← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

Chapter 1

ယနေ့၌ လီမိသားစုရွာလေးတွင် သက်ဝင်လှုပ်ရှားနေပေသည်။

ရွာအတွင်း၌ ကင်မရာများစွာ တပ်ဆင်ထားသည်ကို တွေ့ရ၏။ ရွာသူကြီးသည် သူ၏မြေးမလေး မြို့သို့သွားရောက်၍ တီဗီအစီအစဉ်ရိုက်ကူးမည့် အထိမ်းအမှတ်အနေဖြင့် ဗြောက်အိုးနှစ်လုံးပင် ဖောက်ကာ ဂုဏ်ပြုလိုက်လေသည်။

ကားထွက်ခွာသွားသော မြင်ကွင်းကို ရိုက်ကူးပြီးစီးသွားချိန်တွင် ရွာကလေးမှာ ပကတိအတိုင်း ပြန်လည်တိတ်ဆိတ် သွားသင့်သော်လည်း မတိတ်ဆိတ်နိုင်သေးပေ။

ဒါရိုက်တာက မေးလိုက်သည်။

"ကားထွက်သွားတဲ့ scene လည်း ရိုက်ပြီးပြီဆိုတော့ အခု ဘာဆက်ရိုက်ကြမလဲ"

ကင်မရာမန်းက ထောက်ပြလိုက်၏။

"ဟို ကောင်မလေးကို ရိုက်ကြည့်ရအောင် ရုပ်ကလေးက သနားကမားနဲ့ လှသားပဲ။ သူကရော အစီအစဉ်သွားမရိုက်ရဘူးလား"

"ဪ... လီရှောင်ယာကို ပြောတာလား။ လှတော့ လှပါရဲ့။ ဒါပေမဲ့ ဒီရွာကလူတွေ ပြောကြတာတော့ အဲဒီကလေးမက တုံးအပြီး လောဘကြီးတယ်တဲ့ ခိုးလည်းခိုး၊ လိမ်လည်းလိမ်၊ ပါးစပ်ကလည်းကြမ်းပြီး အကျင့်ကိုမကောင်းဘူးတဲ့"

ဒါရိုက်တာက ခေါင်းယမ်းလျက် ဆိုလေသည်။

ကင်မရာမန်းသည် ကင်မရာဘောင်ထဲမှ ကောင်မလေးကို စိုက်ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်မိလိုက်ချေသည်။

တုံးအပြီး လောဘကြီးတယ် ဟုတ်လား...။

ကြည့်ရတာတော့ အဲဒီလိုပုံ မပေါက်ပါဘူး။

ကင်မရာ၏ ဘောင်ကွက်ကျဉ်းကျဉ်းလေးထဲ၌ လီရှောင်ယာဟုခေါ်သော ကလေးမလေးမှာ ရွာသားများ၏ တိုးဝှေ့တိုက်ခိုက်ခြင်းကို ခံနေရရှာသည်။သူမသည် လက်ထဲမှ ခြင်းတောင်းကလေးကို လက်ချောင်းလေးများ ဖြူဆွတ်သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

သေချာ ကြည့်ရှုမည်ဆိုပါက သူမ၏ လက်ကလေးများပေါ်တွင် အမာရွတ်များစွာကို မြင်တွေ့ရပေလိမ့်မည်။ ထိုအမာရွတ်များမှာ အလုပ်ကြမ်းလုပ်ရသဖြင့် လက်များအဖန်တလဲလဲ ပေါက်ပြဲရာမှ ကျန်ရစ်ခဲ့သော ဒဏ်ရာများပင် ဖြစ်ချေသည်။မကြာမီ ရွာသားများ လူစုကွဲသွားကြပြီး လီရှောင်ယာသည် ခြင်းတောင်းကြီးကို လွယ်လျက် အခြားတစ်ဖက်သို့ ထွက်ခွာလာခဲ့၏။

ကင်မရာမန်းမှာ သူမကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရကာ တွေးတောနေမိလေသည်။

