← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

Chapter 25

"သေစမ်း လီရှောင်ယာပြန်တုန်းက စောင်တွေ၊ အဝတ်အစားတွေ ထည့်ပေးလိုက်ဖို့ မေ့သွားတာပဲ" ဟု ရှန်းယွီရှောင်က ဆေးရုံခန်းထဲတွင်ထိုင်ရင်း မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။

"ထားလိုက်ပါတော့လေ.. ငါပြန်မှပဲ ယူသွားပေးလိုက်တော့မယ်"

လီရှောင်ယာ လီမိသားစုရွာသို့ ပြန်သွားပြီးနောက်တွင်တော့ ရှန်းယွီရှောင်တစ်ယောက် ဆေးရုံခန်းထဲ၌ နေရထိုင်ရမသက်မသာ ဖြစ်လာခဲ့သည်။ ချင်ဆွေ့က လီရှောင်ယာ၏ စိတ်ကို ဆွဲဆောင်သိမ်းသွင်းသွားမည်ကိုလည်း သူ စိုးရိမ်နေမိသေး၏။

သူသည် ဖုန်းscreenကို ပွတ်ဆွဲနေသော်လည်း ဂိမ်းအိုင်ကွန်များကို နှိပ်ချင်စိတ် အနည်းငယ်မျှပင် မရှိချေ။

ဘာမှလုပ်စရာမရှိသည့်အဆုံး သခင်လေးရှန်းက ဖုန်းခေါ်လိုက်တော့သည်။ "ဟဲလို အစ်ကိုရန် ဟိုဘက်က ရင်းနှီးမြှုပ်နှံမှုရုံး ဖုန်းနံပါတ်လေး ကျွန်တော့်ကို ပေးပါဦး"

ကြည့်ရှုသူပရိသတ်များကတော့ အမျိုးမျိုး ထင်ကြေးပေးနေကြဆဲပင်။ [သခင်လေးက ရင်းနှီးမြှုပ်နှံမှု လုပ်တော့မလို့လား]

[ချမ်းသာလိုက်တာနော်.. ရင်းနှီးမြှုပ်နှံတာက သူတို့အတွက်တော့ ထမင်းစားရေသောက်လောက်ပဲ ရှိမယ်ထင်တယ်.. အားကျလိုက်တာ]

[ငါတို့ရွာဘက်လည်း လာရိုက်ကူးကြပါလား.. ငါတို့ဆီမှာလည်း ဆင်းရဲပါတယ်ဆို]

ကောမန့်များ ဝေဝေဆာဆာ တက်လာချိန်မှာပင် ဖုန်းscreenမှာ ရုတ်တရက် မည်းနက်သွားခဲ့လေသည်။

ရှန်းယွီရှောင်က ကင်မရာနှင့် မိုက်ကရိုဖုန်းကို ယာယီဖြုတ်ထားလိုက်သောကြောင့် ဖြစ်၏။

မကြာမီမှာပင် ရှန်းယွီရှောင်သည် လူအချို့နှင့် တွေ့ဆုံဆွေးနွေးနေသဖြင့် ကျဉ်းမြောင်းသော ဆေးရုံခန်းလေးမှာ သက်ဝင်လှုပ်ရှားလာခဲ့သည်။

လာရောက်သူများမှာ အတော်ပင် အံ့အားသင့်နေကြ၏။ ပုံမှန်ဆိုလျှင် ရင်းနှီးမြှုပ်နှံမှုကိစ္စများကို ဝိုင်းဖွဲ့သောက်စားရင်း ဆွေးနွေးလေ့ရှိကြသော်လည်း ယနေ့တွင်မူ ဆေးရုံခန်းထဲ၌ ဆွေးနွေးနေကြ၏။ ထို့အပြင် ဤမျှကြီးမားသော ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကိုယ်တိုင်ဦးစီးပြီး စီစဉ်သည်ကိုလည်း သူတို့ တစ်ခါမျှ မကြုံဖူးကြပေ။

