အခန်း (၂၂၄၅-၂၂၄၆)
Vol. 165 Ch. 2245-2246
အခန်း(၂၂၄၅)
“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. မင်းရဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုနဲ့ ရန်သူ ဖြစ်စေချင်နေတာလား”
ယွမ်ရန်ကျီက ဒေါသတကြီး ပြောလိုက်သည်။
“ဒီနေ့ မင်းငါ့ကို တိုက်ခိုက်ရဲရင် မင်းရဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ဒီအတွက် ကြီးမားတဲ့ ပေးဆပ်မှုကို လုပ်ရလိမ့်မယ်လို့ ငါအာမခံတယ်”
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ရှင်တို့ မျိုးနွယ်စုနဲ့ ရန်သူဖြစ်ချင်လား မဖြစ်ချင်လားတော့ ငါမသိဘူး.. ငါသိတာက အစ်ကိုကျန်းချန်ရဲ့ ရန်သူက ငါကူဖုန်းအာရဲ့ ရန်သူ ဆိုတာပဲ”
ကူဖုန်းအာက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
လက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာသော မီးလျှံနတ်စွမ်းအားများသည် ယွမ်ရန်ကျီ၏ ပတ်ပတ်လည်ရှိ နေရာလွတ်ကို တစ်ခဏအတွင်းမှာပင် မီးပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ပတ်ဝန်းကျင်မှ အဆုံးမဲ့ မီးလျှံနတ်စွမ်းအားများကို ကြည့်ရင်း ယွမ်ရန်ကျီသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၂၂ နေရာ၌ ရှိပြီး ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း သာမန် နတ်ဘုရင် ဒုတိယအဆင့်နှင့်သာ ညီမျှ၏။
သို့ဖြစ်ရာ နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ဖြစ်သည့် ကူဖုန်းအာ၏ ရှေ့တွင် ယွမ်ရန်ကျီသည် လုံးဝခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် သူက တွေဝေမနေတော့ဘဲ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ ချိုးဖျက်လိုက်သည်။
“ဝုန်း..”
ကျောက်စိမ်းတံဆိပ်ပြား ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် မဟာလမ်းစဥ်နတ်စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ငွေရောင်အလင်းဖျော့ဖျော့ လွှမ်းခြုံနေသော ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်တစ်ခုသည် ယွမ်ရန်ကျီ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
ထိုငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်သည် အောက်ဘက်ရှိ မီးပင်လယ်ထဲတွင် ပိတ်မိနေသော ယွမ်ရန်ကျီကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်ရာ မီးပင်လယ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
“ဘိုးဘေးယွမ်ခွန်.. လနတ်ကျောက်တုံးကို လုယူဖို့ကြိုးစားနေလို့ ဘိုးဘေး အကူအညီပေးဖို့ တောင်းဆိုပါတယ်”
ယွမ်ရန်ကျီက သူ၏ ဦးခေါင်းအထက်ရှိ ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်ကို ကြည့်ကာ တရိုတသေ ပြောလိုက်သည်။
သူ၏ စကားကိုကြားလျှင် ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ စီးဆင်းနေသည့် သူ၏ မျက်ဝန်းများဖြင့် ကူဖုန်းအာကို တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ဧရာမလက်ဝါးကြီးသည် ကူဖုန်းအာ ထံသို့ သက်ဆင်းလာခဲ့သည်။
“ယွမ်ရန်ကျီ နင်တစ်ယောက်တည်း ဘိုးဘေးရဲ့ ကိုယ်ပွားရှိတာမဟုတ်ဘူး”
ကူဖုန်းအာက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဖီးနစ်ပုံသဏ္ဌာန်ရှိသည့် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူကာ အပိုင်းပိုင်း ချိုးဖျက်လိုက်သည်။
ရုတ်တရက် ဖီးနစ်အော်ဟစ်သံနှင့်အတူ တောက်ပသော မီးလျှံနတ်အလင်းသည် ကျောက်စိမ်းတံဆိပ်ပြားထဲကနေ ထွက်ပေါ်လာခဲ့ပြီး နန်းဝတ်နန်းစားဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိပြီး လှပသော အမျိုးသမီးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအမျိုးသမီးသည် ကောင်းကင်ယံကနေ ကျဆင်းလာသော လက်ဝါးတိုက်ကွက်ကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အနီရောင်မီးလျှံများကို ထုတ်လွှတ်လိုက်သည်။
“ဝုန်း..”
