အခန်း (၅၀)
Vol. 5 Ch. 50
Chapter 50
လေထုထဲတွင် ကန့်နံ့သင်းသင်းလေး ပျံ့လွင့်နေ၏။
လီရှောင်ယာသည် သူမ၏ လက်ကောက်ဝတ်ထက်ပင် တုတ်ခိုင်သော သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ အဝတ်လျှော်နေလေသည်။
"ဒါဆို ရပြီလား"
ရှုရူယင်းက အံ့သြတကြီး မေးလိုက်သည်။
လီရှောင်ယာက ခေါင်းညိတ်ပြလျက် အဝတ်တန်းပေါ်မှ အဝတ်များကို ဖြုတ်ယူကာ ရှုရူယင်းထံသို့ ပြန်ပေးလိုက်၏။ ထို့နောက် လှည့်ထွက်သွားပြီး ဝါးခြင်းတောင်းငယ်လေးတစ်လုံးကို ယူဆောင်လာခဲ့သည်။ ထိုခြင်းတောင်းထဲတွင် အဝတ်စလေးများဖြင့် ချုပ်လုပ်ထားသော ရနံ့အိတ်လေးများစွာ ပါဝင်လေသည်။ အနီးကပ် ရှူရှိုက်ကြည့်လိုက်လျှင် ထူးဆန်းပြီး ရှုပ်ထွေးသော ရနံ့တစ်မျိုးကို ရရှိပေသည်။
"ဒါတွေက ဘာတွေလဲ"
"ရေမွှေးအိတ်တွေလေ"
ရှုရူယင်းတစ်ယောက် ဤမျှ ရုပ်ဆိုးပြီး ကြမ်းတမ်းသည့် ရေမွှေးအိတ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သို့သော် လီရှောင်ယာက အိတ်ကလေးများကို ကောက်ယူလိုက်ပြီး သူမအား တစ်ခုချင်းစီ ကမ်းပေးလာ၏။
"ဒါက ပက်ချူလီပင်၊ ဒါက ရိုစ်မယ်ရီ၊ ဒါက စပါးလင်၊ ဒါကတော့ ပူစီနံ..."
"အကုန်လုံးက ပိုးမွှားတွေကို နိုင်တယ်၊ ဒါပေမဲ့ အနံ့တွေတော့ မတူကြဘူး၊ အစ်မ ကြိုက်တဲ့ဟာ ရွေးယူလိုက်လေ"
ဟု လီရှောင်ယာက ပြောလိုက်သည်။
ရှုရူယင်းမှာ အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာ၏။
"နင် ဒါတွေကို ဘယ်အချိန်တုန်းက လုပ်လိုက်တာလဲ"
"မနေ့ညကပါ"
ရှုရူယင်း စကားထစ်သွားသည်။
"နင်... နင် ငါ့စိတ်ကြိုက် လိုက်လုပ်ပေးနေတာလား"
လီရှောင်ယာက သူမကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။
"အစ်မစိတ်ကြိုက် ဟုတ်လား"
သူမက ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်၏။
"အစ်မက အရမ်းကြောက်နေပုံရလို့ လုပ်ပေးတာပါ"
ရှုရူယင်း ခမျာ အနည်းငယ် ရှက်သွားရ၏။ သို့သော် လီရှောင်ယာကဲ့သို့သော ကလေးငယ်တစ်ဦးသည် သူမအတွက် ညအချိန်မတော် တောင်ပေါ်တက်ကာ အပင်အမျိုးမျိုး ရှာဖွေပေးခဲ့ခြင်း၊ ရွေးချယ်စရာ ရနံ့အမျိုးမျိုး ရရှိစေရန် ရနံ့အိတ်များ ပြုလုပ်ပေးခဲ့ခြင်းတို့ကို တွေးမိသောအခါ... ရှုရူယင်းတစ်ယောက် ကလေးငယ်၏ ရိုးသားဖြူစင်မှုနှင့် စေတနာများကြားတွင် ပြောစရာစကားပင် ပျောက်ရှသွားရချေသည်။
နေရခက်နေသည့် အခြေအနေကို ဖြေရှင်းရန်အတွက် ရှုရူယင်းက မေးလိုက်သည်။
"နင်က အပင်တွေကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ခွဲခြားတတ်နေတာလဲ"
"ဒီတိုင်း တတ်နေတာပဲလေ"
"..."
