← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

Chapter 14

ရှန်းယွီရှောင်တို့လို အသိုင်းအဝိုင်းတွင် လူတစ်ယောက်ကို လက်ညှိုးထိုးရွေးထုတ်လိုက်လျှင်ပင် ထိုသူ၏ ပိုင်ဆိုင်မှုမှာ ဆယ်သန်းကျော် ရှိနေတတ်ပေသည်။

ကြီးမားလှသော ကြွယ်ဝချမ်းသာမှုနှင့် လေးစားဖွယ် လူမှုအဆင့်အတန်းတို့ကြောင့် သူတို့တွင် ပူပင်သောကဟူ၍ ရှိမည်မဟုတ်ဟု ထင်မှတ်စရာပင်။

သို့သော် ကလေးပြုစုပျိုးထောင်ခြင်းကိစ္စတွင်တော့ ထိုသို့မဟုတ်ချေ။

မစ္စစ်ချင်သည် နူးညံ့သိမ်မွေ့ပြီး စာနာတတ်သော စိတ်သဘောထားရှိသော်လည်း အမြဲတမ်း မျက်နှာသုန်မှုန်နေပြီး အပြုံးအရယ်မရှိသည့် သားတစ်ယောက်ကို မွေးဖွားမိလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ဖူးပေ။

မစ္စစ်ချင်ခမျာ သူမ၏သားဖြစ်သူမှာ အရွယ်ရောက်လာပါက အမှတ်သည်းခြေမရှိသော လူသတ်သမားတစ်ဦးဖြစ်လာပြီး ထောင်နန်းစံရလိမ့်မည်ဟု အိပ်မက်ဆိုးများပင် မက်ရှာလေ၏။

အစပိုင်းတွင် မစ္စစ်ချင်က သားဖြစ်သူ၌ သူငယ်ချင်းနည်းပါးလွန်းသောကြောင့် ဖြစ်မည်ဟု တွေးမိသည်။

ထို့ကြောင့် ချင်ဆွေ့ခမျာ သူငယ်ချင်းများကို စတင်ဖွဲ့ရရှာသည်။

ယခုအခါ ချင်ဆွေ့တွင် နောက်လိုက်နောက်ပါများ မရေမတွက်နိုင်အောင် ရှိနေပြီဖြစ်သော်လည်း သူ၏စရိုက်မှာမူ ယခင်အတိုင်း သုန်မှုန်နေဆဲပင် ဖြစ်ချေသည်။

ထိုအကြောင်းကို တွေးတောရင်း မစ္စစ်ချင်တစ်ယောက် မျက်ရည်ကျလာရလေ၏။

အေးဆေးတည်ငြိမ်သော စရိုက်ရှိသည့် မစ္စတာချင်သည် ဇနီးဖြစ်သူ၏ သနားစဖွယ် ငိုကြွေးနေပုံကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။

"ကဲ... သူ့ကိုပါ အဲ့ဒီအစီအစဉ်ထဲ လွှတ်လိုက်ကြစို့"

ထိုအခါ ချင်ဆွေ့က ကြားဖြတ်ပြောလိုက်သည်။

"ကျွန်တော့်သဘောထားကိုရော မေးကြသေးရဲ့လား"

မစ္စတာချင်သည် မကြားလိုက်သည့်အလား ဖုန်းကိုထုတ်လိုက်ပြီး ပြောလိုက်လေ၏။

"ခဏနေဦး... ရိုက်ကူးရေးအဖွဲ့ရဲ့ ဆက်သွယ်ရန်နံပါတ်ကို ငါရှာလိုက်အုံးမယ်"

မစ္စစ်ချင်က ခင်ပွန်းသည်၏ လက်မောင်းကို မှီတွယ်ရင်း ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြရှာသည်။

ချင်ဆွေ့ခမျာ ပြောစရာစကားပင် မရှိတော့ပေ။

"မေမေ... ဖေဖေ... သားမသွားဘူးနော်"

