အခန်း (၂၂၄၉-၂၂၅၀)
Vol. 165 Ch. 2249-2250
အခန်း(၂၂၄၉)
“ကောင်းပါပြီ”
ယွမ်ရှက ခေါင်းညိတ်လိုက်ပြီး လခြမ်းတောင်ထိပ်ထက်မှ အလင်းတံခါး ဆီသို့ ဦးတည်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် အလင်းတံခါး ဆီကနေ ရုတ်တရက် စွမ်းအားလှိုင်းလုံး တစ်ခု ထွက်ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏတွင် ပုံရိပ်လေးခုသည် အလင်းတံခါးထဲကနေ တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။
ထိုလေးဦးထဲတွင် သုံးဦးမှာ သိပ်မကြာခင်က လနတ်ဘုရားနန်းတော် စည်းတံဆိပ်ခတ်ထားသည့် နယ်မြေထဲကို ဝင်ရောက်သွားကြသော ကျန်းချန်တို့အဖွဲ့ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ယွမ်ရှ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်တို့အဖွဲ့က လနတ်ဘုရားနန်းတော် စည်းတံဆိပ်ခတ်ထားသည့် နယ်မြေထဲသို့ ဝင်ရောက်သွားပြီး အချိန်တိုအတွင်း ပြန်ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ထွက်လာသောအခါတွင် ၎င်းတို့နှင့်အတူ အဖြူရောင် ဝတ်စုံဝတ် အဘွားအိုတစ်ဦးပါ ပါလာခဲ့သည်။
ကျန်းချန်တို့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ပြီး အထဲမှ အမွေအနှစ်များကို ရရှိသွားပါသလော။
ယွမ်ရှ တစ်ယောက် မသေချာ မရေမရာ ဖြစ်နေစဥ်မှာပင် လေမိစ္ဆာနတ်ဘုရင်သည် လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး ကျန်းချန်တို့အဖွဲ့၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူ၏ စူးရှသော အကြည့်များက ကျန်းချန်တို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ကောင်လေး.. နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီ”
“စီနီယာ.. စီနီယာနဲ့ ကျွန်တော်တစ်ခါမှ မဆုံဖူးပါဘူး.. စီနီယာက ကျွန်တော့်ကို ရှာနေတာ ဘာကိစ္စရှိလို့လဲ ဆိုတာ သိပါရစေ”
သူ၏ရှေ့မှ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူရှေ့မှ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါသည် အလွန်တရာ အစွမ်းထက်ကြောင်း သဘာဝကျစွာပင် သူခံစားမိခဲ့၏။
ထိုအဘိုးအို၏ အရှိန်အဝါသည် ယွမ်ရှထက်ပင် ပိုမိုအားကောင်းနေသဖြင့် အနည်းဆုံး နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်လောက်သည်။
သို့သော်လည်း သူ၏ရှေ့မှ အဘိုးအိုနှင့် မည်သည့်အချိန်က ပတ်သက်မှု ရှိခဲ့သလဲ ဆိုသည်ကို ကျန်းချန် အမှန်တကယ် စဥ်းစား၍ မရခဲ့ပေ။
“ကောင်လေး.. မင်းက တကယ်ကို မေ့လွယ်တာပဲ”
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။
“သိပ်မကြာခင်က အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို လုယူဖို့အတွက် မင်းငါ့ရဲ့ ကိုယ်ပွားတစ်ခုကို သတ်ခဲ့တယ်လေ.. မင်းက ဒီလောက်အထိ မြန်မြန်ဆန်ဆန် မေ့သွားပြီလား”
“လက်စသတ်တော့ ခင်ဗျားကိုး”
ကျန်းချန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် သူ့ရှေ့မှ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို လုယူရန် ကြိုးစားခဲ့သည့် နတ်ဘုရင်တတိယအဆင့် အဘိုးအိုနှင့် အလွန်တရာ ဆင်တူနေကြောင်း အဆုံးသတ်၌ ကျန်းချန် သတိပြုမိခဲ့သည်။
