← Chapters

အခန်း (၂၂၄၃-၂၂၄၄)

Vol. 165 Ch. 2243-2244

အခန်း (၂၂၄၃-၂၂၄၄)

Vol. 165 Ch. 2243-2244

အခန်း(၂၂၄၃)

အဘိုးအိုယွမ်ရှ၏ စကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် တည်တံ့သွားခဲ့သည်။

ဆန်းကြယ်နတ်မျိုးနွယ်စုဝင် နှစ်ဦးသည် လနတ်ကျောက်တုံးအတွက် ရောက်လာကြခြင်း ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လနတ်ကျောက်တုံးသည် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်ကို ဆင့်ကဲ ပြောင်းလဲစေနိုင်မည့် သော့ချက် ဖြစ်သလို ဤတစ်ကြိမ် လနတ်ဘုရားနန်းတော်ကို လာခဲ့ရသည့် သူ၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ အလျှော့ပေးနိုင်ပါမည်နည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“စီနီယာ တောင်းပန်ပါတယ်.. ကျွန်တော် လနတ်ကျောက်တုံးကို သေချာပေါက် ရအောင် ယူရပါလိမ့်မယ်”

ထိုစကားကိုကြားလျှင် အဘိုးအို ယွမ်ရှ၏ မျက်ဝန်းများသည် အနည်းငယ် အေးစက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။

“ဒါဆိုရင်တော့ ငါတို့ကြားမှာ ဆွေးနွေးစရာမရှိတော့ဘူး”

လနတ်ကျောက်တုံးသည် သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စု အတွက် အလွန်တရာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေခဲ့သည်။

ဤ လနတ်ကျောက်တုံးအတွက် သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုသည် လနတ်ဘုရားနန်းတော်သော့ကို မရရှိခင်ကတည်းကပင် မရေမတွက်နိုင်သော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရ၏။

မျိုးနွယ်စုမှ အကြီးအကဲများသည် လနတ်ဘုရားနန်းတော်၏ တည်နေရာကို တွက်ချက်နိုင်ရန်အတွက် ကံကြမ္မာ၏ တန်ပြန်တိုက်ခိုက်မှုကိုပင် ခံစားခဲ့ကြရသည်။

သူ့အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ မျက်နှာကို ထောက်ထား၍ လနတ်ဘုရားနန်းတော်ကို ကျန်းချန်တို့နှင့်အတူ ဖွင့်ကာ အတွင်းမှ အမွေအနှစ် အရင်းအမြစ်များကို ရယူခွင့်ပေးနိုင်၏။

သို့‌သော်လည်း ထိုအထဲတွင် လနတ်ကျောက်တုံးတော့ မပါပေ။

ကျန်းချန်၏ မျက်နှာထားက တည်ငြိမ်နေခဲ့ပြီး အဘိုးအို ယွမ်ရှ၏ အရှိန်အဝါကြောင့် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။

သူက အဘိုးအိုကို စူးစိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဆွေးနွေးလို့မရမှတော့ တိုက်ခိုက်ပြီးတော့ပဲ ဆုံးဖြတ်ကြတာပေါ့”

အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို မမျိုချမီကဆိုလျှင် အဘိုးအိုယွမ်ရှ ကဲ့သို့ အစွမ်းထက်နတ်ဘုရင်များသည် သူ့အတွက် အနည်းငယ် စိုးရိမ်စရာ ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်လေးပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကိုလည်း သုံးပုံနှစ်ပုံ နားလည်ထားပြီ ဖြစ်ရာ နတ်ဘုရင်ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် အဘိုးအိုယွမ်ရှကို ကြောက်စရာမလိုတော့ချေ။

“ကောင်လေး .. ငါနဲ့ လနတ်ကျောက်တုံးကို လုယူဖို့ မင်းမှာအရည်အချင်းမရှိသေးဘူး ထင်တယ်”

အဘိုးအိုယွမ်ရှ၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်ကို ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့မျက်နှာကို ထောက်ထားပြီး မင်းတို့ကို လွှတ်ပေးလိုက်မယ်.. အခုနေ ထွက်သွားရင် နောက်မကျသေးဘူး”