"ဒီကလေးမလေး ဘယ်သွားမလို့ပါလိမ့်၊ သူ့မိဘတွေကရော ဘယ်ရောက်နေကြတာလဲ"

လီရှောင်ယာမှာ မှိုခူးရန်ထွက်လာခြင်း ဖြစ်သည်။

မှိုရလျှင် သုံးယွမ်ဖြင့် ရောင်း၍ရသည်။

လီမိသားစုရွာလေးသို့ ဆောင်းဦးပေါက် ရောက်ရှိလာပြီဖြစ်ရာ မိုးဆက်တိုက်ရွာသွန်းပြီးနောက် မှိုများစွာ ပေါက်ရောက်နေကြ၏။ အကယ်၍ ပုပ်သိုးနေသော မှိုများပါလာခဲ့လျှင်လည်း အိမ်ပြန်ယူကာ ဟင်းချိုချက်သောက်၍ ရသေးသည်။

လီရှောင်ယာသည် ရွှံ့ထူသော လမ်းတစ်လျှောက်တွင် တံတွေးမြိုချရင်း လျှောက်လှမ်းလာခဲ့သည်။ထိုအချိန်တွင် ဒါရိုက်တာသည် ကင်မရာရှေ့၌ ပရိသတ်များကို နှုတ်ဆက်နေလေသည်။

"အားလုံးပဲ မင်္ဂလာပါ နောက်ထပ် ဆယ်မိနစ်လောက်ဆိုရင်တော့ ကျွန်တော်တို့ အစီအစဉ်ရဲ့ နောက်ထပ် အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရှန်းယွီရှောင် လီမိသားစုရွာလေးကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်"

"ဘဝခြင်းလဲလှယ်ရေး" ဟူသော အစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်ရာ အင်တာနက်အသုံးပြုသူများမှာ မှတ်ချက်များ တဖွဲဖွဲပေးနေကြပြီ ဖြစ်သည်။

[သောက်ကျိုးနည်း... ပတ်ဝန်းကျင်မကောင်းရင် လူမိုက်ဖြစ်တယ်ဆိုတာ ဒါမျိုးကိုး၊ ရုပ်ကလေးက လှသလောက် စိတ်ဓာတ်ကအောက်တန်းကျလိုက်တာ]

[ကလေးအကြောင်း ထားလိုက်စမ်းပါ သခင်လေး ရှန်း လာတော့မယ် သခင်လေး ရှန်း]

သူတို့ပြောနေကြသော ရှန်းယွီရှောင် ဆိုသည်မှာ ရှန်းလုပ်ငန်းစုကြီး၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။

သူသည် မျိုးရိုးမြင့်ပြီး ရုပ်ရည်ချောမောသော်လည်း စိတ်သဘောထားမှာ အလွန်ဆိုးသွမ်းလှပေသည်။ ထို့ကြောင့်ပင် သူ့မိခင်က သားဖြစ်သူ၏ စိတ်ဓာတ်ကို ပြုပြင်ရန်နှင့် ဘဝ၏ ဆင်းရဲဒုက္ခများကို ခံစားသိရှိစေရန် ဤအစီအစဉ်သို့ ကိုယ်တိုင် စာရင်းသွင်းခဲ့ခြင်း ဖြစ်၏။

ယခုအချိန်၌ ထိုသခင်လေးသည် ယွမ်သန်း ၄၀ တန် အပြာရောင် Bugatti ပြိုင်ကားပေါ်တွင် ထိုင်လျက်လိုက်ပါလာ၏။ယာဉ်မောင်းမှာ စီစဉ်ရေးအဖွဲ့မှ ဖြစ်ပြီး ဘေးခုံမှ သခင်လေးကို မသိမသာ အကဲခတ်နေရသည်။

