အခန်း (၁၉)
Vol. 2 Ch. 19
Chapter 19
ချင်ဆွေ့သည် အလုပ်တစ်ခုကို စေ့စေ့စပ်စပ် စီစဉ်တတ်သူဖြစ်သည်။
မည်မျှပင် ငြီးငွေ့ဖွယ်ကောင်းပြီး ပျင်းရိဖွယ်ကောင်းသော အလုပ်ဖြစ်ပါစေ၊ မိမိလက်ရှိအခြေအနေအတွက် အကျိုးရှိမည်ဆိုပါက မဆိုင်းမတွ လုပ်ဆောင်တတ်သူဖြစ်သည်။
ထို့ကြောင့် ကျောင်းသို့ ရောက်ရှိပြီးနောက်တွင် ယခင်က ရှန်းယွီရှောင် အလွန်မုန်းတီးခဲ့သော စေတနာ့ဝန်ထမ်းလုပ်ခြင်း၊ အတန်းဝင်စာသင်ခြင်း အစရှိသော အလုပ်များကို ချက်ချင်းပင် ဝင်ရောက်လုပ်ကိုင်လေသည်။
ချင်ဆွေ့သည် စံပြကျောင်းသားတစ်ဦးဖြစ်ပြီး အခြားသူများအား မိမိစိတ်တိုင်းကျ လိုက်နာလုပ်ဆောင်လာအောင် ဆွဲဆောင်ရာတွင် ထူးချွန်သူတစ်ဦးဖြစ်သည်။
သူသည် ဆရာတစ်ယောက်ဖြစ်ရန် အလွန်သင့်လျော်သူဖြစ်သည်။
သေချာသည်မှာ သူ၏ မိခင်စိတ်ထဲတွင်တော့ ကြီးလာလျှင် တရားမဝင်အဖွဲ့အစည်းတစ်ခုခု၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု တွေးထင်ထားမည်မှာ အမှန်ပင်။
သို့သော် ယခုအချိန်တွင်တော့ သူသည် ဆရာတစ်ဦးအဖြစ် ရောက်ရှိနေလေပြီ။
ကျောင်းအုပ်ကြီးသည် ရိုက်ကူးရေးအဖွဲ့၏ ကြိုတင်အကြောင်းကြားချက်အရ ချင်ဆွေ့၏ နောက်ခံအကြောင်းကို သိရှိထားပြီးဖြစ်သည်။ ဒုက္ခပေးမည့်သူတစ်ယောက် ထပ်ရောက်လာပြန်ပြီဟု တွေးကာ သက်ပြင်းချမိသော်လည်း တက်ကြွစွာပင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
"ဆရာက ဆရာအသစ်လား" ချင်ဆွေ့၏ အကြောင်းကို မသိကြသော အခြားဆရာများက စူးစမ်းလိုစိတ်ဖြင့် မေးလာကြသည်။
ချင်ဆွေ့ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။
"အရမ်းငယ်သေးတာပဲ၊ အခုမှ ကျောင်းပြီးတာ ကျောင်းပြီးခါစတောင် ဒီလောက်မငယ်ဘူး၊ ဘာလို့ ဒီလာပြီး စာသင်တာလဲ၊ ဘဝအတွေ့အကြုံလာရှာတာလား" အခြားဆရာများက မေးခွန်းများ တစ်ခုပြီးတစ်ခု မေးလာကြတော့သည်။
ချင်ဆွေ့သည် သူ၏ ရွယ်တူများထက် အရပ်ပိုရှည်သည်။ ဈေးကြီးပေးရမှန်း သိသာသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အဝတ်ပေါ်တွင် စင်ကြယ်အောင် မဆေးကြောရသေးသော ရွှံ့အစအနအချို့ ရှိနေသေးသည်။
ထို့အပြင် သူသည် ထူးထူးခြားခြား ချောမောသူလည်း ဖြစ်သည်။ ရှန်းယွီရှောင်၏ မောက်မာပြီး ခက်ထန်သော အမူအရာနှင့် မတူဘဲ ချင်ဆွေ့၏ မျက်နှာသွင်ပြင်သည် ချောမောသော်လည်း တည်ငြိမ်အေးဆေးသည့်အတွက် မြင်လိုက်ရသူအဖို့ ခင်မင်ရင်းနှီးချင်စရာ ကောင်းသည်ဟု အထင်မှားစေတတ်သည်။
ဆရာမအချို့ဆိုလျှင် မသိမသာပင် မျက်နှာများ ရဲနေကြသည်။
