အခန်း (၇၇)
Vol. 8 Ch. 77
Chapter 77
"သူဌေးမု.. စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုပဲ ကြည့်လိုက်ကြတာပေါ့" ဟု ဝေရွှမ်မင်က ပြောလိုက်သည်။
"စစ်ဆေးမေးမြန်းခြင်း" ဆိုသည်မှာ အခြေခံအားဖြင့် အာဏာပြလိုခြင်း သက်သက်သာ ဖြစ်သည်။ နှစ်ဖက်စလုံးက မိမိတို့၏ အကြီးမားဆုံး ဝှက်ဖဲများကို ထုတ်ပြပြီးချိန်တွင် "စစ်ဆေးမေးမြန်းခြင်း" ပြုလုပ်ရန် မလိုအပ်တော့ပေ။ သို့မဟုတ်ပါက လူကြီးချင်း ထိပ်တိုက်တွေ့ပြီး ပြဿနာတက်ကုန်ကြပေလိမ့်မည်။
ထို့ကြောင့် မုရုန်ဖုန်းသည် ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။
လုခိုင်ရွှမ်သည် စောစောကတည်းက စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ပြင်ဆင်ထားပြီးဖြစ်ရာ လူလွှတ်၍ ယူခိုင်းလိုက်သည်။
သခင်လေးမုမှာမူ လုံးဝ စိတ်ပျက်အားငယ်နေရှာသည်။ ဤအခြေအနေသည် လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းနှင့် မည်သို့ ကွာခြားပါသနည်း။ သို့သော် ဖခင်ဖြစ်သူ၏ အလိုဆန္ဒကို သူ မလွန်ဆန်ရဲပေ။ မိဘများ စစ်မြေပြင်သို့ ဝင်ရောက်လာပြီဆိုပါက အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီ ဖြစ်သည်။
လုခိုင်ရွှမ် လက်ကိုမြှောက်ကာ "Play" ခလုတ်ကို နှိပ်လိုက်သည်။
နှစ်ဖက်စလုံး၏ မျက်လုံးရှေ့တွင် မြင်ကွင်းများ ပေါ်လာတော့သည်။
မှတ်တမ်းထဲတွင် ကောင်လေးက လီရှောင်ယာ အနားသို့ ဦးစွာ ကပ်သွားပြီး "ဟေ့... နင် အဲဒီမှာ ထိုင်လို့မရဘူး" ဟု ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်အထိ မုရုန်ဖုန်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသေးပေ။
ထို့နောက် လီရှောင်ယာကမေးလိုက်သည်။
"ငါကိုယ်တိုင်က အရမ်းစွမ်းနေရင်ရော"
ပြီးတော့ "ငါက လူရိုက်တာ အရမ်းတော်တယ်" ဟု ပြောလိုက်ပြန်သည်။
ဝေရွှမ်မင်၏ မျက်နှာထားသည် မသိမသာလေး ပြောင်းလဲသွားသည်။
ထို့နောက် လီရှောင်ယာက သခင်လေးမု၏ မျက်လုံးအိမ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဝေရွှမ်မင်၏ မျက်နှာထားသည် ပို၍ အဓိပ္ပာယ်ပါလာတော့သည်။
သို့သော် မုရုန်ဖုန်း၏ မျက်နှာထားမှာမူ မဲမှောင်သွားလေပြီ။
ထို့နောက် အခြားသူများက ရန်ပွဲကို ဝင်ဖျန်ဖြေကြသည်။ သူ့သားက လူတွေကို အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ထိုကောင်မလေးက ပို၍ပင် ကြမ်းတမ်းစွာဖြင့် သူ့သားကို ခွစီးကာ ထိုးနှက်တော့သည်။
ဤနေရာသို့ ရောက်သောအခါ မုရုန်ဖုန်း၏ မျက်နှာထားကို အလွန်အမင်း မကျေမနပ်ဖြစ်နေသည်ဟု ဖော်ပြရပေလိမ့်မည်။
"မုပိုင်... မင်းတတ်နိုင်တာ ဒီလောက်ပဲလား" မုရုန်ဖုန်းသည် ဒေါသထွက်လွန်းသဖြင့် ခါးသီးစွာ ရယ်မောရင်း သူ့သားကို စိုက်ကြည့်ကာ မေးလိုက်သည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ ကိုယ့်သားရင်း ဖြစ်နေသည်မို့ ကာကွယ်ပေးရပေဦးမည်။
"ကောင်မလေး... မင်းလက်ကလည်း တော်တော်လေး လေးတာပဲနော်" မုရုန်ဖုန်းက လီရှောင်ယာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
ဝေရွှမ်မင်က ဝင်ပြောသည်။
"မင်း မြှောက်ပြောလွန်းပါပြီ"
မုရုန်ဖုန်း _ "..."
အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အလျောက် ကလေးရန်ပွဲကိစ္စကို ဖြေရှင်းရာတွင် ဈေးသည်များကဲ့သို့ အမှားအမှန် ငြင်းခုံနေ၍ မဖြစ်ချေ။
မိဘနှစ်ပါးစလုံးသည် သီးသန့်စကားပြောရန် အခြားနေရာတစ်ခုသို့ တစ်ညီတစ်ညွတ်တည်း ရွှေ့ပြောင်းသွားကြသည်။
လုခိုင်ရွှမ်သည်လည်း အလျင်အမြန် လိုက်ပါသွားရသည်။ သူက ကြားခံလူအဖြစ်၊ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရမည်။ သို့မဟုတ်ပါက လူကြီးများ ဒေါသအရှိန်တက်လာလျှင် မည်သူမျှ လျှော့ပေးကြမည် မဟုတ်ဘဲ ဒီနေ့ကိစ္စသည် ပြီးဆုံးတော့မည် မဟုတ်ပေ။
"စပျစ်သီး စားဦးမလား" ချင်ဆွေ့က လီရှောင်ယာကို မေးလိုက်သည်။
လီရှောင်ယာ လက်ကာပြလိုက်ပြီး "တော်ပြီ... ဗိုက်ဝနေပြီ" ဟု ပြောသည်။
ထိုအေးချမ်းသော စကားပြောသံကို ကြားလိုက်ရမှသာ ဝေလင်းသည် ကြီးမားသော တုန်လှုပ်မှုကြီးမှ ရုန်းထွက်နိုင်ခဲ့သည်။
သူသည် ထိုကလေးများကို ကြည့်လိုက်မိပြီး... တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိထားမိလိုက်သည်။
ချင်ဆွေ့နှင့် ဝေဇီရှန်းတို့သည် မုရုန်ဖုန်းကို ကိုယ်တိုင်လာရောက်ဖြေရှင်းအောင် ဖိအားပေးခဲ့ကြသည်။
သို့သော် မုရုန်ဖုန်း ရောက်လာပြီးသည့်နောက်တွင်မူ သူတို့က ဝင်ရောက်စွက်ဖက်မည့်ပုံ မပေါ်တော့ပေ။
ပြီးတော့ အဘိုးကို ဘယ်သူဖုန်းဆက်ခေါ်လိုက်တာလဲ။ ဝေဝမ်ကျွမ်းတော့ မဖြစ်နိုင်၊ ဝေဝမ်ကျွမ်းအကြောင်း သူသိသည်။
မုရုန်ဖုန်း... မုရုန်ဖုန်းပဲ ဖြစ်ရမယ်။
ဝေလင်း ချက်ချင်း နားလည်သဘောပေါက်သွားသည်။
ဒါတွေအားလုံးက ထောင်ချောက်တစ်ခုပဲ။
အဘိုးကို လူကိုယ်တိုင် ထွက်လာအောင် လုပ်လိုက်တဲ့ ထောင်ချောက်တစ်ခု။
ဒါပေမဲ့ ဒီထောင်ချောက်ကို ဘယ်သူဆင်လိုက်တာလဲ။
ဝေလင်း၏ အကြည့်များသည် ဝေဝမ်ကျွမ်း မျက်နှာပေါ်သို့ ရောက်သွားသည်။ သူ့မှာ ဒီလို ဉာဏ်မျိုး၊ နည်းဗျူဟာမျိုး မရှိနိုင်ပေ။
... ချင်ဆွေ့လား။
လီရှောင်ယာအတွက် ချင်ဆွေ့ ဆင်ပေးလိုက်တဲ့ ထောင်ချောက်လား။
ဒါပေမဲ့ ချင်ဆွေ့က ဘာကိစ္စနဲ့ ဒီလောက်ထိ လုပ်ပေးရမှာလဲ။
ဝေလင်း မျက်လုံးထဲသို့ တစ်စုံတစ်ခု ဝင်သွားသကဲ့သို့ စူးခနဲ ခံစားလိုက်ရသည်။
ချွေးများ စီးကျပြီး မျက်လုံးထဲ ဝင်သွားခြင်း ဖြစ်သည်။
သူသည် လီရှောင်ယာကို စူးစိုက်ကြည့်နေမိသည်။
