အခန်း (၇)
Vol. 1 Ch. 7
Chapter 7
လီချင်းချင်းသည် မိုက်ခရိုဖုန်းအသေးစားလေးကို ဖြုတ်ပစ်လိုက်ကာ ကင်မရာအသေးစားေလးကိုလည်း ဖြုတ်ယူလိုက်ပြီး သေတ္တာထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် ဖုန်းပြန်ခေါ်လိုက်သည်။
"ချင်းချင်းရေ ပြဿနာေတာ့တက်ပြီ ရှန်းသခင်လေးက ရွာထဲဝင်ဝင်ချင်း လီရှောင်ယာနဲ့ သွားတိုးပါလေရော... အခု လီရှောင်ယာ့အိမ်မှာ နေေနပြီတဲ့ ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ရွာသူကြီး၏ ညည်းတွားသံ ပေါ်ထွက်လာ၏။
လီချင်းချင်းမှာ ပြောစရာစကားများ ပျောက်ရှသွားသည်။ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။သူမ၏ မျက်နှာမှာ အလိုအလျောက်ပင် သွေးဆုတ်ဖြူဖပ်သွားပြီး ပြောလိုက်၏။
"ဒီလောက်ကိစ္စလေးတောင် ရှင်တို့ မရှင်းနိုင်ဘူးလား"
သူမသည် ဘဝသစ်ပြန်လည်ရရှိထားသူ ဖြစ်သဖြင့် အရာရာ ချောမွေ့ကာ သူမသာ ဗိုလ်ကျစိုးမိုးနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ လီရှောင်ယာ ပိုင်ဆိုင်သမျှအရာအားလုံးသည်လည်း သူမပိုင်ဆိုင်ရာများ ဖြစ်လာသင့်သည် မဟုတ်လား။
အကယ်၍ ဒီဟာကသာ ဝတ္ထုတစ်ပုဒ်ဆိုလျှင် သူမသည် ဘဝသစ်ပြန်ရသည့် ဇာတ်လိုက်မင်းသမီး ဖြစ်သင့်ပေသည်။
သို့သော် အသုံးမကျသည့် သူမ၏ မိသားစုဝင်များက သူမကို ဆွဲချနေကြ၏။
ရွာသူကြီးက မေးနေဆဲပင်။
"ချင်းချင်းရေ ဘယ်လိုလုပ်ကြမလဲ"
"စဉ်းစားကြည့်လိုက်ဦးမယ်"
လီချင်းချင်း ဖုန်းချလိုက်ပြီး Weibo ဖွင့်ကာ အစီအစဉ်မှ ကလစ်အချို့ကို ရှာကြည့်လိုက်၏။ လူထုအမြင် ဘယ်လိုရှိလဲ သိချင်သောကြောင့် ဖြစ်သည်။
လီရှောင်ယာမှာ ဘယ်လိုမှော်အစွမ်းတွေ ရှိနေသလဲဆိုတာ သူမ နားမလည်နိုင်တော့ပေ။ သူမဘဝ၏ အကြီးမားဆုံး အလှည့်အပြောင်းကို သူမ ပြင်ဆင်ထားပြီးပြီ မဟုတ်ဘူးလား။
ဘာကြောင့်များ ရှန်းသခင်လေးက လီရှောင်ယာအနားကို သူ့ဆန္ဒအလျောက် ကပ်သွားပြန်ရတာလဲ။
ထိုစဉ် ဝန်ထမ်းတစ်ဦး တံခါးလာခေါက်လေသည်။
"လီချင်းချင်း... လီချင်းချင်း... အဆင်ပြေရဲ့လား၊ ဘာလို့ လိုင်းပေါ်က ပျောက်သွားတာလဲ"
လီချင်းချင်းသည် ဖုန်းကို အလျင်အမြန် ဝှက်လိုက်ပြီး မျက်လုံးများကို အားကုန် ပွတ်သပ်လိုက်ကာ စက်ပစ္စည်းများကို ပြန်တပ်ဆင်လိုက်၏။
တံခါးဖွင့်လိုက်သည့်အခါ နီရဲနေသော မျက်လုံးများဖြင့် သူမ ပေါ်လာလေသည်။
"တောင်းပန်ပါတယ်... ကျွန်မ အိမ်ကိုလွမ်းလို့ပါ"
