လီရှောင်ယာသည် ဆင်းရဲနွမ်းပါးသော တောင်ပေါ်ရွာလေးတစ်ရွာတွင် မွေးဖွားလာခဲ့၏။ သူမ အသက်သုံးနှစ်အရွယ်တွင် မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း နောက်မိန်းမနောက်သို့ ပါသွားခဲ့လေသည်။ သူမ အသက်ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ ဘဝခြင်းလဲလှယ်ရေး အမည်ရသည့် ရုပ်သံအစီအစဉ် ရိုက်ကူးရေးအဖွဲ့သည် ထိုတောင်ပေါ်ရွာလေးသို့ ရောက်ရှိလာကြပြီး ရှောင်ယာကို ရွေးချယ်ခဲ့ကြပေသည်။ သို့သော် ရိုက်ကူးရေးစတင်ချိန်၌ ရွာသူကြီး၏မြေးမဖြင့် ရုတ်တရက် အစားထိုးလဲလှယ်လိုက်ကြ၏။နောက်ပိုင်းတွင် ရွာသူကြီး၏မြေးမမှာ မြို့သို့ ရောက်သွားပြီး ရုပ်သံဖန်သားပြင်ပေါ်တွင် ပါလာခဲ့သည်။ အင်တာနက်အသုံးပြုသူများက သူမသည် လိမ္မာယဉ်ကျေး၍ ကျက်သရေရှိသည်ဟု ချီးကျူးခဲ့ကြပြီး အလွန်ချမ်းသာသော မိသားစုကြီးတစ်ခု၏ မွေးစားသမီးဖြစ်လာခဲ့သည့်အတွက် အားကျဖွယ်ကောင်းလှသည်ဟု ပြောဆိုခဲ့ကြလေသည်။ ထို့ပြင် မူလက ထိုရွာမှ ရွေးချယ်ထားခဲ့သော ရှောင်ယာကိုလည်း သူမသည် ခိုးတတ်သည့် အကျင့်ရှိပြီး ဆဲဆိုတတ်ကာ ကြမ်းတမ်းသောကြောင့် အစီအစဉ်တွင် မပါဖြစ်ခဲ့ခြင်းကပင် ကံကောင်းလှသည်ဟု အင်တာနက်အသုံးပြုသူများက ပြောဆိုဝေဖန်ခဲ့ကြပြန်၏။ သူပိုင်ဆိုင်ရမည့် ဘဝကံကြမ္မာ အခိုးခံလိုက်ရသည်ကို ရှောင်ယာခမျာ လုံးဝ မသိခဲ့ရှာပေ။ တောင်ပေါ်ရွာလေး၌ ဘဝကို လာရောက်ဖြတ်သန်းရမည့် သူဌေးသားလေးသည် ရိုက်ကူးရေး ဒုတိယမြောက်နေ့တွင် ဖုန်မှုန့်များပေကျံနေသော ရှောင်ယာနှင့် တွေ့ဆုံခဲ့လေသည်။ ရှောင်ယာသည် အသက်ငယ်ေသာ်ငြား သူ့အတွက် ထမင်းဟင်းချက်ပြုတ်ပေးရန် ခုံပေါ်သို့တက်၍ ချက်ပြုတ်ပေးရှာ၏။ တောင်ပေါ်တက်ကာ သဘာဝဟင်းသီးဟင်းရွက်များ ရှာဖွေတူးဆွပေးသည့်အပြင် ရွာထဲတွင် ဝေထားသော သကြားလုံးတစ်လုံးကိုပင် မစားရက်ဘဲ သူ့အတွက် ပြန်ယူလာပေးခဲ့ကာ လက်ထဲတွင် အရည်ပျော်သွားသည်အထိ ဆုပ်ကိုင်ထားခဲ့ရှာသည်။ ထိုအပြုအမူများကြောင့် မာနကြီးလှသော သူဌေးသားလေး၏ နှလုံးသားမှာ လုံးဝ အရည်ပျော်ကျသွားခဲ့ရေတာ့၏။ ထို့ကြောင့် ရွာသူကြီး၏မြေးမသည် မြို့ရှိ Disneyland တွင် လည်ပတ်ပျော်ပါးနေချိန် သူဌေးသားလေးမှာမူ ရှောင်ယာနှင့်အတူ လယ်တူးကာ သဘာဝမြေဩဇာများကို ကူညီ၍ ထမ်းပေးနေခဲ့လေ၏။ ဤဘဝသည် ခက်ခဲကြမ်းတမ်းလွန်းသဖြင့် သူဌေးသားလေးမှာ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် အခြားသော ဒုတိယမျိုးဆက် သူဌေးသားအပေါင်းအသင်းများကို ခေါ်ယူကာ လယ်တူးခြင်းနှင့် သဘာဝမြေဩဇာသယ်ခြင်းများကို အတူတကွ လုပ်ဆောင်စေခဲ့သည်။ ထိုအရာမှာ အင်တာနက်ပေါ်တွင် ချက်ချင်းပင် နာမည်ကြီးသွားခဲ့ပြီး တစ်ဖက်လူ၏ လူကြိုက်များမှုနှုန်းကို အနိုင်ယူလိုက်နိုင်လေသည်။ နောက်ပိုင်းတွင် သူမကို ထိပ်တန်းသူဌေးမိသားစုက ပြန်လည်တွေ့ရှိပြီး ခေါ်ယူသွားခဲ့၏။ သူမ၏ အဘိုးဖြစ်သူမှာ အသည်းအသန် ဖျားနာနေပြီး ဦးလေးနှင့် အဒေါ်များမှာလည်း ရူးသွပ်နေသူကရူး၊ မသန်စွမ်းသူက မသန်စွမ်း ဖြစ်နေကြသည်။ သို့သော် စိတ်ပူစရာမလိုပေ။ သူဌေးသားလေးက သူမအတွက် အရာအားလုံးကို ကူညီပေးခဲ့လေသည်။ အဆိုးသွမ်းဆုံး ဗီလိန်များပင် သူမ၏ဖခင်ဖြစ်ခွင့်ရရန် အလုအယက် ကြိုးပမ်းလာကြတော့သည်။

