← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

Chapter 8

တတိယတန်း အတန်းပိုင်ဆရာ၏ အမည်မှာ ဆရာဝေ ဖြစ်သည်။

ဆရာဝေသည် လီမိသားစုဝင် ရွာသားတစ်ဦးမဟုတ်သော်လည်း ဒေသခံတစ်ဦးဖြစ်၏။

စာသင်ခန်းသို့ သူလျှောက်လာစဉ် "ငါ သူ့ကို အကြိမ် ၈၀၀ လောက် ရိုက်ပစ်မယ်" ဟု ကြုံးဝါးနေသည့် ရှန်းယွီရှောင်၏ အသံကို ကြားလိုက်ရလေသည်။

မောက်မာလိုက်လေခြင်း။

အလွန်တရာကို မောက်မာလွန်းလှပေသည်။

ဆရာဝေ၏ မျက်နှာမှာ တင်းမာသွားပြီး တံခါးကို အသံကျယ်ကျယ်မည်အောင် တွန်းဖွင့်လိုက်၏။ တံခါးရွက်သည် နံရံနှင့်ရိုက်မိကာ "ဒုန်း" ခနဲ မြည်သွားသည်။

ထိုသို့ပြုလုပ်လိုက်လျှင် ကျောင်းသားများ ကြောက်ရွံ့သွားလိမ့်မည်ဟု ဆရာဝေက တွေးထင်ထားခဲ့ခြင်း ဖြစ်၏။

ထို့နောက် သူလည်ချောင်းရှင်းလိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။

" ဒီမှာ ဘယ်သူ ပြဿနာရှာနေတာလဲ"

ရှန်းယွီရှောင်က လှည့်ကြည့်လာသည်။

ဆရာဝေသည် ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ဤကဲ့သို့သောလူမျိုးသည် ယခုကဲ့သို့ နေရာမျိုးတွင် ရှိမနေသင့်ဟု အရင်ဦးဆုံး တွေးမိလိုက်သည်။

ထို့နောက်မှ ကျောင်းတွင် ရိုက်ကူးရေးအစီအစဉ်တစ်ခု လာလုပ်နေသည်ကို ဆရာဝေ ပြန်လည်သတိရသွားလေသည်။

"မင်းက ရိုက်ကူးရေးအဖွဲ့ကလား" ဆရာဝေက မေးလိုက်သည်။

ရှန်းယွီရှောင်က ဆိုလာသည်။

"နောက်ဆုံးတော့ အမြင်ရှိတဲ့လူတစ်ယောက် ပေါ်လာပြီပဲ"

သူ၏လေသံမှာတော့ မောက်မာဆဲ မောက်မာမြဲပင်။

ဆရာဝေ၏ မျက်နှာမှာ ဖြူဖျော့သွားသော်လည်း အော်ဟစ်ကာ ရှန်းယွီရှောင်၏ လက်မောင်းကို ဆွဲဖယ်ရန် ကြိုးစားလေသည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ကျောင်းသားတွေကို ဒီလိုမျိုး အနိုင်ကျင့်လို့ရမလား။ လွှတ်စမ်း"

ရှန်းယွီရှောင်မှာ အသက်ငယ်ရွယ်ပုံ ပေါက်သော်လည်း ဆရာဝေမှာ မည်သို့ပင် အားကုန်သုံးစေကာမူ ထိုလက်မောင်းကို မရွေ့နိုင်ခဲ့ချေ။

ထိုအချိန်တွင် လီရှောင်ယာက ရှန်းယွီရှောင်၏ အင်္ကျီလက်စကို အမြန် ဆွဲလိုက်သည်။

ထိုအခါမှသာ ရှန်းယွီရှောင်က လက်ကိုလွှတ်ပေးလိုက်ရာ ထိုကောင်လေးမှာ ထိုင်ခုံပေါ်သို့ ပြန်လဲကျသွားလေသည်။

ကောင်လေးမှာ အော်ဟစ်ငိုယိုလာတော့သည်။

"ငါ အသေရိုက်ခံရတော့မလို့ အမေရေ အမေ့ကိုလိုချင်တယ်"

ရှန်းယွီရှောင်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်သည်။

"သတ္တိကြောင်လိုက်တာ စောစောကကျတော့ ထောင်လွှားနေပြီးတော့များ"