လေထုထဲတွင် ဧရာမလက်ဝါးနှင့် အနီရောင်မီးလျှံများသည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ယွမ်ခွန်.. ငါ့ရဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနဲ့ နင့်ရဲ့ ဆန်းကြယ်နတ်မျိုးနွယ်စုက အမြဲတစေ တစ်ဖက်နဲ့ တစ်ဖက် အနှောင့်အယှက်မပေးဘဲ နေလာခဲ့တယ်.. ဘာလို့ ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားမကို အခုလိုတိုက်ခိုက်ရတာလဲ”
ငွေရောင်ဝတ်စုံဝတ်ပုံရိပ်ယောင်၏ လက်ဝါးတိုက်ကွက်ကို အလွယ်တကူ ချေမှုန်းပြီးနောက်တွင် နန်းဝတ်နန်းစားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီး၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“ဖုန်းရွမ်ကျီ.. မင်းဖြစ်နေတာကိုး”
ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်သည် သူ၏ရှေ့မှ အမျိုးသမီးကို ကြည့်ကာ အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်လူက လနတ်ကျောက်တုံးကို လုယူချင်နေကြောင်းသာ ယွမ်ရန်ကျီက ပြောပြခဲ့ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း လုံးဝ မပြောခဲ့သောကြောင့် သူက တွေဝေမှုမရှိဘဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သူ တိုက်ခိုက်နေသော မိန်းကလေးက ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
ဤတစ်ကြိမ် သူ၏ တိုက်ခိုက်မှုသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ပုဂ္ဂိုလ်ကို ဝင်ပါစေသည် အထိပင် ဖြစ်စေခဲ့သည်။
သူ၏ ရှေ့မှ အမျိုးသမီးသည် အသန်မာဆုံး နတ်ဘုရင်စာရင်း၏ ထိပ်ပိုင်းတွင် ရှိနေသူ ဖြစ်ပြီး သူ့ထက် အဆင့် ၂၀ ပိုမို မြင့်မားကာ နတ်ကုန်းမြေတိုက်ပေါ်ရှိ လက်ချိုးရေတွက်၍ ရသော အင်အားကြီး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။
“ဖုန်းရွမ်ကျီ ဒီကိစ္စက မတော်တဆမှုတစ်ခုပါ.. ဒီကလေးမက မင်းတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမဆိုတာ ငါမသိခဲ့ဘူး”
ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုက လနတ်ဘုရားနန်းတော်ကို လာဖွင့်ရတဲ့ အကြောင်းအရင်းက လနတ်ဘုရားကျောက်တုံး တစ်ခုတည်းအတွက်ပဲ”
ထိုစကားကိုကြားလျှင် ဖုန်းရွမ်ကျီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“တကယ်လို့ ငါတို့ကို လနတ်ကျောက်တုံးပေးမယ် ဆိုရင် ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုက နင်တို့အပေါ်မှာ ကျေးဇူးကြွေးတစ်ခု တင်ရှိထားတယ်လို့ မှတ်ယူပါ့မယ်”
သို့သော်လည်း သူမ ဘာစကားမှ မပြောရသေးမီမှာပင် ကူဖုန်းအာသည် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“အကြီးအကဲရွမ်ကျီ.. အကြီးအကဲ ကျွန်မကို အကူအညီ ပေးချင်သည် ဖြစ်စေ၊ အကူအညီ မပေးချင်သည် ဖြစ်စေ လနတ်ကျောက်တုံးကိုတော့ ကျွန်မ သူတို့ကို လုံးဝ မပေးနိုင်ဘူး”
