အခန်း (၄၈)
Vol. 5 Ch. 48
Chapter 48
ရှုရူယင်း ရောက်လာချိန်တွင် လီရှောင်ယာ၏ အိမ်လေးထဲမှ အရသာရှိလှသော ဟင်းနံ့များ လှိုင်လှိုင်ထွက်နေပြီ ဖြစ်သည်။
"ဘာအနံ့တွေလဲဟ"
ရှုရူယင်းက ခေါင်းပြူကြည့်ရင်း မေးလိုက်သည်။
"ငါမပါဘဲ ကောင်းတာတွေ စားနေကြတာလား"
ရှန်းယွီရှောင်က မျက်ခွံကို မပင့်တပင့် လုပ်ရင်း ပျင်းရိပျင်းတွဲ ဖြေလိုက်၏။
"မင်းကို ဘာကိစ္စ ဖုံးကွယ်ထားရမှာလဲ"
ရှုရူယင်းသည် ဝမ်းကွဲမောင်ဖြစ်သူ၏ လေသံကို မုန်းလွန်းသဖြင့် အံကြိတ်ထားလိုက်ရသည်။ သူမက အံကိုတင်းတင်းကြိတ်ပြီး အနားသို့ တိုးသွားကာ ကြည့်လိုက်သည်။
လီရှောင်ယာသည် ခွေးခြေခုံအသေးလေးပေါ်တွင် မတ်တပ်ရပ်၍ ထမင်းကြော်နေခြင်း ဖြစ်သည်။
ထမင်း၊ ဝက်ဆီ၊ ကြက်ဥနှင့် မှိုအနည်းငယ်မျှသာ ပါဝင်သော်လည်း အနံ့မှာမူ ထူးကဲစွာ မွှေးကြိုင်နေပေသည်။
ရှုရူယင်း ယူလာသော အသားဟင်းများထက်ပင် ပိုမွှေးနေသေး၏။
ရှုရူယင်းတစ်ယောက် ရုတ်တရက် အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ရှန်းယွီရှောင်နှင့် နင်းဟန်တို့နှစ်ယောက်သည် ဘုရားကျောင်းစောင့် ရုပ်တုကြီးများပမာ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
လောလောဆယ် သူတို့လုပ်တတ်သည်မှာလည်း ထိုမျှသာ ဖြစ်၏။
ရှုရူယင်းက နှာခေါင်းရှုံ့လိုက်သည်။
"ကြည့်ကောင်းလိုက်တဲ့ ပုံစံ... လူကောင်ကြီးတွေ ဖြစ်ပြီးတော့ ကလေးမလေးတစ်ယောက် ခွေးခြေခုံပေါ်တက် ထမင်းကြော်ကျွေးတာကို ရပ်ကြည့်နေကြတယ်ပေါ့"
ထိုအချိန်ထိ တိုက်ရိုက်ထုတ်လွှင့်မှုက မပြီးဆုံးသေးပေ။
ကြည့်ရှုသူများ၏ မှတ်ချက်များတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
[အံ့သြစရာပါလား... ပထမဆုံး မတရားတာကို ထောက်ပြရဲတဲ့သူက ရှုရူယင်း ဖြစ်နေတယ်]
[ဟုတ်ပ... စောစောက ကင်မရာထဲမှာ တွေ့ရတဲ့ ပုံစံအရဆို လီရှောင်ယာကို မုန်းနေမယ် ထင်တာ]
[ဒါနဲ့ ရှုရူယင်းက တကယ်တော့ ဘယ်သူလဲ။ ကျွန်မတစ်ယောက်တည်းပဲ မသိသေးတာလား]
[ရှန်းယွီရှောင်ရဲ့ ဝမ်းကွဲအစ်မလေ။ မိသားစုနောက်ခံကတော့ သာမန်ပါပဲ]
[သာမန်လူတန်းစားက Chanel တို့ LV တို့ ဝတ်နိုင်တယ်လား]
ကြည့်ရှုသူများက ရှုရူယင်း၏ မိသားစုနောက်ခံ ကောင်းမကောင်း၊ ဒုတိယမျိုးဆက် သူဌေးစာရင်းဝင် ဟုတ်မဟုတ် ငြင်းခုံနေကြစဉ်...
