← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

Chapter 2

"ဘဝချင်းလဲလှယ်ရေး" ဆိုသည်မှာ ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက် လူငယ်များက ကျေးလက်ဒေသရှိ ကလေးသူငယ်များ၏ နေအိမ်သို့ သွားရောက်နေထိုင်ကြကာ ကျေးလက်နေ ကလေးငယ်များကမူ ချမ်းသာသော အသိုင်းအဝိုင်းရှိ နေအိမ်များသို့ လာရောက်နေထိုင်ကြသည့် အစီအစဉ်တစ်ရပ် ဖြစ်ပေသည်။ ဤသည်မှာ သူတို့၏ ဘဝများကို အပြန်အလှန် တွေ့ကြုံခံစားနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်၏။

ထို့ကြောင့် လီချင်းချင်းကို ရိုက်ကူးရေးအဖွဲ့က ရှန်းမိသားစု အိမ်တော်သို့ ပို့ဆောင်ပေးခဲ့ကြသည်။

ရှန်းမိသားစု၏ ခမ်းနားထည်ဝါသော နေအိမ်သည် တောင်သုံးဖက်ကို ဝန်းရံထားပြီး စတုရန်းမီတာ တစ်သောင်းကျော်မျှ ကျယ်ဝန်းလှသည်။

သုံးထပ်တိုက် ဗီလာအိမ်တော်ကြီးမှနေ၍ အနီးနားရှိ ဂေါက်ကွင်းနှင့် ပင်လယ်ပြင် ရှုခင်းများကို အလွယ်တကူ ရှုမြင်နိုင်ပေသည်။လီချင်းချင်း ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဇိမ်ခံအငွေ့အသက်များဖြင့် သူမ လွှမ်းမိုးခံလိုက်ရတော့သည်။ သူမသာမက အွန်လိုင်းမှ ကြည့်ရှုနေသူများပင် မှင်သက်သွားကြရသည်။

"ဝိုး.. ရှန်းမိသားစုကတော့ အသိအမှတ်ပြုထိုက်လောက်ပါပေတယ် အိမ်တော်ကြီးက တကယ်ခမ်းနားတာပဲ။"

"ဒီကောင်မလေး ကံကောင်းလိုက်တာ.. ဒီလိုအခွင့်အရေးမျိုးရဖို့ ဘဝဆက်ဆက် ကုသိုလ်တွေ စုဆောင်းခဲ့တာနေမှာ.. အားကျလိုက်တာဟာ။"

ထိုအချိန်တွင် အနက်ရောင် ယူနီဖောင်းဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။

"မင်္ဂလာပါ မိန်းကလေးလီ.. ကျွန်တော့်ကို ဦးလေးဖန်းလို့ ခေါ်နိုင်ပါတယ်။ သခင်ကြီးနဲ့ သခင်မကြီးက အိမ်မှာ မရှိကြပါဘူး။ လောလောဆယ် အနားယူလိုက်ပါဦး။"

"အဲ့ဒါ အိမ်တော်ထိန်းလား။ ဝတ္ထုတွေထဲမှာပဲ ရှိတယ်ထင်တာ.. အပြင်မှာ တကယ့်အိမ်တော်ထိန်းကို မြင်ဖူးသွားပြီ"

"စိတ်ကူးယဉ်ဇာတ်လမ်းတွေက တကယ်ဖြစ်လာတာပဲ.. ငါတို့ကတော့ အိပ်မက်ပဲ မက်နိုင်တော့မယ်။"

ကင်မရာမြင်ကွင်းထဲတွင် လီချင်းချင်းမှာ အနည်းငယ် စိတ်ပျက်သွားသည့်ပုံ ပေါ်နေသည်။

သခင်ကြီးနှင့် သခင်မကြီး အိမ်၌ မရှိကြချေ။ သူမသည် ဤနေရာသို့ မလာရောက်မီကပင် သူတို့၏ မျက်နှာသာပေးမှုကို မည်သို့ရယူရမည်ကို ကြိုတင်ကြံစည်ထားခဲ့ပြီး ဖြစ်သည်။

"ဒါက သခင်ကြီးနဲ့ သခင်မကြီးတို့က မိန်းကလေးလီအတွက် ပေးတဲ့ နှုတ်ဆက်လက်ဆောင် အသေးစားလေးပါ"

