အခန်း (၄)
Vol. 1 Ch. 4
Chapter 4
နောက်ဆုံး၌ ဝန်ထမ်းများသာလျှင် အလုပ်ရှုပ်ရှာတော့သည်။ ဖိနပ်တစ်ရံ ဝယ်ယူရန်အလို့ငှာ အနီးဆုံးမြို့လေးဆီသို့ ကားမောင်းကာ သွားရောက်ဝယ်ယူကြရလေ၏။
ရှန်းယွီရှောင်သည် လီရှောင်ယာအား ထိုဖိနပ်ပေး၍ လျော်ကြေးပေးပြီးမှသာလျှင် ပြန်ခွင့်ပြုလိုက်သည်။
လီရှောင်ယာသည် သူ၏ဟူဒီကြီးစားကြီးကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကို ခေါင်းပေါ်ဆွဲတင်ထားကာ ရွာသူကြီးအိမ်မှထွက်ကာ ခြံဝင်းအတွင်းရှိ ရေအိုင်များကို ဂရုတစိုက်ရှောင်ကွင်း၍ ထွက်ခွာသွားလေ၏။
သူမသည် သူ့ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပေ။ရှန်းယွီရှောင်မှာမူ အကြောင်းပြချက်မရှိဘဲ စိတ်ထဲတွင် ဟာလာဟင်းလင်းကြီး ဖြစ်ကာကျန်ရစ်ခဲ့ရသည်။
"ရှန်းသခင်လေး..."
ရွာသူကြီးက သူ့အနားသို့ တိုးကပ်လာပြန်သည်။
ရှန်းယွီရှောင်သည် နောက်ဆုံးတွင် လှည့်ကြည့်လာပြီး ရွာသူကြီး၏နေအိမ်ကို တစ်ချက်ဝေ့ဝဲကြည့်ရှုလိုက်ကာ ကျိန်ဆဲလိုက်တော့သည်။
"ဒီနေရာက ဘယ်လိုနေရာကြီးလဲကွာ"
ရွာသူကြီးမှာ ပြောစရာစကားမဲ့သွားရ၏။
ထို့နောက် ရွာသူကြီးက အတင်းကာရော ပြုံးလိုက်ပြီး ပြောလိုက်၏။
"ရှန်းသခင်လေး ဗိုက်ဆာနေပြီလား၊ ရေရောငတ်ေသးလား၊ တီဗီကြည့်ဦးမလား... ဒီမှာ ကွန်ပျူတာတောင် ရှိတယ် ဂိမ်းဆော့ချင်ရင်လည်း ရတယ်နော်"
ရှန်းယွီရှောင်က မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မဝင်စားဘူး"
ညနေစောင်း၍ မိုးချုပ်လာသည့်အခါ ရွာသူကြီး၏ ညစာနှင့်ပတ်သက်ပြီး ရှန်းယွီရှောင်၏ မှတ်ချက်မှာ "ဝက်စာတွေကျနေတာပဲ" ဟူ၍ ဖြစ်သည်။
ရွာသူကြီးက လက်ဖက်ရည်တစ်အိုး ထပ်ဖျော်ပေးပြန်ရာ ရှန်းသခင်လေးက ရွံရှာမုန်းတီးစွာဖြင့် "ပန်းကန်ဆေးတဲ့ရေတွေလား" ဟု ဆိုပြန်သည်။
ဝန်ထမ်းများမှာမူ ပြောစရာစကားပင် မရှိတော့ချေ။
သူတို့ခေါင်းထဲတွင် ပေါ်လာသည်မှာ သူတို့ရင်းနှီးနေကျ ရှန်းသခင်လေး ပြန်ရောက်လာပြီဟူ၍သာ ဖြစ်ပေတော့သည်။
လီရှောင်ယာ အိမ်ပြန်ရောက်သွားခဲ့သည့်အခါ
အဘိုးဖြစ်သူမှာ အိပ်ရာထဲတွင် လဲနေဆဲဖြစ်ပြီး ဒီတစ်ကြိမ်တွင်မူ သူမကို မဆူပူခဲ့ပေ။ လီရှောင်ယာသည် မီးဖိုနားသို့သွားကာ အိုးဖုံးကို ဖွင့်ကြည့်လိုက်သည်။ အထဲရှိအာလူးများမှာ အေးစက်နေပြီဖြစ်သည်။ သူမသည် အာလူးတစ်လုံးကို ယူလိုက်ပြီး အခွံခွာကာ အဘိုးရှိရာသို့ စားရင်းလျှောက်သွားလိုက်သည်။
"အဘိုး အာလူးစားဦးမလား"