“အဘိုးကြီး.. ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာပဲ.. ဒီနေ့ လနတ်ကျောက်တုံးကို ငါကျန်းချန် သေချာပေါက်ယူမယ်.. ဘယ်သူမဆို ငါ့ကို တားမြစ်ရဲရင် အဲဒီလူကို ငါသတ်ပစ်မယ်”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ရုတ်တရက် လှုပ်ရှားလိုက်ရာ တောက်ပသော ရွှေရောင် ဓားအလင်း တစ်ခုသည် နေရာလွတ်ကို ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ထိုဓားအလင်းသည် အဘိုးအိုယွမ်ရှ၏ ဦးခေါင်းနားတွင် ပေါ်ထွက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အဘိုးအိုယွမ်ရှသည် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်သည်။

ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်အလင်းများ ထွက်ပေါ်နေသည့် ကျောက်စိမ်းဓားတစ်လက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းဓားသည် အဘိုးအိုယွမ်ရှ ဆီသို့ တိုးဝင်လာသော ရွှေရောင်ဓားအလင်းကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်၏။

“မင်းက ခြေလှမ်းတစ်ဝက် နတ်ဘုရင်အဆင့်ကိုတောင် ရောက်နေပြီကိုး.. နတ်ကုန်းမြေတိုက်မှာ သိပ်မကြာသေးခင်က အနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်.. အဲဒီလူက ကောင်းကင်အရှင်အဆင့်နဲ့တင် ထိပ်သီးပါရမီရှင် ဆယ်ယောက်ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ လုံကျိုးဟန်ကို အနိုင်ရခဲ့တယ်လို့ ကြားတယ်.. အဲဒီလူက မင်းမဟုတ်လား”

အဘိုးအိုယွမ်ရှက ကျန်းချန်ကို တအံ့တဩ ကြည့်နေခဲ့သည်။

“ကံမကောင်းတာက မင်းအနေနဲ့ နတ်ဘုရင်အဆင့်ကို လုံးလုံးလျားလျား မထိုးဖောက်နိုင်သေးတာပဲ”

သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် ရှေးခေတ်ကာလနှင့် ယခုခေတ်မှာပင် အမှန်တကယ်ကို ရှားပါးလှ၏။

အစောပိုင်းက ထိုကောင်လေး ထုတ်သုံးလိုက်သော ဓားချက်သည် သာမန် နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက်ပင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ခြေလှမ်းတစ်ဝက် နတ်ဘုရင်အဆင့်ဖြင့်ပင် ဤမျှလောက်အထိ စွမ်းရည်ထက်မြက်သောသူမျိုးကို နတ်ကုန်းမြေတိုက်တစ်ခုလုံးမှာပင် ဒုတိယတစ်ယောက် ရှာဖွေတွေ့ရှိရန် မလွယ်ကူပေ။

အကယ်၍ ထိုကောင်လေးသာ နတ်ဘုရင်အဆင့်ကို ထိုး‌ဖောက်သွားခဲ့လျှင် သူကိုယ်တိုင်ပင်လျှင် ယှဥ်နိုင်ရန် မသေချာတော့ပေ။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”

အဘိုးအိုယွမ်ရှက သူ၏ တိုက်ကွက်ကို အလွယ်တကူ ချေမှုန်းလိုက်သည်ကို မြင်သော်လည်း ကျန်းချန်၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။

သူက ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ခုနစ်စဥ်ကြယ်၏ ကြယ်စွမ်းအားများဖြင့် ဖွဲ့စည်းထား‌သော ဧရာမ ကြယ်တာရာဓားကြီးသည် အဘိုးအိုယွမ်ရှဆီသို့ သက်ရောက်လာခဲ့သည်။

အဘိုးအိုယွမ်ရှက တည်ငြိမ်စွာဖြင့်ပင် သူ၏ လက်ထဲမှ ကျောက်စိမ်းဓားဖြင့် ဧရာမ ကြယ်တာရာဓားကြီးကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်၏။