ဦးလေးဖန်းက ပြောပြောဆိုဆိုနှင့် CHANEL တံဆိပ်ရိုက်နှိပ်ထားသော စက္ကူအိတ်ကို ကမ်းပေးလိုက်သည်။

လီချင်းချင်းမှာ အသက်ရှူမှားသွားသော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းလျက် လက်ခံရယူလိုက်၏။

"ကျေးဇူးတင်ပါတယ် ဦးလေးနဲ့ အန်တီ။"

"ဒီကောင်မလေးက ယဉ်ကျေးပြီး တည်ငြိမ်လိုက်တာ.. စိတ်လှုပ်ရှားတဲ့ပုံတောင် မပြဘူးနော်။"

အွန်လိုင်းမှတ်ချက်များတွင် သူမကို ချီးကျူးနေကြပြီ ဖြစ်သည်။ဦးလေးဖန်းမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ ကျေးလက်က ကလေးမို့ ဇိမ်ခံအမှတ်တံဆိပ်တွေကို မသိတာနေမှာဟုသာ တွေးလိုက်မိသည်။ သူသည် အိမ်ဖော်တစ်ဦးကို လီချင်းချင်းအား အိမ်ထဲသို့ ခေါ်ဆောင်သွားစေခဲ့သောကြောင့် ခမ်းနားထည်ဝါလှသော အိမ်အတွင်းပြင်ဆင်ထားမှုမှာ ပရိသတ်တို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့သည်။

"ဒီမှာနေရင် မင်းသမီးတစ်ပါးလို နေရမှာပဲ ရုတ်တရက် စဉ်းစားမိတာက သခင်လေးရှန်းသာ ဒီလိုနေရာမျိုးကနေ ကျေးလက်ကို ပြောင်းသွားရင် အခက်ဆုံးအဆင့် Survival Game ကစားရသလို ဖြစ်မသွားဘူးလား"

ထို့နောက် ကင်မရာသည် ရှန်းယွီရှောင် ရှိရာဘက်သို့ ကူးပြောင်းသွားသည်။ပုံရိပ်သည် နှစ်ချက်မျှ လှုပ်ခါသွားပြီးနောက် ယိုင်နဲ့နေသော အိမ်အိုလေးတစ်လုံးဆီသို့ ရောက်သွားလေသည်။ထိုအရာကို အိမ်ဟုပင် ခေါ်ရန် ခက်ခဲလှ၏။ တစ်ဝက်ခန့် ပြိုကျနေပြီး သစ်သားတန်းများဖြင့်သာ ထောက်ကန်ထားရသည့်အပြင် ရုတ်တရက် ရွာသွန်းလာသော မိုးရေထဲတွင် အလွန်အမင်း အန္တရာယ်များလှသည့်ပုံ ပေါ်နေသည်။

"တကယ်ပဲ Survival Game ဖြစ်သွားပြီ..."

"လီချင်းချင်းတို့အိမ်က ဒီလောက်တောင် ဆင်းရဲတာလား.. သနားစရာလေး။"

ကင်မရာသည် ရှန်းယွီရှောင်ဘက်သို့ လှည့်သွား၏။

ရှန်းယွီရှောင်မှာ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

"...ဒီလောက် စုတ်ပြတ်နေတာလား.. ဒါ တကယ်ပဲ နေရမယ့် နေရာလား။"

"သခင်လေးရှန်းတော့ တကယ့်ကို သည်းမခံနိုင်တော့ဘူး ထင်တယ်။"

ရုတ်တရက် ရှန်းယွီရှောင်သည် လီရှောင်ယာနှင့် မျက်လုံးချင်းဆိုင်မိစေရန် ကင်မရာရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူတို့အပေါ်တွင် ဝန်ထမ်းတစ်ဦးက မိုးလုံစေရန် ထီးမိုးပေးထား၏။

"ဒါ မင်းအိမ်လား.. မင်း ဒီလိုနေရာမျိုးမှာ နေတာလား။"

ရှန်းယွီရှောင်၏ မျက်ခုံးများသည် ခြင်တစ်ကောင်ကို သတ်နိုင်လောက်သည်အထိ တင်းကျပ်စွာ တွန့်ချိုးနေတော့သည်။

