← Chapters

အခန်း (၂၂၄၁-၂၂၄၂)

Vol. 165 Ch. 2241-2242

အခန်း (၂၂၄၁-၂၂၄၂)

Vol. 165 Ch. 2241-2242

အခန်း(၂၂၄၁)

ကျန်းချန်က အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို ရယူရန်အတွက် နတ်ဘုရင်သုံးပါးကို သတ်ဖြတ်နေသော အချိန်တွင် နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသရှိ သာမန် တောင်ထိပ်တစ်ခု ပေါ်တွင် မူလက အလွန်တရာ အေးဆေးငြိမ်သက်နေသော နေရာလွတ်ထဲ၌ ပြင်းထန်သော လေပြင်းများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ယင်းနောက်တွင် ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်နှယ် လေထဲကနေ ရိပ်ခနဲ ပေါ်ထွက်လာခဲ့၏။

အကယ်၍ ကျန်းချန်တို့သာ ဤနေရာတွင် ရှိနေခဲ့လျှင် အံ့အားသင့်သွားကြမည်မှာ သေချာသည်။

အကြောင်းမှာ လေထုထဲတွင် ထွက်ပေါ်လာသော ပုံရိပ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကျန်းချန်သတ်ဖြတ်ခဲ့သည့် နတ်ဘုရင်တတိယအဆင့် အဘိုးအိုနှင့် တစ်ပုံစံတည်း တူနေသောကြောင့်ပင်။

ထိုအဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော မဟာလမ်းစဥ် စွမ်းအားများသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးနေခဲ့၏။

အဘိုးအိုက သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် အနောက်တောင်ဘက် အရပ်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဟားဟား နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ.. ရှေးခေတ်ကာလက အုပ်စိုးသူအဆင့်ကျင့်ကြံသူ ကျဆုံးခဲ့တဲ့နေရာ.. အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး.. စိတ်ဝင်စားဖို့ကောင်းသားပဲ.. ငါ ဒီနတ်ဘုရင် သတ္တမအဆင့်ကနေ အဆင့်မတက်နိုင်တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. ဒါက အခွင့်အ‌ရေးပဲ.. ငါကိုယ်တိုင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေဆီကို သွားတာ ပိုကောင်းမယ်ထင်တယ်.. ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးပြီး အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို လုယူရဲရင် အဲဒီအတွက် ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်”

စကားဆုံးသည်နှင့် အဘိုးအို၏ ပုံရိပ်သည် လေပြင်းတစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ တိုးဝင်ကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်တို့သည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို သိမ်းဆည်းပြီးနောက်တွင် စမ်းချောင်း၏ အတွင်းပိုင်း ဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြသည်။

စမ်းချောင်းထဲသို့ ပို၍ နက်ရှိုင်းစွာဝင်လာသည်နှင့် အမျှ အန္တရာယ်ကလည်း ပို၍ပင် များပြားလာခဲ့သည်။

နေရာအနှံ့တွင် နတ်ဘုရင်အဆင့်နှင့်ပင် ယှဥ်နိုင်သော ရုန့်ရင်းသည့် သားရဲများကို တွေ့နေရ၏။

အချို့သော သားရဲဆိုလျှင် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူများထက်ပင် အားမနည်းကြပေ။

ကျန်းချန်တို့က သုံးရက်တိုင်တိုင် အချိန်ကုန်လွန်ပြီးမှသာ စမ်းချောင်းကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကျယ်ပြောလှသော တောင်တန်းကြီးများ ဆီသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ရှေ့မှ တောင်တန်းများကို ကြည့်ကာ ဝူရှင်း၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ခဏအကြာတွင် သူက ကျန်းချန် ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းတို့ ရှာနေတဲ့နေရာကို မကြာခင်ရောက်တော့မယ်.. ငါ့နောက်ကနေ လိုက်လာခဲ့ပါ”