ငါတို့ရဲ့ သခင်မလေး... ငါ မင်းကို လျှော့တွက်မိသွားတယ်...။
"ဝေလင်းက မင်းကိုကြောက်ပြီး လန့်နေပြီ" ချင်ဆွေ့က လီရှောင်ယာ၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
လီရှောင်ယာကလည်း ချင်ဆွေ့နားနားသို့ ပြန်ကပ်ကာ မေးသည်။
"သူက အဲဒီလောက်တောင် သရဲဘောကြောင်တာလား"
ချင်ဆွေ့က လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
"အင်း... ဒါကြောင့် သူ့ကို စိတ်ပူစရာ မလိုဘူး"
သူ စကားကို ခေတ္တရပ်ပြီးနောက် "စဉ်းစားကြည့်ရအောင်... မင်းအဘိုးက ဘာလို့ ပြင်ပကိစ္စတွေကို ဒီလိုလူလက်ထဲ အပ်ထားတယ်လို့ ထင်လဲ" ဟု မေးသည်။
"သူက စီးပွားရေးလုပ်တာ တော်လို့လား"
"ကြေးစား မန်နေဂျာတွေလည်း တော်ကြတာပါပဲ။ တခြားအကြောင်းအရင်း ရှိမယ်လို့ ကိုယ်ထင်တယ်"
"သူက မွေးစားသားမို့လို့လား"
"အင်း... အဲဒါလည်း အကြောင်းအရင်း တစ်ချက်ဖြစ်လောက်တယ်။ နောက်ထပ်ရော"
"နောက်ထပ်က..." လီရှောင်ယာ ခေါင်းငုံ့စဉ်းစားလိုက်ပြီး "ဦးလေးတို့ဆီမှာ မရှိတဲ့အရာတစ်ခု သူ့မှာ ရှိနေလို့လား"
"အဲဒါ ဘာဖြစ်မယ်ထင်လဲ" ချင်ဆွေ့က စိတ်ရှည်လက်ရှည် လမ်းပြပေးနေသည်။
"သူက လူဆိုးဖြစ်နေလို့လား" လီရှောင်ယာ ဒီလောက်သာ စဉ်းစားမိသည်။
"မလုံလောက်သေးဘူး... ဘာရှိဦးမလဲ"
"အမ်... သူက အရမ်းရဲတင်းတယ်။ ဦးလေးကို အနိုင်ကျင့်ရဲတယ်။ မေမေ့ကို နာကျင်အောင် လုပ်ရဲတယ်။ ပြီးတော့ သမီးကိုတောင် သူ့စကားနားထောင်ခိုင်းချင်နေသေးတယ်"
လီရှောင်ယာ၏ အဖြေကို ချင်ဆွေ့ အလွန်ကျေနပ်သွားသည်။ သူက "အဲဒါကို တခြားစကားလုံး တစ်လုံးနဲ့ သုံးပြီး ပြောလို့ရတယ်။ 'ရည်မှန်းချက်ကြီးတာ' ပေါ့" ဟု တိုးတိုးလေး ပြောပြသည်။
"ဪ... သဘောပေါက်ပြီ" လီရှောင်ယာ၏ မျက်လုံးများ အရောင်တောက်လာသည်။
ချင်ဆွေ့သည် ဖန်ဆင်းရှင်၏ ပြီးပြည့်စုံသော လက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ လီရှောင်ယာ၏ မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။
သူက မေးလိုက်သည်။
"မင်းအဘိုးက မင်းကို သေချာပေါက် သဘောကျလိမ့်မယ်။ အရမ်းကို သဘောကျမှာ။ ဒီနေ့က တကယ့်ကို ကောင်းမွန်တဲ့ အစပျိုးမှုပဲ။ လီရှောင်ယာ... အခု ဘာဆက်လုပ်ရမလဲ မင်းသိတယ်မလား"
လီရှောင်ယာ ခေါင်းကို တွင်တွင်ညိတ်လိုက်သည်။