ထိုအခါ ကျန်းချန်၏ ဧရာမ ကြယ်တာရာဓားကြီးသည် လေထဲတွင် အပြင်းအထန် တုန်ခါသွားခဲ့ပြီး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အစွမ်းကုန် အသုံးပြုလိုက်လျှင် နတ်ဘုရင် ဆဋ္ဌမအဆင့်ကျင့်ကြံသူကိုပင် ဒုက္ခပေးရန် လုံလောက်သည်။

သို့သော်လည်း ဤမျှအစွမ်းထက်သော တိုက်ကွက်သည် အဘိုးအိုယွမ်ရှ၏ ဓားချက် တစ်ချက်ဖြင့်ပင် ပျက်စီးသွားခဲ့ရ၏။

အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် ပါဝင်နေသည့် အဘိုးအိုယွမ်ရှ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် ဆဋ္ဌမအဆင့်ထက် များစွာ သာလွန်သော်လည်း ဤမျှအထိတော့ အစွမ်းထက်နေသည်မှာ သဘာဝမကျပေ။

“ကျန်းချန်.. ဒါက ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ ဆန်းကြယ်မှော်ပညာရပ်ပဲ.. ဒီတိုက်ကွက်က ကမ္ဘာပေါ်မှာရှိတဲ့ကိုယ်ခံပညာရပ်တွေရဲ့ အားနည်းချက်ကို ချက်ချင်း ဖြိုခွင်းနိုင်စွမ်းရှိတယ်.. ဒီဆန်းကြယ်မှော်ပညာရပ်ကို အနိုင်ယူဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်.. တစ်ခုက လုံးဝ သာလွန်တဲ့အင်အားနဲ့ ဖိနှိပ်ဖို့ပဲ.. ဒီလိုမှ မဟုတ်ရင်တော့ နတ်ဘုရင်အဆင့်ထက် ကျော်လွန်တဲ့ သိုင်းကွက်ကို အသုံးပြုရလိမ့်မယ်”

ထိုအချိန်တွင် ဝူရှင်း၏ စကားသံသည် ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ဝူရှင်း၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

ဝူရှင်းသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ အကြောင်းကို ကောင်းစွာ သိရုံတင်မကဘဲ ဆန်းကြယ်နတ်မျိုးနွယ်စု ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းမျိုးနွယ်စုအကြောင်းကိုပါ သိရှိနေပုံရ၏။

ယခုအခါ ဝူရှင်း မည်သူမည်ဝါ ဖြစ်ကြောင်းကို သူပို၍ စိတ်ဝင်စားလာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ကျန်းချန် အတွက် အတွေးများနေရန် အချိန်မရှိပေ။

ချက်ချင်းဆိုသလိုပင် သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမဆုံးတိုက်ကွက် ဖြစ်သည့် လူသားအဖြစ်ပြောင်းလဲစေ‌သော ဓားချက်ကို ထုတ်ဖော်ကာ အဘိုးအိုယွမ်ရှကို တိုက်ခိုက်လိုက်သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် နတ်ဘုရင် ဆဋ္ဌမအဆင့်နှင့်ယှဥ်နိုင်သော်လည်း အဘိုးအိုယွမ်ရှကို ဖိနှိပ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းချန်သည် ဒုတိယနည်းလမ်း ဖြစ်သည့် နတ်ဘုရင်အဆင့်ထက် ကျော်လွန်သည့် သိုင်းကွက်ကို အသုံးပြုကာ အဘိုးအိုယွမ်ရှကို တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။

အဘိုးအိုယွမ်ရှသည် ကျန်းချန်က လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက် ထုတ်ဖော်လိုက်သည်အား ကြည့်နေခဲ့သည်။

ထို့နောက်တွင် အဘိုးအိုယွမ်ရှ၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ လွှမ်းခြုံလာခဲ့၏။

ခဏအကြာတွင် အမြဲတစေ တည်ငြိမ်‌အေးဆေးနေသော အဘိုးအို ယွမ်ရှ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဆန်းကြယ်မှော်ပညာသည် ကျန်းချန်၏ ဓားကွက်မှ အားနည်းချက်ကို မချေဖျက်နိုင်တော့ကြောင်း သိရှိသွားသောကြောင့်ပင်။