ရှုရူယင်း နှုတ်ခမ်းမဲ့လိုက်ရင်း ပြောလိုက်သည်။
"နင်က ငါ့မိဘတွေရဲ့ သမီးအရင်း ဖြစ်သင့်တာ"
လီရှောင်ယာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဘာလို့လဲဟင်"
"ငါ့အဖေက အပင်တွေကို လေ့လာရတာကြိုက်တယ်၊ အမေကတော့ တိရစ္ဆာန်တွေကို လေ့လာရတာ ဝါသနာပါတယ်လေ၊ သူတို့က သဘာဝတရားနဲ့ သိပ္ပံပညာကို အရမ်းမြတ်နိုးကြတာ၊ ငါကျတော့ ဘဏ္ဍာရေးနဲ့ မီဒီယာဘက်ကိုပဲ စိတ်ဝင်စားတော့ သူတို့အမြင်မှာ ငွေမက်တဲ့သူ ဖြစ်နေရောပေါ့"
ရှုရူယင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"ပြီးတော့ ငါက အဲဒီဘက်မှာ ပါရမီမှ မပါတာ၊ နှင်းပန်း နဲ့ ဇီးပန်း မတူဘူးဆိုတာတောင် ငါမှ နားမလည်တာ"
ထိုအချိန်တွင် စာသိပ်မလုပ်သော နင်းဟန် ရောက်လာပြီး ထိုစကားကိုကြားသော် အလွန်အံ့သြသွားလေသည်။
"ဟင် နှင်းပန်းနဲ့ ဇီးပန်းက မတူဘူးလား"
လီရှောင်ယာက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် မတူဘူး"
ယခုတော့ ရှုရူယင်း အံ့သြရမည့်အလှည့် ရောက်လာပြန်သည်။
"နင်က ဘယ်လိုလုပ် သိတာလဲ"
လီရှောင်ယာက ဖြေလိုက်သည်။
"စာအုပ်ထဲမှာ ရေးထားတာလေ"
"စာအုပ်... ဘာစာအုပ်လဲ"
"ပရဟိတအသင်းက လှူထားတဲ့ စာဖတ်ထောင့်က စာအုပ်တွေထဲမှာလေ၊ နှင်းပန်းက Calycanthaceae မျိုးရင်းဝင်ဖြစ်ပြီး ဇီးပန်းကတော့ Rosaceae မျိုးရင်းဝင်လို့ ရေးထားတယ်"
ရှုရူယင်းနှင့် နင်းဟန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြပြီး ကလေးတစ်ယောက်လောက်ပင် မတတ်ပါလားဟု တွေးမိကာ ရုတ်တရက် အားငယ်စိတ်ဝင်သွားကြချေသည်။
"နင်က စာအုပ် ခဏခဏ ဖတ်လေ့ရှိလား"
ရှုရူယင်းက မေးလိုက်သည်။
"ဖတ်တာပေါ့၊ ဆရာမကို စာအုပ်စီတာ ကူပေးရင် ကြယ်ပွင့်တံဆိပ်လေးတွေ ရတယ်လေ"
"အဲဒီတံဆိပ်တွေနဲ့ သကြားလုံးလဲပြီး အစ်ကိုရှန်းကို ကျွေးလို့ရတာပေါ့ ဟုတ်လား"
နင်းဟန်တစ်ယောက် ရုတ်တရက် မနာလိုဖြစ်သွားရ၏။
"ငါ့အတွက်ကျတော့ ဘယ်တော့လဲပေးမှာလဲ"
ရှန်းယွီရှောင်က နောက်ကျမှ ရောက်လာပြီး စကားတစ်ခွန်း ဝင်ပြောလိုက်သည်။
"အိပ်မက်သာ မက်နေလိုက်တော့"
"တခြား ဘာစာအုပ်တွေ ရှိသေးလဲ"
ရှုရူယင်းက ပိုပြီး စပ်စုချင်လာသည်။
"အများကြီးပဲ"
လီရှောင်ယာက လက်ချောင်းလေးများကို ချိုးရေတွက်ကာ ဖြေလိုက်သည်။
"ဟန်းစ်ခရစ်ယာန်အန်ဒါဆင်ရဲ့ ဒဏ္ဍာရီပုံပြင်တွေ၊ ရှုခင်းဗိသုကာဒီဇိုင်း၊ အနီနှင့်အနက်၊ သရဲစာအုပ်တွေ၊ National Geographic ၊ Reader's Digest..."