"ထိုင်ကြပါ.. ပေါ့ပေါ့ပါးပါးပဲ နေကြနော်" ရှန်းယွီရှောင်က သူ၏ ပုံမှန်မောက်မာသော အမူအရာကို လျှော့ချကာ ပြောလိုက်သဖြင့် ဧည့်သည်များမှာ ပို၍ပင် ဂုဏ်ယူဝမ်းမြောက်သွားကြရသည်။

"ဒါ မစ္စတာရှန်းရဲ့ အစီအစဉ်လားခင်ဗျ" တစ်စုံတစ်ယောက်က သတိထားကာ မေးမြန်းလိုက်၏။

ရှန်းယွီရှောင်က ခေါင်းခါပြလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် ကျွန်တော့်အဖေက ဒီလိုပရောဂျက်မျိုးကို စိတ်ဝင်စားမှာ မဟုတ်ဘူး.. ခင်ဗျားတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်ဖြစ်မှာ မဟုတ်ဘူးဗျ"

သူ့ဘက်မှ ထိုစကားကြောင့် တစ်ဖက်လူများမှာ စိုးရိမ်ပူပန်သွားကြသည်။ "ဒါဆိုရင်.."

ရှန်းယွီရှောင်က ပြောလိုက်သည်။ "ကျွန်တော် ရင်းနှီးမြှုပ်နှံပေးလို့ ရပါတယ်"

"ခင်.. ခင်ဗျား.."

"နောက်နှစ်ကျရင် ပြိုင်ကားဝယ်ဖို့ စုထားတဲ့ ပိုက်ဆံကို ကျွန်တော် ရင်းနှီးမြှုပ်နှံလိုက်မယ်.. ယွမ် ခြောက်သန်းလောက်တော့ ရှိတယ်ဗျ"

တစ်ဖက်လူများ၏ မျက်လုံးများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာကြသည်။ ထိုအထဲမှ တစ်ယောက်က သူ့လက်ထောက်ကို အလျင်အမြန် လှမ်းပြောလိုက်၏။ "မြန်မြန်လုပ်.. ပရောဂျက်အဆိုပြုလွှာကို ဒီက.."

ရှန်းယွီရှောင်က ဖြတ်ပြောလိုက်သည်။

"နေဦး.. ကျွန်တော် အဲ့ဒါကို အရင်မကြည့်ချင်သေးဘူး" သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။

"ခင်ဗျားတို့ဆီမှာ ကျောက်တုံးနွားမြို့နယ် ဆိုတာ ရှိတယ်မလား.. အဲ့ဒီမြို့နယ်ထဲမှာ လီမိသားစုရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သား လီဆုန့် ဆိုတဲ့လူရှိတယ်.. သူ ဘယ်နားမှာ အလုပ်လုပ်လဲဆိုတာတော့ ကျွန်တော် အတိအကျမသိဘူး ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော် လီမိသားစုရွာမှာ ရိုက်ကူးရေး လုပ်နေတာလေ"

"ဟုတ်ကဲ့.. ဟုတ်ကဲ့.. သိပါတယ်ခင်ဗျ.. ဒီ လီဆုန့် က.." တစ်ဖက်လူမှာ စကားကို ခေတ္တရပ်လိုက်ပြီး လိမ္မာပါးနပ်စွာ မေးလိုက်၏။ "သူကများ သခင်လေးကို စိတ်အနှောင့်အယှက် ပေးလို့လားခင်ဗျ"

ရှန်းယွီရှောင်က ဖုန်းကိုဖွင့်ကာ အသံဖိုင်တစ်ခုကို ဖွင့်ပြလိုက်သည်။

"နားထောင်ကြည့် သတ္တိကတော့ မခေဘူး.. ကျွန်တော့်ကိုတောင် လုပ်ကြံဖို့ ကြံစည်နေတာ" ရှန်းယွီရှောင်က အေးစက်စက် အပြုံးဖြင့် ပြောလိုက်၏။