"သခင်လေးရှန်းက ဘယ်သူ့ကို စကားပြောနေတာလဲ။"

ကင်မရာအောက်သို့ ရွေ့သွားသည့်အခါ ပရိသတ်များ မြင်တွေ့လိုက်ရသည်မှာ

တန်ဖိုးကြီး ကုတ်အင်္ကျီကို ပတ်ထားပြီး ရှန်းယွီရှောင်၏ ရှေ့တွင် တုန်ရီစွာ ရပ်နေသော ကလေးငယ်တစ်ဦး ဖြစ်ပေသည်။ သူမသည် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်၏။ ရေငွေ့များ ရစ်သိုင်းနေသော သူမ၏ မျက်ဝန်းများသည် ထူးခြားစွာ တောက်ပနေသည်။

ပရိသတ်၏ အကြည့်များသည် သူမထံတွင် စွဲငြိသွားကြသည်။

"ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး.. သူက ဘယ်သူလဲ.. ဘာလို့ သခင်လေးရှန်းက သူ့အိမ်ရောက်နေတာလဲ။"

"အဲ့ဒါ လိမ်ညာတတ်တယ်၊ အကျင့်မကောင်းဘူး၊ ပစ္စည်းခိုးတတ်တယ်ဆိုတဲ့ လီရှောင်ယာ မဟုတ်လား။"

"သူဝတ်ထားတာ ရှန်းယွီရှောင်ရဲ့ ကုတ်အင်္ကျီမလား။"

"ဟာ.. သခင်လေးရှန်း ရေ.. သူ့ကို စကားမပြောနဲ့.. သူက လူလိမ်မလေး.. သတိထားနော် ပစ္စည်းတွေ အခိုးခံရဦးမယ်။"

"အိမ်ထဲဝင်ပြီး ရေဝင်သောက်မလားဟင်"

လီရှောင်ယာက မော့ကြည့်ကာ မေးလိုက်သည်။ သူမ၏ အသံမှာ တိုးညှင်းပြီး စကားပြော နှေးကွေးသဖြင့် နူးညံ့သိမ်မွေ့သော ပုံစံမျိုး ပေါက်နေသည်။ရှန်းယွီရှောင် နှုတ်ခမ်းမဲ့လိုက်မိ၏။ ရေသောက်ဖို့ မပြောနှင့်၊ သူသည် ဤစုတ်ပြတ်နေသော အိမ်ထဲသို့ ခြေပင်မချချင်ပေ။

သို့သော် စကားပြောရန် ပြင်လိုက်စဉ် လီရှောင်ယာ၏ တောက်ပသော မျက်ဝန်းများနှင့် ဆုံမိသဖြင့် ပြောမထွက် ဖြစ်သွားရသည်။

"သူ့အိမ်ကိုလည်း ရောက်ပြီဆိုတော့ ပြန်ကြမလား"

ဝန်ထမ်းတစ်ဦးက အကြံပြုလိုက်သည်။ ဤဝင်ရောက်စွက်ဖက်မှုသည် ရှန်းယွီရှောင်၏ ပုန်ကန်လိုစိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ရှန်းယွီရှောင်က လီရှောင်ယာ၏ ကျောပြင်ပေါ်သို့ လက်တင်ကာ ရှေ့သို့ တွန်းလိုက်ရင်း ပြောလိုက်၏။

"ဝင်ကြစို့။"

လီရှောင်ယာသည် လေပြင်းနှင့် မိုးစက်များကြားတွင် ဂရုတစိုက် လျှောက်လှမ်းနေရသော်လည်း ရှန်းယွီရှောင်ကမူ ခြေလှမ်းကျဲကြီးဖြင့် လှမ်းလိုက်ရာ လီရှောင်ယာ၏ အိမ်တံခါးခုံကို နင်းမိသွားတော့သည်။

ယိုင်နဲ့နေပြီးသား အိမ်ကလေးမှာ ပို၍ပင် စုတ်ပြတ်သွားရရှာသည်။

ရှန်းယွီရှောင် ...

