← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

Chapter 9

လီရှောင်ယာ၏ ဘေးခုံမှ သူငယ်ချင်းမလေးသည် "ဪ" ဟု တစ်ခွန်းဆိုကာ သူမနှင့် စကားဆက်ပြောရန် စိတ်ဝင်စားမှု မရှိတော့သကဲ့သို့ ချက်ချင်းပင် ငြိမ်သက်သွားချေသည်။

လီရှောင်ယာက‌ေတာ့ ထိုသို့ လျစ်လျူရှုခံရခြင်းကို နေသားကျနေခဲ့ပြီဖြစ်ရာ ခေါင်းငုံ့၍သာ စာအုပ်ထဲ၌ မှတ်စုများကို ကြိုးစားပမ်းစား ရေးမှတ်နေလိုက်တော့သည်။

မွန်းတည့်ချိန်တွင် နေ့လယ်စာစားချိန် ရောက်ရှိလာခဲ့၏။

လီရှောင်ယာသည် အဝတ်အိတ်ကလေးထဲမှ ထမင်းဘူးကို ထုတ်ယူလိုက်သည်။ အပြင်သို့ထွက်လိုက်သည်နှင့် ရှန်းယွီရှောင်တစ်ယောက် ကျောင်းကွင်းပြင်၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

ကျောက်တုံးကျောင်းတွင် အားကစားဆရာ တစ်ယောက်သာရှိပြီး ထိုဆရာသည် ရှန်းယွီရှောင်နှင့် ဘတ်စကက်ဘော အပြိုင်ပစ်နေကြခြင်း ဖြစ်သည်။

ခြေတံလက်တံရှည်လျားသည့် ရှန်းယွီရှောင်သည် လက်ကိုမြှောက်လိုက်ရာ လက်မောင်းကြွက်သားများမှာ အချိုးကျလှပစွာ လှုပ်ရှားသွားပြီး ဘတ်စကက်ဘောကို ပေါ့ပါးစွာပင် ပစ်သွင်းလိုက်သည်။

သုံးမှတ်တန် ဂိုးဝင်သွား၏။

အားကစားဆရာမှာ အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။

"ဒီ‌ေန့ခေတ်ကလေးတွေ တော်လိုက်တာကွာ"

ရှန်းယွီရှောင်က ပြန်မပြောပေ။ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ လီရှောင်ယာကို လှမ်းမြင်လိုက်ရသည်။

သူမသည် တစ်ယောက်တည်း ရပ်နေပြီး အလူမီနီယမ် ထမင်းဘူးလေးကို ပိုက်ထားရှာသည်။

ရှန်းယွီရှောင်သည် သူ၏ ခြေတံရှည်ကြီးများဖြင့် လှမ်းသွားလိုက်ပြီးမေးလိုက်သည်။ "ထမင်းစားမလို့လား"

လီရှောင်ယာက နှာခေါင်းရှုံ့လိုက်ပြီး အပြစ်ရှိသလို လေသံလေးဖြင့် ဆိုလေသည်။

"အစ်ကို့အတွက် ထမင်းဘူး ယူလာဖို့ မေ့သွားတယ်"

သူမသည် ထမင်းဘူးကိုဖွင့်လိုက်ပြီး အဖုံးကို သူမအတွက်ယူကာ ဘူးကို ရှန်းယွီရှောင်အား ကမ်းပေးလိုက်သည်။

"ဒါလေးနဲ့ပဲ စားလိုက်နော်"

"အလူမီနီယမ်ဘူးတွေက အဆိပ်အတောက်ဖြစ်စေတယ်" ဟူသော စကားလုံးများမှာ ရှန်းယွီရှောင်၏ နှုတ်ဖျားအထိ ရောက်လာပြီးမှ ပြန်မြိုချလိုက်ရသည်။

သူသည် ဘူးကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။

"အင်း... ပြီးရော"

