အခန်း (၄၃)
Vol. 5 Ch. 43
Chapter 43
လီရှောင်ယာ၏ အသက်ရှူသံမှာ ခေတ္တမျှ ရပ်တန့်သွား၏။
ယနေ့ဖြစ်ရပ်သည် ဒါရိုက်တာအတွက် တစ်ခါမျှ မကြုံဖူးသော အခြေအနေဖြစ်သကဲ့သို့ လီရှောင်ယာအတွက်လည်း ထိုနည်းတူပင် ဖြစ်၏။
မည်သူကမျှ သူမကို ထိုကဲ့သို့ ပြတ်သားသောလေသံ၊ စကားလုံးများဖြင့် တစ်ခါမှ မပြောဖူးခဲ့ချေ။
ရှန်းယွီရှောင်က သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
"လာ... အခု နောက်ထပ်တစ်ခု ထပ်ရွေးရအောင်"
လီရှောင်ယာသည် ရုတ်တရက်ဆိုသလို ရွေးချယ်မှုများပြုလုပ်ရန် သိပ်မကြောက်တော့သလို ခံစားလိုက်ရသည်။ သူမက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ရှန်းယွီရှောင်က မျက်လုံးကို မှေးစင်းလိုက်ပြီး မေးလိုက်သည်။
"မင်း ငါနဲ့ အင်္ဂလိပ်စာ လေ့လာမလား၊ ဒါမှမဟုတ် နင်းဟန်နဲ့ ပန်းချီဆွဲမလား"
ကင်မရာသမားသည် ဤမြင်ကွင်းကို တိတ်တဆိတ် ရိုက်ကူးထားပြီး နောက်ကွယ်မှ မြင်ကွင်းတစ်ခုအဖြစ် အွန်လိုင်းသို့ ချက်ချင်းတင်လိုက်လေသည်။
အစီအစဉ်သည် အာရုံစိုက်မှု များစွာရရှိထားပြီးဖြစ်ရာ ဤဗီဒီယိုကလစ်လေးက အင်တာနက်အသုံးပြုသူများ၏ သိချင်စိတ်ကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားသည်။
[ဒါရိုက်တာက ချစ်စရာကောင်းလိုက်တာ၊ ချီးကျူးခံရတာလေးနဲ့တင် အရမ်းပျော်နေတယ်]
[ရှန်းယွီရှောင်က စကားပြော အရမ်းကောင်းတာပဲ၊ ငါပြောချင်တာတွေ ဝင်ပြောပေးနေသလိုပဲ။ ဟုတ်တယ်လေ၊ လီရှောင်ယာ ရွေးချယ်တာ မှန်တယ်။ ကောင်းတယ်! လီရှောင်ယာက တကယ်တော်တယ်!]
[နေဦး၊ ငါက ဒီလောကအကြောင်း သိပ်နားမလည်လို့ မေးပါရစေ၊ ဒီသူဌေးသားက ကလေးမလေးတစ်ယောက်ကို သူ့ရွေးချယ်မှုအပေါ် ခိုင်မာပြတ်သားတတ်လာအောင် သင်ပေးဖို့အတွက်နဲ့ ဒီလောက်ကြီး အုတ်အော်သောင်းတင်း လုပ်လိုက်တာလား]
[သူဌေးတွေက လူတွေကို ဒီလိုအလိုလိုက်တာလား၊ အားကျလိုက်တာဟာ]
[မဆိုင်ပါဘူး၊ လီချင်းချင်းတောင် သူ့ရဲ့ ချမ်းသာတဲ့ မိသားစုဆီမှာ ဒီလိုဆက်ဆံခံရတာ မဟုတ်ဘူး၊ ဟားဟား]
[တခြားသူတွေကို ဆွဲမထည့်နဲ့]
မှတ်ချက်ကဏ္ဍတွင် အငြင်းပွားမှုများ ဖြစ်လုနီးပါး ဖြစ်သွားသည်။
ထိုအချိန်တွင် လီရှောင်ယာသည် အင်္ဂလိပ်စာ သင်ယူရန် ရွေးချယ်လိုက်ရာ ဘေးနားမှ နင်းဟန်မှာ မကျေမနပ်ဖြင့် ပြောလာလေသည်။
"ငါ သပိတ်မှောက်ပြီ၊ မလုပ်တော့ဘူး၊ ဝက်စာလည်း မကျွေးတော့ဘူး၊ ကြက်စာလည်း မကျွေးတော့ဘူး၊ ထင်းလည်း မခွဲတော့ဘူး"
ရှန်းယွီရှောင်က ခေါင်းပင် လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
"ဒါဆို မင်းပြန်လို့ရပြီ။ ဝေဇယ်ရှန်းကို ငါ့ဆီခေါ်ပေး"
ဝေဇယ်ရှန်းဆိုသည်မှာ နင်းဟန် စောစောက ပြောဖူးသည့် ဆေးရုံပိုင်ရှင် သူဌေးသားပင် ဖြစ်သည်။