သို့သော် ချင်ဆွေ့သည် သူတို့၏ မေးခွန်းများကို ပြန်မဖြေဘဲ ပြောလိုက်သည်။
"ကျွန်တော် စောင့်နေတဲ့သူ ရောက်လာပြီ၊ သွားလိုက်ပါဦးမယ်"
ထိုအချိန်မှာပင် ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်။
လီရှောင်ယာသည် ဟောင်းနွမ်းနေသော လွယ်အိတ်ကလေးကို လွယ်ကာ ထွက်လာသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် ချင်ဆွေ့နှင့် ဝင်တိုက်မိတော့သည်။
ချင်ဆွေ့သည် သူမ၏ ကော်လာစကို ဆွဲကိုင်ကာ တားလိုက်သည်။
သေချာတာပေါ့... လီရှောင်ယာက ချင်ဆွေ့ လာကြိုသည့်သူ ဖြစ်နေသည်။
အားလုံး၏ မျက်လုံးများ အံ့သြသဖြင့် ပြူးကျယ်ကုန်ကြပြီး လီရှောင်ယာ၏ အတန်းဖော်များပင် ထိတ်လန့်သွားကြသည်။
ကလေးသဘာဝအတိုင်း ဘာမှ ဖုံးဖိမနေတတ်ကြပေ။ အတန်းဖော်များက စိတ်လှုပ်ရှားစွာဖြင့် စတင်မေးမြန်းကြတော့သည်။ "လီရှောင်ယာ... သူက ဘယ်သူလဲ"
"နင့်အစ်ကိုပဲလား"
ထိုလူအုပ်ထဲတွင် ဝမ်ရှောင်ကျစ် တစ်ယောက်သာ ကြောက်လန့်တကြား နောက်ဆုတ်သွားလေသည်။
လီရှောင်ယာမှာ ဘယ်လိုလုပ်ပြီး နောက်ထပ်အစ်ကိုတစ်ယောက် ထပ်ရလာတာလဲ။ ဒီအစ်ကိုကရော လူရိုက်တတ်လား။
ဝမ်ရှောင်ကျစ် ဆက်မကြည့်ရဲတော့ဘဲ အိမ်သို့ အမြန်ပြေးပြန်တော့သည်။ ကော်လာစ အဆွဲခံရပြီး အိမ်ရောက်ရင် မိဘတွေ၊ အဘိုးအဘွားတွေရဲ့ ဆူပူတာကို ထပ်မခံချင်တော့ပေ။
ကြည့်ရှုသူများမှာလည်း ရယ်မောနေကြသည်။
[သတ္တိကြောင်လိုက်တာ]
[ချင်ဆွေ့က ဘာလို့ ဘာမှမပြောတာလဲ၊ လီရှောင်ယာက မိတ်ဆက်ပေးမှာကို စောင့်နေတာလား]
ထိုအချိန်တွင် လီရှောင်ယာက ဝင်ပြောလိုက်သည်။ သူမက ဂရုတစိုက်ပင် ပြင်ပြောလိုက်၏။
"သူက ငါ့အစ်ကို မဟုတ်ဘူး"
ချင်ဆွေ့ မျက်ခုံးအနည်းငယ် တွန့်သွားပြီး စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသည်။
"ဒါဆို ဘယ်သူလဲ" အတန်းဖော်များ၏ မျက်လုံးများတွင် သိချင်စိတ်များ တဖျပ်ဖျပ် လက်နေသည်။
လီရှောင်ယာ အနည်းငယ် အခက်တွေ့သွားပြီး နောက်ဆုံးတွင် ဦးနှောက်ကိုညှစ်ထုတ်ဖြေလိုက်ရသည်။ "မြို့ကလူ... သူက မြို့ကလူပါ"
ဘေးနားမှ ဆရာများလည်း ရယ်ချင်သွားကြသည်။ ချင်ဆွေ့သည် ဤနေရာနှင့် မလိုက်ဖက်မှန်း ဘယ်သူကြည့်ကြည့် သိနိုင်သည်လေ။ မြို့ကလာမှန်း မသိသူ ဘယ်သူရှိပါ့မလဲ။
ချင်ဆွေ့ ရုတ်တရက် ငုံ့ကိုင်းကာ လီရှောင်ယာကို ပွေ့ချီလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် လိမ်ပြောလိုက်သည်။
"ကျွန်တော်က သူ့ရဲ့ ဆွေမျိုးဝမ်းကွဲပါ"
အတန်းဖော်များ အားလုံး အာမေဋိတ်သံများ ထွက်လာကြသည်။ "ဟာ..."