ထိုအချိန်က သူဖြတ်သတ်ခဲ့သည့် နတ်ဘုရင် တတိယအဆင့် အဘိုးအိုသည် သူ့ရှေ့မှ အဘိုးအို၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယေဘုယျအားဖြင့် အစွမ်းထက် ကျင့်ကြံသူများ၏ ကိုယ်ပွားများသည် စွမ်းရည်ကိုယ်ပွားများသာ ဖြစ်ကြပြီး ရုပ်ခန္ဓာ လုံးဝ မရှိကြပေ။
သို့သော်လည်း သူ့ရှေ့မှ အဘိုးအို၏ ကိုယ်ပွားကမူ အသွေးအသား ခန္ဓာကိုယ်နှင့် နောက်ထပ် လူတစ်ယောက်လို ဖြစ်နေခဲ့၏။
ထို့ကြောင့်လည်း သူက ကိုယ်ပွားမှန်း မသိရှိခဲ့ခြင်း ဆိုလည်း မမှားပေ။
“ကောင်လေး.. ငါက လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ပဲ.. အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးနဲ့ လနတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်တွေကို ချက်ချင်း ငါ့လက်ထဲအပ်စမ်း.. ဒါဆိုရင်တော့ မင်းအသက်ကို ချမ်းသာကောင်း ချမ်းသာပေးနိုင်လိမ့်မယ်”
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ပျံ့လွင့်လာခဲ့၏။
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့က အပိုစကားများ ပြောမနေတော့ဘဲ ခြိမ်းခြောက် ပြောဆိုလိုက်သည်။
အကယ်၍ သူသာ ထိုနတ်သစ်သီးကို ရရှိခဲ့လျှင် နတ်ဘုရင်အဋ္ဌမအဆင့်သို့ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။
အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးသည် နတ်ဘုရင်အဆင့်တွင် အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်သော ထူးခြားသည့် နတ်သစ်သီး ဖြစ်သည်။
ထို့အပြင် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည့် လနတ်ဘုရားနန်းတော်၏ အမွေအနှစ်သည်လည်း ထူးခြားလှသည်။
အကယ်၍ ထိုအမွေအနှစ်ကိုပါ သိမ်းပိုက်နိုင်ခဲ့လျှင် နတ်ဘုရင် နဝမအဆင့်ကို တက်လှမ်းနိုင်ရုံသာမက အုပ်စိုးသူ အဆင့်ကို တက်လှမ်းနိုင်မည့် လျှို့ဝှက်ချက်များကိုပင် ရရှိကောင်း ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။
ဤကဲ့သို့ အခွင့်အရေးမျိုးသည် တစ်သက်တွင် တစ်ခါမျှသာ ကြုံရမည့် အခွင့်အရေးဖြစ်ရာ လေမိစ္ဆာနတ်ဘုရင်သည် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါအံ့နည်း။
“လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့.. ဒီအဘိုးကြီးက အသန်မာဆုံး နတ်ဘုရင်စာရင်းမှာ အဆင့် ၇၁ နေရာမှာရှိတဲ့ လေမိစ္ဆာနတ်ဘုရင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ကူဖုန်းအာက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
သူမ၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး အတွက် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့မိခြင်းသည် အဆုံးသတ်တွင် နတ်ဘုရင် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ကို ဆွဲဆောင်မိလျက်သား ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် လနတ်ဘုရားနန်းတော်ကို နိုးထစေခဲ့ပြီးနောက်တွင် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာ ခန္ဓာကိုယ်ကြောင့် လနတ်ဘုရားနန်းတော်သည် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူ ယွဲ့လီကို သူနှင့်အတူ ထည့်ပေးလိုက်သည်။