"စိတ်မပူနဲ့.. ငါ လျော်ပေးမယ်။"

ရှန်းယွီရှောင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အိမ်ထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် ဒေသိယလေသံဖြင့် ပြောဆိုနေခြင်း ဖြစ်၏။

"ကောင်မစုတ်လေး.. အခုမှ ပြန်လာသလား.. မင်းအဘိုးကို အေးခဲသေစေချင်နေတာလား။"

ပြောလိုက်သူ၏ လေသံမှာ ဝဲနေပြီး လည်ချောင်းထဲတွင် သလိပ်များ ပြည့်နေသကဲ့သို့ အသံမှာ အလုံးလိုက် ဖြစ်နေသည်။

ရှန်းယွီရှောင်မှာ ပထမတော့ နားမလည်ချေ။

လီရှောင်ယာကမူ နားလည်သော်လည်း အနည်းငယ်သာ ရှိုက်လိုက်ပြီး အိမ်ထဲဝင်ကာ မီးမွှေးရန် အလျင်စလို ပြင်ဆင်လေသည်။

သူမသည် ရေစည်ပိုင်းကြီးထဲမှ ရေကို ခပ်ကာ အိုးထဲထည့်ပြီး မီးဖိုပေါ် တင်လိုက်သည်။ အာလူးနှစ်လုံးကိုလည်း ထည့်ပြုတ်လိုက်၏။ ဤသို့ဆိုလျှင် ရေဆူလာပါက သောက်စရာ ရေနွေးရမည့်အပြင် အာလူးလည်း ကျက်သွားမည် ဖြစ်သည်။

ရှန်းယွီရှောင် နောက်မှလိုက်လာရင်း မေးလိုက်သည်။

"ဘယ်သူလဲ"

လီရှောင်ယာကဖြေလိုက်၏။

"အဘိုးပါ"

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်မိကာ လေသံက ဘာလို့ အဲ့ဒီလောက် ရန်လိုနေရတာလဲဟု တွေးနေမိသည်။

"ဒါက ဘာကြီးလဲ"

ရှန်းယွီရှောင်က အကြည့်လွှဲရင်း မေးလိုက်သည်။

လီရှောင်ယာသည် သူ့ကို ဖြေရန် အချိန်ခဏပေးလိုက်သည်။

"ရေနွေးတည်ဖို့လေ"

ရှန်းယွီရှောင်က ပုံပျက်နေသော ရွှံ့ပုံကို လက်ညှိုးထိုးကာ

"ငါဆိုလိုတာက ဒီပုံပျက်ပန်းပျက် ရွှံ့ပုံကြီးက ဘာကြီးလဲလို့ မေးတာ"

"မီးဖိုလေ"

ရှန်းယွီရှောင် “...”

ဒီအရာကို မီးဖိုလို့ ခေါ်တယ်ပေါ့။သူသည် ပတ်ဝန်းကျင်ကို အမြန် ဝေ့ဝဲကြည့်လိုက်သည်။

ရွှံ့နံရံများ၊ ကွဲအက်နေသော အုတ်ကြွပ်များနှင့် သက်ငယ်မိုးထားသော ခေါင်မိုးတို့ဖြင့် ဖွဲ့စည်းထားသော အိမ်တစ်လုံး။

အိမ်ထဲတွင် မီးမရှိ၊ နံရံပေါက်များမှ ဝင်ရောက်လာသော အလင်းရောင်ကိုသာ အားပြုနေရသည်။ တီဗီ၊ ဆိုဖာ နှင့် စားပွဲခုံ ဆိုသည်မှာ အရိပ်အယောင်မျှပင် မမြင်ရချေ။

မလှမ်းမကမ်းတွင် ဆီစိမ်ပိတ်စတစ်စ တွဲလောင်းကျနေပြီး ထိုနောက်ကွယ်တွင် လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို ဝိုးတဝါး မြင်နေရသည်။ ခုနက လှမ်းအော်လိုက်သူမှာ ထိုလူပင် ဖြစ်လောက်သည်။

အရမ်းကို စုတ်ပြတ်လွန်းသည်။

သောက်ကျိုးနည်း တော်တော်ကို စုတ်ပြတ်လွန်းလှသည်။

ရှန်းယွီရှောင် တစ်ယောက် တုန်လှုပ်စွာ ငေးကြည့်နေစဉ်မှာပင် လီရှောင်ယာသည် ရေကျက်အောင် တည်ပြီးသွားလေပြီ။ သူမသည် ကြွေပန်းကန်လုံး အဖြူလေးကို ယူ၍ ရှန်းယွီရှောင်အတွက် ရေနွေးအနည်းငယ်