ရှန်းယွီရှောင်၏ မျက်နှာမှာ မကျေနပ်မှုများ အပြည့်ဖြင့် တစ်ခွန်းမှ မဟပေ။

သေချာကြည့်မည်ဆိုပါက သူ၏ မျက်ခုံးရိုးပေါ်တွင် စိန်ဖြူရောင် နားကပ်တစ်ခုကို ဖောက်ထွင်းတပ်ဆင်ထားသည်ကို တွေ့ရပေမည်။

စူးရှတောက်ပနေသော ထိုစိန်ပွင့်လေးသည် သူ့သခင်ကဲ့သို့ပင် စူးရှနေသည်။

ယာဉ်မောင်းခမျာ သူ့ကို တစ်ချက်လောက် ပိုကြည့်မိရင်တောင် ထိုစူးရှမှု‌ေကြာင့် ဒဏ်ရာရသွားမလားဟု ထင်ရလောက်အောင် ကြောက်ရွံ့နေရှာ၏။ ထို့ကြောင့် အကြည့်ကို ကမန်းကတန်း လွှဲလိုက်မိသည်။ထိုသို့ အာရုံလွင့်သွားသော တစ်ခဏမှာတင် ရှန်းယွီရှောင်၏ နှုတ်ခမ်းထက်မှ စကားလုံးအနည်းငယ် ထွက်ကျလာခဲ့၏။

"ရှေ့မှာ လူတစ်ယောက်ရှိနေတယ်"

ဒရိုင်ဘာသည် စတီယာတိုင်ကို အလျင်အမြန် ဆွဲလှည့်လိုက်ရာ လမ်းဘေးမှလူနှင့် ကပ်၍ လွတ်သွားသော်လည်း ထိုသူမှာ ကားကိုရှောင်လိုက်သဖြင့် လမ်းဘေးရေမြောင်းထဲသို့ ပြုတ်ကျသွားချေသည်။

"ခင်ဗျား ကန်းနေလား"

ရှန်းယွီရှောင်သည် ကားတံခါးဖွင့်ဆင်းကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ဒရိုင်ဘာမှာ ကြောက်လွန်း၍ ချွေးစေးများပင် ပြန်လာကာ တွေးလိုက်မိသည်။

"တော်‌ေသးတာပေါ့ ဒီနေရာမှာ ကင်မရာတွေ မရှိလို့ မဟုတ်လို့ တိုက်ရိုက်လွှင့်နေတဲ့အချိန် မှာသာ ဖြစ်သွားခဲ့ရင် ငါတော့ အဆဲခံရပြီး သေမှာပဲ"

ရှန်းယွီရှောင်သည် ယခုနှစ်မှ ၁၇ နှစ်သာ ရှိသေးသော်လည်း အရပ်အမောင်းမှာ ၁၈၀ စင်တီမီတာ အထိ ရှိ‌ေနပြီဖြစ်သည်။

ခြေတံရှည်ရှည်များဖြင့် ရေမြောင်းဘေးသို့ ခပ်သွက်သွက် လှမ်းသွားရင်း လှည့်ပင်မကြည့်ဘဲ လှမ်းဆဲလိုက်သေးသည်။

"မင်းတို့အားလုံး ငတုံးတွေလား လူကို ဆယ်လိုက်ကြလေ"

ဆဲဆိုပြီးမှ ရေမြောင်းထဲသို့ ငုံ့ကြည့်လိုက်သောအခါ

ကလေးတစ်ယောက် ဖြစ်နေ၏။

ရှန်းယွီရှောင် အံ့သြသွားသည်။ကလေးမလေးမှာ ရေမြောင်းထဲတွင် ပက်လက်လန်လျက် ကျောတွင်လည်း ခြင်းတောင်းကြီး လွယ်ထားလေရာ ရုန်းကန်နေသော်လည်း မထနိုင်ရှာဘဲ ပက်လက်လန်နေသော လိပ်ကလေးတစ်ကောင်နှယ် ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။