ကျောင်း၏ စားသောက်ဆောင်ငယ်လေးမှာ ပေ ၈၀ ပတ်လည်ပင် မပြည့်ပေ။ ပေါက်စီ၊ ကြက်ဥ၊ ဝက်သားခေါက်ဆွဲမည်းမည်း၊ အောက်ဆီဂျင်ဓာတ်တိုးပြီး မည်းနေသော ဟင်းသီးဟင်းရွက်ကြော်များနှင့် ဟင်းရည်တစ်အိုး ထည့်ထားသည့် အလူမီနီယမ်ဗန်းကြီးများကို စီတန်းခင်းကျင်းထားလေသည်။

ဟင်းရည်က ဟင်းရည်နှင့် မတူဘဲ ပန်းကန်ဆေးရေနှင့် တူနေသည်ဟု ရှန်းယွီရှောင် တွေးလိုက်မိသည်။

လီရှောင်ယာက သူမအတွက် အစားအစာများကို ယူထည့်လိုက်သည်။

ထို့နောက် ရှန်းယွီရှောင်ကို စာသင်ခန်းအပြင်ဘက်ရှိ လှေကားထစ်များပေါ်တွင် ထိုင်စေပြီး သူမ၏ အစားအစာ ထက်ဝက်ကို ခွဲဝေပေးလိုက်လေသည်။

ယခင်ကဆိုလျှင် သခင်လေး ရှန်းယွီရှောင်သည် ဤအရာကို ဝက်စာထက်ပင် ဆိုးသည်ဟု သတ်မှတ်ပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ သခင်လေး ရှန်းယွီရှောင်ခမျာ ငြင်းဆန်ရန် ခက်ခဲနေခဲ့၏။

လီရှောင်ယာသည် သစ်ကိုင်းတစ်ချောင်းကို ရှာယူကာ အခေါက်ခွာ၊ ရေဆေးပြီး ရှန်းယွီရှောင်အတွက် တူတစ်စုံ ဖန်တီးပေးလိုက်သည်။

ရှန်းယွီရှောင် ခေါင်းငုံ့ကာ တစ်လုပ်နှစ်လုပ် စားလိုက်သည်။

...အရသာက စောက်ရမ်းဆိုးရွားလွန်းလှသည်။

သူသည် လီရှောင်ယာကို လှမ်းကြည့်လိုက်မိသည်။

လီရှောင်ယာမှာ မစားရသေးပေ။ သူမသည် ပေါက်စီနှင့် ကြက်ဥပြုတ်များကို အိတ်ကပ်ထဲသို့ အလုပ်ရှုပ်စွာ ထည့်နေလေသည်။

ရှန်းယွီရှောင် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။

"ဘာလုပ်နေတာလဲ"

လီရှောင်ယာက ဖြေသည်။ "အဖိုးအတွက် ယူသွားမလို့"

"ဆင်းရဲလွန်းတယ်" ဟူသော စကားလုံးသုံးလုံးက ရှန်းယွီရှောင်၏ ခေါင်းထဲ၌ ပေါ်လာပြန်သည်။

သူမ၏ ဘဝက အလွန်ပင် ခါးသီးလွန်းလှပေသည်။

သူမအဖိုးက လူစိတ်မရှိသူ ဖြစ်သော်လည်း သူမက အစားအသောက် ချန်ပေးနေရဆဲပင်။

သို့သော် လီရှောင်ယာ ခေတ္တရပ်တန့်သွားပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ဒီကြက်ဥက အစ်ကို့ အတွက်"

ရှန်းယွီရှောင်၏ အသက်ရှူသံများ ရပ်တန့်သွားပြီး ခေါင်းထဲရှိ စကားလုံးသုံးလုံးမှာ ချက်ချင်းပင် "ချိုမြိန်လွန်းတယ်" ဟု ပြောင်းလဲသွားခဲ့လေသည်။

လီရှောင်ယာက ဆက်ပြောသည်။ "မြို့ကြီးသားတွေက ကြက်ဥကြိုက်တယ်မလား"

ဒါဆို သူမက သူ့အတွက် ချန်ထားပေးတာပေါ့။

ရှန်းယွီရှောင်၏ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်သွားသော်လည်း စိတ်ထဲတွင်တော့ "လီရှောင်ယာက တကယ်ကို ချစ်ဖို့ကောင်းလွန်းတယ်" ဟု ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။

ကြည့်ရှုသူများမှာလည်း ဖုန်းမျက်နှာပြင်များနောက်ကွယ်တွင် အံ့သြမှင်သက်နေကြရသည်။

[ဒီ လီရှောင်ယာလေးက တကယ်ကို... ကောင်းလွန်းပါတယ်ကွာ... သိပ်လိမ္မာတာပဲ]

ရှန်းယွီရှောင်က ဘယ်လောက်တောင် ပျင်းသလဲဆိုရင်...

