← Chapters

ကြောက်စရာကောင်းသော ဟွမ်ရန် ( ၁ )

Vol. 9 Ch. 123

ကြောက်စရာကောင်းသော ဟွမ်ရန် ( ၁ )

Vol. 9 Ch. 123

ဟွမ်ရန်၏ အသံက အလွန်ကျယ်လောင်ပြီး သူ၏မျက်လုံးများထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောက်နေသည်။ ဆိုင်ရှင်က ရွှီချင်းကိုမဟုတ်ဘဲ သူ့ကို အရှက်ခွဲနေသည့်အလားပင်။

ကောင်တာပေါ်ရှိ ပစ္စည်းများအနက် ရွှီချင်းကို သူ ပေးခဲ့သည့်ပစ္စည်းက သုံးမျိုးတောင် ရှိသည် မဟုတ်ပါလား။

ဆိုင်ရှင်သည် ဒေါသထွက်နေသော ဟွမ်ရန်ကို ကြည့်၍ မျက်နှာအမူအရာ မည်းမှောင်လာသည်။ ထို့နောက် ဟွမ်ရန် ပစ်လိုက်သည့် အရိုးကို သူ ဆုပ်ကိုင်လိုက်၏။

သူသည် အရိုးကို ကိုင်ထားရင်း ဟွမ်ရန်ကို အေးတိအေးစက်ကြည့်လိုက်ပြီး စိတ်ထဲမှနေ၍ ပြောလိုက်သည်။

‘ ဂိုဏ်းတူအစ်မဆိုတဲ့ တောသူမလားဘာလားမသိ ကောင်မလေးတစ်ယောက်ကို လိုက်ကြိုက်နေတာနဲ့ ရှစ်နှစ်လုံးလုံး ကင်းလှည့်ဌာနကနေ ထွက်မသွားနိုင်ဖြစ်နေတဲ့ကောင်။ အဲဒီကလေးမကို မင်း လက်ဆောင်တွေအများကြီး ပေးနေတာကို လူတိုင်းက ရယ်နေကြတာကွ။ အခု မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေမှတော့ ငါ့ကို လာအပြစ်မတင်နဲ့ ’

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ဟုတ်တယ်။ ဒါ ခိုးရာပါပစ္စည်းတွေပဲ။ မင်းလည်း ကျင်းကန်းဂိုဏ်း ဝင်ခိုးခံရတဲ့ကိစ္စမှာ ကြံရာပါပဲ။ ကောင်လေးတို့၊ ဒီကိစ္စကို လူဆိုးထိန်းဌာနကို သွားတင်ပြဟေ့။ ရာဇဝတ်ကောင်တွေတော့ ထောင်ချောက်ထဲ တည့်တည့်တိုးတာပဲ ”

ဆိုင်အလုပ်သမားလေးက ကျောက်စိမ်းပေလွှာကို ထုတ်၍ အသံလွှင့်ပေးပို့ဟန် ဆောင်လိုက်သည်။ ဆိုင်ရှင်ကို သူ တစ်ချက်ကြည့်လိုက်ပြီး သူ ဘာလုပ်သင့်သည်ကို နားလည်လိုက်သည်။ ထို့နောက် သူက စာကို ခပ်ဖြည်းဖြည်း ပို့လွှတ်လိုက်ပြီး တင်ပြလိုက်သည်။

ဆိုင်ထဲရှိ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများသည် ထိုဖြစ်ရပ်ကို ကြည့်၍ မျက်လုံးများ တဖိတ်ဖိတ်လက်နေကြသည်။