နင်းဟန် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့၊ ဝေဇယ်ရှန်းက ငါ့လောက် ဝက်စာကျွေးတတ်တာမှ မဟုတ်တာ"
ကျောက်တုံးစာသင်ကျောင်းတွင် အင်္ဂလိပ်စာ လုံးဝ မသင်ကြားပေ။
ရှန်းယွီရှောင်တွင် အင်္ဂလိပ်စာ သင်ရိုးစာအုပ်များ လက်ထဲတွင် မရှိသော်လည်း သူ့တွင် ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်။ သူက လီရှောင်ယာအတွက် စကားလုံးတစ်လုံးကို စတင်ရေးပေးလိုက်သည်။
"ကဲ... ငါ့နောက်က လိုက်ဆို၊ Abandon = စွန့်လွှတ်သည် "
ဝန်ထမ်းများထဲတွင် မကြာသေးမီကမှ ကျောင်းပြီးထားသော လူငယ်တစ်ဦးပါဝင်ပြီး သူက ခေါင်းကို စောင်းကာ စဉ်းစားလိုက်ရင်း တွန့်ဆုတ်စွာ ဝင်ပြောလိုက်သည်။
"ဒါက CET-4 [တက္ကသိုလ်အဆင့် အင်္ဂလိပ်စာ ] စကားလုံး မဟုတ်ဘူးလား၊ ABC ကနေ စသင်ရမှာ မဟုတ်ဘူးလား၊ တန်းပြီး CET-4 စကားလုံးကို သွားတော့မလို့လား"
ယခုမှပင် သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သခင်လေးရှန်းက စာသင်ကြားရာတွင် တကယ်မတော်ပေ။
ဒါက ကလေးရဲ့ အချိန်ကို ဖြုန်းတီးပစ်လိုက်တာပဲ။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ထ၍ ဝင်ပြင်ပေးရဲခြင်း မရှိကြပေ။
ထိုအချိန်တွင် ဆရာရှန်းက စာသင်ခန်း စတင်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်တာနက်လောကတွင် လှုပ်ရှားမှုများ ဆူညံနေဆဲဖြစ်သည်။
အစိုးရသည် ဆေးကုမ္ပဏီများ၏ ကြော်ငြာခြင်းအပေါ် အလွန်တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားရာ သမားရိုးကျ ကုန်အမှတ်တံဆိပ် မြှင့်တင်ရေးနည်းလမ်းများကို ဆေးကုမ္ပဏီများ အသုံးပြု၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
ဆေးကုမ္ပဏီတစ်ခု ကျဆင်းလာပြီဆိုလျှင် ပြန်လည်ဦးမော့လာရန်မှာ မဖြစ်နိုင်သလောက်ပင်။ သင့်တွင် အံ့ဖွယ်ဆေးတစ်လက် ရှိနေလျှင်ပင် ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန်နှင့် အမှတ်တံဆိပ်ကို လူသိများလာစေရန် တည်ဆောက်ရမည်ဖြစ်သည်။ ဤအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် အမြတ်ငွေ မည်မျှခွဲဝေပေးရမည်ဆိုသည်မှာ သာမန်လူတို့ စိတ်ကူးမယဉ်နိုင်သော ဂဏန်းပမာဏဖြစ်သည်။
သို့သော် ယခုအခါ ရွှေတစ်ထောင် ဆေးကုမ္ပဏီတွင် သဘာဝအလျောက် ကြော်ငြာပေးသူများ မရေမတွက်နိုင်အောင် ရှိနေပြီဖြစ်သည်။
ဘာပဲပြောပြော ယခုအချိန်တွင် သူက တစ်ခုတည်းသော ကုမ္ပဏီဖြစ်နေ၏။ ရှားပါးပစ္စည်းပင်။