"လီရှောင်ယာမှာ ဆွေမျိုးဝမ်းကွဲ ရှိတာပဲ"
ဆရာများ အချင်းချင်း ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြပြီး သတိထား၍ မေးလိုက်သည်။ "လီရှောင်ယာရဲ့ အမေဘက်က ဆွေမျိုးလား"
ချင်ဆွေ့ - "အင်း... ဟုတ်တယ်"
လီရှောင်ယာ ပါးစပ်ဟကာ လိမ်ပြောနေတာပါဟု ပြောချင်သော်လည်း ချင်ဆွေ့က သူမပါးစပ်ကို ပိတ်ကာ ပွေ့ချီလျက် ထွက်လာခဲ့တော့သည်။
ပရိသတ်များ ကြောင်အသွားကြသည်။
[ချင်ဆွေ့ ဘာတွေတွေးနေတာလဲ၊ ဘာလို့ လိမ်ပြောတာလဲ]
[ရည်ရွယ်ချက်ရှိရှိ လုပ်တာနေမှာ၊ ရှန်းယွီရှောင်နဲ့ ဆက်ဆံပုံခြင်း ကွာနေတော့ တခြားနည်းလမ်း သုံးကြည့်တာထင်တယ်]
[ဒါက ချင်ဆွေ့ လီရှောင်ယာကို စည်းရုံးဖို့ ကြိုးစားနေတယ်လို့ ပြောလို့ရမလား]
မှတ်ချက်ပေးသူများ တိတ်ဆိတ်သွားကြသည်။
ကျောင်းတံခါးဝသို့ ရောက်သောအခါ ချင်ဆွေ့က မေးလိုက်သည်။ "ရှန်းယွီရှောင်က နင့်ကို ကျောင်းလာကြိုလား"
လီရှောင်ယာ တိတ်ဆိတ်နေသည်။
"သူ နင့်ကို ပွေ့ချီလား"
လီရှောင်ယာ ဘာမှ ပြန်မပြောပေ။
မှတ်ချက်များ - [?]