တစ်နည်းအားဖြင့် ဆိုရလျှင် ကျန်းချန်၏ ဓားကွက်သည် နတ်ဘုရင်အဆင့်ထက်ပင် သာလွန်နေနိုင်ဖွယ် ရှိသည်။

ဤအခိုက်အတန့်တွင် အဘိုးအိုယွမ်ရှသည် အံ့ဩထိတ်လန့်ကာ မှင်တက်နေခဲ့၏။

သူမှင်တက်နေသည့် တစ်ခဏဝယ် ကျန်းချန်၏ ဓားချက်သည် သူ၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အဘိုးအိုယွမ်ရှသည် ထူးခြားသော ဓားအရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

ထိုဓားအရှိန်အဝါသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အဆက်မပြတ် ဝါးမျိုနေခဲ့၏။

ထိုအခါ အဘိုးအိုယွမ်ရှ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် ဓားအရှိန်အဝါကို ဖယ်ရှားရန် နတ်ဘုရင်လမ်းစဥ်၏ စွမ်းအားများကို အလျင်အမြန်ပင် အသုံးချလိုက်သည်။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်း တချို့သည် ဓားအရှိန်အဝါကြောင့် ဝါးမျိုခြင်းခံလိုက်ရပြီ ဖြစ်၏။

အကယ်၍ သူသာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကနေ အောက်ဆုံးအထိ လျင်မြန်စွာ ကျဆင်းသွားနိုင်လောက်၏။

အဘိုးအိုယွမ်ရှသည် သူ၏ စိတ်ထဲမှ အံ့ဩထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏မျက်ဝန်းထဲ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကောင်လေး၏ ဓားသိုင်းသည် နတ်ဘုရင်အဆင့်ထက် သာလွန်သော ဓားသိုင်း ဖြစ်ရုံသာမက ကျင့်ကြံခြင်းအဆင့်ကိုပါ တိုက်ရိုက် ဖြတ်တောက်ပစ်နိုင်ပါသလော။

ရှေးခေတ်ကာလ ကပ်ဘေးကြီးနောက်ပိုင်းတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် အုပ်စိုးသူအဆင့် အင်အားစုများသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် နတ်ဘုရင်အဆင့်ထက် ကျော်လွန်သည့် ကိုယ်ခံပညာရပ်များကို လက်ဆင့် မကမ်းနိုင်တော့၍ နတ်ဘုရင်အဆင့်ထက် သာလွန်သည့် ကိုယ်ခံပညာရပ်များသည် အလွန်တရာ ရှားပါးလာခဲ့သည်။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဓားသိုင်းမျိုးကို တတ်မြောက်ထားရတာလဲ”

အခန်း(၂၂၄၃)ပြီး၏။

အခန်း(၂၂၄၄)

ဝူရှင်းက ကျန်းချန်ထုတ်ဖော်လိုက်သော ဓားချက်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဓားချက်တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် ဖြတ်တောက်ပစ်နိုင်သော ဓားသိုင်းမျိုး သူတစ်ခါမှ မကြားဖူးပေ။

တစ်ချိန်က ဓားလမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ဓားသခင်ပင်လျှင် ဤကဲ့သို့ ထူးဆန်းသော ဓားသိုင်းမျိုးကို အသုံးမပြုနိုင်ခဲ့ပေ။

ဝူရှင်းသည် ကျန်းချန်ကို အလေးအနက် စိုက်ကြည့်မိလိုက်သည်။

ကျန်းချန်နှင့် ပို၍ ပေါင်းသင်းမိလေလေ ထိုကောင်လေးက မရိုးရှင်းကြောင်း ပို၍ တွေ့ရှိလာရလေလေ ဖြစ်၏။