ဝေဇီရှန်းသည် မျက်နှာထား တင်းတင်းဖြင့် ကိုယ်ကိုကိုင်းလိုက်ပြီးပြောလိုက်သည်။
"မင်းတို့နှစ်ယောက် တိုးတိုး တိုးတိုး လုပ်နေတာ ရပ်လို့မရဘူးလား"
ချင်ဆွေ့က အနည်းငယ် ခွာလိုက်ပြီးပြောသည်။ "မင်း ဓာတ်ပုံရိုက်ပြီး ရှန်းယွီရှောင်ဆီ ပို့လိုက်လည်း ငါကတော့ မမှုဘူးနော်"
ဝေဇီရှန်း ပြောစရာစကား ပျောက်သွားသည်။
ဒါပေမဲ့ ငါက မှုတယ်ကွ!
ထိုအချိန်တွင် တံခါးပြန်ပွင့်လာသည်။
အဘိုးဝေနှင့် မုရုန်ဖုန်းတို့ အတူတူ လမ်းလျှောက်ထွက်လာကြသည်။ သီးသန့်ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် သဘောတူညီမှု ရသွားကြပုံရသည်။
"မင်းက သူ့ကို အရင်သွားစတာ။ သူ့ကို တောင်းပန်လိုက်" မုရုန်ဖုန်းက သူ့သားကို ပြောလိုက်သည်။
သခင်လေးမုသည် ဒီနေ့အတွက် မျက်နှာ လုံးဝပျက်ခဲ့ရပြီ ဖြစ်သည်။
သို့သော် မျက်နှာ လုံးဝပျက်ခဲ့ရပြီ ဖြစ်သည့်အတွက် ခေါင်းမာနေစရာ အကြောင်းလည်း မရှိတော့ပေ။ သူသည် သစ်တုံးကဲ့သို့ မျက်နှာထားဖြင့် "ငါ တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
ထိုအခါမှ ဝေရွှမ်မင်က လီရှောင်ယာကို ကြည့်ပြီး "မင်းက သူ့ကို နာအောင်လုပ်ထားတာဆိုတော့ မင်းအလှည့်ပဲ... တောင်းပန်လိုက်" ဟု ပြောသည်။
လီရှောင်ယာက လိမ္မာစွာဖြင့် "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
ဒီအဆင့်ရောက်လျှင် နှစ်ဖက်စလုံး တောင်းပန်ပြီးပြီ ဖြစ်၍ ကိစ္စပြီးဆုံးသင့်ပြီ ဖြစ်သည်။
သို့သော် လီရှောင်ယာက စောစောက ဆိုဖာခုံများကို လက်ညှိုးထိုးကာ "အခု အဲဒီနေရာမှာ ထိုင်လို့ရပြီလား" ဟု သခင်လေးမုအား မေးလိုက်သည်။
သခင်လေးမုမှာ အရှက်လည်းရ ဒေါသလည်းထွက်ဖြင့် "ရတယ်" ဟု စကားတစ်လုံးကို မနည်းညှစ်ထုတ် ပြောလိုက်ရသည်။
မူလက နှစ်ဖက်စလုံး တောင်းပန်လိုက်ကြသော်လည်း လီရှောင်ယာ၏ မေးခွန်းက သူမကို ပိုမိုမြင့်မားသော နေရာသို့ ချက်ချင်း ရောက်သွားစေသည်။
ထိုစကားကို ကြားသောအခါ ဝေရွှမ်မင်ပင်လျှင် လီရှောင်ယာကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ့မျက်နှာထားမှာ ပို၍ ရှုပ်ထွေးနက်နဲလာသည်။
ချင်ဆွေ့သည် လီရှောင်ယာကို လက်ခုပ်တီးပေးချင်စိတ် ပေါက်သွားသည်။
နားလည်လွယ်သလို တစ်ဆင့်စကား တစ်ဆင့်နွှာပြီး ကောက်ချက်ချရာတွင်လည်း အလွန်ထူးချွန်သည်။