"ဝါး... စုံလှချည်လား"
ရှုရူယင်း အံ့သြသွားမိသည်။
"ကျေးလက်ဒေသကို လှူတဲ့စာအုပ်တွေဆိုတော့ ရွေးချယ်စိစစ်ပြီး လှူတာမျိုး မဟုတ်လောက်ဘူး၊ စာအုပ်ဖြစ်ရင် ပြီးရောဆိုပြီး လှူလိုက်ကြတာ နေမှာပါ"
ရှန်းယွီရှောင်က တွေးတောဆင်ခြင်ကာ ပြောလိုက်၏။
"နင်ကော ဘယ်နှအုပ်လောက် ဖတ်ပြီးပြီလဲ"
ရှုရူယင်းက ထပ်မေးလိုက်သည်။
"သမီး အကုန်ဖတ်ပြီးပြီ"
လီရှောင်ယာက လေးနက်စွာ ဖြေလိုက်သည်။
ရှုရူယင်းက မစဉ်းစားဘဲ ထအော်လိုက်မိ၏။
"မဖြစ်နိုင်တာ၊ နင်က ဘယ်လိုလုပ် အကုန်ဖတ်နိုင်မှာလဲ"
လီရှောင်ယာက နားမလည်နိုင်သလို ပြန်ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ သမီး တကယ် အကုန်ဖတ်ပြီးတာပါ၊ နားမလည်တာတွေတော့ ရှိတာပေါ့"
ရှုရူယင်းက စိတ်ထဲတွင် 'ငါထင်သားပဲ၊ နင့်လိုကလေးက ဘယ်လိုလုပ် အကုန်နားလည်မှာလဲ' ဟု တွေးလိုက်မိသည်။
လီရှောင်ယာက ဆက်ပြောလိုက်၏။
"တချို့စာလုံးတွေက ထူးဆန်းတယ်၊ ဖားလောင်းလေးတွေလိုပဲ ကောက်ကွေးနေတာ"
ရှုရူယင်း ကြောင်သွားလေသည်။
"ဘာစာတွေမို့လို့လဲ၊ ရှေးဟောင်းတရုတ်စာတွေလား"
ရှန်းယွီရှောင်က ခဏမျှ စဉ်းစားပြီးနောက် ဝင်ပြောလိုက်သည်။
"အာရပ်စာ ဖြစ်မယ်"
လီရှောင်ယာက ရုတ်တရက် သဘောပေါက်သွားပုံဖြင့်...
"အော်... အဲဒါကို အဲဒီလို ခေါ်တာလား၊ သမီးက ကူးရေးပဲ ရေးတတ်တာ၊ ဘာအဓိပ္ပာယ်လဲဆိုတာတော့ မသိဘူး"
ရှုရူယင်း တစ်ခါ ထပ်ကြောင်သွားပြန်သည်။
"ဟေ... နင်က ကူးရေးတတ်တယ်"
"ငါမယုံဘူး"
ရှုရူယင်းက သူမ၏ လိပ်စာကတ်နှင့် ဘောပင်ကို ချက်ချင်း ထုတ်ပေးလိုက်သည်။
"ကဲ... ဒီလွတ်နေတဲ့နေရာမှာ နည်းနည်းလောက် ရေးပြစမ်းပါ၊ ငါကြည့်ချင်လို့"
"အင်း"
လီရှောင်ယာက မငြင်းဘဲ ဘောပင်ကို လိမ္မာစွာ ယူလိုက်ပြီး လိပ်စာကတ်၏ နေရာလွတ်တွင် စာလုံးများကို ရေးချ... မဟုတ်၊ ပုံဆွဲချလိုက်လေသည်။
သို့သော် သူမ ရေးဆွဲလိုက်သည့် စာလုံးများမှာ...
ရှုရူယင်းနှင့် နင်းဟန်တို့ နှစ်ယောက်လုံး ကြောင်အသွားကြသည်။
ရှန်းယွီရှောင်ကမူ တည်ငြိမ်နေဆဲပင်ဖြစ်သော်လည်း လေးလံစွာ ပြောလိုက်၏။
"ပုံနှိပ်စာလုံးတွေနဲ့ တူတယ်၊ တကယ်လည်း အာရပ်စာပဲ"
ရှုရူယင်း ရေရွတ်လိုက်မိသည်။
"ဘုရားရေ..."