ကျန်းချန် အစောပိုင်းက ထုတ်ဖော်လိုက်သော ဓားသိုင်းသည် နတ်ဘုရားနယ်မြေမှ ဓားသိုင်း မဟုတ်သည်မှာ ဖြစ်နိုင်ခြေအလွန်များ၏။

“အချိန်ကဓားတစ်စင်း”

ကျန်းချန်က အဘိုးအိုယွမ်ရှကို အသက်ရှူရန်ပင် မပေးဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယမြောက်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

အဘိုးအိုယွမ်ရှ၏ မျက်နှာအမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့၏။

သူက ဆန်းကြယ်မှော်ပညာရပ်ကို အသုံးပြု၍ ကျန်းချန် ထုတ်ဖော်လိုက်သော ဓားကွက်၏ အားနည်းချက်ကို ရှာဖွေနေရင်း ကျန်းချန်၏ ဓားချက်ကို ခုခံရန် အတွက် လျှို့ဝှက်ဆန်းကြယ်သော ငွေရောင်အလင်း အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ဓားချက်သည် သူ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် နေရာလွတ်ကို လုံးဝ အေးခဲသွားစေသကဲ့သို့ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။

သူက ဆန်းကြယ်မှော်ပညာရပ်ကို အစွမ်းကုန် အသုံးပြုခဲ့သည့်တိုင် အားနည်းချက် အနည်းငယ်မျှကိုပင် မမြင်နိုင်ခဲ့ပေ။

တစ်ခဏအတွင်းမှာပင် သူဖန်တီးလိုက်သော ငွေရောင်အလင်း အကာအကွယ်သည် ကျန်းချန်၏ ဓားအလင်းရှေ့တွင် စက္ကူစုတ်ကဲ့သို့ ဖြစ်သွားခဲ့ပြီး ထိုးဖောက်ခံလိုက်ရသည်။

ထို့နောက်တွင် ဓားအလင်းသည် အဘိုးအိုယွမ်ရှ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ယွမ်ရှ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများကို ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဆုတ်ယုတ်သွားစေခဲ့၏။

တစ်ခဏအတွင်းမှာပင် ယွမ်ရှသည် သူ၏ သက်တမ်းက နှစ်ပေါင်း သန်းချီ၍ ဆုံးရှုံးသွားကြောင်း သတိပြုမိလိုက်သည်။

“ဒါ.. ဒါက ဘယ်လိုဓားသိုင်းမျိုးလဲဟ”

အဘိုးအိုယွမ်ရှက အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ပထမဓားကွက်က ကျင့်ကြံခြင်းအဆင့်ကို ဖြတ်တောက်နိုင်စွမ်းရှိသလို ဒုတိယဓားချက်ကလည်း သက်တမ်းကို ဖြတ်တောက်နိုင်စွမ်း ရှိ၏။

ထိုကောင်လေး ထုတ်ဖော်လိုက်သော ဓားသိုင်းသည် နတ်ဘုရင်အဆင့်ထက် သာလွန်နေရုံသာမက အလွန်တရာပင် ဆန်းကြယ်လွန်းနေခဲ့သည်။

သူ့လို အတွေ့အကြုံ များပြားလှသော သူပင်လျှင် ဤကဲ့သို့ ဓားသိုင်းမျိုးကို တစ်ခါမှ မကြားဖူး မမြင်ဖူးခဲ့ပေ။

နှစ်ပေါင်း သန်းခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်နီးပါး ရှင်သန်ခဲ့သော မွန်းစတားအိုကြီး တစ်ဦး ဖြစ်၍ ယွမ်ရှ၏ သက်တမ်းသည် ကုန်ဆုံးခါနီးနေပြီ ဖြစ်သည်။

ယခုအခါ ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် သူ၏ သက်တမ်း နှစ်ပေါင်းသန်းချီကို ဖြတ်တောက်ပစ်လိုက်ရာ အကယ်၍ နောက်ထပ် ဓားချက်အနည်းငယ်သာ ထပ်မံကျရောက်လာခဲ့လျှင် ယနေ့တွင် ဤနေရာမှာပင် ကျဆုံးသွားနိုင်ခြေ ရှိနေခဲ့သည်။