မစ္စတာချင်က လှည့်ပင်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

"ကောင်းပြီ... ဖုန်းနံပါတ်ရပြီ"

မစ္စစ်ချင်က ဝမ်းသာအားရ ရေရွတ်လိုက်လေ၏။

"ဒါ သိပ်ကောင်းတာပဲ"

ချင်ဆွေ့ခမျာ ဆွံ့အလျက် ကျန်ရစ်ခဲ့ရတော့သည်။

---

ထိုအချိန်တွင် အစီအစဉ်၏ အမှုဆောင် ဒါရိုက်တာထံသို့ မျှော်လင့်မထားသော ဖုန်းတစ်ကော ဝင်လာခဲ့လေသည်။

"ဟဲလို... ဘယ်သူပါလဲခင်ဗျာ"

"ချင်ဟောက်မင်း ပါ"

ဒါရိုက်တာက ချင်ဟောက်မင်းဆိုတာ ဘယ်သူလဲဟု စဉ်းစားလိုက်မိသည်။ ခင်ဗျားက ဘယ်သူလဲဆိုတာ တိတိကျကျ ပြောမှပေါ့၊ ဘယ်ကုမ္ပဏီကလဲ၊ ပူးပေါင်းဆောင်ရွက်ဖို့လား၊ ဘာလားဆိုတာမျိုးလေ ဟု တွေးနေမိသည်။

ထိုအတွေးများ ဒါရိုက်တာ့ခေါင်းထဲ ဝင်လာပြီးနောက် တဒင်္ဂအတွင်းမှာပင် သူသတိရသွားလေ၏။

ချင်ဟောက်မင်း...။

တစ်ဦးတည်းသော ချင်ဟောက်မင်းပါလား။ ကမ္ဘာအနှံ့ ဇိမ်ခံကုန်တိုက်ကြီးများ ဖွင့်လှစ်ထားပြီး အချမ်းသာဆုံး စာရင်းတွင် ထိပ်ဆုံးက ပါဝင်နေသူကြီး ဖြစ်ပေသည်။

သူက ဘယ်ကုမ္ပဏီ၊ ဘယ်သူဘယ်ဝါဆိုတာ ပြောပြနေစရာပင် မလိုချေ။

"မစ္စတာ... မစ္စတာချင်ပါလားခင်ဗျာ"

ဒါရိုက်တာခမျာ စကားများပင် ထစ်ငေါ့ကုန်တော့သည်။ မစ္စတာချင်က သူ့ဆီ ကိုယ်တိုင် ဖုန်းဆက်လာသည်တဲ့လား။

"အင်း... ခင်ဗျားတို့ရဲ့ အစီအစဉ်ကို ကျွန်တော်ကြည့်ဖူးတယ်၊ မဆိုးပါဘူး"

မစ္စတာချင်က အလွန်အလုပ်ရှုပ်သူပီပီ စကားကို ခေတ္တရပ်လိုက်ပြီး တိုတိုတုတ်တုတ်ပင် ပြောလိုက်လေသည်။

"ကျွန်တော့်သားကို အဲ့ဒီလွှတ်လိုက်ချင်လို့... ခင်ဗျားဘယ်လိုသဘောရလဲ"

ဤအရာက အံ့ဩစရာကောင်းရုံသာမက ထိတ်လန့်စရာပင် ကောင်းလှပေသည်။ ဒါရိုက်တာ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အကျပ်ရိုက်သွားကာ ပြန်မေးလိုက်မိသည်။

"ရှန်းမိသားစုက သခင်လေးလည်း ဒီအစီအစဉ်ထဲမှာ ရှိနေတယ်ဆိုတာ... ခင်ဗျား သိပါတယ်နော်"

ခင်ဗျားရဲ့ သားကို "အကောင်" လို့ ခေါ်ဖူးတဲ့ လူလေ။

"သိတာပေါ့... ဒါကြောင့်လည်း ကျွန်တော့်သားကို ခင်ဗျားဆီ လွှတ်ဖို့ စဉ်းစားလိုက်တာလေ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီအကြံမျိုး ထွက်လာပါ့မလဲ"

"ဒါပေမဲ့... ဒါပေမဲ့ ခင်ဗျားရဲ့ သားနဲ့ ရှန်းမိသားစုက အမွေဆက်ခံသူနဲ့က သိပ်ပြီး တည့်ကြတာ မဟုတ်ဘူးနော်..."