ဒီလိုမိန်းကလေးမျိုးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ။
"အချိန်လည်း နောက်ကျနေပြီ။ ကျုပ်ကလည်း အရိုးဆွေးေနပြီဆိုတော့ တစ်ညလုံး မနေနိုင်တော့ဘူး သူဌေးမု ကျုပ် အရင်ပြန်နှင့်တော့မယ်" ဝေရွှမ်မင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကျွန်တော်လည်း ပြန်သင့်ပါပြီ" မုရုန်ဖုန်းက အတင်းအဓမ္မ ပြုံးရင်း ပြောလိုက်သည်။
ဝေရွှမ်မင်က လှည့်ထွက်သွားပြီး တုတ်ကောက်ကို ထောက်ကာ ရှေ့ဆုံးမှ လျှောက်သွားသည်။
ဝေလင်း ထရပ်ပြီး အနောက်မှ လိုက်ပါသွားသည်။
ဝေဝမ်ကျွမ်းက လီရှောင်ယာ၏ လက်ကိုဆွဲကာ နောက်ဆုံးမှ လိုက်ပါသွားသည်။
လီရှောင်ယာသည် ခေါင်းလှည့်ပြီး ချင်ဆွေ့နှင့် ဝေဇီရှန်းကို "ကျေးဇူးတင်ပါတယ်" နှင့် "နှုတ်ဆက်ပါတယ်" ဟု ပါးစပ်လှုပ်ရုံဖြင့် ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ မုရုန်ဖုန်း ကားပေါ်ရောက်သည်နှင့် သူ့သားကို မဆူဘဲ မနေနိုင်တော့ချေ။ "ငါ မင်းကို ဒီလိုပဲ သင်ပေးထားတာလား။ မင်းက ခေါင်းဆောင်ဖြစ်ချင်ရင် အရည်အချင်းရှိမှပေါ့ကွ။ ကောင်မလေးတစ်ယောက်ကို ရှုံးနိမ့်ပြီး မင်းအဖေကိုပါ လာအရှက်ခွဲနေတယ်"
လက်ထောက်ဖြစ်သူက ဪ
"သခင်လေးကို တိုက်ကွမ်ဒို သင်တန်းတွေ ထပ်အပ်ပေးလိုက်ရင် ကောင်းမလား"
မုရုန်ဖုန်းက မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဘာတိုက်ကွမ်ဒို သင်တန်းလဲ။ သူက အဲဒီကောင်မလေးကို ခွန်အားချင်းလည်း မယှဉ်နိုင်ဘူး။ ဉာဏ်ချင်းလည်း မယှဉ်နိုင်ဘူး"
သခင်လေးမုမှာ မကျေနပ်နိုင်သေးဘဲ သူ့အဖေကို ပြန်ပြောရန် ကြိုးစားသည်။ "ကျွန်တော် ဘယ်တုန်းက ဉာဏ်ချင်း ယှဉ်လိုက်လို့လဲ"
"မင်းက ဒီလို တုံးအတဲ့မေးခွန်းမျိုး မေးနိုင်သေးတယ်ပေါ့" မုရုန်ဖုန်း တကယ် ဒေါသထွက်သွားသည်။ "မင်းက သူ့ကို သွားရန်စတယ်... ပြီးတော့ သူ့ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ခုန်ဆင်းသွားတယ်လေ"
သခင်လေးမုက ဘာထောင်ချောက်လဲဟု မေးချင်သော်လည်း သူ့အဖေက သူ့ကို ငတုံးသု ဆက်ပြောနေမည် စိုးသဖြင့် ထိန်းထားလိုက်ရသည်။
သို့သော် သူ့ကလေး၏ ကလေးကွက်များကို ဖခင်ဖြစ်သူက မည်သို့ မသိဘဲ နေမည်နည်း။
