← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

Chapter 22

ရှန်းကျွင်း၏ မျက်နှာထား တင်းမာသွားသည်။

"ရှန်းယွီရှောင်... ကလေးရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောနဲ့လေ"

ရှန်းယွီရှောင်က သူ၏ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လီရှောင်ယာကို ခေါင်းငုံ့ကာ ပြောလိုက်သည်။ "စောစောက ကိုကိုပြောတာ မှားသွားတယ်၊ လိုက်မပြောနဲ့နော်"

လီရှောင်ယာ ခေါင်းငြိမ့်ပြလိုက်သည်။

ရှန်းယွီရှောင်က သူမကို ပွေ့ချီပြီး ကုတင်စွန်းသို့ ခေါ်သွားကာ ကုတင်ပေါ်တွင် ထိုင်စေလိုက်သည်။

"ချင်ဆွေ့ မင်းကို အနိုင်ကျင့်သေးလား" ရှန်းယွီရှောင်က မေးလိုက်သည်။

လီရှောင်ယာ ပြန်မဖြေနိုင်သေးခင်မှာပင် လီချင်းချင်းတစ်ယောက် သည်းမခံနိုင်တော့ပေ။

သူမ အကြီးအကျယ် လျစ်လျူရှုခံလိုက်ရသည် မဟုတ်ပါလား။

"ရှောင်ယာ... ငါ့ကို မှတ်မိလားဟင်" လီချင်းချင်းက ရုတ်တရက် ထမေးလိုက်သည်။

စကားပြောနေသည်ကို ဖြတ်ပြောခံရသဖြင့် ရှန်းယွီရှောင် စိတ်အနှောင့်အယှက်ဖြစ်ကာ သူမကို အေးစက်စက် လှည့်ကြည့်လိုက်သည်။

လီရှောင်ယာက သူမဘက်သို့ လှည့်လာပြီး နားမလည်နိုင်စွာ ကြည့်နေသည်။ "နင်က..."

လီချင်းချင်းသည် လှပသော မင်းသမီးလေးဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူလေးဆောင်းကာ ကောင်းမွန်စွာ နေထိုင်ကြီးပြင်းခဲ့ရမှန်း သိသာနေသည်။

လီရှောင်ယာ ခေါင်းခါပြလိုက်သည်။ "မသိဘူး"

"မသိစရာလား... ငါ လီချင်းချင်းလေ" လီချင်းချင်းက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။

[အာ... လီရှောင်ယာနဲ့ လီချင်းချင်း ယှဉ်ရပ်နေတာမြင်မှ လီရှောင်ယာ ဘဝက ဘယ်လောက်ဆိုးလဲဆိုတာ သတိထားမိတော့တယ်]

[ဟုတ်ပ... လီချင်းချင်းက မင်းသမီးလေးကျနေတာပဲ]

[လီရှောင်ယာခမျာ ကိုယ့်ဘာသာတောင် မရပ်တည်နိုင်တဲ့ အစ်ကိုကြီးနှစ်ယောက်ကို ပြုစုနေရရှာတယ်]

[အဲ့လိုတော့ မပြောနဲ့လေ... အစ်ကိုကြီးနှစ်ယောက်လည်း ကြိုးစားရှာပါတယ်]

ဖန်သားပြင်ပေါ်တွင် လီရှောင်ယာက လီချင်းချင်းကို စူးစမ်းကြည့်နေဆဲပင်။

ရွာလူကြီးအိမ်က သူ့ထက် တစ်နှစ်ကြီးသော လီချင်းချင်းဆိုသည့် ကောင်မလေးကို ဝိုးတဝါးတော့ မှတ်မိနေသည်။

သူမ၏ တစ်ခုတည်းသော မှတ်ဉာဏ်မှာ မနှစ်က လီချင်းချင်း၏ အမေ ရွာပြန်လာတုန်းက ဖြစ်သည်။ လီချင်းချင်းက လမ်းမလျှောက်ချင်ဘူးဟု အော်ငိုပြီး လမ်းပေါ်မှ ကျောက်ခဲကို ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်က လီရှောင်ယာသည် လမ်းဘေးရေမြောင်းထဲတွင် အမှိုက်ကောက်နေခြင်း ဖြစ်၏။

ကျောက်ခဲလေး လွင့်လာပြီး သူမ၏ မျက်လုံးထောင့်ကို ရှပ်ထိသွားခဲ့သည်။

သူမ မတ်တတ်ရပ်လိုက်ပြီး လမ်းဘေးကို ကိုင်ကာ လီချင်းချင်းကို မော့ကြည့်လိုက်သည်။

လီချင်းချင်း၏ အဖေက သမီးဖြစ်သူကို ကယ်လ်ဆီယမ်နို့ဘူး တိုက်နေပြီး အမေဖြစ်သူက ချော့မော့နေသည်။