နင်းဟန်ကလည်း ဝင်ထောက်ခံလိုက်၏။
"ကလေးပါရမီရှင်ပဲဟေ့"
ထိုမြင်ကွင်းကို ကြည့်နေကြသော ဝန်ထမ်းများပင် ကျောချမ်းသွားကြရသည်။
လီရှောင်ယာ၏ ရင့်ကျက်မှုနှင့် ဇွဲလုံ့လတို့သည် ကြမ်းတမ်းသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာရုံသာမက မွေးရာပါ ပါရမီများဖြစ်ပုံရပေသည်။ ဤကဲ့သို့သော ပါရမီမျိုးနှင့် ချမ်းသာသော ကလေးများ၏ သင်ကြားပြသပေးမှုတို့ ပေါင်းစပ်လိုက်သောအခါ ကြီးပြင်းလာလျှင် မည်မျှ ထူးချွန်ထက်မြက်သည့် လူတစ်ယောက် ဖြစ်လာမည်နည်း။
ဝန်ထမ်းများမှာ တွေးပင် မတွေးရဲကြချေ။
"အစ်မ..."
လီရှောင်ယာက ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလာသည်။
"သမီးက သမီးအမေရဲ့ သမီးပဲ ဖြစ်ချင်တာပါ၊ တခြားဘယ်သူ့သမီးမှ မဖြစ်ချင်ပါဘူး"
သူမက ရှုရူယင်းကို ဆက်ပြောလိုက်၏။
"အစ်မလည်း အတူတူပါပဲ၊ အစ်မရဲ့ ဖေဖေနဲ့ မေမေကလည်း အစ်မကို သူတို့သမီးအရင်းပဲ ဖြစ်စေချင်မှာပါ၊ တခြားလူ ဖြစ်စေချင်မှာ မဟုတ်ပါဘူး"
ရှုရူယင်းမှာ မိန်းမောတွေဝေစွာ ငေးကြည့်နေမိလေသည်။
'တကယ်ပဲလား'
"လီရှောင်ယာ... လီရှောင်ယာ"
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က နာမည်ခေါ်ရင်း ပြေးလာခဲ့သည်။
သူတို့ကို မည်သူမျှ လာမနှောင့်ယှက်သည်မှာ ကြာပြီဖြစ်သည်။
လီရှောင်ယာလည်း ရုတ်တရက် လူလာရှာသဖြင့် အံ့သြသွားရ၏။ သူမ လှည့်ကြည့်လိုက်ရာ ထိုလူမှာ သူမရှေ့တွင် ခလုတ်တိုက်ကာ လဲကျသွားလေသည်။ ထိုလူမှာ အလျင်လိုလွန်းသဖြင့် ပြန်ပင်မထနိုင်ဘဲ အလောတကြီး ပြောလိုက်၏။
"တစ်ယောက်ယောက်... တစ်ယောက်ယောက်က နင့်ကို လာရှာနေတယ်၊ သူတို့ပြောတာကတော့... နင့်ရဲ့ ဆွေမျိုးတွေပါတဲ့..."
ရှန်းယွီရှောင်က သောက်ကျိုးနည်း လီဟုန်ကွမ်ကို ချက်ချင်း ပြေးမြင်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
"မျက်ကန်းတစ်ယောက် ထပ်ရောက်လာပြန်ပြီလား"
သတင်းလာပို့သူက တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြောလိုက်လေသည်။
"ဟင့်အင်း... ဆွေမျိုးဝေး မဟုတ်ဘူး၊ အဲဒါ... အဲဒါ နင့်အမေဘက်က ဆွေမျိုးတွေတဲ့... နင့်ကို လာရှာကြတာ..."
စိတ်ခံစားချက် တည်ငြိမ်ပြီး လူကြီးလေးတစ်ယောက်လို ဖြစ်နေသော လီရှောင်ယာ၏ မျက်ဝန်းမှ မျက်ရည်နှစ်စက် မထင်မှတ်ဘဲ စီးကျလာခဲ့လေသည်။
သူမ ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီးမှ ကြောက်ရွံ့စွာဖြင့် နောက်သို့ ပြန်ဆုတ်လိုက်မိသည်။
ရှန်းယွီရှောင်၏ မျက်နှာပေါ်မှ အေးစက်စက် အမူအရာများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရ၏။
'ဒီလောက်တောင် မြန်သလား'
'သူ့ဦးလေးငယ် စီစဉ်လိုက်တဲ့ လူတွေများလား’