← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

Chapter 10

လီရှောင်ယာသည် အဖိုးဖြစ်သူအတွက် ပေါက်စီအချို့ကို ယူဆောင်လာပေးသော်လည်း အဖိုးလီက ဒေါသတကြီးဖြင့် လွှင့်ပစ်လိုက်လေသည်။

အဖိုးလီက အော်ဟစ်ကြိမ်းမောင်းနေတော့၏။ "စာချုပ်ဘယ်မှာလဲ... ငါနဲ့ဘာလို့ စာချုပ်မချုပ်ရတာလဲ"

လီရှောင်ယာ ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ရှန်းယွီရှောင်က သူမကို ပွေ့ချီကာ ခေါ်သွားလေသည်။

"ငါဘယ်နေရာမှာ အိပ်ရမလဲဆိုတာ မင်းမပြရသေးဘူးလေ" ဟု ရှန်းယွီရှောင်က ဆိုသည်။

လီရှောင်ယာလည်း သူပြောသည်မှာ ဟုတ်မှန်ကြောင်း သတိရလိုက်ပြီး လှမ်းပြောလိုက်လေသည်။

"အဖိုး... ဒေါသကို ခဏလောက် အောင့်ထားပေးပါဦး... သမီး ခဏနေရင် ပြန်လာခဲ့မယ်"

အဖိုးလီမှာမူ ဒေါသများ လည်ချောင်းဝတွင် တစ်ဆို့ကာ ကျန်ရစ်ခဲ့ပြီး အသက်ရှူပင် ကျပ်ချင်သလို ဖြစ်သွားရရှာသည်။

လီရှောင်ယာသည် ရှန်းယွီရှောင်ကို သူမအိပ်သည့်နေရာအား ပြသလိုက်၏။

ထိုနေရာသည် အပေါက်အပြဲမရှိသော နံရံတစ်ခုဘေးရှိ အတော်အတန် ပြေပြစ်ညီညာကာ ကြွေပြားခင်းထားသည့် နေရာလေးဖြစ်သည်။

ကုတင်ဟု ဆိုသောအရာမှာ စိုစွတ်မှုဒဏ်မှ ကာကွယ်ရန် စက္ကူဘူးခွံများကို နှစ်ထပ်ခင်းထားပြီး ထိုအပေါ်မှ သန့်ရှင်းသော အဝတ်စတစ်ထပ်၊ ထိုမှတဆင့် ဂွမ်းစုတ်အချို့နှင့် နောက်ဆုံးတွင် အိပ်ရာခင်းတစ်ခု ခင်းကျင်းထားခြင်း ဖြစ်လေသည်။

ရှန်းယွီရှောင် တစ်ချက်ကြည့်လိုက်မိသည်။ တံတားအောက်မှ သူတောင်းစားများပင် ဤနေရာထက် ပို၍သက်သောင့်သက်သာ အိပ်စက်နိုင်ကြလိမ့်မည်ဟု တွေးတောမိလိုက်၏။

သို့သော် လီရှောင်ယာ၏ အိမ်သည် ယိုယွင်းပျက်စီးနေသော်ငြား အတွင်းရောအပြင်ပါ ပြောင်စင်သန့်ရှင်းနေပေသည်။

ဤ ကုတင်လေးသည်လည်း ခြွင်းချက်မရှိ သန့်ရှင်းနေ၏။

သို့သော် ရှန်းယွီရှောင် ဒေါသထွက်မိဆဲပင်။

အကြောင်းမှာ တစ်အိမ်လုံးတွင် ခြေထောက်လေးချောင်းပါသည့် တစ်လုံးတည်းသော ကုတင်ကို အဖိုးလီက မောင်ပိုင်စီးထားသောကြောင့် ဖြစ်သည်။

လီရှောင်ယာကဲ့သို့ ငယ်ရွယ်သော ကလေးတစ်ယောက်သည် ဤကဲ့သို့သော အိပ်ရာမျိုးတွင် ကွေးကွေးလေးနေရင်း ခက်ခဲကြမ်းတမ်းသော ညများကို ဖြတ်သန်းနေရရှာသည်။

"ဆောင်းတွင်းကျရင်ရော ဘယ်လိုလုပ်လဲ" ဟု မေးလိုက်မိသည့် ရှန်းယွီရှောင်၏ အသံမှာ တိမ်ဝင်သွားချေသည်။