ရှန်းယွီရှောင်က ရှုရူယင်း၏ မေးခွန်းကို ပြန်ဖြေလိုက်လေသည်။
"ငါတို့က မကူညီချင်လို့များလား"
နင်းဟန်ကလည်း ဘေးမှနေ၍ သက်ပြင်းချကာ ဝင်ပြောလိုက်သည်။
"လီရှောင်ယာက ငါတို့ကို ပါဝင်ပစ္စည်းတွေ ဖြုန်းတီးပစ်တယ်လို့ စွပ်စွဲပြီး ပေးမလုပ်ဘူးလေ"
ရှုရူယင်း "..."
ရှုရူယင်းက ဆက်လက် ပြစ်တင်ဝေဖန်လိုက်ပြန်သည်။
"နင်တို့ ဘာလို့ အခြေခံ ဘဝရှင်သန်နည်းတွေကို မသင်ခဲ့ကြတာလဲ"
သူမက ရှန်းယွီရှောင်ကို ကြည့်လိုက်၏။
"အရင်က တောင်တက်တာတို့၊ စခန်းချခရီးထွက်တာတို့ လုပ်ဖူးတယ်မလား။ အဲဒီတုန်းက ကိုယ့်ဘာသာ ချက်မစားရဘူးလား"
ရှန်းယွီရှောင်ကလည်း လက်မြှောက်အရှုံးပေးလိုက်ရသည်။
"အဲဒီတုန်းက ပါလာတဲ့လူတွေက ငါ့ကို ကိုယ့်ဘာသာ လုပ်ခွင့်ပေးလို့လား"
ရှုရူယင်း "..."
ဒါက အလိုလိုက်ခံရလွန်းခြင်းရဲ့ ဆိုးကျိုးတွေပေါ့။
နင်းဟန်က ချက်ချင်း ဝင်မေးလိုက်သည်။
"မမရူယင်းရော ချက်တတ်လို့လား"
ရှုရူယင်းက အူကြောင်ကြောင် ပြုံးလိုက်မိ၏။
"ငါ... ငါတို့အိမ်မှာက အဖေပဲ အမြဲ ချက်တာလေ။ မိန်းကလေးတွေက ချက်စရာမှ မလိုတာ"
"အဲလိုလား... ဦးလေးက ချက်တတ်တယ်ပေါ့"
ရှန်းယွီရှောင် ရုတ်တရက် အကြံရသွားသည်။
"ပြန်ရောက်ရင် ဦးလေးဆီက သင်ရမယ်"
"ရပြီ"
လီရှောင်ယာက ဖြတ်ပြောလိုက်သည်။
"ငါသွားယူမယ်... ငါယူမယ်"
နင်းဟန်တစ်ယောက် နောက်ဆုံးတော့ အသုံးဝင်မည့်နေရာကို ရှာတွေ့သွားလေသည်။ သူက သံဒယ်အိုးကြီး တစ်ခုလုံးကို မနိုင်လောက်အောင် သန်မာသူ ဖြစ်သည်။
ကြက်ဥထမင်းကြော်ကို ဇလုံတစ်ခုထဲသို့ အမြန်ပြောင်းထည့်လိုက်ကြသည်။ ဟုတ်ပါသည်... ပန်းကန်လုံး မဟုတ်ဘဲ ဇလုံလိုက်ပင်။
ထို့နောက် ရှန်းယွီရှောင်က ကျွမ်းကျင်စွာပင် အမြင့်တူညီသော ခွေးခြေခုံနှစ်လုံးကို ယူဆောင်လာကာ ခြံဝင်းထဲတွင် ချထားလိုက်ပြီး အပေါ်မှ သစ်သားပျဉ်ပြားရှည်တစ်ချပ်ကို တင်လိုက်လေသည်။
ထိုနည်းဖြင့် ထမင်းစားပွဲတစ်ခု ဖန်တီးလိုက်တော့သည်။
သူတို့အားလုံး စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။
ထိုင်ခုံအလုံအလောက် မရှိသဖြင့် ရှန်းယွီရှောင်နှင့် နင်းဟန်တို့မှာ ကျောက်တုံးများပေါ်တွင် ထိုင်ကြရသည်။
ရှုရူယင်း ယူလာသော ဟင်းပွဲများပါ ထည့်ပေါင်းလိုက်သည့်အခါ အတော်လေး ပြည့်စုံသော ညစာတစ်နပ် ဖြစ်သွားလေသည်။
