အခန်း (၆၀)
Vol. 6 Ch. 60
Chapter 60
ရှန်းယွီရှောင်သည် ထိုစကားကို ကြားသောအခါ လီရှောင်ယာအား လျှော့တွက်လွန်းသည်ဟု ပြောချင်လာမိ၏။
သို့သော် လီရှောင်ယာက ဦးအောင်ပြောလိုက်ပေသည်။ သူမသည် ဝေဝမ်ချင်းရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလေသည်။
"ဦးလေးက မေမေ့ရဲ့ မိသားစုလေ... မေမေက ဦးလေးကိုချစ်ရင် သမီးလည်း ဦးလေးကို ချစ်မှာပေါ့"
ဝေဝမ်ချင်း၏ လည်ချောင်းဝမှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာပြီးနောက် လီရှောင်ယာကို တင်းကျပ်စွာ ဖက်ထားလိုက်လေ၏။
သူကြုံတွေ့ခဲ့ရဖူးသော လူများသည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်လေ့ရှိကြသည်။
ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့် ကလေးများသည် ငယ်လေလေ ပို၍ရက်စက်ကြမ်းကြုတ်လေလေ ဖြစ်တတ်ကြပေသည်။
ထိုသူတို့ ဘဝတွင် ပထမဆုံး သင်ယူခဲ့ရသည့် စကားလုံးမှာ "ဂုဏ်သိက္ခာ" ဟူ၍ပင် ဖြစ်ချေ၏။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ ဂုဏ်သိက္ခာမရှိသော သူ့လိုလူကို လက်ခံမည့်သူ ရှိလာခဲ့ပေပြီ။
ဝေဝမ်ချင်းသည် လီရှောင်ယာ၏ ဆံပင်များကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် ဖက်ထားရာမှလွှတ်ကာ လက်သင်္ကေတ ပြပြန်သည်။
"ဦးလေးလည်း သမီးကို ချစ်ပါတယ်"
လီရှောင်ယာက ခေါင်းညိတ်ပြလျက် -
"ဒါဆိုရင် ဝမ်းသာစရာကိစ္စပေါ့နော်"
ဟုတ်တာပေါ့... ဝမ်းသာစရာကိစ္စပါပဲ။ ဝေဝမ်ချင်းသည် အတင်းဟန်လုပ်၍ ပြုံးလိုက်ရရှာ၏။
---
ထိုသို့ဖြင့် ဝေဝမ်ချင်းသည် ယာယီသဘောမျိုး နေထိုင်ဖြစ်သွားလေသည်။
သူသည် မုတ်ဆိတ်ရိတ်လိုက်ပြီး ရှန်းယွီရှောင်၏ အဝတ်အစားများကို ခေတ္တလဲလှယ်ဝတ်ဆင်လိုက်၏။ ကံကောင်းသည်မှာ ရှန်းယွီရှောင်သည် အသက်ငယ်သော်လည်း အရပ်ရှည်သူဖြစ်ရာ အဝတ်အစားများက အံဝင်ခွင်ကျ ဖြစ်နေပေသည်။
လီရှောင်ယာကလည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများကို ဆေးထည့်ပေးရှာသည်။
ရေမိုးချိုး ဆေးကြောပြီးနောက်တွင်တော့ ထိုအမျိုးသား၏ ရုပ်သွင်မှာ လုံးဝပြောင်းလဲသွားချေပြီ။
သူ၏ မျက်နှာသွင်ပြင်မှာ နူးညံ့သိမ်မွေ့လာပြီး သန့်ရှင်းသပ်ရပ်သွားသည်။ အိမ်တံစက်မြိတ်အောက်တွင် ထိုင်နေသောအခါ ဖြတ်သန်းတိုက်ခတ်လာသည့် လေနှင့်နှင်းမှုန်များပင် အရှိန်လျော့သွားသယောင် ထင်ရပေ၏။
