အခန်း (၂၂၄၇-၂၂၄၈)
Vol. 165 Ch. 2247-2248
အခန်း(၂၂၄၇)
ယွမ်ခွန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် နတ်စွမ်းအားလှိုင်းများသည် တဖြည်းဖြည်း လှိုင်းထန်လာခဲ့သည်။
“ဘိုးဘေးယွမ်ခွန် ဘာလုပ်မလို့လဲ”
ထိုမြင်ကွင်းကိုမြင်လျှင် ယွမ်ရန်ကျီသည် အံ့အားသင့်ကာ မေးလိုက်သည်။
“အခု ငါတို့က ဖီးနစ်ငှက်မွေး အချုပ်အနှောင်ထဲမှာ ပိတ်မိနေခဲ့ပြီ.. ငါ့ရဲ့ကိုယ်ပွား ပျောက်ကွယ်သွားရင် ပင်မခန္ဓာကိုယ်က ဒီနေရာကို အာရုံခံနိုင်လိမ့်မယ်.. မင်းတို့တွေ ငါ့ရဲ့ ပင်မခန္ဓာကိုယ် ရောက်လာတာကို စောင့်နေပါ”
စကားဆုံးသည်နှင့် ယွမ်ခွန်သည် တောက်ပသော ငွေရောင်နတ်အလင်းတန်းကို ထုတ်ဖော်ကာ ဖီးနစ်ငှက်မွေးအချုပ်အနှောင်ကို တိုက်ခိုက်လိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ယွမ်ခွန်က ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို အဆက်မပြတ် တိုက်ခိုက်ခဲ့သော်လည်း အနည်းငယ်မျှပင် အချုပ်အနှောင်ကို မလှုပ်ခါနိုင်ခဲ့ပေ။
သူ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် သူ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များသည် ဆုတ်ယုတ်သွားခဲ့သည်။
အဆုံးသတ်တွင် ယွမ်ခွန်၏ ခပ်ရေးရေး ပုံရိပ်သည် ငွေရောင် အလင်းစက်ကလေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
“ဘိုးဘေးယွမ်ခွန်ရဲ့ ကိုယ်ပွားက ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို မချိုးဖျက်နိုင်ခဲ့ဘူးပဲ”
ခိုင်ခံ့သော ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို ကြည့်ရင်း ယွမ်ရန်ကျီ၏ မျက်နှာထက်တွင် စိတ်ပျက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ဖုန်းရွမ်ကျီက နတ်ဘုရင်အဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူပဲ.. နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတွေ မရှိတော့တဲ့ ဒီဘက်ခေတ်မှာ ဖုန်းရွမ်ကျီက နတ်ကုန်းမြေတိုက်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့သူပဲ.. သူမ ကိုယ်တိုင်စီရင်ထားတဲ့ ဖီးနစ်ငှက်မွေးအချုပ်အနှောင်ကို ချိုးဖျက်ဖို့က ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်ပါ့မလဲ.. ဒါပေမဲ့ စီနီယာအစ်ကို ယွမ်ခွန်ရဲ့ တိုက်ခိုက်မှုကြောင့် ဒီဖီးနစ်ငှက်မွေး အချုပ်အနှောင်က အများဆုံးသုံးရက်ပဲ ခံတော့မှာပါ.. အဲဒီအချိန်ကျရင် ငါတို့ တိတ်တဆိတ် ဝင်သွားပြီး ဘယ်လိုအကြောင်းပဲရှိရှိ သူတို့ လနတ်ကျောက်တုံးကို မရအောင် တားဆီးရမယ်.. အခုတော့ စီနီယာအစ်ကို ယွမ်ခွန်ရဲ့ ပင်မခန္ဓာကိုယ်ရောက်လာတဲ့အထိ စောင့်ဆိုင်းကြတာပေါ့”
သူ၏ရှေ့ရှိ လခြမ်းတောင်ထိပ် အထက်မှ အလင်းတံခါးကို စိုက်ကြည့်ကာ ယွမ်ရှ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။
