← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

Chapter 37

နင်းဟန်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

သို့သော် လီရှောင်ယာမှာ နိုးနှင့်နေပြီ ဖြစ်၏။ သူမသည် မျက်လုံးများကို ပွတ်သပ်ရင်း ယိုင်နဲ့နဲ့ဖြင့် ထွက်လာကာ လှမ်းခေါ်လိုက်လေသည်။

"ရှန်းယွီရှောင်..."

နင်းဟန်မှာ မျက်လုံးများပင် ပြူးကျယ်သွားရချေသည်။ ရှန်းယွီရှောင်၏ နာမည်အပြည့်အစုံကို ဤမျှ ပေါ့ပေါ့ပါးပါး မည်သူ ခေါ်ရဲတာလဲ။

သူ ငုံ့ကြည့်လိုက်မိသည်။

ခါးလောက်ပင် မရှိသော သေးသေးကွေးကွေးလေးပါလား။ ဆံပင်များက ရှုပ်ပွနေသော်လည်း မျက်နှာလေးမှာ နူးညံ့ချစ်စရာကောင်းလှပေသည်။ ပိန်လွန်းသဖြင့် မျက်တွင်းများ အနည်းငယ် ဟောက်ပက်ဖြစ်နေရာ ကြွေရုပ်လေးတစ်ရုပ်နှင့်ပင် ပို၍ တူနေသေးတော့၏။

လီရှောင်ယာသည်လည်း သူ့ကို ပြန်ကြည့်နေသည်။

သူမရှေ့မှ လူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်ပြီး အဝတ်အစားများမှာလည်း ဂုန်နီအိတ်စွပ်ထားသကဲ့သို့ ပွပွကြီး ဝတ်ဆင်ထားလေသည်။ ဆံပင်အရှည်ထားထားပုံမှာ အနုပညာဆန်သည့် ပုံစံမျိုးပင်။

လီရှောင်ယာမှာမူ အနုပညာဆန်သည် မဆန်သည်ကို နားမလည်ချေ။

သူမသည် ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်ရင်း စကားနှစ်ခွန်းသာ ရေရွတ်လိုက်မိသည်။

"... အစ်မကြီး"

"သူက..."

နင်းဟန် စကားမဆုံးလိုက်ခင်မှာပင် ရှန်းယွီရှောင်က သူ့ပါးစပ်ကို အုပ်ကာ ဘေးသို့ ဆွဲခေါ်သွားတော့သည်။

ရှန်းယွီရှောင်က နင်းဟန်၏ ဆံပင်ရှည်များကို သဘောမကျစွာ ကြည့်လိုက်ပြီး၊

"မင်းဆံပင်တွေ မြန်မြန်သွားညှပ်စမ်းပါ၊ ကလေးရဲ့ ကျားမ ခွဲခြားမှုအမြင်တွေကို ရှုပ်ထွေးအောင် လုပ်နေတာပဲ။ ဒါ ကလေးတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် ပုံဖော်နေတဲ့ အရေးကြီးအချိန်ဆိုတာ မင်းမသိဘူးလား"

နင်းဟန်မှာ ကြောင်အသွားရချေသည်။

"အရင်တစ်ခေါက် မင်းဦးလေးရဲ့ ခြောက်နှစ်အရွယ်သား မင်းအိမ်မှာ သောင်းကျန်းတုန်းကကျတော့ ငါ့ကို သရဲမလို ဝတ်ခိုင်းပြီး ခြောက်ခိုင်းခဲ့တာလေ။ အဲ့တုန်းကကျ အဲ့ကောင်လေး ကြောက်လွန်းလို့ သေသွားရင်တောင် ကိစ္စမရှိဘူးဆို။ ရှန်း... မင်းက ဘယ်တုန်းကစပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်သွားတာတုန်း"

ရှန်းယွီရှောင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။

"အဲ့ဒါ လွန်ခဲ့တဲ့ သုံးနှစ်ကလေ။ လူဆိုတာ အချိန်နဲ့အမျှ ရင့်ကျက်လာတတ်တာပဲ။ နင်းဟန်... မင်းလည်း နည်းနည်းလောက် ရင့်ကျက်သင့်ပြီ"

နင်းဟန်မှာ ထိုအကြောင်းပြချက်ကို မကျေနပ်သော်လည်း လက်ခံလိုက်ရပြီး ကားနောက်ဖုံးထဲမှ ခရီးဆောင်အိတ်များကို ထုတ်ယူလိုက်ရသည်။

ပိန်ပါးသည်ဟု ထင်ရသော်လည်း သူသည် အတော်အတန် အားသန်ပေ၏။

ရှန်းယွီရှောင်သည် သူ့ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"မင်းလာတာ အချိန်ကိုက်ပဲ၊ ဝက်စာကျွေးရမယ့် တာဝန်ကို မင်းဆီ လွှဲပေးလိုက်ပြီ။ လာ... ရှောင်ယာ၊ မျက်နှာသွားသစ်ရအောင်"

နင်းဟန် : ?

