အခန်း (၁၃)
Vol. 2 Ch. 13
Chapter 13
ကင်မရာမြင်ကွင်းထဲတွင် လီရှောင်ယာက လှည့်ကြည့်လိုက်ပြီး မျက်နှာတွင် စည်းထားသော အဝတ်စကို တင်းကျပ်အောင် ပြင်စည်းလိုက်လေသည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်၏။
"အစ်ကို သွားနားလိုက်တော့လေ"
ရှန်းယွီရှောင်သည် ပါးစပ်က ပွစိပွစိ ပြောနေခဲ့သော်လည်း လက်ကမူ အုတ်ခဲများကို နာခံမှုရှိစွာ ဆက်လက်စီနေခဲ့၏။
"ဝက်ခြံပြင်ဖို့ ကလေးတစ်ယောက်တည်းကို ထားခဲ့ပြီး ငါက ဘယ်လိုလုပ် ထွက်သွားရက်မှာလဲ"
အချိန်ကုန်သွားစေရန်အတွက် ရှန်းယွီရှောင်က စိတ်မရှည်သလိုလိုဖြင့် မေးလိုက်ပြန်သည်။
"မင်းဝက်စာကျွေးတုန်းက ငါ့ကို ဘာလို့ စောစောမခေါ်တာလဲ မင်းအိမ်မှာ ဝက်မွေးထားမှန်း ငါမှမသိတာ"
လီရှောင်ယာက တိုးတိုးလေး ပြန်ဖြေလိုက်၏။
"အရမ်းညစ်ပတ်လို့လေ အစ်ကို မြင်ရင် အန်မိမှာစိုးလို့"
ရှန်းယွီရှောင်သည် ယောကျ်ားရင့်မာကြီးတစ်ယောက်က အဲ့လောက်မနွဲ့ပါဘူးဟု ပြောချင်နေမိသည်။ သို့သော် ထိုအချိန်တွင် အနံ့ဆိုးများက နှာခေါင်းထဲသို့ အတင်းတိုးဝင်လာလေရာ...
ထားလိုက်ပါတော့လေ။
တော်တော်လေးကို ပျို့ချင်စရာကောင်းလှပေသည်။
ဒီညစာတော့ သူ စားဝင်တော့မည်မထင်ချေ။
---
နောက်ဆုံးတွင် နှစ်ယောက်သား ဝက်ခြံကို ပြုပြင်ပြီးသွားကြလေသည်။
ရှန်းယွီရှောင်က မေးလိုက်၏။
"အခုဆို ခိုင်သွားပြီမလား"
လီရှောင်ယာက ခေါင်းညိတ်ပြလိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါပြလိုက်၏။
"ခဏနေရင်တော့ ပြန်ထွက်ပြေးကြဦးမှာပဲ"
ရှန်းယွီရှောင် နားမလည်နိုင် ဖြစ်သွားရသည်။
"ပစ္စည်းတွေက မခိုင်လို့လား"
လီရှောင်ယာက ခေါင်းညိတ်ပြပြန်သည်။
"ဒါဆို ဘာလို့ ပိုခိုင်တာ မသုံး..."