"တိတ်တော့ တိတ်တော့... အဘိုးဆီက မုန့်ဖိုး ယွမ် ၅၀၀ လိုချင်လား၊ လိုချင်ရင် လိမ်လိမ်မ္မာမ္မာနေ အိမ်ပြန်ကြစို့နော်"

လီရှောင်ယာ၏ မျက်ဝန်းထဲတွင် အားကျစိတ်များ ဖြတ်ပြေးသွားပြီးနောက် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ "နင် ငါ့ကို မှန်သွားတယ်"

လီချင်းချင်း၏ အဖေကမေးသည်။ "ဒါ လီကျန်းရဲ့ သမီး မဟုတ်လား"

လီချင်းချင်း၏ အမေက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။

"ဟို ကံဆိုးတဲ့ မိဘမဲ့ကောင်မလေးကို ပြောတာလား၊ အိမ်က အဘိုးကြီးကလည်း ကလေးကို ဂရုမစိုက်ဘူး၊ လျှောက်လွှတ်ထားတယ်၊ ကားတိုက်မိရင် ယာဉ်မောင်းပဲ ဒုက္ခရောက်ဦးမယ်"

လီရှောင်ယာ နှုတ်ခမ်းကို ဖိကိုက်ကာ ထပ်ပြောလိုက်သည်။

"နင် ငါ့ကို မှန်သွားတယ်"

လီချင်းချင်း ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "ညစ်ပတ်တဲ့ သူတောင်းစားမလေး... ငါ့နားမလာနဲ့"

လီချင်းချင်း၏ အမေက ခြေလှမ်းကို သွက်လိုက်ပြီး စကားပြောရင်း ခေါ်သွားလေသည်။

"ကဲပါ ကဲပါ ချင်းချင်းရယ် မငိုနဲ့တော့၊ သွားမယ် သွားမယ်"

မိဘမဲ့ကလေးတစ်ယောက်၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်အဖို့ ရွာထဲတွင် နေထိုင်ရသည်မှာ မလွယ်ကူလှပေ။

လီရှောင်ယာတွင် မကောင်းတဲ့ အမှတ်တရတွေ အများကြီးရှိသည်။ ဒါကလည်း အဲ့အမှတ်တရတွေထဲက တစ်ခုပင်။ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး သိပ်အရေးမပါတော့တဲ့ အရာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ယခု လီချင်းချင်း သူမရှေ့သို့ ပြန်ရောက်လာပြီး "ငါ့ကို မမှတ်မိဘူးလား" ဟု မျက်နှာချိုသွေးကာ မေးလိုက်သောအခါ...

ထိုအမှတ်တရများ ရုတ်တရက် ပြန်လည် ထင်ရှားလာတော့သည်။

လီရှောင်ယာ သူမ၏ မျက်လုံးထောင့်မှ နာကျင်လာသလို ခံစားလိုက်ရသည်။

"သူက မသိဘူးလို့ ပြောပြီးပြီပဲ" ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းက ဘာလို့ အတင်း လာရင်းနှီးပြနေတာလဲ"

လီချင်းချင်း နှုတ်ခမ်းတွန့်သွားသည်။

ရင်းနှီးပြနေတာ ဟုတ်လား။

ငါကများ လီရှောင်ယာနဲ့ ရင်းနှီးဖို့ လိုလို့လား။

အရင်တုန်းကဆို လီရှောင်ယာက ငါ့ဖိနပ်ကိုင်ဖို့တောင် မတန်တဲ့ကောင်မလေး။

ဒါပေမဲ့... ကင်မရာတွေရှေ့၊ ရှန်းကျွင်းရှေ့၊ ရှန်းယွီရှောင်နဲ့ ချင်ဆွေ့တို့ရှေ့မှာ လီရှောင်ယာနဲ့ ရင်းနှီးချင်ယောင် ဆောင်ပြနေရတာလေ။

ဒီသောက်ကောင်မလေး လီရှောင်ယာက ရက်ပိုင်းလေးအတွင်း သူတို့အချစ်ကို ရသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ...