သို့မဟုတ်လျှင် သူတို့သည် ယနေ့တွင် အမှန်တကယ်ပင် ပြဿနာတက်နိုင်ပေသည်။
“ဘယ်ကလာတဲ့ အမှိုက်ထုပ်လဲ.. ငါတို့ လနတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်ကိုတောင် စိတ်ကူးယဥ်နေသေးတယ်.. နင်တော့သေချင်နေပြီ ထင်တယ်”
ထိုအချိန်တွင် ယွဲ့လီသည် တိုက်ရိုက်ပင် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
သူမ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ယွမ်ရှသည် အလျင်အမြန်ပင် သတိပေးလိုက်၏။
“လေမိစ္ဆာနတ်ဘုရင် သတိထားပါ.. ဒီအဘွားကြီးက လနတ်ဘုရားနန်းတော် စည်းတံဆိပ်ခတ်ထားတဲ့ နယ်မြေထဲကနေ ထွက်လာတာပဲ”
ထိုစကားကိုကြားလျှင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
လနတ်ဘုရားနန်းတော် ဆိုသည်မှာ ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစုဖြစ်ပြီး မဟာကပ်ဘေးကြီး အပြီးတွင် နတ်ကုန်းမြေတိုက်ပေါ်မှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ ထိုအဘွားကြီးကို ကျန်းချန်တို့က လနတ်ဘုရားနန်းတော်စည်းတံဆိပ်ခတ်ထားသည့် နယ်မြေထဲကနေ ခေါ်ထုတ်လာခဲ့သည် ဆိုလျှင် သူမသည် ရှေးခေတ်ကာလကတည်းကပင် အသက်ရှင်ကျန်ရစ်ခဲ့သူဟု ဆိုလိုနေခြင်းမဟုတ်ပါလော။
ရှေးခေတ်ကာလကနေ ယခုခေတ်အထိ ဆိုလျှင် နှစ်ပေါင်း ဘီလီယံ တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မည်သူက ဤမျှအထိ အသက်ရှင်နိုင်ပါအံ့နည်း။
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ တစ်ယောက် အံ့အားသင့်ကာ သံသယ ဖြစ်နေစဥ်မှာပင် ယွဲ့လီက ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူမက လေထုထဲရှိ တောက်ပနေသော လမင်းကြီး ဆီသို့ လက်လှမ်းလိုက်ရာ သန့်စင်သော လအလင်းတန်း တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး ငွေရောင်ရှေးဟောင်းဓားတစ်လက် အဖြစ်သို့ ပြောင်းလဲကာ လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ကို ခုတ်ပိုင်းချလိုက်သည်။
ထိုငွေရောင်ရှေးဟောင်းဓားသည် သုံးပေခန့်သာ ရှည်လျားပြီး မည်သည့် ထူးခြားမှုမျှ ရှိပုံမရပေ။
သို့သော်လည်း ထိုကဲ့သို့ သာမန်ဆန်သော ဓားတစ်လက်သည် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ကို ကြက်သီးမွေးညှင်းများပင် ထစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်သည်။
သူ၏ ကျောဘက်ကနေ ပေခုနစ်သောင်း ကိုးထောင်မြင့်မားသော နတ်ဘုရင်လမ်းစဥ် ထွက်ပေါ်လာခဲ့၏။
ထိုနတ်ဘုရင်လမ်းစဥ်ပေါ်တွင် အနက်ရောင်လေပြင်းများသည် ကမ္ဘာကြီးကို လွှမ်းခြုံထားသကဲ့သို့ တိုက်ခတ်နေခဲ့သည်။
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့၏ နတ်ဘုရင်လမ်းစဥ်က တုန်လှုပ်ဖွယ် ကောင်းသော်လည်း ငွေရောင်ရှေးဟောင်းဓား၏ ရှေ့တွင်မူ လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့၏ နတ်ဘုရင်လမ်းစဥ်သည် ငွေရောင် ရှေးဟောင်းဓားနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် တစ်လက်မချင်းစီ ကွဲအက်သွားခဲ့သည်။
“ဝုန်း.. ဝုန်း..”