ဒါဆိုရင် ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး ကမောက်ကမတွေ ဖြစ်ကုန်ကြမှာ မဟုတ်ပါလား။

"သူတို့ မတည့်ကြလို့ကိုပဲ သွားဖို့ လိုအပ်တာပေါ့၊ ယောက်ျားလေးတွေဆိုတာ စိတ်ဓာတ်ကောင်းတွေ ဖွံ့ဖြိုးလာဖို့ဆိုရင် များများပြိုင်ဆိုင်ကြဖို့ လိုတယ်"

"..."

ဒါရိုက်တာခမျာ ဘာပြောရမှန်း မသိတော့ချေ။

"ဒါပေမဲ့ အစီအစဉ်ရဲ့ စည်းမျဉ်းအရ ပါဝင်သူတစ်ယောက်တည်းပဲ လက်ခံလို့ရတာပါ"

"အင်း... စည်းမျဉ်းပြင်ဖို့ ဘယ်လောက်ရင်းနှီးမြှုပ်နှံရမလဲ... သန်း ၃၀ လောက်ဆို လုံလောက်မလား... မရရင် သန်း ၅၀... သန်း ၆၀ ဆိုရော"

ဒါရိုက်တာက သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

သူ၏ အစီအစဉ်မှာ မူလက သာမန်အစီအစဉ်လေးတစ်ခုမျှသာ ဖြစ်သည်။ ရှန်းယွီရှောင်၏ မိခင်သာ စိတ်မဝင်စားခဲ့ပါက ယခုလောက် ရင်းနှီးမြှုပ်နှံမှုမျိုးပင် ရရှိခဲ့မည် မဟုတ်ပေ။

မစ္စတာချင်က ဒီလောက်အထိ ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

သို့သော် ဒါရိုက်တာက စိတ်ကိုတင်း၍ ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်လေသည်။

"တောင်းပန်ပါတယ် မစ္စတာချင်... တကယ်ပဲ မဖြစ်နိုင်လို့ပါ၊ ဒီအစီအစဉ်က ဘဝခြင်းလဲလှယ်ရေးအတွက် ဧည့်သည်တစ်ယောက်ပဲ လက်ခံလို့ရတာပါခင်ဗျာ"

"နှမြောစရာပဲကွာ"

ချင်ဟောက်မင်းက ပြောပြီးသည်နှင့် ဖုန်းချသွားလေ၏။

ဒါရိုက်တာခမျာ ဤမျှကြီးမားသော အခွင့်အရေးကြီး လက်လွတ်သွားရသည့်အတွက် ငိုကြွေးမိမတတ် ဖြစ်သွားသော်လည်း ပြန်တွေးကြည့်သောအခါ ရှန်းမိသားစုမှ သခင်လေး၏ လက်ချက်ဖြင့် ခေါင်းပြုတ်မသွားရသည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူရပေတော့မည်။

ချင်ဆွေ့ဘက်တွင်တော့ ဖခင်ဖြစ်သူနှင့် ရိုက်ကူးရေးအဖွဲ့တို့ ပြောဆိုသည့် စကားများကို အစအဆုံး ကြားလိုက်ရလေသည်။ တော်သေးတာပေါ့၊ အစီအစဉ်ရဲ့ စည်းမျဉ်းတွေက ခွင့်မပြုလို့။ အခွင့်ကြုံတဲ့အခါကျရင် အဲ့ဒီစည်းမျဉ်းတွေကို သေချာမှတ်ထားပြီး ချီးကျူးပေးရဦးမည်ဟု သူတွေးလိုက်သည်။