လီရှောင်ယာ အတန်းပြန်တက်သည်နှင့် သူသည် ကျောင်းအုပ်ကြီးရုံးခန်းသို့ ပြေးကာ တစ်ရေးသွားအိပ်လေတော့သည်။

စာကြည့်တိုက် ထောင့်နေရာမှ စေတနာ့ဝန်ထမ်းဆိုသည်မှာ ရှိပင်မရှိတော့ချေ။

ကြည့်ရှုသူများမှာ ပြောစရာစကားပင် မရှိတော့ပေ။

[လီရှောင်ယာ မပါတော့ ရုတ်တရက်ကြီး ကြည့်ရတာ ပျင်းစရာကောင်းသွားတယ်]

[ရပါတယ်... ရှန်းယွီရှောင် အိပ်နေတဲ့မျက်နှာလေးကို ငါအကြာကြီး ထိုင်ကြည့်နိုင်တယ်]

[လီချင်းချင်းဘက်မှာရော ဘာတွေဖြစ်နေလဲ မသိဘူး]

[ငါတို့အားလုံး မေ့နေကြတာပဲ... သခင်လေးရှန်းရဲ့ ဇာတ်လမ်းက အရမ်းဆွဲဆောင်မှုရှိတော့ ငါတို့ သတိမထားမိလိုက်ဘဲ မျောပါသွားကြတာလေ]

ထိုအချိန်တွင်...

လီချင်းချင်းသည် ဗီလာပိုင်ရှင်ဖြစ်သူ ရှန်းယွီရှောင်၏ ဖခင် ရှန်းကျွင်းနှင့် နောက်ဆုံး၌ တွေ့ဆုံခွင့် ရခဲ့လေသည်။

ရှန်းကျွင်းသည် ချောမောခန့်ညားပြီး နူးညံ့သိမ်မွေ့ပုံရသည်။ ဇနီးဖြစ်သူ ရှုချွီလိုင်နှင့် ဆန့်ကျင်ဘက်ပင်။

သူသည် စီးပွားရေးသမားတစ်ဦးနှင့် မတူဘဲ အနုပညာရှင်တစ်ဦးနှင့် ပိုတူလေသည်။

"လီချင်းချင်းလေး ဟုတ်တယ်မလား... ဆောရီးပါကွယ်... ဦးဦးတို့ အလုပ်တွေ အရမ်းရှုပ်နေလို့ ဒီမှာနေရတာ အဆင်ပြေရဲ့လား" ရှန်းကျွင်းက နူးညံ့စွာ ပြုံးပြရင်း မေးလိုက်သည်။

လီချင်းချင်းသည် ကိုးနှစ်သမီးအရွယ်သာ ရှိသေးသော်လည်း ထိုခန္ဓာကိုယ်ထဲတွင် ပြန်လည်ဝင်စားလာသော လူကြီးဝိညာဉ်တစ်ခု ရှိနေသည်။

ယခင်ဘဝက သူမ၏ မြင့်မားသော လူနေမှုအဆင့်အတန်းကို ထိန်းသိမ်းရန် သူဌေးအဘိုးကြီးများကို မှီခိုခဲ့ရဖူးသည်။

သို့သော် ထိုသူဌေးအသစ်စက်စက်များသည် ရှန်းကျွင်းကို မည်သို့ ယှဉ်နိုင်မည်နည်း။

ဤမျှ ချောမောခန့်ညားပြီး ဓနဥစ္စာပြည့်စုံသော ရင့်ကျက်သည့် အမျိုးသားကြီးကို မြင်လိုက်ရသောအခါ လီချင်းချင်း၏ မျက်နှာမှာ ရဲခနဲဖြစ်သွားပြီး နှလုံးခုန်သံများ မြန်လာလေသည်။