မုရုန်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ "မင်း ဘယ်ထောင်ချောက်ထဲ ကျသွားမှန်း မသိသေးဘူးမလား။ ဝေမိသားစုက အခုမှ ပြည်တွင်းကို ပြန်ရောက်တာ။ သူတို့အာဏာတည်မြဲဖို့ မင်းကို အသုံးချသွားတာကွ။ ဒါတင်မကဘူး... ဝေမိသားစုထဲမှာ ပြဿနာတွေ ရှိနေတာ သေချာတယ်။ ဒီနေ့ အဲဒီကောင်မလေးက သူ့အဘိုးကို မျက်နှာထွက်ပြအောင် အတင်းဖိအားပေးလိုက်တာပဲ။ မင်းလုပ်တာ သိပ်ကောင်းတယ်... သူတို့လက်ထဲ အခွင့်အရေး ထိုးထည့်ပေးလိုက်သလို ဖြစ်သွားပြီ။ အရိုက်လည်းခံရ၊ အသုံးလည်းချခံရ၊ ပြီးတော့ ပြန်တောင်းပန်လိုက်ရသေးတယ်"
သခင်လေးမု ကြောင်အသွားသည်။ "ဒါဆို... ဒါဆို ဘာလို့ ဖေဖေက ကျွန်တော့်ကို တောင်းပန်ခိုင်းလိုက်တာလဲ"
"တခြား ဘာလုပ်လို့ရမှာလဲ။ ဟမ်... မင်းက စပြီးရန်စတာ၊ ပြီးတော့ မင်းပဲ ရှုံးတာလေ။ မင်းက ကောင်မလေးတစ်ယောက်ကိုတောင် မယှဉ်နိုင်တာ။ မင်းအဖေက မင်းဘက်ကနေ မျက်နှာပြောင်တိုက်ပြီး ကာကွယ်ပေးစေချင်လို့လား"
မုရုန်ဖုန်းသည် ဒေါသစကားများကို တရစပ် ပြောဆိုလိုက်တော့သည်။
သို့သော် သူကိုယ်တိုင် ထောင်ချောက်ထဲ ကျသွားကြောင်းကိုမူ ထည့်မပြောခဲ့ပေ။
တကယ်တမ်း ဝေရွှမ်မင်ကို ဖုန်းဆက်ခေါ်လိုက်သူမှာ သူပင် မဟုတ်လား။
မုရုန်ဖုန်းသည်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။ သူရောက်လာချိန်တွင် ချင်ဆွေ့နှင့် ဝေဇီရှန်းတို့ စကားသိပ်မပြောဘဲ နေနေသည်ကို မြင်လိုက်ကတည်းက တစ်ခုခု လွဲချော်နေကြောင်း သိလိုက်သည်။
မဆိုးဘူး... ဒီထောင်ချောက်ကြီးက သူ့ကိုတောင် မျှားခေါ်ရဲတယ်။
ကလေးတစ်သိုက်ကလေ... အငယ်ဆုံးက ခုနစ်နှစ်ပဲ ရှိသေးတယ်!
မုရုန်ဖုန်း သူ့သားငယ်ကို ထပ်ကြည့်လိုက်ပြီး ကြည့်လေ ဒေါသထွက်လေ ဖြစ်နေသည်။ သူ့ထက် သုံးနှစ်ကြီးပြီး ဘာမှ သုံးစားမရပါလား။
"သူ့ကို ကျူရှင်အတန်း နှစ်ခုလောက် ထပ်တိုးပေးလိုက်" မုရုန်ဖုန်း အေးစက်စွာ အမိန့်ပေးလိုက်သည်။
သခင်လေးမု၏ မျက်နှာ ဖြူဖျော့သွားသည်။
အခုတော့ သူ တကယ် နောင်တရနေလေပြီ။
အကြီးအကျယ် နောင်တရနေမိသည်။
ဒီလိုဖြစ်မယ်မှန်းသာ သိရင် သူက ဘယ်နေရာမှာ ထိုင်ထိုင် ဘာဂရုစိုက်စရာ လိုလို့လဲ။
ဒါပေမဲ့ ဒါကလည်း သူ့အဖေ သင်ပေးထားတာပဲလေ။ ရှန်းယွီရှောင်တို့ ချင်ဆွေ့တို့လို သူ့အရွယ် ဒုတိယမျိုးဆက် သူဌေးသားတွေကြားမှာ ခေါင်းဆောင်ဖြစ်ရမယ်ဆို။
အဖေ့အမှားပဲ!