ချီရွှဲ့ထုံဂိုဏ်းကို ဝင်ခွင့်ရပြီး ဤကဲ့သို့ ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ကြသည့် ဂိုဏ်းသားအများစုက အလွန် ပါးနပ်ကြသည်။ ယခုလို ရိုးရှင်းသော လှည့်ကွက်ကလေးကို သူတို့ ဖောက်ထွင်းမြင်ကြ၏။ ဤဖြစ်ရပ်၏ အဓိကအချက်မှာ ကျင်းကန်းဂိုဏ်း အခိုးခံရသည့်ကိစ္စ မဟုတ်ဘဲ ဆဋ္ဌမမြောက်တောင်ထိပ်မှ ပုဂ္ဂိုလ်တစ်ဦးက ရွှီချင်းနှင့် ဟွမ်ရန်တို့အား ပြဿနာရှာချင်နေသည်ကို သူတို့ နားလည်ကြသည်။

သူတို့နှစ်ယောက်လား သို့မဟုတ် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်လားဆိုသည်ကိုမူ ပြောရန်ခက်သည်။ သို့သော်လည်း ပစ္စည်းများ ထုတ်ရောင်းခဲ့သည့် ရွှီချင်းကို ပစ်မှတ်ထားရန် အခွင့်အရေး များသည်။

တစ်ယောက်မှ စကားတစ်ခွန်းမဆိုကြဘဲ ဘေးမှသာ ကြည့်နေကြသည်။ ကျန်းစန်းသည်လည်း ထိုနည်းတူပင်။

ရွှီချင်းက တခြားလူများ၏ အကြည့်များကို ဂရုမစိုက်ပေ။ ယခုလောလောဆယ်တွင် ဟွမ်ရန်၏ အပြုအမူကြောင့် သူ အလွန် အံ့အားသင့်နေရသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက မဆိုးပါသော်လည်း ခရေစေ့တွင်းကျ ရင်းနှီးနေသည်တော့ မဟုတ်ပေ။ ဟွမ်ရန်၏ အပြုအမူက သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။

တချိန်တည်းမှာပင် သူသည် လူဆိုးထိန်းဌာနကို တင်ပြချင်နေသော ဆိုင်ရှင်နှင့် ဘေးရှိ ဟန်ဆောင်နေသော ဆိုင်အလုပ်သမားတို့ကြောင့် ပို၍ပင် စိတ်ရှုပ်နေရသည်။ ဤထောင်ချောက်က အစောပိုင်းက သူ တွေးထားသလို သူ့ကို သေစေချင်နေပုံ မရပေ။

သူတို့သာ သူ့ကို အမှန်တကယ် သတ်ချင်ပါက တိုက်ခိုက်လိုက်ရုံမျှသာ ဖြစ်သည်။ လူဆိုးထိန်းဌာနကို ဆွဲသွင်းပြီး ကိစ္စများ ရှုပ်ထွေးသွားအောင် လုပ်ရန် မလိုအပ်ပေ။ ရာထူးမြင့်မားသော ပုဂ္ဂိုလ်က သာမန်ဂိုဏ်းသားတစ်ယောက်ကို သတ်ဖြတ်ရန် လူသိရှင်ကြား လုပ်နေမည် မဟုတ်ပေ။ ယင်းက မဆီလျော်ချေ။

ထိုပုဂ္ဂိုလ်က ဤအခွင့်အရေးကို အသုံးချ၍ သူ့ကို ရိုက်နှက်ကာ ကျင်းကန်းဂိုဏ်းကို ဖြေရှင်းချက်တစ်ခု ပေးချင်နေသည်နှင့် ပို၍ ဆင်တူသည်။

သို့ပေမည့် ဆိုင်ထဲ သူ မဝင်ခင်က ဘေးပတ်ဝန်းကျင်မှ ပြင်းထန်သော စွမ်းအားအငွေ့အသက်များကိုလည်း သူ မရခဲ့ပေ။ ယခုအချိန်အထိ အတူတူပင်။ သို့ဖြစ်ရာ မည်သည့်ပညာရှင်မျှ ရှိမနေဟန်တူသည်။