သူမ၏ အသံမှာ ခြင်တစ်ကောင် ညည်းသံပမာ တိုးညှင်းနေလေသည်။ "သမီးနေရတာ အဆင်ပြေပါတယ်... ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးဦး"

ဒါကိုမြင်တော့ ရှန်းကျွင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ဦးဦးတို့ မိသားစုမှာက သမီးမိန်းကလေးမှ မရှိတာ... အခုလို မိန်းကလေးတစ်ယောက် ရောက်လာတော့ ကောင်းတာပေါ့"

အရင်ဘဝတုန်းက လီရှောင်ယာကို မွေးစားခဲ့တာ ဒီအကြောင်းအရင်းကြောင့်များလားဟု လီချင်းချင်း တွေးလိုက်မိသည်။

သူမက ရုတ်တရက် မေးလိုက်မိသည်။

"ဘာလို့ မရှိတာလဲဟင်... အန်တီက ကလေးမလိုချင်လို့လား"

ရှန်းကျွင်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

လီချင်းချင်းလည်း စကားမှားသွားမှန်း ချက်ချင်း သတိပြုမိလိုက်သည်။ ဒါက ကလေးတစ်ယောက် ပြောသင့်သော စကားမဟုတ်ပေ။

လီချင်းချင်းက အခြေအနေကို ချက်ချင်းပြန်ထိန်းလိုက်သည်။ "သမီးမှာ မှော်တုတ်တံလေး ရှိတယ်လေ... အန်တီ့ဆီ ကလေးလေး ရောက်လာအောင် ဖန်တီးပေးလို့ရတယ်"

ရှန်းကျွင်းက သူမကို နှစ်စက္ကန့်ခန့် စိုက်ကြည့်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။ "ဟားဟား... မလုပ်ပါနဲ့တော့ကွာ... ရှန်းယွီရှောင် တစ်ယောက်တည်းနဲ့တင် အန်တီ့ခေါင်း ကိုက်နေရပြီ... ရှန်းယွီရှောင်က ဘယ်သူလဲဆိုတာ သိတယ်မလား"

လီချင်းချင်းက ကြောက်ရွံ့အားငယ်သည့်ပုံစံဖြင့် မေးလိုက်သည်။

"သမီးရဲ့ အစ်ကိုလားဟင်"

ရှန်းကျွင်းက ခဏမျှ တွန့်ဆုတ်သွားပြီး ဖြေသည်။

"အဲ့လို ခေါ်ချင်လည်း ခေါ်လို့ရပါတယ်"

လီချင်းချင်းက ဆက်ပြောသည်။ "အစ်ကို့အခန်းနံရံမှာ ဆုတံဆိပ်တွေ အများကြီး ချိတ်ထားတာ သမီးတွေ့တယ်... အစ်ကိုက တော်သားပဲကို... ဘာလို့ အန်တီ့ကို ခေါင်းကိုက်စေတာလဲဟင်"

လီချင်းချင်းသည် ရှန်းယွီရှောင်ကို အတတ်နိုင်ဆုံး ချီးကျူးပေးနေခြင်း ဖြစ်သည်။ မိဘတိုင်း ကိုယ့်သားသမီး အချီးကျူးခံရလျှင် ကြိုက်ကြသည် မဟုတ်ပါလော။

သို့သော် ရှန်းကျွင်းသည် သူမ၏ စကားများကို သဘောကျသွားပုံ မရပေ။ ထို့အစား သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး မေးလိုက်သည်။

"သမီးက ယွီရှောင်ရဲ့ အခန်းထဲ ဝင်သွားတာလား"

လီချင်းချင်း လန့်သွားပြီး ပြောလိုက်၏။

"သမီး... သမီး တောင်းပန်ပါတယ်... ပျင်းနေရင် လျှောက်ကြည့်လို့ရတယ်လို့ အိမ်တော်ထိန်းကြီးက ပြောလို့ပါ..."