ကျင်းမြို့ရှိ ဒုတိယမျိုးဆက် သူဌေးသားများအကြားတွင် အလွတ်သဘော အုပ်စုနှစ်စု ကွဲပြားလျက်ရှိ၏။ တစ်စုမှာ ချင်ဆွေ့ကို ဦးဆောင်သူအဖြစ် သတ်မှတ်ကြပြီး နောက်တစ်စုမှာမူ ရှန်းယွီရှောင်ကို ယုံကြည်အားကိုးကြပေသည်။

ထို့ကြောင့် နင်းဟန်သည် သံသယများ ရှိနေသော်လည်း အမိန့်ကို နာခံပြီး ဝက်စာကျွေးရန် ထွက်သွားတော့သည်။

လီရှောင်ယာသည် ဆူညံသံများ ကြားလိုက်ရသဖြင့် လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။

"ဟို အစ်မကြီးက..."

ရှန်းယွီရှောင်က သူမကို ဆွဲယူကာ ထိုင်ခုံပုလေးပေါ်တွင် ထိုင်စေလိုက်သည်။

"ခဏနေဦး ကိုယ် ဆံပင်ဖြီးပေးလို့ မပြီးသေးဘူး။ ပြီးတော့ အဲ့ဒါ အစ်မကြီး မဟုတ်ဘူး၊ သူ့နာမည်က နင်းဟန်တဲ့။ နာမည်ပဲ ခေါ်လိုက်လို့ရတယ်"

“ ဒါပေမယ့် သူ ဝက်စာကျွေးဖူးလို့လားဟင်"

"မကျွေးဖူးပေမယ့် လုပ်ရင်းနဲ့ တတ်သွားမှာပေါ့"

"ချီးကျွင်းထဲ ပြုတ်ကျသွားမှာ စိုးလို့ပါ"

"သူ အဲ့လောက်တော့ မတုံးပါဘူးကွာ"

ရှန်းယွီရှောင် စကားဆုံးသည်နှင့် တပြိုင်နက် နောက်ဖက်ဆီမှ "ဗွမ်း" ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာတော့သည်။

"ရှန်း..."

နင်းဟန်၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။

"ရှန်း... ငါ့ကို ကယ်ပါဦး! ငါ ချီးကျွင်း ပြုတ်ကျသွားပြီ! အား..."

ရှန်းယွီရှောင် : ...

လီရှောင်ယာသည် ဝက်ခြံရှိရာသို့ အပြေးအလွှား သွားလိုက်ပြီး ရှန်းယွီရှောင်ကလည်း သူမနောက်မှ လိုက်ပါသွားလေသည်။ ဝန်ထမ်းများမှာလည်း ထိတ်လန့်တကြားဖြင့် နောက်မှ လိုက်သွားကြတော့၏။

တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ကြည့်ရှုသူများ၏ မှတ်ချက်များမှာ ရယ်မောသံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

[ ဟားဟား... ရှန်းယွီရှောင် ရေ၊ နင့်ပါးစပ်က ဘုရားပေးထားတာလား ]

[ သနားစရာ နင်းဟန်လေး၊ သက်သက်မဲ့ အသုံးချခံလိုက်ရတာပဲ ]

မိနစ်အနည်းငယ်အကြာတွင် နင်းဟန်ကို ကယ်တင်နိုင်ခဲ့လေသည်။ သူသည် သနားစရာကောင်းလောက်အောင် ပေရေနေပြီး ငိုမဲ့မဲ့ဖြင့် ရှန်းယွီရှောင်ကို ပြောလိုက်သည်။

"ရှန်း... မင်း တော်တော် ဒုက္ခရောက်ခဲ့တာပဲနော်။ ဒီမှာ မင်း ဒီလိုဘဝမျိုးနဲ့ နေနေရတာကိုး"