သူမက ကျန်နေသည့်အာလူးတစ်လုံးကို ကမ်းပေးရင်း မေးလိုက်သည်။
အဘိုးလီက လှမ်းမယူပေ။ သူ၏အိုမင်းပြီး ဝါတာတာဖြစ်နေသော မျက်လုံးများက မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ပုံမှန်မဟုတ်ဘဲ တောက်ပနေသည်။ သူ၏အသားမာတက်နေသော လက်ကြီးဖြင့် လီရှောင်ယာကို လှမ်းဆွဲလိုက်ပြီး မေးလိုက်၏။
"ဒီနေ့ ဘယ်သူတွေလာတာလဲ၊ မြို့ကလူတွေလား"
လီရှောင်ယာက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အန်တီမန်ကတော့ ပြောတယ်၊ သူတို့က ရှိုးလာရိုက်တာတဲ့"
ရှိုးရိုက်တယ်? အဘိုးလီက ထိုအရာကို နားမလည်ပေ။သူက ပြုံးလိုက်ပြီးဆိုလေသည်။
"ကောင်းတယ် ကောင်းတယ်... နောက်တစ်ခါကျရင် သူတို့အိမ်ကို လိုက်သွားလိုက်နော်"
လီရှောင်ယာမှာ နားမလည်စွာဖြင့် ကြောင်အသွားရ၏။
"အဘိုးစကား နားထောင်နော်၊ နောက်ဆို အဘိုး မင်းကို ရောင်းမစားတော့ပါဘူး"
လီရှောင်ယာ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက်လက်သွားပြီးမှ ပြန်မှေးမှိန်သွားလေသည်။ သူမသည် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းခါလိုက်ပြီး ပြောလိုက်သည်။
"သူတို့က ပြန်လာတော့မှာ မဟုတ်ဘူး"
အဘိုးလီက ဒေါသတကြီး မေးလိုက်သည်။
"မင်း ဘယ်လိုလုပ်သိတာလဲ ဒီနေ့ မင်း သူတို့ကို စိတ်ဆိုးအောင်လုပ်လိုက်တာလား"
လီရှောင်ယာ ဘာမှပြန်မပြောမိပေ။သူမ အဘိုးကို ဘယ်လိုရှင်းပြရမလဲ မသိချေ။
သူမသည် ကျောင်းတွင် စေတနာရှင်များ လှူဒါန်းထားသည့် စာဖတ်ခန်းမှ စာအုပ်အစုတ်လေးတစ်အုပ်အကြောင်းကို သတိရသွားသည်။
"မီးခြစ်ဆံရောင်းတဲ့ မိန်းကလေး" ပုံပြင်လေးပင်။
အရပ်ရှည်ရှည်နှင့်အစ်ကိုကြီးက သူမကို အိမ်လိုက်ပို့ပေးခဲ့သည်။ ရွာသူကြီးအိမ်တွင် ရေနွေးနှင့် ရေချိုးပေးခဲ့သည်၊ အဝတ်အစားနှင့် ဖိနပ်များ ပေးခဲ့သည်။ဟုတ်သည်။ဒါတွေအားလုံးက သူမ မီးခြစ်ဆံလေးတစ်ချောင်း ခြစ်လိုက်သကဲ့သို့ပင် ထို့ကြောင့်လည်း သူမသည် သိပ်လှပသည့် အိပ်မက်တစ်ခုကို မက်ခွင့်ရလိုက်ခြင်း ဖြစ်သည်။
သို့သော် မီးခြစ်ဆံဆိုသည်မှာ မီးငြိမ်းသွားတတ်စမြဲဖြစ်ပြီး လှပသောအိပ်မက်များသည်လည်း လွင်ပါးပျောက်ကွယ်သွားတတ်စမြဲသာ။
ထို့ကြောင့် သူတို့ပြန်လာကြတော့မည် မဟုတ်ပေ။
လီရှောင်ယာသည် အေးစက်နေသော အာလူးကို ရေအေးဖြင့် မျှောချစားသောက်လိုက်ပြီးနောက် မေးလိုက်သည်။
"အဘိုး ဗိုက်မဆာဘူးလား"
အဘိုးလီက နှာခေါင်းရှုံ့လိုက်ပြီး ဆိုလေသည်။
"မင်းကြောင့် ဒေါသထွက်ပြီး ဗိုက်ဝနေပြီ"