ထိုစကားကိုကြားလျှင် ဖုန်းရွမ်ကျီသည် သက်ပြင်းချလိုက်သည်။
လနတ်ကျောက်တုံးသည် ရှားပါးသော ရတနာတစ်ခုဖြစ်သော်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအတွက် သိပ်အရေးမကြီးပေ။
အကယ်၍ လနတ်ကျောက်တုံးက ဆန်းကြယ်နတ်မျိုးနွယ်စုအပေါ်တွင် ကျေးဇူးကြွေးတင်ရှိနိုင်မည် ဆိုလျှင် လက်မခံနိုင်စရာ အကြောင်းမရှိချေ။
သို့သော်လည်း ကူဖုန်းအာ၏ သဘောထားက ဤမျှအထိ ပြတ်သားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဖုန်းရွမ်ကျီသည် အဘိုးအိုယွမ်ရှနှင့် တိုက်ခိုက်နေသော ကျန်းချန်ကို လှမ်းကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် လုံကျိုးဟန်ကို အနိုင်ယူခဲ့သော ထိုကောင်လေးအကြောင်းကို ဖုန်းရွမ်ကျီသည် သဘာဝကျစွာပင် သိထားခဲ့၏။
“ဒီလနတ်ကျောက်တုံးက ဒီကောင်လေး လိုချင်နေတဲ့အရာ ဖြစ်ဖို့များတယ်”
ထိုအခိုက်အတန့်တွင် ဖုန်းရွမ်ကျီသည် အခြေအနေကို သုံးသပ်နေလိုက်သည်။
ရက်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကို နားလည်သွားခဲ့ပြီး နတ်ဘုရင်အဆင့်ကို ခြေတစ်လှမ်း လှမ်းထားနိုင်ရုံသာမက နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရနေသည့်တိုင် အနည်းငယ်မျှပင် အားမနည်းနေသည်ကို သူမ တွေ့ခဲ့ရသည်။
ထိုကောင်လေး လိုချင်နေသောအရာ ဖြစ်နေ၍သာ သူတို့ကောင်းကင်ဖီးနစ် နတ်ဘုရားမသည် ဤမျှအထိ သဘောထားတင်းမာနေခြင်း ဖြစ်နိုင်လောက်၏။
“ယွမ်ခွန် နင်မြင်တဲ့အတိုင်းပဲ.. ငါတို့ နတ်ဘုရားမကလည်း လနတ်ကျောက်တုံးကို အတော်လေး စိတ်ဝင်စားနေတယ် ဆိုတော့ ငါ့အနေနဲ့ စိတ်မကောင်းဘူးလို့ပဲ ပြောရတော့မယ်”
ဖုန်းရွမ်ကျီက ယွမ်ခွန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမဖြစ်ပြီး ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ရာ မျိုးနွယ်စု၏ အနာဂတ်နှင့် သက်ဆိုင်နေခဲ့သည်။
ထို့ကြောင့် ဖုန်းရွမ်ကျီသည် ဆန်းကြယ်နတ်မျိုးနွယ်စု၏ ကျေးဇူးတစ်ခု အတွက်ဖြင့် ကူဖုန်းအာ၏ စိတ်ကို မထိခိုက်စေနိုင်ပေ။
အရေးကြီးဆုံးအချက်မှာ ကူဖုန်းအာ၏ စိတ်ထဲတွင် ထိုကောင်လေး၏ နေရာယူမှုသည် အလွန်တရာ အရေးပါနေခြင်း ဖြစ်သည်။
အကယ်၍ သူမသာ ယနေ့တွင် မကူညီခဲ့လျှင် ကျန်းချန်၏ စကားတစ်ခွန်းမျှဖြင့် ကူဖုန်းအာသည် ကောင်းကင်ဖီးနစ်နတ်ဘုရားမ ဟူသော အဆင့်အတန်းကို စွန့်လွှတ်သွားနိုင်သည် မဟုတ်ပါလော။
ထို့အပြင် အနှိုင်းမဲ့ ပါရမီရှိသည့် ကျန်းချန် ကဲ့သို့ နတ်ဆိုးသည် ယခုအခါတွင် နတ်ဘုရင်အဆင့်ကို ခြေလှမ်းတစ်လှမ်း လှမ်းထားနိုင်ခဲ့ပြီး နတ်ဘုရင် ဆဋ္ဌမအဆင့်နှင့်ပင် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ကျန်းချန်သာ နတ်ဘုရင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့လျှင် နတ်ဘုရင် သတ္တမအဆင့်နှင့်ပင် ယှဥ်နိုင်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာမည် ဖြစ်ရာ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု အနေဖြင့် သူ့အပေါ်တွင် ရင်းနှီးမြှုပ်နှံရသည်မှာ ထိုက်တန်မှုရှိပေသည်။
