← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

Chapter 3

ရိုက်ကူးရေးအဖွဲ့သားများမှာ "သခင်လေး... ဒီကိုလာတာ ရိုက်ကူး‌ေရးလုပ်ဖို့လာတာ‌ေလ ပရဟိတလုပ်ဖို့ လာတာမဟုတ်ဘူး မဆိုင်တဲ့ကိစ္စတွေမှာ ဘာလို့များ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ" ဟု ပြောချင်ကြသော်လည်း စကားစမည့်ဆဲဆဲတွင် ထိုကလေးမ‌ေလး လမ်းဘေးမြောင်းထဲကျသွားရသည်မှာ ရိုက်ကူးရေးအဖွဲ့၏ ကားကြောင့်ဆိုတာကို သတိရသွားကြသဖြင့် နှုတ်ဆိတ်နေလိုက်ကြရ‌ေတာ့သည်။

ရှန်းယွီရှောင်မှာမူ ပြောသည့်အတိုင်း လုပ်ဆောင်တတ်သူပီပီ လီရှောင်ယာကို ပွေ့ချီကာ ကားဆီသို့ သွက်လက်စွာ ပြန်လျှောက်သွားလေသည်။လီရှောင်ယာ၏ ခြေထောက်တစ်ဖက်တွင်တော့ ဖိနပ်ကျွတ်ကျန်ရစ်ခဲ့၏။သူမ မော့ကြည့်လိုက်သော်လည်း ဝေဝါးနေသော အမြင်အာရုံကြောင့် လူငယ်လေး၏ ထင်ရှားပြတ်သားသော မေးရိုးအချိုးအစားကိုသာ မြင်လိုက်ရ၏။

တင်းတင်းစေ့ထားသော နှုတ်ခမ်းများက သူ့ကို ချဉ်းကပ်ရခက်ခဲသူတစ်ယောက်အသွင် ဆောင်နေစေသည်။သို့သော် လီရှောင်ယာမှာ ရုန်းကန်ရင်း တိုးညှင်းစွာ ဆိုရှာလေသည်။

"အဘိုး... သမီးအဘိုး ရေမသောက်ရသေးဘူး..."

ရှန်းယွီရှောင်ကတော့ လီရှောင်ယာကိုသာ ဂရုစိုက်နိုင်ပြီး အခြားသူများကို အရေးမလုပ်နိုင်ပေ။ သူ နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်သည်။

"သူ့မှာ ခြေလက်အစုံပါတာပဲ၊ ကိုယ့်ဘာသာမလုပ်တတ်ဘူးလား။ ဘာလို့မင်းလိုကလေးက ပြုစုနေရမှာလဲ"

"အဘိုးမှာ ခြေထောက်မရှိဘူးလေ"

ရှန်းယွီရှောင် - "..."

ထိုစကားကြောင့် ရှန်းယွီရှောင်မှာ ဆွံ့အသွားခဲ့ရ၏။ သူ မျက်နှာကို လက်ဖြင့်ပွတ်လိုက်မိပြီး ပွေ့ချီထားသော ကလေးမ‌ေလးကို ပြန်ငုံ့ကြည့်လိုက်မိသည်။ သူမမျက်နှာပေါ်တွင် ဝမ်းနည်းမှု၊ နာကျင်မှုတို့ကို သိပ်မတွေ့ရဘဲ မျက်ဝန်းများက ကြည်လင်နေကာ ကြံ့ကြံ့ခံနိုင်သော အရိပ်အယောင်များပင် ရောယှက်နေလေသည်။

...ကျစ်၊ ပိုပြီးသနားဖို့ကောင်းလာပြီ။

ရှန်းယွီရှောင်သည် ကားမှန်ကိုချကာ အပြင်ဘက်ရှိ ဝန်ထမ်းများကို လှမ်းအော်ပြောလိုက်၏။

"အဲ့ဒီအဘိုးမှာ ခြေထောက်မရှိဘူးတဲ့၊ ရေနွေးသွားတိုက်လိုက်ကြဦး"

ဝန်ထမ်းများ - ဘယ်လို

ငါတို့က တကယ်ပဲ ပရဟိတလာလုပ်ကြတာလား။

နေပါဦး... ရှန်းမိသားစုရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သခင်လေးက ဘယ်ရောက်သွားတာလဲ။

တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များမှာလည်း ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။

[ဒီ လီရှောင်ယာလေးက တော်တော်သနားဖို့ကောင်းတာပဲ၊ ပျက်စီးယိုယွင်းနေတဲ့ အိမ်ကိုစောင့်ရှောက်ရင်း လုပ်အားမရှိတော့တဲ့ အဘိုးကို ပြုစုနေရရှာတယ်... ကျန်တဲ့မိသားစုဝင်တွေက ဘယ်ရောက်နေကြတာလဲ]