ရွှီချင်းက အတွေးနက်နေစဉ် ဟွမ်ရန်သည် လူဆိုးထိန်းဌာနကို သတင်းပေးခိုင်းသည့် ဆိုင်ရှင်၏စကားကို ကြားသောအခါ ဒေါသတကြီး အော်ပြောလိုက်သည်။

“ လူဆိုးထိန်းဌာနလား။ ရွှီချင်းက အဲဒီဌာနကပဲ ”

“ ဒါဆို စည်းမျဉ်းကို သိရဲ့သားနဲ့ ကျူးလွန်ရင်တော့ ခံစားရမယ့်ပြစ်ဒဏ်က တစ်ဆင့်တိုးသွားတာပေါ့ ”

ဆိုင်ရှင်က ဟွမ်ရန်ကို မျက်မှောင်ကြုတ်ကြည့်၍ ဖြည်းညင်းစွာ ပြောသည်။

ဟွမ်ရန်မှာ ဒေါသထွက်လွန်း၍ တဟားဟား ရယ်မောလိုက်သည်။ ရွှီချင်းမှာမူ ထိုကိစ္စနှင့် ပတ်သက်၍ အလွန် စိတ်ရှုပ်လာရသည်။ သူက ပြေးဝင်တိုက်ခိုက်ရန် ပြင်နေသည့် ဟွမ်ရန်ကို လက်မြှောက်ဟန့်တားလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ ဟွမ်ရန်၊ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်း အရင်ဆုံး ထွက်သွားလိုက် ”

ပြီးသည်နှင့် ဆိုင်ရှင်၏လည်ပင်းကို သူ တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ဒါတွေက ရာဇဝတ်ကောင်တွေဆီကနေ ကျုပ်ရခဲ့တဲ့ ပစ္စည်းတွေပဲ။ ခင်ဗျား ကျုပ်ကို လုပ်ကြံပြောမနေနဲ့။ ပြောစရာရှိရင် တည့်တည့်ပြော ”

ဆိုင်ရှင်မှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရွှီချင်း၏အမူအရာကိုကြည့်၍ အနှီကလေးက ထင်သလို မရိုးရှင်းကြောင်း သူ နားလည်လိုက်သည်။ အမှန်တကယ်တော့ အထက်ပုဂ္ဂိုလ်က ဤကိစ္စအတွက် သဘောတူညီချက်များ လုပ်ထားခဲ့ပြီး ရွှီချင်းထံ တိုက်ရိုက်သွားကာ ပစ္စည်းများတောင်းရန် စေခိုင်းခဲ့သည်။ သို့သော်လည်း သူအပါအဝင် ထိုကိစ္စကို သိထားသည့် ဂိုဏ်းသားများက ဤအခွင့်အရေးကို အသုံးချ၍ အမြတ်ထုတ်ရန် ကြံစည်ခဲ့သည်။ ထို့ကြောင့် သူက လုပ်ကြံပြောဆိုနေရခြင်း ဖြစ်သည်။

သူသည် ဆိုင်ရှင်တစ်ယောက်ဖြစ်ပြီး နောက်ကွယ်မှ ကာကွယ်ပေးမည့်လူတစ်ယောက်လည်း ရှိနေသည်ဖြစ်၍ အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ခိုက်သတ်ဖြတ်နေကြသူများကဲ့သို့ မဟုတ်ပေ။ အကြမ်းဖျင်းပြောရလျှင် သာမန်ဂိုဏ်းသားများက သူကဲ့သို့ လူတစ်ယောက်ကို ထိပင်မထိဝံ့ကြချေ။

သို့သော်လည်း သူ၏လည်ပင်းမှ စပ်ဖျင်းဖျင်းခံစားချက်ကြောင့် သူ့စိတ်ကို ပြောင်းလဲရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ ရွှီချင်းနှင့် အကြီးအကျယ် ပြဿနာ မဖြစ်ချင်တော့ပေ။ ယင်းအပြင် သူသည် လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချခဲ့ပြီဖြစ်၍ ယခုက လိုရာပြောရန် အချိန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူက ပြဿနာကို ပြေလည်စေမည့်စကားကို ပြောရန် ပြင်လိုက်သည်။