ရှန်းကျွင်း၏ မျက်နှာထားမှာ အနည်းငယ် လျော့ကျသွားပြီး ဆိုလိုက်၏။

"ထားပါတော့... သမီးအမှား မဟုတ်ပါဘူး... ဒါပေမဲ့ နောက်တစ်ခါ ထပ်မဝင်နဲ့နော်"

လီချင်းချင်းသည် လက်သည်းများဖြင့် လက်ဖဝါးကို ကုတ်ဆွဲထားမိသည်။ ဤနေရာတွင် အမှားလုပ်မိလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

"ယွီရှောင်က စိတ်နည်းနည်းကြီးတယ်... သူပြန်လာလို့ သူ့အခန်းထဲ တစ်ယောက်ယောက် ဝင်သွားတာသိရင် ဒေါသထွက်လိမ့်မယ်... အန်တီနဲ့ ဦးဦးတောင် သူ့ကို တားလို့မရဘူး" ရှန်းကျွင်းက လက်လျော့လိုက်သည့်ပုံစံဖြင့် ပြောလေသည်။

မူလက သူမသည် ရှန်းမိသားစု၏ မွေးစားခြင်းခံရပြီး ရှန်းယွီရှောင်နှင့် တစ်အိမ်တည်း အတူနေကာ နောင်တစ်ချိန်တွင် ချွေးမဖြစ်လာရန် မျှော်မှန်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ရှန်းယွီရှောင်၏ စိတ်ကြီးပုံနှင့် လီရှောင်ယာကြောင့် လမ်းမှားရောက်နေပုံတို့ကို သိလိုက်ရသဖြင့် လီချင်းချင်း၏ စိတ်ထဲတွင် အခြားအတွေးတစ်ခု ပေါက်ဖွားလာခဲ့လေသည်။

ငါသာ ကိုးနှစ်သမီး မဟုတ်ခဲ့ရင်...

ရှန်းဦးဦးအတွက် ကလေးမွေးပေးလို့ရမှာပဲ။

သမီးမိန်းကလေး လိုချင်ရင် သမီးမိန်းကလေး မွေးပေးမယ်... လိမ္မာတဲ့ သားလေးလိုချင်ရင် လိမ္မာတဲ့ သားလေး မွေးပေးမယ်။

ရှုချွီလိုင်လို အနုပညာရှင်တွေက ခန္ဓာကိုယ်ထိန်းသိမ်းဖို့ အရမ်းဂရုစိုက်ကြမှန်း သူမ သိသည်။ ရှန်းမိသားစုမှာ ဒုတိယကလေး မရှိရခြင်းမှာ ရှုချွီလိုင် ကိုယ်ဝန်မဆောင်ချင်သောကြောင့် ဖြစ်နိုင်သည်။

လီချင်းချင်းသည် သူမ၏ ကလေးခန္ဓာကိုယ်ကြောင့် ဖြစ်လာရသည့် အကန့်အသတ်များကို စိတ်ပျက်စွာဖြင့် လက်သည်းများကို ထပ်မံကုတ်လိုက်မိသည်။

"ဦးဦး ရေနွေးကြမ်းသောက်ပါဦး" လီချင်းချင်းသည် သူမ၏ အတွေးများကို ဖိနှိပ်လိုက်ပြီး ရှန်းကျွင်းအတွက် ရေနွေးငှဲ့ပေးလိုက်လေသည်။

[လီချင်းချင်းလေးက ချစ်ဖို့ကောင်းသားပဲ]

[ဒီလောက် လိမ္မာရေးခြားရှိတဲ့ ကလေးလေးကို ဘယ်သူက မချစ်ဘဲနေမှာလဲ]

[နေပါဦး... ဒီနေ့ သူ့စကားပြောပုံက တစ်မျိုးကြီးဖြစ်နေတယ်လို့ ထင်တဲ့သူ ငါတစ်ယောက်တည်းလား]

[ဟုတ်တယ်... သူက အရမ်းယဉ်ကျေးလွန်းနေသလိုပဲ]

[နင်တို့ဘာဖြစ်နေကြတာလဲ... သူက ကလေးပဲရှိပါသေးတယ်... ဟန်ဆောင်တယ်လို့ ပြောနေကြတာလား]

ကွန်းမန့်များတွင် ငြင်းခုံမှုများ ဖြစ်ပွားလာတော့သည်။

မြင်ကွင်းမှာ ရှန်းယွီရှောင်ထံသို့ ပြောင်းသွားပြန်သည်။

ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်တွင် ရှန်းယွီရှောင်သည် အိပ်ရာမှနိုးလာသည်။ အကြောအချဉ်ဆန့်ကာ လီရှောင်ယာကို သွားကြိုလေသည်။