လီချင်းချင်း ပါးစပ်ဟကာ သနားစရာကောင်းအောင် ဆက်ပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ချင်ဆွေ့သည် တံခါးကို ဖွင့်နိုင်သွားပြီး အပြင်မှ ဝင်လာလေသည်။

လီရှောင်ယာလည်း စကားပြန်စပြောလိုက်သည်။

သူမက တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။ "အင်း... မှတ်မိပြီ၊ မနှစ်က နင်ရွာပြန်လာတုန်းက လမ်းပေါ်က ကျောက်ခဲကို ကန်လိုက်တာ ငါ့ကို လွင့်စင်ပြီး ထိသွားတယ်လေ၊ ပြီးတော့ ငါ့ကို ညစ်ပတ်တဲ့ သူတောင်းစားမလေးလို့ ခေါ်ပြီး နင့်နားမလာနဲ့လို့ ပြောခဲ့တယ်မလား"

လီချင်းချင်း၏ မျက်နှာထား အေးခဲသွားသည်။

ရှန်းယွီရှောင် - "..."

ချင်ဆွေ့ - "..."

ရှန်းကျွင်းပင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ကြည့်ရှုသူများ၏ မှတ်ချက်များ ပေါက်ကွဲထွက်လာတော့သည်။

[သောက်ကျိုးနည်း... တကယ်ကြီးလား၊ ပြင်းထန်လိုက်တာ]

[လီချင်းချင်းရဲ့ စိတ်ဓာတ်က အဲ့လောက်တောင် ဆိုးတာလား]

[အမ်... လီရှောင်ယာက လူအများကြီးရှေ့မှာ တမင်သက်သက် ပြောလိုက်တာလား၊ စွပ်စွဲတာများလား]

[မဖြစ်နိုင်တာ၊ လီရှောင်ယာက အစက မသိဘူးလို့ ပြောသားပဲ၊ လီချင်းချင်းကသာ အတင်းဝင်လာပြီး သူက လီချင်းချင်းပါလို့ ထပ်ခါထပ်ခါ ပြောနေလို့ လီရှောင်ယာက သူ့လုပ်ရပ်ဆိုးတွေကို ပြန်သတိရသွားတာနေမှာပေါ့]

ရှန်းယွီရှောင်သည် လီရှောင်ယာ၏ မျက်နှာလေးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။ "ဘယ်နား ထိသွားတာလဲ"

လီရှောင်ယာက မျက်လုံးထောင့်ကို လက်ညှိုးထိုးပြလိုက်သည်။

ရှန်းယွီရှောင် ဒေါသထွက်သွားပြီး လီချင်းချင်းဘက် လှည့်ကာ မေးခွန်းထုတ်တော့သည်။ "မင်း တမင်လုပ်တာမလား၊ သူ့မျက်လုံး ကန်းသွားအောင် လုပ်တာလား"

ရှန်းယွီရှောင်၏ ဒေါသကို မခံနိုင်သဖြင့် လီချင်းချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ "မဟုတ်ပါဘူး မဟုတ်ပါဘူး... သမီး အဲ့လိုကိစ္စမျိုး ဖြစ်ခဲ့တာတောင် မမှတ်မိတော့ပါဘူး"

သူမ တကယ် မမှတ်မိပေ။

မနှစ်ကဆိုလျှင်... သူမ ကလေးဘဝထဲ ပြန်လည်ဝင်ရောက်မလာသေးဘူးလေ။

အခု ပြန်စဉ်းစားကြည့်တော့လည်း ဘာမှပေါ်မလာ။

၆ နှစ် ၇ နှစ်အရွယ်က လုပ်ခဲ့တာတွေကို ဘယ်သူက မှတ်မိမှာလဲ။

ဒီနေ့တော့ ပြဿနာအကြီးကြီး တက်တော့မယ်ဆိုတာ လီချင်းချင်း သိလိုက်ပြီ။ သူမ မျက်ရည်များ ချက်ချင်း ကျလာပြီး ရှန်းကျွင်းကို အားကိုးတကြီး ကြည့်လိုက်သည်။ "ဦးဦး... သမီး တကယ် မလုပ်ခဲ့ပါဘူး..."

သူမ၏ သရုပ်ဆောင်မှုကို ကြည့်ရင်း ချင်ဆွေ့က မဆိုးပါဘူးဟု တွေးလိုက်သည်။

ဒါပေမဲ့ သူ့ညီမလောက်တော့ သရုပ်ဆောင် မကောင်းသေးပေ။

စိတ်ဝင်စားဖို့တော့ ကောင်းသား။

အစီအစဉ်ရိုက်ဖို့ ရွေးလိုက်တဲ့ ကလေးမလေးက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေရတယ်လို့။

ထိုအချိန်တွင် ရှန်းကျွင်း ဝင်ပြောလိုက်သည်။ "မတော်တဆ ကန်မိတဲ့ ကျောက်ခဲ ဖြစ်မှာပါ"