ဝန်ထမ်း၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး မေးလိုက်သည်။
"အိမ်ကို ဖုန်းဆက်ချင်လို့လား"
လီချင်းချင်းက ခေါင်းခါရင်း ငြင်းဆန်လိုက်သည်။
"မဆက်တော့ပါဘူး... ဖေဖေနဲ့ မေမေက ကျွန်မ ဒီမှာ ဒုက္ခရောက်နေတယ်လို့ ထင်သွားလိမ့်မယ်... တကယ်တော့ ဒီမှာနေရတာ ကောင်းပါတယ်"
[လီချင်းချင်းက အရမ်းချစ်ဖို့ကောင်းတာပဲ]
[+1 ငါ့မှာသာ ဒီလိုသမီးေလးရှိရင် သိပ်ကောင်းမှာ]
[ မဒမ်ရှု ဘယ်တော့ပြန်လာမှာလဲ... လီချင်းချင်းက လက်ဆောင်တောင် လုပ်ထားပြီးပြီ]
လီချင်းချင်းသည် သူမ၏ ပန်းချီကားအကြောင်း တွေးမိပြီး ဒေါ်ဒေါ်ရှုထံ ဓာတ်ပုံရိုက်ပို့ပေးလို့ရမလားဟု အိမ်တော်ထိန်းအား မေးမြန်းလိုက်၏။
အိမ်တော်ထိန်းက ခေါင်းညိတ်ပြ၏။
"ရပါတယ်"
ရှုချွီလိုင်သည် သူမ၏ အနုပညာပြခန်းသစ်ကို လိုက်လံစစ်ဆေးနေစဉ် ဖုန်းမှ မက်ဆေ့ခ်ျဝင်လာ၍ တုန်ခါသွားသည်။ဖွင့်ကြည့်လိုက်သောအခါ အိမ်တော်ထိန်းထံမှ ဖြစ်နေ၏။
"ဒီပန်းချီလေးကို ကလေးမလေးက သခင်မကြီးအတွက် ကိုယ်တိုင်လုပ်ထားတာပါ... သခင်မကြီးတို့ အိမ်ပြန်လာမှာကို သူ အရမ်းမျှော်နေပါတယ်"
ရှုချွီလိုင်သည် ပုံကို ဖွင့်ကြည့်လိုက်သည်။
ပန်းချီဆရာတစ်ဦး၊ စစ်မှန်သော အနုပညာရှင်တစ်ဦးအနေဖြင့် သူမ ပထမဆုံးအကြိမ် မြင်လိုက်ရုံနှင့်ပင် ကျွမ်းကျင်စွာ သုံးသပ်လိုက်မိလေသည်။
ပုံသေကျလွန်းသည် အလိုလိုက်ခံချင်စိတ် များလွန်းသည်။
အိမ်ကြီးဆီသို့ ပြန်ဆက်ရလျှင် လီချင်းချင်းသည် မျှော်လင့်တကြီး မော့ကြည့်နေလေသည်။ သူမ၏ မျက်လုံးများ တောက်ပနေပြီး မေးလိုက်၏။
"ဘိုးဘိုး အိမ်တော်ထိန်း... ဒေါ်ဒေါ်က ဘာပြောလိုက်လဲဟင်"
[အိမ်တော်ထိန်း မျက်နှာက ဝမ်းချုပ်နေတဲ့ရုပ်ကြီး ဖြစ်နေပါလား]
[လီချင်းချင်းရဲ့ လက်ရာက မကောင်းလို့လား... ငါ့မျက်စိထဲမှာတော့ ကောင်းပါတယ်]
[အင်း ရှုချွီလိုင်က ကမ္ဘာကျော် အနုပညာရှင်လေ... သူကတော့ သိပ်အထင်ကြီးမှာ မဟုတ်လောက်ဘူး]
မှတ်ချက်ပေးသူများ ရုတ်တရက် ငြိမ်သက်သွားကြ၏။
လီချင်းချင်းလည်း လေထုအခြေအနေကို ရိပ်မိလိုက်ပြီး ရင်ထဲတွင် စူးခနဲ နာကျင်သွားရသည်။ သူမအနေဖြင့် ရှုချွီလိုင်၏ နှလုံးသားကို မသိမ်းပိုက်နိုင်တော့ဘူးလား။
အရင်ဘဝတုန်းက လီရှောင်ယာကျတော့ ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့တာလဲ။