ချင်ဆွေ့တစ်ယောက် ကျေနပ်စွာဖြင့် အပေါ်ထပ်သို့တက်ကာ အနားယူလိုက်တော့သည်။

မစ္စစ်ချင်မှာမူ ခင်ပွန်းဖြစ်သူကိုကြည့်ကာ သက်ပြင်းချရင်း ကျန်ရစ်ခဲ့လေ၏။

"သူတို့က ဘာလို့ ခွင့်မပြုတာလဲ နှမြောစရာကောင်းလိုက်တာ၊ သိပ်ကောင်းတဲ့ အခွင့်အရေးကြီးကို"

---

လီမိသားစုရွာလေးတွင် မိုးရွာပြန်လေပြီ။

ရှန်းယွီရှောင်သည် အပေါက်အပြဲများဖြင့် ထီးအစုတ်ကလေးကို ကိုင်လျက် လီရှောင်ယာကို ကျောင်းလိုက်ပို့နေသည်။ လမ်းလျှောက်နေရင်း သူက ပြောလိုက်သည်။

"ငါတို့ဆီမှာ ပိုက်ဆံနည်းနည်း ကျန်ပါသေးတယ်၊ တခြားအချိန်ကျမှ ဒီထီးအစုတ်ကြီးကို သွားလဲကြတာပေါ့၊ ဒါက ဘာထီးကြီးလဲ... ဘယ်ဘက်နားရွက်ကိုလုံရင် ညာဘက်နားရွက်က မလုံပြန်ဘူး"

ထီးတွင် ရေယိုနေသော အပေါက်များကလည်း ရှိနေသေးသည်။

လီရှောင်ယာက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"မှိုသွားခူးပြီး မြို့ထဲသွားရောင်းကြမယ်လေ၊ မြို့ထဲမှာ ဝယ်စရာတွေ အများကြီးရှိတယ်တဲ့၊ ထီးလည်း ရောင်းမှာပဲ"

လီရှောင်ယာသည် နောက်ဆုံးတွင် ကလေးတစ်ယောက် ရှိသင့်ရှိထိုက်သော စူးစမ်းလိုစိတ်ကို ပြသလာလေသည်။ သူမသည် နှုတ်ခမ်းကိုသပ်ကာ မျက်လုံးများ အရောင်တောက်လျက် ပြောလိုက်သည်။

"သမီး မြို့ထဲကို တစ်ခါမှ မရောက်ဖူးဘူး"

ရှန်းယွီရှောင်က သူမ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

"ကိုကို လိုက်ပို့ပေးမယ်"

လီရှောင်ယာက သူ၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။

ရှန်းယွီရှောင်က ခေါင်းငုံ့ကြည့်လိုက်သည်။

"ဟင်... ဘာဖြစ်လို့လဲ"

လီရှောင်ယာက အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်လိုက်သည်။ လျှော်ဖပ်ထားရလွန်းသဖြင့် အရောင်လွင့်ကာ နွမ်းနေပြီဖြစ်သော်လည်း အလွန်သန့်ရှင်းနေသည်။ သူမသည် ထိုပုဝါဖြင့် ရှန်းယွီရှောင်၏ နားရွက်မှ ရေများကို သုတ်ပေးလိုက်လေသည်။

ရှန်းယွီရှောင်သည် သူမ၏ခေါင်းကို ထပ်မံပုတ်ပေးလိုက်ပြီး မေးလိုက်သည်။

"မြို့ထဲ တစ်ခါမှ မရောက်ဖူးဘဲနဲ့ ခူးထားတဲ့မှိုတွေကို ဘယ်လိုလုပ် ရောင်းတာလဲ"

"ရွာထဲက ဦးလေးတုံးက မှိုတွေအများကြီး ဝယ်ပြီးရင် မြို့ထဲသွားရောင်းတာလေ"

"အော်... ဒါဆို ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင်ခူးထားတဲ့ မှိုတစ်ခြင်းလုံးကို ဘယ်လောက်နဲ့ ရောင်းလိုက်ရလဲ"