လီရှောင်ယာက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အော်"
ထို့နောက် လီရှောင်ယာသည် မျက်နှာသစ်၊ သွားတိုက်ခြင်းများကို ရေအေးဖြင့်သာ ကဗျာကယာ လုပ်ဆောင်လိုက်ပြီး အိပ်စက်ရန် သူမ၏ အိပ်ရာလေးပေါ်သို့ တွားသွားတက်လိုက်လေသည်။အဘိုးလီမှာ ဒေါသထွက်နေသော်လည်း လက်ချောင်းများက မာကျောသော အရာဝတ္ထုတစ်ခုကို စမ်းမိသွားသည့်အခါ ချက်ချင်းပင် ငြိမ်ကျသွားလေသည်။
ထိုအရာမှာ ရိုက်ကူးရေးအဖွဲ့ဆိုသော လူများက လီရှောင်ယာ၏ "စိတ်ပိုင်းဆိုင်ရာထိခိုက်မှု" အတွက်ဟုဆိုကာ ပေးထားခဲ့သည့် လျော်ကြေးငွေပင်ဖြစ်သည်။ စုစုပေါင်း ယွမ် ၁၀၀၀ တိတိ။ယွမ် ၁၀၀၀ တောင်ပေးခဲ့၏။
အဘိုးလီသည် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပိုက်ဆံများကို တစ်ရွက်ချင်းစီ ရေတွက်လိုက်ကာ အတွင်းခံဘောင်းဘီထဲသို့ ထိုးထည့် သိမ်းဆည်းလိုက်လေသည်။သူက အဘိုးဖြစ်ေသာေကြာင့်၊ ဒီပိုက်ဆံကို သူပဲ စီမံခန့်ခွဲရမှာပေါ့။
ရှန်းယွီရှောင်က ပင်မအိပ်ခန်းထဲရှိ ကုတင်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ကုတင်မှာ ခြင်ထောင်ထောင်ထားလျက်သားဖြစ်ပြီး အတွင်း၌ ပိုင်အိုနီပန်းပွင့်ကြီးများပါသော အိပ်ရာခင်းကြီးကို ခင်းထားသည်။ရှန်းယွီရှောင်သည် ရွံရှာသည့်ဟန်ဖြင့် ခပ်ဝေးဝေးသို့ လျှောက်သွားပြီး သစ်သားကုလားထိုင်မာမာကြီးပေါ်တွင်သာ ဝင်ထိုင်လိုက်လေသည်။
ဒီမှာ ငါဘယ်လိုအိပ်ရမှာလဲကွာ။
နှစ်နာရီကြာအောင် ဘာမှမလုပ်ဘဲ ထိုင်နေပြီးနောက် ရှန်းယွီရှောင်သည် လီရှောင်ယာအကြောင်းကို ပြန်တွေးမိသွားသည်။ဒီနေရာက ဆင်းရဲလွန်းတယ်။
ဘယ်လိုလုပ်ပြီး ဒီလောက်ဆင်းရဲတဲ့နေရာ ရှိနေရတာလဲ။သူ ပြန်ရောက်ရင် ဒီနေရာကို ပိုက်ဆံလှူဦးမှပါ၊ ၆ သန်း ၇ သန်းလောက်ကနေ စလှူမယ်၊ လီရှောင်ယာကို ပိုခွဲပေးခိုင်းရမယ်။
တွေးရင်းနှင့်ပင် ရှန်းယွီရှောင် ဒေါသပြန်ထွက်လာပြီး ကုတင်ကို ထ၍ ကန်ကျောက်လိုက်မိသည်။တောက် ငါ ဘယ်တော့မှ ပြန်ရမှာလဲကွာ။
ဂနာမငြိမ်ဖြစ်မှုများက သူ့ကို ဝါးမျိုလာသည့်အခါ ရှန်းယွီရှောင်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်လောက် လျှောက်လိုက်ပြီး လကိုကြည့်ရန် တံခါးဖွင့်ထွက်လိုက်တော့သည်။
တံခါးပွင့်သွားသော်လည်း အသံမမြည်ပေ။ ရှန်းယွီရှောင် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းလောက်သာ လှမ်းရသေးချိန်တွင် တိတ်ဆိတ်နေပြီး ညလေပြေနှင့်အတူ စကားပြောသံတချို့ သူ့နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာခဲ့သည်။