[တော်စမ်းပါကွာ၊ မင်းတို့က ဒါကိုယုံနေတာလား... ဇာတ်တိုက်ထားတာမှန်း အသိအသာကြီးကို]

ကားထဲတွင် ရှန်းယွီရှောင်က သူမကိုချပေးလိုက်ပြီး ထိုင်ခုံခါးပတ်ပတ်ပေးနေစဉ် ပူနွေးသော မျက်ရည်တစ်စက် လက်မောင်းပေါ် ကျလာခဲ့သည်။

ရှန်းယွီရှောင် မီးပူလောင်သွားသကဲ့သို့ တွန့်သွားပြီး မျက်နှာထားပြောင်းကာ လီရှောင်ယာ၏ မျက်နှာကို အလောတကြီး ကြည့်လိုက်မိသည်။ ဝမ်းနည်းစရာကိစ္စတစ်ခုခုကို ထိခိုက်မိသွားသည်ဟု သူထင်လိုက်သောကြောင့်ပင်။

သို့သော် လီရှောင်ယာ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေပြီး နှုတ်ခမ်းများ တုန်ရီလျက် တိုးညှင်းစွာ ဆိုလာသည်။

"ဖိနပ်... သမီးဖိနပ် ကျွတ်ကျန်ခဲ့ပြီ"

"ဖိနပ်..."

လီရှောင်ယာသည် အဘိုးဖြစ်သူ ခြေထောက်မရှိသည့်ကိစ္စထက် ဖိနပ်ပျောက်သွားသည့် ကိစ္စက သူမကို ပို၍ဝမ်းနည်းပူဆွေးစေပုံရသည်။

ပထမအကြောင်းရင်းက နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော နာကျင်မှုဟောင်းတစ်ခု ဖြစ်ပြီး၊ ဒုတိယအကြောင်းရင်းကတော့ လက်ရှိရင်ဆိုင်နေရသော ဆင်းရဲမွဲတေမှု ဒဏ်ကြောင့်ပင် ဖြစ်ချေသည်။

[ကျစ်၊ ဒါသာ ဇာတ်တိုက်ထားတာဆိုရင်တော့ ဇာတ်ညွှန်းက တော်တော်ကောင်းတယ်လို့ ပြောရမှာပဲ...]

ရှန်းယွီရှောင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ဖိနပ်တစ်ဖက်တည်းပါ၊ ကိစ္စမရှိပါဘူး။ ကိုယ်ပြန်လျော်ပေးမယ်နော်"

လီရှောင်ယာမှာ မျက်ရည်များကြားမှ ခေါင်းညိတ်ရှာသည်။လီမိသားစုရွာလေးမှာ အလွန်ဆင်းရဲပေရာ ဝန်ထမ်းများမှာ လီရှောင်ယာကို ရွာသူကြီးအိမ်သို့ခေါ်သွားပြီး ရေနွေးဖြင့် ရေချိုးပေးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

ရွာသူကြီးအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး နံရံကပ်ကြွေပြားများ မကပ်ထားသဖြင့် ကျေးလက်ဒေသတွင် သိပ်မထူးဆန်းလှသော်လည်း လီရှောင်ယာ၏ နေအိမ်နှင့်ယှဉ်လျှင်မူ ဇိမ်ခံအိမ်ကြီးသဖွယ် ဖြစ်နေတော့သည်။

သခင်လေးရှန်း ရောက်လာပြီဟု ကြားသည်နှင့် ရွာသူကြီးမှာ လက်အုပ်ချီမတတ် ခရီးဦးကြိုပြုလေသည်။

"ရောက်လာပြီလား အိပ်ရာတွေလည်း ပြင်ထားပြီးပါပြီ..."

ရွာသူကြီး၏အသံ တိခနဲရပ်သွားတော့သည်။

သူ့ရှေ့တွင် အရပ်ခြောက်ပေခန့်ရှိသော လူငယ်လေးက လီရှောင်ယာကို လက်မောင်းအောက်ညှပ်ပြီး သယ်လာသည်ကို မြင်လိုက်ရသောအခါ ရွာသူကြီး၏‌ေလသံ မြင့်တက်သွားတော့သည်။

"လီရှောင်ယာ မင်းက ဒီကိုဘာလာလုပ်တာလဲ"

ကင်မရာများသာ မရှိပါက ရွာသူကြီးတစ်ယောက် ဆဲဆိုကြိမ်းမောင်းနေလောက်ပြီ ဖြစ်သည်။

[ဟ၊ ရွာလူကြီးအိမ်က တော်တော်ပြည့်စုံပုံပဲ]