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ဝူရှင်းကို ပြောလိုက်သည်။

“ညီနောင်ဝူရှင်း.. ငါ ဒီနေရာမှာ တစ်ခဏလောက် ကျင့်ကြံပြီးမှ အဲဒီနေရာကို သွားဖို့ စီစဥ်ထားတယ်.. မင်းဘယ်လိုသဘောရလဲ”

သူတို့ရှေ့မှ တောင်တန်းကြီးများထဲတွင် အင်အားကြီးမားသော အရှိန်အဝါများ မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီး ယင်းသည် သူတို့ ယခင် ဖြတ်ကျော်လာခဲ့သည့် စမ်းချောင်းထက်ပင် ပို၍ အန္တရာယ်များသည်မှာ သိသာလှ၏။

ထို့ကြောင့် ကျန်းချန်သည် သူ၏ စွမ်းရည်ကို မြှင့်တင်ရန်အတွက် ဤနေရာတွင်ပင် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို မျိုချရန် ရည်ရွယ်ထားခဲ့သည်။

သူ၏ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့်သာ ဆိုလျှင် သူသာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို အသုံးပြုပြီး နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့လျှင် အနည်းဆုံး နတ်ဘုရင် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် သတ္တမအဆင့်ထက်ပင် နိမ့်ကျတော့မည် မဟုတ်သလို ဤကဲ့သို့ အန္တရာယ်များလှသော နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမှာလည်း များစွာ တိုးတက်လာလိမ့်မည် မဟုတ်ပါလား။

“ရပါတယ်”

ဝူရှင်းက ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်ကို ဂရုမစိုက်တော့ဘဲ ကျင့်ကြံရန်အတွက် နေရာ တစ်နေရာကို ရှာဖွေကာ တင်ပျဥ်ခွေထိုင်၍ မျက်လုံးကို မှိတ်ထားလိုက်သည်။

ကူဖုန်းအာက ကျန်းချန်၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ချိုသာစွာ ပြုံးလိုက်သည်။

“အစ်ကိုကျန်းချန်.. အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို အေးအေးဆေးဆေးစားသုံးပြီး ကျင့်ကြံပါ.. ဘာမှမစိတ်မပူပါနဲ့.. အစ်ကို ကျင့်ကြံနေတဲ့အချိန်မှာ ညီမလေး စောင့်ရှောက်ပေးထားမယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ယင်းနောက်တွင် သူက ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေကာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ထုတ်ယူ၍ အလျင်အမြန်ပင် မျိုချလိုက်၏။

“ဒင်.. သင်က အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို မျိုချပြီး ဓားလမ်းစဥ် အရင်းအမြစ်များစွာကို ရရှိလိုက်ပါတယ်”

“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်လေးပွင့်ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်သို့‌ရောက်ရှိသွားခဲ့ပါပြီ”

“ဒင်.. သင်က အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို မျိုချပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က ဓားလမ်းစဥ်အရင်းအမြစ်စွမ်းအားရဲ့ သုံးပုံနှစ်ပုံကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ”

“............”

သူ၏ စိတ်ထဲတွင် သာယာနာ‌ပျော်ဖွယ်ကောင်းသော အချက်ပေးသံများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားသည်လည်း သုံးပုံနှစ်ပုံခန့်ကို ရောက်ရှိသွားခဲ့သည်။

ဓားလမ်းစဥ်အရင်းအမြစ် ဆိုသည်မှာ ဓားလမ်းစဥ်ကို အထူးပြု ကျင့်ကြံသူများသည် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်ကို ကူးပြောင်းတော့မည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်တွင် ရှိသည့် ဓားလမ်းစဥ်ကျင့်ကြံသူ မည်သူမဆို ဓားလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ချင်လျှင် ဦးဆုံးအနေဖြင့် ဓားလမ်းစဥ်၏ အရင်းအမြစ်စွမ်းအားကို အပြည့်အဝ နားလည်ရမည် ဖြစ်သည်။