လီချင်းချင်းက အခွင့်အရေးကို အရယူကာ မျက်ရည်များဖြင့် ပြောလိုက်သည်။ "သမီး မမှတ်မိပေမယ့် တကယ်ဖြစ်ခဲ့တယ်ဆိုရင်တောင် မတော်တဆ ဖြစ်မှာပါ"

ရှန်းယွီရှောင်က လီရှောင်ယာ၏ ခေါင်းကိုကိုင်ကာ မျက်လုံးကို စစ်ဆေးနေသဖြင့် လီရှောင်ယာ ဘာမှဝင်မပြောပေ။

လီရှောင်ယာက တိုးတိုးလေး ပြောရှာသည်။ "မျက်လုံးက ဘာမှမဖြစ်ပါဘူး၊ ကောင်းပါတယ်"

ရှန်းယွီရှောင်က သူမမျက်နှာကို ကိုင်ထားရင်း အသံမာမာဖြင့် ပြောလိုက်သည်။ "...မျက်လုံးထောင့်မှာ အမာရွတ် နည်းနည်းကျန်နေသေးတယ်"

လီရှောင်ယာ ကိုယ့်ဘာသာ စမ်းကြည့်ရန် ပြင်လိုက်သော်လည်း ရှန်းယွီရှောင်က သူမလက်ကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ရှန်းကျွင်းနှင့်အတူ ပါလာသော အတွင်းရေးမှူးကို ချက်ချင်း လှမ်းပြောလိုက်သည်။ "အမာရွတ်ပျောက်ဆေး သွားဝယ်ပေးပါ"

အတွင်းရေးမှူးက အခြေအနေ မဟန်မှန်းသိသဖြင့် ခေါင်းငြိမ့်ကာ အမြန်ထွက်သွားသည်။

အတွင်းရေးမှူး ထွက်သွားပြီးနောက် ရှန်းယွီရှောင်က အေးစက်စက် ရယ်မောလိုက်သည်။ "တမင်လုပ်တာ ဟုတ်မဟုတ် ငါဂရုမစိုက်ဘူး၊ တစ်နှစ်လောက်ကြာတာတောင် အမာရွတ် ကျန်နေသေးတယ်ဆိုကတည်းက ကျောက်ခဲက ဘယ်လောက်ထိ ထိခိုက်သွားလဲဆိုတာ သိသာနေတာပဲ"

[စဉ်းစားကြည့်ရင် ကြောက်စရာကြီးနော်... မျက်လုံးထဲသာ ဝင်သွားရင် ဒုက္ခပဲ]

[ဒါနဲ့ လီချင်းချင်းက လီရှောင်ယာကို တကယ်ပဲ သူတောင်းစားမလေးလို့ ခေါ်ခဲ့တာလား]

[ငယ်ငယ်တုန်းက ဆဲဆိုတာမျိုး တစ်ခါမှ မလုပ်ဖူးဘူးလို့ အာမခံနိုင်လား... လီရှောင်ယာမှာက ဆုံးမမယ့် လူကြီးမိဘမှ မရှိတာ၊ တခြားသူတွေက ညစ်ပတ်တဲ့ကလေးလို့ ခေါ်တာ ဘာဆန်းလို့လဲ]

[အဲ့ဒါက ဗြောင်လိမ်တာပဲ... နင်တို့မှာ ကိုယ်ချင်းစာစိတ် မရှိကြဘူးလား၊ အစီအစဉ်မှာ တွေ့တဲ့အတိုင်းပဲ လီရှောင်ယာအိမ်က ဟောင်းနွမ်းနေပေမယ့် သူက သန့်သန့်ရှင်းရှင်း ထားတာပဲလေ၊ ဘယ်လိုလုပ် ညစ်ပတ်တဲ့ကလေး ဖြစ်မှာလဲ]

ဆေးရုံခန်းထဲတွင် အခြေအတင် မဖြစ်ခင်မှာပင် မှတ်ချက်ပေးသူများကြားတွင် လီချင်းချင်း မှားသလား၊ လီရှောင်ယာ မှားသလား ငြင်းခုံနေကြပြီ ဖြစ်သည်။

"အဲ့တုန်းကရော တောင်းပန်ခဲ့လား" ချင်ဆွေ့ ရုတ်တရက် ဝင်မေးလိုက်သည်။

"သမီး... သမီး..." ချင်ဆွေ့ပါ ဝင်ပါလိမ့်မည်ဟု လီချင်းချင်း မထင်ထားခဲ့ပေ။

ဘာဖြစ်နေကြတာလဲ... နင်တို့အားလုံး လီရှောင်ယာဘက်က ဝင်ပါပေးနိုင်ဖို့အ‌ေရး ဝိုင်းလုနေကြတာလား။

All Chapters