စကားမဆုံးခင်မှာပင် ရှန်းယွီရှောင် နားလည်လိုက်ချေပြီ။ ပိုက်ဆံကြောင့်ပင် ဖြစ်ပေမည်။ ရှန်းယွီရှောင်သည် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိ၏။ သူသည် ဆိုင်များတွင် ကပ်ထားသည့် ပစ္စည်းတန်ဖိုးများကို ကြည့်လေ့မရှိသူဖြစ်ရာ "ပြားစေ့တစ်စေ့ကြောင့် သူရဲကောင်းဒုက္ခရောက်ရသည်" ဆိုသော စကားမှာ တကယ်မှန်ကန်ကြောင်း ယခင်က တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
"အစ်ကို ဗိုက်ဆာပြ္လား"
လီရှောင်ယာ၏ စကားကြောင့် ရှန်းယွီရှောင် ဗိုက်ကို စမ်းကြည့်လိုက်မိသည်။ သူ တကယ်ပဲ နည်းနည်းဆာနေပြီ ဖြစ်သည်။
လီရှောင်ယာသည် အိမ်ထဲသို့ သုတ်ခြေတင် ပြေးဝင်သွားလေတော့သည်။
"အစ်ကို့ အတွက် တစ်ခုခု လုပ်ကျွေးမယ်"
ယနေ့ အတန်းချိန်မပြီးသေးသည့်အတွက် ကျောင်းဆင်းချိန်မဟုတ်သဖြင့် ကျောင်းကန်တင်းမှ ထမင်းသွားယူ၍ မရနိုင်ချေ။ ထို့ကြောင့် ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ရတော့မည် ဖြစ်သည်။ ရှန်းယွီရှောင် နောက်မှလိုက်ဝင်သွားသည့်အခါ လီရှောင်ယာသည် အဝတ်အစားလဲပြီးဖြစ်သလို ရွှံ့များပေကျံနေသည်ကိုလည်း ဆေးကြောသန့်စင်ပြီးဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူမသည် မီးဖိုရှေ့တွင် ခုံပုလေးတစ်လုံးချကာ ချက်ပြုတ်ရန် ပြင်ဆင်နေလေသည်။
ရှန်းယွီရှောင်သည် မိမိလက်ကို ပြန်ငုံ့ကြည့်လိုက်မိသည်။ သခင်လေးရှန်းတစ်ယောက် မိမိကိုယ်ကို အသုံးမကျသူတစ်ယောက်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
ဝက်ခြံပြင်ပြီးချိန်မို့ ခံတွင်းပျက်နေပြီဟု ထင်ထားသော်လည်း လီရှောင်ယာ ချက်ပေးသော အစားအစာကိုတော့ သခင်လေးရှန်း ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ မှိုကို ဝက်ဆီအနည်းငယ်ဖြင့် ကြော်ကာ ဟင်းရွက်အချို့၊ အာလူးထောင်းတို့ဖြင့် ရောနယ်ထားသည်မှာ မွှေးကြိုင်လှသည်။ ပထမဆုံးတစ်လုပ် စားလိုက်သည်နှင့် ခံတွင်းပွင့်သွားရပြီး သခင်လေးရှန်းခမျာ မျက်ရည်ဝဲမတတ် စားကောင်းလွန်းလှသဖြင့် ပန်းကန်လုံးကြီး နှစ်လုံးကုန်အောင် စားသောက်လိုက်လေတော့သည်။
ရှန်းအိမ်တော် ဗီလာ၌။
မနက်ခင်းအလင်းရောင်သည် ဧည့်ခန်းမဆောင်ထဲသို့ ဖြာကျနေပြီး အလုပ်ကိစ္စဖြင့် အပြင်သွားစရာရှိသော ရှုချွီလိုင်သည် စောစောထကာ ထမင်းစားပွဲတွင် ထိုင်နေစဉ် သတိထားလျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ လီချင်းချင်းကို တွေ့လိုက်ရသည်။
"အန်တီ... သမီး... သမီး အန်တီ့ကို တောင်းပန်ချင်လို့ပါ"
"ဘာကိစ္စအတွက် တောင်းပန်ရတာလဲ"
"မနေ့က... သမီးစကားပြော မှားသွားလို့ အန်တီ စိတ်ဆိုးသွားတာမလားဟင်"
ရှုချွီလိုင် စိတ်ပျက်သွားမိသည်။ ဤမျှ ငယ်ရွယ်သော ကလေးမလေး၏ စိတ်ထဲတွင် ဘာတွေတွေးနေမှန်း သူမ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူမက အေးစက်စက်ပင် ပြန်ပြောလိုက်၏။
"တောင်းပန်စရာ မလိုပါဘူး"
လီချင်းချင်းက သူမ၏ စကတ်အနားစကို ဆွဲကိုင်ထားသည်။ ထိုဂါဝန်မှာ ရှန်းမိသားစုက ကြိုဆိုသောလက်ဆောင်အဖြစ် ပေးထားသည့် Chanel ဂါဝန်ဖြစ်သည်။ သူမ၏ မျက်ဝန်းအိမ်၌ မျက်ရည်များ ဝဲတက်လာလေသည်။
"အန်တီ သမီးကို မမုန်းပါနဲ့နော်... သမီးက အန်တီ့ကို တကယ်ချစ်တာပါ... ပြီးတော့ သမီးက ပန်းချီဆွဲရတာလည်း ကြိုက်တယ်... သမီး အန်တီ့ဆီကနေ ပန်းချီသင်ချင်လို့ပါ..."