ဓားလမ်းစဥ်၏ အရင်းအမြစ်စွမ်းအား ပြီးပြည့်စုံသွားသည်နှင့် နတ်ဘုရင်ကပ်ဘေးကို လှုံ့ဆော်နိုင်ပြီး နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ပေသည်။

ယခုအခါတွင် ကျန်းချန်သည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ အကူအညီဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြယ်လေးပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် အထိ မြှင့်တင်နိုင်ခဲ့ပြီး ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကို သုံးပုံနှစ်ပုံခန့် အထိ သဘောပေါက်သွားခဲ့သည်။

“ဒီအနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးက ဒဏ္ဍာရီလာ နတ်သစ်သီးလို့ မပြောရဘူး.. တကယ်ကို ထူးခြားလွန်းတာပဲ”

သူ၏ ခန္ဓာကိုယ်ထဲရှိ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ အာနိသင်အပေါ်တွင် အလွန်တရာ ကျေနပ်နေခဲ့သည်။

ယနေ့တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသော်လည်း နတ်ဘုရင်အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားပြီ ဖြစ်ကာ စစ်မှန်သော နတ်ဘုရင်တစ်ပါး ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့်သာ ဆိုလျှင် မဟာနဂါးကျောက်တိုင်၏ စွမ်းအားကို အသုံးမပြုလျှင်ပင် နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ကြောက်လန့်နေစရာ မလိုတော့ချေ။

သူက အဆ ၁၀၀ စနစ်၏ အကူအညီဖြင့် အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို မျိုချကာ လျှပ်တစ်ပြက်အတွင်း အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ အာနိသင်ကို ချေဖျက်နိုင်ခဲ့သည်။

သို့သော်လည်း ကူဖုန်းအာတို့ အလွန်အမင်း အံ့အားသင့်မသွားစေရန် အတွက် ကျန်းချန်က ရက်အနည်းငယ်ကြာ ဆက်လက်ကျင့်ကြံနေခဲ့သည်။

“အစ်ကိုကျန်းချန်.. ဘာလို့ ဒီလောက်မြန်မြန် ကျင့်ကြံတာကို အဆုံးသတ်လိုက်တာလဲ”

ရက်အနည်းငယ်ခန့် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်က ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်အား မြင်လျှင် ကူဖုန်းအာ၏ လှပသော မျက်ဝန်းလေးထဲ၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နံဘေးရှိ ဝူရှင်း၏ မျက်ဝန်းထဲတွင်ပင် သံသယ အရိပ်အယောင်များ ရှိနေခဲ့၏။

“ဒီကောင်က နတ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့အတွက် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို အသုံးမပြုဘူးလား”

ဝူရှင်းက အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ အကြောင်းကို ကောင်းစွာ သိထားခဲ့သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီး၏ စွမ်းအားကို အပြည့်အဝ စုပ်ယူရန် ရက်အနည်းငယ်မျှဖြင့် မဖြစ်နိုင်ပေ။

အကယ်၍ ကျန်းချန်သာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို မျိုချခဲ့သည် ဆိုလျှင် အဘယ်ကြောင့် ကျင့်ကြံခြင်းကို အလျင်အမြန် အဆုံးသတ်လိုက်ပါသနည်း။

“ငါ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးရဲ့ စွမ်းအားကို စုပ်ယူပြီးပါပြီ.. ဆက်ပြီး ကျင့်ကြံနေလည်း ဘာမှတိုးတက်တော့မှာ မဟုတ်လို့ ကျင့်ကြံတာကို ရပ်တန့်လိုက်တာပဲ”

ကျန်းချန်က ရက်အနည်းငယ်ကြာ ဆက်လက် ကျင့်ကြံသည့်တိုင် ကူဖုန်အားနှင့် ဝူရှင်းတို့သည် အံ့အားသင့်နေဆဲပင်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ လက်ဖဝါးကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဓားလမ်းစဥ် အရင်းအမြစ် နတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓားအလင်း တစ်ခုသည် သူ၏ လက်ထိပ်တွင် ပေါ်လာခဲ့သည်။