[ဘယ်သူ သတိထားမိကြသေးလဲ... ရွာလူကြီးအိမ်မှာ ဝန်ထမ်းတွေအများကြီးပဲ၊ ကင်မရာတွေလည်း ကြိုတပ်ထားတယ်]

[ငါသိပြီ ဒါ လီချင်းချင်းရဲ့ အိမ်ပဲနေမှာ]

"ထားလိုက်ပါ၊ သခင်လေးရှန်းက လမ်းမှာ ဒီကလေးမလေးနဲ့တွေ့လို့ ရေချိုးပေးဖို့ ခေါ်လာတာ"

ဝန်ထမ်းတစ်ဦးက ကြားဝင်ပြောကြားရင်း ရွာလူကြီးကို ဘေးသို့တွန်းထုတ်လိုက်သည်။ ရှန်းယွီရှောင်မှာ ဧည့်သည်နှင့်မတူဘဲ အိမ်ရှင်တစ်ဦးသဖွယ် လီရှောင်ယာကိုခေါ်လျက် အပေါ်ထပ်သို့ တန်းတက်သွားလေသည်။ ဤသခင်လေးမှာ အနိုင်ကျင့် ဗိုလ်ကျလေ့ရှိသူပေ။

ရွာလူကြီးမှာ ရှန်းယွီရှောင်ကို မျက်နှာလိုမျက်နှာရလုပ်ရန် အိပ်ခန်းမကြီးကို ပေးထားခြင်းဖြစ်သည်။ ရှန်းယွီရှောင်က ရေချိုးခန်းတွဲလျက်ပါသော ထိုအခန်းထဲသို့ လီရှောင်ယာကို တွန်းထည့်ပေးလိုက်သည်။

"သွား... ရေချိုးလိုက်"

လီရှောင်ယာမှာ ရေချိုးခန်းထဲတွင် သေးကွေးညှိုးငယ်စွာ ရပ်နေရှာသည်။ သူမ ဟိုသည်ကြည့်ရင်း ခလုတ်ကိုရှာမတွေ့ဘဲ စမ်းတဝါးဝါးလုပ်နေစဉ် ရေပန်းမှရေများ မျက်နှာတည့်တည့်သို့ ပန်းထွက်လာ၏။

အပြင်ဘက်မှ ရှန်းယွီရှောင်တစ်ယောက် ရေဖွင့်သံ ပိတ်သံများကို ကြားနေရသည်။

မကြာမီ တံခါးပွင့်လာပြီး စိုရွှဲနေသော ခေါင်းလေးပြူထွက်လာကာ တိုးညှင်းစွာ ပြောလေသည်။

"ဟို... သမီး ဘယ်လိုသုံးရမှန်း မသိလို့"

ဒီကလေးမလေး ရေပန်းကို တစ်ခါမှမမြင်ဖူးမှန်း ရှန်းယွီရှောင် သဘောပေါက်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ သူ တံခါးလက်ကိုင်ကိုဆွဲထားရင်း ခေတ္တမျှတုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

"အဝတ်တွေ ဝတ်ထားသေးတယ်မလား"

လီရှောင်ယာ ခေါင်းညိတ်ပြသည်။

ထိုအခါမှ ရှန်းယွီရှောင် ဝင်သွားပြီး ပထမဆုံးအကြိမ်အဖြစ် လီရှောင်ယာကို ရေပန်းအသုံးပြုနည်း သင်ပေးရလေတော့သည်။

ဤသို့ဖြင့် လီရှောင်ယာ ရေချိုးပြီးသည်အထိ နာရီဝက်ခန့် ကြာသွားလေသည်။

ရွာလူကြီးမှာ ဝန်ထမ်းများ၏ ဖိအားပေးမှုကြောင့် လီချင်းချင်း၏ အဝတ်အစားအချို့ကို ရှာဖွေပြီး လီရှောင်ယာလဲရန် ယူလာပေးရရှာသည်။ အဝတ်များကိုပိုက်လျက် သူအပေါ်ထပ်သို့ တက်လာခဲ့သည်။

"သခင်လေးရှန်း ကျုပ်က ရွာသူကြီးပါ ရှောင်ယာဝတ်ဖို့ အဝတ်အစားတွေ ယူလာပေးတာပါ"

ရွာသူကြီး၏လေသံမှာ သိသိသာသာ ဖားယားနေမှန်း သိသာလှသည်။

တံခါးပွင့်လာသော်လည်း ရှန်းယွီရှောင်က ငြင်းလိုက်၏။

"မလိုတော့ဘူး"