[ရှုရူယင်း ကံကောင်းသွားတာပဲ... ဒီရက်ပိုင်း လီရှောင်ယာက သဘောကောင်းနေလို့ ကြက်ဥတောင် ကြော်ကျွေးနေတာ]
[ချင်ဆွေ့များ အခု အိမ်က တီဗီဖန်သားပြင်ကို ကြည့်ပြီး မနာလိုဖြစ်နေမလား မသိဘူးနော်။ ဘာလို့ ငါ့ကျမှ ကန်စွန်းဥပဲ စားရတာလဲဆိုပြီးတော့လေ]
ချင်ဆွေ့တစ်ယောက် အိမ်မှာ အံကြိတ်နေသလား ဆိုတာတော့ မည်သူမျှ မသိနိုင်ပေ။
သို့သော် လီစုန့်ကတော့ အိမ်မှာ အမှန်တကယ် အံကြိတ်နေလေပြီ။
... သခင်မလေးက ဟင်းတွေအကုန် ယူသွားတော့ သူက ဘာစားရမှာလဲ။ ထမင်းဖြူပဲ စားရတော့မှာလား။
ရှုရူယင်းကတော့ မများပြားလှသော်လည်း ဆွဲဆောင်မှုရှိနေသော ကြက်ဥထမင်းကြော်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်ကို လီစုန့် မသိရှာပေ။
"သိခဲ့ရင် အဲဒီ ထမင်းအိုးပါ ယူလာပါတယ်"
"ဘာထမင်းအိုးလဲ"
နင်းဟန်က မေးလိုက်သည်။
"ရွာလူကြီးအိမ်မှာ လီစုန့်ဆိုလား ဘာလား တစ်ယောက်လေ။ ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်တာနဲ့ ဟင်းတွေ အများကြီး ချက်ထားပေးတာ။ ထမင်းအိုးလိုက် ချက်ထားတာလေ။ ဒီဟင်းတွေက သူ့ဆီက ယူလာတာ"
"..."
အားလုံး တောင့်ခဲသွားကြသည်။
ရှုရူယင်းက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘာလို့ မစားတော့တာလဲ"
ရှန်းယွီရှောင်က အေးစက်စက် ရယ်လိုက်၏။
"အဆိပ်ခတ်ထားမှာ ကြောက်လို့လေ"
"ရှင်"
ရှုရူယင်း မျက်လုံးပြူးသွားသည်။
သူမ ပြည်ပက ပြန်ရောက်ကာစမို့ ဘာမှမသိသေးသည်ကို ထောက်ထားပြီး ရှန်းယွီရှောင်က သူ့အစ်မ ဝမ်းနည်းလောက်အောင် တုံးအသည်ဟု မပြောတော့ဘဲ နင်းဟန်ကို ခြေထောက်နှင့် ကန်လိုက်သည်။
"မင်းပဲ ရှင်းပြလိုက်ကွာ"
ထို့ကြောင့် နင်းဟန်က ဇာတ်ကြောင်းပြန်ပြောသူ တာဝန်ကို ယူလိုက်ရတော့သည်။
နားထောင်ပြီးသည့်အခါ ရှုရူယင်း ထခုန်တော့သည်။
"တကယ်လား"
မှတ်ချက်များတွင်လည်း အာမေဋိတ်သံများ ဆူညံသွားသည်။
[အခုမှပဲ လီရှောင်ယာ ပြန်ပေးဆွဲခံရပြီး အဆိပ်ခတ်ခံရတဲ့ ဖြစ်စဉ်အပြည့်အစုံကို သိရတော့တယ်။ ရွာလူကြီး မိသားစုက တကယ်ကို ခွင့်မလွှတ်သင့်တဲ့ လူတွေပဲ]
[ဒေါသထွက်စရာ ကောင်းလိုက်တာ... အခုထိ ရှုရူယင်းကို ဖားနေတုန်းပဲလား။ ယုတ်မာလိုက်တဲ့ လူ]