-----------------
ကျန်းချန်တို့ သုံးယောက်သည် အလင်းတံခါးကို ဖြတ်ကျော်ပြီးနောက်တွင် တောင်၏ အတွင်းပိုင်းသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့ကြသည်။
ထိုအခါ ကောင်းကင်ယံတွင် တည်တံ့နေသော ဧရာမနန်းတော်တစ်ခုကို မြင်လိုက်ရသည်။
ထိုနန်းတော်က လရောင်ကဲ့သို့ တောက်ပနေခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာမှုကြောင့် အနည်းငယ် ဆွေးမြေ့နေသည့်ပုံပေါက်နေခဲ့သည်။
နန်းတော်ထဲကနေ ဆန်းကြယ်သော ရှေးဟောင်းအရှိန်အဝါများ ပျံ့နှံ့နေခဲ့၏။
“နောက်ဆုံးတော့ ငါတို့တွေ လနတ်ဘုရားနန်းတော်ကို ရှာတွေ့ခဲ့ပြီ”
ကောင်းကင်ယံတွင် တည်တံ့နေသော လနတ်ဘုရားနန်းတော်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ လနတ်ဘုရားနန်းတော် ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
နန်းတော်နှင့် ပို၍ နီးကပ်လာသည်နှင့်အမျှ ကျန်းချန်သည် နန်းတော်၏ ထူးခြားမှုကို ပို၍ ခံစားလာရသည်။
နန်းတော်၏ ပတ်ပတ်လည်တွင် လရောင်ကဲ့သို့ ငွေရောင်ဖျော့ဖျော့ အလင်းကန့်လန့်ကာ တစ်ခုက နန်းတော်တစ်ခုလုံးအား လွှမ်းခြုံထားသည်ကို သူ တွေ့လိုက်ရသည်။
ထိုအလင်းကန့်လန့်ကာသည် ပါးလွှာသော စက္ကူချပ်လေး တစ်ခုကဲ့သို့ ထင်ရသော်လည်း စိတ်ဝိညာဥ်ကို ကောင်းစွာ ဖိအားပေးနိုင်စွမ်း ရှိသည်။
ကျန်းချန်သည် ရှေးဟောင်းနတ်သားရဲ ဖြစ်သည့် ရွှေတောင်ပံလင်းယုန်ထံကနေသာ ထိုကဲ့သို့သော ဖိအားမျိုးကို ခံစားဖူးခဲ့သည်။
“ဒီလနတ်ဘုရားနန်းတော်ကို လနတ်အရှင်သခင် ကိုယ်တိုင် တည်ဆောက်ခဲ့တာပဲ.. ဒီအလင်းကန့်လန့်ကာမှာ လနတ်အရှင်သခင်ရဲ့ အုပ်စိုးသူအဆင့် စွမ်းအားတွေ ပါဝင်နေတယ်.. မင်း ရထားတဲ့သော့ကို သုံးပြီး လနတ်ဘုရားနန်းတော်ကို ဖွင့်လိုက်ပါ.. ဒါပေမဲ့ စိတ်ထဲကတော့ ကြိုတင်ပြင်ဆင်ထားသင့်တယ်.. လနတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်ပဲဖြစ်ဖြစ်၊ လနတ်ကျောက်တုံးပဲဖြစ်ဖြစ် ဘယ်အရာမှတော့ လွယ်လွယ်နဲ့ရမှာမဟုတ်ဘူး"
"ဒီအလင်းကန့်လန့်ကာက လနတ်ဘုရားနန်းတော်ကို ကာကွယ်ပေးနေတဲ့ အတွက် အုပ်စိုးသူအဆင့်ကျင့်ကြံသူ ရောက်မလာသရွေ့ လနတ်ဘုရားနန်းတော်က ရွှေတောင်ကြီး တစ်ခုလို ခိုင်ခံ့နေဦးမှာပဲ”
ဝူရှင်းသည် တစ်စုံတစ်ရာကို ကြိုမြင်ထားသကဲ့သို့ လနတ်ဘုရားနန်းတော်ကို လှမ်းကြည့်ကာ ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ဝူရှင်းကို လှမ်းကြည့်လိုက်၏။
ဝူရှင်း၏ စကားထဲတွင် နက်နဲသော အဓိပ္ပါယ်များ ပါဝင်နေသည်ဟု သူခံစားခဲ့ရသည်။
သို့သော်လည်း သူက အတွေးများမနေတော့ပေ။