“ကောင်းပြီလေ ဖုန်းရွမ်ကျီ.. ဒီနေ့ဖြစ်ပျက်ခဲ့တာတွေအတွက် ငါ ယွမ်ခွန် ကောင်းကောင်းကြီး မှတ်ထားမယ်”
ယွမ်ခွန်က ဖုန်းရွမ်ကျီကို စိုက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ယွမ်ရန်ကျီကို ဆွဲခေါ်က ထွက်သွားရန် ပြင်လိုက်သည်။
ဖုန်းရွမ်ကျီ၏ စွမ်းရည်သည် ခန့်မှန်းရခက်ပြီး သူ့ထက်များစွာ သာလွန်၏။
သူတို့နှစ်ယောက်လုံးက ကိုယ်ပွားများဖြစ်သော်လည်း သူ၏ ကိုယ်ပွားသည် ဖုန်းရွမ်ကျီ၏ ပြိုင်ဘက် မဟုတ်ပေ။
“ဖီးနစ်ငှက်မွေးအချုပ်အနှောင် ပိတ်ဆို့စမ်း”
ထွက်သွားရန် ပြင်နေသော ယွမ်ခွန်တို့ နှစ်ဦးကိုမြင်လျှင် ဖုန်းရွမ်ကျီသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ရုတ်တရက် အနီရောင်မီးလျှံများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လေထုထဲတွင် ဧရာမဖီးနစ်ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဧရာမဖီးနစ်ပုံရိပ်ယောင်က တောင်ပံများကို ဖြန့်ကားလိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင်အလင်း ကန့်လန့်ကာ တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး ပေပေါင်းသောင်းချီ ကျယ်ဝန်းသော အချုပ်အနှောင်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ယွမ်ခွန်တို့ နှစ်ဦးကို ပိတ်ဆို့လိုက်သည်။
ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို အသုံးပြုပြီးနောက်တွင် ဖုန်းရွမ်ကျီသည် ကျန်းချန်နှင့် တိုက်ခိုက်နေသော အဘိုးအိုယွမ်ရှကိုပါ တစ်ခါတည်း ဖမ်းဆွဲ၍ အချုပ်အနှောင်ထဲသို့ ဆွဲထည့်လိုက်သည်။
“ဖုန်းအာ.. ငါ သူတို့ကို ဖီးနစ်ငှက်မွေး အချုပ်အနှောင်ထဲမှာ ပိတ်လှောင်ထားလိုက်ပြီ.. ဒါကြောင့် ဆန်းကြယ်နတ်မျိုးနွယ်စု အနေနဲ့ ခဏလောက်တော့ သိနိုင်ဦးမှာမဟုတ်ဘူး.. ဒီဖီးနစ်ငှက်မွေး အချုပ်အနှောင်က ခုနစ်ရက်ပဲ ခံလိမ့်မယ်.. နင်တို့ ဒီခုနစ်ရက်အတွင်းမှာ လနတ်ဘုရားနန်းတော်ကို အမြန်ဖွင့်ပြီး အထဲက အမွေအနှစ်တွေကို ယူတာ အကောင်းဆုံးပဲ.. ဒီလိုမှ မဟုတ်ရင်တော့ နင်တို့ ပြဿနာတက်နိုင်တယ်”
စကားဆုံးသည်နှင့် ဖုံးရွမ်ကျီ၏ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီး အနီရောင်အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ လေထုထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၂၄၅)ပြီး၏။
အခန်း(၂၂၄၆)
ဖုန်းရွမ်ကျီက သူမ၏ ကိုယ်ပွားစွမ်းရည်များကို အကုန်အစင်အသုံးချကာ ဆန်းကြယ်နတ်မျိုးနွယ်စုမှ လူများကို ပိတ်လှောင်ပေးခဲ့ခြင်းကြောင့် ကျန်းချန်နှင့် ကူဖုန်းအာတို့ အံ့အားသင့်သွားခဲ့သည်။
သို့သော်လည်း ဖုန်းယွမ်ကျီက အဘယ်ကြောင့် ထိုသို့ပြုမူရသည်ကို လျင်မြန်စွာပင် နားလည်သွားခဲ့ကြသည်။