လီချင်းချင်းသည် ဒေါသများကို မြိုသိပ်လိုက်ပြီး လိမ္မာရေးခြားရှိစွာဖြင့် ပြောလိုက်လေသည်။
"ဒေါ်ဒေါ် အလုပ်များနေတာလား... ဒါဆို မနှောင့်ယှက်ပါနဲ့တော့ ရပါတယ်”
လမ်းလျှောက်နေရင်း လီရှောင်ယာ နှာချေလိုက်သည်။ရှန်းယွီရှောင်က ချက်ချင်းမေးလိုက်၏။
"နေမကောင်းတာ မသက်သာသေးဘူးလား"
လီရှောင်ယာက နှာသံကြီးဖြင့် ပြန်ဖြေလေသည်။
"အင်း... ပျောက်ဖို့ ကြာဦးမှာ"
"ကျောင်းက ဘယ်လောက်ဝေးလဲ... ငါတို့ ဒီအတိုင်း လမ်းလျှောက်သွားကြမှာလား"
လီရှောင်ယာက စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်သည်။
"လမ်းမလျှောက်ရင် ဘယ်လိုသွားမလို့လဲဟင်"
ရှန်းယွီရှောင် -” …”
ဟုတ်သားပဲ ကားဆိုတာကို မြင်ဖူးရဲ့လားတောင် မသိတဲ့ ဆင်းရဲတဲ့ကလေးကိုး။လီရှောင်ယာက အလျင်အမြန် ဆက်ပြောလိုက်သည်။
"လမ်းလျှောက်သွားလို့ပဲ ရမှာ"
သူမက သူ့လက်ကောက်ဝတ်ကို သတိထားပြီး ကိုင်ကာ လက်တံရှည်ကို ထောက်ပြလိုက်၏။
"ဒီလက်တံက တစ်ပတ်လည်မယ်... ပြီးရင် နောက်ထပ် တစ်ဝက်လည်မယ်"
"တစ်နာရီခွဲတောင်လား"
ရှန်းယွီရှောင် ခေါင်းနပန်းကြီးသွား၏။ သူမ၏ ခြေထောက်များ အဘယ်ကြောင့် ဒီလောက် သေးသွယ်နေရသလဲ ဆိုတာ မဆန်းတော့ပေ။ လမ်းတွေ အများကြီး လျှောက်ထားရလို့ ဖြစ်လိမ့်မည်။
"ဒီနေ့တော့ နောက်ကျတော့မှာပဲ ပန်းပွင့်နီလေး ရတော့မှာ မဟုတ်ဘူး"
လီရှောင်ယာက စိတ်ပျက်လက်ပျက် ဖြစ်သွားရှာသည်။
ရှန်းယွီရှောင် ပြုံးမိသွားသည်။ ဒီလိုကျတော့လည်း တကယ့် ကလေးလေးလိုပါပဲလား။
"ပန်းပွင့်နီလေး ရတော့ ဘာလုပ်လို့ရမှာမို့လို့လဲ"
"ဆရာမဆီမှာ သကြားလုံးနဲ့ သွားလဲလို့ရတယ်"
"သြော် မင်းက သကြားလုံး ကြိုက်တာကိုး" ရှန်းယွီရှောင် စိတ်ဝင်စားသွားသည်။ သူက သူမ၏ ပါးစပ်ထောင့်လေးကို ကိုင်ကြည့်လိုက်၏။
"ပါးစပ်ဟစမ်း... သွားပိုးစားနေလား ကြည့်ရအောင်"
သို့သော် လီရှောင်ယာက ပြောသည်။
"သမီး သကြားလုံး မစားပါဘူး"
"ဒါဆို ဘာလို့သွားလဲတာလဲ"
"သကြားလုံးက ပိုက်ဆံနဲ့ ပြန်လဲလို့ရတယ်လေ"
ရှန်းယွီရှောင် ဆွံ့အသွားပြန်သည်။သူ
သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ခါးသီးလိုက်တာ... သိပ်ကို ခါးသီးလွန်းတယ်။
သူမဘဝ၏ အစိတ်အပိုင်းတိုင်းက အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်နေရခြင်း သက်သက်ဖြစ်၏။ရှန်းယွီရှောင် လက်ကမ်းပေးလိုက်သည်။
"လွယ်အိတ် ပေး... ငါ သယ်ပေးမယ်"
"ညစ်ပတ်နေတယ်..."