“အစ်ကိုကျန်းချန်က ဓားလမ်းစဥ်အရင်းအမြစ်ရဲ့ စွမ်းအားကို နားလည်သွားပြီလား”

ထိုအချင်းအရာကိုမြင်လျှင် ကူဖုန်းအာ၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ကျန်းချန်က အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ စွမ်းအားကို စုပ်ယူနိုင်ခဲ့ရုံတင်မက ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကိုပါ နားလည်သွားလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

နံဘေးရှိ ဝူရှင်းသည်လည်း ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်ကို အလေးအနက် စိုက်ကြည့်လိုက်မိသည်။

သူက ကျန်းချန်နှင့် စတွေ့ကတည်းကပင် ကျန်းချန်မည်မျှထူးခြားသည်ကို မြင်ခဲ့ပြီးသား ဖြစ်သည်။

ထို့ကြောင့်လည်း ကျန်းချန်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးကို သူအထင်သေးမိနေဆဲ ဖြစ်ကြောင်း နားလည်လာခဲ့သည်။

ထိုကောင်လေးသည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် ရက်အနည်းငယ်အတွင်း အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် အထိ မြှင့်တင်နိုင်ခဲ့ရုံသာမက ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကိုပါ နားလည်သွားခဲ့သည်။

ဤမျှအထိ ထူးခြားသော ပါရမီရှင်သည် ပါရမီရှင်များ ပေါများလှသည့် ရှေးခေတ်ကာလမှာပင် အလွန်တရာ ရှားပါးလှ၏။

သို့သော်လည်း ထိုကောင်လေး အနေဖြင့် ပို၍ စွမ်းအားကြီးလေလေ၊ သူ့အတွက် ထိုနေရာက ပစ္စည်းတစ်ခု ပြန်ယူလာပေးနိုင်ရန် အခွင့်အရေး ပိုများလေလေ ဖြစ်ရာ ယင်းသည် သူ့အတွက် သိပ်မဆိုးလှပေ။

“မင်းကျင့်ကြံတာ ပြီးပြီ ဆိုရင် ငါတို့သွားကြစို့”

ဝူရှင်းက တွေဝေမနေဘဲ ချက်ချင်းဆိုသလို ထရပ်ကာ ကျန်းချန်တို့နှစ်ဦးကို တည်ငြိမ်စွာ ပြောလိုက်သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် မကြာသေးခင်ကစပြီး အပြောင်းအလဲများ မကြာခဏ ဖြစ်ပေါ်နေခဲ့သည်။

ယင်းမှာ ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည့်ပုံ ရ၏။

ထို့ကြောင့် သူပိုင်ဆိုင်သည့် ပစ္စည်းကို ပြန်ယူရန်အတွက် ထိုနေရာကို တတ်နိုင်သမျှ အမြန်ဆုံးသွားရလိမ့်မည် မဟုတ်ပါလော။

အခန်း(၂၂၄၁)ပြီး၏။

အခန်း(၂၂၄၂)

ကျန်းချန်တို့သုံးယောက်သည် တောင်တန်းကြီးများကြားတွင် သတိမပျက်ထား၍ သွားလာနေခဲ့ကြသည်။

သို့‌သော်လည်း ကျန်းချန်တို့ကို အံ့အားသင့်စေသည်မှာ လမ်းတစ်လျှောက်တွင် မျှော်လင့်ထားသကဲ့သို့ မည်သည့် အန္တရာယ်နှင့်မှ မတွေ့ကြုံခဲ့ရခြင်းပင်။

ထိုအစား သူတို့သည် တိုက်ပွဲဖြစ်ခဲ့သည့် ခြေရာလက်ရာ အချို့ကို တွေ့ရှိခဲ့ရပြီး ရံဖန်ရံခါတွင် သွေးအိုင်ထဲ၌ လဲလျောင်းနေသော သားရဲ အလောင်းများကို တွေ့ရှိခဲ့ရသည်။