ထုတ်လုပ်ရေးအဖွဲ့သည် အပြင်ဘက်မှ အိမ်ရာမဲ့ ဆွံ့အသော တစ်ယောက်ကို ခေါ်လာမှန်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများ သိသွားကြပြီဖြစ်သည်။
အချို့ဆိုလျှင် ထုတ်လုပ်ရေးအဖွဲ့သည် ကုသိုလ်ကောင်းမှုပြုရတာ စွဲလမ်းနေပြီလားဟုပင် နောက်ပြောင်နေကြသေးသည်။
ကင်မရာမှ သူ့အား အနီးကပ်ရိုက်ပြလိုက်သောအခါ ကြည့်ရှုသူများမှာ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
[ဆွံ့အသူက ဒီလောက်တောင် ရုပ်ချောနေရလား]
[ကောက်လာတာ တန်ပါပေတယ်]
[ဟားဟား... သခင်လေးရှန်းကတော့ အဲ့လိုထင်ပုံမရဘူးနော်]
ဝေဝမ်ချင်းသည် အစ်မဖြစ်သူ၏ တစ်ဦးတည်းသော သွေးသားရင်းချာကို ပြန်တွေ့လိုက်ရသည့်အပြင် သူ့မေတ္တာများကို ပုံပေးစရာနေရာမရှိဖြစ်နေရာမှ ထွက်ပေါက်ရသွားလေတော့သည်။
လီရှောင်ယာ နိုးလာ၍ ဆံပင်ဖြီးလျှင် သူက အတင်းဝင်ဖြီးပေးသည်။
လီရှောင်ယာ ရေနွေးသောက်လျှင် အအေးခံပေးရန် အပြေးအလွှား မှုတ်ပေးတတ်၏။
လီရှောင်ယာ တံခါးခုံနား လျှောက်သွားလျှင်ပင် အပြင်မထွက်လိုက်ရ... သူမကို ပွေ့ချီပြီး တစ်ဖက်သို့ ပို့ပေးတတ်လေသည်။
[ရှန်းယွီရှောင် - ငါ သေချာပေါက် ပြောရဲတယ်... သူ ငါ့ဆီက အလုပ်တွေ လုလုပ်နေတာ]
[သူ ထုတ်လုပ်ရေးအဖွဲ့ကို မုန်းနေလောက်ပြီ]
[ဒါပေမဲ့ ဒီလူက လီရှောင်ယာအပေါ် ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ]
[အရွယ်တူ သမီးလေးတစ်ယောက် ရှိခဲ့ဖူးပြီး ရောဂါနဲ့ ဆုံးသွားတာများလား... မိန်းမကလည်း ကွာရှင်းသွားတော့ တစ်ညလုံး အသံဝင်အောင် ငိုရင်း အိမ်ရာမဲ့ ဖြစ်သွားတာများလား]
[ဒီပုံပြင်က ဖြစ်နိုင်ချေရှိတယ်ဟ]
ဝေဝမ်ချင်းသည် ပရိသတ်၏ အမြင်အာရုံထဲသို့ ထူးခြားအံ့သြဖွယ် ကောင်းလောက်အောင် ဝင်ရောက်လာခဲ့ပေသည်။
ကြည့်ရှုသူများမှာလည်း သူ၏ အထောက်အထားနှင့် နောက်ခံအကြောင်းအရာများကို အမျိုးမျိုး တွေးတော ခန့်မှန်းနေကြ၏။
အစီအစဉ်တွင် ရုတ်တရက် ရေပန်းစားသော ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု တိုးလာခဲ့သည်။
ပရိသတ်များ၏ ဤသို့ လျှောက် ခန့်မှန်းနေမှုများကြောင့်ပင် ဝေကျန်းမှာ သတိလက်လွတ် ဖြစ်သွားရခြင်း ဖြစ်သည်။
ထို့အပြင် ခရစ္စမတ်ရောက်တော့မည် ဖြစ်သလို နှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးပွဲတော်လည်း ဆက်တိုက်ဆိုသလို ရောက်လာတော့မည်ဖြစ်သည်။ ရှန်းယွီရှောင်၏ မိခင်က သားဖြစ်သူကို "ပြုပြင်ပြောင်းလဲရန်" ဟူသော ခေါင်းစဉ်ဖြင့် ဤဆင်းရဲသော တောင်ပေါ်ရွာလေးသို့ ပို့ထားသည်ဆိုသော်ငြား ရှန်းမိသားစု၏ တစ်ဦးတည်းသော သားကို နှစ်သစ်ကူးချိန်တွင် အပြင်၌ ပစ်ထားလောက်အောင်တော့ ရက်စက်မည် မဟုတ်ချေ။