မည်သို့ပင် ဖြစ်စေကာမူ ယခု သူ၏ လက်ထဲတွင် လနတ်ဘုရားနန်းတော်၏ သော့ ရှိနေသလို လနတ်ဘုရားနန်းတော်ကလည်း သူ၏ ရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်ရာ မဖွင့်စရာ အကြောင်း မရှိပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လနတ်ဘုရား နန်းတော်သော့ကို ချက်ချင်းဆိုသလို ထုတ်ယူလိုက်ကာ လှုံ့ဆော်လိုက်သည်။
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် လနတ်ဘုရား နန်းတော်၏ သော့ထံကနေ ဆန်းကြယ်သော စွမ်းအားလှိုင်း တစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
မကြာမီမှာပင် သော့တစ်ခုလုံးသည် လရောင်နတ်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ရှေ့ရှိ လနတ်ဘုရားနန်းတော် ဆီသို့ ပစ်လွင့်သွားခဲ့ကာ နန်းတော်ပတ်ပတ်လည်ရှိ အလင်း ကန့်လန့်ကာနှင့် ပေါင်းစပ်သွားခဲ့သည်။
“ဝုန်း..”
လနတ်ဘုရားနန်းတော်၏ သော့က အလင်းကန့်လန်ကာနှင့် ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက် ငွေရောင်အလင်းကန့်လန့်ကာသည် စတင် တုန်ခါလာခဲ့ပြီး အဆုံးသတ်တွင် ဝုန်းခနဲ ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
ငွေရောင် အလင်းကန့်လန့်ကာ ပျက်စီးသွားသည့် တစ်ခဏမှာပင် ယခင်က တစပြင်နှယ် ငြိမ်သက် တိတ်ဆိတ်နေခဲ့သော လနတ်ဘုရား နန်းတော်သည် တစ်ခဏအတွင်း အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားခဲ့ပြီး အတွင်းပိုင်းကနေ ရောင်စုံနတ်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ကာ အသက်ဓာတ်များ ပြည့်နှက်နေသော ခံစားချက်ကို ပေးစွမ်းလာခဲ့သည်။
ကျန်းချန်ကို ပို၍ အံ့အားသင့်သွားစေသည်မှာ လနတ်ဘုရားနန်းတော်ထဲကနေ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများ နိုးထလာသကဲ့သို့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရခြင်းပင်။
“လနတ်ဘုရားနန်းတော်ထဲမှာ လူတွေ အသက်ရှင်နေသေးတယ်လား.. ဒါ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ရှေးခေတ်ကတည်းကနေ ရေတွက်လျှင် နှစ်ပေါင်း ဘီလီယံတစ်ရာကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ မဟာကပ်ဘေးအပြီးတွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူကို အသာထား၊ ဒဏ္ဍာရီလာ အုပ်စိုးသူအဆင့်ကျင့်ကြံသူများပင်လျှင် ရှေးခေတ်ကာလကနေ ယခုအချိန်အထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။
“ကြည့်ရတာ ငါထင်ထားတဲ့အတိုင်းပဲ.. ရှေးခေတ်ကာလက မဟာကပ်ဘေးမှာ လနတ်ဘုရားနန်းတော်က ပျက်စီးမသွားခဲ့ဘူး.. အဲဒီအစား လနတ်အရှင်သခင်က သူ့ရဲ့ မှော်စွမ်းအားတွေနဲ့ လနတ်ဘုရားနန်းတော်ကို ကိုယ်တိုင် စည်းတံဆိပ်ခတ်ချိတ်ပိတ်ထားခဲ့တယ်.. ဒါကြောင့် လနတ်ဘုရားနန်းတော်က ထာဝရဆိတ်ငြိမ်မှုထဲ ကျရောက်သွားခဲ့တာပဲ.. အခုတော့ လနတ်ဘုရားနန်းတော်က ပြန်လည် ပေါ်ထွက်လာခဲ့ပြီ”