ရှုချွီလိုင် နားထင်ကို ဖိနှိပ်လိုက်မိသည်။
"မင်းက ပန်းချီသင်ချင်တာလား"
"ဟုတ်ကဲ့"
ရှုချွီလိုင်သည် မင်းမှာ ပါရမီမရှိသလို အနုပညာခံစားမှုလည်း မရှိဘူးဟု ပြောလိုက်ချင်သော်လည်း နှုတ်ခမ်းဖျားထိ ရောက်လာသောစကားများကို မျိုသိပ်လိုက်ရ၏။ ထို့အစား သံတမန်ဆန်ဆန်ပင် ပြန်ပြောလိုက်လေသည်။
"မင်း ငါ့ပန်းချီကို အဓိပ္ပာယ်ကောက် လွဲနေတာ 'အနုပညာ ဒဿနိကဗေဒ' နဲ့ 'နှစ် ၅၀၀ သက်တမ်းရှိ ပန်းချီအရောင်များ' ဆိုတဲ့ စာအုပ်မျိုးတွေကို အရင်သွားဖတ်ကြည့်သင့်တယ်"
လီချင်းချင်း ခဲသွားလေသည်။
သူမ လာသည့်အချိန်တွင် ကင်မရာကို တမင်ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များကို ရှုချွီလိုင်၏ ရက်စက်အေးစက်မှုနှင့် သူမ၏ သနားစရာကောင်းပုံ၊ ရိုးသားစွာ လေးစားအားကျပုံတို့ကို မြင်စေချင်သောကြောင့် ဖြစ်သည်။ သို့သော် ရှုချွီလိုင်က သူမကို စာမဖတ်ရသေးဘူးဟု သွယ်ဝိုက်ပြောဆိုလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
လီချင်းချင်းသည် သူမ အဓိပ္ပာယ်ကောက်လွဲသည်ဟု မယုံကြည်ပေ။ ဝေဖန်ရေးဆရာအများစုကလည်း ထိုသို့ပင် သုံးသပ်ကြသည် မဟုတ်ပါလော။ ရှုချွီလိုင်က သူမကို သက်သက်မဲ့ အကွက်ဆင်ကာ ခက်ခဲအောင် လုပ်နေခြင်းသာ ဖြစ်သည်။ လီရှောင်ယာသည် ယခင်ဘဝက ဤအခြေအနေမျိုးတွင် ဘယ်လိုများ နေထိုင်သွားသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်ရတော့သည်။
ရှုချွီလိုင်က သူမကို အထင်သေးမှတော့ သူမကလည်း ရှုချွီလိုင် နောင်တရအောင် လုပ်ပြရမည်ပင်။
[လီချင်းချင်းက သနားစရာလေးနော်]
[သနားစရာလေးတဲ့... ခေါင်းပဲခါလိုက်ချင်တော့တယ်... အာရုံစိုက်ခံချင်လို့ သက်သက်လုပ်နေမှန်း မသိကြဘူးလား]
[ရိုးရိုးသားသား ပြောရရင် သခင်လေးရှန်းဘက်က ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်]
[+1 ပဲ... ရွာဘက်က အသက်လေးတွေပဲ သွားပြန်ကြည့်တော့မယ်... တာ့တာ]
မြင်ကွင်း ပြောင်းသွားလေသည်။
ရှန်းယွီရှောင်နှင့် လီရှောင်ယာတို့သည် တံခါးဝရှေ့တွင် ထိုင်လျက် သွားတိုက်မျက်နှာသစ်နေကြပြန်သည်။ ရေအေးအေးကြောင့် သခင်လေးရှန်းခမျာ တုန်သွားရရှာသည်။ သူ မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒီအတိုင်းသာ ဆက်သွားရင် နောက်နှစ်ကျရင် ငါ ဟိုငတုံးချင်ဆွေ့နဲ့တောင် ဆောင်းရာသီရေကူးပြိုင်ပွဲ ပြိုင်နိုင်တော့မယ်"