“ကျန်းချန်.. လနတ်ကျောက်တုံးက ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုအတွက် အရမ်းကို အရေးကြီးလို့ပါ.. တကယ်လို့ မင်းသာ လနတ်ကျောက်တုံးကို အလျှော့ပေးမယ်ဆိုရင် ဘယ်လိုတောင်းဆိုမှုမျိုးမဆို ငါသဘောတူပေးနိုင်ပါတယ်”

ထိုအချိန်တွင် ဆန်းကြယ်နတ်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ယွမ်ရန်ကျီသည် ရှေ့သို့ ထွက်ကာ ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

သူ၏‌ရှေ့မှ လူငယ်သည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် ထိပ်သီးပါရမီရှင် ဆယ်ဦးစာရင်းဝင် လုံကျိုးဟန်ကို အနိုင်ယူနိုင်သော အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်သည် မှန်းဆ၍ပင်မရပေ။

ထို့အပြင် ကျန်းချန်သည် တိုက်ခိုက်ရေးစွမ်းရည်၌ ထက်မြက်ရုံသာမက ဆန်းကြယ်မှော်ပညာရပ်ဖြင့် မချေဖျက်နိုင်သော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ဆန်းကြယ်သော ဓားသိုင်းကို တတ်မြောက်ထားမှန်း သူ တွေ့ရှိခဲ့သည်။

အကြီးအကဲယွမ်ရှ ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူပင်လျှင် ကျန်းချန်နှင့် ရင်ဆိုင်ရာ၌ အသာစီး မရရှိခဲ့ပေ။

ယင်းအပြင် ကျန်းချန်၏ နံဘေးတွင် ထိပ်တန်းပါရမီရှင် ဆယ်ဦးနှင့်ပင် ယှဥ်နိုင်သော ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာလည်း ရှိနေသေး၏။

၎င်းတို့၏ ဘေးရှိ ကောင်းကင်အရှင်အဆင့် လူငယ်သည်လည်း သူတို့ကို အလွန်ပင် ခန့်မှန်းရခက်သော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

ဆိုရလျှင် သူတို့ရှေ့မှ လူသုံးဦးနှင့် ရင်ဆိုင်ရာတွင် သူတို့အနေဖြင့် အနိုင်ရရန် အခွင့်အရေး များများစားစား မရှိပေ။

ထို့ကြောင့်လည်း ယွမ်ရန်ကျီသည် ရှေ့ထွက်ကာ အပေးအယူ ပြုလုပ်ခဲ့ခြင်းပင်။

သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် အင်အားကြီးမားသော မျိုးနွယ်စု မဟုတ်သော်လည်း မယုံကြည်နိုင်စရာကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ဆန်းကြယ်နတ်မျိုးနွယ်စုက ပေးအပ်သည့် မည်သည့် ကမ်းလှမ်းချက်ကိုမဆို လူနည်းစုသာ ငြင်းပယ်နိုင်လိမ့်မည်ဟု ယွမ်ရန်ကျီ ယုံကြည်နေခဲ့သည်။

“စိတ်မကောင်းပါဘူး.. ငါ လနတ်ကျောက်တုံးကို မဖြစ်မနေ သေချာပေါက် ယူရလိမ့်မယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စု အနေနဲ့ လနတ်ကျောက်တုံးကို ပေးမယ်ဆိုရင် ငါ့အပေါ်မှာ ကျေးဇူးကြွေးတစ်ခု တင်ရှိနေတယ်လို့ မှတ်ထားပေးပါမယ်.. ဘယ်လိုသဘောရလဲ”

ဆန်းကြယ်နတ်မျိုးနွယ်စုသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်၏။

အကယ်၍ လနတ်ကျောက်တုံးသာ မဟုတ်ခဲ့လျှင် ကျန်းချန်သည် သူ့ရှေ့မှ လူနှစ်ဦး၏ တောင်းဆိုချက်ကို စဥ်းစားပေးမိမည်ဖြစ်သည်။