"တကယ် ဟုတ်မဟုတ် သိချင်ရင် အွန်လိုင်းက ရဲမှတ်တမ်းကို ရှာကြည့်လိုက်"
ရှန်းယွီရှောင်က စားပွဲပေါ် လက်တင်ရင်း ပြောလိုက်သည်။
"စားပွဲကိုတော့ မှောက်မပစ်နဲ့နော်။ မှောက်ရင် နန်းတွင်းဟင်းပွဲ အစုံအလင် ပြန်လျော်ပေးမှ ပြန်ရမယ်"
ရှုရူယင်း စိတ်ကို လျှော့ပြီး ပြန်ထိုင်လိုက်သည်။
"အဲဒီ လီစုန့်က ဘာလို့ ငါ့ကို ဖားနေရတာလဲ။ ငါက နင့်ဝမ်းကွဲအစ်မဆိုတာ သူ မသိဘူးလား"
ရှန်းယွီရှောင်က ဝက်သားနှပ်တစ်တုံးကို ယူပြီး ရှုရူယင်း၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"မင်းပဲ အရင် မြည်းကြည့်လိုက်... အဆိပ်ပါမပါ သိရအောင်လို့"
"ရှန်းယွီရှောင်"
ရှုရူယင်းက မျက်စောင်းထိုးလိုက်သော်လည်း ဝက်သားတုံးကို ကောက်စားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"လီစုန့် ရူးမနေရင် ငါ့ကို အဆိပ်ခတ်မှာ မဟုတ်ဘူး"
ရှန်းယွီရှောင်က ခေါင်းညိတ်လိုက်ပြီး လီရှောင်ယာအတွက် ဟင်းထည့်ပေးလိုက်သည်။
ရှုရူယင်း "..."
လီရှောင်ယာ၏ ကြက်ဥထမင်းကြော်ကို စားပြီးသည့်အပြင် နောက်ထပ် ထပ်စားချင်နေမိသဖြင့် ရှုရူယင်းတစ်ယောက် နှုတ်ဆိတ်နေလိုက်ရသည်။
"ဒါဆို ရွာလူကြီး တစ်ယောက်တည်း အဖမ်းခံရတာပေါ့"
ရှုရူယင်းက မေးလိုက်သည်။
"အင်း"
"ရွာလူကြီးရဲ့ မြေးမလေးက ငါ့အိမ်မှာ ရှိနေတုန်းပဲ"
ရှန်းယွီရှောင်က ပေါ့ပေါ့ပါးပါးပင် ဗုံးတစ်လုံး ထပ်ခွဲလိုက်သည်။
"ဘာ... ပြီးခဲ့တဲ့တစ်ခေါက် ငါတွေ့ခဲ့တဲ့ ကလေးမလေးက ရွာလူကြီးရဲ့ မြေးမလေးလား"
ရှုရူယင်း ထပ်မံ ထကြွချင်သွားသော်လည်း အောင့်အီးသည်းခံလိုက်သည်။
"ဪ... မင်း သူနဲ့ တွေ့ဖူးတယ်ပေါ့"
ရှန်းယွီရှောင်၏ အကြည့်များ အေးစက်သွားလေသည်။
"ငါနဲ့ လီရှောင်ယာကို လာရှာဖို့ သူ မင်းကို အရိပ်အမြွက် ပြောခဲ့တာတော့ မဟုတ်ပါဘူးနော်"
"သူ ငါ့ကို လာပြောတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ငါက အဒေါ်နဲ့ တွေ့ချင်လို့ လောနေတာဆိုတော့ သိပ်စကားမပြောဖြစ်ခဲ့ဘူး"
ရှုရူယင်း မျက်မှောင်ကြုတ်လိုက်သည်။
"ရိုက်ကူးရေးအဖွဲ့က ဒီလိုလူမျိုးတွေကို ဘယ်လိုလုပ် စိစစ်ရွေးချယ်လိုက်တာလဲ"
ရိုက်ကူးရေးအဖွဲ့က ရှက်ကိုးရှက်ကန်းဖြင့် ဝင်ရှင်းပြရလေသည်။
"လူကြီးတွေက ဆိုးရင်ဆိုးမယ်... ကလေးတွေရဲ့ စိတ်နှလုံးသားကတော့ ဖြူစင်လေ့ရှိပါတယ်။ အဲဒါက သက်သက်စီပါ"