လီရှောင်ယာက နားမလည်စွာ မေးလိုက်သည်။
" 'ဟိုငတုံးချင်ဆွေ့' ဆိုတာ ဘာကြီးလဲ"
ရှန်းယွီရှောင် ရယ်မောလိုက်ပြီး သူ၏ အေးစက်နေသော လက်ဖြင့် လီရှောင်ယာ၏ ဂုတ်ပိုးလေးကို ဖိကပ်လိုက်သည်။ ကောင်မလေး အေးလွန်း၍ တွန့်သွားသည်ကို ကြည့်ကာ သဘောကျနေပုံရပြီး ပြုံးစိစိလုပ်နေလေသည်။ ပြီးမှ ပြန်ဖြေလိုက်၏။
"လူတစ်ယောက်ပဲ"
လီရှောင်ယာက မေးစေ့လေးကို လက်ဖြင့်ထောက်ကာ ပြောလိုက်သည်။
"လူနာမည်က အဲ့လောက်ရှည်တာ ပထမဆုံးကြားဖူးတာပဲ"
"ဟားဟား... ချင်ဆွေ့က နာမည်လေ... ကျန်တာက နာမဝိသေသနတွေ"
ရှန်းယွီရှောင် ခေတ္တရပ်တန့်သွားပြီး လေးနက်သော အမူအရာဖြင့် လီရှောင်ယာကို မှာကြားလေသည်။
"နောက်ကျ မင်း အဲ့လူနဲ့တွေ့ခဲ့ရင် သူ့အနားမကပ်နဲ့... သူနဲ့မဆော့နဲ့နော်... သူက တကယ့်လူဆိုးကောင်"
လီရှောင်ယာက မှတ်ထားလိုက်ကြောင်း အားပါးတရ ခေါင်းညိတ်ပြသည်။ သို့သော် သူမစိတ်ထဲတွင်တော့ ထို 'ငတုံးချင်ဆွေ့' ဆိုသူနှင့် ဘယ်တော့မှ တွေ့ဆုံပတ်သက်ရမည် မဟုတ်ဟု တွေးနေမိလေသည်။
တိုက်ရိုက်ကြည့်ရှုသူများ၏ ကွန်မန့်များမှာမူ ရယ်မောသံများဖြင့် ပွက်လောရိုက်နေကြချေပြီ။
[ချင်မိသားစုနဲ့ ရှန်းမိသားစုက တကယ့်ကို ရန်ဘက်တွေပါပဲလား]
[ချင်ဆွေ့က ဘယ်သူလဲဆိုတာ တစ်ယောက်လောက် ပြောပြကြပါလား]
[ဟိုင်မြို့တော် က SKP ကို သိတယ်မလား... ဟုတ်တယ်... တံဆိပ်ကြီးတွေချည်းပဲရှိတဲ့ ထိပ်တန်းဇိမ်ခံကုန်တိုက်လေ... အဲ့ဒါ သူ့မိသားစုပိုင်တာ]
[တစ်ယောက်လောက် Weibo မှာ သူ့ကိုသွား Tag ပေးကြပါလား... ပွဲကြည့်ချင်လို့]
@ချင်ဆွေ့ ၏ Weibo အကောင့်တွင် သတင်းစကားများ ပလူပျံအောင် ရောက်ရှိလာတော့သည်။
မည်သို့ပင်ဆိုစေကာမူ "ဘဝခြင်းလဲလှယ်ရေး" အစီအစဉ်သည် သခင်လေးရှန်း ဝက်လိုက်ဖမ်းသည့် အဖြစ်အပျက်ကြောင့် ရေပန်းစား လူပြောများနေခဲ့သည်။ ထိုသတင်းပျံ့နှံ့မှု မြန်ဆန်လွန်းလှသဖြင့် ရှန်းယွီရှောင်၏ ပြိုင်ဘက်ဖြစ်သော ချင်မိသားစု၏ တစ်ဦးတည်းသောသား ချင်ဆွေ့သည် သူငယ်ချင်း၏ဖုန်းမှတစ်ဆင့် ထိုအကြောင်းကို မြင်တွေ့သွားခဲ့လေသည်။
"ရှန်းယွီရှောင် တစ်ခုခု ပူးခံထားရတာလား"