"သုံးယွမ်ပါ"

"သုံးယွမ်ဟုတ်လား"

ရှန်းယွီရှောင်၏ မျက်နှာထားမှာ ရုတ်ချည်း ပျက်ယွင်းသွားလေသည်။

တိုက်ရိုက်ကြည့်ရှုနေသော ပရိသတ်များပင် အံ့အားသင့်ကုန်ကြသည်။

[ဘာ... တစ်ခြင်းလုံးကိုမှ သုံးယွမ်တဲ့လား... ငါဈေးက ဝယ်စားနေတဲ့ အပေါဆုံး တောမှိုတောင် တစ်ပေါင်ကို ယွမ် ၄၀ ပေးရတာနော်]

[ဘယ်လိုတောင် သွေးအေးတဲ့ ပွဲစားမျိုးလဲဟ]

[ကလေးတစ်ယောက်ကို အဲ့ဒီလို အနိုင်ကျင့်ရက်တယ်ကွာ... ငါကြည့်တောင် မကြည့်ရက်တော့ဘူး၊ ဒီ လီမိသားစုရွာတစ်ခုလုံး တစ်ခုခု လွဲနေပြီလို့ ငါထင်တယ်]

[လီရှောင်ယာမှာ ပရိသတ်တွေ ရှိနေပြီလား... လီရှောင်ယာကို ကာကွယ်ဖို့အတွက်နဲ့ တစ်ရွာလုံးကို ဆဲနေကြတာလား၊ သုံးယွမ်ဆိုတာ သူ့အတွက် မဆိုးပါဘူး... ကုန်သည်တွေက ဈေးနှိမ်မဝယ်ရင် ဘယ်လိုလုပ် မြတ်ပါ့မလဲ၊ သူတို့က ပရဟိတလုပ်နေတာမှ မဟုတ်တာ၊ နင်တို့က ဘာမှလည်း မသိဘူး]

မှတ်ချက်ပေးသည့် နေရာတွင် လီရှောင်ယာက ကောင်းလား၊ ဆိုးလားဆိုသည်ကို ငြင်းခုံမှုများဖြင့် ဆူညံသွားပြန်လေသည်။

ထိုအချိန်တွင် ရှန်းယွီရှောင်သည် ဒေါသကို မြိုသိပ်ထားရင်း တွေးနေမိသည်။ ဒီစုတ်ပြတ်နေတဲ့ ရွာက ငါ့ကို ရိုက်ကူးရေး ပြီးဆုံးအောင် လုပ်စေချင်ပြီး ခရီးသွား နေရာတစ်ခုအဖြစ် ပြောင်းလဲချင်နေသေးတာလား။

အိပ်မက်သာ မက်နေလိုက်ကြတော့။

ငါ ဗုံးခွဲမပစ်လိုက်တာပဲ ကံကောင်း။

"နေပါဦး... ရှန်းသခင်လေး၊ ရှေ့ဆက်မသွားပါနဲ့"

ကင်မရာနောက်ကွယ်မှ ဝန်ထမ်းတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ပရိသတ်များ၏ အာရုံသည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများဆီမှ ပြန်ရောက်လာကြသည်။

[ဘာဖြစ်လို့လဲ]

"ရှေ့မှာ မြေပြိုကျထားပုံရတယ်"

ဝန်ထမ်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ရှန်းယွီရှောင်က မျက်လုံးကို မှေးစင်းလျက် ကြည့်လိုက်သည်။ လမ်းမကြီးက ရှေ့သို့ ဆက်သွားနေသော်လည်း အဆုံးတွင် မဲမှောင်နေသော အရာတစ်ခု ပိတ်ဆို့နေသည်ကို တွေ့လိုက်ရ၏။

တကယ်ပင် မြေပြိုထားခြင်း ဖြစ်ပေသည်။ သူသည် လီရှောင်ယာနှင့် စကားပြောနေရသဖြင့် လုံးဝ သတိမထားမိခဲ့ချေ။

"ဒါဆို ကောင်းတာပေါ့၊ ကျောင်းသွားစရာ မလိုတော့ဘူး၊ အိမ်ပြန်နားတော့"

ရှန်းယွီရှောင်က ကောင်းသောအကြံဟု တွေးလိုက်သည်။ ခဏနေကျမှ လီရှောင်ယာကို မှိုကူခူးပေးရမည်။

လီရှောင်ယာက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်ပြီး ရွှံ့ရေအိုင်များကြားမှ ပြန်လှည့်လျှောက်လာခဲ့သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပင်...