[သူတို့ ပြိုင်နေကြတာလား]
[နင်တို့နှစ်ယောက်က သေအောင်ထိ ပြိုင်ကြမှာလားဟ]
ချင်ဆွေ့က ဆက်ပြောသည်။ "ငါ့မှာ ညီမလေးတစ်ယောက် ရှိတယ်" သူ ခဏနားပြီး ဆက်ပြောလိုက်၏။
"ငါက ရှန်းယွီရှောင်ထက် ပိုကောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ဖြစ်မှာပါ"
လီရှောင်ယာ စိတ်မလှုပ်ရှားပေ။
အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲဟု သူမ တွေးနေမိသည်။
[ချင်ဆွေ့ရဲ့ ဆွဲဆောင်မှုက အလုပ်မဖြစ်ဘူးပဲ]
[လီရှောင်ယာက သူ့အတွက် ကြက်ဥတောင် ချန်မထားဘူး၊ ဒီဆက်ဆံရေးက ရှန်းယွီရှောင်တုန်းကထက် အများကြီး ပိုဆိုးတယ်]
[သခင်လေးရှန်းက ဒီအစီအစဉ်ကို ကြည့်နေလောက်မလား၊ သူ ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေမလဲဆိုတာ သိချင်လိုက်တာ]
ပွဲကြိုက်သော ပရိသတ်ကြီးသည် ရှန်းယွီရှောင်ဘက်သို့ ချက်ချင်း ကူးပြောင်းသွားကြသည်။
ထိုအချိန်တွင် ရှန်းယွီရှောင်သည် သူဝယ်ထားသော ပစ္စည်းများကို စစ်ဆေး၍ ပြီးခါစ ဖြစ်သည်။
"ဒါက မဖြစ်ဘူး၊ သူ ကြိုက်မှာမဟုတ်ဘူး"
"ဒါက ကြည့်မကောင်းဘူး၊ ပိုကြည့်ကောင်းတာ ယူခဲ့"
...
အပြစ်အမျိုးမျိုး ပြောပြီးနောက် သခင်လေးရှန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရိုက်ကူးရေးအဖွဲ့ကို မေးလိုက်သည်။ "လီရှောင်ယာ မှိုသွားကောက်တာ တစ်ယောက်တည်းလား"
ဝန်ထမ်းက ပြန်ဖြေသည်။ "သူတို့ ကောက်ပြီးသွားပါပြီ"
"ငါ့တောင် မစောင့်ဘူး" ရှန်းယွီရှောင်က ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် လုံးဝမတွေ့ရပေ။
သို့သော် သူ နောက်ထပ်မေးခွန်းတစ်ခုကို ချက်ချင်း တွေးမိသွားသည်။ "သူ ရောင်းတော့ မရောင်းရသေးဘူးမလား"
ဝန်ထမ်းက ဖြေသည်။
"မရောင်းရသေးပါဘူး"
ကျေနပ်သွားသော ရှန်းယွီရှောင်သည် ဖုန်းကိုကောက်ကိုင်ကာ စာစရိုက်တော့သည်။
ရှန်းကျွင်း အနားသို့ ရောက်လာပြီး သားဖြစ်သူ၏ အပြုအမူကို သတိထားမိသဖြင့် မေးလိုက်သည်။ "ဘာလုပ်နေတာလဲ"
"ချင်ဆွေ့ဆီ စာပို့မလို့"
ဤစကားက ဆေးရုံခန်းထဲမှ လူများကိုသာမက ပရိသတ်များကိုပါ မှင်သက်သွားစေသည်။
"ချင်ဆွေ့ဆီ စာပို့မလို့ ဟုတ်လား" ရှန်းကျွင်း၏ လေသံတွင် မယုံကြည်နိုင်မှုများ အပြည့်ပါနေသည်။
ရှန်းယွီရှောင်က မဲ့ပြုံးပြုံးလိုက်သည်။ "အင်း... အဲ့ငတုံးကောင် လီရှောင်ယာကို ဖျက်ဆီးမပစ်ဖို့ မျှော်လင့်ရတာပဲ၊ လီရှောင်ယာ မှိုသွားကောက်ရင် အဖော်လိုက်သွားပေးဖို့နဲ့ မှိုသွားရောင်းရင် သေချာစောင့်ကြည့်ပေးဖို့ ပြောရမယ်"