တစ်ခဏအတွင်းမှာပင် ပေခုနစ်သောင်း ကိုးထောင်မြင့်သော နတ်ဘုရင်လမ်းစဥ်သည် ကောင်းကင် ပြိုကျသကဲ့သို့ အထက်ကနေ အောက်ဘက်ထိ တိုက်ရိုက်ပင် ပျက်စီးသွားခဲ့သည်။
“ဖူး..”
နတ်ဘုရင်လမ်းစဥ် ပျက်စီးသွားပြီးနောက်တွင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း လေထဲတွင် ပေပေါင်းထောင်ချီ လွင့်စင်သွားခဲ့သည်။
ထိုအချိန်တွင် ဆန့်ကျင်ဘက်ရှိ အဖြူရောင်ဝတ်စုံဝတ် အဘွားအိုကို ကြည့်နေသော လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့၏ မျက်ဝန်းတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
“ဒီအဘွားကြီးက တိုက်ကွက် တစ်ကွက်တည်းနဲ့ ငါ့ရဲ့ နတ်ဘုရင်လမ်းစဥ်ကို ဖျက်ဆီးပစ်လိုက်တယ်လား.. ကြည့်ရတာ ဒီအဘွားကြီးက အနည်းဆုံး နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်”
ဤအချိန်တွင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် အတော်လေး မျက်နှာပျက်ယွင်းသွားခဲ့သည်။
နတ်ဘုရင် အဋ္ဌမအဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် ကိုယ်ပွားတစ်ခုကို ခွဲထုတ်၍ ကျင့်ကြံစေခဲ့သည်။
သူ၏ ပင်မခန္ဓာကိုယ်ကမူ လွန်ခဲ့သော နှစ်ပေါင်းသန်းချီ ကတည်းကပင် လောက၌ ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး၏ သတင်းကို ရရှိခဲ့သဖြင့်သာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်း နယ်မြေသို့ ကိုယ်တိုင်ရောက်လာခဲ့ခြင်း ဖြစ်၏။
ဤတစ်ခေါက် ခရီးစဥ်က နတ်ဘုရင် အဋ္ဌမအဆင့်သို့ ထိုးဖောက်ရန်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မည်ဟု လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့သည် ထင်ထားခဲ့သည်။
သို့သော်လည်း သူက အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို မရရှိခဲ့သည့် အပြင် သူ့ရှေ့မှ အဘွားအို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ပါ ရရှိသွားခဲ့သည်။
ဤအချိန်တွင် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့အဖို့ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးနှင့် လနတ်ဘုရားနန်းတော်၏ အမွေအနှစ်ကို မည်ကဲ့သို့ ဂရုစိုက်နိုင်ပါတော့မည်နည်း။
သူက အပြာရောင်လေပြင်း အဖြစ်သို့ ပြောင်းလဲကာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ကောင်းကင်ယံ ဆီသို့ တိုးဝင်ကာ ထွက်ပြေးသွားခဲ့သည်။
သူနှင့် ဆန့်ကျင်ဘက်ရှိ အဖြူရောင်ဝတ်စုံဝတ် အဘွားအို၏ စွမ်းရည်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
အကယ်၍ သူသာ ဤနေရာတွင် ဆက်ရှိနေလျှင် ယနေ့တွင် ထိုအဖြူရောင်ဝတ်စုံဝတ် အဘွားအို၏ လက်ထဲ၌ အမှန်တကယ် အသက်ပျောက်ကိန်း ရှိနေခဲ့သည် မဟုတ်ပါလား။
သူတို့ရှေ့မှ မြင်ကွင်းကြောင့် ကျန်းချန် တို့သည်လည်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်ကြသည်။
လနတ်ဘုရားနန်းတော်မှ စေလွှတ်လိုက်သော အဘွားအိုသည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် နတ်ဘုရင် သတ္တမအဆင့် အထွတ်အထိပ် လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပြီး ခွေးလေခွေးလွင့် တစ်ကောင်လို ထိတ်လန့်တကြား ထွက်ပြေးစေခဲ့သည်။
ထိုအဘွားအိုသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည့် လနတ်ဘုရားနန်းတော်၏ အကြီးအကဲဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှ၏။
အခန်း(၂၂၄၉)ပြီး၏။
အခန်း(၂၂၅၀)
“မြန်မြန်သွားကြစို့”
အဖြူရောင်ဝတ်စုံဝတ် အဘွားအိုက လေမိစ္ဆာနတ်ဘုရင် ဖုန်းဝူရှဲ့ကို ဒဏ်ရာအပြင်းအထန်အောင် ရရှိစေပြီး ထွက်ပြေးသွားအောင် လုပ်ဆောင်ခဲ့သည်အား မြင်လျှင် ယွမ်ရှသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက တစ်ခဏလေးပင် တွေဝေမနေရဲတော့ဘဲ ယွမ်ရန်ကျီကို ခေါ်ကာ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
“ငါတို့ သွားကြစို့”
ယွဲ့လီက ယွမ်ရှတို့နှစ်ယောက်ကို လှည့်ပင် မကြည့်ခဲ့ပေ။
သူမက ထိုနှစ်ယောက်ကို တိုက်ခိုက်ရန်ပင် စိတ်မဝင်စားပုံရ၏။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် ဝူရှင်း၏ အသံသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
“ကျန်းချန်.. မင်းငါ့ကို ကတိပေးထားတာ မေ့နေပြီလား”
ထိုအခါမှ ကျန်းချန်သည် နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေထဲတွင် ဝူရှင်းအတွက် တစ်စုံတစ်ရာကို ရှာဖွေရာတွင် အကူအညီပေးရမည် ဖြစ်ကြောင်း သတိရသွားခဲ့သည်။
“စီနီယာယွဲ့လီ.. ဒီနတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲမှာ ကျွန်တော် လုပ်စရာလေးတွေ ကျန်သေးတယ်.. စီနီယာ ကျွန်တော့်ညီမလေးနဲ့ပဲ အရင်သွားနှင့်လိုက်ပါ”
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ကူဖုန်းအာကို ပြောလိုက်သည်။
“ညီမဖုန်းအာ.. စီနီယာယွဲ့လီကို မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ ခေါ်သွားပေးလိုက်ပါ”
ကူဖုန်းအာက ကျန်းချန်၏ စကားကို အမြဲတစေ နားထောင်သူ ဖြစ်ရာ ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ အစ်ကိုကျန်းချန်.. လမ်းခရီးမှာဂရုစိုက်ပါ”
ယွဲ့လီက ဘာမှ ဝင်မပြောခဲ့ပေ။
သူမအတွက်မူ လနတ်ကျောက်တုံးကို အသုံးပြု၍ လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် ဆင့်ကဲပြောင်းလဲသည်ကို ကူညီပေးရန်နှင့် လနတ်ဘုရားနန်းတော်သို့ ခေါ်ဆောင်သွားရန်သာ အရေးကြီးဆုံး ဖြစ်သည်။
“စီနီယာယွဲ့လီ.. ကျွန်မတို့ သွားကြရအောင်”
ထို့နောက်တွင် ကူဖုန်းအာသည် ယွဲ့လီကို ခေါ်ကာ ကျန်းချန်တို့ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကူဖုန်းအာတို့နှစ်ဦး မြင်ကွင်းကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားသောအခါမှ ကျန်းချန်သည် ဝူရှင်းကို ကြည့်ကာ မေးလိုက်သည်။
“ညီနောင်ဝူရှင်း.. ဒီနတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲမှာ မင်းအတွက် ဘာကို ကူညီရှာဖွေပေးရမလဲ ဆိုတာ အခုပြောပြလို့ရပြီလား”
“ငါ့နောက်ကနေ လိုက်ခဲ့ပါ”
ဝူရှင်းက ကျန်းချန်ကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် ဝူရှင်း၏ ခန္ဓာကိုယ်ကနေ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
“ဒါက..”
ဝူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် အလွန်တရာ အံ့ဩထိတ်လန့်သွားခဲ့ပြီး မျက်လုံးများပင် ပြူးကျယ်လုမတတ် ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် လနတ်ဘုရား နန်းတော်သခင်မ၏ အရှိန်အဝါနှင့် တထေရာတည်း တူညီနေသောကြောင့်ပင်။
“ဒါက အရှိန်အဝါကို တုပနိုင်တဲ့ ရှေးဟောင်း လျှို့ဝှက်ပညာရပ်တစ်ခုပဲ.. ငါတို့ အခုသွားမဲ့နေရာက ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတွေ အများအပြားရှိတယ်.. နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲမှာ အစွမ်းထက် သားရဲတွေ အများအပြားရှိပေမဲ့ သူတို့ရဲ့ မှတ်ဥာဏ်ကတော့ သိပ်မကောင်းကြဘူး.. လနတ်ဘုရားနန်းတော်သခင်မရဲ့ အရှိန်အဝါက ဒီက သားရဲအများစုကို ခြောက်လှန့်ဖို့အတွက် လုံလောက်မှာပါ”
ထိုစကားကို ပြောပြီးသည်နှင့် ဝူရှင်းသည် ကျန်းချန်ကို ခေါ်ကာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းဘက်သို့ ဆက်လက် ဦးတည်သွားခဲ့သည်။
တကယ်လည်း ဝူရှင်းက လနန်းဘုရားနန်းတော်သခင်မ၏ အရှိန်အဝါကို တုပလိုက်ခြင်းသည် အလွန်တရာပင် ထိရောက်လှ၏။
လမ်းတစ်လျှောက်တွင် သူတို့သည် အဟန့်အတား မရှိခဲ့သလို သားရဲများ၏ တိုက်ခိုက်ခြင်းကိုလည်း မကြုံတွေ့ခဲ့ရပေ။
နတ်ဘုရင် သတ္တမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော သားရဲတချို့ပင်လျှင် လနတ်ဘုရား နန်းတော်သခင်မ၏ အရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါတွင် နောက်ဆုတ်သွားခဲ့ကြသည်။
မည်သည့် အဟန့်အတားမှ မရှိသဖြင့် ကျန်းချန်တို့ နှစ်ဦးသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲတွင် လျင်မြန်စွာ သွားလာနိုင်ခဲ့ကြသည်။
ခန့်မှန်းခြေ နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် တောင်တန်းများကို ဖြတ်ကျော်ကာ ရှေးဟောင်းတောင်တန်း၏ အဆုံးသတ်ရှိ တောင်ထိပ်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်တို့၏ရှေ့တွင် အောက်ခြေ မမြင်ရသော အလွန်တရာနက်ရှိင်းသည့် ချောက်ကမ်းပါးကြီးတစ်ခု ရှိနေခဲ့သည်။
ထိုချောက်ကြီးသည် ရှန်းဝူကုန်းမြေတိုက်ရှိ အင်ပါယာမြှုပ်နှံခြင်းချောက်နက်နှင့် အလွန်တရာ ဆင်တူနေပြီး အစွမ်းထက်သော စွမ်းအား တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ပုံစံမျိုးဖြစ်သည်။
သို့သော်လည်း သူ့ရှေ့မှ ချောက်နက်ကြီးသည် ရှန်းဝူတိုက်ကြီး၏ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထက် အဆပေါင်းများစွာ ပို၍ ကြီးမားလှ၏။
ကျန်းချန်၏ လက်ရှိမြင်နိုင်စွမ်းဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်ခဲ့ပေ။
အဝေးမှကြည့်လျှင် ဤချောက်နက်ကြီးသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်မည့် တုနှိုင်းမဲ့သားရဲကြီး တစ်ကောင် ကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ပင် ဤချောက်နက်ကြီး၏ ရှေ့တွင် ရပ်နေသောအခါ၌ သေခြင်းတရား၏ အရိပ်အငွေ့များကို အထိတ်တလန့် ခံစားလိုက်ရသည်။