ဝန်ထမ်း၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး အော်ဟစ်လိုက်လေသည်။

"ဟာ... သွားပြီ"

"ရှန်းသခင်လေး... မြန်မြန်... ပြေးတော့၊ မြေပြိုတော့မယ်"

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။

မြေကြီးနံ့များ နှာခေါင်းထဲသို့ အလုအယက် တိုးဝင်လာပြီးနောက် မိုးခြိမ်းသံကဲ့သို့ "ဝုန်း" ခနဲ အသံကြီး ထွက်ပေါ်လာလေသည်။ ရှန်းယွီရှောင်သည် ထီးအစုတ်ကလေးကို လွှင့်ပစ်လိုက်ကာ လီရှောင်ယာကို ရင်ခွင်ထဲထည့် ပွေ့ဖက်ပြီး သူ၏ခြေတံရှည်ကြီးများဖြင့် အမြန်ဆုံး ပြေးထွက်လိုက်လေသည်။

တောင်စောင်း၏ တစ်စိတ်တစ်ပိုင်း ပြိုကျလာပြီး ရွှံ့များ၊ ကျောက်တုံးများနှင့် တောင်စောင်းတွင် ပေါက်ရောက်နေသော သစ်ပင်များပါမကျန် အတူတကွ လျောဆင်းလာလေ၏။

ရိုက်ကူးရေးအဖွဲ့သားများမှာလည်း အသက်လုပြေးနေကြရသဖြင့် ကင်မရာမှာ ပြင်းထန်စွာ လှုပ်ခါနေပြီး ရှန်းယွီရှောင်၏ အခြေအနေကိုပင် ဂရုစိုက်ကြည့်ရှုနိုင်ခြင်း မရှိတော့ပေ။

ရှန်းယွီရှောင်သည် အသက်အောင့်လျက် မိုင်ပေါင်းများစွာ ခရီးကို အသည်းအသန် ပြေးလွှားလိုက်ရသည်။

နောက်ဆုံးတွင် ဟိန်းနေသော အသံကြီး ရပ်တန့်သွားလေသည်။

ပြိုကျလာသော တောင်နံရံ အပိုင်းအစများသည် လမ်းပေါ်တွင် ပုံလျက်သား ဖြစ်ကျန်ရစ်ခဲ့၏။

ရိုက်ကူးရေးအဖွဲ့သားများသည် ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ကာ နောက်သို့လှည့်ကြည့်ရင်း အလျင်အမြန် တိုက်တွန်းလိုက်ကြသည်။

"သွားကြစို့... ရွာထဲ အရင်ပြန်ကြစို့"

ရှန်းယွီရှောင်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ငုံ့ကြည့်လိုက်မိရာ သူသည် လီရှောင်ယာကို ဇောက်ထိုးအနေအထားဖြင့် ပွေ့ချီထားမိမှန်း သတိထားမိလိုက်လေ၏။

သူ့ကိုယ်သူ ပေါ့ဆမိကြောင်း ကျိန်ဆဲရင်း သူမကို အမြန်ပင် ပြန်လှန်ပေးလိုက်ကာ မေးလိုက်သည်။

"ထိခိုက်မိသွားသေးလား"

လီရှောင်ယာ၏ မျက်လုံးများ တုန်ရီနေပြီး ဝဲနေသော မျက်ရည်များမှာ ချက်ချင်းပင် စီးကျလာလေသည်။