ရှန်းယွီရှောင်သည် မနေနိုင်တော့ဘဲ အသံထွက်အောင်ပင် ရယ်မောလိုက်မိတော့သည်။

ထိုရယ်သံကို ကြားလိုက်ရသော အဖွဲ့သားများမှာ ကြောင်အသွားကြသည်။လူတွေက သခင်လေးရှန်းကို မကောင်းဆိုးဝါးငယ်လေးဟု ပြောကြတာ မှားပုံမရချေ။အခုလေးတင် ယာဉ်မတော်တဆမှု ဖြစ်ထားတာ လူက သေလားရှင်လား မသိရသေးဘူး သူက ရယ်နိုင်သေးတယ်တဲ့။

"ဟားဟား... ငါ့အမေမွေးထားတဲ့ လိပ်နဲ့တူလိုက်တာ"

ရှန်းယွီရှောင်က လှောင်ရယ်လိုက်ရင်း ရေမြောင်းတစ်ဖက်ကို ခြေထောက်တစ်ဖက်ထောက်ကာ ကလေးမလေးကို ဆွဲတင်ပေးလိုက်သည်။မိုးဆက်တိုက် ရွာထားသဖြင့် ရေမြောင်းထဲတွင် ရေများ ပြည့်နေ၏။

ကလေးမလေးမှာ ခေါင်းမှခြေအဆုံး ရေများရွှဲနစ်နေရှာသည်။

ယခုအခါ သူမသည် ရှန်းယွီရှောင်၏ ရှေ့တွင် တုန်ယင်စွာ ရပ်နေသော်လည်း ကျောပိုးထားသော ခြင်းတောင်းကိုမူ တင်းတင်းဆုပ်ကိုင်ထားဆဲပင်။

"မှို‌ေလးတွေ... ငါ့မှို‌ေလးတွေ..."

သူမ၏ အသံလေးမှာ ဆွေးမြေ့စွာ ထွက်ပေါ်လာသည်။

ဒါတွေက ခုနလေးမှ ခူးလာရတာလေ။

အကုန်လုံး ရေမြောင်းထဲ ပြုတ်ကျကုန်ပြီ။

ရေစိုကုန်တော့ ပုပ်ပြီး ရောင်းစားလို့လည်း မရတော့ဘူး။ သုံးယွမ်လည်း မရတော့ဘူး။ မှိုဟင်းချိုလည်း သောက်ရတော့မှာ မဟုတ်ဘူး။

"မှို ဟုတ်လား ဘာမှိုတွေလဲ"

ရှန်းယွီရှောင် နားမလည်စွာ မေးလိုက်သည်။

ထိုအချိန်တွင် ဝန်ထမ်းများအားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။ ကလေးငယ်လေးကို မြင်လိုက်ရသောအခါ စိတ်ပူသွားကြပြီး မေးခွန်းများ တရစပ် မေးကြတော့၏။

"ညီမလေး အသက်ဘယ်လောက်ရှိပြီလဲ"

"မိဘတွေက ဘယ်မှာလဲ"

"နာမည်ဘယ်လိုခေါ်လဲ မိဘ‌ေတွဖုန်းနံပါတ် သိလား"

"ဘယ်နားနာသွားသေးလဲ"

ကလေးမလေးက ပြန်မဖြေဘဲ ရေမြောင်းနှုတ်ခမ်းကို ကိုင်ကာ ရေထဲပြုတ်ကျသွားသော မှိုများကိုသာ လှမ်းယူရန် ကြိုးစားနေရှာသည်။ရှန်းယွီရှောင်သည် ကလေးမလေးကို ငုံ့ကြည့်လိုက်မိသည်။

ဆောင်းဦးပေါက်နေပြီ ဖြစ်သော်လည်း ကလေးမလေးမှာ အဝတ်ပါးပါးလေးသာ ဝတ်ဆင်ထားပြီး ခြေထောက်တွင်လည်း ပြတ်လုနီးပါးဖြစ်‌ေန‌ေသာ ဖိနပ်အစုတ်လေးကို စီးထားသည်ကို တွေ့လိုက်ရ၏။