ရှန်းကျွင်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ "သူ မင်းစကားကို နားထောင်ပါ့မလား"
ရှန်းယွီရှောင်က မျက်ခုံးပင့်လိုက်သည်။ "သေချာပေါက် နားထောင်မှာ"
ထိုအဖြေက ရှန်းကျွင်းအနောက်တွင် ရပ်နေသော လီချင်းချင်းကို ထိတ်လန့်သွားစေသည်။
ရှန်းယွီရှောင်နဲ့ ချင်ဆွေ့က ပြိုင်ဘက်တွေ မဟုတ်ဘူးလား။
ချင်ဆွေ့ကို လီရှောင်ယာအပေါ် ကောင်းပေးဖို့ ဘယ်လိုလုပ် တိုက်တွန်းနိုင်ရတာလဲ။
ရှန်းကျွင်းက သားဖြစ်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးမေးလိုက်သည်။ "ပြောင်းပြန်စိတ်ပညာလား"
စာရိုက်နေဆဲဖြစ်သော ရှန်းယွီရှောင်က အချိန်ခဏပေးကာ ပြန်ဖြေသည်။ "ပြောင်းပြန်စိတ်ပညာတောင် မလိုပါဘူး၊ ချင်ဆွေ့က နှစ်တိုင်း အတန်းထဲမှာ ပထမရနေကျလေ၊ နိုင်တာရှုံးတာက သူ့အတွက် အရမ်းအရေးပါတယ်၊ ကျွန်တော့်ကို ရှုံးရမယ့်အစား အသေခံမယ့်ကောင်"
ရှန်းကျွင်း ပြုံးလျက်သား စိုက်ကြည့်နေမိသည်။ သားဖြစ်သူ၏ လုပ်ရပ်ကို တားဆီးရန် မကြိုးစားတော့ပေ။
ရှန်းလုပ်ငန်းစု၏ အမွေဆက်ခံသူဆိုတာ လူတွေရဲ့စိတ်ကို ကောင်းကောင်းနားလည်တဲ့သူ ဖြစ်သင့်တာပဲလေ။ သူ့ရဲ့ လက်ရှိစွမ်းဆောင်ရည်က တကယ်ကို ကောင်းလွန်းတယ်၊ တကယ်ကို ကောင်းလွန်းပါတယ်!
ထိုအချိန်တွင် ချင်ဆွေ့နှင့် လီရှောင်ယာတို့သည် လေးနာရီနီးပါး လမ်းလျှောက်ခဲ့ရပြီး အိမ်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။
သို့သော် ချင်ဆွေ့သည် အားနည်းချက်ကို ဘယ်တော့မှ ထုတ်မပြတတ်သူမို့ ပင်ပန်းနွမ်းနယ်နေပုံ မပြခဲ့ပေ။
"ဒီည ညစာစားရမှာလား" ချင်ဆွေ့က လီရှောင်ယာကို မေးလိုက်သည်။
လီရှောင်ယာ တွန့်ဆုတ်နေပြီးမေးလာသည်။ "ကန်စွန်းဥပဲ စားမလား"
ချင်ဆွေ့ - "ရပါတယ်"
လီရှောင်ယာသည် ကန်စွန်းဥများကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ရာ ခဏအကြာတွင် ကျက်သွားလေသည်။ သူမက သစ်သားချောင်းဖြင့် ကော်ထုတ်ပြီး အခွံခွာလိုက်သောအခါ အတွင်းမှ အရည်ရွှမ်းသော အသားအနှစ်များ ပေါ်လာသည်။
ချင်ဆွေ့ တစ်ကိုက် ကိုက်လိုက်သည်။ "...မဆိုးဘူးပဲ"
တကယ်တမ်းတွင် အတော်လေး အရသာရှိသည်။
သို့သော် ချင်ဆွေ့၏ ကြီးပြင်းလာပုံအရ ထိုသို့ဝန်ခံပြောဆိုရန် ခဲယဉ်းသည်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူက များသောအားဖြင့် "အဆင်ပြေပါတယ်" သို့မဟုတ် "သာမန်ပါပဲ" ဟုသာ ပြောလေ့ရှိသည်။ ဒါက ကိုယ့်ရဲ့အကြိုက်နဲ့ အတွေးတွေကို လွယ်လွယ်ထုတ်မပြရဘူးဆိုတဲ့ "အထက်တန်းလွှာ ပညာရေး" ရဲ့ အစိတ်အပိုင်းတစ်ခုပင်။