ဆရာဝေမှာ ထိုလူငယ်၏ ရိုင်းစိုင်းမှုကို ဆူပူကြိမ်းမောင်းချင်သော်လည်း ရှန်းယွီရှောင်၏ မျက်လုံးများနှင့် ဆုံမိချိန်တွင် ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။

ဆရာဝေက အခြေအနေ မဟန်တော့မှန်းသိသဖြင့် အသက်အောင့်ကာ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့ တန်းတန်းမတ်မတ်သွားပြီး ဝမ်ရှောင်ကျစ်၏ အမေကို ဖုန်းဆက်ခေါ်လိုက်လေသည်။

ဝမ်ရှောင်ကျစ်၏ မိသားစုမှာ ဝက်သတ်သမားများ ဖြစ်ကြသည်။ သူ၏မိခင်မှာ သားရေစကို ဝတ်ဆင်ကာ ဓားတစ်ချောင်းကိုကိုင်လျက် ဒေါသတကြီး ရောက်ချလာခဲ့သည်။

"ဘယ်သူလဲ ဘယ်သူက ငါ့သားကို ရိုက်တာလဲ"

"ထွက်ခဲ့စမ်း"

လက်ထဲတွင် ဓားကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ရိုက်ကူးရေးအဖွဲ့သားများမှာ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

အခြေအနေက ဘယ်ကနေဘယ်လို ဤမျှ မြန်မြန်ဆန်ဆန် ဆိုးရွားသွားရတာလဲ။

ဝန်ထမ်းများမှာ ရှေ့သို့ အပြေးအလွှား ရောက်လာကြသည်။

အကယ်၍ ရှန်းယွီရှောင် တစ်ခုခုဖြစ်သွားပါက သူတို့ တာဝန်ယူနိုင်ကြမည် မဟုတ်ပေ။

သို့သော် သူတို့ရောက်သွားချိန်တွင် ရှန်းယွီရှောင်မှာ တုန်လှုပ်ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ တံခါးပွင့်သွားပြီး ဝမ်ရှောင်ကျစ်၏ အမေနှင့် မျက်နှာချင်းဆိုင် ဖြစ်‌ေန‌ေလသည်။

ထိုအခိုက်အတန့်တွင် ချမ်းသာကြွယ်ဝသော သခင်လေးတစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ဝမ်ရှောင်ကျစ်အမေ ခံစားလိုက်ရသည်။ ထိုအရှိန်အဝါမျိုးကို ခေါင်လွန်းသော ရွာလေး၌ သူတို့တစ်ခါမှ မကြုံဖူးခဲ့ကြပေ။

ထို့ကြောင့် သူမမှာ ဓားကို တင်းတင်းဆုပ်ထားရင်း ခေတ္တမျှ တွန့်ဆုတ်သွားခဲ့မိသည်။

ရှန်းယွီရှောင်က မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူ့ကို သတ်ချင်နေတာလဲ"

ဝမ်ရှောင်ကျစ်၏ အမေမှာ အသိပြန်ဝင်လာပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ငါ့သားကို အနိုင်ကျင့်တဲ့ကောင်ကို သတ်မှာ"

သူမ၏ လေသံမှာ ဝဲနေသော်လည်း လီရွာကလူတွေထက်တော့ နားထောင်ရ ပိုလွယ်ကူပေသည်။

ရှန်းယွီရှောင်က ရိုက်ကူးရေးအဖွဲ့ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"ခင်ဗျားတို့က ဘာရပ်လုပ်နေကြတာလဲ။ ရဲခေါ်လိုက်လေ နှစ်ကုန်ရဲစခန်းစွမ်းဆောင်ရည်မှတ်တမ်းအတွက် ကူညီပေးတယ်လို့ပဲ သဘောထားလိုက် ကျေးဇူးတင်စရာ မလိုဘူး"

အားလုံး ကြောင်အသွားကြသည်။

သို့သော် ဝမ်ရှောင်ကျစ် အမေက မထီမဲ့မြင်ပြုကာ ဆို၏။

"ခေါ်လိုက်လေ တိုင်ချင်တိုင်လိုက် ငါမကြောက်ဘူး ရဲစခန်းမှူးက ငါ့သားနဲ့ ဦးလေးတော်တယ်ဟဲ့"