ဖိနပ်ကလည်း ဆိုဒ်မတော်သဖြင့် တစ်နေရာရာမှ ကောက်စီးထားပုံရသည်။ဘောင်းဘီရှည်ကို ပင့်တင်ထားသဖြင့် ခြင်ကိုက်ဖုများဖြင့် ပြည့်နှက်နေသော ခြေသလုံး ဖြူဖြူလေးများကိုလည်း မြင်နေရသည်။

ရှန်းယွီရှောင်၏ ဦးနှောက်ကို တစ်စုံတစ်ခုက ထုချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သနားစရာလေးပါလား။

ထိုအတွေးက သူ့ခေါင်းထဲ ဝင်ရောက်လာသည်။

ရှန်းယွီရှောင်သည် မေးခွန်းမျမေးပြီး ဘာမှလုပ်မပေးဘဲ ရပ်ကြည့်နေသော ဝန်ထမ်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့က ဘာရပ်ကြည့်နေကြတာလဲ... ငတုံးတွေကျနေတာပဲ... သူ့မှိုတွေ ပြုတ်ကျကုန်တာ မမြင်ဘူးလား... ဝိုင်းကောက်ပေးလိုက်ကြလေ"

ဝန်ထမ်းများမှာ မေးခွန်းမေးတာ ရပ်သွားပြီး ကလေးမလေး လုပ်သလိုမျိုး ရေမြောင်းထဲမှ မှိုများကို ဝိုင်းကောက်ပေးကြရသည်။

ရှန်းယွီရှောင်က ကျေနပ်ပုံမရသေးပေ။

ဒရိုင်ဘာကိုပါ ဖင်ကန်ကာ ခိုင်းလိုက်သေးသည်။ "ခင်ဗျား မောင်းလို့ ဖြစ်ရတာလေ... ဆင်းကောက်ပေးလိုက်"

ဒရိုင်ဘာခမျာ မျက်နှာပျက်သွားသော်လည်း ပြန်မပြောရဲရှာဘဲ ရေမြောင်းထဲ ငုံ့ကာ မှိုကောက်ပေးရရှာသည်။မှိုများအားလုံး ကောက်ပြီးသောအခါမှ ကလေးမလေးက သတိပြန်ဝင်လာပုံရသည်။ သူမက ရှန်းယွီရှောင်ကို မော့ကြည့်ပြီး တိုးတိုးလေး ပြောလာသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ရှန်းယွီရှောင်တွင် ညီမ မရှိ၊ ဝမ်းကွဲညီမလေးများပင် မရှိပေ။ ယခုလို အစ်ကိုကြီးဟု ခေါ်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် ခေါင်းထဲ၌ လျှပ်စီးလက်သွားသလို ခံစားလိုက်ရကာ

ကြက်သီးများပင် ထသွားမိ၏။ရှန်းယွီရှောင် ပြုံးလိုက်မိသည်။

"ငါက မကောင်းတာတွေပဲ လုပ်ခဲ့ဖူးတာ အခုမှပဲ လူတစ်ယောက်က ငါ့ကို ကျေးဇူးတင်စကား ပြောဖူးတော့တယ်"

ကလေးမလေးက ခေါင်းငုံ့ကာ လေးလေးနက်နက် စဉ်းစားနေပုံရသည်။ပြီးမှ ပြန်မော့ကြည့်ပြီး ရိုးသားစွာ မေးလေသည်။

"မကောင်းတာ လုပ်တယ်ဆိုတာ ဘာလဲဟင်"

ရှန်းယွီရှောင် ရယ်မောလိုက်သည်။

"မင်းက ငယ်ပါသေးတယ် သိလို့ မကောင်းပါဘူးလေ ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ"

"လီရှောင်ယာပါ"

နှစ်ယောက်သား စကားလက်ဆုံကျနေသည်ကို ကြည့်ပြီး ဝန်ထမ်းများ နေမထိထိုင်မသာ ဖြစ်လာကြသည်။