သူ ဘေးသို့ဖယ်ပေးလိုက်ပြီး ဆိုလေသည်။

"သူ ဝတ်ပြီးသွားပြီ"

ထိုအချိန်တွင် လီရှောင်ယာသည် ဆိုဒ်အကြီးစား ဟူဒီအင်္ကျီကို ဝတ်ဆင်လျက် ရေချိုးခန်းထဲမှ ထွက်လာသည်။ အင်္ကျီပွပွကြီးကြောင့် ဂါဝန်တစ်ထည်ကဲ့သို့ ဖြစ်နေပြီး ခြေမျက်စိလေးများသာ ပေါ်နေတော့သည်။

အင်္ကျီလက်ရှည်ကြီးများကြောင့် လက်နှစ်ဖက်ကို ထောင်ထားရပြီး ကြောင်တောင်တောင်လေး ဖြစ်နေသော်လည်း ပြောမပြတတ်အောင် ချစ်ဖို့ကောင်းနေပြန်သည်။

ရှန်းယွီရှောင်က သူ့အင်္ကျီကို ပေးဝတ်လိုက်ခြင်းဖြစ်၏။

"ဒါ... ဒါက..."

ရွာသူကြီးမှာ စကားဆက်မဆိုနိုင်တော့ချေ။

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ။

လီရှောင်ယာ... သောက်ကျိုးနည်း လီရှောင်ယာပါလား။

ထိုအချိန်တွင် ကင်မရာများက လီရှောင်ယာ၏ပုံစံကို ရိုက်ကူးပြသနေပြီဖြစ်ရာ ကြည့်ရှုသူများ၏ မှတ်ချက်များ ပွက်လောရိုက်သွားတော့သည်။

[ဟာ... ACRONYM ဟူဒီကြီးပဲ ရူးတော့မှာပဲ အဲ့ဒါ ယွမ်တစ်သောင်းကျော်တန်ကြီးလေ ဒီတိုင်း ပေးဝတ်လိုက်တာလား]

[ရှန်းယွီရှောင် မင်းအဝတ်တွေအကုန် ပေးလိုက်တော့မှာလား၊ ဂျာကင်အင်္ကျီတောင် ပေးလိုက်သေးတယ်]

[ငါတော့ လီချင်းချင်းကို မနာလိုတော့ဘူး]

"လာခဲ့... ဆံပင်မှုတ်‌ေပးမယ်"

ရှန်းယွီရှောင် လက်လှမ်းခေါ်လိုက်သည်။

လီရှောင်ယာမှာ အအေးမိထားသဖြင့် နှာခေါင်းပိတ်နေပြီး နှာသံဖြင့် ပြန်ဖြေလေသည်။

"ဒီအတိုင်းထားလိုက်ရင် ခြောက်သွားမှာပါ"

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒီအတိုင်းထားရင် ဖျားတော့မှာပေါ့၊ လာစမ်းပါ... နေဦး၊ မင်းက ဆံပင်မှုတ်စက်လည်း မြင်ဖူးမှာမဟုတ်ဘူးပဲ။"

"ကိုယ်ပဲ မှုတ်ပေးမယ်"

ရှန်းယွီရှောင်က ဤအလုပ်ကို အခြားသူလက်ထဲ ထည့်မပေးချင်ပေ။

လီရှောင်ယာမှာ ရွာလူကြီးကို ကြောက်လန့်တကြား လှမ်းကြည့်ပြီးမှ ရှန်းယွီရှောင်အနားသို့ တိုးသွားလေသည်။

ရှန်းယွီရှောင်သည် သူမပခုံးကို ဆွဲကိုင်ကာ တံဆိပ်အတု ဟဲယာဒရိုင်ယာကို ယူလိုက်သည်။ မျက်နှာထားက ရွံရှာသည့်ပုံ ပေါက်နေသော်လည်း ခလုတ်ဖွင့်ပြီး လီရှောင်ယာ၏ဆံပင်ကို စိတ်ရှည်လက်ရှည် မှုတ်ပေးနေလေသည်။

လီရှောင်ယာမှာ မလှုပ်ရဲဘဲ ငြိမ်နေရှာသည်။ လက်ကြီးကြီးတစ်စုံက သူမဆံပင်ကြားထဲ တိုးဝှေ့နေပြီး နွေးထွေးသော လေငွေ့လေးများကိုသာ ခံစားနေရသည်။