ထိုစကားကို ကြားသောအခါ လီရှောင်ယာမှာ ကြောက်လန့်သွားပြီး ပြေးကြရန် ရှန်းယွီရှောင်၏ အင်္ကျီစကို အတင်းဆွဲလေသည်။

သို့သော် ရှန်းယွီရှောင်မှာ တောင်ကြီးတစ်လုံးပမာ မတုန်မလှုပ် ရပ်နေဆဲပင်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ကျုပ်အဖေဆီ ဖုန်းဆက်ပေးကြ သူ့သားတော့ ဒီမှာ ဓားနဲ့ အခုတ်ခံရပြီး သေတော့မယ်လို့ ပြောလိုက် အနားမှာ လာကယ်မယ့် အထူးရဲတပ်ဖွဲ့ ရှိမရှိလည်း မေးကြည့်လိုက်ဦး"

ရိုက်ကူးရေးအဖွဲ့မှာ ရူးမတတ် ဖြစ်နေကြပြီ ဖြစ်သည်။

"တောင်းပန်ပါတယ် ကျွန်တော်တို့ကို ရိုက်ကူးရေးလေး လုပ်ခွင့်ပေးပါဗျာ ပြဿနာ မရှာကြပါနဲ့တော့ မဟုတ်ရင် တစ်မြို့နယ်လုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါလိမ့်မယ်"

ဤနေရာမှာ အလွန် ဆင်းရဲမွဲတေလှသည်။ တောင်ပေါ်ဒေသတင်မက မြို့ပေါ်၊ မြို့နယ်၊ ခရိုင် တစ်ခုလုံးမှာပင် ချမ်းသာကြွယ်ဝလွန်းသူ မရှိကြပေ။

ယခု ရှန်းယွီရှောင်က ဤနေရာသို့ လာရောက်ရိုက်ကူးခြင်းမှာ လှုပ်ရှားနေသော အလှူရှင်သူဌေးကြီးတစ်ဦး ရောက်လာသည်နှင့် တူလေသည်။

အကယ်၍ သူသာ တစ်ခုခုဖြစ်သွားပါက ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက်သွားကြမည်ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ ထိုကိစ္စက တစ်မြို့နယ်လုံးကို လှုပ်ခါသွားစေရန် လုံလောက်သည်။

ဗဟုသုတသိပ်မရှိရှာသော ဝမ်ရှောင်ကျစ် အမေသည် ရိုက်ကူးရေးအဖွဲ့၏ စကားများကြောင့် သူမရှေ့မှ လူငယ်လေးမှာ အရေးပါအရာရောက်သူတစ်ဦး ဖြစ်မည်ဟု ခန့်မှန်းမိလိုက်ပုံရပြီး မျက်နှာပျက်ယွင်းသွားသည်။

ထိုအချိန်တွင် ကျောင်းအုပ်ကြီး ရောက်ရှိလာပြီး ဝမ်ရှောင်ကျစ်အမေကို ချက်ချင်း ဖျောင်းဖျလေသည်။

သူမကို ဘေးသို့ဆွဲခေါ်သွားပြီး အသံနှိမ့်ကာ "မင်း ရူးနေတာလား... သူဘယ်သူလဲဆိုတာ မင်းသိရဲ့လား"

ဤနေရာရှိ လူအများစုမှာ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ဆက်နွယ်နေကြသဖြင့် ကျောင်းအုပ်ကြီးသည်လည်း ပြဿနာ မဖြစ်ပွားစေလိုပေ။

ဝမ်ရှောင်ကျစ်၏ အမေက ပါးစပ်ဟကာ ဆိုလိုက်၏။

"ကျွန်မက ဘယ်လိုလုပ်သိမှာလဲ ဘယ်သူမို့လို့ အဲ့လောက်လေကြီးနေရတာလဲ"

ကျောင်းအုပ်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"သူဘယ်သူလဲ မသိဘဲနဲ့ ဆရာမလုပ်စမ်းပါနဲ့ တော်တော့ ဓားပေးပြီး သွားတောင်းပန်လိုက်"

"တောင်းပန်ရမယ် ဟုတ်လား"