"သခင်လေး ကျွန်တော်တို့ နာရီဝက်လောက် နောက်ကျနေပြီ ဟိုမှာ စောင့်နေကြတော့မယ်"

ရှန်းယွီရှောင်က ဂရုမစိုက်သောဟန်ဖြင့် ပြုံးလိုက်ပြီး ဆိုလိုက်၏။

"အော် စောင့်ပါစေ‌ေလ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်ခိုင်းလိုက်ပေါ့"

ဝန်ထမ်းများ စိတ်ပူလာကြသည်။

"ဒါပေမဲ့... ဒါပေမဲ့... ထားပါတော့လေ၊ သခင်လေးက အစီအစဉ်ကို ဂရုမစိုက်ဘူးဆိုရင်တောင် ဒီကလေးမလေးကို ကြည့်ပါဦး၊ ရေတွေစိုရွှဲနေတာ အိမ်ပြန်မပို့ရင် ဖျားတော့မယ်ထင်တယ်"

ရှန်းယွီရှောင်သည် သူ၏ အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ထို့‌ေနာက် လီရှောင်ယာ ကိုယ်လုံးလေးကို ပတ်ပေးလိုက်၏။ ထို့နောက် သူ မေးလိုက်သည်။

"ချမ်းသေးလား"

လီရှောင်ယာက ကြောင်တောင်တောင်လေးဖြင့် ခေါင်းယမ်းပြသည်။ထိုမြင်ကွင်းကို ကြည့်ပြီး ဝန်ထမ်းများမှာ မူးမေ့လဲချင်သွားကြသည်။

သခင်လေး ဝတ်တဲ့ အင်္ကျီဆိုတာ သီးသန့်ချုပ်လုပ်ထားတဲ့ တန်ဖိုးကြီးအင်္ကျီလေ။ အဲဒါကို ရွှံ့တွေပေနေတဲ့ ကလေးမလေးကို ပတ်ပေးလိုက်တော့ အင်္ကျီက ဘယ်လိုလုပ် ပြန်ဝတ်လို့ ရတော့မှာလဲ။

ရှန်းယွီရှောင်က လီရှောင်ယာကို ကြည့်ရင်း ပြောလိုက်သည်။

"မင်းအိမ်ကို အရင်ပြန်ကြတာပေါ့"

ကျင်မြို့တော်။

ရွာသူကြီး၏ မြေးမ လီချင်းချင်းတစ်ယောက် လေယာဉ်ပေါ်မှ ဆင်းလာခဲ့လေသည်။

သူမသည် ဝန်ထမ်းများ ကိုင်ဆောင်ထားသော ကင်မရာရှေ့တွင် စိုးရိမ်စိတ်အလျဉ်းမရှိဘဲ တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။အဝေးမှ တောက်ပနေသော မီးရောင်စုံများက သူမ၏ ဘဝသစ်ကို ကြိုဆိုနေသယောင် ရှိပေသည်။

သူမသည် ပြန်လည်မွေးဖွားလာသူ တစ်ယောက်ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

ယခင်ဘဝက လီရှောင်ယာသည် "ဘဝခြင်းလဲလှယ်ရေး" ဟူသော ဤအစီအစဉ်တွင် ပါဝင်ရင်း သူဌေးမိသားစု၏ မွေးစားခြင်းခံရကာ ဘဝအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ဖူးသည်။

လီချင်းချင်း၏ မျက်လုံးများ အရောင်တောက်လာသည်။

"လီရှောင်ယာ ဒီတစ်ခါတော့ နင့်ဘဝကို ငါအစားထိုး ယူလိုက်တော့မယ်”

_____________________________________

[ Bugatti ပြိုင်ကား]

[သခင်လေးရှန်က မျက်ခုံးပေါ်ဒီလိုလေးဖောက်ပြီးဝတ်ထားတာပါ]

All Chapters