သူ၏ ရှေ့မှ လနတ်ဘုရားနန်းတော်ကို ကြည့်ကာ ဝူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“လနတ်ဘုရားနန်းတော်က ရှေးခေတ်ကာလက လက်ချိုးရေတွက်လို့ရတဲ့ အစွမ်းထက်ဆုံး အုပ်စိုးသူအဆင့် အင်အားစုတွေထဲက တစ်စုလို့ မပြောရဘူး.. သူတို့ဆီမှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နေတဲ့ နည်းလမ်းတွေ အမှန်တကယ် ရှိနေတာပဲ”
“ညီနောင်ဝူရှင်း.. မင်းပြောတာတွေက အမှန်တွေလား”
ဝူရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် အလွန်တရာအံ့အားသင့်နေခဲ့သည်။
အကယ်၍ ဝူရှင်း၏ စကားသာ အမှန်ဆိုလျှင် လနတ်ဘုရားနန်းတော်၏ သော့ဆိုသည်မှာ လနတ်အရှင်သခင်၏ အစီအစဥ်တစ်ခုသာ ဖြစ်ရမည် မဟုတ်ပါလော။
ဆိုရလျှင် လနတ်အရှင်သခင်က ထိုသော့များကို ချန်ထားရစ်ခဲ့ခြင်းသည် လနတ်ဘုရားနန်းတော်၏ အမွေအနှစ်ဆက်ခံမည့် ကံကြမ္မာ ပါလာသူကို ရှာဖွေဖို့ မဟုတ်ဘဲ အချိန်တန်လျှင် လနတ်ဘုရားနန်းတော်ကို လောကထဲသို့ ပြန်လည် ခေါ်ထုတ်နိုင်မည့် ရေစက်ပါသူအား ရှာဖွေရန်သာ ဖြစ်သည်။
ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည့်အလျောက် လနတ်ဘုရားနန်းတော်၏ အင်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းလှ၏။
ယခုအခါတွင် လနတ်ဘုရားနန်းတော်၏ အင်အားကြီး ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် နိုးထလာခဲ့ကြပြီ ဖြစ်ရာ သူ့အနေဖြင့် လနတ်ကျောက်တုံးကို မည်ကဲ့သို့ ရနိုင်ပါတော့မည်နည်း။
ဝူရှင်းက လနတ်ဘုရားနန်းတော်ကို စိုက်ကြည့်ကာ ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
“ငါပြောတာ အမှန်ဟုတ်မဟုတ် ဆိုတာ သိပ်မကြာခင် လနတ်ဘုရားနန်းတော်ထဲက တစ်ယောက်ယောက် ထွက်လာတာနဲ့ မင်းချက်ချင်း သိရပါလိမ့်မယ်”
“ဝုန်း..”
ဝူရှင်း၏ စကားသံဆုံးသည်နှင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နတ်စွမ်းအားလှိုင်း တစ်ခုသည် လနတ်ဘုရားနန်းတော်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ်တစ်ခဏတွင် အေးစက်စက် မျက်နှာထားရှိသည့် အမျိုးသမီး တစ်ဦးသည် လနတ်ဘုရားနန်းတော်ထဲကနေ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူမ၏ အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ အပြစ်အနာအဆာ တစ်စုံတစ်ရာ မရှိသည့် ပန်းချီကားထဲမှ ထွက်လာသော လနတ်သမီးလေး တစ်ပါးနှင့်ပင် ဆင်တူလှ၏။
အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ထိုအမျိုးသမီး၏ နတ်ဘုရင် အရှိန်အဝါသည် အလွန်တရာ အားကောင်းနေခြင်း ဖြစ်သည်။
သူမက ထိုနေရာတွင် ဤအတိုင်း ရပ်နေရုံမျှဖြင့်ပင် ကမ္ဘာတစ်ခုလုံးသည် သူမကို ခစားနေသကဲ့သို့ ဖြစ်နေခဲ့၏။
ထိုနေ့က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ပေါ်ထွက်လာခဲ့သော နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် နှိုင်းယှဥ်လျှင် များစွာ နိမ့်ကျနေခဲ့သည်။