“ညီနောင်ဝူရှင်း ဒါက ဘယ်လိုနေရာလဲ”
ကျန်းချန်က အံ့ဩထိတ်လန့်သော အမူအရာဖြင့် ဝူရှင်းကို မေးလိုက်သည်။
ဝူရှင်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
“ဒါက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ ဗဟိုဧရိယာပဲ.. ဒါ့အပြင် ဒီနေရာကမှ တကယ့် နတ်ဘုရားသင်္ချိုင်းပဲ”
“ဟူး..”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
“ညီနောင်ဝူရှင်း.. မင်းငါ့ကို ရှာခိုင်းမဲ့အရာက ဒီ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ ဗဟိုဧရိယာထဲမှာတော့ မဟုတ်လောက်ပါဘူးနော်”
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ ဗဟိုဧရိယာသည် နတ်ကုန်းမြေတိုက်၏ စစ်မှန်သော တားမြစ်နယ်မြေ ဖြစ်သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ စတင် ပေါ်ပေါက်လာကတည်းကပင် နတ်ကုန်းမြေတိုက်ကြီးရှိ မည်သူမဆို ဤနေရာသို့ ဝင်ရောက်သွားပြီးနောက်တွင် အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြပေ။
သို့ဖြစ်၍ သူသာ ဤနယ်မြေထဲကို ဝင်ရောက်သွားလျှင် သေမင်းကို ဖိတ်ခေါ်သည်နှင့် မည်ကဲ့သို့ ကွာခြားပါမည်နည်း။
“ငါက အကြောင်းအမျိုးမျိုးကြောင့် ဒီနေရာကို သွားဖို့ ပြဿနာရှိနေတယ်.. အဲဒါကြောင့် မင်းက အောက်ဆင်းပြီး ငါ့အတွက် တစ်စုံတစ်ရာကို ယူပေးဖို့ လိုအပ်တယ်.. မစိုးရိမ်ပါနဲ့.. ဒီနေရာက နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတွေ အတွက်တောင် ဆယ်ကြိမ်တစ်ကြိမ်လောက်ပဲ အသက်ရှင်နိုင်တဲ့ နေရာမျိုး ဖြစ်ပေမဲ့ မင်းကတော့ မတူဘူး.. မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲဒီလူရဲ့ အရှိန်အဝါ ရှိနေတယ်.. ဒါကြောင့် ဒီနေရာက မင်းအတွက်တော့ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်”
ဝူရှင်းက ကျန်းချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ရင်ပြင်တွင် ကျန်းချန်နှင့် တွေ့စဥ်က ကျန်းချန်နှင့် တွေဝေမှုမရှိ ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်းသည် ကျန်းချန်ထံမှ အရှိန်အဝါတစ်ခုကို ခံစားမိခဲ့သောကြောင့် ဖြစ်သည်။
ထိုအရှိန်အဝါသည် ရှေးခေတ်ကာလက လူသားဧကရာဇ်၏ အရှိန်အဝါ ဖြစ်သည်။
ထိုအချိန်က လူသားဧကရာဇ်သည် တစ်ဦးတည်းဖြင့် အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးဦးကို ယှဥ်ပြိုင်နိုင်စွမ်းပင် ရှိခဲ့သည်။
ထို့ကြောင့် ဤကောင်လေးသည် ထိုနေရာသို့ သွားရောက်ရန်အတွက် သံသယဖြစ်ဖွယ်ရာ မရှိ အသင့်တော်ဆုံး ပုဂ္ဂိုလ် ဆိုလည်းမမှားပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ.. မင်းအတွက် အောင်ဆင်းပြီး ရှာရမယ်ဆိုတော့ အဲဒါ ဘာပစ္စည်းလဲဆိုတာ ငါ့ကို ပြောပြပါ”