အကယ်၍ ဖုန်းရွမ်ကျီသာ ဤလူသုံးယောက်ကို သတ်ဖြတ်လိုက်လျှင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် ချက်ချင်းဆိုသလို သိရှိသွားလိမ့်မည် မဟုတ်ပါလော။
အထူးသဖြင့် ယွမ်ခွန်၏ ကိုယ်ပွား သေဆုံးသွားလျှင် ၎င်း၏ ပင်မခန္ဓာကိုယ်သည် သေချာပေါက် အာရုံခံမိမည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် အခြေအနေများသည် ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလာမည်ကို စိုးရိမ်ရ၏။
“သွားကြစို့ လနတ်ဘုရားနန်းတော်ကို အမြန်ဆုံးဖွင့်ကြရအောင်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး တွေဝေမနေတော့ဘဲ လခြမ်းတောင်ထိပ် ဆီသို့ ချက်ချင်းပင် လျှပ်တစ်ပြက် ပျံသန်းသွားခဲ့သည်။
လခြမ်းတောင်ထိပ်နှင့် မီတာတစ်ရာခန့် အကွာသို့ရောက်သောအခါတွင် ကျန်းချန်သည် သူ၏ရှေ့မှ လခြမ်းတောင်က အလွန်ပင် သာမန် ဆန်လွန်းပြီး လနတ်ဘုရားနန်းတော်၏ အရိပ်အယောင်ကိုပင် မတွေ့ရကြောင်း တွေ့ရှိလိုက်ရသည်။
သူက လနတ်ဘုရားနန်းတော်၏ သော့ကို ထုတ်ယူလိုက်ပြီး လနတ်ဘုရားနန်းတော်နှင့် ဆက်သွယ်မှုရနိုင်မလား ဆိုသည်ကို စမ်းသပ် ကြည့်လိုက်သော်လည်း ရလဒ်ကမူ ဘာမှ မထူးခြားခဲ့ပေ။
ထိုခဏဝယ် ကျန်းချန်၏ မျက်ဝန်းများတွင် တွေဝေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤနေရာသည် လနတ်ဘုရားနန်းတော်ကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားသော နေရာ ဖြစ်နေခြင်းကြောင့် လနတ်ဘုရားနန်းတော်ကို ဖုံးကွယ်ထားရန်အတွက် အလွန်တရာအစွမ်းထက်သော စည်းတံဆိပ်ဖြင့် ချိတ်ပိတ်ထားမည်မှာ သေချာသလောက်ပင်။
လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်လိုလျှင် ဤနေရာရှိ စည်းတံဆိပ်ခတ် ချိတ်ပိတ်မှုကို အရင်ဖျက်ဆီးရမည် ဖြစ်၏။
သူ့တွင် အဆ ၁၀၀ စနစ်ရှိသဖြင့် အဆ ၁၀၀ နားလည်သဘောပေါက်မှုကိုသာ အသက်သွင်းနိုင်ခဲ့လျှင် ဤနေရာမှ စည်းတံဆိပ်ခတ်မှုကို သဘာဝကျစွာပင် နားလည်နိုင်မည် မဟုတ်ပါလော။
သို့ရာတွင် ဤကဲ့သို့ ရှေးဟောင်းစည်းတံဆိပ်ခတ် ချိတ်ပိတ်မှုမျိုးကို နားလည်ရန်မှာ တစ်ညတည်းဖြင့် မဖြစ်နိုင်ပေ။
အကယ်၍ သူတို့သည် ဤနည်းလမ်းဖြင့်သာ စည်းတံဆိပ်ခတ် ချိတ်ပိတ်မှုကို ဖြေရှင်းမည်ဆိုလျှင် ရက်အနည်းငယ်အတွင်း လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
“ဒီနေရာကို အရမ်း အစွမ်းထက်တဲ့ စည်းတံဆိပ် တစ်ခုနဲ့ ချိတ်ပိတ်ထားပုံပဲ.. ငါ ဒါကို နားလည်နိုင်မလားဆိုတာ စမ်းသပ်ကြည့်မယ်”
ဤအချိန်တွင် စည်းတံဆိပ်ခတ် ချိတ်ပိတ်မှုကို နားလည်ရန် ကြိုးစားခြင်းမှ လွဲ၍ အခြားနည်းလမ်း မရှိသဖြင့် ကျန်းချန်က ကူဖုန်းအာကို ပြောလိုက်သည်။