လီရှောင်ယာက သရုပ်ပြရန် လှဲချလိုက်၏။

သူမသည် ကိုယ့်ကိုယ်ကိုယ် ပြန်ဖက်ထားသကဲ့သို့ တစ်ကိုယ်လုံးကို လုံးထွေးနေအောင် ကွေးလိုက်ပြီးပြောလေသည်။

"ဒီလိုနေလိုက်ရင် သိပ်မအေးတော့ဘူးလေ"

ပိန်လှီသော တိရစ္ဆာန်အကောင်ပေါက်လေး တစ်ကောင်နှင့်ပင် တူနေတော့သည်။

သူထင်သည့်အတိုင်းပင်။

လီရှောင်ယာတို့အိမ်တွင် အပူပေးစက် တပ်ဆင်နိုင်ခြင်း မရှိပေ။

ရှန်းယွီရှောင်က မေးလိုက်သည်။

"ငါပေးထားတဲ့ ကုတ်အင်္ကျီရော"

လီရှောင်ယာက လက်ညှိုးထိုးပြ၏။

ရှန်းယွီရှောင် ကြည့်လိုက်ရာ ထုပ်တန်းပေါ်တွင် ချိတ်ထားသည့် ဆိုဒ်ကြီးကြီး သူ၏ကုတ်အင်္ကျီကို တွေ့လိုက်ရသည်။ လျှော်ဖွပ်ထားပြီး သန့်ရှင်းနေလေသည်။

သူသွားစမ်းကြည့်လိုက်တော့ စိုစွတ်နေဆဲပင်။

ဆိုးရွားလိုက်တဲ့ ရာသီဥတု!

ရှန်းယွီရှောင်က ပြောလိုက်သည်။

"ခြောက်သွားရင် အဲ့ဒါဝတ်အိပ်နော်... ဒါဆို သိပ်အေးမှာ မဟုတ်တော့ဘူး"

လီရှောင်ယာက လိမ္မာစွာဖြင့် ခေါင်းငြိမ့်ပြပြီး မေးလေသည်။

"အစ်ကိုကရော ဘယ်မှာအိပ်မှာလဲ"

လီရှောင်ယာ၏ အိမ်လေးမှာ သေးငယ်လွန်းပြီး ညသန်းခေါင်တွင် ပြိုကျသွားနိုင်သည့် အန္တရာယ် ရှိနေသည်။

ရှန်းယွီရှောင်သည် အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် လီရှောင်ယာ၏ ကုတင်ဘေးရှိ လွတ်နေသော နေရာလွတ်တစ်ခုကို တွေ့သွားလေသည်။ သူက လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"ဒီနေရာဆို ဘယ်လိုလဲ"

လီရှောင်ယာ၏ မျက်လုံးထဲတွင် ကြယ်ရောင်လေးများ လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။

သူမ ပျော်သွားပုံရသော်လည်း ထိုပျော်ရွှင်မှုမှာ ရောက်လာသကဲ့သို့ပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားလေသည်။ ပျော်ရွှင်မှုတွင် သာယာယစ်မူးမနေရန် မွေးကတည်းက သင်ကြားခံထားရသည့်အလားပင်။

သူမသည် ရှန်းယွီရှောင်အတွက် အိပ်ရာပြင်ဆင်ပေးရန် ထသွားလေသည်။

အိမ်မှုကိစ္စ နားမလည်သော ရှန်းယွီရှောင်သည်လည်း ယောကျ်ားတန်မဲ့ အားနွဲ့သူကို ကာကွယ်ပေးလိုစိတ်ကြောင့် ဝင်ကူကာ လုပ်ကိုင်ပေးလေသည်။

သူတို့နှစ်ဦးသား ကုတင်တစ်လုံးဖြစ်လာရန် ဖန်တီးလိုက်ကြသည်။

ပြီးသွားသောအခါ လီရှောင်ယာက သူ့ဘက်လှည့်ကာ မျှော်လင့်တကြီး မေးရှာသည်။

"ဘယ်လိုလဲဟင်... ဒီမှာအိပ်လို့ အဆင်ပြေရဲ့လား"