ရှန်းယွီရှောင်၏ မျက်နှာထားမှာ တစ်မျိုးကြီး ဖြစ်နေပြီး ဘာမှ ပြန်မပြောပေ။

[ ဟားဟား၊ နင့်ရဲ့ ရှန်း က ဒီလိုဘဝမျိုး တစ်ခါမှ မနေခဲ့ရပါဘူး။ အကုန် လီရှောင်ယာက ဝက်စာကျွေးနေခဲ့တာပါနော် ]

[ ဟုတ်ပ၊ လီရှောင်ယာက နင့်ရဲ့ ရှန်း ကို ဘယ်လောက်ကောင်းလဲဆိုရင် စားသောက်ဆောင်က ထမင်းသွားယူရင်တောင် ကြက်ဥချန်ပြီး သိမ်းပေးထားတာ ]

[ မလာခင်က အစီအစဉ်ကို မကြည့်ခဲ့ဘူးလားဟယ်။ ပြန်သွားပြီး ကြည့်လိုက်ဦး ]

နင်းဟန်တစ်ယောက် ရှန်းယွီရှောင်ကို ရင်ဖွင့်နေချိန်တွင် လီရှောင်ယာမှာ ရေနွေးသွားကျိုနှင့်နေပြီ ဖြစ်သည်။

"ရေချိုးပြီး အဝတ်အစား လဲလိုက်ပါဦး၊ မဟုတ်ရင် နေမကောင်းဖြစ်လိမ့်မယ်"

လီရှောင်ယာက နင်းဟန်ကို မျက်နှာသုတ်ပုဝါတစ်ထည် ကမ်းပေးရင်း ပြောလိုက်သည်။ ပုဝါမှာ အရောင်လွင့်နေပြီ ဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်နေ၏။

"မျက်နှာ အရင်သုတ်လိုက်ပါ"

လီရှောင်ယာမှာ တိရစ္ဆာန်အညစ်အကြေး အမျိုးမျိုး၏ အနံ့အသက်များနှင့် ယဉ်ပါးနေသူ ဖြစ်သဖြင့် နင်းဟန် သူမရှေ့ ရောက်လာသည့်တိုင် မျက်နှာထားတစ်ချက် မပျက်ပေ။ ကျန်သည့် ဝန်ထမ်းများမှာမူ အနံ့ကို သည်းမခံနိုင်သဖြင့် နောက်သို့ အသာဆုတ်သွားကြလေသည်။

နင်းဟန်မှာ ပျို့အန်ချင်စိတ်ကို ထိန်းရင်း မျက်နှာသုတ်နေရရှာသည်။

"ရှန်း... မင်း တော်တော် ဒုက္ခရောက်တာပဲကွာ၊ တကယ့်ကို ဒုက္ခရောက်တာ။ အဒေါ်ရှုက ဘယ်လိုလုပ်ပြီး စိတ်ချနိုင်ရတာလဲ။ ငါတို့ ဒီနေ့ပဲ ပစ္စည်းသိမ်းပြီး ပြန်ကြရအောင်ကွာ"

"အဲ့လောက်လည်း မဆိုးပါဘူးကွ"

နင်းဟန် ခေတ္တမျှ ငြိမ်သွားပြီး ခြေလှမ်းကျဲကြီးဖြင့် ရှေ့တိုးလာကာ ရှန်းယွီရှောင်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"ရှန်း... မင်း ဒါတွေအကုန် သည်းခံနိုင်တယ်ပေါ့"

ရှန်းယွီရှောင်သည် နှာခေါင်းကို အုပ်ကာ ခြေတစ်လှမ်းခွဲခန့် နောက်ဆုတ်လိုက်ပြီး၊

"မင်း... ငါ သည်းမခံနိုင်ဘူး"

နင်းဟန် စိတ်ထိခိုက်သွားပုံရကာ လီရှောင်ယာကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ဒီက ညီမလေးတောင် ငါ့ကို ဘာမှမပြောဘဲ သည်းခံနေတာကို"

ရှန်းယွီရှောင်က မနာလိုသည့်အသံဖြင့် အံကိုကြိတ်ကာ ပြောလိုက်လေသည်။

"အေး သူက မင်းကို သူ့မျက်နှာသုတ်ပုဝါတောင် ပေးသုံးလိုက်သေးတယ်မလား"

နင်းဟန်မှာ ပို၍ပင် စိတ်ထိခိုက်သွားရကာ မျက်နှာကို အမြန်သုတ်ပြီး ရေချိုးရန် အိမ်နောက်ဖေးသို့ ဝင်သွားတော့သည်။