“ဒီလခြမ်းတောင်တန်းကို လနတ်အရှင်သခင်က သူ့ရဲ့အထွတ်အထိပ် မှော်စွမ်းအားတွေနဲ့ လွှမ်းခြုံထားတယ်.. အခုက စည်းတံဆိပ်ကို ဖြေရှင်းဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူး.. ဒီစည်းတံဆိပ်မှာ လရဲ့ အဆီအနှစ် အထောက်အပံ့တွေ ပါနေတဲ့အတွက် မင်းအနေနဲ့ ဒါကို နားလည်ဖို့ မလွယ်လောက်ဘူး.. ညကျမှပဲ ဒီစည်းတံဆိပ်ကို ဖွင့်လှစ်နိုင်အောင် ငါမင်းကို ကူညီပေးမယ်”
ထိုအချိန်တွင် ဝူရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် ဝူရှင်းသည် ကျန်းချန်၏ ထူးခြားမှုကို သဘာဝကျစွာပင် သတိပြုမိခဲ့ပြီး ကျန်းချန်သည် ဤခေတ်ကာလတွင် မွေးဖွားလာသော ကံကြမ္မာသားတော်တစ်ပါး ဖြစ်နိုင်ခြေ အလွန်များကြောင်း သိရှိခဲ့သည်။
ထို့ကြောင့်လည်း ဝူရှင်းသည် ကျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုခဲ့၏။
ဝူရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ဝူရှင်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူက သူ၏ စွမ်းရည်များကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့လျှင်ပင် အနာဂတ်၌ ထိုကောင်လေးကို အမှီပြုရမည့် အခြေအနေမျိုး ရှိနေနိုင်သည်မဟုတ်ပါလော။
ဝူရှင်းက အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စည်းတံဆိပ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဝူရှင်းက မည်သူမည်ဝါ ဖြစ်သည်မှာ တကယ်ကို မရိုးရှင်းသော လျှို့ဝှက်ချက် တစ်ခုပင်။
ကြည့်ရသည်မှာ ဝူရှင်းသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို ရင်းနှီးရုံတင်မကဘဲ ရှေးခေတ်မှ အုပ်စိုးသူအဆင့်ကျင့်ကြံသူများနှင့်လည်း အလွန်တရာ ရင်းနှီးနေပုံရ၏။
ကျန်းချန်က စိတ်ထဲတွင် အလွန် သိချင်စိတ် ပြင်းပြနေသော်လည်း ဝူရှင်းကို မေးရန် ဆန္ဒမရှိခဲ့ပေ။
လူတိုင်းတွင် ကိုယ်စီ လျှို့ဝှက်ချက်များ ရှိကြသည်သာဖြစ်သည်။
အနည်းဆုံးတော့ ယခုတစ်ကြိမ်တွင် ဝူရှင်းသည် အဖော်မွန်ကောင်း တစ်ယောက် ဖြစ်နေခြင်းကပင် သူ့အတွက် လုံလောက်နေပြီ မဟုတ်ပါလော။
ကျန်းချန်တို့ သုံးယောက်က ညအချိန်အခါကို စောင့်ဆိုင်းနေကြစဥ်တွင် ဖီးနစ်ငှက်မွေး အချုပ်အနှောင်ထဲမှ ယွမ်ရန်ကျီတို့သုံးဦးသည် မျက်နှာအတော်လေး ပျက်နေခဲ့ကြသည်။
“ဘိုးဘေးယွမ်ခွန်.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ယွမ်ရန်ကျီတို့ နှစ်ဦး၏ အကြည့်သည် သူတို့ရှေ့ရှိ ငွေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်ထံသို့ ရောက်ရှိနေခဲ့ကြသည်။
“ဘာဆက်လုပ်ရမှာလဲ စောင့်နေရုံပဲရှိတော့တယ်.. ဖုန်းရွမ်ကျီက သူ့ရဲ့ ကိုယ်ပွားစွမ်းအားကို အကုန်အစင် အသုံးပြုပြီး ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို ဖန်တီးလိုက်တာပဲ.. ငါ့ရဲ့ကိုယ်ပွားက ဒါကို လုံးဝ မချိုးဖျက်နိုင်ဘူး.. ဒါပေမဲ့ ဒီအချုပ်အနှောင်က ငါတို့ကို အများဆုံး ခုနစ်ရက်ပဲ ပိတ်ထားနိုင်လိမ့်မယ်.. ဟိုကလေးသုံးကောင်က ဒီလောက် အချိန်တိုလေး အတွင်းမှာ စည်းတံဆိပ်ကို ဖြေရှင်းပြီး လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မယ်လို့ ငါမယုံဘူး”
