အခန်း (၅)
Vol. 1 Ch. 5
Chapter 5
ကင်မရာ ပြန်လည်အထိုင်ကျသွားသည့်အခါ ပရိသတ်များမှာ ရင်းနှီးပြီးသားဖြစ်သည့် စုတ်ချာေနေသာ အိမ်ကလေးဆီသို့ မြင်ကွင်းပြန်ရောက်သွားသည်ကို တွေ့လိုက်ကြရ၏။
[ဟင် ငါတို့ အချိန်ခရီးသွားပြီး အတိတ်ကို ပြန်ရောက်သွားတာလား]
ထိုအချိန်တွင် လီရှောင်ယာသည် တောထဲမှ အနီရောင်ဘယ်ရီသီးများကို ရှာဖွေရာမှ ပြန်ရောက်လာခါစ ဖြစ်သည်။ အိမ်နားသို့ ချဉ်းကပ်လာစဉ် ရှန်းယွီရှောင်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရပေ၏။ သူမ၏ နှုတ်ခမ်းလေးမှာ အနည်းငယ် ဟသွားပြီး မျက်နှာထားမှာလည်း ဗလာသက်သက်ဖြစ်သွားရှာသည်။
တစ်ခဏတာမျှ လီရှောင်ယာသည်လည်း သူမကိုယ်သူမ အချိန်ခရီးသွားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"လီရှောင်ယာ ဒီနေ့ကစပြီး ငါ မင်းအိမ်မှာ လာနေတော့မယ်"
ရှန်းယွီရှောင်က ငြင်းဆန်ခွင့်မရှိသည့် လေသံဖြင့် ပြောလိုက်သည်။လီရှောင်ယာက သူ့ကို ကြောင်တောင်တောင်လေး ငေးကြည့်နေပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ရှန်းယွီရှောင် စိတ်နည်းနည်းတိုသွားမိသည်။
ရွာသူကြီးမိသားစုဆိုလျှင် သူ့ကိုမသွားပါနဲ့ဟု ဒူးထောက်မတတ် တောင်းပန်နေကြတာကို ဒီကလေးမကတော့ ဘာလို့လဲဟု မေးနေသေးသည်။
ထို့ကြောင့် ရှန်းယွီရှောင်က လိမ်ပြောလိုက်လေသည်။
"ငါ မင်းကို အဝတ်အစားတွေ၊ ဖိနပ်တွေ ပေးထားတယ်လေ အဲဒါကြောင့် ငါ့ကို ဒီမှာ ပေးနေမယ်မလား"
လီရှောင်ယာက အလိုအလျောက် ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါလိုက်၏။
"ဒီနေရာက မကောင်းဘူး... ဒီမှာနေတာ အဆင်မပြေဘူး"
မင်းကပါ ဒီနေရာကို မကောင်းဘူးလို့ ထင်နေတာကိုးဟု ရှန်းယွီရှောင် တွေးလိုက်မိသည်။ ထို့နောက် ချက်ချင်းပင် အကြံသစ်တစ်ခု ရသွားပြန်သည်။
"ဒါဆို မင်း ငါနဲ့အတူတူ တခြားနေရာမှာ လိုက်နေမလား"
ဒီတစ်ခါတွင်မူ လီရှောင်ယာက ခေါင်းကို အားကုန်သုံး၍ ခါပြတော့သည်။ရှန်းယွီရှောင် စိတ်လျော့လိုက်ရတော့၏။
"ဒါဆိုလည်း ငါ့ကို မင်းအိမ်မှာပဲ ပေးနေလိုက်တော့. ဘာမှ ထပ်မပြောနဲ့"
သူက ဝန်ထမ်းများကို လက်ပြလိုက်ပြီး ခရီးဆောင်အိတ်များ သယ်လာရန် အချက်ပြလိုက်လေသည်။မှတ်ချက်ပေးသည့် ကဏ္ဍတွင် ပရိသတ်များ ပွက်လော ရိုက်သွားကြပြန်သည်။
[အထာ ကိုင်နေတာပဲ]
[ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ ရှန်းသခင်လေးကို ဘယ်လိုများ မျှားခေါ်လာနိုင်ရတာလဲ မလွယ်ကြောလေးပဲ]
[ရွာသူကြီးတော့ နစ်နာသွားပြီ]
[ဒါက အစီအစဉ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာပဲ ကျေးဇူးတင်ပါတယ်]
[ဟားဟား နောက်နေတာလား၊ နင်တို့က ရှန်းယွီရှောင်နဲ့ စည်းကမ်းအကြောင်း လာပြောနေတာလား]
မှတ်ချက်များ မည်မျှပင် ပြင်းထန်နေပါစေ အိတ်များမှာ အိမ်ထဲရောက်နှင့်နေပြီဖြစ်သလို ရှန်းယွီရှောင်မှာလည်း ခြေတစ်ဖက် အိမ်ထဲလှမ်းဝင်နေပြီ ဖြစ်သည်။လီရှောင်ယာသည် သူ့ကို အနောက်မှ ဆွဲမထားနိုင်သည့်အဆုံး ခြေထောက်ကိုသာ ဖက်ထားလိုက်ရရှာသည်။
ရှန်းယွီရှောင် ငုံ့ကြည့်လိုက်သည့်အခါ ရှုပ်ပွနေ၍ ပွယောင်းယောင်းဖြစ်နေသော သူမ၏ ခေါင်းလေးကို တွေ့လိုက်ရ၏။ မည်သို့ စိတ်ကူးပေါက်သွားသလဲမသိ သူ့လက်က အလိုအလျောက်ပင် သူမ၏ ဆံပင်များကို ဖွလိုက်မိသည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ လီရှောင်ယာတစ်ကိုယ်လုံးပါ အိမ်ထဲရောက်အောင် ခေါ်သွင်းလိုက်လေသည် ။မှတ်ချက်ကဏ္ဍတစ်ခုလုံး ဆွံ့အသွားကြသည်။
[ရည်းစားကောင်း ပီသလိုက်တာ]
[အဲဒီလိုကြီး မပြောကြပါနဲ့ဦး၊ ရှန်းသခင်လေးက အရပ် ၁၈၀ ကျော်ပြီး ထွားကျိုင်းနေပေမယ့် တကယ်တမ်းကျတော့ အရွယ်မရောက်သေးဘူး၊ ဆေးရုံသွားရင်တောင် ကလေးလူနာဆောင်ပဲ သွားရဦးမှာ]
ရှန်းယွီရှောင် ဝင်လာသည့်အသံကြောင့် အဘိုးလီ နိုးသွားချေသည်။
"ဘယ်သူလဲ"
အဘိုးလီက ထထိုင်လိုက်ပြီး ပိုက်ဆံဝှက်ထားသည့်နေရာကို လက်ဖြင့်အုပ်လိုက်၏။ရှန်းယွီရှောင်က အခန်းကန့်ထားသည့် ပလပ်စစကို မလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အဘိုးလီအနားသို့ လျှောက်သွားလိုက်သည်။
"ကျွန်တော့်မျိုးရိုးနာမည်က ရှန်း ဒီနေ့ကစပြီး ခင်ဗျားအိမ်မှာ လာနေတော့မယ်"
အခန်းထဲတွင် အလင်းရောင် မှိန်ပျပျသာ ရှိသော်လည်း ရှန်းယွီရှောင်ထံမှ ထွက်ပေါ်နေသည့် မွေးရာပါ တောက်ပမှုများကို ဖုံးကွယ်မထားနိုင်ပေ။
မောက်မာပြီး သြဇာလွှမ်းမိုးလိုဟန်ရှိသော ထိုပုံစံက မြင်လိုက်သူတိုင်းကို စိတ်ထဲ တန်းေနေအာင် စွဲသွားစေသည်။
အဘိုးလီမှာ ခေတ္တမျှ ကြောင်အသွားပြီး ပင်ကိုအသိစိတ်အရ ကြောက်ရွံ့သွားကာ ကျောကုန်းမှာ ပို၍ပင် ကိုင်းကျသွားသည်။
"မင်းက... ဘာလို့... ဘယ်သူမို့လို့လဲ..."