“ငါတို့ထက် အရင် ဒီနေရာကို လူတချို့ ရောက်လာပုံရတယ်.. ဒီသားရဲအလောင်းတွေကို ကြည့်ရတာ သေတာ သုံးရက်ထက် မပိုသေးဘူး”

ဝူရှင်းက မြေပြင်ပေါ်ရှိ သားရဲအလောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်၍ သုံးသပ်လိုက်သည်။

ကျန်းချန်၏ မျက်နှာက ရုတ်တရက် လေးနက်သွားခဲ့၏။

သူတို့ထက် အရင် တောင်တန်းထဲကို ဝင်ရောက်လာခဲ့သော ဤလူများသည် သူတို့နှင့် လမ်းကြောင်းချင်း တူနေသည်မှာ သိသာနေခဲ့သည်။

၎င်းတို့သည်လည်း လနတ်ဘုရားနန်းတော်ဆီ လာခဲ့ခြင်း ဖြစ်နိုင်ပါသလော။

“ညီနောင်ဝူရှင်း ငါတို့ ခပ်မြန်မြန် သွားမှဖြစ်မယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။

လနတ်ဘုရားနန်းတော်၏ သော့သည် သူ တစ်ယောက်တည်း၏ လက်ထဲမှာတင် ရှိနေသည်မဟုတ်‌လောက်ပေ။

အကယ်၍ ထိုလူများသည် လနတ်ဘုရားနန်းတော် အတွက်ရောက်လာပြီး လနတ်ဘုရားနန်းတော်ကို အရင်ဖွင့်လှစ်ကာ အတွင်းမှ အမွေအနှစ် ရတနာများကို ယူသွားကြလျှင် သူ့အတွက် တကယ့်ပြဿနာ ဖြစ်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ဝူရှင်းက ခေါင်းညိတ်လိုက်ပြီး အရှိန်အဟုန်ကို မြှင့်ကာ ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် လခြမ်းသဏ္ဌာန် တောင်ထိပ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

တောင်ထိပ်နှင့် မီတာတစ်ရာခန့်အကွာရှိ လေထုထဲတွင် ပုံရိပ်နှစ်ခုသည် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

ထိုပုံရိပ်နှစ်ခုမှာ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်ဖြစ်ပြီး ၎င်းတို့သည် ကျန်းချန်တို့ထက် အရင်ရောက်နှင့်နေသူများ ဖြစ်ပုံရ၏။

ထိုနှစ်ဦးတွင် လူငယ်မှာ ချောမောသော မျက်နှာပေါက် ရှိပြီး မျက်ခုံးနှစ်ခုကြားတွင် တတိယမျက်လုံးနှင့် တူသော တြိဂံပုံ အမှတ်အသား တစ်ခု ရှိနေကာ မြင်ရသူကို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

လူငယ်၏ အနောက်တွင်မူ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာပင် အစွမ်းထက်ပြီး ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုမှ ရှထျန်းယွမ်ထက်ပင် မနိမ့်ကျ‌ပေ။

ထိုအဘိုးအိုသည် အနည်းဆုံး နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

လနတ်ဘုရားနန်းတော်၏ သော့ကို သူတစ်ယောက်တည်း ရရှိထားခြင်း ဟုတ်ပုံမရပေ။

အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ယောက်သည်လည်း လနတ်ဘုရားနန်းတော်အတွက် ရောက်လာသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။

“အစ်ကိုကျန်းချန် အဲဒီနှစ်ယောက်က ဆန်းကြယ်နတ်မျိုးနွယ်စုကပဲ.. အဲဒီကောင်က ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော် ယွမ်ရန်ကျီပဲ.. သူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့်၂၂နေရာမှာရှိတဲ့ ပါရမီရှင် ဖြစ်ပြီး လူသားဧကရာဇ်နန်းတော်က ကျန်းယွိနဲ့ တစ်ဆင့်ပဲ ကွာတယ်.. သူနဲ့အတူ ပါလာတဲ့ အဘိုးအိုကတော့ ဆန်းကြယ်နတ်မျိုးနွယ်စုက အကြီးအကဲယွမ်ရှပဲ.. ဒီအဘိုးကြီးက အသန်မာဆုံး နတ်ဘုရင်စာရင်းမှာ အဆင့် ၉၆ နေရာမှာရှိတဲ့ ကျင့်ကြံသူပဲ”