"ဒီ ရှန်းသခင်လေးက တော်တော် ထိန်းရခက်တာပဲ"
ဒါက တစ်စုံတစ်ယောက်ကို ညည်းညူပြောဆိုနေသော ရွာသူကြီး၏ အသံဖြစ်သည်။
"အဖေကလည်း လီချင်းချင်း ပြောတာ မေ့သွားပြီလား၊ ရှန်းသခင်လေးရဲ့ မိသားစုပိုင်ဆိုင်မှုက ဘီလီယံရာချီ ရှိတာလေ... ဘီလီယံရာချီနော်၊ သူက ထိန်းရခက်တာမဟုတ်ဘူး၊ ကျုပ်တို့ရဲ့ ဓနရှင်ကြီး"
တစ်စုံတစ်ယောက်က ဖျောင်းဖျလိုက်သည့်အသံကို ကြားရသည်။ ထိုအသံပိုင်ရှင်က ရွာသူကြီး၏ သားဖြစ်လောက်၏။
ထိုအရာကိုကြားတော့ ရှန်းယွီရှောင် အသံထွက်ပြီးတောင် ရယ်မိလုမတတ် ဖြစ်သွားသည်။ဘာတွေများ စိတ်ကူးယဉ်နေကြတာလဲ။ငါ့မှာ ပိုက်ဆံရှိရင်တောင် ခင်ဗျားတို့ကို တစ်ပြားမှ မပေးဘူး။
"ရှန်းသခင်လေးက ထားလို့ရပါတယ်၊ ဒါပေမဲ့ သူ ရွာထဲဝင်တုန်းက လီရှောင်ယာနဲ့ သွားတိုးတာကိုတော့ မမျှော်လင့်ထားမိဘူး"
ရွာသူကြီးက စိုးရိမ်တကြီး ပြောလိုက်သည်။
"ဘာ"
ရွာသူကြီးသား၏အသံမှာ စူးခနဲ ဖြစ်သွားသည်။
"အသံတိုးစမ်းပါ"
"အင်း အင်း ဘယ်လိုလုပ်ပြီး ဒီလောက်တိုက်ဆိုင်ရတာလဲ"
"အဲ့ကောင်မလေး တစ်ခုခုများ ရိပ်မိသွားမလား မသိဘူး"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ကလေးပဲ ရှိပါသေးတယ်၊ ဘာနားလည်မှာလဲ"
ရှန်းယွီရှောင်၏ မျက်နှာထားမှာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေသည်။ကြားရသလောက် ရွာသူကြီးမိသားစုက လီရှောင်ယာအပေါ် မကောင်းတဲ့အကြံအစည်တွေ ရှိနေပုံပင်။
သူ ဘာမှမစဉ်းစားတော့ဘဲ ဖုန်းကိုထုတ်ကာ အသံဖမ်းခလုတ် နှိပ်လိုက်သည်။
"ရှန်းသခင်လေးသာ အမှန်တိုင်းသိသွားရင်..."
"အဖေ စိတ်ပူမနေပါနဲ့၊ ရှန်းသခင်လေး သိသွားတော့ရော ဘာဖြစ်မှာမို့လို့လဲ၊ ဒါက ရှိုးရိုက်တာပဲလေ၊ ဘယ်သူက မိဘမဲ့ကောင်မလေးတစ်ယောက်ကို ဂရုစိုက်နေမှာလဲ"
"မင်းမမြင်လိုက်လို့ ဒီနေ့ ရှန်းသခင်လေးက လီရှောင်ယာအပေါ် သိပ်ကောင်းေပးေနတာ သူ့အင်္ကျီတောင် ပေးဝတ်ထားသေးတယ်၊ ဆံပင်တွေလည်း လေမှုတ်ပေးတယ်၊ ဖိနပ်တောင် ဝယ်ပေးလိုက်သေးတာ"
ရွာသူကြီး၏သားမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ခဏကြာတော့ သူ့အသံ ပြန်ထွက်လာ၏။
"ဒီကိစ္စအတွက် မပူပါနဲ့ အဖေလုပ်ရမှာက ရှန်းသခင်လေး ဒီမှာဆက်နေအောင် လုပ်ဖို့ပဲ ကျုပ်တို့အိမ်မှာ နေရတာ သက်တောင့်သက်သာရှိအောင်သာ လုပ်ပေးထား၊ လီရှောင်ယာကိစ္စကတော့."