နာရီဝက်ခန့်အကြာတွင် ထိုလူတစ်စု ဆေးရုံခန်းထဲမှ ပြန်လည်ထွက်ခွာသွားကြသည်။

အပြင်သို့ ရောက်သည်နှင့် သူတို့ ဦးဆုံးပြောလိုက်သည့် စကားမှာ -

"ဒီ လီဆုန့် ဆိုတဲ့ကောင်က တကယ့်ကို သိက္ခာမဲ့တဲ့ကောင်ပဲ.. ငါတို့နာမည်ကို ဖျက်နေတာ.. နောက်ဆို လူတွေက ငါတို့အကြောင်း ဘယ်လိုပြောကြတော့မလဲ ဆင်းရဲမွဲတေတဲ့ နေရာဒေသတွေက ယုတ်မာတဲ့ လူတွေကို မွေးထုတ်ပေးတယ်လို့ ပြောကြတော့မှာပေါ့.. ဒီလိုသာဆို ငါတို့ဘက်ကို ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုဆွဲဆောင်နိုင်တော့မလဲ"

"ဒီလို လူမိုက်မျိုးကို ငါတို့ဆီမှာ လုံးဝ ဆက်ထားလို့မဖြစ်ဘူး"

ဆေးရုံခန်းသို့ ပြန်ရောက်သောအခါ ရှန်းယွီရှောင်သည် ကင်မရာကို ပြန်တပ်လိုက်သော်လည်း အသံဖိုင်ကို အွန်လိုင်းပေါ် တင်ရန် မလောောပေ။

ထိုအသံဖိုင်က နောက်ပိုင်းကျ အသုံးဝင်လာဦးမည် ဖြစ်သည်။

မကြာမီ ရှန်းကျွင်းက သူ့ထံသို့ ထပ်မံအလည်ရောက်လာပြီး အံ့သြတကြီး မေးလေသည်။ "မင်း ကြည့်ရတာ စိတ်ပျော်နေပုံရတယ်"

ရှန်းယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။

နောင်တစ်ချိန်တွင် လီရှောင်ယာက သူ့ကို မည်သို့ ကျေးဇူးတင်စကား ပြောလာမည်ကို သူ မျှော်လင့်စောင့်စားနေမိခြင်းပင်။ ထိုကောင်မလေး ဝမ်းသာလွန်း၍ ငိုများငိုလေမလား။ ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့် ရှန်းယွီရှောင်တစ်ယောက် အလွန်ကျေနပ်အားရနေလေတော့သည်။

အချိန်များ ကုန်ဆုံးသွားပြီး ညနေ ၆ နာရီခွဲသို့ ရုတ်ချည်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ချင်ဆွေ့က တည်တင်းသော မျက်နှာထားဖြင့် ထွက်လာပြီး ရိုက်ကူးရေးအဖွဲ့ကို ပြောလိုက်သည်။ "လီရှောင်ယာ ပြန်မရောက်သေးဘူး"

ရိုက်ကူးရေးအဖွဲ့ကလည်း မိုးချုပ်နေပြီဖြစ်၍ လီရှောင်ယာ၏ အဒေါ်ကြီးအိမ်မှ ဖုန်းနံပါတ်ကို တောင်းရန် အဘိုးလီထံ သွားရောက်မေးမြန်းကြသည်။

သို့သော် အဘိုးလီက ဘာမျှမသိပေ။

ရိုက်ကူးရေးအဖွဲ့သားများ မျက်မှောင်ကြုတ်သွားကြသည်။ "အဘိုးလီက အဒေါ်ကြီးရဲ့ ဖုန်းနံပါတ်ကို မသိဘူးတဲ့"