လေထဲမှ ပုံရိပ်နှစ်ခုကိုကြည့်ကာ ကူဖုန်းအာ၏ မျက်နှာလေးတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကူဖုန်းအာကို ဤမျှအထိ လေးနက်သွားစေခဲ့သည်မှာ အကြီးအကဲယွမ်ရှ၏ ကြောက်မက်ဖွယ် အစွမ်းကြောင့်သာမက ထိုနှစ်ဦး၏ နောက်ခံကြောင့်လည်း ဖြစ်သည်။

ဆန်းကြယ်နတ်မျိုးနွယ်စုသည် အင်အားအရဆိုလျှင် နတ်ကုန်းမြေတိုက်၏ ပထမတန်းစား အင်အားစုတစ်ခုမျှသာ ဖြစ်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ ထိပ်တန်းအင်အားစုများနှင့် မယှဥ်နိုင်ပေ။

သို့သော်လည်း ဆန်းကြယ်နတ်မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် အလျှို့ဝှက်ဆုံးနှင့် အဆန်းကြယ်ဆုံး မျိုးနွယ်စုအဖြစ် သတ်မှတ်ခံထားရ၏။

ဆိုရလျှင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် ကံကြမ္မာလမ်းစဥ်တွင် ကျွမ်းကျင်ကြပြီး ခန့်မှန်းရခက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။

၎င်းတို့က လူတို့၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ကိုပင် ဆန့်ကျင်ကာ ကံကြမ္မာကိုပင် ပြောင်းလဲပစ်နိုင်သည်ဟု ဆိုကြ၏။

တစ်ခါက နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထားသော ပထမတန်းစား အင်အားစုတစ်စုသည် ဆန်းကြယ်နတ်မျိုးနွယ်စုကို သွားရောက်စော်ကားမိခဲ့ရာ သိပ်မကြာမီမှာပင် ပျက်စီးသွားခဲ့ရဖူးသည်။

ဆန်းကြယ်နတ်မျိုးနွယ်စုသည် အလွန်ကို ထူးဆန်းလွန်း၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ ထိပ်တန်းမျိုးနွယ်စုများပင် အလွယ်တကူ ရန်မစလိုကြပေ။

“ဆန်းကြယ်နတ်မျိုးနွယ်စုက လူတွေပါလား”

လေထဲရှိ ပုံရိပ်နှစ်ခုကိုမြင်လျှင် ဝူရှင်း၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဆန်းကြယ်နတ်မျိုးနွယ်စု ဆိုသည်မှာ ရှေးခေတ်ကာလတွင်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည်။

ထိုအချိန်က ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် ကံကြမ္မာလမ်းစဥ်တွင် အထူးပင် အောင်မြင်မှုရရှိခဲ့ပြီး ကောင်းကင်နိယာမများကိုပင် ခြယ်လှယ်ရန် ကြိုးစားခဲ့သည်။

ကျန်းချန်က လေထဲရှိ လူနှစ်ဦးကို စိုက်ကြည့်နေခဲ့သည်။

သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

သူက ဆန်းကြယ်နတ်မျိုးနွယ်စု၏ အကြောင်းကို များစွာ မသိသော်လည်း ထိုမျိုးနွယ်စုသည် ကံကြမ္မာလမ်းစဥ်တွင် အထူးတလှယ် ကျွမ်းကျင်သောမျိုးနွယ်စု ဖြစ်ပြီး နတ်ကုန်းမြေတိုက်တွင် ကိုင်တွယ်ရအခက်ဆုံး အင်အားစုများထဲမှ တစ်စုဖြစ်ကြောင်းကိုမူ သိထားခဲ့သည်။