လီရှောင်ယာက ရှက်ရွံ့စွာ ပြောလိုက်သည်။
ရွာထဲရှိ မြေသားလမ်းများမှာ အခြေအနေ ဆိုးရွားလှ၏။ မိုးရွာထားသဖြင့် ချိုင့်ခွက်များတွင် ရေအိုင်နေတတ်သည်။ ခြေလှမ်းမှားလိုက်သည်နှင့် ရေများစင်တတ်၏။လီရှောင်ယာက အရပ်ပုသဖြင့် ရေများစင်ကာ လွယ်အိတ်ပါ ညစ်ပတ်ကုန်။
"ရပါတယ် ညစ်ပတ်လည်း ကိစ္စမရှိဘူး အရင်တုန်းက တီးဝိုင်းဖျော်ဖြေပွဲတွေဆို ရွှံ့အိုင်ထဲမှာ လုပ်တာ... တစ်ကိုယ်လုံး ရွှံ့တွေချည်းပဲ အဲဒါမှ ခံစားလို့ကောင်းတာ သိလား"
လီရှောင်ယာ နားမလည်သော်လည်း လွယ်အိတ်ကို လိမ္မာစွာ ပေးလိုက်လေသည်။
အိတ်မှာ လျှော်ထားလွန်း၍ ဖြူလျော့နေပြီး အပြာရောင်ဖာထေးရာ တစ်ခုပါရှိသည်။ ကြိုးကလည်း သေးကာ တိုလွန်းသဖြင့် ရှန်းယွီရှောင် ပခုံးတွင် လွယ်၍မရဘဲ လက်ဖြင့်သာ ကိုင်ထားလိုက်ရ၏။
ကျောင်းလွယ်အိတ်ဟု ခေါ်ရန်ပင်ခက်ခဲလှသည်။
သူသည် လီရှောင်ယာဘေးမှ လျှောက်လိုက်လာပုံမှာ သမီးကို ကျောင်းလိုက်ပို့သည့် ဖခင်တစ်ဦးနှင့်ပင် တူနေသေးသည်။နှစ်ယောက်သား တစ်လှမ်းချင်း လျှောက်လာကြပြီး ရှန်းယွီရှောင်ကလည်း စကားမပြောတော့ပေ။တောင်တက်ခရီးကြမ်း တစ်ခုပဲလေ... ကလေးတစ်ယောက်တောင် သည်းခံနိုင်ရင် သူက ဘာလို့ သည်းမခံနိုင်ရမှာလဲ။
ဤစာသင်ကျောင်းမှာ မိုင်ပေါင်းများစွာအတွင်း တစ်ကျောင်းတည်းသာ ရှိေသာ စာသင်ကျောင်းဖြစ်ပြီး အတန်းအားလုံးအတွက် ဆရာ၊ ဆရာမ ၇ ဦးသာ ရှိသည်။ ၅ ဦးက ဒေသခံဖြစ်ပြီး ၂ ဦးက အဝေးမှ လာရောက်လုပ်အားပေးသူများ ဖြစ်ကြ၏။
ကျောင်းသားလည်း သိပ်မရှိပေ။ သင်ထောက်ကူပစ္စည်းများ ရှားပါးလွန်းသဖြင့် အတန်းမတူသော ကျောင်းသားများ အတန်းတစ်ခုတည်းတွင် အတူတူ ထိုင်နေရသည်မှာ သာမန်ကိစ္စလို ဖြစ်နေသည်။
"မူလတန်းပဲ ရှိတာလား..."