အဘိုးလီ၏ စကားများ ဗလုံးဗထွေး ဖြစ်ကုန်၏။
သူ၏ရှေ့မှ အရပ်ရှည်ရှည် လူငယ်လေး ဝတ်ဆင်ထားသည့် အဝတ်များမှာ အလွန်ဈေးကြီးမှန်း သိသည်။ သို့သော် ထိုကဲ့သို့ လူမျိုးက အဘယ်ကြောင့် ဤနေရာသို့ ရုတ်တရက် ရောက်လာရသလဲဆိုတာ သူ နားမလည်နိုင်ပေ။
ထိုအချိန်တွင် ဝန်ထမ်းတစ်ဦးက တိုးဝှေ့ဝင်ရောက်လာပြီး မျက်နှာပျက်ပျက်ဖြင့် ဝင်ပြောလေသည်။
"အဘိုး... ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်"
ဝန်ထမ်းခမျာ အစီအစဉ် ရိုက်ကူးနေကြောင်း မရှင်းပြ၍ မရတော့ပေ။အဘိုးလီက ထိုဝန်ထမ်း၏ မျက်နှာကို မှတ်မိနေ၏။ သူ့ကို ယွမ်တစ်ထောင် ပေးခဲ့သူ မဟုတ်ပါလော။
အဘိုးလီ၏ ပထမဆုံး တုံ့ပြန်မှုမှာ
"ဘယ်လောက်ပေးမှာလဲ"
ဝန်ထမ်းမှာ ကြောင်သွားရသည်။
"ဟင်"
ဒေသခံလမ်းပြက ချက်ချင်း ဘာသာပြန်ပေးလိုက်၏။
အဘိုးလီက ရှန်းယွီရှောင်နှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်သည်။ ရှေ့မှ လူငယ်လေးမှာ ကလေးတစ်ယောက်သာ ဖြစ်သော်လည်း အဘိုးလီမှာ ပင်ကိုယ်ဗီဇအရ အနား မကပ်ရဲပေ။
သူက ဝန်ထမ်းဘက်သို့ ခန္ဓာကိုယ်ကိုင်းလိုက်ပြီး ပြောလိုက်သည်။
"ဒီမှာ လာနေမယ်ဆိုရင် ပိုက်ဆံပေးရမှာပေါ့ ပြီးတော့ တီဗီအစီအစဉ်အတွက်ဆိုရင် ပိုပေးရမယ်နော်"
လမ်းပြခမျာ မျက်နှာပူပူဖြင့် တစ်လုံးချင်းစီ ဘာသာပြန်ပေးရလေတော့သည်။
[လီရှောင်ယာက ကလေးကောင်း မဟုတ်ဘူးလို့ ပြောကြတာ မဆန်းပါဘူး၊ သူ့အဘိုးက ဒီလိုလူစားမျိုးကိုး]
[အဘိုးတူ မြေးမပဲ]
[စိတ်ပျက်စရာကြီး၊ ပိုက်ဆံမပေးကြနဲ့... ရှန်းယွီရှောင်ကို အဲဒီကနေ ခေါ်ထုတ်သွားလိုက်ကြစမ်းပါ]
[ဆင်းရဲတဲ့ တောင်ပေါ်သားတွေက ကောက်ကျစ်တယ်ဆိုတာ တကယ်ပါပဲလား]
ဝန်ထမ်းမှာ ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပင် ပေါက်သွားသည်။
ဒီအဘိုးကြီး ဘာဖြစ်နေတာလဲ။
ဒီလောက် စုတ်ပြတ်နေတဲ့ နေရာလေးကို... ဘယ်လောက်တောင် ပိုက်ဆံလိုချင်နေရတာလဲ။
"ဟုတ်တယ်... စာချုပ်ပါ ချုပ်ရမယ်၊ ငါတို့လို တောသားတွေကို အလွယ်လေး လာလိမ်လို့ရမယ် မထင်နဲ့"
အဘိုးလီက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။ ဝန်ထမ်းက ရှန်းယွီရှောင်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သခင်လေးက စိတ်ပြောင်းမည့်ပုံ မပေါ်သဖြင့် သက်ပြင်းချလိုက်ရသည်။
"ခဏလောက် စောင့်ပါဦး၊ ဒါက PD ဆုံးဖြတ်မှ ရမယ့်ကိစ္စမို့ပါ"
ထိုသို့ပြောပြီး ဝန်ထမ်းက အပြင်သို့ ထွက်သွားလေသည်။အဘိုးလီမှာ ပိုက်ဆံအမြောက်အမြား ရတော့မည့်အလား အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
စဉ်းစားရင်းဖြင့် ပါးစပ်က အလိုလို ပြုံးစိစိဖြစ်လာကာ လီရှောင်ယာဘက်သို့ လှည့်ပြောလိုက်၏။
"အဘိုး မင်းကို မုန့်ဖိုးပေးမယ်... မုန့်ဖိုးပေးမယ်..."