ယွမ်ခွန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက်တွင် ယွမ်ခွန်၏ အကြည့်သည် ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို ဖောက်ထွက်ကာ ကျန်းချန်တို့သုံးဦးဆီသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်တို့ သုံးဦးသည် မည်သည့် လှုပ်ရှားမှုကိုမှ မပြုဘဲ ညအချိန်အခါကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး မသိလိုက်မသိဘာသာဖြင့်ပင် ကောင်းကင်ယံမှ နေမင်းသည် အနောက်ဘက်မိုးကုတ်စက်ဝိုင်းအောက်သို့ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ပတ်ဝန်းကျင်က မှောင်မိုက်လာခဲ့ပြီး ကောင်းကင်ယံတွင် တောက်ပသော လမင်းကြီးသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဝူရှင်းက ကောင်းကင်ယံမှ လမင်းကြီးကို လှမ်းကြည့်လိုက်သည်။
သို့သော်လည်း သူက လှုပ်ရှားရန် အလျင်မလိုခဲ့ပေ။
သန်းခေါင်ယံအချိန်အထိ စောင့်ဆိုင်းပြီးမှသာ ဝူရှင်းသည် အဆုံးသတ်၌ စတင် လှုပ်ရှားခဲ့သည်။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများသည် သူ၏ လက်ဖဝါးများကြားတွင် အဆက်မပြတ် စီးဆင်းလာခဲ့၏။
ဝူရှင်း၏ လက်ဖဝါးများကြားမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် အံ့အားသင့်နေခဲ့သည်။
ဝူရှင်း အသုံးပြုနေသော ပညာရပ်သည် မည်သည့်အမျိုးအစား ဖြစ်ကြောင်း သူ မသိသော်လည်း ထိုပညာရပ်သည် နတ်ဘုရင် အထွတ်အထိပ်အဆင့်ထက် သာလွန်ကြောင်း သူခံစားမိခဲ့သည်။
ဝူရှင်းက လက်ဟန်များကို အဆက်မပြတ် ပြုလုပ်နေခဲ့၏။
သိပ်မကြာမီမှာပင် ဝူရှင်း၏ လက်ဖဝါးများကြားမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများသည် ကောင်းကင်ယံရှိ လရောင်နှင့် ဟန်ချက်ညီညီ ပေါင်းစပ်သွားခဲ့ပြီး လခြမ်းတောင်ထိပ် အထက်တွင် ဆယ်ပေခန့် အရွယ်အစားရှိသော အလင်းတံခါး အဖြစ် ပြောင်းလဲသွားခဲ့သည်။
“သွားကြစို့.. အခုအချိန်မှာ လနတ်အရှင်သခင်ရဲ့ စည်းတံဆိပ်ကို လုံးဝကြီးတော့ မဖြေရှင်းနိုင်သေးဘူး.. ငါ့ရဲ့စွမ်းအားကို အသုံးပြုပြီး အနည်းငယ်လောက်ပဲ ဖွင့်လှစ်ပေးနိုင်တယ်”
စကားဆုံးသည်နှင့် ဝူရှင်းသည် ချက်ချင်းဆိုသလိုပင် ဦးဆောင်ကာ အလင်းတံခါး ဆီသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့သည်။
ကျန်းချန် တို့ကလည်း တွေဝေမနေဘဲ ဝူရှင်း၏ နောက်ကနေ လိုက်ပါလာခဲ့ပြီး အလင်းတံခါး အတွင်းသို့ လျင်မြန်စွာပင် ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကနေ ကျန်းချန်တို့ သုံးဦးကိုစောင့်ကြည့်နေသည့် ယွမ်ခွန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဆန်းကြယ်နတ်မျိုးနွယ်စုသည် လနတ်ကျောက်တုံးကို ရှာဖွေနေခဲ့ခြင်းဖြစ်ရာ လနတ်ဘုရားနန်းတော်နှင့် ပတ်သက်သည့် အချက်အလက် အများအပြားကို စုဆောင်းထားခဲ့သည်။