ရှန်းယွီရှောင် ကြောင်အသွားသည်။
"ဒါဆို ငါက ဘာသွားတက်ရမှာလဲ"
လီရှောင်ယာက မော့ကြည့်ပြီး မေးလိုက်သည်။
"အစ်ကိုက သမီးနဲ့ အတူတူတက်မလို့လားဟင်"
ရှန်းယွီရှောင် ရယ်လိုက်မိသည်။
"ငါ ဘယ်အတန်း တက်သင့်တယ်လို့ မင်းထင်လဲ"
"ခြောက်တန်းလား"
လီရှောင်ယာ သိသည်မှာ ၆ တန်း အထိသာ ရှိသည်။
"အစ်ကိုကြီးက ၁၂ တန်း တက်ရမှာ" ရှန်းယွီရှောင်က သူမပါးလေးကို မဆွဲဘဲ မနေနိုင်တော့သဖြင့် လှမ်းဆွဲလိုက်သည်။
လီရှောင်ယာ မျက်လုံးလေးများ အရောင်တောက်လာသည်။
"သမီးလည်း ၃ တန်း တက်ရမှာ..."
ရှန်းယွီရှောင် ပို၍ပင် သဘောကျသွားရသည်။
"အထက်တန်းနောက်ဆုံးနှစ်နဲ့ မင်းရဲ့ ၃ တန်းနဲ့က အတော်ကွာတယ်လေ... ထားပါတော့၊ မင်းအခန်းကို အရင်လိုက်ပို့ပေးမယ်"
စာသင်ခန်းမှာ မိုးယိုနေသည်။ ရှန်းယွီရှောင် ဝင်ဝင်ချင်းပင် ဆဲချင်စိတ်ပေါက်သွားရသည်။
"လိမ်တတ်တဲ့ ကောင်မလေး ရောက်လာပြီ"
တစ်ယောက်က အော်ပြောလိုက်သဖြင့် ရှန်းယွီရှောင် စိတ်ထဲတွင် ပို၍ပင် ဆဲချင်မိသွားသည်။သူတို့ နောက်ကျနေသဖြင့် ပထမ နှစ်ချိန်ပြီးသွားပြီဖြစ်သည်။ အခုက မုန့်စားဆင်းချိန် ဖြစ်၏။ အခန်းထဲတွင် ကျောင်းသား ၈ ယောက်၊ ၉ ယောက်ခန့်ရှိပြီး လီရှောင်ယာထက် ငယ်သူရှိသလို ကြီးသူလည်း ရှိသည်။
သူတို့က လီရှောင်ယာကို ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြ၏။
"သူက လိမ်တတ်တဲ့သူ မဟုတ်ပါဘူး"
ကောင်လေးတစ်ယောက်က ဝင်ပြောသည်။
ရှန်းယွီရှောင် လှည့်ကြည့်လိုက်သော်လည်း ထိုကောင်လေးက တခစ်ခစ်ရယ်လျက် ဆက်ပြောလိုက်၏။
"ငါ့အမေက ပြောတယ်... လီရှောင်ယာက ဖာသည်မလေးတဲ့"
ရှန်းယွီရှောင်၏ ဒေါသထိပ်ဆုံးထိ ရောက်သွားတော့သည်။ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားကာ ကောင်လေး၏ ကော်လာကို ဆွဲမလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ"
အရပ်အမောင်းကွာခြားမှုနှင့် ရှန်းယွီရှောင်၏ အရှိန်အဝါကြောင့် ကောင်လေးခမျာ ကြောက်လန့်တကြား တုန်ယင်သွားရှာ၏။
"ဘာ... ဘာလုပ်တာလဲ၊ ခင်ဗျားက ဘယ်သူလဲ"
ရှန်းယွီရှောင်က မထီမဲ့မြင် ပြုလိုက်သည်။
"ငါဘယ်သူလဲဆိုတာ မင်းအပူမပါဘူး... မင်းပါးစပ်က မစင်တွေထွေးထုတ်ဖို့ မဟုတ်ဘူးဆိုတာ မင်းမိဘတွေက မသင်ပေးလိုက်ဘူးလား"