အခန်း(၂၂၄၇)ပြီး၏။
အခန်း(၂၂၄၈)
“လနတ်ဘုရားနန်းတော်ကို ဘယ်သူဖွင့်လိုက်တာလဲ”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အေးစက်စက်အကြည့်ဖြင့် ကျန်းချန်တို့ သုံးဦးကို ဝေ့ကြည့်လိုက်သည်။
နတ်သမီးတစ်ပါး၏ အသံကဲ့သို့ သာယာသော အသံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“စီနီယာ...ကျွန်တော်က လနတ်ဘုရားနန်းတော်ရဲ့သော့ကို ရေစက်ပါပြီး ရရှိခဲ့ပါတယ်.. ဒါကြောင့် ဒီနေရာကို ရှာဖွေပြီး လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ခဲ့တာပါ”
“မင်းက လနတ်ဘုရားနန်းတော်ကို ကမ္ဘာလောကထဲ ပြန်ရောက်လာအောင် ကူညီပေးခဲ့တယ်.. ငါတို့ လနတ်ဘုရားနန်းတော်က မင်းကို ကျေးဇူးကြွေးတစ်ခု တင်သွားခဲ့ပြီ.. ဒါက လနတ်ဘုရား တံဆိပ်ပြားပဲ”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ငွေရောင်တံဆိပ်ပြား တစ်ခုသည် ကျန်းချန်၏ ရှေ့သို့ တိုက်ရိုက်ပင် လွင့်ပျံလာခဲ့သည်။
“ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီတံဆိပ်ပြားကို လှုံ့ဆော်လိုက်တာနဲ့ ငါတို့ လနတ်ဘုရားနန်းတော်က မင်းကို တစ်ကြိမ် အကူအညီပေးမယ်”
ကျန်းချန်က သူ့ရှေ့ရှိ လေထဲတွင် ဝဲပျံနေသော လနတ်ဘုရားတံဆိပ်ပြားကို လက်လှမ်း၍ မယူခဲ့ပေ။
သူက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော် ဒီတစ်ခေါက် လနတ်ဘုရားနန်းတော်ကို ရောက်လာရတဲ့ အကြောင်းရင်းက လနတ်ကျောက်တုံး အတွက်ပါ”
ထိုစကားကိုကြားလျှင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“လနတ်ကျောက်တုံးက ငါတို့ လနတ်ဘုရားနန်းတော်ရဲ့ အထွတ်အထိပ် အမွေအနှစ် ဖြစ်သလို လနတ်ဘုရားနန်းတော်ရဲ့ သင်္ကေတလည်း ဖြစ်တယ်.. ဒီလိုပစ္စည်းကို မင်းကို ပေးလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. တခြားတစ်ခုခုကိုပဲ ပြောင်းလဲတောင်းဆိုပါ”
“ကျွန်တော့်မှာ တခြား တောင်းဆိုစရာမရှိပါဘူး.. စီနီယာတို့ဆီကနေ လနတ်ကျောက်တုံးကို ခဏ ငှားရမ်းချင်ရုံ သက်သက်ပါပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက် ရှိပါတယ်.. သူက လနတ်ကြမ္မာ ခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲဖို့ အတွက် လနတ်ကျောက်တုံးရဲ့ အကူအညီကို လိုအပ်နေလို့ပါ.. စီနီယာ ကူညီပေးပါဦး”
ကျန်းချန်၏ စကားကိုကြားလျှင် လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီး၏ အေးစက်စက် မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူမက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်းရဲ့မိတ်ဆွေက လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲနေတယ် ဆိုတာ သေချာရဲ့လား”
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုမေးခွန်းကို ပြန်လည် ဖြေကြားလိုက်သည်။