ရှန်းယွီရှောင်သည် နှုတ်ဖျားရောက်နေသော စကားများကို ပြန်မြိုချလိုက်ပြီး ပြောလိုက်သည်။ "ဒါပေါ့ ဘာမှမဖြစ်ဘူး ငါ အလယ်တန်းပြီးတုန်းက သူငယ်ချင်းတချို့နဲ့ Triglav တောင်ကို တက်ဖူးတယ်... အဲ့ဒီတုန်းက အခြေအနေတွေက တော်တော်ကြမ်းတာ... အားလုံး တဲတွေထိုးပြီး အိပ်ကြရတာလေ... တဲတွေဆိုရင် ဒီအခန်းထက်တောင် ကျဉ်းသေးတယ်"

လီရှောင်ယာသည် ပါးလေးကို လက်ဖြင့်အုပ်ကာ လုံးဝကွဲပြားခြားနားသော ကမ္ဘာသစ်တစ်ခုအကြောင်း ပြောပြနေသည်ကို စိတ်ဝင်တစား နားထောင်နေလေသည်။

ရှန်းယွီရှောင်သည် ပုံပြင်ပြောပြချင်စိတ်များကို လီရှောင်ယာအပေါ်တွင် အကုန်ပုံအောလိုက်တော့သည်။

စကားပြောရင်း ရပ်နားလိုက်တိုင်း လီရှောင်ယာကို ငုံ့ကြည့်မိရာ သူမကို ပို၍ပို၍ ချစ်ခင်လာမိသည်။

သူမက သိပ်ကိုလိမ္မာလွန်းသည်။

သူ့တွင်သာ သူမလို ညီမလေးတစ်ယောက်ရှိလျှင် သူ့သူငယ်ချင်းတွေ မနာလိုဖြစ်ကာ သေကြလောက်မည်။

လီရှောင်ယာသည် အချိန်အတော်ကြာအောင် နားထောင်ပြီးမှ တိုးတိုးလေး မေးရှာသည်။ "Triglav တောင်ဆိုတာ ဘာကြီးလဲဟင်"

ထိုတောင်အမည်ကို စာလုံးတစ်လုံးမှမလွဲဘဲ မှတ်မိနေခြင်းအပေါ် ရှန်းယွီရှောင် အံ့သြသွားရသည်။

ထို့နောက် သူက ပြုံးကာဖြေလိုက်သည်။ "တောင်တစ်လုံးရဲ့ နာမည်ပါ"

[Triglav တောင်ဆိုတာ ဥရောပတိုက်၊ Slovenia နိုင်ငံမှာရှိတဲ့ နာမည်ကြီး တောင်တက်အားကစားလုပ်လို့ကောင်းတဲ့ နေရာတစ်ခုလေ]

ဗဟုသုတ ကြွယ်ဝသော ကြည့်ရှုသူအချို့က ရှင်းပြပေးကြသည်။

[သူဌေးသားတွေက ကံကောင်းလိုက်တာ... အလယ်တန်းပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ နိုင်ငံခြားထွက်ပြီး တောင်တက်နိုင်ကြတယ်]

[သခင်လေးရှန်းဆိုမှတော့ မပြောနဲ့တော့လေ... Triglav တောင်က တက်ရခက်တယ်... အဲ့ဒီနိုင်ငံကလူတွေက တောင်ထိပ်ရောက်မှ သတ္တိရှိတဲ့လူလို့ သတ်မှတ်ကြတာ... သခင်လေးရှန်းက အဲ့တုန်းက ၁၄-၁၅ နှစ်ပဲ ရှိဦးမှာ]

ရှန်းယွီရှောင်သည် ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ပြင်းပြသော ဆန္ဒတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

"အခွင့်အရေးရရင် တစ်နေ့ကျ နင့်ကို ငါအဲ့ဒီခေါ်သွားပေးမယ်" ဟု သူပြောလိုက်မိသည်။

သူမသည် ညစ်ပတ်ပေရေသော ရွာလေးတွင် ကြီးပြင်းလာရသော်လည်း သူမဆီမှ ထွက်ပေါ်နေသော အရောင်အဝါကို ဖျောက်ဖျက်၍ မရနိုင်ပေ။

သူမသည် ဤနေရာမှ ထွက်ခွာသွားသင့်ပြီး ကျယ်ပြန့်သော ကောင်းကင်ကြီးဆီသို့ သွားကာ ချစ်စရာကောင်းသော သူမပုံစံလေးကို လူတိုင်းမြင်အောင် ပြသသင့်ပေသည်။