[မိုက်လိုက်တာ]
[ဒီ လီရှောင်ယာက ပြဿနာလေးပဲ နေမှာ ရှန်းသခင်လေးက သူ့အတွက်နဲ့ ရန်ဖြစ်ပေးနေရတာ ဘယ်နှစ်ခါရှိပြီလဲ]
[နင်တို့ ဘာဖြစ်နေကြတာလဲ... ကလေးကို စော်ကားပြောဆိုနေကြတဲ့ ဟိုဘက်က မှားတာ အသိသာကြီးကို]
မှတ်ချက်ပေးသည့်ကဏ္ဍတွင် အချင်းချင်း ငြင်းခုန်နေကြပြန်သည်။တခြားကျောင်းသားများမှာ ကြောက်လန့်သွားကြပြီး အော်ဟစ်ကာ ဆရာသွားခေါ်ရန် ပြေးထွက်သွားကြသည်။
"လူကြီးက ကလေးကို ရိုက်နေတယ်"
ရှန်းယွီရှောင် စိတ်ပျက်သွားသည်။ တကယ်ကို ရယ်စရာကောင်းသည့် အခြေအနေပင်။
သူနောက်ဆုံး ရန်ဖြစ်ခဲ့သည်မှာ ယွမ်လုပ်ငန်းစုက သခင်လေးနှင့် ဖြစ်သည်။ ဒီကလေးတွေက သူ့လက်သီးနှင့်ပင် မတန်ပေ။ထိုစဉ် သူ့အင်္ကျီလက်ကို တစ်စုံတစ်ယောက်က ဖွဖွလေး ဆွဲနေသည်ကို ခံစားလိုက်ရ၏။
လှည့်ကြည့်လိုက်သောအခါ လီရှောင်ယာသည် ခြေဖျားထောက်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမမျက်နှာတွင် ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။
သူမက သူ့ကို လေးလေးနက်နက်ကြည့်ပြီး ပြောလိုက်သည်။
"ဝမ်ရှောင်ကျစ်ရဲ့ အမေက အရမ်းဆိုးတာ သမီးတို့ကို လျော်ကြေးတောင်းလိမ့်မယ်"
ဝမ်ရှောင်ကျစ်ဆိုသည်မှာ ထိုကောင်လေး၏ နာမည်ဖြစ်ပုံရသည်။ရှန်းယွီရှောင်က ကောင်လေးကို မလွှတ်ပေးသေးဘဲ ခြေကားယားလက်ကားယား ရုန်းကန်နေစေသည်။ သူက လီရှောင်ယာကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"ငါ့မှာ ဘာအများဆုံးလဲဆိုတာ မင်းသိလား"
လီရှောင်ယာ နားမလည်စွာ ခေါင်းခါပြသည်။
"ပိုက်ဆံပဲ သူ့ကို အခါ ၈၀၀ လောက် ရိုက်နှက်ဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံ ငါ့မှာ ရှိတယ်"
ဝမ်ရှောင်ကျစ်သည် 'အခါ ၈၀၀' ဆိုသည်ကို ကြားလိုက်ရသည့်အခါ တင်စားပြောမှန်း နားမလည်ဘဲ သူ့ခေါင်းကြီး ပြားသွားမည်ကို မြင်ယောင်ကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တော့သည်။
"အမေရေ... အမေရေ... ကယ်ပါဦး"
ပရိသတ်များမှာလည်း ချက်ချင်း အံ့အားသင့်သွားကြသည်။
[ဒီလိုစကားမျိုး ပြောထွက်တာ တကယ့်ကို ရှန်းသခင်လေးပီသပါပေတယ်]