အခြားသူများသည် ရှန်းယွီရှောင်ကို မြင်သည်နှင့် တစ်မီတာခန့် အကွာမှ ရှောင်ကွင်းသွားကြသည်။

ရှန်းယွီရှောင် လီရှောင်ယာကို ကြိုပြီးချိန်တွင်လည်း မည်သူမျှ သူတို့အနား တစ်မီတာပတ်လည်သို့ မကပ်ရဲကြပေ။

ရှန်းယွီရှောင်သည် ဤအခြေအနေကို ဘာမှမဖြစ်သလို သဘောထားကာ လီရှောင်ယာကို ခေါ်ထုတ်လာခဲ့သည်။

သူသည် အိပ်ရေးဝပြီး အားအင်များ ပြည့်ဝနေသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ရာ လီရှောင်ယာ၏ ခြေထောက်တိုတိုလေးများဖြင့် မမီနိုင်အောင် ဖြစ်နေရသည်။

"ခဏ ခဏစောင့်ပါဦး"

ရှန်းယွီရှောင်က ကိုယ်ကိုကိုင်းကာ သူမကို ပွေ့ချီလိုက်ပြီး ဆက်လျှောက်သွားလေသည်။

လီရှောင်ယာ ကြောင်အသွားပြီးမှ အသံပြန်ထွက်လာသည်။ သူမက မေးလိုက်၏။ "ဒီနေ့ ဘာလို့ ဒေါသထွက်ခဲ့တာလဲ"

ရှန်းယွီရှောင်က ဖြေသည်။

"မသိဘူးလား မင်းကို စော်ကားလို့လေ"

"မင်းကတော့ အေးဆေးပဲနော်... နည်းနည်းလေးတောင် ဒေါသမထွက်ဘူးလား" ဟု သူက ခေါင်းယမ်းရင်း ပြောလိုက်သည်။

လီရှောင်ယာက လေးနက်သောလေသံဖြင့် ပြောလိုက်၏

"သူတို့စော်ကားတာ သူတို့အပိုင်းလေ... သူတို့က သမီးကို ဖာသည်မ လို့ ခေါ်လိုက်တာနဲ့ သမီးက ဖာသည်မ ဖြစ်သွားရောလား"

လီရှောင်ယာက ပြတ်သားစွာ ပြောလိုက်သည်။ "သမီးက ဖာသည်မ မဟုတ်လို့ သမီး ဒေါသမထွက်ဘူး"

ရိုင်းစိုင်းသော စကားလုံးများ ဖြစ်သော်လည်း သူမ၏ နှုတ်မှ ထွက်လာချိန်တွင်မူ အလွန်ပင် ဖြူစင်သယောင် ရှိလေသည်။

ရှန်းယွီရှောင် ပြုံးလိုက်မိသည်။ "ဒီမှာ ဒဿနိကပညာရှင်လေး တစ်ယောက် ရှိနေတာပဲ"

လီရှောင်ယာသည် ရှုပ်ပွနေသော ဆံပင်လေးများဖြင့် ခေါင်းကိုစောင်းကာ "ဒဿနိကပညာရှင်ဆိုတာ ဘာကြီးလဲ စားလို့ရလား"

"ဟင့်အင်း... စားလို့မရဘူး"

"ဪ"

ကြည့်ရှုသူများမှာ တဖန် ကြောင်အသွားကြပြန်သည်။

[ကျေးဇူးပါ... လူကြီးတစ်ယောက်အနေနဲ့ ဒီစကားတွေကြားရတာ စိတ်သက်သာရာ ရသွားတယ်... ငါ့ဘဝက တခြားလူတွေ သတ်မှတ်တာ မဟုတ်ဘူး... ကောလာဟလတွေ လေထဲလွင့်ပါစေတော့]

[သူက ရွာသားတွေပြောနေသလို နာမည်ပျက်ရှိတဲ့ လီရှောင်ယာ ဟုတ်လို့လားဆိုတာ သံသယဖြစ်မိပါရဲ့]

All Chapters