သို့သော် လီရှောင်ယာက ချိုသာစွာ ပြုံးရုံသာ ပြုံးပြပြီး ဘာမှပြန်မပြောပေ။

"အဖေ သမီးကို လာပြန်ခေါ်မယ်နော်"

"ရှောင်ယာ... အဖေ သမီးကို အရမ်းချစ်တယ်... အဖေ့ကို ယုံနော်... အပြင်လောကကြီးက သိပ်လှတာ... အရမ်းလှတာ... အဖေ အဲ့ဒီမှာ ပိုက်ဆံတွေအများကြီးရအောင် ရှာပြီးရင် သမီးကို လာပြန်ခေါ်မယ်"

ထိုအရာက လီရှောင်ယာ့အဖေ ထွက်သွားတုန်းက ပြောခဲ့သော စကားများဖြစ်သည်။

ထိုညက သူမ ငိုရင်း အိပ်ပျော်သွားခဲ့ရသည်။ နောက်တစ်နေ့တွင် ရွာသားများ တံခါးကို ရိုက်ချိုးဝင်ရောက်လာပြီး လီရှောင်ယာ့အဖေက ပိုက်ဆံတွေ ယူပြေးသွားကြောင်း ပြောကြသည်။

ထိုအချိန်မှစ၍ လူကြီးတွေက လိမ်တတ်ကြမှန်း သူမ ငယ်ငယ်ကတည်းက သိရှိနားလည်ခဲ့ရသည်။

ရှန်းယွီရှောင်က သူမခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"မျက်နှာသစ်၊ သွားတိုက်ပြီး အိပ်တော့နော်"

လီရှောင်ယာက မော့ကြည့်ပြီး ပြုံးကာ "အင်း" ဟု ဆိုသည်။

[အမှန်အတိုင်းပြောရရင် လီရှောင်ယာရဲ့ မျက်နှာလေးက လှလွန်းတယ်... တောင်ပေါ်ရွာလေးမှာ ကြီးပြင်းလာတဲ့ ကလေးနဲ့တောင် မတူဘူး]

[အား... သူ့ကို ကြည့်ရတာ ငါသည်းမခံနိုင်တော့ဘူး ကြောင်လိုက်တာ... ရှန်းယွီရှောင်က ခေါ်သွားမယ်ပြောတာတောင် ဘာမှပြန်မပြောဘဲ ပြုံးပဲပြုံးနေတယ်]

[အသက်က ငယ်ငယ်လေးနဲ့ ဉာဏ်များလိုက်တာ]

လီရှောင်ယာသည် အွန်လိုင်းပေါ်တွင် သူမကို မည်သို့ ဝေဖန်ပြောဆိုနေကြမှန်း မသိရှာပေ။ သူမနှင့် ရှန်းယွီရှောင်တို့သည် အာလူးနှင့် ကျောင်းမှသူမပြန်ယူလာသော ကြက်ဥကို အတူတူ မျှဝေစားသောက်လိုက်ကြသည်။

သနားစရာကောင်းသော မြင်ကွင်းပင်။

ဗိုက်တင်းရုံမျှ စားသောက်ပြီးနောက် တံခါးဝတွင် ထိုင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီး ပလုပ်ကျင်းလိုက်ကြသည်။

"မင်းထွေးတာ ငါ့လောက်ဝေးဝေး မရောက်ဘူး" ရှန်းယွီရှောင်က နှုတ်ခမ်းသပ်ရင်း လီရှောင်ယာ့ခေါင်းကို ထပ်ပုတ်လိုက်ပြန်သည်။

ကြည့်ရှုသူများမှာ သဘောကျရမလို စိတ်ပျက်ရမလို ဖြစ်ကုန်ကြသည်။ [သခင်လေးရှန်းကလည်း ကလေးဆန်လိုက်တာ]

[လီရှောင်ယာအနားမှာမို့လို့ လွတ်လွတ်လပ်လပ် နေလိုက်တာများလား]

[...လီရှောင်ယာကို ဆက်ပြီး ချီးကျူးမနေကြပါနဲ့တော့]

ကင်မရာမပါဘဲ သူတို့နှစ်ဦးသား ကုတင်ပေါ်တွင် အသီးသီး လှဲလိုက်ကြသည်။

ရှန်းယွီရှောင်က ရိုက်ကူးရေးအဖွဲ့မှ ပေးသော ငှက်မွေးစောင်ကို ခြုံထားပြီး လီရှောင်ယာကတော့ စုတ်ပြဲနေသော စောင်အိုလေးကိုသာ ခြုံထားရရှာသည်။