"ဟုတ်လို့လား"
"ဝါးပင်ဆိုးကနေ ဝါးပင်ကောင်း ထွက်တတ်တယ်လေ"
ရှုရူယင်းက ထမင်းကို အမြန်စားလိုက်ပြီး ပြောလိုက်သည်။
"ငါ ပြန်တော့မယ်။ အဲဒီ လီစုန့်က ငါ့အပေါ် ဘာကြံစည်နေလဲ သိချင်လို့"
သခင်မလေးတစ်ယောက် ရုတ်တရက် စိတ်ဝင်စားသွားပုံ ရသည်။
[ဟေး... ရှုရူယင်းက တရားမျှတမှုကို ဖော်ဆောင်ပေးမလို့လား]
[သူက ပျော်စရာတစ်ခုခု ရှာချင်ရုံ သက်သက်နေမှာပါ]
[ဟာ... တစ်ယောက်ယောက်လောက် ရှုရူယင်းနောက်ကို ကင်မရာလိုက်ရိုက်ပေးပါလား။ သိချင်လွန်းလို့ပါ]
[ဒါနဲ့ လီချင်းချင်းရော ဘယ်လိုနေသေးလဲ]
လီချင်းချင်း၏ ရောဂါအခြေအနေမှာ အနည်းငယ် သက်သာလာပြီ ဖြစ်သည်။
သူမသည် ရှုချွီလိုင်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သလို ရှုရူယင်းထံမှလည်း မည်သည့်ရလဒ်မှ မမျှော်လင့်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ အွန်လိုင်းတွင် ရွှေတစ်ထောင် ဆေးဝါးကုမ္ပဏီနှင့် ပတ်သက်သော သတင်းများကို တွေ့လိုက်ရသောကြောင့်ပင်။
ရှန်းယွီရှောင်၏ စိတ်ကူးပေါက်ရာ လုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုက အမှန်တကယ် အောင်မြင်သွားခဲ့လေပြီ။
လီချင်းချင်းသည် သူမ၏ မနာလိုဝန်တိုစိတ်များကို ဖိနှိပ်လိုက်ပြီး စောင်အောက်မှ ခေါင်းပြူထွက်ကာ မေးလိုက်သည်။
"အိမ်တော်ထိန်းကြီး...သမီး ဦးဦးနဲ့ တွေ့ချင်လို့ပါ။ သမီး ပြောစရာ အရေးကြီးကိစ္စ ရှိလို့"
အိမ်တော်ထိန်းကြီးက စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်သော်လည်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ... သခင်ကြီး ပြန်ရောက်ရင် ပြောပေးပါ့မယ်"
လီချင်းချင်းသည် သူတို့အားလုံး သူမကို အထင်သေးနေကြမှန်း သိသောကြောင့် နာကြည်းနေမိသည်။ သို့သော် မျက်နှာတွင် မပေါ်စေဘဲ အတင်းဟန်ဆောင် ပြုံးလိုက်ပြီး သနားစရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဦးဦးရဲ့ သည်းခံခွင့်လွှတ်ပေးမှုနဲ့ အိမ်တော်ထိန်းကြီးရဲ့ ဒီရက်ပိုင်း ဂရုစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်"
စောင့်နေလိုက်ပါ... မကြာခင် သူတို့အားလုံး ငါ့ကို ပြန်ပြီး ဖားလာကြရလိမ့်မယ်။
ည ၁၁ နာရီခန့်တွင်...