ထို့ကြောင့် သူတို့သည် လနတ်ဘုရားနန်းတော်၏ စည်းတံဆိပ်နှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားကြ၏။
သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စု အတွက်ပင် စည်းတံဆိပ်ကို တစ်ခဏအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။
“ဒီကလေးသုံးကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အလွယ်တကူ စည်းတံဆိပ်ကို ဖြေရှင်းနိုင်တာလဲ”
“ဘိုးဘေးယွမ်ခွန်.. သူတို့ စည်းတံဆိပ်ကိုဖြေရှင်းလိုက်ပြီ.. သူတို့ကို တားဆီးဖို့ နည်းလမ်းတစ်ခုခု ရှာမှဖြစ်မယ်”
ယွမ်ရန်ကျီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“လနတ်ကျောက်တုံးက ကျွန်တော်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်.. သူတို့ရဲ့လက်ထဲကို လုံးဝရောက်လို့မဖြစ်ဘူး”
ဤအခိုက်အတန့်တွင် ယွမ်ခွန်သည် အတော်လေး မျက်နှာပျက်နေခဲ့သည်။
ဖီးနစ်ငှက်မွေး အချုပ်အနှောင်သည် သူတို့ကို ရက်အနည်းငယ်မျှသာ ပိတ်ထားနိုင်မည် ဖြစ်ပြီး ကျန်းချန် တို့သည်လည်း ထိုမျှတိုတောင်းသော အချိန်အတွင်း စည်းတံဆိပ်ကို ဖြေရှင်းနိုင်မည် မဟုတ်ဟု သူမူလက ထင်ထားခဲ့သည်။
အချိန်ကျလျှင် သူတို့သည် ဖီးနစ်ငှက်မွေး အချုပ်အနှောင်ထဲကနေ အေးအေးဆေးဆေး ထွက်လာပြီး တံငါသည်က အကျိုးအမြတ် ရသွားသလိုမျိုး အခြေအနေကို အသုံးချရန်ပင် စိတ်ကူးထားခဲ့သည်။
သို့သော်လည်း လက်တွေ့ကမူ သူမျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ကျန်းချန်တို့ သုံးဦးသည် စည်းတံဆိပ်ကို တစ်ခဏအတွင်း ဖွင့်လှစ်လိုက်ပြီး လခြမ်းတောင်တိပ်၏ အတွင်းဘက် ဆီသို့ ချက်ချင်းဆိုသလိုပင် ဝင်ရောက်သွားခဲ့ကြသည်။
လနတ်ဘုရားနန်းတော်၏ စည်းတံဆိပ် အပေါ်တွင် ထိုသုံးဦး၏ သိရှိနားလည်မှုသည် သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုထက် ပိုမိုသာလွန်သည်မှာ ထင်ရှားနေခဲ့၏။
ယွမ်ခွန်၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မူလက ယွမ်ခွန်သည် သူ၏ ကိုယ်ပွားစွမ်းအင်ကို အလဟဿအကုန်မခံနိုင်လိုဘဲ ဖီးနစ်ငှက်မွေး အချုပ်အနှောင်ထဲတွင် ရက်အနည်းငယ် စောင့်ဆိုင်းရန်သာ စိတ်ကူးထားခဲ့သည်။
အချိန်ကျလာလျှင် သူက ကလေးသုံးယောက်ကို အလွယ်တကူ ကိုင်တွယ်ပြီး လနတ်ကျောက်တုံးကို အေးအေးဆေးဆေး သိမ်းပိုက်ရန် စီစဥ်ထားခဲ့၏။
သို့သော်လည်း ထိုကလေးသုံးယောက်သည် စည်းတံဆိပ်ကို ဤမျှအထိ အလွယ်တကူ ဖွင့်လှစ်ပြီး အထဲကို ဝင်ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့ ဆန်းကြယ်နတ်မျိုးစုသည် လနတ်ကျောက်တုံးကို နှစ်ပေါင်းများစွာ ကြံစည်ခဲ့ရခြင်း ဖြစ်၍ အခြားသူ၏ လက်ထဲသို့ လုံးဝ အရောက်မခံနိုင်ချေ။
သို့ဖြစ်ရာ သူ့အနေဖြင့် လနတ်ကျောက်တုံး အတွက် အစွမ်းကုန် အားထုတ်ရုံသာ ရှိတော့သည် မဟုတ်ပါလော။
အခန်း(၂၂၄၆)ပြီး၏။