ဦးစွာ ဒေသခံများက ရှေ့ထွက်လာပြီး ရွှေတစ်ထောင် ဆေးကုမ္ပဏီ၏ ဆေးများသည် တကယ်ကောင်းမွန်ကြောင်း၊ ဈေးနှုန်းသက်သာကြောင်း၊ အာနိသင်မြန်ဆန်ပြီး ဘေးထွက်ဆိုးကျိုးမရှိကြောင်း ပြောကြားကြသည်။ ထို့အပြင် ဆေးနည်းခိုးယူခံရသည့် ဇာတ်လမ်းကိုလည်း ပြောပြကြရာ အင်တာနက်အသုံးပြုသူများထံမှ သနားစာနာမှုလှိုင်းလုံးကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ဤဆေးကုမ္ပဏီသည် တကယ်ပင် အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရသည်ဟု ခံစားလာကြသည်။
ထိုအကြောင်းကို ကြားသိပြီးနောက် အခြားဒေသမှ လူများသည်လည်း ဆေးဆိုင်သွားသည့်အခါ ရွှေတစ်ထောင် ဆေးကုမ္ပဏီ၏ ဆေးများ ရှိမရှိ မေးမြန်းလာကြသည်။
ဤဈေးကွက်သည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မကြာခဏ မေးမြန်းခံရပြီးနောက် ဆေးဆိုင်များသည်လည်း ထိုပစ္စည်းများကို တင်ရန် သဘာဝကျကျပင် ဦးလှည့်လာကြသည်။
ဒါက ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းအားတက်လာခြင်းပင်။
ရပ်နားထားသော ထုတ်လုပ်ရေးလိုင်းများကို အလျင်အမြန် စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ကာ ပြန်လည်လည်ပတ်စေခဲ့သည်။
ရောင်းမထွက်ဘဲ သက်တမ်းကုန်သွားသော ဆေးများကိုလည်း ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး အနည်းငယ်သော ဆုံးရှုံးမှုအတွက် နှမြောမနေတော့ပေ။
ရက်အနည်းငယ်အတွင်းမှာပင် သုန့်သဝေသည် သွားလေရာရာ၌ ပြုံးပျော်ရွှင်နေလေသည်။
ထိုစဉ်က လီမိသားစုရွာသို့ သူနှင့်အတူ လိုက်သွားခဲ့သော ရှယ်ယာရှင်များသည် ရုတ်တရက် ကြောက်ရွံ့မှုများ ဝင်လာကြသည်။
"ငါတို့တွေ တစ်သန်းတည်းနဲ့ မရောင်းလိုက်မိတာ ကံကောင်းတာပဲ"
"ဟို Micro Light ကုမ္ပဏီက အနည်းဆုံး သန်း ၁၀၀ နဲ့ ရောင်းခဲ့တာ၊ ငါတို့သာ တစ်သန်းတည်းနဲ့ လက်လွှတ်လိုက်မိရင်... သတင်းလည်း တက်လာရော ငါတို့တွေ ဝေဖန်ခံရလွန်းလို့ ရူးသွားလောက်တယ်"
"မစ္စတာသုန့်... ခင်ဗျား ကျုပ်တို့ကို ကယ်တင်လိုက်တာပဲ"
သုန့်သဝေ နှာခေါင်းရှုံ့လိုက်မိသည်။ ခုကျမှ ငါ့ကို မစ္စတာသုန့်လို့ ပြန်ခေါ်နေကြတယ်ပေါ့။ စောစောကတော့ နာမည်တပ်ခေါ်နေကြပြီးတော့။
"ကျွန်တော် ကယ်တင်ခဲ့တာ မဟုတ်ဘူး။ သခင်လေးရှန်း ပြောတာ မကြားဘူးလား။ ကျွန်တော်တို့ကို ကယ်တင်ခဲ့တာ လီရှောင်ယာပါ"
"ဟုတ်တယ်၊ ဟုတ်တယ်"
"ခင်ဗျားတို့ သဘောမပေါက်သေးဘူးလား။ လီရှောင်ယာကို ဘာလက်ဆောင် ပေးရမလဲဆိုတာ စဉ်းစားသင့်တယ်လေ။ အရင်တုန်းက ပိုက်ဆံမရှိလို့ ဘာဘီအရုပ်လေးပဲ ပေးခဲ့ရတာ။ အခုပြန်စဉ်းစားကြည့်တော့ အဲ့ဒါက သိပ်ပေါလွန်းတာပဲ"
"မစ္စတာသုန့် စိတ်ကူးရှိလို့လား"
"ရှယ်ယာ ၁ ရာခိုင်နှုန်း ပေးလိုက်ရင် ဘယ်လိုလဲ"
"ခင်ဗျား ရူးနေလား။ သူက ကလေးပဲ ရှိသေးတာလေ။ မိဘမဲ့ တောင်ပေါ်ရွာသူလေးကို..."