သို့သော်လည်း လနတ်ဘုရားနန်းတော်နှင့် ပတ်သက်၍ ကျန်းချန်သည် အလွယ်တကူ အလျှော့ပေးမည် မဟုတ်ပေ။

ဆန်းကြယ်နတ်မျိုးနွယ်စုဝင် နှစ်ယောက် အနေဖြင့် လနတ်ဘုရားနန်းတော် မဖွင့်ရသေးသည်ကို အသာထား၊ ၎င်းတို့ အမှန်တကယ် ဖွင့်လှစ်ပြီးပြီ ဆိုလျှင်ပင် သူက နောက်ဆုတ်မည် မဟုတ်ချေ။

အထူးသဖြင့် လနတ်ကျောက်တုံးကို ရရှိရန်အတွက် မည်သို့ပင် ပေးဆပ်ရပါစေ၊ သူက ရအောင် သေချာပေါက် ရယူမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လေထဲရှိ အဘိုးအို ယွမ်ရှသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို ခံစားမိသွားခဲ့သည်။

သူက စူးရှသော မျက်ဝန်းများဖြင့် ကျန်းချန်တို့ ရှိနေသည့်‌နေရာကို လှမ်းကြည့်လိုက်သည်။

“ဘယ်သူလဲ ထွက်လာခဲ့စမ်း”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။

“ငါတို့ကို ရှာတွေ့သွားပြီ.. သွားကြစို့”

ကျန်းချန်က တွေဝေမနေဘဲ လေထဲသို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့ကာ အရှေ့ဘက်ရှိ လခြမ်းတောင်ထိပ် ဆီသို့ ဦးတည်လာခဲ့သည်။

“မင်းတို့က ဘယ်သူတွေလဲ.. ဘာလို့ ဒီကိုရောက်နေတာလဲ”

လခြမ်းတောင်ထိပ်သို့ ကျန်းချန်တို့ သုံးဦး လှမ်းလာသည်ကိုမြင်လျှင် အဘိုးအို ယွမ်ရှသည် မျက်ဝန်းများ မှေးကျဥ်းသွားခဲ့သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာကို လူအများစုသည် ဝင်လာလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူများသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့် စမ်းချောင်းကိုသာ စိတ်ဝင်စားကြလိမ့်မည် ဖြစ်ပြီး ဤနေရာသို့ ရောက်ရှိလာရန်မှာ မဖြစ်နိုင်ပေ။

ထိုသုံးယောက်အနေဖြင့် ဤနေရာကို ရှာတွေ့နိုင်သည် ဆိုလျှင် ဖြစ်နိုင်ခြေ အများဆုံးသည် သူတို့ကဲ့သို့ပင် လနတ်ဘုရားနန်းတော်၏ သော့ကို ရရှိထားပြီး လနတ်ဘုရားနန်းတော်ကို ဖွင့်ချင်နေကြခြင်း ဖြစ်ပုံရ၏။

“စီနီယာယွမ်ရှ.. ကျွန်မက ကောင်းကင်ဖီးနစ်နတ်မျိုးနွယ်စုရဲ့ နတ်ဘုရားမ ကူဖုန်းအာပါ.. လနတ်ဘုရားနန်းတော်က အုပ်စိုးသူအဆင့် အင်အားစုဖြစ်တဲ့ အတွက် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ဖို့ ဆိုတာက မလွယ်ကူလောက်ဘူး. ကျွန်မတို့အားလုံးက လနတ်ဘုရားနန်းတော် အတွက် လာကြတာခြင်းအတူတူ လနတ်ဘုရားနန်းတော်ကို အတူတကွ လက်တွဲပြီး ဖွင့်ကြရင် ဘယ်လိုသဘောရလဲ”

ကူဖုန်းအာက ရှေ့သို့ လှမ်းတက်လိုက်ပြီး အဘိုးအို ယွမ်ရှကို ရိုသေစွာ ပြောလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ဘာမှ ထပ်မပြောတော့ပေ။