“အရင်ဆုံး မင်းအနေနဲ့ အရှိန်အဝါ တုပပြောင်းလဲခြင်း ပညာရပ်ကို အရင်သင်ယူလိုက်ဦး.. ဒါက အောက်ရောက်တဲ့အခါမှာ မင်းအတွက် ပြဿနာအများကြီး လျော့နည်းသွားစေလိမ့်မယ်”
ထို့နောက်တွင် ဝူရှင်းက သူ၏ လက်ညှိုးဖြင့် ကျန်းချန်၏ နဖူးကို ထောက်လိုက်ရာ သတင်း အချက်အလက်တစ်ခုသည် ကျန်းချန်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
ဤသတင်းအချက်အလက်သည် ယခင်က ဝူရှင်း အသုံးပြုခဲ့သည့် အရှိန်အဝါ တုပပြောင်းလဲခြင်း ပညာရပ်ပင် ဖြစ်သည်။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တင်ပျဥ်ခွေ၍ ထိုင်ကာ အရှိန်အဝါ တုပ ပြောင်းလဲခြင်း ပညာရပ်ကို စတင်သဘောပေါက်ရန် ကြိုးစားလိုက်သည်။
ဤအရှိန်အဝါ တုပ ပြောင်းလဲခြင်း ပညာရပ်သည် အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။
ထိုပညာရပ်သည် ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်နိုင်ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံး၏ အရှိန်အဝါကို တုပစေနိုင်သည်။
ဤပညာရပ်သည် ရှေးဟောင်း လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်သော်လည်း နားလည်သဘောပေါက်ရန်မှာ အလွန်အမင်း မခက်ခဲခဲ့ပေ။
ထို့အပြင် ကျန်းချန်က အဆ ၁၀၀ စနစ်၏ ကောင်းချီးကို ရရှိထားသည် ဖြစ်ရာ သုံးရက်အတွင်းမှာပင် အရှိန်အဝါ တုပ ပြောင်းလဲခြင်း ပညာရပ်ကို လုံးဝ ကျွမ်းကျင်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ နံဘေးရှိ ရှေးဟောင်းသစ်ပင်တစ်ပင်၏ အရှိန်အဝါကို တုပလိုက်သည်။
ရုတ်တရက် ကျန်းချန်သည် ထိုနေရာတွင် ရှေးဟောင်း သစ်ပင်တစ်ပင် အလား ရပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ မည်သည့်အရှိန်အဝါမျှ ထွက်ပေါ်မနေခဲ့တော့ပေ။
“မင်းက ဒီလောက် အချိန်တိုလေးအတွင်းမှာ အရှိန်အဝါ တုပ ပြောင်းလဲခြင်း ပညာရပ်ကို ကျွမ်းကျင်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းရဲ့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ”
ယင်းအချိန်တွင် ဝူရှင်း၏ စကားသံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။
ဝူရှင်းက သူ၏ လက်ထိပ်မှ သွေးတစ်စက်ကို ညှစ်ထုတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ထိုသွေးစက်သည် စွမ်းအင်သင်္ကေတတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ လက်ဖဝါးတွင် ကပ်ငြိသွားခဲ့သည်။
မကြာမီမှာပင် ဝူရှင်း၏ စကားသည် ကျန်းချန်၏ နားထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
“ငါရှာနေတဲ့အရာက သိုလှောင်လက်စွပ် တစ်ကွင်းပဲ.. အဲဒီလက်စွပ်က ငါနဲ့အရမ်းဆင်တူတဲ့ အလောင်းတစ်ခု ပေါ်မှာ ရှိနေတယ်.. ဒီစွမ်းအင်သင်္ကေတက မင်းကို အဲဒီ လက်စွပ်ရှိနေတဲ့နေရာကို အာရုံခံနိုင်ဖို့အတွက် အကူအညီ ပေးလိမ့်မယ်”
အခန်း(၂၂၅၀)ပြီး၏။