သုန့်သဝေ မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက်၏ မိုက်မဲသော စကားကို ဖြတ်ပြောလိုက်သည်။
"ကျွန်တော် မရူးဘူး၊ ခင်ဗျားသာ တုံးလွန်းတာ"
"ငါက ဘယ်လိုလုပ် တုံးရမှာလဲ၊ ငါက..."
"ရှန်းယွီရှောင်က ဘယ်လိုလူစားလဲ။ ကျွန်တော်တို့နဲ့ သူ့ကြားမှာ ရေရှည်ခိုင်မြဲတဲ့ ပတ်သက်မှု ရှိလို့လား"
"သူ ငါတို့ကို ရင်းနှီးမြှုပ်နှံထားတယ်လေ"
"သူက ဒီနေ့ ခင်ဗျားကို ဆွဲတင်ပေးနိုင်ပေမဲ့ မနက်ဖြန်ကျရင် တခြားသူကို ဆွဲတင်ပေးချင် ပေးမှာပဲ။ အဲဒါက အရင်းရှင်တွေရဲ့ အစွမ်းပဲ။ ရှန်းမိသားစုပိုင်တဲ့ ပိုင်ဆိုင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်များလဲ ခင်ဗျားသိလား။ သူ့မှာ ရင်းနှီးမြှုပ်နှံစရာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ တစ်ခုတည်း ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ လီရှောင်ယာရဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်းက အကျိုးရှိလာဖို့ဆိုရင် သခင်လေးရှန်းက ကျွန်တော်တို့ကို ပိုအာရုံစိုက်လာရလိမ့်မယ် မဟုတ်လား"
"မစ္စတာသုန့်က တကယ် ဗဟုသုတများပြီး အတွေ့အကြုံရှိတာပဲ။ ကျွန်တော် လေးစားပါတယ်ဗျာ"
တစ်ဖက်လူက ရုတ်တရက် သဘောပေါက်သွားပြီး ချက်ချင်းပင် လေသံပြောင်းသွားလေသည်။
သုန့်သဝေသည် ထိုချီးကျူးစကားကို လက်ခံရင်း နှုတ်ခမ်းမဲ့လိုက်မိသည်။
သူသည် လီရှောင်ယာကို တကယ်ကျေးဇူးတင်ချင်သလို တစ်ဖက်မှာလည်း မျက်နှာပြောင်တိုက်၍ ဤအကြောင်းပြချက်ဖြင့် သခင်လေးရှန်းက သူတို့ကို ပိုအာရုံစိုက်လာစေရန် မျှော်လင့်နေခြင်းဖြစ်သည်။
ရှန်းယွီရှောင် အဆင့်ရှိသော သူဌေးသားတစ်ယောက်အတွက် သူ့လက်ချောင်းကြားမှ ယိုဖိတ်ကျလာသော အစအနများကပင် သူတို့တစ်သက် ကောင်းကောင်းမွန်မွန် နေထိုင်သွားရန် လုံလောက်ပေသည်။
သုန့်သဝေသည် ရှယ်ယာရှင်များကို စည်းရုံးပြီးနောက် ချက်ချင်းပင် စာချုပ်မူကြမ်းရေးဆွဲကာ ရှေ့နေတစ်ဦး ဖိတ်ခေါ်ပြီး တရားဝင် တံဆိပ်တုံးများယူ၍ လီမိသားစုရွာသို့ အပြေးသွားကြလေသည်။
ထိုအချိန်တွင် ရှုရူယင်းသည် လီမိသားစုရွာသို့ ရောက်ရှိခါစ ဖြစ်သည်။
သူမသည် ယခုနှစ်တွင် အသက်နှစ်ဆယ်ရှိပြီဖြစ်ပြီး နိုင်ငံခြား၌ MBA နှင့် မီဒီယာမဟာဘွဲ့ တက်ရောက်နေသူဖြစ်သည်။