အရမ်းနွေးထွေးတာပဲ...။

သူမ တစ်ခါမှ ဒီလောက်မနွေးထွေးဖူးခဲ့ဘူး။

ရှန်းယွီရှောင် ဆံပင်မှုတ်ပေးနေရင်းမှ ဝေဖန်လေသည်။

"ဆံပင်တွေကို ခွေးကိုက်ထားတာလား၊ အဖျားတွေက ညီမနေဘူး"

လီရှောင်ယာ ပြန်ဖြေလိုက်သည်။

"ဆရာမ ညှပ်ပေးထားတာပါ"

ရှန်းယွီရှောင် စကားဆက်မရ ဖြစ်သွားသည်။

"ဒါက ဘယ်လိုလက်ရာကြီးလဲကွာ"

ဆံပင်ခြောက်သွားသောအခါ ရှန်းယွီရှောင်က ရှည်နေသောအင်္ကျီလက်ကို ခေါက်တင်ပေးလိုက်ပြီး ခေါင်းဆောင်းကိုပါ ဆောင်းပေးလိုက်လေသည်။ "ဒါမှ အပြင်ထွက်ရင် မအေးတော့မှာ..."

သူမကိုကြည့်ရင်း ရှန်းယွီရှောင် စကားရပ်သွားသည်။ဟူဒီအင်္ကျီက သူမနှင့် အလွန်ပွနေသဖြင့် ခေါင်းဆောင်းလိုက်သောအခါ တစ်ကိုယ်လုံး မြုပ်သွားပြီး ဖြူဝင်းသော မေးစေ့လေးသာ ပေါ်နေတော့သည်။

ရှန်းယွီရှောင် လက်ချောင်းများကို ကွေးလိုက်ရင်း မရေရွတ်ဘဲ မနေနိုင်တော့ချေ။

"သောက်ရမ်း ချစ်ဖို့ကောင်းတာပဲကွာ"

မကြာမီ ဝန်ထမ်းများက အအေးမိပျောက်ဆေး လာပေးကြသည်။ လီရှောင်ယာသည် ခါးသက်သောအရသာကို မမှုဘဲ ဆေးမှုန့်များကို တစ်ခါတည်း မော့သောက်လိုက်၏။ ပြီးနောက် ပါးစပ်သုတ်ကာ ပြောလေသည်။

"သမီး ပြန်တော့မယ်"

ရှန်းယွီရှောင် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း ပြောလိုက်၏။

"အင်း တစ်ယောက်ယောက် လိုက်ပို့ပေးလိုက်ကြပါဦး"

ထိုစကားကြားမှ ဝန်ထမ်းများမှာ သက်ပြင်းချနိုင်တော့သည်။ တော်ပါသေးရဲ့ ဒီပြဿနာကောင်လေးက ရိုက်ကူးရေးကို ကောင်းကောင်းလုပ်ခွင့်ပေးတော့မယ်။

"နေဦး... မင်းဖိနပ်က တစ်ဖက်ပျောက်နေတာမလား"

ရှန်းယွီရှောင် ရုတ်တရက် သတိရသွားသည်။

လီရှောင်ယာမှာ ဖိနပ်အတွက် ငိုပြီးပြီဖြစ်သော်လည်း ယခုအခါတွင်မူ သန်မာဟန်ပြုလျက် ပြန်ဖြေသည်။

"ရပါတယ်၊ ကိစ္စမရှိပါဘူး"

ဒီအစ်ကိုကြီးက သူမကို အများကြီး ပေးပြီးပြီပဲလေ။ဖိနပ်က ပျောက်သွားတဲ့နေရာမှာ ရှိနေလောက်မှာပါ၊ မရှိရင်လည်း အမှိုက်ပုံထဲ ပြန်ရှာလိုက်လို့ရတာပဲ။ထိုစဉ် ရွာလူကြီးက ဝင်ပြောလေသည်။

"ချင်းချင်းရဲ့ ဖိနပ်အဟောင်းတစ်ရံ ပေးလိုက်ရမလား"

သူက လီရှောင်ယာကို မြန်မြန်မောင်းထုတ်ချင်နေသလို ရှန်းယွီရှောင်ကိုလည်း မျက်နှာလုပ်ချင်နေသည်။

သို့သော် ရှန်းယွီရှောင်က မနှစ်မြို့စွာ တုံ့ပြန်လိုက်၏။

"သူများဝတ်ပြီးသား အစုတ်တွေ ဘာလို့ပေးရမှာလဲ။ သဲဝဲစားရင် ဘယ်လိုလုပ်မလဲ"

ရွာလူကြီး - "..."

မှတ်ချက်များလည်း ပွက်လောရိုက်ကုန်ကြတော့သည်။

[...]

[ငြင်းစရာစကားမရှိဘူး]

All Chapters