အခြားတစ်ဖက်တွင်မူ...
ဝေရွှမ်မင်သည် ကားနားသို့ လျှောက်သွားပြီး ရပ်တန့်ကာ ဝေဝမ်ကျွမ်းကို ကြည့်၍ပြောလိုက်သည်။
"သူက မင်းထက် တော်တယ်"
ထိုစကားလုံးများသည် သားတစ်ယောက်အနေဖြင့် ကြားရလျှင် ရင်ကို ထိုးခွဲသကဲ့သို့ နာကျင်စေမည့် စကားများ ဖြစ်သည်။
သို့သော် ဝေဝမ်ကျွမ်းသည် ယခင်ကနှင့် မတူတော့ပေ။ ရုတ်တရက်ဆိုသလို သိပ်ပြီး နာကျင်ရမလို မခံစားရတော့ချေ။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် အဘိုးအိုသည် လီရှောင်ယာကို ချီးကျူးနေခြင်း ဖြစ်သောကြောင့်ပင်။
အဘိုးက ရှောင်ယာ့လုပ်ရပ်ကို မမှားဘူးလို့ ထင်နေတယ်... ဒါက အရမ်းကောင်းတာပေါ့။
"သွားကြစို့" ဝေရွှမ်မင် အမိန့်ပေးလိုက်ရာ အခြားသူများလည်း သက်ဆိုင်ရာ ကားများပေါ်သို့ တက်လိုက်ကြသည်။
အဘိုးအိုသည် သူစီးလာသည့် ကားပေါ်တွင် ပြန်ထိုင်လိုက်ပြီး လီရှောင်ယာသည် ဝေဝမ်ကျွမ်းနှင့် အတူတူ၊ ဝေလင်းက သီးသန့်ကားတစ်စီးဖြင့် လိုက်ပါလာကြသည်။
အဘိုးအို၏ ကားက ရှေ့မှ ဦးဆောင်မောင်းနှင်ပြီး အခြားသော တရုတ်ရိုးရာ ဥယျာဉ်ပုံစံ အိမ်တော်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ဝေဝမ်ကျွမ်း လုံးဝ အံ့အားသင့်သွားရသည်။
သူ့အဖေက ကွမ်ဟွာဗီလာမှာ လုံးဝ နေထိုင်ခဲ့ခြင်း မရှိပါလား။
ဒါကို သူ လုံးဝ မသိခဲ့ရပေ။
လီရှောင်ယာလည်း အံ့သြလွန်း၍ မျက်လုံးများ ပြူးကျယ်သွားသည်။
တော်သေးတယ်... တော်သေးတာပေါ့။ သူ ရန်ဖြစ်လိုက်မိလို့၊ ဒါမှမဟုတ်ရင် အဘိုးကို ဘယ်တော့မှ တွေ့ခွင့်ရမှာ မဟုတ်ဘူး။
"သခင်ကြီး"
"သခင်ကြီး..."
အိမ်တော်မှ အစေခံများက ရိုသေစွာ နှုတ်ဆက်ကြပြီး လီရှောင်ယာကို စူးစမ်းသလို ကြည့်လိုက်ကြသည်။
လူတိုင်း ကားပေါ်မှ အသီးသီး ဆင်းလာကြပြီးနောက်၊
ဝေရွှမ်မင်သည် ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကာ ဝေလင်းအား တုတ်ကောက်ဖြင့် ရိုက်ချလိုက်တော့သည်။
ဝေလင်းသည် အရိုက်ခံလိုက်ရသဖြင့် ဒူးထောက်ကျသွားပြီး နာကျင်စွာ ညည်းညူလိုက်မိသည်။
ဝေဝမ်ကျွမ်းသည် ခေါင်းမော့ပြီး အားရပါးရ ရယ်မောပစ်ချင်စိတ် ပေါက်သွားသည်။
သူ တစ်ခါမှ... တစ်ခါမှ ဒီလောက်ထိ ကျေနပ်မှုကို မခံစားခဲ့ရဖူးေပ။