ချင်ဆွေ့က တစ်စုံတစ်ခု လွဲနေသလိုခံစားလိုက်ရ၏။

"ဒါဆို သတင်းက ဘယ်လိုရောက်လာတာလဲ.. လီရှောင်ယာရဲ့ အဒေါ်က သူ့ကို လာလည်စေချင်တယ်ဆိုတာ အဘိုးလီက ဘယ်လိုသိတာလဲ"

ချင်ဆွေ့၏ ပြောစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆသဖြင့် ရိုက်ကူးရေးအဖွဲ့က အမြန်ပင် ပြန်သွားမေးကြပြန်သည်။

[ချင်ဆွေ့က တော်တော် ထက်မြက်တာပဲ]

[ငါ့အမြင်ပြောရရင် ရိုက်ကူးရေးအဖွဲ့က လီရှောင်ယာကို တစ်ယောက်တည်း မလွှတ်လိုက်သင့်ဘူး.. ကလေးက ငယ်သေးတာ.. လမ်းခရီးမှာ အန္တရာယ်များတယ်]

[လီရှောင်ယာက မွေးကတည်းက ဒီမှာနေလာတာလေ.. နင်တို့ထက်တော့ ပိုသိမှာပေါ့.. ဆွေမျိုးတွေဆီ သွားလည်နေကျမို့လို့ ဘာမှမဖြစ်လောက်ပါဘူး]

ခဏအကြာတွင် ဝန်ထမ်းတစ်ဦး ပြန်ထွက်လာပြီး အကြောင်းစုံကို ပြောပြသည်။ "အဘိုးလီပြောတာက အဒေါ်အိမ်ကို ရွာထိပ်က ကုန်စုံဆိုင်ကို ဖုန်းဆက်နေကျတဲ့.. ပြီးမှ ဆိုင်က လူတစ်ယောက်ယောက်က သူ့ဆီလာပြီး သတင်းပါးပေးတာတဲ့"

"ဒါဆို ကုန်စုံဆိုင်ကို သွားကြတာပေါ့" ချင်ဆွေ့က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

ကုန်စုံဆိုင်တွင် ဟောင်းနွမ်းနေသော ကြိုးဖုန်းတစ်လုံး ရှိလေသည်။ ဆိုင်ပိုင်ရှင်က ဖုန်းဘေးတွင်ထိုင်ကာ နေကြာစေ့ခွံများကို ထွေးထုတ်ရင်း ပြောလေသည်။ "ဒီခေတ်ကြီးမှာ ဘယ်သူက ဖုန်းနံပါတ်တွေ မှတ်ထားမှာလဲ.. ငါ့ဆွေမျိုးတွေမှ မဟုတ်တာ"

ချင်ဆွေ့က သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။

ချင်ဆွေ့၏ အသက်မှာ ဆိုင်ပိုင်ရှင်အသက်၏ တစ်ဝက်ခန့်သာ ရှိသော်လည်း ထိုအကြည့်တစ်ချက်က ဆိုင်ပိုင်ရှင်ကို ကြောက်ရွံ့သွားစေရန် လုံလောက်ပေသည်။ လက်ထဲမှ နေကြာစေ့များ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်၏။

ရိုက်ကူးရေးအဖွဲ့သားများက ချင်ဆွေ့၏ မျက်နှာထားကို အကဲခတ်မိပြီး အခြေအနေ မကောင်းတော့မှန်း သိလိုက်ကြသည်။ ထို့ကြောင့် သူတို့ ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။ "လိုက်မေးကြည့်ရအောင်.. တစ်အိမ်တက်ဆင်း လိုက်မေးကြည့်ရင် လီရှောင်ယာရဲ့ အဒေါ်အိမ်က ဘယ်မှာနေလဲ သိတဲ့လူ ရှိမှာပါ.. ဒါမှမဟုတ် ဖုန်းနံပါတ် သိတဲ့လူရှိမလားလို့.."