သို့သော်လည်း မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲ ပြောင်းလဲရန်အတွက် လနတ်ကျောက်တုံး တစ်ခုတည်းကသာ အထောက်အကူဖြစ်စေမည် ဖြစ်ရာ သူ့အနေဖြင့် အလွယ်တကူ လက်မလွှတ်နိုင်ပေ။

သူတို့ကို လနတ်ကျောက်တုံး ပေးအပ်ရန် ကျန်းချန်ထံတွင် အစီအစဥ် မရှိသည်အား မြင်လျှင် ယွမ်ရန်ကျီ၏ မျက်နှာသည် မသာမယာ ဖြစ်သွားခဲ့သည်။

သူက ခက်ထန်သော မျက်နှာထားဖြင့် ကျန်းချန်ကို ကြုံးဝါးလိုက်သည်။

“ကျန်းချန်.. မင်းတကယ်ပဲ ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ ရန်သူ ဖြစ်ချင်တာလား”

“ရန်သူဖြစ်တော့ရော ဘာဖြစ်လဲ.. မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စုကို ငါက ကြောက်နေမယ် ထင်နေလား”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

“ကောင်းတယ် သိပ်ကောင်းတယ်”

နတ်ကုန်းမြေတိုက်တွင် သူရန်စထားသော အင်အားစုများစွာ ရှိနေပြီးသား ဖြစ်ရာ ဆန်းကြယ်နတ်မျိုးနွယ်စု တစ်စု ထပ်မံတိုးလာသည်ကို သူ ဂရုမစိုက်တော့ပေ။

ယွမ်ရန်ကျီက ဒေါသတကြီး ပြောလိုက်သည်။

“ဆန်းကြယ်နတ်မျိုးနွယ်စုက ဒီနေ့ကိစ္စကို သေချာပေါက် မှတ်ထားမယ်.. အကြီးအကဲယွမ်ရှ ကျွန်တော်တို့ သွားကြစို့”

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာပင် ဆန်းကြယ်နေခဲ့ပြီး အကြီးအကဲယွမ်ရှ ပင်လျှင် အလွယ်တကူ အနိုင်မယူနိုင်ခဲ့ပေ။

ထို့ကြောင့် ယွမ်ရန်ကျီသည် နောက်ဆုတ်ရန်သာ ရွေးချယ်ခဲ့ရတော့သည်။

အကြီးအကဲယွမ်ရှက ကျန်းချန်ကို ထိန်းထားနိုင်ခဲ့လျှင်လည်း သူတစ်ယောက်တည်းဖြင့် ကောင်းကင်ဖီးနစ် နတ်ဘုရားမကို ကိုင်တွယ်နိုင်မည် မဟုတ်ချေ။

အဘိုးအိုယွမ်ရှက တစ်ခဏမျှ စဥ်းစားလိုက်ပြီးမှ အဆုံးသတ်တွင် ယွမ်ရန်ကျီ၏ စကားကို နားထောင်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ဆိုရလျှင် သူတို့နှစ်ဦး၏ စွမ်းရည်ဖြင့် ကျန်းချန်တို့ သုံးယောက်ကို တိုက်ခိုက်လျှင် အနိုင်ရရန် အခွင့်အရေး သိပ်မရှိပေ။

မည်သို့ပင် ဖြစ်စေကာမူ လနတ်ဘုရားနန်းတော်ကို ကျန်းချန်တို့လူစုသည် ချက်ချင်းဖွင့်နိုင်မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် ဤနေရာကနေ ယာယီ ထွက်သွားပြီးမှ နောက်ထပ် အစီအစဥ်ဆွဲခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။

ယွမ်ရန်ကျီတို့ နှစ်ယောက် ထွက်ခွာရန် ပြင်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

သူ၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားခဲ့ပြီး ယွမ်ရန်ကျီတို့နှစ်ဦး၏ ရှေ့တွင် ဟန့်တား ပိတ်ဆို့လိုက်သည်။

သူ၏ ရှေ့မှ ကျန်းချန်ကို မြင်လျှင် ယွမ်ရန်ကျီ၏ မျက်နှာသည် ရုတ်တရက် ခက်ထန်သွားခဲ့သည်။