ထိုအချိန်ရောက်လျှင် ရှန်းယွီရှောင် ပြန်သွားရမည်ဖြစ်ပြီး လီရှောင်ယာသည်လည်း သူနှင့်အတူ လိုက်ပါသွားနိုင်မည်ဖြစ်သည်။
ဝေကျန်းသည် ပရိသတ်များက သူ့အကြောင်းကိုပါ ဝေဖန်ပြောဆိုနေကြမှန်း မသိရှာပေ။
[ဒီလူ ဘာတွေ ကြိတ်ကြံစည်နေတာလဲ]
[သူ့ကြည့်ရတာ လူကောင်းပုံမပေါ်ဘူး... လီရှောင်ယာ အမေဘက်က အမျိုးပါလို့ ပြောပြီး အခုထိ ဘယ်မိသားစုဝင်မှ ရောက်မလာသေးဘူး]
[ဒါ ဇာတ်တိုက်ထားတာပါလို့ ငါပြောသားပဲ... မယုံကြဘူး...ဆွံ့အသူကို ကောက်ရတာကအစ သိသာလွန်းတယ်... ငါတော့ လက်လျှော့ပြီ... လီချင်းချင်းဘက်လောက်တောင် စိတ်မဝင်စားဖို့ကောင်းဘူး]
ကွန်းမန့်များထဲတွင် ပါလာသည့် လီချင်းချင်းမှာမူ ထိုအချိန်၌ ရှန်းကျွမ်၏ ခေါ်ဆောင်မှုဖြင့် ရှုမိသားစုအိမ်သို့ ရောက်ရှိနေလေပြီ။
ဧည့်ခန်းထဲတွင် ရှုရူယင်းက မိဘများနှင့် စကားစမြည် ပြောဆိုနေ၏။
"ဘယ်လိုလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးမလေး မဟုတ်ဘူးလား"
ရှုရူယင်း၏ ဖခင်ဖြစ်သူ ရှုမိသားစု၏ သားအကြီးဆုံး ရှုဟွေ့ဆန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် -
"တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ"
ရှန်းကျွမ်က ဝင်လာပြီး အပြုံးဖြင့် မေးလိုက်သည်။
"အစ်ကိုကြီးတို့ ဘာတွေ ဆွေးနွေးနေကြတာလဲဗျ"
ရှုဟွေ့ဆန်းက ယောက်ဖဖြစ်သူ ဝင်လာသည်ကို မြင်သောအခါ ထရပ်၍ လှိုက်လှဲစွာ ကြိုဆိုလေ၏။
"ရူယင်းက လီမိသားစုရွာမှာ တွေ့ခဲ့တဲ့ ကလေးတစ်ယောက်အကြောင်း ပြောပြနေတာလေ... အမြင်ကျယ်တဲ့ ကလေးလေးတဲ့"
"လီရှောင်ယာလား"
"ဟုတ်တယ်... မင်းလည်း သိတာလား"
ရှုဟွေ့ဆန်းက အံ့သြသွားပုံရသည်။
ရှန်းကျွမ်က ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြုံးလိုက်၏။
"မသိဘဲ နေမလားဗျာ... ယွီရှောင်က အဲ့ကလေးကို အရမ်းသဘောကျတာ... အစီအစဉ်ရိုက်ကူးနေတုန်း ယွီရှောင် ဒဏ်ရာရတယ်ဆိုလို့ ကျွန်တော် သွားကြည့်ရင်း လီရှောင်ယာနဲ့ ဆုံဖူးတယ်"
"အဲ့ကလေးက တကယ်ပဲ အဲ့လောက် ထူးချွန်တာလား" ရှုဟွေ့ဆန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။ "ရူယင်းက ပြောတယ်... ငါတို့သာ အဲ့ကလေးနဲ့ တွေ့ရင် သေချာပေါက် သဘောကျမှာတဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ လီချင်းချင်းမှာ အကြီးအကျယ် တုန်လှုပ်သွားရချေသည်။