နှစ်နာရီခန့်ကြာအောင် ဗျာများပြီးနောက်တွင်တော့ နင်းဟန်တစ်ယောက် သန့်ရှင်းသွားခဲ့လေပြီ။

ရေချိုးရန် ရေနွေးကို လီရှောင်ယာက ကျိုပေးထားသည်ဟု သိလိုက်ရသောအခါ နင်းဟန်၏ ကျေးဇူးတင်စိတ်မှာ အတိုင်းအဆ မရှိတော့ပေ။

"ငါ့မှာသာ မင်းလို ညီမလေးတစ်ယောက် ရှိရင် သိပ်ကောင်းမှာပဲ"

ငါတောင် ပိုင်ဆိုင်ခွင့်မရှိသေးတာ မင်းအလှည့် ဘယ်ရောက်မလဲ ဟု ရှန်းယွီရှောင် စိတ်ထဲမှ တွေးလိုက်မိသည်။

နင်းဟန်၏ ချီးကျူးစကားများကြားတွင် လီရှောင်ယာမှာ ထူးထူးခြားခြား ခံစားချက်မျိုး မပြဘဲ ယခင်က အနိုင်ကျင့်ခံနေရစဉ်ကကဲ့သို့ပင် တည်ငြိမ်နေခဲ့၏။

"ရော့... ဒီမှာ"

သူမသည် နင်းဟန်အတွက် ပန်းကန်လုံးထဲသို့ ရေနွေးအနည်းငယ် ခပ်ထည့်ပေးလိုက်သည်။

"နည်းနည်းလောက် သောက်လိုက်ပါဦး၊ အအေးမိတာ သက်သာသွားလိမ့်မယ်"

နင်းဟန်က ချက်ချင်းပင် ထပ်မံချီးကျူးပြန်လေသည်။

"စိတ်ထားလေးက ပြည့်ဝလိုက်တာ တကယ်ကို ပြည့်ဝတာ။ ငါ မင်းကို ငါ့အိမ်ခေါ်သွားပြီး အစီအစဉ်ရိုက်ချင်လိုက်တာ။ ပြီးရင် ရှန်းနဲ့ ငါနဲ့ ရွာမှာကျန်ခဲ့ပြီး မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ ဝေးရာမှာ ကဗျာဆရာတွေလို နေကြမယ်လေ... ဒါပေမယ့် ရှန်းက သဘောတူမှာ မဟုတ်ဘူး။ ဟာ... တကယ်လို့ ညီမလေးသာ လိုက်ချင်ရင် အစ်ကို အခုချက်ချင်း လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်။ ညီမလေးက စိတ်သဘောထားကောင်းတော့ ငါ့အမေဆို သေချာပေါက် သဘောကျမှာ"

ရှန်းယွီရှောင်၏ မျက်နှာမှာ မဲမှောင်နေပြီ ဖြစ်သော်လည်း နင်းဟန်မှာ လုံးဝ သတိမထားမိပေ။

ထိုအချိန်တွင် လီရှောင်ယာသည် ရှေ့ရှိ မီးပုံကို သစ်ကိုင်းခြောက်ဖြင့် ထိုးဆွရင်း တိုးတိုးလေး ပြောလိုက်လေသည်။

"သမီး မလိုက်ချင်ဘူး"

ထိုအခါမှ ရှန်းယွီရှောင်၏ မျက်နှာထား ပြန်ကောင်းသွားပြီး နင်းဟန်ဘက်သို့ မျက်ခုံးပင့်ပြကာ ပြောလိုက်သည်။

"ကြားလိုက်လား... လီရှောင်ယာက ငါ့ကိုထားပြီး ဘယ်မှသွားမှာ မဟုတ်ဘူးကွ"

ထိုအခါမှ နင်းဟန် နားလည်သွားတော့သည်။

လီရှောင်ယာကို ပေးမသွားချင်သူမှာ ရှန်းယွီရှောင် ဖြစ်နေမှန်း သိလိုက်ရ၏။

တစ်ခေါက်တည်း တွေ့လိုက်ရရုံဖြင့် နင်းဟန်သည်လည်း လီရှောင်ယာကို အတော်လေး သဘောကျသွားမိသည်။

သူသည် ရှန်းယွီရှောင်၏ ပခုံးကို ဖက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။