လမ်းခရီး ကြမ်းတမ်းပြီး ဖုန်းလိုင်းမကောင်းသဖြင့် သူမ ဖုန်းမသုံးဖြစ်ခဲ့ချေ။ ထို့ကြောင့် အွန်လိုင်းပေါ်မှ သတင်းများ မည်မျှဆူပူနေသည်ကို သူမ မသိခဲ့ပေ။
သူမသည် အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ကို ကြိုတင်ဆက်သွယ်ထားပြီး သူတို့က လာကြိုမည့်သူ လွှတ်ပေးမည်ဟု ပြောထားသည်။
သို့သော် ယခုအချိန်က အနည်းငယ် စောနေသလား။
ရှုရူယင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ ချိန်းထားသောအချိန်ထက် တစ်နာရီကျော် စောနေသေးသည်။
သူမသည် ရွာအဝင်ဝတွင် ရပ်လျက် ထုတ်လုပ်ရေးအဖွဲ့ကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သည်။ သူမ ဝတ်ဆင်ထားသော Chanel ဝတ်စုံက ရွာသားများ၏ အကြည့်များကို ဆွဲဆောင်နေသည်။
ထိုအရာက ရှုရူယင်းကို အလွန်နေရခက်စေသည်။ ဆင်းရဲတဲ့နေရာတွေက လူဆိုးတွေကို မွေးထုတ်ပေးတတ်တယ်လို့ လူတွေပြောကြတာ တကယ်မှန်ပုံရတယ်... ဟို လီရှောင်ယာဆိုတဲ့ ကလေးမကရော ဒီလိုပဲ စိတ်ပျက်စရာကောင်းနေမလားပဲ။
"ဟယ်လို၊ ကျွန်မ ရွာအဝင်ဝ ရောက်နေပြီ။ လီရှောင်ယာအိမ်က ဘယ်လောက်ဝေးသေးလဲ။ ကျွန်မကို လာကြိုပေးလို့ရမလား"
ရှုရူယင်း ဖုန်းထဲသို့ ပြောလိုက်သည်။
ထိုစဉ်မှာပင် သုန့်သဝေ၏ ကားရောက်လာသည်။ ရှုရူယင်း၏ အသံကို ကြားလိုက်ရသဖြင့် သူက ကားပြတင်းပေါက်မှ စိတ်အားထက်သန်စွာ ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။
"ကျွန်တော်တို့လည်း လီရှောင်ယာအိမ်ကို သွားမလို့ပဲ။ ကျွန်တော်တို့ လမ်းပြပေးမယ်၊ ခင်ဗျား ကားနဲ့ နောက်ကလိုက်ခဲ့လိုက်"
ရှုရူယင်းက သုန့်သဝေကို တစ်ချက်ကြည့်လိုက်သော်လည်း ငြင်းဆန်ခြင်းမပြုပေ။ ဘာပဲဖြစ်ဖြစ် သူမက ကိုယ်ပိုင်ကား မောင်းလာသည်လေ၊ သူတို့နဲ့ လိုက်စီးရမှာမှ မဟုတ်တာ။
ထို့နောက် သူတို့အဖွဲ့ လီရှောင်ယာအိမ်သို့ ရောက်ရှိလာကြသည်။
လီရှောင်ယာသည် တံခါးဝတွင် ထိုင်လျက် ရှန်းယွီရှောင်နှင့်အတူ အင်္ဂလိပ်စာလုံးများ လေ့လာနေသည်။
ရှန်းယွီရှောင်က သူမကို သင်ပေးနေသည်။
"Amusement = အပန်းဖြေခြင်း/ပျော်ရွှင်မှု"
ရှုရူယင်း၏ နှုတ်ခမ်းများ မထိန်းနိုင်ဘဲ တွန့်သွားသည်။