“ကျန်းချန်.. မင်း ဒါက ဘာသဘောလဲ”

“ဘာသဘောမှမဟုတ်ဘူး.. မင်းတို့ရဲ့အသက်ကို ဒီနေရာမှာ ထားခဲ့တာက ပိုကောင်းမယ် ထင်လို့ပဲ”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

ကျန်းချန်က ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ဘယ်သောအခါမှ ကရုဏာမထားခဲ့ပေ။

ယခု ဆန်းကြယ်နတ်မျိုးနွယ်စုကို ရန်သူအဖြစ် ရွေးချယ်ခဲ့ပြီဖြစ်ရာ ယွမ်ရန်ကျီတို့ နှစ်ယောက်ကို လွှတ်ပေးရန် အစီအစဥ် မရှိတော့‌ချေ။

အကယ်၍ သူတို့သာ ယွမ်ရန်ကျီကို လွှတ်ပေးလိုက်လျှင် ထိုနှစ်ယောက်သည် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး သူတို့ လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်သည့်အချိန်တွင် နောက်ကွယ်ကနေ တိုက်ခိုက်လာနိုင်သည် မဟုတ်ပါလော။

ထို့အပြင် ထိုနှစ်ယောက်သည် ဆန်းကြယ်နတ်မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများကို စစ်ကူခေါ်ဆောင်လာသည်မျိုးလည်း ဖြစ်နိုင်သေး၏။

ထို့ကြောင့် ကျန်းချန်သည် ထိုနှစ်ဦးကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

“ကျန်းချန် ငါတို့က မင်းကို လနတ်ဘုရားနန်းတော် ပေးခဲ့ပြီးပြီပဲ.. လူကို သိပ်ပြီးအနိုင်မကျင့်ပါနဲ့.. တကယ်လို့ မင်းငါ့တို့ရဲ့အသက်ကို လိုချင်တယ်ဆိုရင် သေချာပေါက် ကြီးမားတဲ့အဖိုးအခကို မင်းပေးဆပ်ရလိမ့်မယ်.. နတ်ဘုရားသားတော် အရင်သွားနှင့်ပါ”

အဘိုးအိုယွမ်ရှ၏ အိုမင်းသော မျက်နှာထက်တွင် အေးစက်စက် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယင်းအချိန်တွင် ကျန်းချန်သည် အပိုစကားများပြောမနေတော့ဘဲ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ကာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယမြောက်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

“အချိန်ကဓားတစ်စင်း”

ကျန်းချန်၏ ဓားကွက်ကိုမြင်လျှင် အဘိုးအိုယွမ်ရှသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး နတ်ဘုရင်ဆဋ္ဌမအဆင့် ခွန်အားများကို အပြည့်အဝ ထုတ်ဖော်ကာ ကျန်းချန်၏ ဓားချက်ကို ရင်ဆိုင်လိုက်၏။

ကျန်းချန်၏ ဓားကွက်တွင် ပါဝင်သော စွမ်းအားသည် အလွန်တရာပင် ဆန်းကြယ်လွန်းသည်။

အကယ်၍ သူသာ ရှေ့ထွက်၍ မခုခံခဲ့လျှင် ယွမ်ရန်ကျီ၏ သက်တမ်းသည် ထိုဓားချက်ကြောင့် တစ်ခဏတွင်း လုံးဝချေမှုန်းခံလိုက်ရမည် ဖြစ်၏။

“အကြီးအကဲ သတိထားပါ”

ယွမ်ရန်ကျီက သွားကို အံတင်းတင်းကြိတ်ကာ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် အလွန်အမင်း အစွမ်းထက်သော နတ်ဘုရင် အရှိန်အဝါတစ်ခုသည် သူ၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ယွမ်ရန်ကျီက မော့ကြည့်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် မည်သည့်အချိန်ကပင် ရောက်ရှိနေမှန်း မသိရသည့် ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာကို မြင်လိုက်ရသည်။

အခန်း(၂၂၄၄)ပြီး၏။

All Chapters