ရှန်းယွီရှောင်တစ်ယောက် မည်သို့ ကြည့်ရက်ပါ့မလဲ။ သူမကို နှစ်သိမ့်ပေးရန် ပြင်လိုက်စဉ်မှာပင် လီရှောင်ယာက "ဝါး" ခနဲ အော်ငိုကာ ပြောလိုက်လေသည်။

"ကိုကို့... ကိုကို့ဆီက သွေးတွေထွက်နေတယ်"

ငါ့ဆီကလား... သွေးထွက်နေတယ်ဟုတ်လား။

ရှန်းယွီရှောင်သည် လီရှောင်ယာကို အောက်သို့ ချပေးလိုက်ပြီး ငုံ့ကြည့်လိုက်သည်။

သူ၏ ဘောင်းဘီရှည်မှာ စုတ်ပြဲသွားပြီး သွေးများက အထည်သား တစ်ခုလုံးနီးပါးကို စိုရွှဲနေအောင် စွန်းထင်းနေလေပြီ။ သို့သော် ဘောင်းဘီအရောင်မှာ ရင့်နေသဖြင့် ချက်ချင်း သတိမထားမိလိုက်ခြင်း ဖြစ်သည်။

ရှန်းယွီရှောင်၏ အသက်ရှူသံ ခဏမျှ ရပ်တန့်သွားပြီး ထိုအချိန်ကျမှသာ အရိုးထဲထိ စိမ့်ဝင်သွားသော နာကျင်မှုကြီးက ဦးနှောက်ထဲသို့ ပျံ့နှံ့ရောက်ရှိလာလေသည်။

ရိုက်ကူးရေးအဖွဲ့သားများသည် ဆူညံသံကြောင့် လှမ်းကြည့်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး တစ်ပြိုင်နက် ထိတ်လန့်သွားကြလေ၏။

"မြန်မြန်... မြန်မြန်လုပ်ကြ၊ ကားသွားပြန်ယူပြီး ဆေးရုံပို့မှ ဖြစ်မယ်"

သို့မဟုတ်လျှင် ရှန်းမိသားစုမှ ထိုနှစ်ယောက်က ဒီကိစ္စအတွက် သူတို့ခေါင်းကို ဖြတ်ပစ်ကြပေလိမ့်မည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှု မတော်တဆဖြစ်ရပ်သည် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခုအဖြစ် ထပ်မံ နေရာယူလာပြန်သည်။

ရှန်းဂျွင်းနှင့် ရှုချွီလိုင်တို့ မြင်တွေ့လိုက်ရရုံသာမက မစ္စတာချင်ပါ မြင်တွေ့သွားခဲ့လေသည်။

မစ္စတာချင်သည် အလုပ်များနေသည့်ကြားမှ ဒါရိုက်တာချုပ်ထံသို့ ဖုန်းထပ်ဆက်လိုက်လေ၏။

"အခုလောက်ဆိုရင်တော့ ခင်ဗျားဆီမှာ လူလိုနေလောက်ပြီလို့ ထင်တယ်"

ဒါရိုက်တာချုပ်ခမျာ ထိုဖုန်းကို လက်ခံရရှိချိန်တွင် တုန်လှုပ်ချောက်ချားသွားရသည်။

ဒီလိုအချိန်မျိုးမှာတောင် ခင်ဗျားက လူစားထိုးဖို့ နေရာလွတ်ကို တွေးနေနိုင်သေးတာလား။

မျှော်လင့်ထားသည့်အတိုင်း ရှန်းမိသားစုရဲ့ မွေးရာပါ ရန်သူတော်ကြီးပါပေတယ်။

ခင်ဗျားက ရာသီဥတုကို ထိန်းချုပ်နိုင်ပြီး ရှန်းမိသားစုရဲ့ တစ်ဦးတည်းသောသားကို အဲဒီနေရာမှာတင် မြေမြှုပ်ပစ်ဖို့ မြေပြိုအောင် လုပ်လိုက်သလားလို့တောင် ကျွန်တော် သံသယဝင်မိပါရဲ့။

All Chapters