“သေချာပါတယ် စီနီယာ”
လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲနေသည့် အကြောင်းကို ပြောပြခဲ့သူမှာ ရှေးဟောင်းနတ်သားရဲ ဖြစ်သည့် ရွှေတောင်ပံလင်းယုန်၏ ကိုယ်ပွား ဖြစ်သည်။
ရွှေတောင်ပံလင်းယုန်၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် မည်ကဲ့သို့မှားယွင်းနိုင်ပါအံ့နည်း။
“ကောင်းပြီလေ.. ငါတို့ လနတ်ဘုရားနန်းတော်က လနတ်ကျောက်တုံးကို မင်းရဲ့မိတ်ဆွေဆီ ပေးနိုင်တယ်.. ဒါပေမဲ့ အပေးအယူတစ်ခုတော့ ရှိတယ်”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းရဲ့ မိတ်ဆွေက ငါတို့ လနတ်ဘုရားနန်းတော်ကို ဝင်ရောက်ပြီး ငါတို့ လနတ်ဘုရားနန်းတော်ရဲ့ နတ်ဘုရားမ ဖြစ်လာရလိမ့်မယ်”
လနတ်ကြမ္မာခန္ဓာကိုယ် ဆိုသည်မှာ လနတ်ဘုရားနန်းတော်အတွက် မွေးဖွားလာခြင်း ဖြစ်သည်။
ယခုခေတ်ကာလတွင် ထိုကဲ့သို့ နတ်ခန္ဓာကိုယ်သည် အလွန်တရာ ရှားပါးလှ၏။
သို့ဖြစ်ရာ သူမအနေဖြင့် လနတ်ဘုရားနန်းတော်သို့ အဘယ်ကြောင့် မခေါ်ယူဘဲ နေပါမည်နည်း။
“ကျေးဇူးတင်ပါတယ် စီနီယာ”
အမျိုးသမီး၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး တောင်းဆိုသည့် အပေးအယူသည် သူ့အတွက် ပြဿနာ လုံးဝ မဟုတ်ပေ။
လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည်။
လနတ်ဘုရားနန်းတော်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိတော့လျှင်ပင် နတ်ကုန်းမြေတိုက်ပေါ်ရှိ မည်သည့် အုပ်စိုးသူအဆင့် အင်အားစုနှင့်မဆို ရင်ဘောင်တန်းနိုင်စွမ်း ရှိသည်။
မုန့်ချင်းရွှယ် အနေဖြင့် လနတ်ဘုရားနန်းတော်သို့ ဝင်ရောက်ပြီး နတ်ဘုရားမ ဖြစ်လာနိုင်ခြင်းသည် သူမအတွက် အလွန်တရာ အကျိုးရှိပြီး အန္တရာယ်မရှိသည့်ကိစ္စပင် မဟုတ်ပါလား။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး အောက်ဘက်ရှိ လနတ်ဘုရားနန်းတော် ဆီသို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အကြီးအကဲယွဲ့လီ.. ငါသခင်မရှေ့ကို လာခဲ့စမ်း”
“နန်းတော်သခင်မ.. ဘာမိန့်စရာရှိလို့ပါလဲ”
ထိုအချိန်မှာပင် ဝတ်စုံဖြူဝတ် အဘွားအိုတစ်ဦးသည် လနတ်ဘုရားနန်းတော်ထဲကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူမ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသောအလင်းများထွက်ပေါ်နေသည့် ကျောက်တုံးတစ်ခုသည် ဝတ်စုံဖြူဝတ်အဘွားအို၏ ရှေ့ကို လွင့်ပျံလာခဲ့သည်။
“မင်း ဒီလနတ်ကျောက်တုံးကို ယူပြီး ဒီလူငယ်လေးနဲ့အတူ လိုက်သွားလိုက်.. လနတ်ကြမ္မာခန္ဓာကိုယ် ပိုင်ရှင်ကို လနတ်ဘုရားနန်းတော်ဆီ အထိအခိုက်မရှိဘဲ ခေါ်လာခဲ့ရမယ်”