"ရှန်း... မင်း တကယ်ပဲ လီရှောင်ယာကို ဂရုစိုက်တယ်ဆိုရင် ငါ့အိမ်ကို လွှတ်လိုက်သင့်တယ်ကွ။ ဒါဆိုရင် သူ့ဘဝ ရှေ့လျှောက် ပြောင်းလဲသွားနိုင်တယ်"

ရှန်းယွီရှောင်က အေးစက်စက်ဖြင့် တုံ့ပြန်လိုက်သည်။

"မင်း ဘာမှ မသိပါဘူးကွာ"

ထိုအချိန်တွင် ဒါရိုက်တာ၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

"သခင်လေးရှန်း... သခင်လေးအမေ ဖုန်းဆက်နေပါတယ်။ အခုချက်ချင်း ကိုင်ပါလို့ မှာလိုက်ပါတယ်"

[ လီရှောင်ယာအကြောင်း မေးမလို့များလား ]

[ ဟိုတစ်နေ့က ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောထားကြသေးတယ်မလား။ ဒေါ်လေးရှုက သူ့သား တောသူမလေးရဲ့ လှည့်စားတာ ခံနေရမှာစိုးလို့ စစ်ဆေးမေးမြန်းဖို့ ဆက်တာနေမှာ ]

ပရိသတ်ကြီးမှာ ထိုဖုန်းခေါ်ဆိုမှုအပေါ် စူးစမ်းချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာကြတော့၏။

တီဗီဖန်သားပြင်ကိုကြည့်နေသော သုန့်သဝေမှာ ရင်တမမ ဖြစ်နေရရှာသည်။

သူ အကြောက်ဆုံးအရာမှာ သခင်လေးရှန်းက လူကိုယ်တိုင် သဘောတူခဲ့သော်လည်း မိဘများက ခွင့်မပြုဘဲ သူတို့သား အလိမ်ခံရသည်ဟု ထင်သွားမည်ကိုပင်။

"သမီး ရှောင်ပေးရမလားဟင်"

လီရှောင်ယာက အသံတိုးတိုးဖြင့် မေးလိုက်သည်။

ရှန်းယွီရှောင်က သူမ၏ ပခုံးပါးလေးကို လှမ်းကိုင်လိုက်ပြီး၊

"ထိုင်နေပါ၊ ဘာလို့ ရှောင်ရမှာလဲ။ အတူတူ နားထောင်ကြတာပေါ့"

မိန်းကလေးငယ်၏ စိုးရိမ်ထိတ်လန့်မှုကို မြင်လိုက်ရသောအခါ သူ စိတ်ပြောင်းသွားပြီး ဖုန်းကို စပီကာ ဖွင့်လိုက်လေသည်။

သို့ဖြင့် ရှုချွီလိုင်၏ အသံကို မိုက်ခရိုဖုန်းမှတစ်ဆင့် ကြားလိုက်ကြရတော့သည်။

"သားက ပရောဂျက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆို၊ ၃ သန်း ရင်းမယ်ဆိုတာ ဟုတ်လား"

[ ဟာ... တကယ်ကြီး ဒီကိစ္စပဲဟေ့! လီရှောင်ယာတော့ အခြေအနေ မကောင်းတော့ဘူး! ]

ကင်မရာမြင်ကွင်းထဲတွင် ရှန်းယွီရှောင်သည် လက်တစ်ဖက်ဖြင့် လီရှောင်ယာ၏ ပခုံးကို ကိုင်ထားဆဲဖြစ်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်၊ ၃ သန်းတောင် လောက်ပါ့မလား မသိဘူး။ သားရဲ့ မွေးနေ့လက်ဆောင်ရန်ပုံငွေထဲကပါ ထုတ်သုံးလို့ ရမလား"

[ သောက်ကျိုးနည်း! ဘယ်လို ရင်းနှီးမြှုပ်နှံမှုမို့လို့ ၃ သန်းတောင် မလောက်ရတာလဲဟ။ ဒီစကားကြားရင် ဒေါ်လေးရှုတော့ သွေးတက်လောက်ပြီ ]

ထိုအချိန်တွင် နင်းဟန် ဝင်ပြောလိုက်လေသည်။

"ဘာ ရင်းနှီးမြှုပ်နှံမှုလဲ။ တကယ်တော့ ငါလည်း ရှယ်ယာဝင်ချင်တယ်။ ဘယ်လောက်လိုသေးလဲ အစ်ကိုရှန်း”

All Chapters