ချင်ဆွေ့၏ တုံ့ပြန်မှုသည် ရှုချွီလိုင်၏ အစောပိုင်းတုံ့ပြန်မှုနှင့် ထပ်တူပင်ဖြစ်သည်။
"ရှက်စရာကောင်းလိုက်တာကွာ... ရှန်းယွီရှောင်က ဒီလိုအသုံးမကျတဲ့ အစီအစဉ်မျိုးကို လက်ခံလိုက်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး"
ချင်ဆွေ့၏ သူငယ်ချင်းက မနေနိုင်စွာ ဝင်ပြောလိုက်သည်။ တစုံတစ်ယောက်က ဖုန်းမျက်နှာပြင်ပေါ်ရှိ ကောင်မလေးကို လက်ညှိုးထိုးပြလိုက်၏။
"ဒီကောင်မလေးကြောင့်များလား"
"သူလား... သူက ဘယ်သူမို့လို့လဲ"
"ရွာခံတစ်ယောက်လေ... အသက်က ခြောက်နှစ် ခုနစ်နှစ်လောက်ပဲ ရှိဦးမယ်... အစက ရှန်းယွီရှောင်ရိုက်ရမယ့်နေရာက ရွာလူကြီးအိမ် ဒါပေမဲ့ ဘာကြောင့်လဲေတာ့ မသိဘူး... ရုတ်တရက်ကြီး အဲ့ကောင်မလေးအိမ်ကို ပြောင်းလိုက်တာတဲ့"
ချင်ဆွေ့သည် သူတို့၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုများကို နားထောင်ရင်း မတ်တပ်ရပ်လိုက်ကာ စကားနှစ်လုံးသာ ပြောလိုက်လေသည်။
"ပျင်းစရာကြီး"
"ဟေ့ရောင်... သခင်လေးချင်... မပြန်နဲ့ဦးလေကွာ... ရှန်းယွီရှောင် လူတောမတိုးဖြစ်နေတာကို မကြည့်ချင်ဘူးလား"
"အရူးတစ်ယောက်ကို ကြည့်နေရလောက်အောင် အားမနေဘူး"
ထိုသို့ မောက်မာသောစကားကို ပြောဆိုပြီးနောက် ချင်ဆွေ့သည် ယာဉ်မောင်းကို ခေါ်ကာ အိမ်ပြန်ခဲ့လေသည်။
ချင်မိသားစုအိမ်တော်တွင် မစ္စတာချင်နှင့် မစ္စစ်ချင်တို့ နှစ်ယောက်လုံး ရှိနေကြသည်မှာ ရှားရှားပါးပါး မြင်ကွင်းပင်။ ချင်ဆွေ့ အိမ်ထဲဝင်ဝင်ချင်း ရုပ်သံမှ လာနေသော အသံမှာ ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။
ဖန်သားပြင်ပေါ်တွင် ရှန်းယွီရှောင်မှလွဲ၍ ဘယ်သူရှိနိုင်ပါဦးမည်နည်း။
ဘာလို့ ဒီအစီအစဉ်ကို နေရာတိုင်းမှာ ကြည့်နေကြပါလိမ့်။
ချင်ဆွေ့ မျက်မှောင်ကြုတ်ကာ အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်သည်။ သို့သော် ထိုခဏ၌ပင် သူ့မိခင် ရုတ်တရက် ပြောလိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် စကားတစ်ခွန်းကို ကြားလိုက်ရလေတော့သည်။
"ဟေး... ရှန်းယွီရှောင်ရဲ့ အပြောင်းအလဲက တော်တော်လေး ကောင်းလာတယ်လို့ ထင်တယ်... အစီအစဉ် ရိုက်လိုက်ရုံနဲ့ ရလဒ်က တော်တော်မြန်တာပဲ... ငါတို့သား ချင်ဆွေ့ကိုရော အဲ့ဒီကို လွှတ်ပြီး သွားစမ်းသပ်ခိုင်းရင် ကောင်းမလား”