ငှဲ့ထည့်လိုက်သည်။

"ရော့.. သောက်လိုက်ပါ"

လီရှောင်ယာက လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ ရေနွေးငွေ့ကြောင့် သူမ၏ လက်ချောင်းထိပ်လေးများမှာ ရဲနေသော်လည်း အောက်ဘက် လက်ကောက်ဝတ်နားတွင်မူ ပြာနှမ်းဖြူဖပ်နေသည်။ ထိုအရာသည် အအေးဒဏ်ကြောင့် ဖြစ်လေသည်။

"ဒီကလေးက တော်တော်ဉာဏ်များတာပဲ.. သခင်လေးရှန်း မျက်နှာရအောင် လုပ်နေတာမလား။"

"မသောက်နဲ့နော်.. ညစ်ပတ်တယ်.. ဒီအိမ်က ညစ်ပတ်လွန်းတယ်။"

မှတ်ချက်များတွင် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ဆန့်ကျင်စွာပင် ရှန်းယွီရှောင်၏ မျက်ခွံများမှာ လေးလံစွာ လှုပ်ခါသွားသည်။ ထို့နောက် သူသည် လီရှောင်ယာ၏ လက်ထဲမှ ပန်းကန်လုံးကို ဆွဲယူလိုက်ပြီး ရွှံ့မီးဖိုပေါ်သို့ ဘုန်းခနဲ ဆောင့်ချလိုက်ကာ အေးစက်စွာ ပြောလိုက်တော့သည်။

"ဘယ်သူက ရေဆာနေလို့လဲ။"

"တော်သေးတာပေါ့.. သခင်လေးရှန်း မသောက်လိုက်ဘူး။"

"ဘယ်လိုပဲဖြစ်ဖြစ် သူက တောသူလေးပဲလေ.. သူ့ရဲ့ မျက်နှာလိုမျက်နှာရ လုပ်ရပ်တွေက အကန့်အသတ် ရှိတာပဲ.. အဲ့ဒီ ညစ်ပတ်နေတဲ့ လက်တွေနဲ့ ပေးတာကို ဘယ်သူက လိုချင်မှာလဲ။"

နောက်တစ်စက္ကန့်တွင် ရှန်းယွီရှောင်သည် လီရှောင်ယာကို ပွေ့မကာ ဂျိုင်းအောက်တွင် ညှပ်လိုက်လေသည်။ သူသည် ဝန်ထမ်းဖြစ်သူဘက်သို့ လှည့်ကာ အေးစက်သော မျက်နှာထားဖြင့် မေးလိုက်၏။

"ဘယ်မှာ ရေပူချိုးလို့ရမလဲ.. သူ့ကို အရင် သန့်ရှင်းရေး လုပ်ခိုင်းလိုက်.. သူ အေးခဲပြီး သေလုနီးပါးတောင် ဖြစ်နေပြီ။"

အေးခဲလုနီးပါး ဖြစ်နေသည့်တိုင် သူမသည် သူ့အတွက် ရေနွေးငှဲ့ပေးနိုင်ခဲ့သေးသည်။

ရှန်းယွီရှောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မကျေမနပ် ဆဲရေးလိုက်တော့သည်။

"တောက်.. အိမ်မှာ အနည်းဆုံးတော့ ရေချိုးလို့ရမယ် ထင်ထားတာ.. ဒါက ဘယ်လို အိမ်အမျိုးအစားလဲကွာ.. ရယ်စရာကြီး.. ဒါက သက်ငယ်တဲအိမ်လေး ဆိုရုံသက်သက်ပဲ.. တကယ့်တဲအိမ်စစ်စစ်ကမှ ဒီထက် သာဦးမယ်။"

"ဟင်"

မှတ်ချက်ရေးသားနေကြသော ရက်စက်သည့် အင်တာနက်အသုံးပြုသူများသည် ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး ခေတ္တမျှ ဆွံ့အသွားကြလေတော့သည်။

All Chapters