အမှောင်ထုထဲတွင် သူမသည် မျက်လုံးဝိုင်းလေးများကို ဖွင့်ကာ ပြောင်းလဲသွားသော အခြေအနေများအပေါ် နာကျည်းခြင်းအလျဉ်းမရှိဘဲ ငြိမ်သက်နေလေသည်။

ရှန်းယွီရှောင်မှာ နေ့လယ်က ကျောင်းအုပ်ကြီးရုံးခန်းတွင် အိပ်ထားသဖြင့် သိပ်အိပ်မငိုက်ပေ။ သူ ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေသည်ကို လီရှောင်ယာ မြင်သောအခါ အမေဖြစ်သူက သူမကို သိပ်ခဲ့ဖူးသော ဝေဝါးနေသည့် မှတ်ဉာဏ်လေးကို ပြန်ဖော်ကာ သီချင်းလေး ညည်းဆိုလိုက်လေသည်။

"ကောင်းကင်ပေါ်က ကြယ်လေးတွေ တိတ်ဆိတ်နေကြတယ်... မြေကမ္ဘာပေါ်က ကလေးလေးတွေက မေမေ့ကို လွမ်းနေကြတယ်..."

ကလေးမလေး၏ သီချင်းသံလေးမှာ သေးငယ်ပြီး နူးညံ့သိမ်မွေ့လွန်းလှရာ ရှန်းယွီရှောင် နားထောင်ဖူးသမျှသော အိပ်ပျော်စေသည့် တေးသံများထက်ပင် ပို၍ကောင်းမွန်နေသေးသည်။

ရှန်းယွီရှောင် မျက်လုံးများ မှိတ်ကျသွားပြီး မကြုံဖူးသော ငြိမ်းချမ်းမှုတစ်ခုကို ရင်ထဲမှ စစ်ခနဲ ခံစားလိုက်ရကာ... သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အိပ်ပျော်သွားခဲ့လေသည်။

[ကြည့်ရတာ ရင်ထဲအေးချမ်းသွားသလိုပဲ]

[စဉ်းစားကြည့်ဦး... သူ့အဖေက ပိုက်ဆံယူပြေးသွားတယ်ဆိုရင် သူ့အမေကရော]

[သူ့ရွာကလူတွေ အွန်လိုင်းမှာပြောတာတော့ သူ့အမေက ဖောက်ပြန်ပြီး တစ်ခြားလူနဲ့ ထွက်ပြေးသွားတာတဲ့]

[...သောက်ကျိုးနည်း]

မှောင်မည်းနေသော မြင်ကွင်းနှင့် သဲ့သဲ့ကြားရသော သီချင်းသံလေး ပေါင်းစပ်လိုက်သောအခါ ကြည့်ရှုသူ ပြည်သူများ၏ ခံစားချက်များမှာ ရှုပ်ထွေးသွားရပြန်သည်။

နောက်တစ်နေ့တွင် ရှန်းယွီရှောင် စောစောစီးစီး နိုးလာခဲ့သည်။

သူအိပ်ရာထပြီး တွန့်ကြေနေသော အဝတ်အစားများကို ဆွဲဆန့်လိုက်ကာ အဖိုးလီ၏ ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။

အဖိုးလီမှာ လန့်နိုးလာပြီး ထစ်ထစ်‌ေငါ့ငေါ့ဖြင့် မေးလိုက်သည်။ "ဘာ... ဘာလုပ်မလို့လဲ"

မနေ့က "စာချုပ်" အကြောင်း အော်ဟစ်ထားသဖြင့် ဒီနေ့ အဖိုးအသံများ ဝင်နေရှာသည်။

"ရိုက်ကူးရေးအစီအစဉ်က ခင်ဗျားကို ယွမ်တစ်ထောင် ပေးထားတယ်လို့ ပြောတယ်"

"ဘာလဲ... မင်းက ပြန်လိုချင်လို့လား... မရဘူး" အဖိုးလီက ပြောပြီးနောက် ဒေသိယစကားများဖြင့် ဗလုံးဗထွေး ဆဲဆိုကြိမ်းမောင်းတော့သည်။

××××

[Triglav _ Slovenia ပြည်နယ်မှတောင်]

All Chapters