ရှန်းကျွမ် အိမ်ပြန်ရောက်လာသည်။ သူက အပေါ်ထပ်အင်္ကျီကို အိမ်ဖော်အား ပေးလိုက်ရင်း မေးလိုက်၏။
"မိန်းမ ပြန်မရောက်သေးဘူးလား"
"မရောက်သေးပါဘူး သခင်ကြီး"
အိမ်ဖော်က ဖြေပြီးနောက် လီချင်းချင်း မီးဖွင့်ပြီး သူ့ကို စောင့်နေကြောင်း၊ စကားပြောချင်နေကြောင်း ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှန်းကျွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် သမီးတစ်ယောက် လိုချင်ခဲ့သော်လည်း လီချင်းချင်းက သူမျှော်လင့်ထားသော "သမီး" တစ်ယောက်၏ ပုံစံနှင့် ကွာခြားနေပြီ ဖြစ်သည်။
သို့သော် သူသည် လူကြီးတစ်ယောက် ဖြစ်ပြီး လီချင်းချင်းက ကလေးတစ်ယောက်သာ ဖြစ်သေးသည်။ သူ့အနေဖြင့် မာန်မာနနှင့် မနှစ်မြို့မှုများကို ဗြောင်ဖွင့်ပြစရာ မလိုပေ။
ရှန်းကျွမ် အပေါ်ထပ်သို့ တက်သွားလိုက်သည်။ လီချင်းချင်းက ညအိပ်ဝတ်စုံ ပါးပါးလေး ဝတ်ဆင်ကာ တမင်ထွက်လာပြီး ပခုံးကို တွန့်ကာ မျက်လုံးကို ပွတ်သပ်ပြလိုက်သည်။ ကြာရှည်စွာ စောင့်ဆိုင်းနေရ၍ ပင်ပန်းနေသည့်ဟန် ဆောင်လိုက်ခြင်း ဖြစ်၏။
"ဦးဦး... အလုပ်တွေ အရမ်းပင်ပန်းနေပြီမလား"
"ဘယ်အလုပ်က မပင်ပန်းလို့လဲ"
ရှန်းကျွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး မေးလိုက်သည်။
"ဘာပြောချင်လို့လဲ"
လီချင်းချင်းက ချစ်စရာကောင်းသော မျက်နှာထားလေး လုပ်ပြလိုက်သည်။
"လျှို့ဝှက်ချက်ပါ"
ရှန်းကျွမ် ရယ်ချင်သွားသော်လည်း အခန်းထဲသို့ ဝင်လိုက်သည်။
"ကဲ... ပြောပါဦး... ဦးဦး နားထောင်နေတယ်"
လီချင်းချင်း၏ မျက်နှာထားက အနည်းငယ် လေးနက်သွားလေသည်။
"ဦးဦး... ဒါကို ဦးဦးကိုပဲ ပြောပြတာနော်။ တကယ်တော့ သမီးမှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်ရှိတယ်။ နောက် ၃ ရက်နေရင် ဦးဦး ရှန်ကွမ်း Semiconductor ကုမ္ပဏီနဲ့ စာချုပ်အကြီးကြီး ချုပ်ရလိမ့်မယ်"
ရှန်းကျွမ်၏ မျက်နှာထားသည် ရယ်ချင်စိတ်မှ မယုံကြည်နိုင်မှုသို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံ့သြထိတ်လန့်မှုနှင့် လေးနက်မှုတို့ ရောထွေးသွားတော့သည်။