ဘာ... ရှုရူယင်းက ဒီလောက်ထိတောင် ချီးကျူးပြောဆိုထားတာလား။
ရှုရူယင်းလို လူမျိုးကတောင် လီရှောင်ယာရဲ့ ဖမ်းစားတာကို ခံလိုက်ရပြီပေါ့။
"ပြောရခက်ပါတယ်... ကလေးတွေက ကိစ္စတစ်ခုကို ရှုမြင်ပုံချင်းမှ မတူတာကိုး"
ရှန်းကျွမ်က အပြုံးပါးပါးဖြင့် ဆိုလိုက်သည်။
ထိုစဉ် ရှုရူယင်းက ရုတ်တရက် ဝင်မေးလိုက်၏။
"ဦးလေး... သူ့ကို ဘာလို့ ဒီခေါ်လာတာလဲ"
စကားပြောနေစဉ် သူမ၏ အကြည့်က လီချင်းချင်းထံ စူးစိုက်ကျရောက်နေသည်။
ရှန်းကျွမ်က ဆိုလိုက်သည်။
"ဒီကလေးက အစ်ကိုကြီးတို့ကို အရမ်းလေးစားအားကျတာလေ... ကလေးသဘာဝ သိတဲ့အတိုင်းပဲ... ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားချင်စိတ်ရှိတဲ့ ကလေးမျိုးက ရှားတယ်မလား... ဒါကြောင့် အစ်ကိုကြီးတို့နဲ့ အတူနေပြီး ဇီဝဗေဒနဲ့ သတ္တဗေဒအကြောင်းတွေ လေ့လာလို့ရအောင် ခေါ်လာခဲ့တာ"
အစီအစဉ်မှာ ရိုက်ကူးနေဆဲဖြစ်ရာ ရှန်းကျွမ် ထိုသို့ ပြောလိုက်သည်နှင့် ကွန်းမန့်များ ပေါက်ကွဲသွားတော့သည်။
[လီချင်းချင်းကို သူတို့ ဆက်ဆံတာ တော်တော်ကောင်းတာပဲနော်]
[ဟာ... နောက်ခံကောင်းရှိတော့ ကောင်းလိုက်တာ... ဒီလောက်ငယ်တဲ့ အရွယ်လေးနဲ့ ထိပ်တန်းတက္ကသိုလ် ပါမောက္ခတွေဆီကနေ ပညာသင်ခွင့် ရနေပြီ]
ကြည့်ရှုသူများက အလွန်အမင်း အားကျနေကြသော်လည်း လီချင်းချင်းမှာမူ မပြုံးနိုင်ရှာပေ။
ရှန်းကျွမ် ဘာကြောင့် သူမကို ဒီနေရာသို့ ခေါ်လာသည်ကို သူမ သိနေသည်။ ရှုရူယင်း၏ မိဘများ မတော်တဆမှု ဖြစ်မည့် အချိန်အတိအကျကို သူမ မပြောပြနိုင်သောကြောင့်ပင်။ ရှန်းကျွမ်က သူမကို အပြစ်မတင်ခဲ့သော်လည်း "ဒါဆိုရင် သူတို့ မတော်တဆမှုကို ရှောင်လွှဲနိုင်တဲ့အထိ မင်း သူတို့ဘေးနားမှာပဲ နေလိုက်တော့" ဟု ပြောခဲ့လေသည်။
တခြားနည်းဖြင့် ဆိုရလျှင် သူတို့ မရှောင်လွှဲနိုင်ပါက သူမပါ သူတို့နှင့်အတူ လိုက်သေရမည်။
လီချင်းချင်းမှာ ရင်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေ၏။
ယခင်က ရှုချွီလိုင်ကို လေးစားအားကျဟန် ဆောင်ခဲ့ရသလို ယခုလည်း ရှုရူယင်း၏ မိဘများကို အလွန် လေးစားအားကျနေပါသည်ဟု ဟန်ဆောင်ရဦးမည်။
"ငါတို့ကို လေးစားတာလား"
ရှုဟွေ့ဆန်းက ပို၍ အံ့သြသွားပုံရသည်။
"ကလေးတွေက ဒီလိုအရာတွေကို မကြိုက်ဘူး ထင်နေတာ... ရူယင်းဆို လုံးဝမကြိုက်ဘူးလေ"