ဝတ်စုံဖြူဝတ်အဘွားအိုက လနတ်ကျောက်တုံးကို လက်ခံယူလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“နန်းတော်သခင်မ စိတ်ချပါ.. ဒီတာဝန်ကို ယွဲ့လီ အောင်မြင်အောင် လုပ်ဆောင်ပါ့မယ်”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ငါတို့ လနတ်ဘုရားနန်းတော်ရဲ့ အကြီးအကဲယွဲ့လီပဲ.. ယွဲ့လီက နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူလည်း ဖြစ်တယ်.. သူက လနတ်ကျောက်တုံးကို ယူပြီး မင်းရဲ့ မိတ်ဆွေနဲ့တွေ့ဖို့အတွက် မင်းနဲ့အတူ လိုက်ပါလာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ စီစဥ်မှုအပေါ်တွင် သူ့အနေဖြင့် ကန့်ကွက်စရာ မရှိခဲ့ပေ။
သူ့အတွက် လနတ်ဘုရားနန်းတော် ခရီးစဥ်တွင် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲရန် အတွက် လနတ်ကျောက်တုံးကို ရရှိခဲ့ခြင်းကပင် လုံလောက်နေပြီ မဟုတ်ပါလား။
ထို့အပြင် လနတ်ဘုရားနန်းတော်က နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို စေလွှတ်လိုက်ခြင်းသည် မုန့်ချင်းရွှယ်အတွက် မကောင်းသောအရာ မဟုတ်ပေ။
သိထားရမည့်အချက်မှာ ယနေ့ခေတ် နတ်ကုန်းမြေတိုက်ကြီးတွင် နတ်ဘုရင် နဝမအဆင့်များ ပျောက်ကွယ်လုနီးပါး ရှိနေခဲ့ပြီ ဖြစ်ရာ နတ်ဘုရင် အဋ္ဌမအဆင့် ဆိုသည်မှာ နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ်ပုဂ္ဂိုလ် အဖြစ် သတ်မှတ်နိုင်သူဖြစ်သည်။
အကယ်၍ မုန့်ချင်းရွှယ်ကို ကာကွယ်ပေးရန်အတွက် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူ ရှိနေခဲ့လျှင် ဤကမ္ဘာလောကတွင် သူမကို ထိပါးရဲသူ ရှိတော့မည် မဟုတ်လောက်ပေ။
“သွားကြတော့”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက လက်တစ်ဖက်ကိုဝှေ့ယမ်းကာ ကျန်းချန်တို့ကို ပြန်နှင့်ရန် အမိန့်ပေးလိုက်သည်။
ကျန်းချန်က အမျိုးသမီးကို ဂါဝရပြုလုပ်ပြီး ကူဖုန်းအာနှင့်အတူ လနတ်ဘုရားနန်းတော် အပြင်ဘက်သို့ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။
“အကြီးအကဲယွမ်ရှ.. ခုနက အလင်းတံခါးထဲမှာ အတော်လေးကြောက်စရာကောင်းတဲ့ တုန်ခါမှုတွေ ဖြစ်ပေါ်သွားသလိုပဲ.. ကြည့်ရတာ အဲဒီသုံးယောက် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နေပြီ ထင်တယ်”
ကျန်းချန်တို့ လနတ်ဘုရားနန်းတော်ကို နိုးထစေခဲ့သော အချိန်တွင် အဘိုးအိုယွမ်ရှနှင့် ယွမ်ရန်ကျီ တို့သည် ဖီးနစ်ငှက်မွေး အချုပ်အနှောင် ထဲကနေ လခြမ်းတောင်ထိပ် အထက်ရှိ အလင်းတံခါးကို စိုက်ကြည့်နေခဲ့ကြသည်။
ယွမ်ရန်ကျီက မျက်နှာမသာမယာ ဖြစ်နေခဲ့သည်။
“မစိုးရိမ်ပါနဲ့”
အဘိုးအိုယွမ်ရှက အေးစက်စက် ပြုံးလိုက်သည်။
“လနတ်ဘုရားနန်းတော် ဆိုတာက ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစုပဲ.. သူတို့ရဲ့အမွေအနှစ်ကို ရယူဖို့ဆိုတာက ဒီလောက်အထိ ဘယ်လွယ်ကူပါ့မလဲ.. အဲဒီသုံးကောင် အထဲမှာတင် သေသွားပြီး လုံးဝ ပြန်ထွက်မလာနိုင်တာမျိုးလည်း ဖြစ်လာနိုင်တာပဲ”
“ဝုန်း..”
သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် တုန်လှုပ်ချောက်ချားစရာကောင်းသော နတ်ဘုရင်အဆင့် အရှိန်အဝါတစ်ခုသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် သူတို့ ဦးခေါင်းအထက်ရှိ လေထုထဲတွင် တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်လာခဲ့သည်။
“ထူးဆန်းလိုက်တာ.. ငါ့ရဲ့ကိုယ်ပွားကို သတ်သွားတဲ့ကောင်က ဒီနားမှာပဲ ရှိသင့်တယ်.. ဘာလို့ သူ့ရဲ့အရှိန်အဝါက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာလဲ”
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်စိမှိတ်၍ အာရုံခံကြည့်လိုက်ပြီးနောက်တွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အောက်ဘက်ရှိ အဘိုးအိုယွမ်ရှသည် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး တအံ့တဩ ရေရွတ်လိုက်သည်။
“လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့”
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့် ၇၁ နေရာ၌ ရှိပြီး နတ်ဘုရင် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
နတ်ကုန်းမြေတိုက်ပေါ်တွင် နာမည်ဂုဏ်သတင်း ကျော်စောသည့် လေမိစ္ဆာနတ်ဘုရင်သည် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု အကြီးအကဲယွမ်ရှ လုံးဝ မထင်မှတ်ထားခဲ့ပေ။
အောက်ဘက်မှ စကားသံကိုကြားလိုက်ရလျှင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့၏ အကြည့်သည် ယွမ်ရှတို့ နှစ်ဦးပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။
“မင်းတို့ နှစ်ယောက်.. ဒီနားမှာ တခြားသူတွေကို မြင်လိုက်သေးလား”
“လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့.. ကျွန်တော်တို့အပြင် လနတ်ဘုရားနန်းတော် စည်းတံဆိပ်ခတ်ထားတဲ့ နယ်မြေထဲကို ဝင်သွားတဲ့ လူသုံးယောက် ရှိပါတယ်”
အဘိုးအိုယွမ်ရှက အလျင်အမြန်ပင် ပြောလိုက်သည်။
“င့ါနာမည်က ယွမ်ရှပါ.. ငါတို့ကို ဒီအချုပ်အနှောင်ထဲကနေလွတ်အောင် ကူညီပေးပါဦး.. သူတို့ကို ရှာဖို့အတွက် ငါတို့နှစ်ယောက်ရှေ့ကနေ လမ်းပြပေးပါ့မယ်”
သူ၏ရှေ့မှ လေမိစ္ဆာနတ်ဘုရင်သည် ကျန်းချန်တို့၏ နောက်ကို လိုက်လာခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ထို့ကြောင့် သူတို့အနေဖြင့် လေမိစ္ဆာနတ်ဘုရင်ကို အသုံးချကာ လနတ်ဘုရားနန်းတော်၏ အမွေအနှစ်ကို ကျန်းချန်တို့ မရရှိအောင် တားဆီးနိုင်မည် မဟုတ်ပါလား။
“ဖုန်းရွမ်ကျီ ဆိုတဲ့အမျိုးသမီးရဲ့ ဖီးနစ်ငှက်မွေး အချုပ်အနှောင်ပါလား.. စိတ်ဝင်စားစရာပဲ”
လေမိစ္ဆာနတ်ဘုရင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် လေဓားတစ်စင်းသည် ကောင်းကင်ဓားတစ်စင်းကဲ့သို့ လေထုထဲကနေ တိုက်ရိုက်ဆိုသလို ကျဆင်းလာခဲ့ပြီး ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို တစ်ခဏအတွင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
အဘိုးအိုယွမ်ရှက အလွန်တရာ ဝမ်းသာသွားခဲ့ပြီး လေမိစ္ဆာနတ်ဘုရင်ကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
“အားနာနေဖို့ မလိုပါဘူး.. လက်ကလေးတစ်ဖက် မြှောက်လိုက်ရုံပါပဲ”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လေမိစ္ဆာနတ်ဘုရင်၏ အကြည့်သည် လေးနက်သွားခဲ့သည်။
“ဒီနေရာက ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်တဲ့ လနတ်ဘုရားနန်းတော်ကို စည်းတံဆိပ်ခတ်ထားတဲ့ နယ်မြေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. သူတို့ကို ရှာဖို့ ငါ့ကို အမြန် လမ်းပြပေးစမ်းပါ”
အခန်း(၂၂၄၈)ပြီး၏။