ရွာသူကြီး၏သားက အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သူ့အဘိုးနဲ့ သွားညှိလိုက်မယ် ယွမ် ၈၀၀ လောက် ပေးလိုက်ရင် ရပြီ အဘိုးကြီးက လီရှောင်ယာကို သေချာပေါက် အိမ်ထဲမှာပဲ ပိတ်ထားလိမ့်မယ် ရှန်းသခင်လေး မျက်နှာကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ရှန်းယွီရှောင်၏ လက်သီးများမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလျက်သား ဖြစ်နေပြီဖြစ်သည်။
ဒီကောင်တွေ...
ဘာကြံစည်နေကြတာလဲ။
ကလေးတစ်ယောက်ကိုတောင် အလွတ်မပေးကြဘူးလား။
ရှန်းယွီရှောင် အကုန်ကြားနေရသည်ကို လုံးဝမသိရှာသော ရွာသူကြီးက ဝမ်းသာအားရဖြင့် သူ့သားပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဘွဲ့ရပညာတတ်ဆိုတော့လည်း ဉာဏ်ပြေးသားပဲ"
ရှန်းယွီရှောင်သည် ခက်ထန်အေးစက်သော မျက်နှာထားဖြင့် လှေကားနှစ်ထစ် ဆင်းလိုက်သည်။
သူတို့မျက်နှာတွေကို ထိုးပစ်ချင်စိတ် ပေါက်လာသည်။သို့သော် သားအဖနှစ်ယောက်၏ သဘောကျရယ်မောသံများကို ကြားလိုက်ရသည့်အခါ သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
နှစ်ချက်လောက် ထိုးကြိတ်လိုက်ရုံနဲ့က သူတို့ကို သက်ညှာလွန်းရာ ကျနေမှာပေါ့။
သူ့ကို ဒီမှာ ဆက်နေစေချင်ပြီး လီရှောင်ယာနဲ့ မတွေ့စေချင်ဘူးပေါ့လေ။ငါ့ကိုများ လာပြီး လုပ်ကြံချင်နေကြသေးတယ်။ရှန်းယွီရှောင်သည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် အသံမထွက်စေဘဲ အခန်းထဲသို့ ပြန်ဝင်ကာ ခရီးဆောင်အိတ်ကို အမြန် သိမ်းဆည်းလိုက်တော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် တစ်ညလုံး အိပ်မပျော်ခဲ့သည့် ရှန်းသခင်လေးသည် ခရီးဆောင်အိတ်ကို ဆွဲလျက် ရွာသူကြီးအိမ်ရှေ့သို့ ရောက်လာသည်။ ဝန်ထမ်းများမှာ အလန့်တကြား ဖြစ်သွားကြရသည်။
ဝန်ထမ်းများမှာ ပြာပြာသလဲဖြင့် မေးကြသည်။
"သခင်လေး... မြို့ကို ပြန်တော့မလို့လား"
ရှန်းယွီရှောင်က မျက်ခုံးပင့်လိုက်ပြီး ဆိုလိုက်၏။
"မဟုတ်ဘူး"
ဝန်ထမ်းများ ကြောင်အသွားကြသည်။
"ဒါဆို ဘာလုပ်မလို့..."