"ရှန်းယွီရှောင်... အဲ့ဒါ တက္ကသိုလ်အဆင့် အင်္ဂလိပ်စကားလုံးလေ။ ဘာလို့ ကလေးတစ်ယောက်ကို အဲဒါ သင်ပေးနေတာလဲ"
အဓိပ္ပာယ်အမရှိဆုံးက ဒီစကားလုံးက စာရင်းရဲ့ အောက်ဘက်နား ရောက်နေပြီ။ အရှေ့က စကားလုံးတွေကို သူ သင်ပေးပြီးသွားပြီလား။
ရှုရူယင်း မယုံနိုင်အောင် ဖြစ်နေသည်။
ရှန်းယွီရှောင်သည် သူမအသံကြား၍ မော့ကြည့်လာပြီး ပြောလိုက်သည်။
"ခဏလေး"
ရှုရူယင်း မျက်လုံးပြူးသွားသည်။ သူက သူမကို စောင့်ခိုင်းလိုက်တာလား။
သူမ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"နင် ရမ်းသမ်းပြီး ရင်းနှီးမြှုပ်နှံထားတဲ့အကြောင်း ငါကြားပြီးပြီ။ နင် သူ့စကား နားထောင်လိုက်တာလား။ သူက အသက်ဘယ်လောက်ရှိသေးလို့လဲ။ နင်က ဘာလို့ သူပြောသမျှ နားထောင်နေရတာလဲ။ ရှန်းယွီရှောင်! ငါ့ကိုကြည့်! ငါက နင့်အစ်မနော်!"
ရှန်းယွီရှောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်။
"ဝမ်းကွဲပါ"
ရှုရူယင်း ဒေါသကြောင့် မျက်နှာရဲတက်လာသည်။
"ဝမ်းကွဲမို့လို့ ငါက နင့်ကို ဂရုမစိုက်ရတော့ဘူးလား"
ရုတ်တရက် သုန့်သဝေက ကြားထဲသို့ အတင်းတိုးဝင်လာပြီး သူတို့၏ အငြင်းပွားမှုကို ဖြတ်ပြောလိုက်သည်။
"ကျွန်တော် လီရှောင်ယာအတွက် ပစ္စည်းတစ်ခု ယူလာတယ်"
ရှန်းယွီရှောင်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
"နောက်ထပ် ဘာဘီအရုပ်လား"
"မဟုတ်ပါဘူး"
သုန့်သဝေက လက်ထဲမှ ဖိုင်တွဲကို ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဒါက လီရှောင်ယာအတွက် ရှယ်ယာလွှဲပြောင်းပေးမယ့် စာချုပ်ပါ။ ကုမ္ပဏီတံဆိပ်တုံးလည်း ထုပြီးပြီ၊ တရားဝင်လည်း အကျုံးဝင်ပါတယ်"
ရှုရူယင်း ကြောင်အသွားသည်။
သူမ မနေနိုင်ဘဲ ခြေတစ်လှမ်းခွဲလောက် နောက်ဆုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
ဟုတ်ပါသေးတယ်၊ နေမင်းကြီးက အရှေ့ဘက်မှာ ရှိနေတုန်းပါပဲ။
လောကကြီးက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ထူးဆန်းသွားရတာလဲ။
ဒီကလေးကို ရှယ်ယာတွေပေးဖို့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။
သူမရဲ့ မိဘအရင်းတွေတောင် သူမကို ငယ်သေးတယ်ဆိုပြီး ရှယ်ယာမပေးဘဲ ငြင်းခဲ့တာလေ။
လူတိုင်းက ဒီကလေးရဲ့ ပြုစားတာ ခံထားရလို့များလား။