ထိုစဉ် ချင်ဆွေ့က ဖြတ်ပြောလိုက်သည်။ "သတင်းပေးနိုင်ရင် ဆုငွေချီးမြှင့်မယ်လို့ ပြောလိုက်"

ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်ပိုင်ရှင်မှာ ရင်ထဲဆို့နင့်သွားကာ နောင်တရသွားလေသည်။ သူ ဘာလို့များ အဲ့ဒီနံပါတ်ကို မမှတ်မိခဲ့ရတာပါလိမ့်

လီချင်းချင်း ထွက်သွားသည့်နေ့က ရွာသူကြီးမှ ဗျောက်အိုးတွေ အများကြီးဖောက်ပြီး ပျော်ခဲ့သည့်အချိန်မှစ၍ ယနေ့သည် လီမိသားစုရွာတွင် အစည်ကားဆုံးနေ့ ဖြစ်လာခဲ့သည်။

သို့သော် ရွာရှိ လျှပ်စစ်မီးက သိပ်မမှန်လှပေ။ အချိန်ကုန်လွန်လာပြီး ညရောက်လာသည်နှင့်အမျှ မီးရောင်များ တစ်ခုပြီးတစ်ခု ငြိမ်းသွားကာ အိမ်အနည်းငယ်တွင်သာ မီးလင်းနေတော့သည်။ ကျန်နေရာများမှာတော့ အမှောင်တိသာ။

"မနက်ဖြန် မနက်စောစောမှ ဆက်ရှာကြမလား.. အခုက မိုးလည်းချုပ်နေပြီ.. လမ်းတွေကလည်း မြေသားလမ်းတွေဆိုတော့ ကားမောင်းလို့မရဘူး.. ခြေကျင်လျှောက်ပြီး ဓာတ်မီးနဲ့ရှာရင်တောင် ချောက်ထဲ ကျသွားနိုင်တယ်" အဓိကဒါရိုက်တာက အကြံပြုလိုက်သည်။

ချင်ဆွေ့က ရိုးရှင်းစွာပင် ပြန်ဖြေလိုက်၏။ "အင်း"

ထိုတုံ့ပြန်မှုက ကြည့်ရှုသူပရိသတ်များကို ရင်တမမ ဖြစ်သွားစေသည်။

လူအနည်းငယ်ကမူ သံသယရှိနေဆဲပင်။ [ဒါ ရိုက်ကူးရေးအဖွဲ့ရဲ့ ဇာတ်ညွှန်းပဲ ဖြစ်မှာပါ.. လီရှောင်ယာရဲ့ ပုံရိပ်တက်လာအောင် ဒီအခွင့်အရေးကို အသုံးချနေတာများလား]

ရိုက်ကူးရေးအဖွဲ့က နေရာအနှံ့ လိုက်ရှာနေကြောင်း သိလိုက်ရသောအခါ ရွာလူကြီးမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ဒီလူတွေကလည်း အားနေကြတာလား.. ဘာလို့ ဒီကိစ္စကို ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ" ရွာလူကြီးက ညည်းတွားလိုက်သည်။

သူ့အမြင်တွင်တော့ ရွာကကလေးတစ်ယောက် ဆွေမျိုးအိမ်သွားလည်ရင်း တစ်ညအိပ် မပြန်လာတာက သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်သည်။ မြို့ကလူတွေက ဘာလို့များ ဒီလောက် ပြာယာခတ်နေကြရတာလဲ။

ရွာလူကြီးက သူ့ကိုယ်သူ အမြန်ပင် စိတ်ဖြေဖျောက်လိုက်သည်။ ကိစ္စမရှိပါဘူးလေ.. ဘာပဲဖြစ်ဖြစ် ဒါက အဘိုးလီကိုယ်တိုင် စီစဉ်ထားတာပဲဥစ္စာ.. လူကြီးမိဘတွေက ကလေးတွေအတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိတယ်မလား.. ဒီပြင်ပကလူတွေက ဘာအခွင့်အရေးနဲ့များ ဝင်ပါချင်ရတာလဲ။