ရှန်းယွီရှောင်က ပြောလိုက်၏။
"ငါ နေရာပြောင်းမလို့ေလ မရဘူးလား ဒီအိမ်မှာ မနေချင်တော့ဘူး၊ စုတ်ပြတ်သတ်လွန်းတယ်"
ဝန်ထမ်းက ဆိုလိုက်၏။
"ဒီရွာမှာ အကောင်းဆုံးအိမ်က ရွာသူကြီးအိမ်လေ"
ရှန်းယွီရှောင်က သူစကားပြောမှားသွားသည်ကို သတိထားမိလိုက်သဖြင့် ချက်ချင်း လမ်းကြောင်းပြောင်းလိုက်သည်။
"အမေ ငါ့ကို ဒီလွှတ်လိုက်တာ ဘာလုပ်ဖို့လဲ စဉ်းစားကြည့်စမ်း"
ဝန်ထမ်းက သတိထားပြီး ဖြေလိုက်သည်။
"ပြုပြင် ပြုပြင်ပြောင်းလဲဖို့လေ"
ရှန်းယွီရှောင်က သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး ဆိုလိုက်၏။
"ဟုတ်ပြီ အဲ့ဒါဆို ကောင်းဆုံးအိမ်မှာ ထားထားရင် အမေ့ဆန္ဒနဲ့ ဆန့်ကျင်ရာ မရောက်ဘူးလား"
ဝန်ထမ်းမှာ ကြောင်အသွား၏။
"ကျွန်တော် ကျွန်တော်တို့ မလုပ်ရဲပါဘူး"
ရှန်းယွီရှောင်က "သွားမယ် အခြားအိမ် ပြောင်းမယ်၊ မြန်မြန်လုပ်" ဟု ပြောပြီး ခရီးဆောင်အိတ်ကို ပစ်တင်ကာ သူကိုယ်တိုင် ကားပေါ်တက်မောင်းတော့သည်။
သူ မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်ကို မြင်တော့ ဝန်ထမ်းများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
ဒီသခင်လေးက ၁၈ နှစ်တောင် မပြည့်သေးဘူးလေ၊ ဘယ်လိုလုပ် ကားမောင်းတတ်မှာလဲ။
"နေပါဦး နေပါဦး အိမ်ပြောင်းဖို့ ကျွန်တော်တို့ လိုက်ပို့ပေးပါမယ်"
ဝန်ထမ်းများမှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သူ့နောက်သို့ လိုက်ပါသွားကြရသည်။ရွာသူကြီးမှာ သတင်းကြားပြီး အပြေးအလွှားရောက်လာချိန်တွင် သူ၏ဘောင်းဘီကို လက်တစ်ဖက်ဖြင့် ဆွဲမထားရလျက်သား ဖြစ်နေသည်။ ခါးပတ်က ဘယ်နားပြုတ်ကျကျန်ခဲ့မှန်းမသိ ထိုရယ်စရာပုံစံဖြင့်ပင် အလန့်တကြား အော်ဟစ်လိုက်လေသည်။
"ရှန်းသခင်လေး ဘယ်သွားမလို့လဲ"
"သခင်လေး သခင်လေး သွားလို့မရဘူးလေ"
ရှန်းယွီရှောင်က လီဗာနင်းလိုက်သဖြင့် ကားမှာ အရှိန်ဖြင့် ထွက်ခွာသွားရာ ရွာသူကြီးမှာ ဓာတ်ငွေ့များကြားတွင် သီးကာ ကျန်ရစ်ခဲ့တော့သည်။
ရွာသူကြီးက ချောင်းဆိုးရင်း သနားစဖွယ် အော်ဟစ်ကျန်ရစ်ခဲ့သည်။
"သခင်လေး သခင်လေးက ကျုပ်တို့မိသားစုနဲ့ 'ဘဝခြင်းလဲလှယ်' ထားတာလေ... အခြားသွားလို့ မရဘူးေလသခင်လေး”
"သွားပါပြီကွာ... အကုန် သွားပါပြီ"
ကားပေါ်တွင်လိုက်ပါလာသည့် ဝန်ထမ်းများမှာ ရှန်းယွီရှောင်၏ အမူအရာကို အကဲခတ်နေကြသည်။ ရွာသူကြီးက တစ်ညတည်းနှင့် သူ့ကို ဘယ်လိုများ ဒီလောက်စိတ်ဆိုးအောင် လုပ်လိုက်သလဲ ဆိုတာ မစဉ်းစားတတ်တော့ချေ။
ရှန်းယွီရှောင်မှာမူ မျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မျက်နှာထားမှာ ခက်ထန်နေသည်။သူ့နားထဲတွင် ရွာသူကြီးသားအဖ ပြောစကားများကို ကြားယောင်နေဆဲ ဖြစ်သည်။
သို့သော် သူ့ခေါင်းထဲတွင် ပေါ်လာသည့်ပုံရိပ်မှာမူ
လီရှောင်ယာ၏ ဖိနပ်ကျွတ်ထွက်သွားစဉ်က မြင်လိုက်ရသည့် သူမ၏ခြေထောက်ပုံစံပင် ဖြစ်သည်။
ခြေဖမိုးပေါ်တွင် ဆူးခြစ်ရာအပြည့်နှင့် ဖြစ်ေနတာေတာင် သူမ နာမနေဘူးလား။
×××××