည် ရှင်သန်ခြင်းတားမြစ်နယ်မြေမှ အရှင်သခင်များနှင့် တိုက်ခိုက်မည်ဆိုပါက သူမသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဤသည်မှာ ကုချင်းရွဲ့ မဖြစ်ချင်ဆုံးအရာပင် ဖြစ်သည်။
" မင်း စိတ်လှုပ်ရှားနေဖို့မလိုဘူး။ မင်းရဲ့ဘိုးဘေးပြောတဲ့အတိုင်းသာ လုပ်လိုက် "
သိုလှောင်လက်စွပ်သည် မှိန်ဖျော့စွာလင်းလက်လာပြီး နတ်သမီးရှောင်းယွဲ့၏အသံမှာ အလွန်အမင်းစိတ်အေးလက်အေးဖြစ်နေဟန်ဖြင့် ထွက်ပေါ်လာ၏။
" ရှင်သန်ခြင်းတားမြစ်နယ်မြေ ဟုတ်လား။ မင်းရဲ့ဘိုးဘေးအတွက်တော့ ဒါက ဘာမှမဟုတ်ဘူး ဒီမူလရှေးဟောင်းတွင်းနက်ထဲက အရှင်တွေအားလုံး ထွက်လာရင်တောင်မှ သူတို့က မင်းဘိုးဘေးရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဘာကိုကြောက်စရာရှိသေးလို့လဲ "
"… …"
သူမ၏ဆရာစကားကိုကြားသောအခါ ကုချင်းရွဲ့သည် တုန်လှုပ်မှုဖြင့် စကားမပြောနိုင်ဖြစ်သွားရသည်။
သူမသည် ဘိုးဘေး၏စွမ်းအားအကြောင်း ဆရာထံမှ ကြားဖူးခဲ့သော်လည်း ဤမူလရှေးဟောင်းတွင်းနက်၌ အိပ်စက်နေသော ဧကရာဇ်များနှင့် အုပ်စိုးသူများအားလုံး ထွက်ပေါ်လာလျှင်ပင် ဘိုးဘေး၏ပြိုင်ဘက်မဟုတ်ဟု ဆိုသည်လော။ ဤသည်မှာ အလွန်အမင်းရူးသွပ်လှပေသည်။
" သွားကြစို့ "
ကုချန်၏ အလွန်အမင်းတည်ငြိမ်သောအသံသည် သူမ၏နားထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ကုချင်းရွဲ့သည် အသိပြန်ဝင်လာကာ ကုချန်၏ခြေလှမ်းများနောက်သို့ အလျင်အမြန်လိုက်ပါသွားလေသည်။
လူသူကင်းမဲ့သော မြေပြင်ပေါ်တွင် ကုချင်းရွဲ့သည် ကုချန်နောက်သို့လိုက်ပါရင်း ထူးဆန်းသော မြင်ကွင်းများစွာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။
သူမသည် ရှေးဟောင်းဝတ်စုံများဝတ်ဆင်ထားသော သတ္တဝါတစ်စု နေနှင့်လ၏အနှစ်သာရကို စုပ်ယူနေကြသည်ကို မြင်တွေ့ခဲ့ရပြီး လည်ပတ်နေသော မြူခိုးများကြားတွင် အဆက်မပြတ် တက်လိုက်ကျလိုက်ဖြစ်နေကြ၏။
ဤသတ္တဝါများသည် မသိနိုင်သောခေတ်တစ်ခုမှ လာကြခြင်းဖြစ်၏။ သူတို့၏အဝတ်အစားများပင် ဆွေးမြေ့နေပြီဖြစ်သော်လည်း သူတို့၏ဆံပင်နှင့်အသားများမှာ ကြည်လင်တောက်ပနေဆဲဖြစ်သည်။ သူတို့၏မျက်လုံးများကို တင်းကျပ်စွာပိတ်ထားပြီး နက်ရှိုင်းစွာ အိပ်စက်နေဟန်တူသည်။
ထိုရှေးဟောင်းသတ္တဝါအုပ်စုအနားမှ ဖြတ်သွားသောအခါ ကုချင်းရွဲ့သည် သူတို့ထဲမှတစ်ဦးက တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် မျက်လုံးများဖွင့်ကာ သူမ၏ဘက်သို့ ကြည့်လိုက်သည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။
သို့သော် တစ်ခဏအတွင်းမှာပင် ထိုရှေးဟောင်းသတ္တဝါသည် လန့်သွားဟန်ဖြင့် သူ၏မျက်လုံးများကို တင်းကျပ်စွာ ပြန်ပိတ်လိုက်ကာ မည်သည့်အခါကမျှ မဖွင့်ခဲ့သကဲ့သို့ ဖြစ်သွား၏။
ကုချင်းရွဲ့သည် အကျယ်အဝန်း မိုင်တစ်ထောင်နီးပါးရှိသော ရေကန်တစ်ခုကိုလည်း မြင်တွေ့ခဲ့ရပြီး ရေများမှာထူးဆန်းစွာ အနီရင့်ရောင်ဖြစ်နေသည်။ ရေကန်တစ်ခုလုံးအပေါ်မှ ရေများသည် အဆက်မပြတ် လှုပ်ခတ်နေပြီး ရေမျက်နှာပြင်အောက်နက်ရှိုင်းသောနေရာတွင် မပြောပြနိုင်သော မိစ္ဆာတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ဖြစ်သည်။
သို့သော် ကုချန်က ကုချင်းရွဲ့အား ခေါ်ဆောင်၍ ဖြတ်သွားသောအခါ ရေကန်သည် ချက်ချင်းငြိမ်သက်သွားပြီး မျက်နှာပြင်မှာ မှန်ကဲ့သို့ ချောမွေ့သွားကာ လှိုင်းကြက်ခွပ်တစ်ခုမျှမရှိတော့ချေ။
ဘိုးဘေးကြောင့်လား…။