လီရှောင်ယာသည် ရှန်းယွီရှောင် ထွက်သွားကတည်းက ထမင်းကောင်းကောင်း မစားရသေးသော ဂျစ်ကန်ကန် အဘိုးလီကိုလည်း ကန်စွန်းဥအချို့ ခွဲဝေပေးလိုက်သည်။
ထို့နောက် ပြန်လှည့်လာပြီး ကန်စွန်းဥစားရင်း လွယ်အိတ်ထဲတွင် တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။ သူမ၏ ဘယ်ဘက်လက်တွင် အရာတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သံချေးတက်နေသော သံဘူးလေးတစ်ခုထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
"အဲ့ဒါ ဘာလဲ" နောက်ကျောမှ ချင်ဆွေ့အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် လီရှောင်ယာ လန့်သွားသည်။
လီရှောင်ယာက တိုးတိုးလေး ပြန်ပြောသည်။ "အစ်ကိုနဲ့ မဆိုင်ပါဘူး"
"စားစရာလား"
လီရှောင်ယာ သူ့ကို လျစ်လျူရှုလိုက်သည်။
ချင်ဆွေ့က ဇွဲမလျှော့ဘဲ ဆက်ပြောသည်။ "စားစရာဆိုရင် အဲ့သံဘူးထဲ မထည့်နဲ့လေ၊ အထဲမှာ သံချေးတွေ တက်နေပြီ"
လီရှောင်ယာ ခဏရပ်တန့်သွားပြီး ပစ္စည်းကို အမြန်ပြန်ထုတ်လိုက်သည်။
"စားစရာဆို ဘာလို့ အခုမစားတာလဲ" ချင်ဆွေ့ ခဏနားပြီးမှ ခန့်မှန်းလိုက်သည်။ "ရှန်းယွီရှောင်အတွက်လား"
လီရှောင်ယာ မချင်မရဲ ခေါင်းငြိမ့်ပြသည်။
ချင်ဆွေ့ ရုတ်တရက် တိတ်ဆိတ်သွားသည်။
[ဟားဟား နောက်ထပ် ထိသွားပြန်ပြီမလား]
[သခင်လေးရှန်းက လီရှောင်ယာအတွက် လက်ဆောင်ပြင်ထားတယ်၊ တကယ်တမ်းကျတော့ လီရှောင်ယာကလည်း သခင်လေးရှန်းအတွက် တိတ်တဆိတ် လက်ဆောင်ပြင်ဆင်နေတာပဲ၊ ကလေးတွေကြားက သံယောဇဉ်က တကယ်ကို ဖြူစင်ပြီး လှပလိုက်တာ]
"သခင်လေးချင်..." ဒါရိုက်တာ၏ အသံက တွန့်ဆုတ်စွာ ထွက်ပေါ်လာသည်။ "သခင်လေးဖုန်းကို... စာတစ်စောင် ဝင်လာပါတယ်"
ဆေးရုံမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒါရိုက်တာ မသိပေ။ စာက ရှန်းယွီရှောင်ဆီက လာမှန်းသာ သိသည်။
စော်ကားတဲ့စာတော့ မဟုတ်လောက်ပါဘူးနော်။
ပဋိပက္ခသာ ပိုကြီးလာရင် ငါ့ကိုတော့ မြေစာပင် မလုပ်လောက်ပါဘူးနော်။
ဒါရိုက်တာ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် စပွန်ဆာပိုက်ဆံကတော့ တကယ်ကို ကျေနပ်စရာ ကောင်းလွန်းလှပါသည်။
ချင်ဆွေ့ ဖုန်းကိုယူပြီး ငုံ့ကြည့်လိုက်သည်။
"လီရှောင်ယာကို မေးပေးပါဦး... ငါ့ကို လွမ်းလားလို့"
ချင်ဆွေ့ - "..."
သူနဲ့ လီရှောင်ယာက အရင်းနှီးဆုံးဆိုပြီး တမင်သက်သက် ကြွားချင်လို့လား။
ကလေးဆန်လိုက်တာ။
နောက်ထပ် စာတစ်စောင် ဝင်လာသဖြင့် ဖုန်းက ထပ်မံ တုန်ခါသွားပြန်သည်။