ထိုအချိန် ရွှီချင်း၏ ဟန့်တားထားခြင်း ခံလိုက်ရသော ဟွမ်ရန်က ဒေါသတကြီး အော်ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ဒီကိစ္စကို တစ်ယောက်တည်း ခေါင်းခံပြီး ကျုပ်ကို ကူညီဖို့မလိုဘူး။ ဒါက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး။ ဒါ သက်သက် ဟွမ်ရန်ဆိုတဲ့ကျုပ်ကို ပစ်မှတ်ထားနေတာ။ ဒါ ကျောက်ကျုံးဟန်လက်ချက်မှန်း ကျုပ်သိတယ်။ သူက ကျုပ်ကို ရန်ငြှိုးထားလို့ ဒီဆိုင်ကို ကျုပ်လာမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီဆိုင်ကို လုပ်ကြံပြောဆိုအောင် စည်းရုံးထားတာပဲ ”

ဟွမ်ရန်၏စကားဆုံးသည်နှင့် ဆိုင်ရှင်၏မျက်နှာအမူအရာက ချက်ချင်း နားလည်ရခက်သွားသည့်ဟန် ဖြစ်သွားသည်။ ဟွမ်ရန်ကို ငတုံးတစ်ယောက်လို သူ စိုက်ကြည့်လိုက်သည်။ ရွှီချင်းသည်လည်း ဟွမ်ရန်ကို မျက်လုံးများမှေး၍ ကြည့်လိုက်သည်။ သူက ပြဿနာကို ပြေလည်ချင်နေပါသော်လည်း ဟွမ်ရန်က သူ့ကိုယ်သူ အပြစ်ပုံချချင်နေပုံရသည်။

ဟွမ်ရန်က ကောင်တာကို ဘုန်းခနဲ ပုတ်လိုက်သည်။ သူ ဆက်အော်ရန်ပြင်လိုက်စဉ် ဆိုင်အပြင်ဘက်မှ ခြေသံတရှပ်ရှပ်လွင့်ပျံလာပြီး အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဘယ်ကောင် ပြဿနာရှာနေတာတုံးကွ ”

ဆိုင်ထဲကို လူရိပ်အနည်းငယ် ဝင်လာသည်။

ရွှီချင်း လှည့်ကြည့်လိုက်ပြီး မျက်လုံးများ မှေးသွားသည်။

ထိုလူရိပ်များက လူဆိုးထိန်းဌာနတံဆိပ်ပါ မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး လူဆိုးထိန်းဌာနအဖွဲ့ဝင်များ ဖြစ်ကြပြီး ဦးဆောင်လာသူက ယခင်လဝက်လုံးလုံး ရွှီချင်း နောက်ယောင်ခံလိုက်ခဲ့သည့် တိဌာနခွဲအမှတ်သုံးအသင်းခေါင်းဆောင် ရေသူထီးလူငယ် ဖြစ်သည်။

ထိုလူငယ်နောက်၌ အမှတ်သုံးအသင်းဝင်လေးယောက်ရှိသည်။ သူတို့ ဆိုင်ထဲရောက်သည်နှင့် ရေသူထီးလူငယ်က ရွှီချင်းကို မထူးခြားသည့်အသွင်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ မင်းကိုး ”

ရွှီချင်းက စကားတစ်ခွန်းမျှ ပြန်မပြောပါသော်လည်း ရင်ထဲတွင် သတိထားနေသည်။ ဤကိစ္စကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် ရောက်လာသူက သူနှင့် ကြီးကြီးမားမား ရန်ငြှိုးရှိနေသည့် ရေသူထီးလူငယ် ဖြစ်နေသည်။ တစ်ခုခုတော့ လွဲမှားနေလေပြီ။

All Chapters