ထိုအချိန်၌ လီရှောင်ယာမှာ သူမ၏ ဦးလေးဖြစ်သူ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး မြို့ပေါ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

သူမ၏ ဦးလေးက ပြုံးကာ ပြောလိုက်သည်။ "ထပ်ပြီး စဉ်းစားမနေနဲ့တော့.. ဘယ်သူမှ နင့်ကို လာရှာမှာ မဟုတ်ဘူး"

သူက လီရှောင်ယာကို ပွေ့ချီကာ လူနေအိမ်ရာဝင်းတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ "ဒီလောက်လှတဲ့ နေရာမျိုး နင် တစ်ခါမှ မမြင်ဖူးဘူးမလား.. ဦးလေးက ဒီမှာနေတာ.. ဦးလေးက နင့်ကို ဒီမှာခေါ်ထားမှာ.. ဒါက မင်းရှစ်ဘဝ ကုသိုလ်ပြုရင်တောင် မရနိုင်တဲ့ ကံထူးမှုမျိုးပဲ.. နားလည်လား"

ဤနေရာသည် ထိုမြို့နယ်ရှိ အဆင့်မြင့် လူနေအိမ်ရာဝင်းတစ်ခု ဖြစ်သည်။ မြို့ကြီးပြကြီးများနှင့် မယှဉ်နိုင်သော်လည်း ဒေသတွင်း၌မူ အလွန်နာမည်ကြီးပေသည်။

လီရှောင်ယာက အသံတိမ်တိမ်လေးဖြင့် ပြောလိုက်သည်။ "သမီး အဲ့ဒီကံထူးမှုကို မလိုချင်ပါဘူး"

ဦးလေးလီ၏ မျက်နှာထားမှာ ဒေါသကြောင့် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ ပြုံး၍ ပြောလေသည်။ "မင်းက ကောင်းမွန်တဲ့ဘဝကို မကြုံဖူးသေးလို့ပါ.. နေကြည့်လိုက်ရင် ပြန်တောင် မပြန်ချင်တော့ဘဲ နေမှာ"

သူတို့ စကားပြောနေကြစဉ်မှာပင် လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။ ကြည့်ရသည်မှာ စီးပွားပျက်နေပုံရ၏။

ထိုအမျိုးသားက လီရှောင်ယာကို ချက်ချင်း သတိထားမိလိုက်သည်။

မတတ်နိုင်ပေ။ ကလေးမလေးက အလွန်ချောမောလှပပြီး မျက်စိကျစရာ ဖြစ်နေသည်ကိုး။

ထိုလူ၏ မျက်လုံးများ အရောင်တောက်သွားသည်။

ဒါ ဟိုတလောက Maybach ကားကြီးနဲ့ မှိုရောင်းတဲ့ ကောင်မလေး မဟုတ်လား.. သူက ဒီမှာ နေတာလား.. ဟို သခင်လေးချင်များ ရှိနေမလားမသိဘူး။

တကယ်တော့ ထိုအမျိုးသားမှာ ဟိုတစ်နေ့က ဈေးကြီးပေးကာ မှိုများအကုန်သိမ်းကျုံးဝယ်သွားခဲ့သည့် လုပ်ငန်းရှင်အသေးစားလေးပင် ဖြစ်သည်။

ထိုစဉ်ကတည်းက သူတို့ကို စကားသွားပြောချင်သော်လည်း အခွင့်အရေး မရခဲ့ပေ။

ယခုတော့ အခွင့်အရေးက သူ့ဆီ တန်းတန်းမတ်မတ် ရောက်လာပြီပဲ ဖြစ်သည်!