"မြန်မြန်သွား... မလုပ်ရင် နင့်ယောကျ်ားနာမည်ကို သန်းခေါင်စာရင်းထဲကနေ ထုတ်ပစ်လိုက်မယ်"

ထိုခြိမ်းခြောက်မှုမှာ ထောင်ချမည်ဟု ဆိုသည်ထက်ပင် ပို၍ ထိရောက်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဝမ်ရှောင်ကျစ်အမေ၏ မျက်နှာပျက်သွားပြီး ယိုင်နဲ့နဲ့ဖြင့် လျှောက်သွားကာဆိုလေသည်။ "အခုဖြစ်သွားတဲ့ ကိစ္စအတွက် တောင်းပန်ပါတယ်"

ပြီးနောက် ငိုနေသော သူမ၏ သားဖြစ်သူကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး ပြောလိုပ်သည်။

"ဘာငိုနေတာလဲ အိမ်ပြန်မယ် လာခဲ့"

"နေဦး မင်း မတောင်းပန်ရသေးဘူး"

ရှန်းယွီရှောင်က လွယ်လွယ်နှင့် လွှတ်ပေးမည့်ပုံ မပေါ်ပေ။ သူ၏ မိဘများရောက်လာလျှင်တောင် သူက ဤအတိုင်းသာ ပြုမူမည်ဖြစ်သည်။

ဝမ်ရှောင်ကျစ်၏ အမေမှာ အံ့သြတကြီးဖြင့် "ငါ အခုလေးတင်ပဲ တောင်းပန်လိုက်တယ်လေ"

ရှန်းယွီရှောင်က သူမ၏ သားဖြစ်သူကို လက်ညှိုးထိုးပြပြီး "ကျုပ်က ဒီကောင်လေးကို ပြောနေတာ"

သူ့မျက်နှာမှာ မဲမှောင်သွားပြီး ပြောလိုက်သည်။ "ကျုပ်က လီရှောင်ယာကို ကျောင်းလိုက်ပို့တာ... ဝင်ဝင်ချင်း ကြားလိုက်ရတာက ခင်ဗျားသင်ပေးထားလို့ သူက လီရှောင်ယာကို ဖာသည်မ လို့ ခေါ်နေတာလေ... အခု လီရှောင်ယာကို တောင်းပန်လိုက်"

ဆောင်းဦးလေပြေသည် ကျောင်းကွင်းပြင်ကို ဖြတ်တိုက်လာပြီး လီရှောင်ယာ၏ မျက်နှာလေးကို ပွတ်တိုက်သွားသည်။

လီရှောင်ယာ မော့ကြည့်လိုက်မိသည်။ သူမဘေးနားရှိ အစ်ကိုကြီးက သူမအတွက် ဒေါသထွက်ပေးနေမှန်း သူမ နားလည်လိုက်သည်။

ဝမ်ရှောင်ကျစ်အမေက မကျေမနပ် ပြောဆိုလေသည်။

"အဲ့ဒါက... အဲ့ဒါက ရွာသုံးစကားပါ... ဆဲတာမဟုတ်ဘူး... ကျွန်မတို့ ရွာကလူတွေက ဒီလိုပဲ ပြောကြတာ... နင်တို့လို စကားအရာ မကြွယ်ဝကြဘူး"

ရှန်းယွီရှောင်က မဲ့ပြုံးပြုံးလိုက်ပြီး ဆိုလိုက်၏။ "ဪ... ရွာသုံးစကားပေါ့လေ... ဟုတ်လား... ဒါဆိုရင် ခင်ဗျားသားကို မျိုးမစစ် လို့ ၃ ခါလောက်ခေါ်လိုက်... ပြီးရင် ကျုပ်တို့သွားကြတာပေါ့"

ဝမ်ရှောင်ကျစ်အမေ၏ မျက်နှာမှာ အေးခဲသွားတော့သည်။

ဝမ်ရှောင်ကျစ်က ငိုယိုရင်း အော်ပြောလေသည်။ "ကျွန်တော်က မျိုးမစစ် မဟုတ်ဘူး မဟုတ်ဘူး"