ဒေသိယလေသံနှင့် လေးလံလှသည့် စကားသံကြောင့် ရှန်းယွီရှောင် တစ်လုံးမှ နားမလည်ပေ။သူက လမ်းပြကို လှမ်းဆွဲလိုက်ပြီး မေးလိုက်သည်။
"သူ ဘာပြောလိုက်တာလဲ"
လမ်းပြက ချက်ချင်း ဘာသာပြန်ပေးလေသည်။
"အဘိုးလီက လီရှောင်ယာကို ပြောနေတာပါ... နင်က သူတို့ ပြန်မလာတော့ဘူးလို့ ပြောတယ်မလား အခုတော့ လာကြပြီတဲ့"
ရှန်းယွီရှောင် စိတ်ထဲ စဉ်းစားရခက်သွားသည်။
ရွာသူကြီးအိမ်မှ ထွက်လာစဉ်က ဒီကလေးမလေး ဘာကြောင့် လှည့်မကြည့်ခဲ့သလဲ ဆိုတာကို သူ နားလည်သွားသလိုပင်။ သူတို့ ပြန်မလာတော့ဘူးဆိုတာကို သူမ သေချာပေါက် သိနေခဲ့လို့များလား။
မနေ့ညက လေတိုးသည့် အိမ်အစုတ်လေးထဲတွင် ထိုင်နေရင်း ရွာသူကြီးအိမ်က ဆံပင်ခြောက်စက် လေနွေးနွေးလေးကို သူမ လွမ်းဆွတ်မိနေမလား။
သူမအနေဖြင့် ကိုယ့်အနာဂတ်ကို ကောင်းကောင်းကြီး သိနေပြီး စိတ်ကူးယဉ်ဖို့တောင် မရဲခဲ့တာ ဖြစ်လောက်သည်။
ဒါပေမဲ့ သူမက ဘယ်လောက်များ ရှိသေးလို့လဲ။
ရှန်းယွီရှောင် သူ့အတွေးလွန်နေခြင်းသာ ဖြစ်ပါစေဟု ဆုတောင်းရင်း လီရှောင်ယာ၏ မျက်နှာထားကို ငုံ့ကြည့်လိုက်သည်။သို့သော် သူမက ခေါင်းငုံ့ထားသဖြင့် မျက်နှာကို သေချာမမြင်ရပေ။သူ့ဘောင်းဘီစကို ဆုပ်ကိုင်ထားသည့် သေးသွယ်သော လက်ချောင်းလေးများမှာမူ တသိမ့်သိမ့် တုန်ယင်နေရှာသည်။
ရှန်းယွီရှောင် စိတ်မကောင်း ဖြစ်သွားသည်။ သူက ကိုယ်ကိုကိုင်းလိုက်ပြီး သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ ဖွဖွလေး ပွတ်ပေးလိုက်၏။ ဖြူဖျော့နေသော လက်ကလေးမှာ သွေးရောင်ပြန်လည် သန်းလာလေသည်။ရှန်းယွီရှောင် မေးလိုက်၏။
"ငါ ဒီမှာနေမှာကို မင်း မပျော်ဘူးလား"
အဘိုးလီမှာ မန်ဒရင်စကား မပြောတတ်သော်လည်း နားထောင်လျှင် နားလည်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားကာ လီရှောင်ယာကို မျက်ထောင့်နီဖြင့် ကြည့်လိုက်၏။ ထိုမြင်ကွင်းကို လမ်းပြ၏ ကင်မရာမှတစ်ဆင့် အတိုင်းသား မြင်လိုက်ရသည်။
[လီရှောင်ယာ့အဘိုး ကြည့်ရတာ တစ်မျိုးကြီးပဲလို့ ထင်မိတာ ငါတစ်ယောက်တည်းလား]
[နည်းနည်း ကြောက်စရာကောင်းတယ် ကလေးကို ခြိမ်းခြောက်နေသလိုပဲ]
[တော်စမ်းပါ နင်တို့ကလည်း အဲဒီလောက်ထိ မြင်နိုင်ကြသေးလား အထဲမှာ မှောင်မည်းနေတာကို]
ထိုအချိန်တွင် လီရှောင်ယာက ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး ရှန်းယွီရှောင်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ သမီးက အာလာဒင်ရဲ့ မီးအိမ်ကိုမှ မတွေ့ခဲ့တာ"
"ဟင်"
ရှန်းယွီရှောင် ကြောင်အသွားရသည်။
လီရှောင်ယာ၏ မျက်နှာပေါ်တွင် နားမလည်မှုနှင့် မယုံကြည်နိုင်မှုများ ရောထွေးနေပြီး ဖြူဖျော့သော မျက်နှာလေးမှာ သနားစရာကောင်းနေရှာ၏။
သူမက ဆက်ပြောသည်။
"သမီးက မီးအိမ်စောင့်နတ်သားကို ဆုမတောင်းခဲ့ဘဲနဲ့ အစ်ကိုက ဘာလို့ ရောက်လာတာလဲဟင်"
ရှန်းယွီရှောင်၏ ရင်ဘတ်ကို တစ်စုံတစ်ခုနှင့် ထုရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရသည်။ လတ်ဆတ်သော လေများ အဆုတ်ထဲ ပြန်လည်ဝင်ရောက်လာသည့်အခါ ချိုမြိန်သော အရသာသင်းသင်းလေး ပါလာသကဲ့သို့ပင်။
"မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"
ရှန်းယွီရှောင် ရေရွတ်လိုက်မိသည်။
ဒီလောက် ဖြူစင်ပြီး အာရုံဖမ်းစားနိုင်သည့် စကားမျိုးကို သူမ ဘယ်လိုများ ပြောနိုင်ရတာလဲ။
ဖန်သားပြင်တစ်ဖက်မှ ကြည့်ရှုနေကြသော ပရိသတ်များမှာလည်း ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
××××
[firethorn berries = အနီရောင်ဘယ်ရီသီး]