"ညီလေး!" ထိုအမျိုးသားက အနားသို့ကပ်လာပြီး ဦးလေးလီကို စီးကရက် ကမ်းပေးရန် ပြင်လိုက်သည်။

ဦးလေးလီက ပြဿနာအရှုပ်အရှင်းများ မလိုချင်သဖြင့် မမြင်ချင်ယောင်ဆောင်ကာ တည့်တည့်သာ ဆက်လျှောက်သွားလိုက်သည်။

လီရှောင်ယာကလည်း မှတ်ဉာဏ်ကောင်းသူပီပီ ထိုလုပ်ငန်းရှင်ကို မှတ်မိနေလိုက်သည်။

သူမ ပါးစပ်ဟကာ အော်လိုက်မိ၏။ "ဦးလေး.. ကယ်ပါဦး.."

တခဏချင်းမှာပင် ဦးလေးလီက သူမ ထိုလူ့ကို သိနေမှန်း ရိပ်မိလိုက်သဖြင့် လီရှောင်ယာ၏ ပါးစပ်ကို အုပ်ကာ နားနားကပ်၍ ခြိမ်းခြောက်လေသည်။ "မင်း အသံထွက်ရဲရင် ဦးလေး နင့်ကို ကြိုးတုပ်ပြီး ရိုက်မှာနော်"

ထို့နောက် ဦးလေးလီက လီရှောင်ယာကို ပွေ့ချီကာ သုတ်ခြေတင် ထွက်ခွာသွားတော့သည်။

ထိုအမျိုးသားမှာ စီးကရက်ကို ကိုင်လျက်သားဖြင့် လေထဲတွင် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့၏။

ထိုအချိန်တွင် ဦးလေးလီ၏ ဇနီးဖြစ်သူက ပြုံးကာ ဝင်ပြောလိုက်သည်။ "လမ်းခရီးပန်းလာလို့ ကလေးက သိပ်နေမကောင်းချင်ဖြစ်နေတာ.. သူ့ကို အိပ်ရေးပျက်အောင် မလုပ်ပါနဲ့.. မဟုတ်ရင် ချော့ရခက်နေပါလိမ့်မယ်"

ထို့နောက် သူမလည်း အလျင်စလို နောက်မှ လိုက်သွားလေသည်။

ထိုအမျိုးသမီး၏ နောက်တွင်တော့ အသက် ၁၄၊ ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက် ပါလာပြီး ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာလေသည်။

ထိုအမျိုးသားက မိသားစု ထွက်ခွာသွားသည်ကို ကြည့်ရင်း တစ်စုံတစ်ခု လွဲမှားနေသည်ဟု ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

သူ့စီးပွားရေး ဒေဝါလီခံရတော့မည့်အရေးကို တွေးမိပြီးနောက် ထိုအမျိုးသားက သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ဘယ်မှာနေလဲဆိုတာ စုံစမ်းပြီး မနက်ဖြန်ကျရင် ဆေးလိပ်နဲ့ အရက်လက်ဆောင်ယူပြီး အလည်သွားရမည်။

ဦးလေးလီက အလွန်သန်မာသည်။ လီရှောင်ယာကို အောက်ချပေးလိုက်သည့်အခါ သူမ၏ ပါးစပ်တစ်ဝိုက်တွင် လက်ချောင်းရာများ ထင်ကျန်နေသည်ကို တွေ့ရ၏။

ဦးလေးလီက ခေါင်းခါရင်း ပြောလိုက်သည်။ "မင်း သိပ်စကားနားမထောင်ပါလား.. မင်းကို ကောင်းကောင်း ဆုံးမပေးမှ ရတော့မယ်"

ထို့နောက် သူ့မိန်းမဘက် လှည့်ကာ ပြောလိုက်သည်။ "သူ့ကို အခန်းထဲ ပိတ်ထားလိုက်.. စောင်တွေ၊ ရေတွေ ဘာမှမပေးနဲ့"

All Chapters