ယခင်ကဆိုလျှင် ရှုရူယင်းသည် ထိုစကားကို ကြားပါက ဒေါသထွက်မိမည် ဖြစ်သည်။
သို့သော် ယခုမူ လီရှောင်ယာ ပြောခဲ့ဖူးသည်များကို တွေးမိပြီး ဒေါသ မထွက်တော့ပေ။ သူမက နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။
"သမီးက မကြိုက်တာလေ... လီရှောင်ယာကတော့ ဒါတွေကို တကယ်ကြိုက်တာ... နောက်ကျရင် သူ့ကို ဖေဖေ့တပည့်အဖြစ် လက်ခံပြီး သုတေသနလုပ်ရင် ခေါ်သွားပေါ့"
ရှုဟွေ့ဆန်းက သမီးဖြစ်သူကို ထူးဆန်းသလို ကြည့်လိုက်မိသည်။
ဒီနေ့ သားအဖနှစ်ယောက် စကားမများကြပါလား။
ရှုရူယင်းက မျက်စောင်းထိုးရင်း -
"ဘာကြည့်တာလဲ... သမီးလည်း အသက်ကြီးလာပြီလေ... ဖေဖေက သမီးကို ဖေဖေ့သမီးနဲ့ မတူဘူးလို့ ပြောနေကျပေမဲ့ သမီးကတော့ ဖေဖေ့ကို စိတ်မဆိုးတော့ဘူး"
ရှန်းကျွမ်က ပြုံး၍ ဝင်ပြောသည်။
"ကောင်းတာပေါ့... ကိုယ့်မိသားစုအချင်းချင်း ဘာလို့ ရန်ဖြစ်နေမှာလဲ"
ရှုရူယင်းက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်ပြောလိုက်သေးသည်။
"ဒါပေမဲ့ အချိန်တန်ရင် ဖေဖေက လီရှောင်ယာကို တပည့်အဖြစ် လက်ခံလို့ရမှာ မဟုတ်ဘူး ထင်တယ်"
ရှုဟွေ့ဆန်းမှာ နားမလည်နိုင် ဖြစ်သွားရသည်။
"ဘာလို့လဲ"
"ရှန်းယွီရှောင်က ခွင့်ပြုမှာ မဟုတ်ဘူးလေ... ဖေဖေ မသိပါဘူး... ရှန်းယွီရှောင်က ဘာနဲ့တူလဲဆိုတော့... အော် ဟုတ်ပြီ... ရတနာသိုက်ကို စောင့်နေတဲ့ နဂါးကြီးနဲ့ တူတယ်... သူက လီရှောင်ယာကို တခြားလူတွေနဲ့ ပေးမဆော့ဘူး... လီရှောင်ယာကို သူကိုယ်တိုင်ပဲ စာသင်ပေးချင်တာ... အင်္ဂလိပ်စာရော ဘဏ္ဍာရေးပညာရပ်တွေရော သင်ပေးတယ်... ဦးလေးတတ်သမျှ ပညာကုန်နီးပါး လီရှောင်ယာကို သင်ပေးနေတာ"
ရှုရူယင်း၏ မိခင်ဖြစ်သူ ချိုလန်က ဝင်ပြောရှာသည်။
"သူက အဲ့ကလေးကို တကယ့် မိသားစုလို သဘောထားတာပဲနော်"
လီချင်းချင်းမှာ နားထောင်ရင်း လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သွားသည်အထိ ဆုပ်ကိုင်ထားမိသည်။
ရှုရူယင်းကတော့ သူမ ဘာတွေးနေသည်ကို မသိဘဲ ဆက်ပြောနေ၏။
"ဒါ့အပြင် ရှန်းယွီရှောင်က ဝင်မစွက်ဖက်ဘူး ဆိုရင်တောင် လီရှောင်ယာက နောက်ကျရင် မိသားစုစီးပွားရေးကို ပြန်ဆက်ခံရမှာပဲ မဟုတ်လား"
လီချင်းချင်းမှာ လှောင်ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။
မိသားစုစီးပွားရေးကို ဆက်ခံရမယ် ဟုတ်လား။
လီရှောင်ယာမှာ ဆက်ခံစရာ ဘာမိသားစုစီးပွားရေး ရှိလို့လဲ။