ထိုအချိန်မှာပင် ကျောင်းအုပ်ကြီးက ချောင်းဟန့်လိုက်သည်။

ဝမ်ရှောင်ကျစ်အမေမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မထွက်တထွက် အသံဖြင့် ရွတ်ဆိုရလေတော့သည်။

"မျိုးမစစ်... မျိုးမစစ်... မျိုးမစစ်"

သုံးခါပြည့်သောအခါ သူမ၏သားကို အတင်းဆွဲခေါ်သွားတော့သည်။

"အိမ်ပြန်ကြမယ်"

ကြည့်ရှုသူများထံမှ မှတ်ချက်များ တဖွဲဖွဲ တက်လာကြသည်။

【ကျေနပ်စရာကြီး】

【ရှန်းယွီရှောင်က မိုက်တယ်ကွာ】

အမေနှင့်သားနှစ်ယောက်မှာ နောက်ထပ် ဘယ်လိုအသုံးအနှုန်းတွေနဲ့ အခေါ်ခံရမလဲဆိုတာ ကြောက်လန့်သဖြင့် လှည့်ပင်မကြည့်ရဲတော့ဘဲ အရှက်တကွဲ ထွက်ခွာသွားကြတော့သည်။

ရှန်းယွီရှောင်လည်း ရင်ထဲမှ အောင့်ထားသမျှကို သက်ပြင်းချလိုက်ပြီး လီရှောင်ယာ၏ ခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်သည်။

"အတန်းသွားတက်တော့လေ"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ဘယ်သူမှ စကားမပြောရဲကြပေ။

လောကအကြောင်း သိပ်နားမလည်ကြသေးသော ကလေးငယ်များသည် ရှန်းယွီရှောင်ကို ကြောက်ရွံ့အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့ သိပ်နားမလည်ကြသော်လည်း ရွာတွင် အလွန်ဆိုးသွမ်းသော ဝမ်ရှောင်ကျစ်၏အမေကို ဤအစ်ကိုကြီးက နိုင်သွားသည်ကိုတော့ သိလိုက်ကြသည်။

လီရှောင်ယာ ကျောင်းတက်ချိန် တစ်ဝက်သာ ရှိသေးသော်လည်း သတင်းစကားမှာ မီးလို ပျံ့နှံ့သွားတော့သည်။

မယုံနိုင်စရာပဲ! လီရှောင်ယာမှာ အစ်ကိုတစ်ယောက်ရှိတယ်တဲ့! အရမ်းကြောက်စရာကောင်းတဲ့ အစ်ကိုကြီးတဲ့! ဝမ်ရှောင်ကျစ်အမေထက်တောင် ပိုကြောက်ဖို့ကောင်းသတဲ့!

"လီရှောင်ယာ... လီရှောင်ယာ" သူမ၏ ဘေးခုံမှ သူငယ်ချင်းမလေးက ရုတ်တရက် ကိုင်းညွှတ်လာသည်။

သူမက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"သူက နင့်အစ်ကိုအရင်းလား"

သူမ၏ မျက်နှာပေါ်တွင် အားကျသည့် အရိပ်အယောင်များ ယှက်သန်းနေပြီး ပြောလိုက်သည်။

"ငါ့မှာလည်း အဲ့လိုအစ်ကိုမျိုး ရှိရင်ကောင်းမှာပဲ... ငါ့အစ်ကိုက ငါ့စာအုပ်တွေ ဘောပင်တွေ လုယူရုံပဲ တတ်တာ"

လီရှောင်ယာမှာ ခဲတံကို တင်းတင်းဆုပ်ကိုင်ထားမိပြီး ရင်တစ်ခုလုံး တဒိန်းဒိန်း ခုန်နေလေသည်။

သူမ ဆန္ဒရှိပါသည်။

သူမ၏ အစ်ကိုသာ ဖြစ်လိုက်စေချင်သည်။

သို့သော် သူမ အကြည့်လွှဲလိုက်ပြီး ရိုးသားစွာပင် ဖြေလိုက်ရှာသည်။

"မဟုတ်ပါဘူး... ငါ့အစ်ကို မဟုတ်ပါဘူး"

ဒီအစီအစဉ် ရိုက်ကူးပြီးသွားရင် သူက ထွက်သွားတော့မယ့်လူပါ...

All Chapters