ဆန်းကြယ်နတ်မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ်မှုကို သိထားသဖြင့် မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေအနေ မဟုတ်လျှင် ထိုမျိုးနွယ်စုမှ လူများနှင့် ပြဿနာမဖြစ်ခြင်းသည် အကောင်းဆုံးပင် မဟုတ်ပါလော။

အဓိကအားဖြင့် သူဤနေရာသို့ ရောက်လာသည်မှာ လနတ်ကျောက်တုံးအတွက်သာ ဖြစ်သည်။

ထို့ကြောင့် လနတ်ဘုရားနန်းတော်၏ အမွေအနှစ်များနှင့်ပတ်သက်၍ ဆန်းကြယ်နတ်မျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ယောက်ကို ဝေစုတချို့ ပေးလိုက်ရလျှင်လည်း သူ့အတွက် ပြဿနာသိပ်မရှိပေ။

“မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ကောင်းကင်ဖီးနစ်နတ်ဘုရားမကိုး”

အဘိုးအိုယွမ်ရှက မျက်လုံးများကို မှိတ်လိုက်ပြီး အနည်းငယ် စဥ်းစားဟန် ပြုလိုက်သည်။

“လနတ်ဘုရားနန်းတော်ကို အတူတူဖွင့်လှစ်ဖို့ ဆိုတာက ပြဿနာ မရှိပါဘူး.. ဒါပေမဲ့ ဖွင့်လှစ်ပြီးရင် ငါတို့ကြားမှာ ပြဿနာမဖြစ်အောင် ကြိုတင်ပြီး ခွဲတမ်းချထားရလိမ့်မယ်”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ထိပ်တန်းအင်အားစုကြီးဖြစ်ပြီး ကောင်းကင်ဖီးနစ် နတ်ဘုရားမသည်လည်း အနှိုင်းမဲ့ပါရမီရှင် ဖြစ်၍ ယွမ်ရှသည် သဘာဝကျစွာပင် အလွယ်တကူ ပြဿနာ မတက်လိုခဲ့ပေ။

ထို့အပြင် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ဖို့ ဆိုသည်မှာ အမှန်တကယ်ပင် အခက်အခဲ ရှိနေခဲ့သည်။

သူတို့နှစ်ယောက်က ဤနေရာသို့ ရောက်နေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အောင်မြင်စွာ မဖွင့်လှစ်နိုင်သေးပေ။

အကယ်၍ ကူဖုန်းအာတို့ သုံးယောက်သာ ပူးပေါင်းလာခဲ့လျှင် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မည့် အရှိန်အဟုန်သည် သံသယဖြစ်ဖွယ်ရာမရှိ ပိုမို မြန်ဆန်လာပေလိမ့်မည် မဟုတ်ပါလော။

“အစ်ကိုကျန်းချန်”

အဘိုးအိုယွမ်ရှ၏ စကားကိုကြားလျှင် ကူဖုန်းအာသည် ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။

ကျန်းချန်က တွေဝေမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“စီနီယာယွမ်ရှ.. ကျွန်တော်တို့ အဓိကလိုချင်တာက လနတ်ကျောက်တုံးပါ.. လနတ်ဘုရားနန်းတော်ရဲ့ အခြားရတနာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့က သုံးဆယ် ရာခိုင်နှုန်းပဲ ယူပါ့မယ်.. ကျန်တဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို စီနီယာတို့ ပိုင်ဆိုင်ပါတယ်”

“မဖြစ်ဘူး”

အဘိုးအိုယွမ်ရှ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည်။

“လနတ်ကျောက်တုံးကို ငါတို့ပဲ ပိုင်ရမယ်.. ဒါနဲ့ ပတ်သက်လို့ကတော့ ဆွေးနွေးစရာမရှိဘူး”

အခန်း(၂၂၄၂)ပြီး၏။

All Chapters