လုံးဝငြိမ်သက်နေသော ရေကန်ကိုကြည့်ရင်း ကုချင်းရွဲ့သည် ရှေ့မှကုချန်၏ ခန့်ညားထည်ဝါသောပုံရိပ်ကို ငေးကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။
သူမသိသည်မှာ ကမ္ဘာလောက၏အမြင်တွင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော ဤသတ္တဝါများသည် ဘိုးဘေးအား ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ဦးအဖြစ် မြင်နေကြမည်ဟူ၍ပင်။
သူတို့ တဖြည်းဖြည်း ရှေ့သို့ဆက်သွားသည်နှင့်အမျှ မြေပြင်ကိုဖုံးလွှမ်းထားသော မြူခိုးများမှာ ပိုမိုထူထဲလာပြီး ရှေ့တွင်ရှိသောလက်ကိုပင် မမြင်နိုင်လောက်သည့်အခြေအနေသို့ ရောက်ရှိလာသည်။
သို့သော် ကုချန်၏ပတ်လည် ပေတစ်သောင်းအတွင်း၌ လည်ပတ်နေသော မြူခိုးတစ်စမျှမရှိပေ။
" ဝေါင်း "
ရုတ်တရက် ဝိညာဉ်ကိုတုန်လှုပ်စေသော ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး မြူခိုးများ တဟုန်ထိုးတက်လာသည်။ ပေထောင်ပေါင်းများစွာရှည်လျားပြီး ကြောက်မက်ဖွယ်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသော နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ မီးအိမ်များကဲ့သို့ ကြီးမားသော ကြက်သွေးရောင်မျက်လုံးတစ်စုံက ကုချန်နှင့် ကုချင်းရွဲ့အား အပေါ်မှငုံ့ကြည့်နေသည်။
ဒဏ္ဍာရီလာ နဂါးအစစ်လား။
ကောင်းကင်ယံကို လွှမ်းခြုံထားသော ထိုဧရာမသတ္တဝါကြီးကိုကြည့်ရင်း ကုချင်းရွဲ့၏နှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွားသော်လည်း မကြာမီတွင် သူမသည် ထိုအတွေးကို ဖယ်ရှားလိုက်သည်။
အကြောင်းမှာ သူမသည် ထိုနဂါးကြီး၏နဖူးပေါ်တွင် အနည်းငယ်မို့မောက်နေသည်ကိုသာ မြင်တွေ့ရပြီး နဂါးအစစ်၏ဦးချိုမဟုတ်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဤနဂါးကြီး၏ အကြေးခွံများနှင့် ခြေချောင်းများကြားတွင် ခြေသည်းလေးခုသာရှိပြီး ငါးခုမဟုတ်ချေ။
ခြေသည်းငါးခုက နဂါးကိုဆိုလိုပြီး ခြေသည်းလေးခုက ရေနဂါးကိုဆိုလိုသည်။
သူတို့ရှေ့မှ ဤဧရာမသတ္တဝါကြီးသည် နဂါးအစစ်အဖြစ် အသွင်မပြောင်းသေးဘဲ ရေနဂါးတစ်ကောင်သာ ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် အလွန်အံ့ဩစရာကောင်းလှ၏။
အကြောင်းမှာ ဤရေနဂါးသည် နဂါးအစစ်အဖြစ် အသွင်ပြောင်းရန် မဝေးတော့သည်မှာ ထင်ရှားပြီး နဂါးအစစ်အဖြစ် အသွင်ပြောင်းသွားသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်သတ္တဝါများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရှင်သခင်နတ်သားရဲတစ်ကောင် ဖြစ်လာမည်ဖြစ်သောကြောင့်တည်း။
" ဧကရာဇ်တပိုင်းအဆင့် ရေနဂါးလား "
ကုချန်သည် လေထဲတွင်ခွေနေသော ဧရာမရေနဂါးကို တည်ငြိမ်စွာကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဒီဧကရာဇ်ရှေ့မှာ မင်းက ပျံရဲတယ်ဟုတ်လား ဆင်းခဲ့စမ်း "
စကားတစ်ခွန်းတည်းဖြင့် ဧကရာဇ်အဆင့်စွမ်းအားသည် တဟုန်ထိုးထွက်ပေါ်လာပြီး မူလက ကြမ်းတမ်းခက်ထန်နေသော ရေနဂါးကြီးအား ချက်ချင်းပင် နာကျင်စွာအော်ဟစ်စေကာ ကောင်းကင်မှပြုတ်ကျလာပြီး ကုချန်၏ရှေ့တွင် ကျရောက်လာစေ၏။
" စီးစရာတစ်ခုလိုနေတာနဲ့ အတော်ပဲ သွားကြစို့ "
ကုချန်သည် အေးဆေးစွာ ရှေ့သို့တက်လှမ်းလိုက်ပြီး ခြေတစ်ဖက်ဖြင့် နဂါး၏ဦးခေါင်းပေါ်သို့ တက်လိုက်သည်။ နဂါး၏ဦးခေါင်းပေါ်တွင် စီးနင်းလျက် သူသည် အောက်မှကြောင်ငေးနေသော ကုချင်းရွဲ့အား လက်ပြလိုက်ကာ တည်ငြိမ်စွာ ဆိုလေသည်။
" မင်း မတက်လာသေးဘူးလား "